Sunday, December 23, 2007

ဒုစရိုက်မှုများ


“တံခါးကိုသေချာလုံအောင်ပိတ်နော် ၊ အပြင်တံခါးရော အတွင်းတံခါးရော သေချာပိတ်ထား ၊ တံခါးလာခေါက်ရင် ဘယ်သူလည်းဆိုတာ တံခါးပေါက်ကနေ ချောင်းကြည့်ပြီးမှ ကိုယ်နဲ့သိတဲ့လူဆိုမှ ဖွင့်ပေး”

ထိုစကားများကို ကျွန်မ ၂၀၀၄ခုနှစ် မြန်မာပြည်ရှိ ရန်ကုန်မြို့တော်ကြီးမှ နေထိုင်ခဲ့စဉ်က မိဘဆွေမျိုးများ အထပ်ထပ်မှာလေ့ရှိသော စကားဖြစ်သည်။ ၂၀၀၄ခုနှစ်နှင့် ၂၀၀၇ခုနှစ်က အခြေအနေများ လွန်စွာ ကွာခြားနေပါပြီ။ ၂၀၀၄ခုနှစ်က မုန့်ဟင်းခါးတစ်ပွဲကို မြို့ကြီးထဲမှစားမှ၁၁၀လောက်ပေးရသောအချိန် .. ။ ထိုကုန်ဈေးနှုန်းလောက်နှင့်ပင် မရပ်တည်နိုင်မှုတွေ များစွာဖြစ်ထွန်းနေတာကြောင့် ရန်ကုန်မြို့လယ်ခေါင်ကြီးမှာ `ဒုစရိုက်မှု´တွေ အများကြီးဖြစ်ထွန်းခဲ့ပါတယ်။ ဈေးမှပြန်လာသော သက်ကြီးရွယ်အိုတစ်ယောက် အိမ်တံခါးကိုဖွင့်နေချိန် အနောက်မှ ဓါးဖြင့်ထောက်ပြီး အိမ်ထဲသို့လိုက်လာကာ ရှိသမျှယူသွားသော အမှုများ ၊ လမ်းမှာ ပိုက်ဆံအိတ်ကိုလုပြေးမှုများ ၊ ရိုက်မှုများအစရှိတာတွေက မကြာခဏကြားရလေ့ရှိသော သိပ်မဆန်းသောအမှုများသာ .. ။

ဒုစရိုက်မှုတွေဘာကြောင့်ဖြစ်လာတာလဲ စဉ်းစားကြည့်ရင် အချက်အလက်အချို့သာရှိသည်။
၁) စားဝတ်နေရေးအဆင်မပြေမှုများ
၂) လုံလောက်သော အလုပ်မရှိခြင်းများ ၊
၃) စီးပွားရေးပိုမိုကျပ်တည်းမှုများ

လူတိုင်းက သာမန်အခြေအနေလောက် အနည်းဆုံးရပ်တည်နိုင်မယ်ဆိုရင် ဒုစရိုက်မှုတွေက အများကြီးပပျောက်သွားမှာပါ။ စီးပွားရေးအရမ်းကျပ်တည်းမှုကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေက အများကြီးပါ။ လူတွေရဲ့ အကျင့်စာရိတ္တတွေကအစ အများကြီးပျက်စီးဆုံးရှုံးရပါတယ် .. ။ ယဉ်ကျေးမှုနဲ့ ကိုယ်ကျင့်တရားထက် ၀မ်းရေးဆိုတာက ပိုအရေးကြီးနေတော့ ဒုစရိုက်မှုတွေအတွက် လက်ရဲလာကြပါတယ် .. ။ ရန်ကုန်မြို့ကြီးမှာ ဘယ်အရာမှ လုံခြုံစိတ်ချချင်း မရှိတော့တာ ဒီပြဿနာတွေအားလုံးရဲ့ဇစ်မြစ်က အုပ်ချုပ်ပုံစနစ်ကြောင့်ပါပဲ .. ။

