Saturday, January 20, 2007

Double Taxation Avoidance



စင်ကာပူက ကိုနိုင်မိုးအောင် ဦးဆောင်တဲ့ အခြားမြန်မာများနှင့် လူကြီးမင်းများက မြန်မာပြည်သူ ပြည်သားတွေ အခွန်အလွန်အကျွံ ၂နိုင်ငံလုံးကို ပေးဆောင်ရမှုကို တရားမျှမျှတတဖြစ်အောင်အတွက် လုပ်ကိုင်နေကြတာကို အများကြီးဝမ်းသာမိသလို ထောက်ခံအားပေးခဲ့တယ်။

ဒါက နိုင်ငံရေးလုပ်တာလည်း မဟုတ်ပါဘူး။ ဥပဒေဘောင်အတွင်းကနေ နည်းလမ်းကျကျ စကားပြောဆိုခြင်းပါ။ လင်းလက် ဘလော့ခ်မှာ အခွန်အကြောင်းကို ပွနေအောင်ရေးခဲ့လို့လည်း အားလုံးလည်းသိလောက်ပြီး ဖြစ်မှာပါ။ ယူကေတို့ ယူအက်စ်တို့က မြန်မာတွေက မြန်မာသံရုံးကို မဖြစ်မနေ အခွန်အများကြီး ပေးနေရတယ်လို့တော့ မထင်ပါဘူး။ စင်ကာပူက မြန်မာတွေက ကိုယ်လတဲ့လခကနေ စင်ကာပူအစိုးရကိုရော ၊ မြန်မာအစိုးရကိုရော ၂ဖက်လုံးကို အခွန်ဆောင်နေရတာက တကယ်တော့ မတရားမှုကြီးပါ။ အခွန်က ပုံမှန်ဆို ပေးရတာ ပြဿနာမရှိပါဘူး။ အခုက အလွန်အကျွံဖြစ်နေတဲ့အတွက်ပါ။

စင်ကာပူဘက်ကလည်း ဒီကိစ္စကို လျစ်လျူရှုလို့မရပါဘူး။ သက်ဆိုင်ရာ ရုံးတွေ ၊ Finance ဆိုင်ရာတွေကို သက်သေ စာရွက်တွေနဲ့တကွ သေသေချာချာ စွမ်းဆောင်နေတော့ ဒီကိစ္စကို ကမ္ဘာကတခြားနိုင်ငံသားတွေပါ သိရင် ဟားစရာဖြစ်သွားမှာပါ။ စင်ကာပူကတော့ သူတို့က အမြဲ နာမည်ရအောင် လုပ်နေတဲ့သူတွေဆိုတော့ အရှက်ရအောင်တော့ လုပ်ကြမှာမဟုတ်ဘူး။

နောက်တစ်ချက် - ဒါက အစိုးရကိုတိုက်ဖျက်နေတာလည်း မဟုတ်ပါဘူး။ ကိုယ့်ဘက်က ခံစားခွင့်ကို တောင်းဆိုကြခြင်းပါ။ လင်းစိတ်ထဲမှာတော့ အခြေအနေကို ကြိုးလျှော့လေးနဲ့ သွားတာကို ပိုကြိုက်ပါတယ်။ မစုစုနွေးပြောခဲ့သလို ကိုယ်ရသင့်တဲ့အခွင့်အရေးကို ထိုင်စောင့်နေလို့မရဘူး။ ရရင် ရသလောက် ကြိုးစားပြီး ဖြေးဖြေးချင်း တလှမ်းချင်းတက်သွားရမယ်ဆိုသလိုပေါ့။

အခြေအနေအရပ်ရပ်နဲ့ လုပ်ဆောင်နေတဲ့ အဆင့်ချင်းတွေကို သိပ်မဝေးတဲ့ သင့်လျော်သော အချိန်တစ်ခုမှာ မီဒီယာတွေကနေ သေသေချာချာ ပြောပေးမှာပါ။ ဒါဟာ ပိတ်လှောင်မှုတွေ ခံစားတင်းကျပ်နေတဲ့ မြန်မာတွေအတွက် ပထမဦးဆုံး စံနမူနာဖြစ်သွားမယ့် သတ္တိတစ်ခုဆိုရင်လည်း မမှားပါဘူး။

ဥပဒေဘောင်အတွင်းကနေ သက်သေတွေအားလုံးနဲ့တကွ နည်းလမ်းကျကျ ပြောဆိုနေတာမို့ မြန်မာသံရုံးဆိုင်ရာတွေဘက်က တော်တော်လေး ကျဉ်းကျပ်နေမှာပါ။ ကလေးဆန်တဲ့ လှည့်ကွက်တွေ မလုပ်ဖို့ပဲ ကြည့်နေရတယ်။ မြန်မာအစိုးရနဲ့ဆိုင်တဲ့ ရုံးတွေဆို သေဆေးစားပြောတာတောင် သိပ်မယုံချင်ဘူး။

လောလောလတ်လတ် သံရုံးကို ၂နှစ်စာ အခွန် 3600 သွားပေးထားရတာ တော်တော်လေး စိတ်ဓါတ်ကျတယ်။ ပီအာနဲ့ကျောင်းတက်တော့လည်း Full Time Student ဆိုတာတောင် တစ်လကို 30 ပေးရသေးတယ်။ Passport ကို သက်တမ်းတစ်ခါသွားတိုးရင် 350 ။ နောက် စာအုပ်မှာ စာမျက်နှာကုန်သွားရင် 350 လား 450 လား မသိဘူးပေးရသေးတယ်။ ပါ့စ်ပို့မှာ စာမျက်နှာကလည်း ပါတာက ၃ရွက်လောက်။ ၂ခါ ၃ခါလောက် တုံးထုပြီးသွားရင် ကုန်ရော။ သံရုံးကိုက ချစ်လွန်းတော့ မသွားချင်လည်း ခဏခဏသွားနေရတဲ့ဘ၀ပါ။

Click Here For More Information


Read More...

