သနားမိခြင်း ပုစ္ဆာ
“သနားခြင်း”က
သွားချင်တဲ့ ခြေလှမ်းတွေကို တုပ်နှောင်စေတယ် .. ။
“သနားခြင်း”က
ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ယိုင်နဲ့စေတယ် .. ။
“သနားခြင်း”က
ကိုယ့်ဆန္ဒတွေကို နောက်ပို့လိုက်ရတယ် .. ။
“သနားခြင်း”က
စိတ်လွန်ဆွဲပွဲကို သရေပွဲနဲ့ အဆုံးသတ်လိုက်ရတယ် .. ။
“သနားခြင်း”က
အိပ်ပျက်ညတွေအလယ်မှာ ကယောင်ခြောက်ခြားဖြစ်ရတယ် .. ။
“သနားခြင်း”က
တောင်ပံမဲ့ငှက်တစ်ကောင်လို ရှင်သန်ရတယ် .. ။
နောက်ဆုံးမှာ ....
“သနားမိခြင်း”ဟာ “အချစ်”မဟုတ်ပေမယ့်
အဖြေထုတ်ရခက်ဆုံး ပုစ္ဆာတစ်ပုဒ်လို အမြဲတ၀ဲလည်လည် ..... ။
လင်းလက်ကြယ်စင် (ဂျူးဂျူး)
Sat, 11th May 2013
Read More...
Collapse...

One Dollar Fund – Myanmar အဖွဲ့မှ ငလျင်ဘေးသင့်သူများအတွက် လှူဒါန်းရန် တီရှပ်များကို ရောင်းချပေးမှာလို့ ကြားသိရပါတယ် .. ။ အသေးစိပ်အချက်အလက်များကို ဧပြီလ (၁၁)ရက်နောက်ပိုင်းမှာ ဖြန့်ဝေသွားမှာပါ .. ။ ODF Myanmar ရဲ့ ဆောင်ရွက်ကြိုးပမ်းမှုတွေကို လစဉ်မြင်နေရတာကြောင့် ၀မ်းသာအားရမိပါတယ် .. ။
တစ်ဦးတစ်ယောက်မှ အနည်းဆုံး လစဉ် တစ်ဒေါ်လာ လှူဒါန်းနိုင်လျင် .. အမိမြန်မာပြည်အတွက် အများကြီး ကူညီဆောင်ရွက်လုပ်ကိုင်ပေးနိုင်ပါတယ် .. ။ အခြားလစဉ်လှူဒါန်းနိုင်ရန် အချက်အလက်များကို ODF Myanmar Website မှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။
သက်ဆိုင်သောလင့်ခ်များ
www.odfmyanmar.org
http://www.facebook.com/ODFMyanmar
ကျွန်တော်တို့ အားလုံးသိပြီးဖြစ်တဲ့အတိုင်း ၂၀၁၁-မတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ၆.၈ ရစ်ခ်ျတာစကေးငလျင်ကြောင့် ရှမ်းပြည်နယ်ရှိ တာလေ ၊ မိုင်းလင်း စတဲ့ ဒေသတွေဟာ အကြီးအကျယ်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ မတ်လ ၃၀ ရက်နေ့မှာ ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ ခန့်မှန်းချက်အရ တာလေမြို့မှာ အိမ်ပေါင်း ၇၀၂ လုံး ပျက်စီးခဲ့ပြီး အိမ်ယာမဲ့ပေါင်း ၃၁၅၂ ယောက်ခန့် ရှိနိုင်ပါတယ်။ အစောပိုင်းခန့်မှန့်ချက်တွေအရ ရွာပေါင်း ၉၀ ရှိ လူပေါင်း ၁၈၀၀၀ ခန့် ငလျင်ဒဏ်ကို ခံစားခဲ့ပါရတယ်။
