Thursday, February 28, 2008

ကြောက်စရာရောဂါ ကုစားပါ(ရွှေဆည်းဆာ)



ကြောက်စရာရောဂါ ကုစားပါ။



အော် သနားစရာ၊ ကင်ဆာ တဲ့လား

ကိုရီးယားဇာတ်ကား၊ သရုပ်ဆောင်များ

အသဲကင်ဆာ ၊ သွေးကင်ဆာ

အစာအိမ်ကင်ဆာ၊ ဘာညာဘာညာ

သာရကာ ၊ သိပ်ကို သနားတတ်တာ

မြန်မာပြည်က ပရိတ်သတ်ပါ။



အော် မေ့ထားတာက၊ စက်တင်ဘာလ

သံဃာ့အရေးအခင်း၊ဖြစ်ပျက်သမျှ

ရိုက်နှက်ခံကြရ ဖမ်းဆီးခံကြရ

မျက်ရည်ယိုဗုံးနဲ့ဖြိုခွင်းခံကြရ

ဘ၀တွေပေးခဲ့ရ၊ အသက်တွေစွန့် ခဲ့ရ

ဘာမှမကြာသေးတဲ့ ငါး လ သာသာ

ရှိခဲ့တာ သတိရကြစေချင်သည်။


ကိုယ့်ပြည်ကိုယ့်အရေး၊ အရေးမထားကြ

ချိုဝမ် ဂျူမုံ သူတို့ပုံတွေ လူတကာ စိတ်ထဲ စွဲ စွဲ ကာလေ

အိုပါး အိုမူးနီး အနီကာစေရော

ခမိုးအို ဗီယားနာ

သူတို့ စကား သူတို့ ဖက်ရှင်

သူတို့ယဉ်ကျေးမှု ရွှေမြန်မာတွေ

အတုယူနေ။


ညချမ်းချိန်ခါ တရားနာ

ကိုရီးယား ယဉ်ကျေးမှုပါ။

အော် သနားစရာ၊ ကိုရီးယား ကင်ဆာ

မြန်မာ့လူနေမှုထဲ စွဲလမ်းနေတာ၊

သတိပြုကြပါ။


ကိုယ့်တိုင်းပြည်အရေး ကိုယ်တွေးကြပါ၊

ကိုယ့်တာဝန်ကျေရေး သတိပေးချင်တာ။

လာပြန်ချေသေး၊ ဆန္ဒမဲပေးရေး

ငါ့လှေ ငါထိုး ပဲခူး ရောက် ရောက် ငါ့ ဖဲ ငါ ချိုး၊ ငါ့ ဖဲ ငါ ဝေ

ငါ ဘဲအနိုင် ရိုက် ၊ဘယ်သူ့ ဂရုစိုက်ရမလဲ။

ငါ့ကို ဘယ်သူ ဆန့်ကျင်ရဲသလဲ။

လူမိုက် စကားလုံး လှိုင်လှိုင် သုံးလျှက်

ပြည်သူ့အတွက် တစက်မျှ စေတနာ မပါဘူး။

န အ ဖ နဲ့ လက်ပါးစေတသိုက်

အမိုက်မှောင်တွင်း ဇွတ်နင်းကာချေ

ပြည်သူ့ဆန္ဒ၊ ပြည်သူ့ အသံတွေ။


ထလော့ မြန်မာ ရွှေမြန်မာတို့

သေချာတွေးပါ

ကိုရီးယား ကင်ဆာ

န အ ဖ ကင်ဆာ

ဘယ်ဟာက ကြောက်စရာ

ပိုကောင်းသလဲ ဆိုတာ။


ရွှေဆည်းဆာ

Read More...

Tuesday, February 26, 2008

သန်းခေါင်ယံည၏စိတ်တစ္ဆေ


နာရီလက်တံလေးများရွေ့လျားသံကလွဲ အပ်ကျသံပင်မကြားရသော တိတ်ဆိတ်လှသော ညခင်းတစ်ခု .. ။

စိတ်ဝင်စားသော စာအုပ်တစ်အုပ်ကို ကွန်ပြူတာရှေ့မှာ ကျွန်မထိုင်ဖတ်နေရင်း နာရီကိုလှမ်းကြည့်လိုက်တော့ အတော်ပင်ညဥ့်နက်နေခဲ့ပြီ .. ။ ယခုရက်ပိုင်း အိမ်ပြောင်းနေရသော ကျွန်မနှင့်ကျွန်မမိဘများ အလွန်ပင်ပန်းနေတာကြောင့် မိဘများကတော့ ပြောင်းရမည့်အိမ်အသစ်မှာ နှစ်ခြိုက်စွာအိပ်ပျော်နေပေပြီ .. ။ ညီမလေးနှင့်ကျွန်မသာလျင် အိမ်ဟောင်းမှာ မပြီးစီးနိုင်သေးသော လက်ကျန်ပစ္စည်းများကိုသိမ်းဆည်းရင်း မိမိအခန်းလေးတွင် သံယောဇဉ်မပြတ်စွာ ဆက်လက်အိပ်နေမြဲ .. ။ ခြေလက်ဆေး ၊ မျက်နှာသစ် ၊ သွားတိုက်အားလုံးပြီးစီးခဲ့ပြီမို့ အိပ်ရန်ကြံစည်လိုက်ကာမှ မိုးခြိမ်းသံအချို့နှင့်အတူ တစ်ဆက်တည်းရွာချလာသော မိုးစက်မိုးပေါက်များကြောင့် အခန်းထဲမှ ကပျာကယာထွက်ရင်း မီးဖိုချောင်နှင့် အခြားအခန်းများအားလုံးမှ ပြတင်းပေါက်များကို လိုက်ပိတ်လိုက်သည် .. ။ အနည်းငယ်ပြန့်ကျဲနေသော ပစ္စည်းအချို့ကို လက်ဖြင့်ကောက်သိမ်းနေစဉ် လျှပ်သံဝင်းဝင်းများကြောင့် ကျွန်မကျောထဲ စိမ့်ခနဲဖြစ်ရင်း ရင်ထဲမှအနည်းငယ်တုန်ယင်လာမိသည်။


တဆက်တည်း တိုက်ခတ်လာသော လေခပ်ကြမ်းကြမ်းကြောင့် ဆံပင်ရှည်များ ဖြာခနဲလွင့်ထွက်သွားချိန်မှာ ကျွန်မအတွေးထဲ ၀ိုးတားဝါးတားအရိပ်တွေ ထင်ဟပ်လာနေသည် .. ။ မည်သည့်အရာကို ကြောက်လန့်မှန်းမသိ .. ရင်ထဲမှ စိမ့်နေချိန်မှာ ရေချိုးခန်းတံခါးပေါက်ကို မပိတ်ရသေးမှန်း သတိရမိသည် .. ။ တစ်အိမ်လုံးမီးများကို ဖွင့်လိုက်ပြီး ရေချိုးခန်းထဲ ခပ်သွက်သွက်ပြေးဝင်ကာ တံခါးပိတ်များကို အလျင်အမြန်ပိတ်ရင်း နံရံမှ မှန်ကို မကြည့်ရဲစွာ ရင်ထဲမှာ လှပ်လှပ်ခါတုန်နေမိသည် .. ။ မိုးခြိမ်းသံများ ၊ လျှပ်စီးလက်ခြင်းများက ကျွန်မ၏ခြေလှမ်းများကို တုံ့နှောင်ထားသလို ကျွန်မမျက်လုံးထဲ ကြည့်ခဲ့ဖူးသော ရုပ်ရှင်များထဲမှ ပုံရိပ်များကို တိုက်ဆိုင်စွာ မြင်နေမိသည် .. ။ ကြောက်လန့်စရာဇတ်ကားများကို ကျွန်မ မကြည့်ဘဲ နေသည်မှာ အတော်ပင်ကြာမြင့်ခဲ့ပြီ .. ။ ရံဖန်ရံခါ တိတ်ဆိတ်မှုညတွေမှာ တစ်မျိုး ဖြစ်သည်ကလွဲ တစ်ယောက်တည်း နေသားကျချိန်မှ ကြောက်ရွံ့မှုစိတ်က တဖန်ပြန်လည်နိုးထလာနေသည် .. ။

တိတ်ဆိတ်လှပအသက်ဝင်သော ညခင်းကို ကျွန်မ ချစ်သည် .. ။ တစ်ယောက်တည်းနေချင်သော ကျွန်မအတွက် ညခင်း၏လေပြေနုနုလေးများ ၊ ညမွှေးရနံ့လေးများ ၊ တိတ်ဆိတ်အေးချမ်းမှုများက ကျွန်မနှလုံးသားကို အလွန်အမင်းစွဲဆောင်မှုဖြစ်စေသည်။ ကျွန်မချစ်သော ညခင်း၏အသက်ဝင်လှပမှုကြားထဲမှာ ရံဖန်ရံခါ လာနှောင့်ယှက်တတ်သည်မှာ Horror ကားများ ကြည့်ပြီး တစ်ခါတစ်ရံ စိတ်ကြောက်ရွံ့မှုများခံစားရခြင်း ဖြစ်သည် .. ။ ထိုအကျင့်ကပဲ ကျွန်မကို ရံဖန်ရံခါ မနေတတ်အောင် ဒုက္ခပေးလေ့ရှိသည်။ ထိုအကျင့်ကို ကြိုးစားဖျောက်ပြီး ထိတ်လန့်စရာဇတ်ကားများကို ကျွန်မ မကြည့်တော့သည်မှာ အလွန်ပင်ကြာမြင့်ခဲ့ပြီ .. ။ စိတ်ကူးထဲမှ ရုတ်တရက်မြင်ယောင်လာသော ပုံရိပ်များကို ကြိုးစားဖျောက်ရင်း ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းကာ ကျွန်မအခန်းထဲသို့ မပြေးရုံတမယ်ပြန်ဝင်လာပြီး အခန်းတံခါးကိုပိတ်ထားလိုက်သည် ... ။ အပြင်ဘက်စီမှ မိုးခြိမ်းသံများ ၊ လျှပ်စီးဝင်းဝင်းများကတော့ ရန်သူကိုအငြိုးဖြင့် ဖြိုခွင်းနေသဟန် ပြင်းထန်စွာရွာသွန်းလျက်ရှိသည်။

အိမ်ကြီးတစ်ခုလုံးတွင် တစ်ဖက်ခန်းမှာတော့ ညီမလေးက နှစ်ခြိုက်စွာအိပ်ပျော်နေချိန် ကျွန်မတစ်ယောက်တည်း ကျွန်မအခန်းမှာ ရွာသွန်းနေသော မိုးစက်မိုးပေါက်များကို ချစ်မြတ်နိုးခြင်းထက် ကျယ်လောင်သော မိုးခြိမ်းသံများကို တွန့်ဆုတ်မိသည်။ ပစ္စည်းအနည်းငယ်နှင့် အထုပ်တစ်ချို့သာ ရှိတော့သော ကျွန်မကိုယ်ပိုင်အခန်းငယ်လေးထဲမှာ တစ်ယောက်တည်းထိုင်ရင်း ကျွန်မအိပ်ဖို့ အိပ်ယာ မပြင်ရသေးတာကို ရုတ်တရက်သတိရမိသည်။ ကုတင်များအားလုံး အိမ်အသစ်ဆီကို ရွှေ့ပြောင်းသွားသောကြောင့် ကျွန်မအတွက် အိပ်ယာသေးသေးလေးတစ်ခုသာ မိဘများအခန်းထဲမှာ ထားရစ်ခဲ့ပေးသည်။ အခန်းအပြင်သို့ထွက်ရင်း ဧည့်ခန်းမှ မီးများအားလုံးကိုဖွင့်လိုက်ကာ မီးဖိုချောင်ဘက်သို့ဆင်းရင်း မိဘများအခန်းဆီမှ ကျွန်မအတွက် အိပ်ယာလေးကို ကပျာကယာဆွဲမလိုက်သည်။ အိပ်ယာလိပ်ကို ကျွန်မအခန်းထောင့်မှာ ခဏချပြီးနောက် ကျယ်လောင်ပြင်းထန်သောမိုးခြိမ်းသံများကို ကြိုးစားလျစ်လျူရှုပြီး တစ်အိမ်လုံးမီးများကို လိုက်ပိတ်လိုက်သည်။

ကျွန်မအခန်းထောင့်တစ်နေရာမှာ အိပ်ယာခင်းကိုခင်းလိုက်ပြီး အိပ်ရန်ပြင်ဆင်ချိန်မှာ တိုက်ခတ်လာသော လေကြမ်းများ ၊ လျှပ်သံများကြောင့် ရင်ထဲတစ်မျိုးဖြစ်လာမိသည်။ မီးပိတ်အိပ်နေကျ ကျွန်မအကျင့်အတိုင်း ယခုညတော့ မီးပိတ်ရန် မတွေးဝံ့တော့။ စာကြည့်မီးချောင်းလေးကို ဖွင့်လိုက်ကာ ကျန်သောမီးများကိုပိတ်ပြီး အိပ်ယာဝင်ချိန်မှာ စိတ်၏တွေးတောမှုများက ဂယောက်ဂယက်ဖြစ်လာမိသည် .. ။ အပေါ်ထပ်အိမ်မှ ကြမ်းပြင်ပေါ် ခဲတံကျသံကပင် ကျွန်မစိတ်ကို စိုးထိတ်စေမိသည် .. ။ လက်ကိုင်ဖုန်းကို ဘေးနားဆွဲယူထားရင်း မျက်ဝန်းများကို ကြိုးစားမှိတ်လိုက်ချိန်မှာ ကြောက်ရွံ့နေသော စိတ်များကြားမှ ကြည့်ခဲ့ဖူးသော ထိတ်လန့်စရာပုံရိပ်များက ထင်ဟပ်လာပြန်သည် .. ။

စောင်ထူထူကို သေချာခြုံလိုက်ရင်း အတွေးထဲမှ ကြောက်ရွံ့မှုများ ၊ နားထဲမှာ ကြားသည်ဟုထင်ရသော အသံများ ၊ မြင်ယောင်နေမိသော ထိတ်လန့်စရာများအားလုံးက မိုးခြိမ်းသံများ ... လျှပ်စီးဝင်းဝင်းများနှင့်အတူ ရောထွေးကာ အနည်းငယ်လင်းနေသော မီးရောင်အောက်မှာ မျက်ခွံများလေးလံလာရင်း အရာအားလုံးကွယ်ပျောက်သွားခဲ့ပါသည် .. ။

Read More...

