Saturday, June 22, 2013

မြင့်မြတ်သော သာသနာ … တိုးတက်ရန် အရှိန်ယူဆဲ မြန်မာပြည်


ဘုန်းဘုန်း ဦးဝီရသူ အတွေးအခေါ်တွေကို သဘောမတူပေမယ့် Time မဂ္ဂဇင်းမှာ ဒီလိုမျက်နှာဖုံးကြီးနဲ့ အကြမ်းဖက်သမားယောင်ယောင် ၊ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံကပဲ အကြမ်းဖက်နေသလိုလို ပါလာတော့ ကိုယ် ယုံကြည်မြတ်နိုးလေးစားလိုက်နာတဲ့ ဗုဒ္ဓဘာသာအတွက်ရော ၊ နိုင်ငံအတွက်ရော စိတ်မကောင်းဖြစ်မိသွားတာတော့ အမှန်ပါ ... ။ Time Magazine ရဲ့ ဗုဒ္ဓဘာသာအပေါ် ရေးသားဖော်ပြချက်ကိုလည်း လက်မခံနိုင်ပါ .. ။ ဆရာတော် ဦးဝီရသူ သာသနာအပေါ် ချစ်ခင်ကာကွယ်ချင်စိတ် “ရည်မှန်းချက်”ကို လက်ခံပါတယ် . ။ “နည်းလမ်း”တွေကိုသာ သဘောမတူတာပါ .. ။ ဦးဝီသူရအတွေးအခေါ်ကို သဘောတူသူ ၊ သဘောမတူသူ ကွဲပြားတာဟာ ကိုယ်ပိုင်အခွင့်အရေး ဖြစ်ပါတယ်။ ဒါဟာ မမှားပါဘူး .. ။ ကျေးဇူးပြုပြီး မည်သည့်ဘုန်းဘုန်းကိုမှ ရိုင်းပျစွာ မပြောဆိုပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ် . ။

ကျွန်မအမြင်မှာ ဘာသာရေးနဲ့ ပတ်သတ်ပြီး ၂မျိုးကွဲနေတယ်လို့ မြင်မိတယ် . ။ တစ်အုပ်စုက ဘာမှထွေထွေထူးထူး သိပ်မစဉ်းစားဘဲ မိမိဘာသာအတွက် အစွမ်းကုန် ကာကွယ်သော “အစွန်းရောက် ချစ်တတ်သူများ”အုပ်စု .. ။ သူတို့ကို သဘောမကျပေမယ့် အကြမ်းဖက်သမားလို့ မသုံးစွဲရက်ပါ .. ။ နောက်တစ်အုပ်စုက အေးအေးချမ်းချမ်းနဲ့ပဲ ကိုယ်ယုံကြည်ရာကိုးကွယ်ချင်သူတွေပါ .. ။ ကိုယ်ပိုင်အတွေးအရ ၊ မျိုးစောင့်ဥပဒေ အချက်တွေကို သဘောတူလားလို့ မေးရင် ကျွန်မ သဘောမတူပါဘူးလို့ ဖြေရမှာပါ .. ။ အကြောင်းပြချက်က 

- တည်ထောင်ကာစ မြန်မာနိုင်ငံမှာ ဆူပူလွယ်သော ဘာသာရေးပြဿနာ ဖြေရှင်းဖို့ ဥပဒေကောင်းတွေ သိပ်မရှိပါဘူး .. ။ လွတ်လပ်စွာ ထင်ရာမြင်ရာ ပြောဆိုရေးသားနေကြတာတွေက အထိမ်းအကွပ်မဲ့နေချိန် နိုင်ငံတည်ငြိမ်ရေးကို ထိခိုက်နိုင်ပါတယ် .. ။ 

 - ဗုဒ္ဓဘာသာဟာ ကျင့်ကြံအားထုတ်ရသော ၊ သံသရာလွတ်မြောက်ရာ တရားဓမ္မပါ .. ။ ဘယ်သူ့ကိုမှ ချုယ်ချယ်ကန့်သတ်ထားခြင်း မရှိသလို အမိန့်အာဏာတွေနဲ့ ဖိနှိပ်ထားခြင်းလည်း မရှိပါဘူး .. ။ ဗုဒ္ဓ မသတ်မှတ်ထားတာတွေ ကျွန်မတို့ သာမန်လူတွေက စည်းမျဉ်းတွေဆွဲ သတ်မှတ်လိုက်ရင် ကျွန်မတို့ရဲ့ အေးချမ်းသော ဗုဒ္ဓသာသနာဟာ အာဏာဆန်သွားမှာပေါ့ .. ။

