Monday, December 03, 2007

မိဘနှင့်သားသမီး




`အပြင်လုံးဝမသွားရဘူး´

`ကွန်ပြူတာမကိုင်ရဘူး´

`ဘယ်သူငယ်ချင်းနဲ့မှ ဖုန်းမပြောရဘူး´

`ကိုရီးယားတွေ တရုပ်ကားတွေချည်း မကြည့်ရဘူး´


ရင်ခပ်မောမောဖြင့် ကျွန်မ ငိုင်နေမိသည် .. ။ `ဘူး´တွေချည်း များသောဘ၀မှာ ခေါင်းတွေလည်း ကိုက်ခဲလှပြီ။


ကျွန်မတို့ မြန်မာလူမျိုးများယဉ်ကျေးမှုအရ မိဘနှင့်သားသမီးက တခြားလူမျိုးများထက် ပိုမိုနွေးထွေးသည်ဟု ကျွန်မခံစားမိသည်။ မိဘများကလည်း သားသမီးများကို ဘယ်အရွယ်ရောက်ရောက် ကလေးဟု မြင်နေမြဲ .. ။ မိဘများအရိပ်အောက်မှာ တချို့လည်းအိမ်ထောင်ပြုပြီးသည့်အထိ အတူတူနေကြတာလည်း သိပ်မထူးဆန်းသော အလေ့တစ်ခု .. ။ အဆိုတော် အောင်ကောင်းထက်နှင့် အင်တာဗျူးတစ်ခုမှ ဖတ်လိုက်ရတာ `မြန်မာပြည်က မိဘတွေက သားသမီးတွေကို တအားကလေးလိုမြင်လွန်းပြီး မလိုအပ်တဲ့အပိုင်းတွေမှာ တအားချုပ်ချယ်စိတ်ပူလွန်းတယ်။ တစ်ခါတစ်လေတော့ မနည်းပြောယူရတယ်။ သိပ်စိတ်မပူပါနဲ့ပေါ့´ .. ။ ထိုစာကြောင်းတစ်ကြောင်းတည်းက ကျွန်မရင်ကိုထိသွားသည်။ မိဘများက သားသမီးဆိုတာ ရင်မှဖြစ်သော ရင်သွေးတွေမို့ ဘယ်လောက်ထိချစ်မလဲဆိုတာ ကျွန်မ သိနားလည်ပါသည် .. ။ မြင့်မိုရ်တောင်ကြီးကပင် မိဘကျေးဇူးနှင့်ယှဉ်လိုက်လျင် မြူမှုန်လောက်ထိ သေးငယ်သွားသည်။

`သားတို့ရုပ်ရည် သီတာမြည်သား
ရေကြည်ချမ်းမြ တစ်ပေါက်ကျက
မိဘတို့ဝမ်း ငြိမ်းစတမ်း´ဟုဆိုတဲ့အတိုင်း မိဘများနှလုံးအိမ်တွင်းမှာ မိမိသားသမီးများကို အလွန်ချစ်မြတ်နိုးကြပါသည် .. ။

`ချစ်သည်´ဟု ဆိုလိုက်တာနှင့် `ဘယ်လိုချစ်မှာလဲ´ဆိုတာကိုလည်း အားလုံးသိရှိနားလည်သဘောပေါက်သင့်ပါသည်.. ။ ဘာမှမခိုင်းရက် မစေရက်ဘဲ သားသမီးများကို အလွန်ဦးစားပေးသော မိဘများထဲတွင် မြန်မာလူမျိုးများက ထိပ်ဆုံးစာရင်းတွင်ပါဝင်နိုင်သည် .. ။

ဘယ်အရာမဆို တစ်ဖက်စွန်းရောက်သွားလျင် ၊ အလွန်အကျွံပိုလျှံသွားပါက မကောင်းပါ .. ။ `အချစ်တွေနဲ့လည်ပင်းညှစ်သတ်´သလို တင်းကျပ်လွန်းလှသော စည်းမျဉ်းစနစ်များအောက်မှာ အပြန်အလှန် လိုက်လျောနားလည်မှုဆိုတာ မရှိမဖြစ် လိုအပ်သောအရာပင်ဖြစ်ပါသည်။