Calling Citizens around the World to Pressure the Government of China & to Boycott the 2008 Beijing Olympics


The 88 Generation Students
Yangon (Rangoon), Myanmar (Burma)
Statement 4/2008 (88)
Date: 25 February 2008

Calling Citizens around the World to Pressure the Government of China to Withdraw Its Unilateral Support for the Burmese Military Junta and to Boycott the 2008 Beijing Olympics

(1) Today, the 88 Generation Students, a coalition of leading former student activists who spearheaded the country's 1988 national uprising that nearly toppled decades of military rule, call for citizens around the world to pressure the Government of China to withdraw its unilateral support of the Burmese military junta and to boycott the 2008 Beijing Olympics in response to China's bankrolling of the military junta that rules our country of Burma with guns and threats.


(2) China is a major trade partner, major arms supplier and major defender of the junta in the international arena, especially in the United Nations Security Council. The military junta in Burma is still in power to this day, despite strong and continuous resistance by the people of Burma, because of China's support. China has provided billions of dollars in weapons, used its veto power at the UN Security Council to paralyze peaceful efforts at change, and unilaterally undermined diplomatic efforts to free the world's only imprisoned Nobel Peace Prize recipient Aung San Suu Kyi and all political prisoners.

(3) The 88 Generation Students has requested many times to the Chinese Government to play a constructive role in national reconciliation in Burma. We have also asked China to end its unilateral support for Burma's regime and instead facilitate a meaningful and time-bound dialogue between the military junta, Daw Aung San Suu Kyi and her party, the National League for Democracy, and ethnic representatives to achieve a mutually acceptable solution, by using its significant influence over the junta or by working together with other members of the UNSC. However, our constructive outreach to China has been met with silence and more weapons shipments. Therefore, now we call for action to respond to the irresponsible manner of the Chinese Government. While China plans to celebrate the Olympics on August 8, 2008, which is the 20th anniversary of the 1988 popular democracy uprising in our country; it is essentially enslaving the people of Burma

(4) We call for each and every citizen around the world not to watch the Olympics ceremonies on television and boycott this Genocide Olympics/Saffron Olympics. We urge people of conscience throughout the world – including the hundreds of thousands of Burmese in dozens of countries – to pledge to not watch or support in any way the Beijing Olympics.

(5) We also ask each and every citizen around the world to boycott any Olympics merchandise or products from China and its Olympics sponsors during the time of Beijing Olympics.

The 88 Generation Students

Read More...

Friday, February 22, 2008

လျှောက်


ဆရာနန္ဒာသိန်းဇံရဲ့ စာပေများကို နှစ်သက်မြတ်နိုးတဲ့ကျွန်မအတွက် ဆရာစာအုပ်တွေထဲက `လျှောက်´ဆိုသော အတွေးဆောင်းပါလေးတစ်ခုကို နှစ်သက်မိပါတယ် ။ ဆရာရေးသည့်စာအုပ်တွေဟာ လေးနက်သော အတွေးအခေါ် အဓိပ္ပါယ်တွေ ပြည့်ဝနေပြီး တစ်ခုဖတ်ကြည့်ပြီးတိုင်း ကျွန်မအတွက် လေ့လာစရာ ၊ တွေးစရာတွေ ကျန်ရစ်ခဲ့ပါတယ် .. ။ ဆရာနန္ဒာသိန်းဇံရေးသည့် စာအုပ်တွေထဲမှာ ကျွန်မ အနှစ်သက်ဆုံးစာအုပ်တွေကတော့ `မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်း´ ၊ `ကိုယ်ကျင့်တည်ကြည်ခြင်းနှင့်အဆင့်မြင့်ခရီးစဉ်´ ၊ `ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း´ ၊ `မှန်သောစကားများကိုဆိုခြင်းနှင့်ပတ်သတ်သော မှတ်ချက်များ´တို့ဖြစ်ပါတယ်။ လူ့ဘ၀ခရီးကို လျှောက်လှမ်းနေသော ကျွန်မတို့အားလုံးအတွက် `လျှောက်´ဆိုသည့် အတွေးဆောင်းပါးလေးကို ခံစားဖတ်ရှုကြည့်ကြဖို့ လက်ဆင့်ကမ်းမျှဝေပေးလိုက်ပါတယ်ရှင်။

(၁)

အဲဒီညနေက
လျှောက်လာခဲ့တယ် ..
ဧရာဝတီမြစ်နဒီရဲ့ကမ်းပေါ်က သစ်ပင်တန်းကို ဖြတ်သန်းတိုးဝင်လာတဲ့ လေပြေထဲမှာ တမာနံ့တွေ သင်းပျံ့လာတာကို သတိထားမိပါတယ်။ ပြီးတော့ .. သူပြောတာကိုလဲ အမှတ်ရလာပါတယ်။ သူက ကဗျာပညာရှင်ဆိုတော့ ပြောပုံက

`သူ ..
လျှောက်လာခဲ့တယ်´တဲ့။
ကိုယ်ရောစိတ်ရော နွမ်းနွမ်းကြေကြေနဲ့
အကျွမ်းမ၀င်တဲ့ ညနေရီမှာ
နေရောင်ကလဲ စိမ်းနေသလားလို့ထင်ရတယ်
ရှေ့ကိုလှမ်းကြည့်တော့
ဖြူရော်ရော်လမ်းကလေး ..
ဘယ်ကွေ့ရာက ညာကိုကောက်နဲ့
သြော် .. ဘယ်ကိုများ ရောက်ပါလိမ့် ၊ ရောက်မှာပါလိမ့် ..
လို့တွေးရင်းတွေးရင်း
မရေမရာ ဇဝေဇ၀ါနဲ့ သွားရမည့်ခရီးရဲ့
မသေချာတဲ့ ဝေဒနာကို ရင်မှာခံစားလာရတယ်တဲ့ ..
အဲဒီတုန်းကလဲ သူ့ကိုပြောဖူးပါတယ်
ဘယ်ရောက်လဲသိအောင် .. ဆက်လျှောက်လို့
ဆက်လျှောက်လိုက်ကြည့်လိုက်ပါလား ... လို့ ။´

ဧရာဝတီရဲ့သောင်စပ်ကို ဆင်းလျှောက်လာခဲ့တယ် ..
ကိုယ့်ကိုအမြဲလိုလို စီးလိုက်နေတယ်လို့ထင်ရတဲ့ ဖိနပ်ကို ချွတ်ကိုင်ရင်း လှိုင်းတွေပြန်လှည့်ဆင်းသွားတဲ့ သဲသောင်စပ်အတိုင်း လျှောက်တယ်။ နင်းလျှောက်မိတဲ့ သဲကလေးတွေဟာ နူးညံ့ပါတယ်။ ညက်ညောပါတယ်။ ပြန်တက်လာတဲ့ လှိုင်းကလေးတွေနဲ့ ခြေအချနဲ့ ထိတွေ့တော့လဲ အေးမြပါတယ်။

လှိုင်းကလေးတွေလာပြီး ခတ်ပေမယ့် သဲသောင်ယံဟာ ဘာမှဖြစ်ပေါ်ပုံမပေါ်ပါဘူး။ လှိုင်းကလေးတွေ လာခတ်တာကသိမ်မွေ့နေလို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် . သိတယ်ဟုတ်။ ဘ၀ခရီးတစ်နေရာရာမှာ ရင်ထဲမှာ သမုဒယလှိုင်းကလေးတွေ ထိခတ်လာပြီဆိုရင် အဲဒီသမုဒယလှိုင်းကလေးတွေက နုနုလှလှ ၊ ယုယုယယရှိတယ်လို့ ထင်ရပေမယ့် ဘ၀တစ်ခုလုံး ပြိုဆင်းကြေမွသွားနိုင်တယ်´ဆိုတဲ့ သူ့စကားကို အမှတ်ရပြန်ပါတယ်။ သူ့ကိုခတ်တဲ့လှိုင်းက သမုဒယလှိုင်း။

တခြားသူတွေကို ခတ်တဲ့လှိုင်းတွေကတော့ အလိုလောဘလှိုင်းတွေ ၊ ဒေါသအာဃာတလှိုင်းတွေနဲ့ အမျိုးအမည်ခြားနားတဲ့ လှိုင်းတွေ ... အထိအခတ်ပြင်းတဲ့ လှိုင်းမျိုးတွေဖြစ်မှာပေါ့။ ဖြစ်ချင်ဖြစ်မှာပေါ့။

(၂)

လျှောက်ရင်း လျှောက်ရင်း နောက်ကို အမှတ်မထင်လှည့်ကြည့်လိုက်မိတယ်။

`ထိတ်´ခနဲဖြစ်သွားတယ်။ ရင်ထဲမှာ လှိုင်းတွေ တဖျတ်ဖျတ်ခတ်နေသလို ခံစားလိုက်ရတာတော့ အမှန်ပဲ။`လျှောက်နင်းခဲ့တဲ့ ငါ့ခြေရာတွေ တစ်ခုမှ မရှိတော့ပါလား။ လျှောက်ခဲ့တာအဝေးကြီး ... အဝေးကြီး လျှောက်လာခဲ့တာ´ ဆိုတဲ့ အတွေးနဲ့ `လျှောက်ခဲ့မိတဲ့ ငါ့ဘ၀ခရီးက အဝေးကြီး ၊ ဒီဘ၀ခရီးရှည်ကြီးထဲမှာ ငါ့အတွက် အမှတ်ထင်ထင်မည်မည်ရရဆိုလို့ ဘာမှလဲမရှိပါလား´ဆုတဲ့ အတွေးတွေ ပေါင်းဆုံလိုက်လို့ အထိတ်တလန့်ဖြစ်သွားခဲ့တာ။ ရင်ထဲမှာ လှိုင်းတွေခတ်နေသလို ခံစားလိုက်ရတာ .. ဟုတ်ပါတယ်။ ပြန်လှည့်ပြီး တက်လာတဲ့ ရေလှိုင်းတွေက .... လျှောက်နင်းခဲ့တဲ့ ကိုယ့်ခြေရာတွေကို ပျောက်ပျောက်ကုန်အောင်ဖျက်ဖျက်သွားခဲ့ကြတာကိုး။

ဒါပေမယ့် ..... ခြေရာတွေပျက်သွား ၊ ပျောက်သွားပေမယ့် လျှောက်တဲ့အထိတော့ ရောက်တာပဲ။ လျှောက်ရင်တော့ လျှောက်နိုင်သလောက် ရောက်တာပါပဲ။ ဖိနပ်က အခုမှကိုယ့်ကို တကယ်ခိုစီးပြီး ပါလာတာကိုလည်း သတိထားမိတယ်။

ဒီတစ်ခါတော့ ကိုယ့်ကိုယ်ကိုပြန်ပြီးပြောရတယ်။ ခြေရာမထင်ခဲ့တာတွေကို ပြန်ကြည့်ပြီး လွမ်းမောရင်း ရပ်မနေနဲ့။ တွေဝေမနေနဲ့။ လျှောက်ရမည့်နေရာဆီကို `လျှောက် .. ဆက်လျှောက်´လို့။ ရှေ့ကိုလှမ်းကြည့်လိုက်တော့ စွေစောင်းနေတဲ့ နေခြည်မှာ ရွှေရည်ဝင်းနေတဲ့ မြသလွန်စေတီကို မြစ်ကမ်းပေါ်မှာ နှစ်လိုဖွယ်ရာ ဖူးတွေ့နေရတာကို အမှတ်ရပါတယ်။

နန္ဒာသိန်းဇံ

Read More...

Wednesday, February 20, 2008

C-Box Registration



ညစ်ညမ်းစာများကြောင့် လွတ်လပ်စွာရေးသားခွင့်ပေးထားသော ကျွန်မစီဗောက်စ်ကို ခေတ္တခဏဖြုတ်ထားလိုက်ရပါတယ်။ ကျွန်မ တအားအလုပ်များနေတာကြောင့် တစ်ချိန်လုံး အဲဒီမက်ဆေ့ခ်ျတွေကို မကြည့်နိုင် ၊ မဖျက်နိုင်တာကြောင့်ပါ။ သူငယ်ချင်းတွေ ၊ စာဖတ်သူတွေက စီဗောက်စ်မှာ နှုတ်ဆက်ပြောဆိုခြင်းကို နှစ်သက်ကြတာ ကျွန်မသိတဲ့အတွက် စီဗောက်စ်ကို Upgrade လုပ်ပေးလိုက်ပါပြီ .. ။ ကျွန်မ စီဗောက်စ်မှာ ရေးသားလိုလျင် register လုပ်ဖို့အတွက် သုံးလိုသည့် username & password နှင့် Email Subject နေရာမှာ To Register ဟုရေးပြီး အီးမေးလ်ဖြင့် linletkyalsin@yahoo.com ကို ပို့လိုက်ပါ။ username ကို အင်္ဂလိပ်လိုပဲပေးကြဖို့ အကြံပြုလိုပါတယ်။ Register လုပ်ပေးပြီးရင် ကျွန်မ email နဲ့ အကြောင်းပြန်လိုက်ပါ့မယ် ။

ကျွန်မလုပ်ဆောင်ချက်များ ၊ ကျွန်မ အရေးအသားများနှင့်ပတ်သတ် အပြုသဘောဝေဖန်ရေးများကိုသာ လက်ခံကြောင်းလည်း ထပ်မံပြောလိုပါတယ် .. ။ ဒီဘလော့ခ်ဟာ ကျွန်မခံစားမှုတွေနှင့် အခြားလက်လှမ်းမှီရာများကို ရေးသားသီကုံးသည့် ဘလော့ခ်ဖြစ်တဲ့အတွက် မဆိုင်တဲ့မေးခွန်းတွေ ၊ ထပ်ခါတလဲလဲမေးခွန်းတွေအားလုံးအတွက် တစ်ယောက်ချင်းစီကို ကျွန်မ လိုက်မဖြေနိုင်တာလည်း နားလည်ပေးစေလိုပါတယ် .. ။

လွတ်လပ်စွာ သီကုံးရေးသားချင်သည့် ကျွန်မစိတ်နှလုံးသားထဲမှာ ကျွန်မခံယူထားသည့်အရာတစ်ခုကတော့

အမှောင်ထဲမှာ ထိုင်နေတာထက် ကျွန်မနိုင်တဲ့ဖယောင်းတိုင်သေးသေးလေးတစ်ခုကို ကျွန်မ ကြိုးစားထွန်းညှိလိုက်ပါတယ်။ နေရာအနှံ့အပြားကိုတော့ အဲဒီဖယောင်းတိုင်လေးရဲ့ အလင်းရောင်က အများကြီးမရောက်သွားပေမယ့် သူထွန်းညှိထားတဲ့ နေရာနယ်ပယ်လေးတစ်ခုမှာတော့ အလင်းရောင်တစ်ခုအဖြစ် အနည်းငယ်လင်းသွားတယ် .. ။ အဲဒါကိုပဲ မမှိန်သွားအောင် ကျွန်မ ကြိုးစားပြီး ဆက်လက်ထိန်းသိမ်းသွားရမှာပါ .. ။

Read More...