 ဒီလို ဆန့်ကျင်သော စကားတွေပြောနေပြီး မိမိသာသနာကို ကာကွယ်ရန် ဘာမှမပြောတော့ဘူးလားလို့ မေးလာခဲ့ရင် ကျွန်မရဲ့ အတွေးက သာမန်ခပ်ရိုးရိုးလေးပါပဲ .. ။ သာသနာအဓွန့်ရှည်ဖို့ ကျွန်မတို့ရဲ မြန်မာကလေးတွေကို ငယ်စဉ်ဘ၀ကတည်းက ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေကို သင်ကြားပြောဆိုပေးရမှာပါ .. ။ ရုပ်ထုရှေ့ ဒူးတုပ်ထိုင်ပြီး ဆိုချင်ရာဆိုနေတယ်လို့ ထင်နေသူတွေ … မှန်ကန်သော သစ္စာတရားကို နားလည်သဘောပေါက်အောင် လုပ်ဖို့က တရားပြသူ ၊ သင်ကြားပေးသူတွေမှာ တာဝန်အပြည့်ရှိပါတယ်။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေကို နည်းနည်းလေ့ကျင့်ရင် များများစိတ်ချမ်းသာရတာကြောင့် ဗုဒ္ဓဘာသာကို အမှန်စင်စစ်လေ့လာသူတွေဟာ ဘယ်လိုအကြောင်းမျိုးကြောင့်မှ ပြောင်းလဲသွားမယ်လို့ ကျွန်မ မထင်ပါဘူး။ 

 လောကီလူသားတစ်ယောက်အနေနဲ့ သုံးသပ်မြင်ရရင် …. ချုပ်ချယ်တားဆီးထားခြင်း မရှိသော ဗုဒ္ဓဘာသာဟာ ၊ စည်းမျဉ်းတွေနဲ့ တုပ်နှောင်ထားသော ဘာသာတရားနှင့် ယှဉ်ရင်တော့ “ကိုးကွယ်သူ အရေအတွက်”မှာ အားနည်းချက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း ဘုန်းဘုန်းတွေဘက်က စိုးရိမ်စိတ်တွေနဲ့ ကြံဆောင်လာကြတာလို့ နားလည်မှုပေးလိုက်ပါတယ် .. ။ ဒါပေမယ့် ကျွန်မတစ်ယောက်တည်း ပုဂ္ဂိုလ်ရေးခံစားချက်အရ စိုးရိမ်မှု မရှိပါ .. ။ မှန်ကန်သောသစ္စာတရားဟာ ဖန်တီးမှုမှ မဟုတ်တာ … ။ လူတွေဘယ်လိုကြံကြံ ၊ ဘယ်လိုလုပ်လုပ် “နည်းလမ်းကျသော ၊ လက်တွေ့ကျသော ၊ မပြောင်းလဲ မဖောက်ပြန်သော အမှန်တရား”ဆိုတာ အမြဲထာဝစဉ် ထွန်းလင်းနေမှာပါ .. ။ 

 အဆုံးသတ်အတွေးလေးက … ဒဏ်ရာတွေဗလပွနဲ့ အမိမြေ ရှင်သန်လာအောင် ကြိုးပမ်းနေကြချိန်မှာ တစ်ချိန်က စစ်အာဏာရှင်ကို ကျွန်မတို့ ဘာသာမတူ ၊ မွေးဖွားရာမတူသူတွေအားလုံး လက်တွဲရင်ဆိုင် တော်လှန်ခဲ့ကြတာတွေကို ပြန်လည်အမှတ်ရစေလိုပါတယ် ။ ကျွန်မတို့ရှေ့မှာ “တိုးတက်ဖွံ့ဖြိုးသော အမိမြေ ပုံရိပ်” စောင့်ကြိုနေပါတယ်။ ဒီပုံရိပ်ကို အားလုံးလည်း မြင်တွေ့နေကြပါတယ် .. ။ ဆူးတွေနင်းထားတဲ့ ဒီလမ်းမကြီးကို ဖြတ်သန်းပြီး အသက်သွေးတွေလည်း အများကြီး ပေးဆပ်ခဲ့ပြီးပါပြီ .. ။ ကဲ .. ဘာသာရေးယုံကြည်မှုတွေ မတူညီပေမယ့် နိုင်ငံအပေါ်ထားတဲ့ တူညီသော ချစ်စိတ်တွေနဲ့ ကျွန်မတို့အားလုံး အချင်းချင်း လေးလေးစားစား ဆက်ဆံရင်း ဆက်လျှောက်လှမ်းကြပါစို့ … ။ 

ချစ်ခင်လေးစားစွာဖြင့်
 လင်းလက်ကြယ်စင် (ဂျူးဂျူး)

Read More...