မြန်မာလူမျိုးတွေကို အခြားနိုင်ငံတွေက ၀င်ခွင့်တွေပေးကြတယ် ၊ အချို့နိုင်ငံတွေမှာဆို တတိယနိုင်ငံကို လျှောက်ခွင့် refugee လုပ်ခွင့်တွေနဲ့ ကူညီထားကြပါတယ်။ ဒါက ကူညီခြင်းတစ်မျိုးမို့ ကျေးဇူးတင်ထိုက်ပါတယ်။ ဒါပေမယ့် ပြဿနတစ်ခုဆိုတာ အစကနေ ရှာပြီးမရှင်းသရွေ့ မပြီးဆုံးနိုင်ပါဘူး .. ။ မြန်မာတစ်နိုင်ငံလုံးကို အပြင်ကနေ refugee အဖြစ်ပေးတာရယ် ၊ တတ်နိုင်သလောက် လှူတာလေးရယ်နဲ့ အားလုံးကို မကူညီနိုင်ပါဘူး .. ။ လက်လှမ်းမှီရာလောက်ပဲ နိုင်သလောက် ကူညီနိုင်ကြမှာပါ .. ။ အားလုံးကိုကူညီနိုင်ဖို့ဆိုတာ အာဏာရှင်စနစ်ပပျောက်သွားမှပဲ ဖြစ်နိုင်မှာပါ။

ကျွန်မကပဲ ဥာဏ်မမှီတာလား ၊ စဉ်းစားပုံနည်းနေတာလား မပြောတတ်ဘူး .. ။ အထူးသဖြင့် အာဆီယံနဲ့ပတ်သတ်ပြီးပေါ့ .. ။ မြန်မာပြည်အာဏာရှင်ကို မလှိမ့်တပတ်နဲ့ သူတို့ထောက်ခံနေတာ ဘာအတွက်လဲ ။ ကျွန်မတို့နိုင်ငံမှာ သူတို့လုပ်နေတဲ့ စီးပွားရေးအချို့ကြောင့်လား ၊ သက်သက်သာသာ ရနေတဲ့ သယံဇာတတွေကြောင့်လား .. ။ တကယ်လို့ စီးပွားရေးအရဆိုရင် မြန်မာပြည်တိုးတက်သွားရင် သူတို့အတွက် လမ်းပေါက်တွေ ပိုရလာမှာပေါ့ .. ။ အချင်းချင်း ပိုမိုတိုးတက်သွားရင် ရင်းနှီးမြုပ်နှံမှုတွေပိုမိုအားကောင်းလာမှာပါ .. ။ ဒါမှမဟုတ် လူ့အခွင့်အရေးနဲ့လွတ်လပ်မှုကို အပြည့်အ၀မပေးနိုင်သေးတဲ့ အာဆီယံနိုင်ငံတွေရဲ့ ပညာတတ်အာဏာရှင်တွေက မြန်မာပြည် လမ်းမှန်ပေါ်ရောက်သွားရင် သူတို့သိက္ခာကျမှာစိုးရိမ်လို့လား ... ။ ဒါတွေက ကျွန်မတွေးမိတာလေးတာပါ .. ။

အခုအချိန်လောက်ဆိုရင် ရန်ကုန်မြို့တော်ကြီးမှာ ဘယ်လိုဒုစရိုက်မှုတွေ များပြားပေါ်ပေါက်နေပြီလဲ ကျွန်မသေချာမသိပါဘူး .. ။ ဒါပေမယ့် ဒုစရိုက်မှုနည်းနေလိမ့်မယ်လို့လည်း သိပ်တော့ မထင်မိပါဘူး .. ။ စီးပွားရေးတွေ အဆင်မပြေမှုကနေ ပိုမိုအဆင်မပြေမှုတွေဖြစ်လာရင် မြန်မာပြည်လမ်းမှန်ပေါ်မရောက်ခင် ကြားကာလမှာ မြန်မာပြည်သူလူထု ၊ နအဖစစ်သားတွေနဲ့ အာဏာရှင်ဗိုလ်ချုပ်တွေ ဘယ်လိုတွေ ဖြစ်လာမှာလဲ ကျွန်မရင်လေးနေမိပါတယ်။

2 comments:

Anonymous said...

Myanmar is the big fresh fish for ASEAN,China and some other countries.....they care their benefits first........Ok , when we become independent...they will become our enemies....we hate them...
DO NOT HELP? NEVERMIND...
DO NOT KILL A NATION.

Anonymous said...

Myanmar is the big fresh fish for ASEAN,China and some other countries.....they care their benefits first........Ok , when we become independent...they will become our enemies....we hate them...
DO NOT HELP? NEVERMIND...
DO NOT KILL A NATION

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။