Wednesday, January 17, 2007

TLAM issue 9


http://www.thanlwin.com/thanlwinainmat/issue9/

http://www.thanlwin.com/thanlwinainmat/issue9/stories/story3.htm

http://www.thanlwin.com/thanlwinainmat/issue9/articles/article9.htm


သံလွင်အိပ်မက် အမှတ်(၉)တော့ ထွက်လာခဲ့ပြီ။ စာမူတွေအားလုံး သူ့နည်းသူ့ဟန် အကုန်ကောင်းပါတယ်။ စာဖတ်သူတွေလည်း ပိုတိုးလာတာ အများကြီးဝမ်းသာပါတယ်။

လင်းရေးတဲ့ ဇတ်လမ်းတွေအတွက် လင်းနဲ့မသိသူတွေက လင်းခံစားချက်လား မေးကြတယ်။ မဟုတ်ရပါဘူးရှင်။ အဲဒီအကြောင်းတွေကို နတ်သမီးအိပ်မက်မှာ ရှင်းလင်းပေးထားပါတယ်ရှင်။

http://natthamee-eainmat.blogspot.com/2006/12/my-short-novels.html

အားပေးသူများအားလုံးကိုကျေးဇူးတင်ပါတယ်။

နောက်ပိုင်း အွန်လိုင်းနဲ့ဝေးနေမှာမို့နားလည်ဖို့တောင်းဆိုပါတယ်။

Read More...

Sunday, January 14, 2007

natthamee-eainmat

http://natthamee-eainmat.blogspot.com

ဒီနေ့ နတ်သမီးအိပ်မက် ဘလော့ခ်အတွက် ဘန်နာတစ်ခုတင်ဖြစ်တယ်။ နောက် ဘတ်ဂရောင်းတစ်ခု ပြောင်းအုန်းမယ်။

နတ်သမီးအိပ်မက်ဘလော့ခ်က နိုင်ငံရေးမပါတဲ့ ပါစင်နယ်ခံစားချက် ၊ နောက် ခင်မင်မှုနဲ့ ရေးချင်တာ ရေးမယ့် ဘလော့ခ်တစ်ခုပါ။

အဲဒီကိုလည်း လာလည်ဖို့အားလုံးကို ဖိတ်ခေါ်ပါတယ်ရှင်။ လင်းကိုမုန်းသူတွေတော့ အကုသိုလ်ပွားခံပြီး မလာနဲ့ပေါ့နော်။

နတ်သမီးအိပ်မက်ဘလောခ့်အတွက် လင်းကို အကူညီပေးခဲ့သော အကိုချမ်းမြစိုးကို ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။

Read More...

Tuesday, January 09, 2007

Than Shwe

မက်ဆေ့ခ်ျတွေပုံနေအောင်ဖုန်းထဲမှာ တချိန်လုံးဝင်နေပေမယ့် ဘလော့ခ်ပေါ် ဘာလို့မရေးတာလည်းဆိုတော့ မသေချာတဲ့သတင်းတစ်ခုဖြစ်နေလို့ပါ။

လင်းလက်နောက်ဆုံးသိရတဲ့သတင်းကတော့ သန်းရွှေက စင်ကာပူကို တနင်္ဂနွေညပိုင်းက မိသားစုဝင်များနဲ့အတူ အသက်ရှင်လျက် ပြန်ထွက်ခွာသွားပြီဆိုတာပါပဲ။

မနေ့ကတော့ တစ်ချိန်လုံး သန်းရွှေသေပြီလို့ သတင်းတွေက မျိုးစုံထွက်ပေါ်နေခဲ့ပါတယ်။ မေးလ်တွေ ဖုန်းတွေနဲ့ အပြန်အလှန်ပို့ကြတဲ့ သတင်းတွေအားလုံး လက်ခံရရှိပေမယ့် ဘာမှပြန်မပြောတာ မကျိန်းသေလို့ပါ။

စင်ကာပူက နိုင်ငံရေးသမား ဦးလေးတစ်ယောက်ကတော့ သန်းရွှေအသက်ရှင်နေပါသေးတယ်လို့ ပြောကြားခဲ့တယ်။

အခြားလူတွေကတော့ သန်းရွှေသေပြီလို့ပြောကြတယ်။ ရာဟူးဂရုတွေကလည်း ဒီကိစ္စကိုပြောကြတယ်။ နောက် စင်ကာပူမှာရှိတဲ့ လူတွေကို ဖုန်းဆက်မေးကြ ၊ စုံစမ်းကြလုပ်ကြတယ်။

သူသေရင် celebration လုပ်ဖို့ဆိုပြီး လူတွေကလည်း စောင့်နေကြတယ်။ တယ်ကို လူချစ်လူခင်များသော လူပါပဲလား။

သေခါနီးအချိန်မှာတောင် တကယ်မသေသေးရင် သေပြီလို့ လူတွေက မေတ္တာပို့နေကြတာ သိပ်ကိုစူးရှလွန်းပါလား။

လင်းအနေနဲ့က တိတိကျကျမခိုင်လုံသော သတင်းမို့ ဘာမှမပြောနိုင်ပါ။ တော်ကြာ ယတြာချေတယ်ဆိုရင် ဒုက္ခ။

Read More...

Monday, January 08, 2007

”ဒီသားရဲတွင်းထဲက..လူတွေ”

™ Cuteberries.com - Cartoon Dolls, Cute Disney Graphics, Saniro Graphics, Myspace Pictures, Myspace Codes, Myspace Layouts, Myspace goodies, Myspace stuff and more ! ™

ကဗျာလို့လည်းမတင်စားချင်ပါ။ စကားစုတွေ ရေးချင်လို့ချရေးလိုက်ခြင်းပါပဲ။


”ဒီသားရဲတွင်းထဲက..လူတွေ”

အချို့လူတွေက
လမ်းကြောင်းတူနေခဲ့ရင်
ကန်ချဖို့စိတ်ကူးနေကြတယ်။

အချို့လူတွေက
တိုင်းပြည်ချစ်စကားပြောရင်
ကြီးကျယ်လွန်းလှတယ်
သတ်မှတ်နေကြတယ်။

အချို့လူတွေက
မျက်နှာလိုမျက်နှာရ
ဟိုလူနားကပ်ဒီလူနားကပ်
မြှောက်ပင့်ထိုးနေကြတယ်။

အချို့လူတွေက
အစစ်အမှန်ကိုမဖော်ရဲဘဲ
သူခိုးကုပ်ကုပ်ဘ၀မှာ
ချုံပုတ်ထဲကလက်သီးဆုပ်ပြနေတယ်။