မနေ့ညနေက ကျွန်မက `ဒယ်ဒီရေ ချစ်တာလည်း သမီးတို့နားလည်တာပေါ့ ။ ဒါပေမယ့် ကိုယ်မွေးထားတဲ့ သားသမီးအကျင့်စရိုက်ကို မိဘတွေက ကောင်းကောင်းနားလည်ထားရင် အလွန်အကျွံအမြဲစိတ်ပူတာတွေ မဖြစ်ပါနဲ့လေ။ သမီးတို့က ဘာမှ မဟုတ်တာ လုပ်တဲ့လူတွေမှ မဟုတ်တာ ။ သမီးစိတ်ဝင်စားတာ စာအုပ်တွေနဲ့ သမီးအကြောင်းပဲ ။ တခြားလူတွေလို ကလပ်တွေတက် ၊ မဟုတ်တာတွေလုပ် ၊ နာမည်သတင်းတွေ ထွက်နေတာမှ မဟုတ်တာ။ မာမီဆို သမီးတို့ကို ဘာမှစိတ်သိပ်မပူဘူး ။ လုံးဝယုံကြည်ထားတယ်။ အဲဒါမျိုးဖြစ်ရင်အကောင်းဆုံးပဲ´ဟု လေပြေလေးနဲ့ အဆွေးနွေးကောင်းလို့ နားတွေပူထူသွားခဲ့ရသည် .. ။

တစ်ခါတစ်လေ အပြင်သွားရင် ဖုန်းနဲ့လှမ်းဆက်ခေါ်တာလည်း ကျွန်မ စိတ်ကျဉ်းကျပ်လှသည် .. ။ မိဘ မပါရင် ဘယ်မှမသွားရဘူးဆိုသော စနစ်ကြီးက ဟောင်းနွမ်းသွားပြီဟု ကျွန်မက မြင်မိသည် .. ။ ကျွန်မက မိဘတွေကို သားသမီးတွေနှင့် တစ်ခေတ်တည်းဖြစ်နေစေချင်သည် .. ။ မိဘတွေကို သားသမီးတွေနှင့် ပိုမိုပွင့်လင်းစေချင်သည် .. ။ မိဘတွေကို သားသမီးတွေကလည်း ပစ်မထားစေချင်သလို မိဘများကလည်း သားသမီးသွားနေတဲ့ လမ်းကြောင်းကို မလွဲမှားအောင် စောင့်ရှောက်စေချင်မိသည် .. ။ ဒါက ဘယ်ယဉ်ကျေးမှုနှင့်မှ မသက်ဆိုင်ပါ .. ။ သွားနေသော လမ်းကို အချစ်တွေနှင့် ပိတ်ပင်လိုက်ပါက ထိုချစ်ခြင်းမေတ္တာသက်ရောက်မှုက နှစ်ဦးနှစ်ဖက်လုံးအတွက် စိတ်ကျေနပ်မှုပေးလိမ့်မည်မဟုတ်ပါ .. ။

`လူငယ်´ဆိုသည်မှာ အမြဲတက်ကြွသည် .. ။ မိမိယုံကြည်ရာ ၊ လုပ်ချင်ရာအတွက် စိတ်အားထက်သန်သည် ။ ဆူးတွေပြည့်နှက်နေပါစေ .. ထိုဆူးများကိုကျော်လွှားပြီး ပန်းတိုင်ကို ရောက်အောင်သွားချင်သည် .. ။ စိတ်ပူတားဆီးခြင်းထက် လိုအပ်သည်များ ၊ ဖြစ်သင့်သည်များကို ပိုမိုအတွေ့အကြုံများသော လူကြီးမိဘများက အကြံသာပြုသင့်သည်ဟု ကျွန်မ မြင်မိသည် ... ။