Sunday, February 17, 2008

ဆရာကြီးမောင်စွမ်းရည်၏ (၇၁)နှစ်ပြည့်မွေးနေ့ဆုတောင်း


`ဘာလဲဟဲ့...´ဆိုသော စကားလုံးအသုံးအနှုန်းလေးများကို မြင်ရတိုင်း ကျွန်မစိတ်ထဲ အမှတ်ရမိသူမှာ ဆရာကြီးမောင်စွမ်းရည်ပင်ဖြစ်သည်။ ဆရာကြီး၏ ဆောင်းပါးများ ၊ ဝေဖန်မှုများ ၊ ပြောဆိုမှုများကို စာစောင်များတွင် အမြဲအားပေးဖတ်ရှုလေ့ရှိပြီး ဆရာကြီးအရေးအသား အပြောအဆိုများကို ကျွန်မ အမြဲလေးစားသဘောကျမိသည် .. ။

ဆရာကြီးမောင်စွမ်းရည် ဆောင်းပါးများကို စုစည်းထုတ်ဝေသော `ဘာလဲဟဲ့ မောင်စွမ်းရည်´ စာအုပ်ကို အွန်လိုင်းမှပင် ကျွန်မရှာဖွေတွေ့ရှိခဲ့ပြီး အလွန်သဘောကျနှစ်ခြိုက်ခဲ့သည်။ စာကြည့်တိုက်ပညာ ၊ ဒီပလိုမာတွေရယူခဲ့ပြီး ကျောင်းဆရာတဖြစ်လဲ စာပေလောကမှာ ကျင်လည်နေတဲ့ ဆရာကြီးမောင်စွမ်းရည်၏ အသက်(၇၁)နှစ်ပြည့်မွေးနေ့မှသည် သက်တော်ရာကျော်အထိ ကျန်းမာပျော်ရွှင်စွာနဲ့ မြန်မာပြည် လွတ်မြောက်ရေး တိုက်ပွဲအောင်မြင်မှုထိ ဆက်လက်လျှောက်လှမ်းနိုင်စေဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ စာပေတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း အသိပညာ ၊ ဗဟုသုတများကို အရေးအသားပိုင်နိုင်စွာနဲ့ လူငယ်လူကြီးအားလုံးကို မျှဝေလက်ဆင့်ကမ်းပေးတဲ့ ဆရာကြီးမောင်စွမ်းရည်အား အစဉ်အမြဲလေးစားအားကျမိပါတယ်.. ။

Read More...

Saturday, February 16, 2008

ချစ်ခြင်းသီသော နှလုံးသား


ဖေဖော်ဝါရီ(၁၄)ရက်နေ့ရဲ့ ညနေခင်းအချိန်ခါ ၅နာရီကျော်ကျော်လောက်မှာ ကျွန်မစိတ်ထဲစတင်လှုပ်ရှားစပြုနေခဲ့တယ် .. ။ တရွေ့ရွေ့နဲ့ ဖြတ်ကျော်လာတဲ့ နာရီလက်တံက ၅နာရီခွဲချိန်ခါကို ရောက်ချိန် ... မျက်လုံးထဲမှ မမြင်ရသေးတဲ့ သူ့ပုံရိပ်ကြောင့် ရင်ထဲမှာလည်း စိုးရိမ်စိတ်တွေက တိုးနေလျက် .. ။ `ကားရောသေချာမောင်းရဲ့လား .. တခုခုများဖြစ်နေပြီလား´အစရှိသော စိုးရိမ်စိတ်များက ကျွန်မရင်ကို အတိုင်းအဆမရှိ တုန်ခါစေသည်။ ချစ်သူကားမောင်းနေချိန် ချစ်သူကို ဖုန်းဆက်လေ့မရှိတာက ကျွန်မအကျင့်တစ်ခု .. ။

စိတ်ကိုရှည်ရှည်ထားပြီး ကြိုးစားစောင့်နေရင်း ၅နာရီမိနစ်၄၀ကျော်ကျော်မှ မြင်လိုက်ရသော သူ့ပုံရိပ်ကြောင့် ကျွန်မစိတ်ထဲ ဟင်းခနဲ သက်ပြင်းချနိုင်ပါတော့တယ်။ အလိုလိုပြုံးပျော်နေသော ပုံစံဖြင့် ကားတံခါးကိုဖွင့်လိုက်ချိန်မှ နှုတ်ဆက်လိုက်သော ချစ်သူ့စကားသံနှင့်အတူ အနှစ်သက်ဆုံးပန်းပွင့်လေးတွေက အစီအရီကြိုဆိုလျက် .. ။




`နှင်းဆီနီကိုးပွင့်ရဲ့ အဓိပ္ပါယ်က Together Forever´ဟုဆိုကာ အပြုံးပွင့်လေးတွေဖြင့် ရှင်းပြနေသော ချစ်သူကိုကြည့်ကာ ညနေခင်းတစ်ခုလုံး ပိုမိုအသက်ဝင်သွားရသည်။ ပတ်ဝန်းကျင်မှာလည်း ထိုနေ့မှ မြင်ရသမျှအားလုံးက စုံတွဲတွေချည်းမို့ စိတ်မှာပိုပျော်ရွှင်ရသည်.. ။



ကျွန်မချစ်သော နှင်းဆီရဲရဲများကို ငုံ့ကြည့်ကာ ပြုံးပျော်နေရင်း ထိုအပျော်များက တကမ္ဘာလုံးမှ ပန်းတွေပင် ဖူးပွင့်ကုန်ပြီဟု ထင်ခဲ့ရသည်။ ပန်းပွင့်လေးတွေကိုယ်စီကိုင်ဆောင်ကာ ချစ်သူလက်ကိုတွဲ .. လမ်းမပေါ်မှာ ပြည့်နှက်နေသော စုံတွဲပေါင်းများစွာကိုကြည့်ကာ ယခုနှစ် ချစ်သူများနေ့ကတော့ ကျွန်မမြင်ခဲ့သမျှ နေ့အားလုံးထဲတွင် အလှပဆုံးနေ့တစ်ရက်ဖြစ်ခဲ့သည်။



ချောကလက်ကြိုက်သော ကျွန်မအတွက် ချောကလက်လှလှလေးများကိုကြည့်ရင်း စိတ်ထဲချိုမြခဲ့သည် ..။ ချစ်စဖွယ်ချောကလက်လေးများကို ရွေးချယ်တတ်သော ချစ်သူ၏ရွေးချယ်မှုကိုလည်း ကြည်နူးပျော်ရွှင်ရသည်။ အသဲနှလုံးကိုင်းလေးဖြင့် မွမ်းမံထားသော ဖန်ခွက်စုံတွဲလေးနှင့် ကဒ်ကလေးတစ်ခု ချစ်သူလက်ကို အပ်နှင်းလိုက်ချိန်မှာ ချစ်သူက ကျွန်မအပြုအမူလှုပ်ရှားမှုနှင့်တူသော အရုပ်စုံတွဲလေးတစ်ခုနှင့် ကဒ်ကလေးတစ်ခုကို ကျွန်မလက်ထဲ ထည့်ပေးခဲ့သည်။ အပြုံးများစွာဖြင့် ရီမောနေရင်း ထိုညနေက သွားနေကျ Vivo City တစ်ခုလုံး ကျွန်မမျက်လုံးထဲ ပိုမိုလှပနေခဲ့သည်။ နေရာအနှံ့ရီသံချိုချိုများကလည်း စိတ်နှလုံးကို ပိုမိုရွှင်လန်းစေခဲ့သည်။

ချစ်ခြင်းသီသောနှလုံးသား

ချစ်သူ
မထင်မှတ်ဘဲ
နက်နဲသိမ်မွေ့သော ချစ်ခြင်းတစ်စုံ
မင်းနှလုံးသားက
(ငါ့အတွက်)ဖန်ဆင်းပေးခဲ့တယ်။

အမှတ်တမဲ့မှ
ထာဝရ အမှတ်တရအဖြစ်
ချစ်ခြင်းသီတဲ့မျက်ဝန်းတစ်စုံ
ငါ့ရင်ဘတ်ထဲ
ထိုးဖောက်ဝင်ရောက်လာခဲ့တယ် .. ။

ကြည်နူးရင်ခုန်မြတ်နိုးစွာနဲ့
အမြတ်တနိုးသိမ်းထားရတဲ့
မင်းအကြင်နာမေတ္တာအားလုံးက
ငါ့ဘ၀အတွက်
မမှိန်သော မီးပြတိုက်တစ်စင်းပါပဲ .. ။

မျက်ဝန်းစေရာ
မင်းပုံရိပ်တွေထင်ဟပ်
နာရီစည်းချက်တွေနှင့်အပြိုင်
လွမ်းဆွတ်ချစ်ရသူမို့
အချစ်စစ်တို့ခရောင်းလမ်းမှာ
ကျလုဆဲဆဲ အလွမ်းမျက်ရည်
အနည်မထိုင်နိုင်သေးတဲ့
အခက်အခဲမုန်တိုင်းအချို့
ရိုက်ခတ်မှုလှိုင်းနာကျင်ခြင်းတွေနဲ့
ရင်တစ်ခုလုံး မောလျခဲ့သည့်တိုင်
တွေ့ကြုံရင်ဆိုင်ခံစားရသမျှအားလုံးက
ဆုံဆည်းပျော်ရွှင်စေရာအတွက်ဆို
ချစ်သူ ......
မုန်တိုင်းပင်လယ်တွေဘယ်လောက်ထန်ထန်
အပြာရောင်ကောင်းကင်အောက်မှာ
ချစ်ခြင်းသီတဲ့နှလုံးသားတစ်စုံနဲ့
ယုံကြည်ခြင်းတွေမွေးဖွားရင်း
(ငါ)ဆက်လျှောက်လှမ်းသွားမှာပါ .. ။

လင်းလက်ကြယ်စင်

Read More...

Friday, February 15, 2008

တော်လှန်ရေး သူရဲကောင်း


တော်လှန်ရေး သူရဲကောင်း


ဇွဲကပင်တောင်ခြေမှာနှင်းမကွဲသေးဘူး

တိုင်းရင်းသားလူမျိုးစုတွေရော

မြန်မာလူမျိုးအားလုံးရော

စစ်အာဏာရှင်စံနစ်ဆိုးအောက်က

မလွတ်မြောက်နိုင်ကြသေးဘူး .. ။



အချိန်မတန်ခင်ကြွေလွင့်သွားတဲ့

တော်လှန်ရေးသူရဲကောင်းကြီး

ဖဒိုမန်းရှာတစ်ယောက်

တမလွန်ဘ၀ကနေ

ရဲရဲတောက်တော်လှန်ရေးဝိဥာဉ်တစ်ခုနဲ့

ဆက်လက်တိုက်ပွဲဝင်နေမှာလား .. ။


မြူလည်းစဲပြီ

ကျေးငှက်သံတွေလည်းတိတ်ခဲ့ပြီ

မျှော်လင့်ချက်မျက်နှာတွေ

ငိုပွဲဆင်ခဲ့ရပြီ ..

သွေးညှီနံ့တွေပြည့်နှက်

ယမ်းငွေ့သံတွေတဝေေ၀

ကောက်ကျစ်ယုတ်မာမှုတွေပြည့်နှက်

ကိုယ့်လူမျိုးအချင်းချင်းယုတ်မာနေတဲ့

စစ်အာဏာရှင်စံနစ်အောက်ကလွတ်မြောက်ဖို့

ညီညွတ်ရေးအဆောက်အအုံတွေ

ကြိုးစားတည်ဆောက်ရဦးမယ် .. ။


အရိုအသေလေးမြတ်မှုတွေကြား

ခေါင်းဆောင်တစ်ယောက်ကျဆုံးတိုင်း

တစ်ခါပေါက်ထွက်တဲ့နှလုံးသားနဲ့အတူ

ကြေကွဲခြင်းတေးသံများလွှမ်းခြုံ

လွတ်မြောက်ရေးရောင်နီဆီ

အားလုံးဆက်လျှောက်ကြရင်း

တော်လှန်ရေးဝိဥာဉ်ဖြန့်ဝေနေမည့်

သူရဲကောင်းကြီး `ဖဒိုမန်းရှာ´အား

လေးစားဂုဏ်ပြုဦးညွှတ်လိုက်ပါ၏ .. ။


လင်းလက်ကြယ်စင်

Read More...