လက်ရှိမှာ ကုလသမ္မဂလက်အောက်ခံအဖွဲ့အစည်းများ ၊ NGO များ ၊ ကြက်ခြေနီများ ၊ အာဏာပိုင်အဖွဲ့အစည်းများက ကူညီနေပေမယ့် အကူအညီတွေက လိုအပ်နေဆဲပါ။
ဒါကြောင့် ကျွန်တော်တို့ ODF Myanmar အနေနှင့် အဆိုပါငလျင်ကြောင့် ဒုက္ခရောက်နေတဲ့ မိသားစုများအား ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အရေးပေါ်အခြေအနေဖြစ်တဲ့အတွက် အလှူငွေကောက်ခံခြင်းကို နှစ်ပိုင်းခွဲပြီး ပြုလုပ်သွားပါမယ်။ ပထမအကျော့အနေနဲ့ ဧပြီ ၁ ရက်နေ့မှ ဧပြီ ၁၀ ရက်နေ့အထိ ကောက်ခံမှာ ဖြစ်ပါတယ်။ ဒုတိယအကျော့ကိုတော့ ဧပြီ ၁၁ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့ထိ ကောက်ခံသွားပါမယ်။
ကျွန်တော်တို့ နေ့တိုင်းသောက်နေတဲ့ ကော်ဖီ ၊ အအေး တစ်ခွက်စာလောက် လျှော့သောက်ပြီး လူအပ်နေတဲ့လူတွေကို အကူအညီပေးမယ် ဆိုရင် နေ့စဉ်လိုအပ်ချက်တွေကို ဘယ်မှာသွားရှာရမှန်း ၊ ဘယ်သူ့ဆီက မျှော်ကိုးရမှန်းမသိဖြစ်နေရှာတဲ့ ဒုက္ခသည် မောင်နှမများအတွက် တကယ့်အထောက်အပံ့ဖြစ်နိုင်ပါတယ်။
ဂျပန်ငလျင်အပြီးမှာ ဂျပန်လူမျိုးတွေ သူတို့အချင်းချင်း ဘယ်လိုကူညီခဲ့တယ်ဆိုတာ အားလုံးလည်း သိပြီးသားဖြစ်ပါတယ်။ ဒီတစ်ခါတော့ ကျွန်တော်တို့တွေလည်း ကြင်နာသနားကူညီတတ်တဲ့ စိတ်ဓာတ်မြင့်မားသူတွေဖြစ်ပြီး အရေးကြီးတဲ့အချိန်မှာ လက်ပိုက်ကြည့်မနေတတ်ဘူးဆိုတာကို ပြဖို့ လိုနေပါပြီ။
ODF Myanmar ကနေတစ်ဆင့် ငလျင်ဘေး ဒုက္ခသည် မောင်နှမတွေကို ကူညီချင်တယ်ဆိုရင် ODF Volunteer များ (http://odfmyanmar.org/volunteers/) ထံသို့ ဆက်သွယ်လှူဒါန်းခြင်း ၊ ODF Bank Account (Singapore) နှင့် PayPal ကို တိုက်ရိုက် အလှူငွေ ပေးပို့ခြင်းများ (http://odfmyanmar.org/donate/) ပြုလုပ်နိုင်ပါတယ်။
Read More...
Collapse...