အချို့လူတွေက
အတုအတုတွေနဲ့
အစစ်အယောင်ဖမ်းပြီး
အာဏာရှင်ကိုကိုးကွယ်ကြတယ်။

အချို့လူတွေက
စေတနာတွေအပြည့်နဲ့
အများပြည်သူအတွက်
ဓါးသွေးနေကြတယ်။

အချို့လူတွေက
မဟုတ်မခံစိတ်နဲ့
အုတ်တစ်ချပ်သဲတစ်ပွင့်
ကူသယ်နေကြတယ်။

အချို့လူတွေက
တည်ငြိမ်သလိုလိုနဲ့
လေလှိုင်းပေါ်မှာနေ
အပုပ်ကောင်ကိုရုပ်ဆောင်နေကြတယ်။

အချို့လူတွေက
ကောင်းရာကောင်းကျိုးအတွက်
တိုင်ပင်ကာဆွေးနွေး
အကြံစည်တွေလုပ်နေကြတယ်။

အချို့လူတွေက
ကိုယ်တို်င်လည်းဘာမှမဟုတ်
အတင်းတကာလှည့်ပြော
ဝန်တိုမှုတွေနဲ့ဖိစီး
နည်းလမ်းမျိုးစုံထုတ်နေကြတယ်။

အချို့လူတွေက
ကိုယ်သာလူတတ်ကြီးလုပ်
လူငယ်တွေကိုဖယ်ချ
အာပေါင်အာရင်းသန်သန်နဲ့
ဆရာကြီးလုပ်နေကြတယ်။

အချို့လူတွေက
ရသလိုနေရာမှာ
ဝမ်းတစ်ရေးအတွက်
ခက်ခဲစွာရှင်သန်နေရတယ်။


အချို့လူတွေက
တကယ်ပင်ခွင့်လွှတ်နားလည်
အတွေ့အကြုံကြွယ်စွာနဲ့
ခံယူချက်ပြင်းပြင်းရှရှ
တိုက်ပွဲတွေဝင်နေကြတယ်။

လူ…လူ..လူတွေ

ပေါင်းစည်းခြင်းမရှိ

တစ်ဘို့တည်းအတွက်

အမြတ်ထုတ်သူကထုတ်

တော်လှန်သူကတော်လှန်

ဝန်တိုစိတ်နဲ့တိုက်ခိုက်သူကတိုက်

မျက်နှာတော်အလိုကျဖားသူဖား

စေတနာသတ္တိရှင်ကခပ်ရှားရှား

အကြွင်းအကျန်တွေပြည့်နှက်နေတဲ့

ဒီနယ်မြေသားရဲတွင်းမှာ

မကောင်းဆိုးဝါးအားလုံး

ဘယ်တော့မှပျောက်ကွယ်မှာပါလိမ့်။

Read More...

Friday, January 05, 2007

Unforgettable Words

၁၉၄၇ခု ဇွန်လ ၁၀ရက်နေ့တွင် ဗိုလ်ချုပ်နောက်ဆုံးမိန့်ကြားခဲ့သော မိန့်ခွန်းများထဲမှ စကားတစ်ချို့ဖြစ်ပါသည်။

”ကျနော်တို့က တကယ်ဘဲ သုညကစပြီး အကုန်လုံးပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ်လုပ်ရမှာဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင် ၊ ကျနော်တို့က ခြေလှမ်း ၄၊၅၊၁၀ လှမ်းလိုက်နိုင်မှ အဲဒီလို လိုက်နိုင်တဲ့အခါကျမှ နောက်၁၀နှစ် အနှစ်၂၀တန်သည်အားဖြင့် အဲဒီလိုတန်းတူ ညီတူဖြစ်သွားမယ်။ တန်းတူ ညီတူ မဖြစ်သမျှကာလပတ်လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လပ်တယ်ဆိုပေမယ့် ဟိုလူမြင်တဲ့အခါမှာ မျက်နှာချိုသွေးရ ၊ ဒီလူမြင်တဲ့အခါ မျက်နှာချိုသွေးရနဲ့ ဖာသယ်လိုနိုင်ငံမျိုး ဖြစ်နေမှာဘဲဆိုတာ ခင်ဗျားတို့ အတိအလင်း နားလည်ထားစေချင်တယ်။ အားမှမရှိသေးတော့ အဲဒီလိုနိုင်ငံမျိုး ဖြစ်နေမှာဘဲ။ အဲဒီတော့ အင်မတန်ကို ကျနော်တို့ တခါထဲ ကျနော်တို့တိုင်းပြည်မှာရှိတဲ့ လူတွေ စည်းစည်းရုံးရုံးနဲ့ရှိပါမှ ဖာသယ်သဘောမျိုး နိုင်ငံမျိုးမဖြစ်ဘဲနေမှာ။

အဲဒီတော့ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး ၊ တိုင်းရင်းသားလူထု ညီညွတ်ရေး ၊ စားဖားသမားတွေ ညီညွတ်တာ ကျနော်မလိုချင်ပါဘူး။ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး ၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး ၊ အဲဒီညီညွတ်ရေး နှစ်ခုမရှိသမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက် ၊ ဘယ်အစိုးရလုပ်လုပ် ၊ ဖာသယ်တိုင်းပြည် ဖြစ်နေမှာဘဲလို့ ကျနော်ပြောချင်တယ်။ အဲဒီတော့ ဒီနှစ်ခုကို ခင်ဗျားတို့မပျက်စေနဲ့။ ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့။ အဲဒါ အင်မတန် အရေးကြီးပါတယ်။