Thursday, February 14, 2008

ချစ်ခြင်းအလင်္ကာများနှင့်ချစ်သူများနေ့


ကျေးငှက်လေးတွေ တသီသီအော်မြည်နေသော မနက်ခင်းတစ်ခုမှာ လန်းဆန်းစွာဖြင့် မျက်လုံးတွေကိုဖွင့်လိုက်သည်။ အတွေးထဲမှာ ချက်ချင်းဝင်ရောက်လာတာက `ချစ်သူများနေ့´ ..။ ချစ်တတ်သူတိုင်းအားလုံးအတွက် ချစ်သူများနေ့က ရောက်ရှိလာခဲ့ပြီ .. ။ နှစ်တစ်နှစ်၏၁၂လထဲတွင် ဒီဇင်ဘာလနှင့်ဖေဖော်ဝါရီလကို ကျွန်မအချစ်ဆုံးဖြစ်သည်.. ။ အမှတ်တရနေ့ပေါင်းများစွာ ၊ ချစ်ခင်ကြင်နာမှုများစွာဖြင့် ဖွဲ့စည်းထားသော ဖေဖော်ဝါရီလသည် ကျွန်မအတွက်တော့ မရိုးနိုင်သော ချစ်ခြင်းအလင်္ကာလတစ်ခုပင်ဖြစ်နေမြဲ .. ။ ချစ်သူများနေ့မရောက်ခင်အချိန်မှာ အတွေးစိတ်ကူးများဖြင့် ကြိုတင်ရင်ခုန်ရသည် .. ။ ချစ်သူများနေ့ကို ကြိုဆိုရမည့် စိတ်ကူးများကို အတွေးထဲမှာ ပုံဖော်ရင်း ကြည်နူးမှုများလည်း ရင်တစ်ခုလုံးကိုလွှမ်းခြုံထားသည်။

လူတိုင်းမှာ ချစ်တတ်သော နှလုံးသားတစ်စုံ ရှိနေပါလိမ့်မည် ။ `အချစ်´ဆိုတာ အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုတတ်ကြပေမယ့် ချစ်ခြင်းအလင်္ကာကတော့ ချစ်သူတိုင်းအတွက် တူညီသော ပုစ္ဆာတစ်ပုဒ်ပါပဲ။ မိမိ၏ချစ်ခြင်းကို အမျိုးမျိုးဖွဲ့ဆိုပြသကြမည့် ချစ်သူများနေ့မှာ အချစ်နှင့်သက်ဆိုင်သော သင်္ကေတလက်ဆောင်လေးတွေ အချင်းချင်းအပြန်အလှန်ဖလှယ်ရင်း ဒီနေ့မှာတော့ ရီသံချိုချိုလေးတွေ နေရာတိုင်းမှာ ပျံ့နှံ့နေမှာပါ။ အတွေးများဖြင့် စိတ်ကူးထဲမှ စကားပြောနေရင်း ကျွန်မဘ၀တစ်ခုလုံး၏အလင်းရောင်ဖြစ်သော `ချစ်သူ´ကို စိတ်ထဲမှ ခပ်တိုးတိုးလေး တမ်းတမိသည်။ အိပ်ချိန်ပင်လုံလုံလောက်လောက်မရှိဘဲ စုပုံနေသော အလုပ်များကြား ပင်ပန်းစွာ အလုပ်များနေမည်ဖြစ်သော ချစ်သူ့အကြောင်း တွေးမိရုံလေးနှင့် သနားကြင်နာမိသည် .. ။ တစ်ချိန်က စိတ်အလိုမကျဖြစ်ခဲ့သောအရာများက ယခုအချိန်မှာ သနားကြင်နာခြင်းအဖြစ်သို့ပြောင်းလဲသွားတာကို ချစ်သူကောင်းကောင်းသိပါလိမ့်မည်။ များပြားလွန်းသော အလုပ်များကြား နားချိန်ပင်မပေးနိုင်ပေမယ့် ပုံမှန်ဖုန်းဆက်တာတွေ ၊ နေမကောင်းချိန် ကျွန်မစိတ်တိုင်းကျ အကုန်ဖြစ်အောင်လုပ်ပေးခဲ့တာတွေ အားလုံးကိုတွေးမိတိုင်း ချစ်သူ၏ချစ်ခြင်းမေတ္တာအားလုံးကို နှလုံးသားမှာ ကျောက်စာထွင်းရေးထိုးထားမိသည်။


ချစ်သူ့အကြောင်း ရေးဖွဲ့ရလျင် ကျွန်မလက်ထဲမှ ဖောင်တိန်ချောင်းပျောက်ကွယ်သွားသည့်အထိ ရေးဖွဲ့၍ကုန်နိုင်မည်မထင်။ ချစ်သူကို ဘာကြောင့်ချစ်လဲဟု မေးတိုင်း သေချာသော အဖြေ ကျွန်မမှာမရှိခဲ့။ ချစ်သူနှင့် အနာဂတ်လမ်းပေါ်မှာ အတူလက်တွဲသွားချင်တာ ၊ အဆိုးအကောင်းအားလုံး တူညီစွာခံစားချင်တာ ၊ ချစ်သူအတွက် အကြင်နာမေတ္တာအားလုံးပေးအပ်ချင်တာ အစရှိသော ခံစားချက်များဖြင့် ချစ်သူကို မြတ်နိုးစွာ ကျွန်မ ချစ်ခဲ့သည်။



အလွန်အကျွံဆိုးခဲ့သော ကျွန်မအပြုအမူများကို စဉ်းစားတိုင်း ချစ်သူကို တိုး၍ကြင်နာမိသည်။ တည်ငြိမ်ရင့်ကျက်သည်ဟု အများထင်ရသော ကျွန်မစိတ်နှလုံးသားထဲမှ ချစ်သူကိုမြင်လျင် ဆိုးနွဲ့ဖို့လောက်သာ သိခဲ့ဖူးသည်။ သည်းခံမှုများ ၊ နားလည်မှုများ ၊ အလိုလိုက်မှုများ ဖြင့် ဖွဲ့စည်းဖြစ်တည်နေသော ချစ်သူ၏အချစ်ကို တစ်ခါတစ်လေ ကျွန်မပင် မယုံကြည်နိုင်အောင်ဖြစ်ရသည်။ နောက်ဆုံးတော့ ကျွန်မပင် ချစ်သူကိုသနားမိကာ စိတ်လျှော့ခဲ့သည်။ စိတ်ဓါတ်ပြင်းထန်သော ကျွန်မအတွက် ချစ်သူနှင့်တွေ့ပြီးနောက်ပိုင်းမှာ စိတ်ပိုတည်ငြိမ်ခဲ့ရသည်။ ချစ်သူက ကျွန်မအတွက် နေတစ်စင်းဖြစ်သလို လတစ်စင်းလည်းဖြစ်သည်။ ကျွန်မအားငယ်ချိန်တိုင်း ချစ်သူက အကြင်နာလက်တစ်စုံဖြင့် နွေးထွေးအားပေးခဲ့သည်။ ကျွန်မပျော်ရွှင်ချိန်တိုင်း ကျွန်မပျော်ရွှင်မှုများကို မျှဝေခံစားပေးသည်။ ကျွန်မ၀မ်းနည်းချိန်တိုင်း အားမာန်သစ်တွေပြန်ရဖို့ အမြဲတမ်း အဖြေများစွာပေးခဲ့ဖူးသည်။ ကျွန်မစိတ်တိုချိန်တိုင်း စိတ်မတိုအောင် ကြံဖန်ပြောတတ်သူမှာလည်း ချစ်သူပင်ဖြစ်သည်။

အေးမြသော ဆောင်းလေများတိုက်ခတ်နေပြီး ဆောင်းလရာသီဝင်တော့မည့် ရက်ပိုင်းတစ်ခုမှ ချစ်သူကို ကျွန်မ စတွေ့ခဲ့သည်။ စတွေ့တွေ့ချင်း ထူးခြားသော သူ့အပြောအဆို ၊ အတွေးအခေါ်များက ကျွန်မကို သတိထားမိစေခဲ့သည်။ ချစ်သူ၏အကြောင်း ၊ ချစ်သူ၏လုပ်ရပ်များကို မျက်ဝါးထင်ထင်မြင်တွေ့ရချိန်မှာ ခင်မင်လေးစားစိတ်များ ရင်မှာပြည့်လျှံခဲ့ရသည်။ မထင်မှတ်သောအချိန်တစ်ခုအတွင်း ကျွန်မသိလိုက်ရသည်က မတောက်တခေါက်လျှောက်ရေးသော ကျွန်မစာပေများကို ချစ်သူက အားပေးမြတ်နိုးသည်တဲ့လေ။ ချစ်သူရေးသော အားပေးစာများ ၊ အကြံဥာဏ်စာများက ချစ်သူနှင့်စတင်ခင်မင်သောအချိန်မှာပင် အဖိုးထိုက်တန်သော ရတနာများဖြစ်ခဲ့သည်။ ကျွန်မ၏ရူးကြောင်ကြောင် ခံစားချက်များကို စာနာနားလည်ပေးခဲ့သော ချစ်သူနှင့်ခင်မင်ရချိန်မှာ ကျွန်မ၏စိတ်များ ပိုမိုတည်ငြိမ်သွားခဲ့ရသည်။ ခံစားမှုအပိုင်းနှင့်ပတ်သတ် အင်မတန် နုလွန်းသော ကျွန်မအတွက် ချစ်သူ၏အေးမြသော မေတ္တာက အလင်းရောင်တစ်ခုအဖြစ် ကျွန်မ၏နှလုံးသားထဲ စတင်ချဉ်းနင်းဝင်ရောက်လာခဲ့သည်။

ခင်မင်ရသော မိတ်ဆွေသက်တမ်းမှာပင် ကျွန်မဘေးမှာ အမြဲတမ်းရပ်တည်ပေးခဲ့သော ၊ ကျွန်မ၏လိုအပ်ချက်များကို အစဉ်တစိုက်အကြံပြုခဲ့သော .. ချစ်သူ၏အပြုအမူများကို တိတ်တဆိတ်တွယ်တာခဲ့မိသည်။ ချစ်သူ၏ စေတနာအပြည့်ဖြင့် အများအတွက်လုပ်ဆောင်နေသော ကိစ္စတစ်ခုကပင် ချစ်သူအပေါ်လေးစားစိတ်များ ပိုမိုပြည့်လျှံခဲ့ရသည်။



အေးမြသော မနက်ခင်းတစ်ခုမှာ မိတ်ဆွေတစ်ယောက်ဖိတ်ကြားမှုကြောင့် ချစ်သူပြုလုပ်မည့် အစည်းအဝေးတွေ့ဆုံပွဲတစ်ခုကို ကျွန်မ ရောက်ရှိသွားခဲ့ရသည်။ ကျွန်မအတွက် စိုးရိမ်စိတ်ဖြင့် ဖုန်းဆက်မှာကြားသော ချစ်သူအသံကို နားထောင်ရင်း ကျွန်မစိတ်ထဲ နွေးထွေးခဲ့ရဖူးသည်။ အနည်းငယ်စိတ်လှုပ်ရှားမှုဖြင့် တွေ့ဆုံပွဲသို့ ကျွန်မသွားရောက်ခဲ့သည်။ မရင်းနှီးသော ပတ်ဝန်းကျင်အလယ်မှာ ရင်ခုန်စွာဖြင့် တောင်ကြည့်မြောက်ကြည့်လုပ်နေတုန်း ချစ်သူ၏ ကြည်လင်သောအသံက ကျွန်မ၏စိုးရိမ်စိတ်များကို ဖယ်ရှားပေးခဲ့သည်။ ချစ်သူရှေ့မှာ ခေါင်းလေးငုံ့ပြီး ၀င်ထိုင်လိုက်ချိန်မှာ ဝေ့ကြည့်လိုက်သော ချစ်သူအကြည့်တစ်ချက်က အင်မတန် မကြောက်တတ်ပါသော ကျွန်မစိတ်နှလုံးသားကို ယိုင်နဲ့သွားစေခဲ့သည်။

လူကြီးများစွာအလယ်မှာ အငယ်ဆုံးအမြဲဖြစ်ရပေမယ့် ပြောစရာရှိတာကို ခပ်သွက်သွက်ပြောတတ်သည့် ကျွန်မအကျင့်က ချစ်သူရှေ့ရောက်သွားချိန်မှာ စကားတွေပင်မေ့လုမတတ်ဖြစ်ခဲ့ရသည်။ ထိုနေ့က ချစ်သူထံမှ ကြင်နာနွေးထွေးမှုများဖြင့် ပြည့်နှက်နေသော မျက်ဝန်းတစ်စုံကိုရှာဖွေတွေ့ရှိခဲ့ရသည် .. ။ အပြန်လမ်းတစ်လျှောက်လုံး ချစ်သူပြောသောစကားများစဉ်းစားရင်း ချစ်သူအပေါ် ပို၍သံယောဇဉ်ပိုတွယ်ခဲ့ရသည်။ သူစိမ်းယောက်ျားတစ်ဦးက ကော်ဖီတစ်ခွက်သောက်ဖို့ပင် ကမ်းလှမ်းခဲ့သည့်တိုင် ငြင်းပယ်တတ်သည့် ကျွန်မစိတ်နှလုံးသားက ချစ်သူ၏ဖိတ်ကြားမှုတစ်ခုကို နာရီပိုင်းမျှသာစဉ်းစားပြီး လက်ခံခဲ့သည်။ ချစ်သူ၏ အားမာန်ပြည့်သော စကားများအားလုံးက ချစ်သူနှင့်ကျွန်မရှေ့က ကော်ဖီခွက်များအားလုံး အေးစက်နေခဲ့ပေမယ့် ကျွန်မရင်တစ်လျှောက်လုံး နွေးထွေးကြည်နူးခဲ့ရဖူးသည်။

တော်ရုံယောက်ျားလောက်ကို ချစ်နိုင်ဖို့ စိတ်မကူးတတ်သည့် ကျွန်မနှလုံးသားနှင့်ဦးနှောက်ထဲမှာ ချစ်သူကို တွယ်တာမှုပေါင်းများစွာ ၊ သဘောကျမှုပေါင်းများစွာအစပျိုးပြီး ချစ်ခြင်းမေတ္တာတစ်ခု စတင်ပေါက်ဖွားလာခဲ့သည်။ အကျင့်စရိုက် ၊ ၀ါသနာချင်းတူသည့် ချစ်သူနှင့်ကျွန်မအတွက် ညှိရသည့်အရာမှာ သိပ်မရှိပေ ။ ချစ်သူ၏အချစ်ကို လက်ခံပြီးချိန်မှစပြီး ကျွန်မဘ၀မှာ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ရသည်။ ချစ်သူ၏အချစ်က ကျွန်မဘ၀အတွက် ခွန်အားတစ်ခု ဖြစ်လာခဲ့သည်။ ချစ်သူ၏အချစ်က ကျွန်မ၏စိတ်ဓါတ်အားလုံးကို ပိုမိုတည်ငြိမ်စေခဲ့သည်။ ချစ်သူ၏အချစ်က ကျွန်မ၏အိပ်မက်အားလုံးကို အသက်သွင်းပေးခဲ့သည်။ ချစ်သူ၏အကြင်နာမေတ္တာအားလုံးက ကျွန်မဘ၀ကို လိုလေသေးမရှိ ပြည့်စုံစေခဲ့သည်။



အင်မတန်မှ သ၀န်တိုတတ်သော ၊ ကြင်နာဂရုစိုက်မှုကိုမက်မောသော ၊ အချစ်နှင့်ပတ်သတ် တစ်စိတ်တစ်ဒေသထက်ပိုပြီး ဘ၀နှင့်ယှဉ်ချစ်တတ်မှုကို အလိုရှိသော ၊ အပြန်အလှန်နားလည်မှုမျိုးကို မြတ်နိုးသော ကျွန်မစိတ်နှလုံးသားအတွက် ချစ်သူက အလင်းရောင်ဖြစ်လာခဲ့သည်။ ကျွန်မ၏သဘာဝအကျင့်အပြုအမှုများ ၊ ကျွန်မစိတ်ဓါတ် ၊ ကြင်နာယုယမှုများ ကြောင့် ကျွန်မကို ချစ်သည်ဆိုသော ချစ်သူ၏၀န်ခံချက်ကို ကျွန်မ ကြံဖန်ဂုဏ်ယူခဲ့ဖူးသေးသည်။