ပြည်သူချစ်သော ဗိုလ်ချုပ်အောင်ဆန်း (ရေးသားသူ - မေမြို့ချစ်ဆွေ)
ကိုယ်တွေ့မျက်မြင်တစ်ခု
ရှေးမြန်မာတွေကတော့ တကယ့်ယောကျာ်းဘဲ .. ။ ကိုယ်တွေ့မျက်မြင် ယိုးဒယားပြည်နေတုန်းက ရှေးမြန်မာများ စွမ်းပကားသတ္တိ လက်ရာတွေမြင်သိခဲ့ရတယ်။ ယိုးဒယားပြည်မှ တောတောင် အတန်တန်ကျော်ပြီး ကျုပ်တို့လာခဲ့ကြလို့ ရှေးတန်းက ဘုရင့်နောင်တို့ ၊ အလောင်းဘုရားတို့ ၊ စစ်သည်တော်သားများ၏ ဇွဲသတ္တိကို အဖန်ဖန်ချီးကျူးမိတယ်။ အဲသလို မြန်မာ့သွေး မြန်မာ့သတ္တိကို ပြကြစမ်းပါ။ မြန်မာ-မြန်မာချင်း သတ်ဖြတ်တိုက်ခိုက်တာဟာ မြန်မာ့သတ္တိအစစ်မဟုတ်ဘူး။ မြန်မာပြည်လည်း အကျိုးမရှိဘူး။ သည်လိုလုပ်မယ့်အစား မြန်မာပြည်အတွက် ကမ္ဘာမှာ ထွက်ပြီး မိုက်ပြလိုက်စမ်းပါ။ ဒါမှ ရာဇ၀င်ပြောင်မှာ။
.
ဒါပေမယ့် ကျွန်တော်တွေ့ခဲ့သလိုတော့ မတွေ့ပါရစေနဲ့တော့။ ရွာတွေရွာတွေ ဖြတ်ခဲ့တယ်။ အို ဒီရွာတွေက လူတွေရဲ့ သတ္တိတော့ စိတ်ချ။ တကယ့်လူဆိုးချည်းဘဲ။ စစ်ထဲ လိုက်မဲ့သူ ထွက်စမ်းဆိုတော့ နှစ်ယောက်သုံးယောက်ထဲ… ။ ဒါတောင် ပြန်ထွက်ပြေးလိုက်သေးတယ်။ တက်လူဆိုတော့ လူငယ်တွေ ဘောင်းဘီနီ ၊ အင်္ကျီနီတွေနဲ့တော့ တွေ့ပါရဲ့ .. ။ စစ်ထဲလိုက်ရမယ်ဆိုတော့ တီကောင်ဆားနဲ့တို့သလို ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြတာတွေ တွေ့ခဲ့ရတယ်။
အဲဒါမျိုးဖြစ်ရင် မြန်မာပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်ဘူးလို့ ကျွန်တော် တထစ်ချဆိုတယ်။ ဒီလိုပြည်မျိုးလဲ ကျူပ်တော့ဖြင့် မနေတော့ဘူး။ ဒါမျိုးတွေ ထပ်မတွေ့ပါရစေနဲ့။ ဒီတစ်ခါတော့ ၀င်ကြစမ်းပါ။ များများစားစား ၀င်ချင်တဲ့လူတွေ များလွန်းလို့ ပြန်လွှတ်လိုက်ရတယ်ဆိုတာကို ကြားချင်ပါတယ်။ အဲဒါကြောင့် ယခုမြန်မာ့ကာကွယ်ရေး တပ်မတော် ထပ်ချဲ့မယ်။ ထပ်ချဲ့ယင် မြန်မာတွေ အသက်(၁၈)နှစ်ရှိပြီး ကျန်းမာရေးနဲ့ ပြည့်စုံတယ်ဆိုရင် ၀င်နိုင်တယ်။ လက်ခံဖို့ အသင့်ပဲ။ ၀င်ကြစမ်းပါ။ ထောင်လိုက် ၊ သောင်းလိုက်။ ဒါပေမယ့် တစ်ခုတော့ နားလည်စေချင်တယ်။ ဒီစစ်တပ်ကို ငွေလိုချင်လို့ ၊ လခလိုချင်လို့ ၀င်ရင်တော့ ရမှာမဟုတ်ဘူး။ ကျုပ်တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ မြန်မာ့ကာကွယ်ရေးအတွက် မည်မျှစိတ်အားထက်သန်ပါတယ်။ ဒါကြောင့် ဘယ်ရာထူးကစပေးပြီး ခန့်ပါလို့ ပြောတယ်။ ကျွန်တော် ဘယ်တော့မှ မခန့်ဘူး။ ဘယ်မှာဘဲဖြစ်ဖြစ် စစ်ထဲတန်းဝင်ဝင်ချင်း စစ်ဗိုလ်ဖြစ်ချင်လို့လဲ မဟန်ဘူး။ တချို့က စစ်ပညာ နဲနဲရဘူးပါရဲ့ .. ။ ရတာက တပ်ကြပ်လောက် .. ။ ဖြစ်ချင်တာက ဗိုလ်ကြီးလောက် .. ။ အဲဒါမျိုးတွေ တွေ့ခဲ့ရတယ်။
လခကို မမျှော်ရဟုဆိုခြင်း
စစ်သားလုပ်ချင်တဲ့လူတွေကလည်း လခနည်း ၊ အစားအသောက်ကလည်း ဆိုးတယ်။ အနေကြပ်တယ်ဆိုရင်ဘဲ ချူသံပါအောင် ညည်းလာတာဘဲ။ တချို့လည်း ထွက်ချင်တယ်။ ဒါမျိုးတွေကို နောက်ထပ် မတွေ့ပါရစေနဲ့။ လာတဲ့လူတွေဟာ ဒါတွေနားလည်ပြီး ငွေတွေမမက် ၊ ရာထူးမမက် မြန်မာပြည်သက်သက်သမားတွေ လိုချင်တယ်။ ဒီတပ်ဟာ လဘ်စားတဲ့လူတွေ ၊ ငွေလိုတဲ့လူတွေ ၊ ရာထူးမက်တဲ့လူတွေ ၊ ဆွေမျိုးတွေ အလုပ်ပေးမဲ့လူတွေ လိုချင်တဲ့ တပ်မဟုတ်ဘူး။ မြန်မာ့ကာကွယ်ရေးအတွက် ငွေအများဆုံး သုံးရမယ်။ မှန်ပါတယ်။ ဒါပေမယ့် လခတွေအပေါ်မှာ မသုံးဘူး။ ဒါက ရှေးအင်္ဂလိပ်စံနစ်ဟုန်မကျလို့ အင်္ဂလိပ်တွေ ခွေးပြေးဝက်ပြေး ပြေးကုန်ရပြီ မဟုတ်လား။ နီပွန်စစ်တပ်လို စိတ်ဓာတ်ထက်သန်တဲ့ လူတွေရှိအောင် လုပ်ရမယ်။ လခကို ပဓာနမထားရဘူး။ နီပွန်တပ်မှာ စစ်သားတယောက် စစ်သားတစ်ယောက် (၂)ကျပ်ဘဲရတယ်။ အဲဒါတွေကို အားကျကြရမယ်။ လခတွေအပေါ် နည်းနည်းသုံး ၊ လက်နက်တွေ ခဲယမ်းမီးကျောက်တွေအပေါ် အများဆုံးသုံး .. ။ ဒါမှ ပထမတန်းစစ်တပ်ရမှာ .. ။ အဲဒါမှ ကျွန်တော်အစကပြောသလို ရန်သူက တစ်ချက်ခုတ်လျင် နှစ်ချက်ပြန်ခုတ်နိုင်မှ ၊ ရန်သူမတိုက်ခင် ကိုယ်ကဦးအောင် တိုက်နိုင်မှာ .. ။
(ဗိုလ်ချုပ်အောင်ဆန်းမှ မြန်မာတပြည်လုံးသို့ အသံလွှင့်ပြောဆိုချက်မှ ကောက်နှုတ်ဖော်ပြပါသည်။)
မှတ်ချက်။ ဗိုလ်ချုပ်၏ အဖိုးတန်မိန့်ခွန်း ၊ ဆောင်းပါး ၊ စာပေများကို လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။ Original Link ကိုဖော်ပြပေးရန် တိုက်တွန်နှိုးဆော်ပါ၏ .. ။
လင်းလက်ကြယ်စင်
ဖေဖော်ဝါရီလ (၁၂)ရက် ၂၀၁၁ခုနှစ် ။
Read More...
Collapse...