ယခုဖြစ်နေတဲ့ အခြေအနေမှာဆိုရင် လွတ်လပ်ရေးကိစ္စနဲ့ ကျနော်မြင်တာပြောရမယ်ဆိုရင် လွတ်လပ်ရေးဟာ ရဖိုကအခြေအနေတော့ တော်တော်များပါတယ်ဆိုတာ ကျနော်ပြောချင်ပါတယ်။ သို့ပေမယ့် ဗမာစကားလည်း ရှိတယ်။ အင်္ဂလိပ်စကားလည်းရှိတယ်။ အင်္ဂလိပ်စကားကတော့ Don’t halloo till you are out of the wood အရင်တစ်ခါလည်း ကျနော်ပြောပြီးသွားပါပြီ။ စစ်ပွဲကြီးအတွင်းက တောကြီးမျက်မဲအတွင်းက မထွက်မိခင် ငါတော့ ဘေးလွတ်ပြီလို့ မအော်ပါနဲ့ဆိုတဲ့သဘောမျိုးဘဲ။ အဲဒီအတိုင်းပဲ။ ကျနော်က တစ်ခါ ခြင်္သေ့မင်းဥပမာကို ပြောရမယ်ဆိုရင် ခြင်္သေ့မင်းများဟာ တောကောင်ကို လိုက်တဲ့နေရာမှာ ကြီးတာငယ်တာ ပဓာနမထားဘဲနဲ့ ၊ ကြီးကြီးငယ်ငယ် လုံ့လစိုက်တဲ့ နေရာမှာ အဲဒီအတိုင်းဘဲ လုံ့လစိုက်သွားတယ်။ အဲဒီလို ထုံးအတိုင်းဘဲ ကျနော်တို့က ပန်းတိုင်ရောက်တဲ့အထိ အောင်မြင်လာတဲ့တိုင်အောင် ကျနော်တို့က ကြိုးစားမှု ၊ အားထုတ်မှုကို လျှော့လို့မဖြစ်နိုင်ဘူး။ လုံ့လ၀ီရိယကို လျှော့လို့မဖြစ်နိုင်ဘူး။ ဆထက်ထမ်းပိုးသာ ကျနော်တို့လုပ်ဖို့လိုတယ်။

ကျနော်တို့ဗမာတွေမှာ စောက်ကျင့်တစ်ခုရှိတယ်။ ဘာစောက်ကျင့်တခုရှိသလည်းဆိုရင် ဒါကလည်းဘဲ ကျနော်တို့ ကျွန်ဖြစ်ခဲ့ကြရတဲ့အတွက် ဖြစ်ချင်ဖြစ်မယ်။ ကျနော် ဂျပန်ခေတ်တုန်းက ပုသိမ်ဖက်ကို သွားတဲ့အခါ လှေပြိုင်ပွဲတစ်ခုရှိတယ်။ လှေပြိုင်ပွဲလုပ်ခဲ့တယ်။ လှေပြိုင်ပွဲလုပ်တဲ့အခါမှာ ဘာဖြစ်သလည်းဆိုတော့ လှေတွေ ပြိုင်လိုက်တာ နှစ်စင်းပြိုင်တဲ့အခါမှာ နိုင်တဲ့အစင်းက ပန်းတိုင်မရောက်သေးဘူး။ ရှေ့ကို နဲနဲရောက်တယ်ဆိုရင်ဘဲ တက်ထောင်တယ်။ ကြွားတယ်။ တခါ ရှုံးတဲ့အနောက်က နေတဲ့လှေကလည်းဘဲ ပန်းတိုင်မရောက်သေးဘူး။ ကြိုးစားချင် ကြိုးစားနိုင်သေးတယ်။ မကြိုးစားတော့ဘူး။ ရှုံးတော့မှာပါပဲကွာဆိုပြီး ခြေပစ်လက်ပစ်နဲ့ တယ်မခတ်ချင်တော့ဘူး။ ဒါဟာ ဘာလည်းဆိုရင် တကယ့်တိုင်းပြည်ထူထောင်တဲ့နေရာမှာ လွတ်လပ်တဲ့ လူမျိုးနဲ့ ထိုက်တန်တဲ့ စိတ်ဓါတ်မျိုးမဟုတ်ဘူး။ အဲဒီစိတ်ဓါတ်မျိုးဟာ ကျွန်ဖြစ်မယ့် စိတ်ဓါတ်မျိုး ၊ ကျွန်ရဲ့ စိတ်ဓါတ်မျိုး ၊ ဒီစိတ်ဓါတ်မျိုး ရှိနေသမျှကာလပတ်လုံး ကျူပ်တို့ဗမာတွေ ကျွန်ဖြစ်နေမှာဘဲ။ လွတ်လပ်ရေး၇ရင်လည်း မြန်မြန် ကျွန်ပြန်ဖြစ်မှာဘဲ။ နောက်ဆုံးတစ်နေ့ မရှုံးတဲ့တိုင်အောင် ကျွန်မဖြစ်တဲ့တိုင်အောင် ၊ ခုနကလို ဖာသယ် လွတ်လပ်ရေးဖြစ်နေမှာဘဲ။ ဘာလို့လည်းဆိုရင် အကျင့်က အဲဒီလို နဲနဲလေးနိုင်လာတယ် ၊ သာလာတယ်ဆိုရင် တက်ထောင်ချင်တဲ့ အကျင့်ရှိတယ်။ လှေတစ်စင်းဟာ အဲဒီလို ရှေ့ကလာလို့ တက်ထောင်မိတာနဲ့ ပွဲတစ်ပွဲမှာ ရှုံးကိုသွားတယ်။ အဲဒီလိုဖြစ်တယ်။