ချစ်သူ၏ထူးချွန်ထက်မြက်မှုများကို တစ်ခါတစ်ရံ ကျွန်မ ကြံဖန်အူတိုမိသေးသည်။ ဘာမှမပြောခင် အကုန်ကြိုသိနေသော ချစ်သူ၏ဖြတ်ထိုးဥာဏ်အားလုံးကို တစ်ခါတစ်ရံ စိတ်တိုစွာဖြင့် မျက်စောင်းထိုးရသေးသည်။ စာသင်ကောင်းသော ချစ်သူ၏စာသင်မှုကို ကျွန်မ တစ်ခါမှ လက်မခံခဲ့။ ချစ်သူစာသင်ပေးမည်ဆိုတိုင်း အကြောင်းအမျိုးမျိုးဖြင့် ချွဲနွဲ့ပြီး ကျွန်မ အခြားအရာတွေလျှောက်လုပ်လေ့ရှိသည်။ အလုပ်ကြိုးစားသော ချစ်သူကို တစ်ခါတစ်ရံ `စီးပွားရေးတွေ သိပ်မသောင်းကျန်းနေနဲ့ကိုကို´ဟု ကျွန်မက အမြင်ကတ်စွာ ပြောခဲ့ဖူးသည်။ ကျွန်မပြောသမျှကို ဘယ်တုန်းကမှ စိတ်မဆိုးသော ချစ်သူအကျင့်ကြောင့်သာ ကျွန်မ ပြုပြင်ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။ စာရေးခြင်းကို ၀ါသနာအလွန်ပါသော ကျွန်မအတွက် မြင်သမျှ လိုအပ်ချက်များ ၊ အသုံးဝင်သည်ဟုထင်ရသော သတင်းများ ၊ အချက်လက်များကို အလုပ်များကြားကပင် ချစ်သူက ကျွန်မကို ပို့ပေးတတ်သေးသည်။ ထိုအပြုအမူအားလုံးကို ကျွန်မ လွန်စွာချစ်မြတ်နိုးခဲ့ရသည်။



ကျွန်မဘ၀မှာ အခက်ခဲဟုထင်ရသည့် ပြဿနာတွေကြုံရတိုင်း အမြဲလိုလိုဘေးနားမှာ ရပ်ပေးပြီး ကူညီဖြေရှင်းပေးသည့်သူမှာလည်း ချစ်သူပင်ဖြစ်သည်။ ဇွတ်တရွတ်လုပ်လေ့ရှိသော ကျွန်မအကျင့်ကြောင့် ဖြစ်လာသမျှ ပြဿနာအားလုံးကို လူကြီးတစ်ယောက်လို ဒိုင်ခံဖြေရှင်းပေးရသူမှာလည်း ချစ်သူပင်ဖြစ်သည်။ ချစ်သူ၏ ဂရုစိုက်လွန်ကဲမှု ၊ အလိုလိုက်မှုများကြောင့် ကျွန်မမှာလည်း ဆိုးသောမိန်းကလေး ဖြစ်လာခဲ့ရသည်။ ခေါင်းနည်းနည်းကိုက်တာကိုပင် ခွဲခန်းဝင်ရမည်လောက် လုပ်ပြတတ်သော ကျွန်မနှင့် ဂရုစိုက်လွန်သော ချစ်သူကြောင့် စိတ်ညစ်ရဆုံးလူမှာ ကျွန်မအမြဲပြရသည့် ဆရာဝန်မပင်ဖြစ်သည်။ အမေးအမြန်းထူသော ချစ်သူနှင့် နုနယ်သော ကျွန်မကြောင့် ဆရာဝန်မမှာ အမြဲတမ်း အာပေါက်မတတ်ရှင်းပြရသည်။ အဖျားနည်းနည်းဝင်လျင်ပင် ချက်ချင်းဆေးရုံပို့ပြီး မေးခွန်းပေါင်းများစွာ စုံအောင်မေးမြန်းသော ချစ်သူအပြုအမူများကို ကျွန်မချစ်သည်။

ကျွန်မကို ချစ်သူဖုန်းဆက်တိုင်း မေးလေ့ရှိသောအရာများမှာ ချစ်လား ၊ သတိရလား ထင်လျင် မှားပေလိမ့်မည်။ ချစ်သူအမြဲမေးလေ့ရှိသည့်အရာမှာ `ရေဘယ်လောက်သောက်ပြီးပြီလဲ ၊ မနက်က ဘာစားလဲ ၊ ပြီး၇င် ဘာထပ်စားဦး ၊ အိပ်ရေးမ၀ရင်ပြန်အိပ် ၊ ပင်ပန်းတာတွေမလုပ်နဲ့ ၊ စာဖတ်ပြီးအေးဆေးနေ´အစရှိသော စကားများသာဖြစ်သည်။ တစ်ခါတစ်ရံ ကျွန်မက အမြင်ကတ်စွာဖြင့် `ကိုကိုနော် ကျွန်မကို ၀က်တစ်ကောင်မွေးထားသလို အသားတိုးလာလား ချိန်ကြည့်ဖို့ အစားတွေချည်း စွတ်ကျွေးမနေနဲ့´ဟု ပြောတိုင်း ချစ်သူက သဘောတကျရီလေ့ရှိသည်။ ထိုအခါတိုင်း ချစ်သူပြန်ပြောလေ့ရှိသောအရာမှာ `ကိုကို့ချစ်သူကို ပိုးကလေးလို မွေးရလွန်းလို့ ချစ်လို့ စိတ်ပူနေရတာပါကွာ´ဟူ၍သာဖြစ်သည်။ `ကျွန်မက ဆိုးတယ်´ဟု ရေရွတ်တိုင်း `ဟာကွာ မဟုတ်ပါဘူး ။ ကို့ချစ်သူလောက် လိမ္မာတာ ဘယ်နားသွားရှာရမလဲ။ နွဲ့ဆိုးဆိုးတာကလွဲ ကျန်တာအားလုံး သိပ်လိမ္မာတဲ့ကို့ချစ်သူ´ဟု ချစ်စနိုးပြောတိုင်း ကျွန်မမှာ `အင်း ကျပ်ကျပ်အလိုလိုက်နော် ကိုကို ။ ပြီးမှ ထွက်မပြေးနဲ့ ။ လိုက်ဖမ်းမယ်´ဟု ပြောပြီး ရီမောရသေးသည်။

ချစ်သူသက်တမ်းလည်း နှစ်တွေတအားချီမများပေမယ့် သိပ်လည်းမနည်းတော့သောအချိန်တစ်ခုမှာ ချစ်သူကို ဘ၀ပေါင်းများစွာက သိလာခဲ့သူလို တွယ်တာမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ ချစ်သူနှင့်မတွေ့သည့်ရက်များမှာ အိမ်မှာပင်နေလေ့ရှိသော ကျွန်မနှင့် သူမပါလျင် ဘယ်ကိုမှစိတ်မချသော ချစ်သူအကျင့်များက တထပ်တည်းဖြစ်နေခဲ့သည်။ လုပ်ငန်းခွင်ထဲရောက်ပြီး ချစ်သူနား ကျွန်မ မရောက်နိုင်လျင် `ကို့ချစ်သူအရွယ်က အလုပ်တွေဖိစီးရမယ့်အရွယ်မဟုတ်ဘူး။ စာပဲကြိုးစားသင်။ ဖြစ်ချင်တဲ့အိပ်မက်ကိုရအောင်လုပ်´ဆိုကာ အလုပ်ထွက်စာတင်ခဲ့သော ကျွန်မကို ကျေနပ်စွာကြိုဆိုခဲ့သူမှာ ကျွန်မချစ်သော သူပင်ဖြစ်သည်။ အစားအသောက်အလွန်နည်းသော ကျွန်မအကျင့်ကြောင့် ကျွန်မ အစားပိုစားအောင် ချစ်သူကကြံဆောင်ရသည်။ `ဆိုင်ကအစားတွေလိုက်မစားချင်ဘူး။ ကိုကိုချက်ကျွေးတာဆိုရင် အများကြီးစားပြမယ်´ဟု ပူဆာလျင် အလုပ်အလွန်များသည့်ကြားက သူကိုယ်တိုင်ကြော်ချက်ပြီး ကျွန်မကို လာကျွေးသေးသည်။ မောပန်းသည့်ကြားက ကျွန်မအစားများများစားဖြစ်တာကိုပင် ကျေနပ်စွာ ချစ်သူက ပြုံးပျော်သွားတတ်သည်။ ချစ်သူစိတ်အနှောင့်အယှက်မဖြစ်အောင် နေလေ့ရှိသော ကျွန်မနှင့် ကျွန်မ မကြိုက်သောအရာများကို မလုပ်သော ချစ်သူအပြုအမူအားလုံးကလည်း နှစ်ယောက်လုံးကို အပြန်အလှန်ကျေနပ်စေခဲ့သည်။ ဘယ်သူ့စကားမှ ခေါင်းမညိတ်တတ်သော ၊ နားမထောင်သော ကျွန်မအကျင့်က ချစ်သူကရှင်းပြပြောဆိုအကြံပြုလျင်တော့ စိတ်ကျေနပ်စွာပင် စဉ်းစားပေးတတ်သည်။



ထိုကဲ့သို့သော အချစ်များနှင့် ၀န်းရံဖွဲ့စည်းထားပြီး ရံဖန်ရံခါလည်း ကျွန်မတို့ ရန်ဖြစ်ရပါသည်။ ရန်တကယ်ဖြစ်လျင် နှစ်ယောက်လုံးအလျှော့ပေးမည်ဟု ထင်လျင်မှားသွားပေလိမ့်မည်။ တစ်ယောက်တစ်ခွန်းအော်ပြီး ခဏကြာလျင် မည်သူကစပြီး စစ်ပြေငြိမ်းခဲ့မှန်းတောင် မမှတ်မိတော့။ ကားပေါ်မှာ ရန်ဖြစ်တိုင်း ချစ်သူက ကားကိုသာအာရုံစိုက်မောင်းပြီး ကျွန်မကလည်း တစ်ဖက်ကိုမျက်နှာလွှဲကာ အရေးမလုပ်တတ်။ ကားရပ်လျင်တော့ တစ်ယောက်ယောက်က စခေါ်လိုက်ပြီး အဆင်ပြေသွားတတ်သည်။ တစ်ခါတုန်းက ကျွန်မကို အိမ်လိုက်ပို့ရင်း ချစ်သူကို ကျွန်မ အလွန်မကျေနပ်မှုတစ်ခုကြောင့် ကားပေါ်မှာ ရန်တွေ့သည်။ ကားမောင်းရင်း ရှင်းပြနေရသော ချစ်သူကို ကျွန်မ စိတ်တိုသထက်သာတိုရင်း `တော်ပြီ ရန်ဖြစ်ရတာလဲမောပြီ ။ မြို့ထဲဝင်ပြီးမုန့်လိုက်ကျွေး´ဟု ပြောရင်း ရီမောကာ ရန်ပွဲအဆုံးသတ်အဆင်ပြေသွားသည်။ ရန်တစ်ခေါက်ဖြစ်ပြီးတိုင်း နှစ်ယောက်လုံးလိုအပ်ချက်များနှင့် စိတ်ထားများကို ကျွန်မတို့ သေချာဆွေးနွေးလေ့ရှိသည်။ communication က အရေးကြီးသည်ဟု ကျွန်မတို့ နှစ်ယောက်လုံးခံယူထားသောကြောင့် ကျွန်မတို့နှစ်ယောက်လုံးစိတ်ထဲမှာ ဘာကိုမျှသိမ်းဆည်းထားလေ့မရှိကြ။

ကျွန်မနှင့်သူ၏ဘ၀မှာ အများဆုံးအဆင်ပြေချောမွေ့သလို ချစ်ခြင်းမေတ္တာများကလည်း ပိုမိုခိုင်မာသထက် ခိုင်မာလာခဲ့သည်။ ထိုကဲ့သို့သော ဘ၀တစ်ခုကို ရရှိပိုင်ဆိုင်ထားသည့်အတွက်လည်း ကျွန်မ လွန်စွာကျေနပ်မိသည်။ အောင်မြင်ခြင်းနှင့်ရှုံးနိမ့်ခြင်းတို့ ပေါင်းစပ်ကျင်လည်နေသော လူ့ဘ၀ထဲမှာ ဘ၀၏အနိမ့်အမြင့် ၊ အတက်အကျအားလုံးကို ချစ်သူနှင့်အတူ ကျွန်မရင်ဆိုင်ကျော်ဖြတ်သွားမည်။ ချစ်တတ်သူတိုင်းအတွက် အမှတ်တရဖြစ်စေသော ချစ်သူများနေ့မှာ .... များပြားလွန်းသောအလုပ်များကြား Stress များစွာဖြင့် အလုပ်များနေမည်ဖြစ်သော ချစ်သူထံမှ ပေးနိုင်သော အချိန်တစ်ခုကိုသာ စောင့်စားနေမိသည်။ လေပြေနုနုလေးများဖြင့် ကြိုဆိုနေမည်ဖြစ်သော ညနေခင်းအချိန်အခါမှာ ကျွန်မချစ်သောနှလုံးသားပိုင်ရှင်အတွက် အမှတ်တရလေးတစ်ခုကိုလည်း ကြိုတင်စီစဉ်ထားဖြစ်သည်။



ချစ်သူများနေ့အတွက် အမှတ်တရချစ်ခြင်းလက်ဆောင်တွေ ဖလှယ်ရာမှာ အကောင်းဆုံးသော လက်ဆောင်က မိမိချစ်သူနှင့်အတူရှိနေခြင်းပင်ဖြစ်သည် . ။ ညနေခင်းအချိန်အခါတိုင်း ချစ်သူလက်ကိုတွဲပြီး အေးချမ်းသော ကမ်းခြေလေးမှာ လမ်းလျှောက်ရတာကို ကျွန်မ အလွန်ခုံမင်မက်မောသည်။ မကြာခင်မှာ တည်ဆောက်ရတော့မည့် အနာဂတ်ခရီးလမ်းဘ၀တစ်ခုအတွက် ပိုမိုကြိုးစားနေသော ချစ်သူအတွက် တစ်ဘ၀လုံး ကျွန်မ ပေးအပ်သွားမည့်အရာမှာ မပြောင်းလဲသော ချစ်ခြင်းမေတ္တာ ၊ အကြင်နာ ၊ သစ္စာတရားအားလုံးဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ကျွန်မ၏နှလုံးသားတစ်စုံပင်ဖြစ်ပါသည်။