သားသမီးက မိဘကို ရိုသေသည်မှာ လွန်စွာ မွန်မြတ်သော ဓလေ့တစ်ခုပင် ဖြစ်ပါသည်။ အရိုသေထက် များစွာလွန်ပြီး ကြောက်ရွံ့မှုများကာ မိမိစိတ်ထဲရှိသည်ကို မဖော်ထုတ်ရဲဘဲ ရေငုံနှုတ်ပိတ်နေမည်ဆိုပါက ထိုလူငယ်အတွက် ဆုံးရှုံးမှုသာ ဖြစ်လာလိမ့်မည် .. ။ သားသမီးများကို အချစ်လွန်ပြီး သားသမီးလိုချင်ရာနှင့် မိမိလိုချင်ရာ မကိုက်ညီလာပါက မိမိလိုချင်ရာကို ရှေ့တန်းတင်လိုက်မည်ဆိုလျှင် ထိုအချစ်မှာ မိမိကိုယ်မိမိချစ်သော `အတ္တ´များသာ ဖြစ်ပေလိမ့်မည် .. ။

ကျွန်မ ကိုယ်တွေ့မြင်ရသော အချက်တစ်ချက်မှာ ကျွန်မတို့လူငယ်တွေ တက္ကသိုလ်ဝင်တန်းအောင်ပြီး ဘယ်ကျောင်းလျှောက်ရမလဲဆိုသော အချိန်ပင်ဖြစ်သည် . ။ ဆရာဝန် ၊ အင်ဂျင်နီယာ ၊ စီးပွားရေးသမား အစရှိသည်များကိုသာလျှင် ထိပ်ဆုံးဟု ထင်မြင်နေကြသည်မှာ အမှန်တကယ်တော့ လွဲမှားနေသော အယူအဆများသာ ဖြစ်သည် .. ။ လောကကြီးတစ်ခုလုံးမှာ ဆရာဝန်ကြီးများ ၊ အင်ဂျင်နီယာကြီးများပဲ ပြည့်နှက်နေမည်ဆိုပါက အားကစားသမားများ ၊ အနုပညာသမားများ နှင့် အခြားပညာရပ်များသမားများ မရှိတော့ဘဲ အကုန်လုံး ကမောက်ကမသာ ဖြစ်နေနိုင်သည် ။ ပညာရပ်တိုင်းက သူ့နေရာနဲ့သူ အသုံးဝင်သည်မို့ အရေးကြီးသည်မှာ မိမိသားသမီးဝါသနာပါသော ပညာရပ်ကို ထူးချွန်အောင် ပံ့ပိုးပေးရမည်မှာ မိဘတိုင်းတာဝန်တစ်ရပ်ဟု ကျွန်မယုံကြည်မိသည်။ သားသမီးအကြောင်း အသိဆုံးသူမှာ မိဘသာဖြစ်သည် .. ။ မိမိကလေးငယ်စဉ်ကတည်းက ဘယ်အရာကို ၀ါသနာပါသလဲဆိုတာ မိဘလုပ်သူက ပိုမိုရိပ်မိသည် ။ အရွယ်ရောက် ၊ ပညာရပ်လိုင်းခွဲတွေ ယူချိန်မှာ ဘေးမှ ကူညီပံ့ပိုးပေးရုံလောက်သာ မိဘများ လုပ်သင့်သည် ။ မိမိကလေးကို မိမိသင်စေလိုသော ပညာရပ်ကို ရွေးချယ်ပေးလိုက်ပါက ထိုကလေးဘ၀တစ်လျှောက်လုံးအတွက် နစ်နာသွားပါလိမ့်မည် .. ။