ပြီးတော့ ဘောလုံးပွဲကိုကြည့်။ ကျနော်တို့ဗမာတွေ ဘောလုံးပွဲမှာ ကန်ကြတဲ့အခါမှာဆို၇င် ကိုယ်က ပထမ စဂိုးသွင်းရတယ်ဆိုရင် အတော်အားတက်လာတယ်။ အားတက်လာတာနဲ့ ၊ ကန်တာနဲ့ ၊ ပြုတာနဲ့ နောက်တစ်ခါ အဲဒီလိုဖြစ်လာတဲ့အခါမှာ တော်တော်လေး ဂိုးလေားများတယ်ဆိုရင် လျှော့လျှော့ပေါ့ပေါ့ကန်ချင်လာကြတယ်။ ငါနိုင်မှာဘဲဆိုပြီး အဲဒါနဲ့နေပြီး တစ်ဖက်ကနေ နောက်ဆုံးအပြီးသတ်မှာ ကပ်ပြီး ပြန်ပြီးတော့ ဂိုးသွင်းသွားလို့ သရေဖြစ်ဖြစ် ၊ ရှုံးတာဖြစ်ဖြစ် ၊ ဖြစ်သွားတာမျိုးလည်း ကျနော်တို့ဘောလုံးရာဇ၀င်ပွဲမှာ ခင်ဗျားတို့ ပြန်စဉ်းစား၇င်တော့ တွေ့မှာဘဲ။ ဒါတင်မကသေးဘူး ဒီရှုံးသွားတဲ့ လူကလည်း ဘောလုံးကန်ရင် ပထမအပိုင်း နာရီဝက်မှာ ရှုံးသွားရင် တော်ပါသေးရဲ့။ ကျန်သေးတဲ့ ဒုတိယနာရီဝက်မှာကန်လို့ ၁၀မိနစ်လောက်ကြာတော့ ကိုယ့်ဖက်က ဂိုးမသွင်းနိုင်ဘူးဆိုရင် အဲဒီအခါကျရင် လူကိုချတယ်။ ဒါ ကျနော်တို့ ဗမာဘောလုံးကျန်တဲ့ ဘောလုံးပွဲအကျင့်ဘဲ။ အဲဒါ sporting spirit မရှိဘူး။ ဒါဘာလည်းဆိုရင် ဗမာတွေ စိတ်ထဲမှာ ဗမာတွေဟာ စိတ်ထက်တယ် ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတယ်ဆိုတာနဲ့ အတူတူပဲ။ ဒီစကားဟာ ဒီနေရာမှာ သုံးဖို့ဟာတွေဘဲ။ ဗမာတွေ စိတ်ဓါတ်က မဟုတ်တဲ့နေရာမှာ သွားပြီးကောင်းနေတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး။ ဗမာပြည်လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ အသုံးမကျဘူး။ ဗမာပြည် ပြန်လည်ထူထောင်ရေးလုပ်တဲ့နေရာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။ အဲဒါမျိုးတွေ လုပ်ချင်တယ်။ ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည်မထူထောင်နိုင်ဘူး။ ဒီတိုင်းပြည် မလွတ်လပ်နိုင်ဘူး။ လွတ်လပ်၇င်လည်း ဘယ်တော့မှ ကျကျနန လွတ်လပ်ရေးမဖြစ်နိုင်ဘူး။

အဲဒီတော့ ကျနော်တို့ အဲဒီလိုစိတ်ဓါတ်မျိုးကို လုံးဝဖျောက်ပစ်ဖို့လိုတယ်။ ကျနော်တို့ဟာ ဘာအလုပ်ဘဲလုပ်လုပ် ၊ နောက်ဆုံးတစ်နေ့ပြီးတဲ့အချိန်မှာ ရှုံးမယ်ထင်သည်ဖြစ်စေ ၊ နိုင်မယ်ထင်သည်ဖြစ်စေ ၊ မလျှော့တမ်း ဇွဲနဲ့ လုပ်သွားရမယ်။ စစ်တိုက်တဲ့နေရာမှာလည်း အဲဒီအတိုင်းသွားရမယ်။”

Read More...

Thursday, January 04, 2007

For Independence Day



အကြောက်တရားဖုံးလွှမ်းနေတဲ့ ပြည်သူတွေစီကနေ ဖြေးဖြေးချင်း သတ္တိတွေ မွေးမြူပေးနေပြီး ၈၈မျိုးဆက်ကျောင်းသားတွေ ကြိုးစားနေတာက မှန်ကန်ပါတယ်။
ဒီကနေ့က လွတ်လပ်ရေးနေ့ပါ။ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် မြန်မာပြည်သူ ပြည်သားများ သွေးမြေကျပြီး တိုက်ပွဲဝင်အရယူခဲ့တဲ့ လွတ်လပ်ရေးနေ့ပါ။ လွတ်လပ်ရေးနေ့ဆိုတာ သမိုင်းမှာရှိပေမယ့် လက်တွေ့မှာ ခံစားခွင့်မရှိကြတာက တပ်မတော်ရဲ့ပထွေးတွေကြောင့်ပါ။
ပြည်တွင်း ပြည်ပ မိတ်ဆွေမောင်နှမများ ၊ ဒီအရေးတော်ပုံ အောင်မြင်ဖို့အတွက် အချင်းချင်း လက်တွဲကူညီဆောင်ရွက်ကြပါစို့။

Read More...

ဗိုလ်ချုပ်ပြောခဲ့သောဒီမိုကရေစီဝါဒ


အားလုံးလည်း နားလည်သဘောပေါက်တဲ့အတိုင်း ဗိုလ်ချုပ်အောင်ဆန်းက လွန်ခဲ့တဲ့ နှစ်ပေါင်း၅၀ကျော်လောက်ကတည်းက လွတ်လပ်ရေးရပြီးရင် ဒီမိုကရေစီနည်းလမ်းအတိုင်း ရှေ့ဆက်သွားဖို့ အဆိုတင်သွင်းခဲ့ပါတယ်။ ဗိုလ်ချုပ်က အဲဒီအချိန်ကတည်းက သူ့အတွေးအခေါ်များက အံ့မခန်း ယခုရောက်နေသော ခေတ်ကိုများ ကြိုမြင်ပြီးပြောခဲ့သလား ထင်မှတ်ရပါတယ်။ တပ်မတော်ကို စိုးရိမ်စွာ သူမှာကြားသော စကားများက အခုဗိုလ်ချုပ်ကြီးများကို တည့်တည့်များပြောနေသလားပါပဲ။ ဗိုလ်ချုပ်က ရှင်ဘုရင်စနစ်ကိုမလိုလားခဲ့ဘဲ ဒီမိုကရေစီစနစ်ကို လိုလားခဲ့သူပါ။ ဗိုလ်ချုပ်မိန့်ခွန်းတွေထဲကနေ အချို့စာပိုဒ်များကို လေးစားစွာနှင့်ဖော်ပြလိုက်ပါတယ်။