ကမ္ဘာပေါ်မှာ
ကံအကောင်းဆုံးမိန်းကလေး

ချစ်သူရေ .... ငါလားကွယ် .. ။

မင်းအချစ်တွေပြည့်နှက်နေတဲ့
ချစ်ခြင်းမေတ္တာရပ်ဝန်းမှာ
ငါ့ဘ၀ရဲ့ပျော်ရွှင်မှုမီးအိမ်
တစတစပိုမိုထွန်းလင်းလာခဲ့တယ် .. ။

မင်းအားပေးမှုတွေအောက်
ငါ့ယုံကြည်ခြင်းခြေလှမ်းတွေ
ပိုမိုရဲရင့်ခဲ့ ..
မင်းအကြင်နာမျက်ဝန်းအောက်
ငါ့စိတ်ဓါတ်တွေ
ပိုမိုနူးညံ့ခဲ့ ..
မင်းပေးတဲ့မေတ္တာအချစ်စစ်တွေနဲ့
ငါပိုမိုနွေးထွေးခဲ့ချိန်မှာ
ငါက ...
မင်းမြတ်နိုးမှုတွေကိုသရဖူဆောင်းပြီး
ပျော်ရွှင်ခြင်းတွေပြည့်နှက်
အားမာန်သစ်တွေပိုမိုတိုးရင်း
ဘ၀ရဲ့အဓိပ္ပါယ်ကိုသိမြင်လာရသူပါ .. ။

မင်းချစ်ခြင်းပန်းတွေ
ဖွေးဖွေးလှုပ်ပွင့်နေတဲ့
မေတ္တာဥယျာဉ်ထဲမှာ
ငါ့ခြေလှမ်းတွေသက်ဆုံးတိုင်လှမ်းချင်တယ် .. ။

မင်းပျော်ရွှင်မှုတွေပွင့်လန်း
မင်းစိတ်ဓါတ်တွေပိုမိုထက်မြက်
မင်းဘ၀တစ်ခုလုံးပိုမိုအောင်မြင်ထူးချွန်
အရာအားလုံးမင်းဘ၀မှာပြည့်စုံလာစေဖို့
မင်းဘေးနားမှာ ထာဝရရှိနေချင်မိတယ် .. ။

သစ္စာဆိုတဲ့ခြံစည်းရိုးနဲ့ဘောင်ခတ်
ပျော်ရွှင်ခြင်းပန်းပွင့်တွေအတူတူခူးဆွတ်
အချစ်စစ်တွေပြည့်နှက်နေတဲ့
အကြင်နာမေတ္တာနှလုံးသားအိမ်လေးထဲမှာ
နားလည်ယုံကြည်မှုအခြွှေအရံတွေနဲ့
မင်းရင်ခွင်မှာနားခိုချင်မိတယ် .. ။

နွေနေပူမှာလည်းအတူတူ
လေပြေနုတွေလည်းအတူတူခံစား
ကြမ်းတမ်းတဲ့မိုးရာသီခရီးမှာလည်း
မခွဲအတူယှဉ်တွဲသွားရင်း
အေးစက်စက်ဆောင်းလရာသီမှာလည်း
မင်းနဲ့အတူ ရှိနေမယ့်သူပါ .. ။


ချစ်တတ်သူများအားလုံး ချစ်သူများနေ့မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင် .. ။ ဒီလ (၇)ရက်နေ့မှာ အကြောင်းအမျိုးမျိုးကြောင့် ဘာမှမရေးဖြစ်ခဲ့တာမို့ ချစ်သူများနေ့အမှတ်တရအဖြစ် အယ်စိုင်းဇီသီချင်းအချို့မျှဝေခံစားပေးလိုက်ပါသည်။

လှည့်ကြည့်ပါဦးလား
မိုးရာသီထဲ
မင်းမသိတဲ့အချစ်
အဝေးကချစ်သူ
ဒီညနေခင်း
လာချင်ရင်အနီးလေး
အလွမ်းနဲ့ရူးပြီ
သွားစို့အဝေး
ပြန်လာခဲ့
မလိခမှအလွမ်းများ
ထင်နေတာမှားပြီ
အရူးမလုပ်နဲ့
လမ်းပြကြယ်
အချစ်အတွက်ကံမကောင်းခဲ့သူ
ရေစီးကြောင်းသံယောဇဉ်

Read More...

Wednesday, February 13, 2008

၉၃နှစ်ပြည့်ဗိုလ်ချုပ်မွေးနေ့


ဒီနေ့ .. ကျွန်မတို့မြန်မာလူမျိုးအားလုံး၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ .. ။ ဗိုလ်ချုပ်အကြောင်း စာပေတွေဖတ်ရတိုင်း ၊ ပိုမိုသိရှိရတိုင်း ဗိုလ်ချုပ်ကို ပိုမိုလေးစားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓါတ်ရဲရင့်ပြတ်သားမှု ၊ ကြိုးစားမှု ၊ လွတ်လပ်ရေးအတွက် ဆောင်ရွက်မှု ၊ ဥာဏ်အမြော်အမြင်ကြီးမားမှု အစရှိသည်တို့မှာ မျိုးဆက်သစ်လူငယ်တိုင်း အတုယုရမည့် အချက်များပင်ဖြစ်သည်။ ထိုခေတ်ထိုအချိန်ခါက ချမှတ်ခဲ့သော ဗိုလ်ချုပ်လမ်းစဉ်များကိုဖတ်ရတိုင်း ဗိုလ်ချုပ်၏တွေးခေါ်မှုကို အတိုင်းထက်အလွန်ပိုမိုလေးစားရသည်။ အခုတော့ .. တာဝန်မကျေသေးသော မျိုးဆက်များ၏တိုက်ပွဲအတွက် ဗိုလ်ချုပ်ဓါတ်ပုံကိုပင် ကြည့်ရမှာ ရှက်မိသည်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို မြန်မာပြည်သူလူထုရင်ထဲမှ ထုတ်ဖယ်ချင်သော နအဖ၏ရည်ရွယ်ချက်ကို အထမမြောက်စေရန် ကျွန်မတို့မျိုးဆက်သစ်လူငယ်အားလုံးက အမြဲတမ်း လက်ဆင့်ကမ်းအမွေပေးသွားရပါမည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၉၃နှစ်မြောက်မွေးနေ့အမှတ်တရအဖြစ် ဗိုလ်ချုပ်မိန့်ခွန်းအချို့ကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းနှင့်ပတ်သတ်သော ဆောင်းပါးအချို့ကို ကျွန်မဘလော့ခ်မှာ ဖော်ပြပေးခဲ့ဖူးပါတယ်။ မဖတ်ရသေးသူများအတွက် လင့်ခ်ပြန်ချိတ်ပေးလိုက်ပါတယ်။

ငါးမူးတန်းမှာရုပ်ရှင်ကြည့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း
စာရေးဆရာဖြစ်ချင်သောဗိုလ်ချုပ်အောင်ဆန်း(၁)
စာရေးဆရာဖြစ်ချင်သော ဗိုလ်ချုပ်အောင်ဆန်း(၂)
ကားပျက်၍ခြေလျင်လျှောက်ခဲ့သောဗိုလ်ချုပ်
ဗိုလ်ချုပ်အောင်ဆန်း၏ပင်ကိုယ်သဘာဝစရိုက်

ကျွန်မလိုက်လံရှာဖွေစုဆောင်းထားသည့် ဗိုလ်ချုပ်နှင့်ပတ်သတ်သော အခြားစာအုပ်များကိုလည်း ဒေါင်းလော့ခ်ဆွဲဖတ်ရှုနိုင်ပါတယ်ရှင်။ (Right Click နှိပ်ပြီး ဒေါင်းလော့ခ်ဆွဲယူလျင် ပိုမိုအဆင်ပြေပါလိမ့်မည်။)

ဗိုလ်ချုပ်၏လမ်းညွှန်ချက်(၇)ချက်
အောင်ဆန်း(သို့မဟုတ်)အရိုင်း
ကျွန်တော်တို့မှတ်မိသိရှိသမျှဗိုလ်ချုပ်
နိုင်ငံရေးသမားအောင်ဆန်း
ဗမာ့အောင်ဆန်း(၁)
ဗမာ့အောင်ဆန်း(၂)
ဗမာ့အောင်ဆန်း(၃)
တို့ဗမာအစည်းအရုံးခေတ်က ဗိုလ်ချုပ်အောင်ဆန်း
မှတ်မိသမျှကိုအောင်ဆန်း၏ကျောင်းသားဘဝ

ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး

၁၉၄၅ ခုနှစ် သြဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံ ခေါင်းဆောင်များ အစည်းအဝေးတွင် မြွက်ကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်


“ဖက်ဆစ် ၀ါဒ ကမ္ဘာမှာ ပပျောက်ရေးကို ကျွန်တော်တို့ ရည်ရွယ်ချက်ထဲမှာ ထည့်ထားတယ်။ ကမ္ဘာမှာ အဲဒီ ၀ါဒမျိုးကို တိုက်ဖျက်မဲ့လူတွေနှင့် အမြဲ ပူးပေါင်းပြီး အခွင့်အာဏာရတိုင်း ဆောင်ရွက်ဖို့ဘဲ။

အထူးသဖြင့် ကျွန်တော်တို့ တိုင်းပြည်မှာ ဒီဝါဒမျိုး လုံးဝ မရှိနိုင်အောင် လုပ်ရမယ်၊ အာဏာရှင်ဝါဒ၊ လူမျိုး အချင်းချင်း မုန်းတီးရေးဝါဒ၊ ဂျပန်ပြည်မှာလို စစ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့ စစ်ဖက်အာဏာရှင်စနစ်၊ သက်ဦး ဆံပိုင် ရှင်ဘုရင် စနစ်ဝါဒ၊ အဲဒီဝါဒမျိုး အငယ်စားဖြစ်တဲ့ ပဒေသရာဇ် မြို့စားရွာစား ၀ါဒ (Feudalism) အထက်ကသာ ခန့်ထားပြီး တိုင်းသူ ပြည်သား ဆန္ဒအရ မဟုတ်ဘဲ တိုင်းသူပြည်သား တွေနှင့် ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ခြယ်လှယ်တဲ့ စနစ်ဆိုးတမျိုးရှိနေယင် အများပြည်သူ တို့ ဆန္ဒနှင့် လုပ်ကိုင် ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစား နိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ ပေါ်လာ နိုင်တယ်။ ဒီဝါဒမျိုးတွေ ပေါ်လာယင် တိုင်းသူ ပြည်သား တွေဟာ လွပ်လပ်ရေး ဆိုတာကို မရနိုင်တော့ဘူး။

ဒါကြောင့် ကျွန်တော်တို့ဟာ ဒီမိုကရေစီ ၀ါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်။ အဲဒီ ၀ါဒမျိုးအရသာ လွပ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင် ကြိုးစားရမယ်။ ဒါမျိုးမလုပ်နိုင်ယင် ဗမာပြည်က လူတွေဟာလဲ နစ်နာမယ်။ ကျွန်တော်တို့ ပြည်ကိုလဲ ကမ္ဘာက ကြည့်နေလို့ မရတဲ့တနေ့ ဂျပန်နဲ့ ဂျာမနီ ၀ိုင်းပြီး အနှိမ်ခံ ရသလို အနှိမ်ခံရမယ်ဆိုတာ သတိချပ်ကြရမယ်။ ဒီမိုကရေစီ ၀ါဒသာ လွတ်လပ်ရေး နှင့် ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အား ပေးတယ်။ အဲဒါကြောင့် ဒီဝါဒကိုသာ ကျွန်တော်တို့ ရည်ရွယ်ရမယ်။ ဒါဖြင့် ဒီဝါဒဟာ ဘာလဲ ဆိုတာကိုလဲ ရှင်းပြချင်သေးတယ်။

ကျွန်တော်တို့ အမြင်အရဆိုယင် တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုဟာ လူတဦးထဲက ခေါင်းဆောင်မှုမျိုး မဟုတ်ဘဲနှင့် အဖွဲ့နှင့် ခေါင်းဆောင်မှုမျိုး ဖြစ်ရမယ်။ အဖွဲ့ရဲ့ ဆန္ဒမဟုတ်ဘဲ ငါ့ဆန္ဒ ငါ့သဘော လုပ်တဲ့ ခေါင်းဆောင်မှုမျိုး မဟုတ်ဘဲ၊ အဖွဲ့ရဲ့ ဆန္ဒယူပြီး အဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ ခေါင်းဆောင်မှုမျိုး ဖြစ်ရမယ်။

လူမျိုးရေး တရားဟာလဲ ငါ့လူမျိုးမှ ငါ့လူမျိုး၊ တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ်။ ငါ့လူမျိုးသာ ကမ္ဘာ ကြီးစိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရား မဟုတ်ဘဲ ကိုယ့်လူမျိုး ကိုယ်ချစ်ခင် သော်လဲ တခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင် သေးခြင်း မဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည် အချင်းချင်း သင့်မြတ်စွာ တဦး အကျိုး တဦး ဖြစ်ပွားစေအောင် ဆောင်ရွက်တဲ့ လူမျိုးရေး တရားမျိုးလဲ ဖြစ်ရမယ်။ ဂျပန်ပြည်မှာလို စစ်ဘက်က လက်ဝါးကြီးအုပ်ပြီး တိုင်းပြည်လွှတ်တော်က ဘာမှ အစိုးမရတဲ့ စစ် အာဏာရှင် ၀ါဒမျိုး မရှိရအောင် စစ်ဖက်ကို တိုင်းပြည် လွှတ်တော်က အုပ်စိုးနိုင်ခွင့် ရှိရမယ်။