လူ့စိတ်ဆိုသည်မှာ ဖိနှိပ်မှုများလာလေလေ ၊ တစ်ချက်လွတ်ထွက်သွားသည်နှင့် ပြန်တွန်းကန်မှုအားက တန်ပြန်မှု ပိုများသွားတတ်သည် .. ။ မနှစ်က ကျွန်မတို့အသိုင်းဝိုင်းမှာ မိဘပေးသော ပရက်ရှာများ ၊ လုပ်ငန်းခွင်မှ ပရက်ရှာများ ၊ အဆင်မပြေမှုများ ၊ စိတ်ညစ်မှုပေါင်းများစွာကို မခံနိုင်တော့ဘဲ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားသော နောက်ဆုံးနှစ်ပေါ်လီကျောင်းသားတစ်ယောက်အကြောင်း ကျွန်မသိလိုက်ရချိန်မှာ လွန်စွာ စိတ်ထိခိုက်မှုဖြစ်ခဲ့ရသည် .. ။ အသက်သေဆုံးသည်အထိ မလုပ်သင့်ပေမယ့် အကြောင်းရင်းများကို သိရသောအခါ ပိုမိုစိတ်ထိခိုက်ရသည် .. ။ တချို့သူများက ခံစားမှုကြောင့် လမ်းမှားကို မရောက်တတ်ကြပေမယ့် တချို့လူငယ်များကတော့ လမ်းမှားကိုရောက်သွားတတ်ကြသည် .. ။ ထိုအချက်ကို မိဘတိုင်းအား သတိပြုစေချင်ပါသည် .. ။

သားသမီးများ၏ ဘ၀ရှေ့ရေး ၊ စီးပွားရေး ၊ ပညာရေး ၊ အိမ်ထောင်ရေး အစရှိသည်တို့တွင် လမ်းမှန်ကို ၀ိုင်းဝန်းစဉ်းစားအကြံပြုလမ်းညွှန်မှုများပေးရန်သာ မိဘတိုင်း လက်ဆုပ်လက်ကိုင်ထားသင့်သည် .. ။ ဘယ်သူမဆို မိမိစိတ်ကြိုက်ဖြစ်လာလျှင် စိတ်ပိုပျော်ရွှင်ရသည် .. ။ ဒါပေမယ့် လူဆိုတာ ဖန်တီးပုံသွင်းယူရသော ပန်းပုရုပ်လိုမှ မဖြစ်နိုင်ဘူးဆိုတာကိုလည်း မမေ့သင့်ပေ .. ။

မိဘစိတ်ဆင်းရဲအောင် လုပ်သောသူသည် တစ်ဘ၀လုံးစိတ်ချမ်းသာမှု မရဟု ကျွန်မတို့ ငယ်စဉ်ကတည်းက စိတ်မှာ စွဲနေပါသည် .. ။ သားသမီးများကလည်း မိဘကို အမြဲ ကလန်ကဆန် လုပ်ခြင်း ၊ ရိုင်းစိုင်းခြင်းများကို မလုပ်သင့်သလို မိဘများကလည်း သားသမီးများကို မိမိလိုရာကိုချည်း ပုံမသွင်းသင့်ပါ .. ။

ချစ်ပုံချစ်နည်းတွေ အများကြီးရှိပါသည် .. ။ မိဘတိုင်းနှင့်သားသမီးကြား မှန်ကန်သော ၊ နားလည်သော ၊ စိတ်ချမ်းသာရသော ချစ်ခြင်းမေတ္တာတရားသာ ဖြစ်ပေါ်နေစေရန်အတွက် ကျွန်မဆုတောင်းမေတ္တာပို့နေမိပါသည် .. ။


10 comments:

Tina said...

မွေးလ မွေးရက် တူသူချင်းမို့ ခံစားချက်ကို နားလည်ပေးပါတယ်။ ဒွပေမဲ့ မိဘကိုတော့ စိတ်ဆင်းရဲအောင် မလုပ်မီစေနဲ့ ။ မိဘကို စိတ်ချမ်းသာအောင်ထားမှ ကိုယ်လဲ စိတ်ချမ်းမယ်။

ကလိုစေးထူး said...

ညီမရေ…
ညီမဖေဖေက ညီမအတွက် အစိုးရိမ်လွန်ပြီးတော့ ပိတ်ပင်တာတွေက ညီမအတွက် မွန်းကျပ်စရာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အကိုတို့မှာတော့ အဲဒီလို အပိတ်ပင်ခံချင်သပ ဆိုရင်တောင် မိဘတွေက အဝေးမှာ ကျန်ခဲ့ပြီ။ ညီမ ခံစားချက်ကို မြင်ယောင်နားလည်မိပါတယ်။

Anonymous said...