“လူတွေကတင်မြှောက်တဲ့ အစိုးရဆိုတာ လူတွေရဲ့အစိုးရ ပြည်သူတွေရဲ့အစိုးရ ၊ ပြည်သူတွေနဲ့ အလှမ်းမဝေးဘဲ အမြဲလက်တွဲနေတဲ့အစိုးရ ၊ ဖြစ်မှသာလျင် သဘောတရားအတိုင်း ကိုက်ညီမယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီသဘောတရားနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ သားစဉ်မြေးဆက် ဆက်ခံသွားတဲ့ ရှင်ဘုရင်စနစ်ကို မလိုချင်ဘူး။”

ဒီမိုကရေစီဝါဒအစစ်ကိုဖန်တီးမယ် ( ၁၉၄၇ခု ၊ မေလ ၁၉ရက်နေ့)

”သမ္မတစံနစ်ကိုလိုချင်တယ်။ သမ္မတစံနစ်ဟာ တိုင်းသူပြည်သူတွေသာလျင် မူလဘူတ ဖြစ်တယ်ဆိုတဲ့ သဘာဝကို ပြန်ဖော်တယ်။ လူလူချင်း အတူတူဘဲဆိုတဲ့သဘာဝကို ပြန်ဖော်တယ်။ ဒါပေမယ့် တခုသတိပြုရမယ်။ အစိုးရဆိုတဲ့ အာဏာဟာ အင်မတန် အဖိုးတန်အသုံးဝင်တယ်။ အဲဒီအာဏာကိုလည်း ပစ္စည်းအင်အားကောင်းတဲ့ လူတွေအချင်းချင်းလုကြတယ်။ ရ၇င်လည်း လက်မလွှတ်ချင်ကြဘူး။ တိုင်းသူပြည်သားတွေဆိုတာတော့ အဲဒီထဲမှာ ဒုတ်လုပ်ပြီး အရိုက်ခံရမယ့်အခါကျမှ ပါရတာပဲ။ အဲဒီလို အာဏာလုကြတဲ့အခါ ”ဒီမိုကရေစီ” ဆိုပြီးပြည်သူ့ဆန္ဒ ၊ ပြည်သူ့အာဏာလို့ ကြွေးကြော်ဟစ်အော်ပြီး ညာတဲ့စံနစ်တွေလည်း ရှိတယ်။ လူတွေက တိုင်းသူပြည်သားတွေက ”အစိုးရ” အာဏာအပ်လိုက်တုန်းက ကျူပ်တို့အတွက် ကောင်းအောင်လုပ်ပေးပါဆိုပြီး အာဏာအပ်လိုက်တာပါပဲ။ ဒါပေမယ့် ကျူပ်တို့ကို ခင်ဗျားတို့အုပ်စိုးတဲ့ လူတွေအတွက် နှိပ်ကွပ်အုပ်ချုပ်ပါ ဆိုတဲ့အချက်သာ ဖြစ်နေတာဘဲ။ လူတွေက တင်မြှောက်ပြီး လူတွေရဲ့အကျိုးကို လုပ်တဲ့အစိုးရသာလျင် ဒီမိုကရေစီ ဖြစ်နိုင်မယ်။ အခြားဟာတွေ ဒီမိုကရေစီအစစ် မဖြစ်နိုင်ဘူး။ အတုတွေသာဖြစ်တယ်”

ဒီမိုကရေစီဆိုတာဘာလည်း

”အဲဒီလိုစံနစ်မျိုးနဲ့ သမ္မတအစိုးရမျိုးမှသာ ကျူပ်တို့တိုင်းသူပြည်သားတွေကို အကျိုးထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှာဘဲ။ ဒီမိုကရေစီတိုင်း ဒီမိုကရေစီရတာ မဟုတ်ဘူး။ ဒီမိုကရေစီ ခေတ်စားလာတဲ့အခါမို့ ရောယောင်ပြီး သံဖမ်းပြောကြတာတွေလည်း အများကြီးဘဲ။ ဒါဖြင့် ဒီမိုကရေစီဆိုတာ ဘာလည်း။ လူလူချင်း ၊ လူတန်းစား အချင်းချင်း ၊ လူမျိုးအချင်းချင်း အစရှိသည်အားဖြင့် အခွင့်အရေးတန်းတူ ကျပ်ပြည့်မရှိသမျှ ကာလပတ်လုံး ဒီမိုကရေစီကျပ်ပြည့် တင်းပြည့်မဟုတ်သေးဘူး။”

ဒီမိုကရေစီအတုတွေ

အခု ဒီမိုကရေစီခေါ်နေတဲ့ တိုင်းပြည်တွေ အများဟာ တကယ့်ဒီမိုကရေစီ မဟုတ်သေးဘူး။ ငါးမူး ၊ သုံးမူး ၊ တပဲလောက်ဘဲ ဒီမိုကရေစီတွေ ဖြစ်ကြသေးတယ်။ အဲဒီ ဒီမိုကရေစီတွေဟာ အရင်းစစ်လိုက်တော့ အ၇င်းရှင်ခေါ်တဲ့ ပစ္စည်းအရင်းရှင်တွေ စီးပွားရေးခြယ်လှယ်တဲ့ စံနစ်အခြေခံတဲ့ ဒီမိုကရေစီတွေ ဖြစ်တယ်။ တနည်းအားဖြင့် အရင်းရှင်တွေရဲ့ အာဏာရှင် စံနစ်အုပ်ချုပ်ရေး ၊ ဒီမိုကရေစီဆိုတဲ့ ဗန်းပြပြီး ထားတဲ့ အုပ်ချုပ်ရေးဘဲ။

ဒီမိုကရေစီအစစ်ကတော့

ဗမာပြည်လွတ်လပ်ရေးရတဲ့အခါ တိုင်းသူပြည်သားတွေသာလျင် အဓိကလိုလားပြီး တိုင်းပြည်တည်ထောင်ချင်တယ်ဆိုရင် ဒီမိုကရေစီစံနစ် ရနေမှဖြစ်မယ်။ ဒီမိုကရေ အရင်းခံဘဲ။ ဆိုရှယ်လစ် ၀ါဒ ကွန်မြူနစ်ဝါဒဆိုတာတွေဟာ စင်စစ်တော့ ဒီကနေဖြာထွက်သွားတာဘဲ။ ဘယ်ဟာမှ ဒီမိုကရေစီ မစစ်သေးဘူး။ နိုင်ငံရေးတွင်သာမက စီးပွားရေးပါ ပါနေမှ ဒီမိုကရေစီစစ်နိုင်မယ်လို့ ဒီမိုကရေစီ သဘောတရားတွေကို လိုက်၇ှာပြီး လုပ်နေကြခြင်းသာဖြစ်တယ်။