နောက် လွတ်လပ်စွာ ဖော်ပြခွင့် စည်းရုံးခွင့် အစည်းဝေးခေါ်ခွင့်နှင့် စီတန်းလမ်းလျောက်ခွင့်၊ လွတ်လပ် စွာ တွေးတောခွင့်၊ ကိုးကွယ်လိုရာ ဘာသာ ကိုးကွယ်ခွင့်၊ တရားနဲ့ မညီသော အဖမ်းအဆီး အချုပ်အနှောင်မှ ကင်းလွတ်ခွင့်၊ ကိုယ်ရေး လွတ်လပ် ခွင့်၊ ကိုယ့်အိမ် ကိုယ့်ယာနှင့် နေထိုင်ခြင်းကို မတရား သဖြင့် နှောင့်ယှက် ခြင်းမှ ကင်းလွတ်ခွင့်၊ လူတိုင်း ပညာ သင်ကြားနိုင်ခွင့်၊ အခမဲ့ ဆေးဝါး အကူအညီ ရရှိခွင့်၊ မတရားသဖြင့် စီးပွား ချုပ်ချယ်မှုများမှ လွတ်ကင်းချမ်းသာခွင့်၊ အလုပ်သမား လယ်သမားများရဲ့ အနည်းဆုံး အခွင့်အရေးများကို အစိုးရ မှ စောင့်ရှောက်ပေးခြင်း၊ လူနည်းစု တိုင်းရင်းသားများဧ။် အနည်းဆုံး အခွင့်အရေးများကို အစိုးရမှ စောင့်ရှောက် ပေးခြင်း၊ တိုင်းပြည်တွင် တိုင်းရင်းသား လူမျိုးတိုင်း ကိုယ့်ဘာသာ၊ ကိုယ့်ဓလေ့၊ ကိုယ့်ယဉ်ကျေးမှု အတိုင်း ဆောင်ရွက်နိုင်ခွင့်၊ အိုစာ နာစာ၊ အထိ အခိုက် လျော်ကြေး ရံပုံငွေ အစရှိသည်တို့ကို အစိုးရက ထားပြီး အိုမင်း၍လည်းကောင်း၊ နာဖျား၍လည်းကောင်း၊ ထိခိုက် နာကျင်၍ လည်းကောင်း၊ အလုပ်လုပ်ချင်သော်လည်း အလုပ် မရနိုင်၍ သော်လည်းကောင်း၊ အသက်မွေး ၀မ်းကျောင်း မပြုစွမ်း နိုင်သူ များသည် အစိုးရဧ။် အထောက်အပံ့ကို ရရှိခွင့်၊ ဒီမိုကရေစီ အခွင့်အရေး မျိုးတွေလဲ ရှိရမယ်။

အထက်ပါ အချက်တွေဟာ ဒီမိုကရေစီ ၀ါဒတွေရဲ့ အခြေခံတွေပဲလို့ ယူဆတယ်။ ဒီလို အခြေခံ တရားတွေကို ရည်ရွယ်ရင်း ရှိတဲ့ အဖွဲ့အစည်းဟာလည်း ဒီတရားတွေ နဲ့ညီတဲ့ အများဆန္ဒ အရ ရွေးကောက်ခြင်း၊ ဆုံးဖြတ်ခြင်း၊ ဆောင်ရွက် လုပ်ကိုင်ခြင်း စတဲ့ နည်းစနစ်မျိုးသာ သုံးရပေလိမ့်မယ်။”

Read More...

Tuesday, February 12, 2008

အံ့သြစရာ ပြည်မြန်မာ


`ဘာပြောတယ် လော်ရာ´

`စိတ်မ၀င်စားဘူးလို့ ပြောတာပါ ဒယ်ဒီ ´

`မရဘူးသမီး ။ ဒီခေတ် ဒီအချိန်ခါကြီးထဲမှာ သမီး ဗမာစကားမတတ်လို့မရဘူး´

`ဒါဆိုလဲ နောက်မှတက်မယ်ဒယ်ဒီ။ အခု သမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုသင်တန်းတွေတက်ရဦးမယ်´

`အဲဒါ ခက်တာပဲ .. မင်းတို့ကလေးတွေ ဘာကအရေးကြီးလဲဆိုတာ မခွဲခြားနိုင်သေးဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာမင်းသွားချင်တဲ့နိုင်ငံဆီသွားပြီး အလုပ်လုပ်လို့ရပြီ။´


`အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ရဦးမလား ဒယ်ဒီရာ´

`၀င်ပြီလား သမီး .. ကဲ မင်းဗမာစာ ၊ ဗမာစကားတတ်ပြီဆိုပါတော့ .. ။ မင်း ရန်ကုန်က မာစတာသင်တန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်း စာခန့်တွေဖတ်လို့ရမယ်။ ပြီးတော့...´

`ရှိတ်စပီးယားပဲ ကောင်းရဦးမလား ဒယ်ဒီရာ။ ဂျာမန်လူမျိုးအဖေက ဒီလိုပြောတာကို အံ့သြမိပါရဲ့´

`ဘာကွ .. အေး ၂၀၀၀ ပြည့်နှစ်လောက်ကဆို ငါပြောတာမှားချင်မှားမယ်။ အခုလို အချိန်မှာတော့ မင်းဗမာစာမတတ်ရင် ဘာဖြစ်သွားမှာလဲသိလား´

`သိပ်တော့မထူးပါဘူး´

`ဟာ .. သိပ်ထူးတာပေါ့ သမီးရယ်။ ဒယ်ဒီပြောပြမယ် နားထောင်။ ဗမာစာမတတ်ရင် နောက်နှစ်ဆန်းမှာထွက်လာမယ့် Window Popa (၀င်းဒိုးပုပ္ပါး)ကို မင်းဘယ်လိုသုံးမလဲ။ ထားပါတော့ .. မင်းက open source တို့ Linux တို့ရဲ့ ဟင်္သာရောင်အပိုင်း(၆) .. ( Hintha Shine Core 6 ) ကိုရော ဘယ်လိုကိုင်တွယ်မလဲ .. ။ အလုပ်လုပ်လို့ မကောင်းတော့တဲ့ Window Vista နဲ့ နေခဲ့ချင်ရင်တော့ မင်းအမေရိကကိုသွားတော့။ ခေတ်ရှေ့ပြေးနေတဲ့ အရှေ့တောင်အာရှကို မလာနဲ့တော့။ နောက်ပြီး Cell Phone နဲ့ မြေပုံစနစ်တွေမှာဆိုရင် ဗမာစာမတတ်ရင် မင်းသုံးရခက်ပြီ´

`ဘာဆိုင်လဲဒယ်ဒီရာ´

`ဆိုင်တာပေါ့ .. On Touch Screen နဲ့ Voice Command တွေသုံးထားတဲ့ (ဆ.သ.ရ) အမျိုးအစားဖုန်းတွေကို မင်းဘယ်လိုအသုံးချမလဲ။ မြေပုံစာတန်းတွေကလည်း ဗမာလိုတွေလေ´

`Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လိုသုံးပါသေးတယ်ဒယ်ဒီရာ´

`ဒယ်ဒီသိပြီ .. ငါ့သမီးက ၀ိဇ္ဖာတန်းတက်ပြီး ခေတ်နဲ့မျက်ခြေပြတ်နေတာကိုး .. ။ မင်းပြောတဲ့တံဆိပ်တွေက နည်းပညာပိုင်းမှာ (ဆ.သ.ရ)ကို မမှီတော့ဘူးကွ။ စစ်ကိုင်းမှာ လုပ်သွားတဲ့ (ဆ.သ.ရ) အရောင်းမြှင့်တင်ရေးကို M.R.T.V ၂၃က တိုက်ရိုက်လွှင့်လို့ ဒယ်ဒီကြည့်လိုက်ရတယ်။ သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုန်းတွေပဲသမီး . ။ Nokia ဆိုတာ ကလေးကစားတာပါကွာ။ ကဲ .. ဒီတော့ သမီးဗမာစာသင်တန်းတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီဗမာပြည်သွားရင် လိုက်ခဲ့တော့ .. ဟုတ်ပြီလား´

`ဗမာပြည်ဝင် ဗီဇာက ထင်သလောက် မလွယ်ဘူးနော်။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ´

`ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကိုသွားမယ်။ ဗမာပြည်လုပ် `မိုးယံဆင်´ငါးထပ် လူစီးလေယာဉ်ကို အဓိကကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး။ ပြီးတော့ မြကျွန်းသာပန်းခြံထဲက ရေအောက်ပြခန်းလုပ်မယ့် စက်ရုပ်အလေးမပြိုင်ပွဲပါ ၀င်ကြည့်မလို့လေ´

`စိတ်ဝင်စားဖို့တော့ကောင်းသား .. ဒါပေမယ့် အစားအသောက်ကရော အဆင်ပြေပါ့မလားဒယ်ဒီ´

`ဟားဟား ငါ့သမီးကလဲ သူ့အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ် .. ဒီမယ် ငါ့သမီး . ဗမာပြည်မှာ မရတာမရှိတော့ဘူး။ သမီးဘာစားချင်သလဲ။ အဆူးမပါ အနံ့ကင်းတဲ့ ၂၀၀၄ခုနှစ် စတိုင်ဒူးရင်းသီးလား။ သယ်ယူရ လွယ်ကူတဲ့ လေးထောင့်ပုံကြက်ဆင်ဥလား။ လေဆာနဲ့အရိုးတွေကိုချေပြီး တစ်ကောင်လုံးဝါးစားလို့ရအောင် လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။ ဥရောပတွေအတွက် သီးသန့်လုပ်ထားတဲ့ အဖြူရောင်ပုန်းရေကြီးလား .. ဒါမှမဟုတ်´

`တော်ပါပြီဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ .. သွားရေးလာရေးနဲ့ဆက်သွယ်ရေးက .. ´

`သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ ။ ဗမာပြည်သွားမယ်ဆိုရင် ဒါတွေထည့်စဉ်းစားဖို့ကို မလိုတော့ဘူးလေ။ လေယာဉ်ပေါ်ကဆင်းတာနဲ့ အောက်ဆီဂျင်စစ်စစ်ပေးထားတဲ့ လေရှုဘေးတွေ ထုတ်ပေးမယ်။ နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင့်တော့ သမီးမပူရတော့ဘူး။ သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးမယ့်ကားတံခါးကိုလာကပ်မယ့် Tube တွေရှိတယ်။ အဲဒီအပေါ် ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျောက်ရွေ့လျားသွားပြီး သမီးကို Reception ကိုပို့ပေးလိမ့်မယ်။ အဲဒီမှာ ဘာသာစကားအနည်းဆုံး ၅၉၀လောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ် .. ။ နောက် ဘာတဲ့ ဆက်သွယ်ရေး ဟုတ်လား။ ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့ အင်တာနက်ကွန်နက်ရှင်ရပြီး GSM တွေသယ်လာရင်ပြောလို့ရပြီ။ အဲ .. ကိုယ့်ဖုန်းကိုယူလာဖို့ မေ့ရင်လည်း မပူနဲ့။ လေဆိပ်မှာ လက်ကမ်းစာစောင်ဝေသလို GSM တွေဝေနေတဲ့ ချာတိတ်တွေရှိတယ်။ ကြိုက်တဲ့ SIM Card ရွေးယူ။ Hand Set ကတော့ ထုတ်ထားတာ ၂ပတ်ကြာတဲ့ မော်ဒယ်ဆိုရင် အလကားယူလို့ရတယ်လေ။ အများစုကတော့ ဆသရလို့ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ်တွေပဲ´

`သြော် ကောင်းလိုက်တာနော် အစိုးရနဲ့နိုင်ငံရေးရော ....... ´

`အစိုးရ ... အစိုးရ .. ဒီအစိုးရတော့ကွာ .. ဒီလိုရှိတယ် ... ဒယ်ဒီပြောမယ်´

ထိုစဉ် `ဆိုက်ကားအားလား´ဟူသော ခရီးသည်အသံကြောင့် ကျွန်တော်လည်းအိပ်ယာလန့်နိုးသွားကာ ခရီးသည်ကို လိုရာသို့တင်ဆောင်လိုက်ပို့လေသတည်း။

ပြည်ချစ်သူ

မှတ်ချက်။ ဖေဖော်ဝါရီလထုတ် အာဟာရစာစောင် အမှတ်(၈၄)မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Read More...

ပြည်ထောင်စုနေ့


၆၁နှစ်မြောက် ပြည်ထောင်စုနေ့ကား ရောက်ရှိလာခဲ့ပေပြီ ။ တောင်ပေါ် မြေပြန့်အားလုံးလက်တွဲကာ ညီညွတ်ရေးတည်ဆောက်ခဲ့သော ဖယ်ဒရယ်ပြည်ထောင်စုအဖြစ် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာခဲ့သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်နယ်ခေါင်းဆောင်များ၏ ဆွေးနွေးစည်းရုံးနိုင်မှုကြောင့် ဤညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့ကြသည်။

ပြည်ထောင်စုစိတ်ဓါတ်ဆိုသည်မှာ တိုင်းရင်းသားအချင်းချင်း ၊ တောင်ပေါ် မြေပြန့်အားလုံး တူညီလက်တွဲကာ အကျိုးတူဝေမျှခံစားကြခြင်းဖြစ်သည်။ ပြည်ထောင်စုနေ့ကိုတော့ မြန်မာပြည်မှာ သတ်မှတ်ထားပြီး နအဖဘက်မှ အမှန်တကယ် မကျင့်သုံးတာတော့ ရှက်ဖွယ်ကောင်းလှသည်။ ပြည်ထောင်စုစိတ်ဓါတ်အမှန်တကယ်တည်ဆောက်ရင်း ပြည်တွင်းပြည်ပ မြန်မာလူမျိုးအားလုံး လိုရာပန်းတိုင်ရောက်ဖို့ ဆက်လက်ကြိုးစားကြပါစို့။

ပြည်ထောင်စုနေ့အမှတ်တရအဖြစ် ညီညွတ်ရေးနှင့်ပတ်သတ်သော ဗိုလ်ချုပ်မိန့်ခွန်းအချို့ကို ဒေါက်တာလွဏ်းဆွေဘလော့ခ်မှ ကူးယူဖော်ပြပေးလိုက်ပါတယ်ရှင်။

အမျိုးသားညီညွတ်ရေး

၁၉၄၆ခုနှစ် ဇန်န၀ါရီလ (၁၉)ရက်နေ့၌ ရွှေတိဂုံဘုရားအလယ်ပစ္စယံတွင် စတင်ကျင်းပသော (ဖဆပလ) ပြည်လုံးကျွတ် ညီလာခံသဘင်ကြီးသို့ မြန်မာတပြည်လုံးမှ လူထုကိုယ်စားလှယ်များနှင့် ပရိသတ်ပေါင်း နှစ်သိန်းကျော် တက်ရောက်ကြ၏။ ယင်းလူထုညီလာခံကြီးတွင် (၂၃၊ ၁၊၄၆)ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းက ညီညွတ်ရေးအဆိုကို အကျယ်တ၀င့် ရှင်းလင်းတင် သွင်းခဲ့လေသည်။ ထိုအဆို တင်သွင်းရာတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောသွားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