The main thing is they forgot how to come across their young life. I beleive they also have against in their chilhood. But now they only stands at the side of parents.We must aware this point when we become parents.

Ko Paw said...

အင်မတန်ကောင်းမွန်တဲ့ ပို့စ်တခုပါ။
မိဘနှင့် သားသမီးအကြားတွင်လည်းကောင်း၊ ဆရာနှင့် တပည့်အကြားတွင်လည်းကောင်း၊ အစိုးရနှင့် ပြည်သူကြားတွင်လည်းကောင်း၊ မည်သည့်နေရာမှ ချုပ်ချယ်တားမြစ်ခြင်းသည် မကောင်းပါ။
စိတ်စေတနာကောင်းရှိရုံသက်သက်ဖြင့် လုပ်ရပ်မမှန်ကန်နိုင်ပါ။ ဆရာနန္ဒသိန်းဇံ စာအုပ်တခုထဲတွင် ဖတ်ဘူးသည်။ အဖေလက်သမားက အလုပ်လုပ်နေစဉ် လက်မအား၍ နဖူးတွင် မှက်နားနေသည်ကို အနားတွင်ရှိသော သားဖြစ်သူက မှက်ကို တူဖြင့်ထုသတ်သည့် ဥပမာလိုဖြစ်နေသည်။ သား၏ စိတ်ကောင်းစေတနာကိုတော့ သံသယမရှိပါ။ သို့သော်��

Anonymous said...

i been waiting for some1 to write the relationship between parents and their children.
Sometimes the love of parents become extra concern on their child and they start to involve in all the matters. B it good or not, you must follow their instructions.
I hate when my mum called my ph when i am outside with friends or working overtime. I understand that she is worried and concern about me. But that is turn out to the wrong way. Basically myanmar families likes to involve in theire children lifes. Like marriage, wedding, dating, choose major course for university,force us to get good marks but never concern how much we learnt, make sure to come home after school , tutions, nvr allow to talk with friends in front of them , having bf ( oh babe u r deadmeat ). I hate that. They should not involve in the childern personal matters. this shown there is no respect on their own kids. I have one daughter of my own. I love her i dont know how to describe in words, i struggling to survive my life with the single income. But i am very sure there will be no instruction or i wont be involving her matters. I am here just to share my thoughts and opinions. Not to against and tell her like do what i say, say what i like ! .. damn..
I want many others parents including my mum to be like the way i think. And be respect to their kids. They wont spoil only when they talk on the ph with friends. Having bf yes , there is nothing wrong with that. They will learnt from that. And that is my thinking. Well may be its work, or it wont. But i am sure letting them to decide their own can build their self confidence, and they will depend on their own.

သော ကြာ သူ ရ said...

thanks,
I like your opinion.
also, i request to copy your post and want to send with mail to my friends and my parents since some in Myanmar can't access blogger.com.
Write more.

LIN LET KYAL SIN said...

Thanks, everyone. Dear Thaut Kyar Thu Ya, you can send it to your friends or parents. Just write down only my name at the end of article. Thank You :)

ဂျစ်တူး - gyit_tu said...

ညီမရေ .. ဒီပို့စ်က အတွေးလေးတွေနဲ့ ထပ်တူ ခံစားရတယ် ။ အမတောင် အဲဒီအကြောင်း ဒီမှာ ပို့စ်လေး ရေးဖြစ်သေးတယ် ..

http://gyittu.blogspot.com/2007/09/blog-post_06.html

နှင်းဆီနီနီ said...

လင်းလတ်ရေးထားတာလေးတွေ သဘောကျလို့ပါ။
ဟုတ်တယ် မိဘနဲ့ သားသမီး သိပ်ပြီးချုပ်ချယ်လွန်းရင် အနေရခတ်တယ်။

pee said...

Ur parents r muslim?

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။