ဒီတော့ ဒီမိုကရေစီဆိုတာ ဘယ်လိုအဂ်င်္ါမျိုးနဲ့ ညီညွတ်ရမလည်း။ အဲဒီလို ကျပ်ပြည့်တင်းပြည့် ဒီမိုကရေစီမျိုးကို ကျူပ်တို့ ဘယ်လိုတည်ဆောင်ရမလည်း။ ချက်ချင်းဖြစ်နိုင်လား။ ဘယ်လောက်ကြာမလည်း။ ဘယ်နည်း အကောင်းဆုံးလည်းဆိုတာတွေကို အခု ကျူပ်တို့ တိုင်းပြည်တည်ထောင်ရမယ့်အခါ အထူးစဉ်းစားရမယ့် အချက်တွေဘဲ။

နိုင်ငံရေးဟာ စီးပွားရေးအခြေခံပေါ်မှာဘဲ မူတည်တယ်။ နိုင်ငံရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေတွေကလည်း စီးပွားရေး သဘောတရားတွေနှင့် ကင်းလို့မဖြစ်နိုင်ဘူး။ အရင်းရှင် ဒီမိုကရေစီသမား သက်သက်မျက်စိနဲ့ ကြည့်ပြော၇င်တော့ ဒါမမှန်ဘူးလို့ ပြောရမှာဘဲ။ ဒါပေမယ့် ကမ္ဘာအရပ်ရပ်မှာရှိတဲ့ နိုင်ငံအသီးသီး ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတွေကို အတွင်းကျကျ လေ့လာရင် စီးပွားရေးသဘောတရားတွေ မူတည်ပြီး လုပ်ကြတယ်ဆိုတာ တွေ့ရလိမ့်မယ်။ အရင်းရှင် ဒီမိုကရေစီ သမားတွေအဖို့ဆိုရင် အရင်းရှင်စနစ်သာလျင် စီးပွားရေးစနစ်မှန်ဖြစ်တယ်။ ဒီစံနစ်သာလျင် တည်တံ့ရမယ်။ အဲဒီစံနစ်ဟာ အမြဲတမ်း တည်တံ့သလိုလို ယူဆပြီး အလုပ်လုပ်ကြတယ်။ အမှန်တော့ နိုင်ငံရေး ၊ စီးပွားရေးစံနစ်မှာမှ အမြဲတည်တံ့တာ မရှိဘူး။ သူ့အချိန် သူ့အခြေအနေအလိုက် ဖြစ်လာကြတာပါဘဲ။

ဒီတော့ ကျွန်တော်တို့ ဗမာပြည်အဖို့မှာ အရင်းရှင်စံနစ်ထက်တောင် အောက်ကျနောက်ကျ ဖြစ်နေတဲ့ ကျွန်ဘ၀က လှမ်းတက်ရမယ်ဆိုတော့ အလယ်အလတ်အဆင့်မှာရှိတဲ့ ဒီအရင်းရှင်စံနစ်ကို ကျော်မသွားနိုင်သေးပေမယ့် အဲဒီစံနစ်တင်သာ မလုပ်နိုင်တဲ့ ဒီစံနစ်ကို အမြန်ဆုံးကျော်လွှားနိုင်မယ့် သဘောတရားတွေကို အခြေခံထားပြီး တိုင်းပြည်တည်မှသာလျင် တကယ့်ဒီမိုကရေစီစံနစ်ကို အရောက်သွားနိုင်ပါလိမ့်မယ်။

တကယ့်ဒီမိုကရေစီအစစ်ဆိုတာ နိုင်ငံရေးသဘောတ၇ားအရ ပြည်သူတွေရဲ့အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်း စီးပွားရေးအဆင့်အတန်းကို အခွင့်အရေးတန်းတူရနိုင်တဲ့ အခြေအနေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးနိုင်မှ တကယ့်ဒီမိုကရေစီအထိ တက်လှမ်းနိုင်မယ်။ ဒါဖြင့် အဲဒီလို ဒီမိုကရေစီ အဆင့်အတန်း ရောက်အောင် ဘယ်လိုအခြေခံတွေချရမလည်း။

ဒီမိုကရေစီအခြေခံများ

၁။ အရေးကြီးတဲ့ စက်မှု လက်မှု ပစ္စည်းလုပ်ငန်းတွေကို အစိုးရသိမ်းနိုင်ရမယ်။ သို့မဟုတ် သိမ်းနိုင်အောင် အခြေခံပျိုးထားရမယ်။

၂။ အလုပ်သမားတွေရဲ့ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ ကျန်းမာရေး ၊ စည်းရုံးရေး ၊ အိုနာစာ အရေးအစရှိသဖြင့် အခွင့်အရေးတွေရှိရမယ်။

၃။ လယ်လုပ်တဲ့လူတွေရဲ့ လက်ထဲ လယ်ရောက်အောင် စီစဉ်နိုင်ရမယ်။ လယ်အမြောက်အမားကို တသီးပုဂ္ဂလပိုင်ဆိုင်တဲ့ စံနစ်ကိုပယ်ဖျယ်နိုင်ရမယ်။

၎။ လူမျိုးအသီးသီးဟာလည်း သူတို့ရထိုက်တဲ့ အခွင့်အရေးတွေရအောင် စီစဉ်ထားရမယ်။

၅။ တိုင်းသူ ပြည်သားတွေသာလျင် အာဏာပိုင်အစစ်ဖြစ်တယ်ဆိုတဲ့ သဘောတရားကို ခိုင်ခိုင်မာမာဖြစ်အောင် စီစဉ်တတ်ရမယ်။

၆။ လူမျိုးဘာသာ လိင်မရွေးတိုင်းပြည်ကြီးသားတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေပါရမယ်။

၇။ တိုင်းပြည်ကာကွယ်ရေးဟာ ပြည်သူ့အစိုးရတာဝန်ဖြစ်တယ်။ အခု ကျွန်ဘ၀မှာလို ရှေးကလို အပျော်တမ်း ရဲအဖွဲ့အစရှိတဲ့ အခုပြည်သူ့ရဲဘော်တပ်ဖွဲ့ဆိုတဲ့ အဖွဲ့မျိုးတွေကို တသီးတခြား တည်ထောင်ရတဲ့ အခြေအနေမျိုး မရှိစေရဘူး။

၈။ တိုင်းပြည် ဥပဒေတရားရုံးစံနစ်ဟာလည်း ပြည်သူတွေရဲ့ အကျိုးရှေ့ရှုမယ့် ပြည်သူ့တရားရုံးစံနစ်မျိုး ဖြစ်ရမယ်။

အဲဒီအချက်တွေပါမှသာလျင် တကယ့်ဒီမိုကရေစီ အခြေခံတွေချရာ ရောက်မယ်။ ဒါမှသာလျင် သူ့အချိန်အခါရောက်တဲ့အခါ ဒီမိုကရေစီဆိုတဲ့ အဆောက်အအုံကြီးကို မားမားမတ်မတ် တည်ဆောက်နိုင်မယ်။

ဗိုလ်ချုပ်က ခေတ်မှီတရားမျှတတဲ့ အတွေးအခေါ်လမ်းစဉ်များကို ချမှတ်ခဲ့ပါတယ်။ ဗီုလ်ချုပ်ဖြစ်စေချင်တဲ့ လမ်းစဉ်တွေကို ကမောက်ကမဖြစ်အောင် ပထမဆုံးလုပ်လိုက်တာက ဦးနေ၀င်း။ အခုလက်ရှိမှာတော့ ဦးသန်းရွှေတို့ပေါ့။ လွတ်လပ်ရေးနေ့ဆိုတာ အခု ဇန်န၀ါရီလ ၄ရက်နေ့။ လွတ်လပ်ခြင်းရဲ့ အရသာ ၊ တန်းတူ အခွင့်ရေးရဲ့အရသာ ကျမတို့ ဘယ်မှာများ ခံစားခွင့်ရှိကြလို့လည်း။ လွတ်လပ်ရေးနေ့မှာ ဗိုလ်ချုပ်ပြောခဲ့တဲ့ လမ်းစဉ်တွေကို အားလုံး ပိုမိုသတိရလာအောင် တင်ပေးလိုက်တဲ့စေတနာတွေ အကျိုးပိုထွန်းပါစေလို့ ဆုတောင်းပြုအပ်ပါတယ်။

Read More...

Wednesday, January 03, 2007

နှစ်သစ်မှသည်တိုက်ပွဲဆီသို့…….




နေပူရှိန်က တစ်နိုင်ငံလုံးကို ပြင်းပျစွာပူလောင်နေသည်။ ရင်ထဲမှာ တစိမ့်စိမ့်ဖြင့် မနက်ဖြန်ဆိုသောအရာကို စဉ်းစားနေမိတာ နာကျင်စွာသက်ပြင်းတစ်ချက် သံရှည်တစ်ခုဖြင့်အဆုံးသတ်သွားသည်။
မနက်ဖြန်ဆိုတာ လွတ်လပ်ရေးနေ့တဲ့လား။ ဘာကိုလွတ်လပ်တာပါလိမ့်။ မရှင်းလို့မေးရင် ဘယ်သူကများ ဖြေကြားပေးမှာပါလိမ့်။
လွတ်လပ်ရေးနေ့ဆိုသော နေ့ရက်တစ်ခုအောက်မှာ အားလုံးက မတရားမှုနဲ့ ဖိနှိပ်ချုပ်ချယ်ခြင်း ခံနေတာတွေကို ဘယ်လိုများရှေ့ဆက်ရမှာပါလိမ့်။
အာဏာရှင်လှည့်ကွက်များကြား ဒီမိုကရေစီလိုချင်သူများ မျက်လှည့်ခံရသလို မပါသွားအောင် ဘယ်သူတွေကများ ဦးဆောင်မှာပါလည်း။
ဆေးဝါးကုသမှုခံယူနေရသော မကောင်းဆိုးဝါးသက်တမ်းကရော ဘယ်လောက်ထိရှည်နေအုန်းမှာလည်း။
အချိန်ရထားဘူတာကြီးက လူတွေသက်တမ်းကို ၀ါးမြိုနေသလို တို့တွေလုပ်ဆောင်ရမယ့် အနာဂတ် ခရီးလမ်းမှာရော အန္တရာယ်အသွယ်သွယ်တွေ ဘယ်လိုများလာအုန်းမှာပါလိမ့်။
နှစ်သစ်လေးတစ်ခုက ရင်ထဲကို ဖြတ်သန်းသွားချိန်မှာ လူတွေစိတ်ကူးအသစ်တွေ ၊ အကြံအသစ်တွေနဲ့ အာဏာရှင်ကို ရအောင်တွန်းလှန်ဖို့ ရင်ထဲမှာကိန်းအောင်းကြရပေမည်။
နှစ်သစ်မှသည်တိုက်ပွဲဆီသို့…….
တနှစ်ပြီးတနှစ်
ဒီနှစ်သစ်မှာ
ဆုတောင်းအဟောင်းတွေ
မတောင်းချင်တော့ဘူး။
တနှစ်ပြီးတနှစ်
ဒီနှစ်သစ်မှာ
စိတ်ကူးတွေတောင်
မယဉ်ချင်တော့ဘူး။
တနှစ်ပြီးတနှစ်
ဒီနှစ်သစ်မှာ
အိပ်မက်ရှည်အောင်
မမက်ချင်တော့ဘူး။
စိတ်သစ်လူသစ်
ဒီနှစ်သစ်မှာ
အတွေးအခေါ်သစ်
အကြံသစ်နှင့်
တိုက်ပွဲအသစ်တွေ ဖွင့်ချင်ပါတယ်
အစလည်းကောင်းနောင်လည်းကောင်း
အကျွန့်ဆုတောင်းပြည့်စေကြောင်း။
(၂၀၀၇ နှစ်သစ်မှာတိုက်ပွဲအသစ်တို့ဖွင့်နိုင်ပါစေ)
ရန်နိုင်ထွန်း
လွတ်မြောက်နယ်မြေ၊ကိုရီးယား။



Read More...