“နိုင်ငံရေးဆိုတာ ထင်လာအောင်၊ မြင်လာအောင် ဘယ်လိုလုပ်ရမလဲ၊ လယ်သမားဟာ သူနေ့တိုင်း တွေ့နေရတဲ့ ကိစ္စတွေကို ဆောင်ရွက်ပေးတဲ့အဖွဲ့ ရှိရမယ်။ ဒီအဖွဲ့ရှိတဲ့အခါကျတော့ ဒီအဖွဲ့ကြီးမှ လယ်သမားတွေက အမြဲအာရုံစိုက်ပြီး နေလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် သူတို့အကျိုးကို ဆောင်ရွက်နေတဲ့ အဖွဲ့ကြီးဖြစ်တယ်။ သူတို့ရဲ့ ပြဿနာတွေကို အမြဲတမ်းလုပ်နေတဲ့ အဖွဲ့ကြီးဖြစ်တယ်။ သူတို့ရဲ့ စိတ်ဝင်စားမှုဟာ လျော့ပါးမသွားဘူး။ အဲဒီလိုမဟုတ်ဘဲနဲ့ မြေမထိ မိုးမထိ အဖွဲ့အစည်းတွေ ဖွဲ့ထားလို့ရှိရင် တိုင်းသူပြည်သားတွေက ခဏစိတ်ဓာတ်တက်တုန်း လိုက်ပါပြီးတော့ နောက်ဆုံး စိတ်မပါတဲ့အခါကျတော့မှ အမြဲလူတွေနဲ့ စိတ်ဆိုတာ အမြဲတမ်းပါနေမှာ မဟုတ်ဘူး။ အခုတခါ အစည်းအဝေးကြီးတွေ လုပ်တယ်။ သိပ်ပြီးတော့ စိတ်ဓာတ်တက်သွားတယ်။ တော်တော်ကြာ အိမ်ပြန်ရောက်သွားတော့ လူမှုဒုက္ခတွေ တွေ့သွားတဲ့ အခါကျတော့ လူတွေဟာ စိတ်ဓာတ်ပျက်လာရော၊ ဟိုသတင်းကြား ဒီသတင်းကြားဆိုရင် စိတ်ပျက်လာမယ်။ ကိုယ့်ဝမ်းစာ အတွက် လုပ်ကိုင်စား သောက်ရတဲ့အတွက် နေ့စာနေ့၊ ညစာညကြောင့် မေ့ပျောက်ကုန်မယ်။ အဲဒီလိုစိတ်ဓာတ်မျိုး မရောက်အောင် ဆိုင်ရာဆိုင်ရာ လူတွေရဲ့ အကျိုးအမြတ်ကိုကြည့်ပြီး လုပ်နေတဲ့ အဖွဲ့တွေအားဖြင့် ကျနော်တို့က ထိန်းထားရမယ်။

နိုင်ငံရေးဆိုတာ ခဏတဖြူတ် လုပ်တဲ့ဟာမျိုး မဟုတ်ဘူး။ အမြဲတမ်း လုပ်ရမယ်။ အမြဲတမ်းရှိနေ တယ်။

နိုင်ငံရေးဆိုတာ တခါတရံမှ အစည်းအဝေး လုပ်ပြီးတော့ စင်မြင့်ပေါ်က ပြောတဲ့လူကပြော၊ နားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး။ အမြဲတမ်းအားဖြင့် တတိုင်းပြည်လုံးမှာရှိတဲ့ တိုင်းသူပြည်သားတွေဟာ၊ မိမိတို့ရဲ့ ဆိုင်ရာဆိုင်ရာ အကျိုးတွေကို ဆိုင်သလို ဖွဲ့စည်းပြီးတော့ကာ မိမိတို့ပြဿနာတွေကို လုပ်ပြီးတော့ကာ ဖြေရှင်းရန်အတွက် အမြဲတမ်း လုပ်နေတဲ့ကိစ္စ၊ ဒီတော့ကာ အားလုံးလူတွေရဲ့ အကျိုးကိစ္စ၊ လူတွေရဲ့ နိုင်ငံရေး၊ ဒီတော့ အဲဒီလိုဖြစ်အောင် လုပ်နိုင်ဖို့ဆိုတော့ ဆိုင်ရာဆိုင်ရာ အဖွဲ့တွေက ကြည့်ပြီး ထိန်းထားမှသာ လူတွေလည်း အမြဲတမ်း နိုင်ငံရေးမှာ စိတ်ပါဝင်စားပြီးတော့ တတိုင်းတပြည်လုံးပေါ်မှာရှိတဲ့ လူတွေဟာ နိုင်ငံရေးသမား ဖြစ်လာအောင်၊ နိုင်ငံရေး စိတ်ဝင်စားလာအောင် ဒီလိုအဖွဲ့တွေ ရှိရမယ် …။”

နိဂုံးချုပ်တွင် လူငယ်ခေါင်းဆောင်များကို …

“ကျုပ်လည်း လူငယ်ဖြစ်တဲ့အတိုင်း အထူးမေတ္တာရပ်ခံ သွားချင်တယ်။ လူငယ်တွေဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘယ်လောက် လုပ်တယ်ဆိုတာလည်း လူအများအပြား သိကြတာပဲ။ လူကြီးတွေ ဆိုတာလည်း ဒီတိုင်းပြည်မှာ အတော်ပဲ မရှိကြတော့ဘူး။ လူငယ်တွေရဲ့ ခေတ်ရောက်လာပြီ။ ဒီလို မိမိတို့ခေတ် ရောက်လာတဲ့အခါ မိမိတို့ဟာ ရှေ့က နိုင်ငံရေးသမားတွေ မှားသလို မမှားကြတော့ဘဲ၊ နည်းသစ်၊ အလုပ်သစ်၊ စိတ်သစ်၊ နိုင်ငံရေးသစ်ကို လုပ်ဖို့ အထူးသတိပြုစေ လိုပါတယ်။ တဦးနဲ့ တဦးလည်း အယုံအကြည် အရမ်းမကင်းကြပါနဲ့။ တဦးနဲ့ တဦးလည်း ဝေဖန်လွန်းအားမကြီးပါနဲ့၊ ရှေ့ကိုလည်း သိပ်လောမကြီးပါနဲ့၊ သိပ်လောကြီးရင် စစ်ကျွံသလို ဖြစ်မယ်ဆိုတာကို သတိပြုပါ။”

Read More...

Monday, February 11, 2008

အာဟာရစာစောင် အမှတ်(၈၄)

ပထမဦးဆုံး (၇)နှစ်ပြည့် အာဟာရစာစောင်အတွက် အားပေးဂုဏ်ယူမိပါကြောင်း ပြောပါရစေ .. ။ အတွေ့အကြုံများသော ပုဂ္ဂိုလ်များ၏ အတွေးအခေါ်များ ၊ ဆောင်းပါးကောင်းများ ၊ ရသစာပေများ ၊ ရင်ကိုထိမှန်စေသော ကဗျာများ ၊ ဆွေးနွေးခန်းများ အစရှိသည်တို့ဖြင့် မွမ်းမံပြည့်နှက်နေသော အာဟာရစာစောင်ခရီးလမ်းအတွက် အားပေးသူများလည်း တစတစပိုမိုများပြားနေမယ်ဆိုတာ ကျွန်မယုံကြည်မိပါတယ် .. ။

စာစောင်တစ်စောင်ဖြစ်ဖို့ အလွန်အကျွံ မခဲယဉ်းပေမယ့် စာစောင်ကောင်းတစ်ခုဖြစ်ဖို့ဆိုတာတော့ မလွယ်ကူပါဘူး ။ အာဟာရ၀ိုင်းတော်သားများရဲ့ စေတနာမှန် ၊ သစ္စာမှန်ဖြင့် ၀ိုင်းဝန်းကြိုးပမ်းမှုကြောင့် အာဟာရစာစောင်ဟာ မျိုးချစ်ပြည်မြန်မာများအားလုံးအတွက် အဖိုးတန်စာစောင်တစ်ခု ဖြစ်နေမယ်ဆိုတာ အကြွင်းမဲ့ယုံကြည်ထားပါတယ်။ အာဟာရစာစောင်ရှေ့ဆက်ခရီးလမ်းတစ်လျှောက်မှာ အမှန်တရားသစ္စာအတွက် ပိုမိုခိုင်မာထူးချွန်အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ဖေဖော်ဝါရီလထုတ် အာဟာရစာစောင်ကတော့ အထူးထုတ်မို့ထင်ပါရဲ့ .. ပြောစရာမလိုလောက်အောင် ဖတ်ရတာ အထူးနှစ်သက်လှပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အတွက် ဗိုလ်ချုပ်မိန့်ခွန်းအချို့ကိုလည်း ထည့်သွင်းဖော်ပြပေးထားတာ အင်မတန်ကျေးဇူးတင်မိပါတယ်။ ကဗျာများကလည်း စွဲဆောင်မှုအပြည့်ပါပဲ .. ။ ဆောင်းပါးများကိုဖတ်ရတာလည်း အသိပညာရပါတယ်။ အာဟာရစာစောင်မှာ ရေးသားကြတဲ့ စာရေးဆရာများအားလုံးနှင့် အာဟာရ၀ိုင်းတော်သားများအားလုံးကို ကျေးဇူးတင်ရှိမိပါတယ်။ ကျွန်မဘလော့ခ်ကိုအလည်လာသူများအားလုံးလည်း အချိန်ရရင် ဖေဖော်ဝါရီလထုတ် အာဟာရစာစောင်ကို ဖတ်ရှုကြည့်ကြပါဦးရှင်။

Download Aaharasazaung Issue 84

Read More...

Thee Lay Thee in Singapore ( Short Video )


စင်္ကာပူမှာဖျော်ဖြေသွားတဲ့ သီးလေးသီးနှင့်ဆေးရောင်စုံအငြိမ့်အခန်းတိုတစ်ချို့ကိုကြည့်ပြီး ထပ်မံချီးကျူးမိပါတယ်။ သီးလေးသီးအငြိမ့်ကိုအားပေးတဲ့ မိတ်ဆွေများလည်း ပျက်လုံးအချို့ကိုကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အခွေတစ်ခွေလုံးကို လမ်းပြကြယ်စာကြည့်တိုက်မှာ ၀ယ်ယူရရှိနိုင်တယ်လို့ ကြားသိနေရပေမယ့် ကျွန်မသေချာမသိသေးတာမို့ စုံစမ်းသိရှိဝယ်ယူပြီးမှ ကြိုးစားဖော်ပြပေးပါ့မယ်ရှင်။



Read More...

Sunday, February 10, 2008

နအဖရဲ့တိုက်ပွဲခေါ်သံ(ရဲဘော်ငြိမ်း)


န.အ.ဖ ရဲ့ ကြေငြာချက်တွေကို ဆန်းစစ်ကြည့်လိုက်တဲ့အခါ

၁) ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပါယ်ရန်ကြိုးစားခြင်း

၂) ရွေးကောက်ပွဲအနိုင်ရပါတီမှ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦးအပါအ၀င် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိလွှတ်ပေးရေးအား လျစ်လျှူရှုခြင်း။

၃) ၁၉၈၈ လူသတ်မှု ၊ ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှု ၊ စက်တင်ဘာ အရေးအခင်း တွင် သံဃာ တော်များနှင့် လူထု အား သတ်ဖြတ်သည့် တာဝန်ရှိသူများ အား ပြင်းထန်စွာ အရေးမယူခြင်း။

၎) ကျောင်းသားတပ်မတော် ၊ ကေအင်န်ယူနဲ့ အားလုံးသော လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနဲ့ အကြွင်းမဲ့ အပစ်အခတ်ရပ်စဲရေး။


အထက်ပါအချက်သုံးချက်အရ န.အ.ဖ လုပ်မယ့် ဆန္ဒခံယူပွဲဟာ ၁၉၇၄ ခုနှစ် မ.ဆ.လ ပါတီ လုပ်ခဲ့တဲ့ လူထု ဆန္ဒခံယူပွဲထက်ဆိုးတဲ့ ကိစ္စတရပ်ဖြစ်တယ်။ဒါဟာ န.အ.ဖ ဖက်က ပြည်သူလူထုကို တဖက်သတ် အနိုင်ကျင့်စော်ကားမှုတွေအားလုံး နဲ့အတူ ထပ်မံ ပြီး ထမ်းခိုင်းမယ့် ၀န်ထုတ်ဝန်ပိုး တစ်ခုသာဖြစ်တယ်။

ဒီဆန္ဒခံယူပွဲကို နိုင်ငံတကာနဲ့ ကုလသမဂ္ဂကို ထုံးစံအတိုင်း ညာပြီး ပြတဲ့ ပွဲ လူထု ကို သေနတ်နဲ့ချိန် ပြီး ပြတဲ့ သွေးသံရဲရဲ ထဲ က မျက်လှည့်ပြပွဲ တစ်ခုဖြစ်တယ် ။ မြန်မာပြည် ပြည်သူလူထုဟာ ညံ့ဖျင်းနုံနဲ့ ပြီး ငါတို့လုပ်တိုင်း ရတယ်ဆိုတဲ့ န.အ.ဖ ရဲ့ သူတို့ကိုယ်သူတို့အထင်ကြီးမှုနဲ့ တဖက်က ပြည်သူလူထုအပါအ၀င် နိုင်ငံရေးပါတီတွေနဲ့ တကွ တိုင်းရင်းသား တော်လှန်ရေးအင်အားစု အသီးသီး ဒီမိုကရေစီအင်အားစုအသီးသီးကို နားမလှည့်ပဲ မျက်နှာချင်းဆိုင် လည်ဂုတ်ဆွဲပြီး ပါးရိုက်လိုက်တာပဲဖြစ်တယ်။

န.အ.ဖ ဟာ ပြည်တွင်းပြည်ပ အကြပ်အတည်း တွေအားလုံးကို လက်ပူတိုက် လိမ်ညာ ခြိမ်းခြောက်သတ်ဖြတ် လာဘ်ထိုး ချော့မော့ လုပ်ကြံခြင်းတွေနဲ့ သက်ဆိုးရှည်ခဲ့တာ နှစ်ပေါင်းနှစ်ဆယ်ထဲကို ချည်းနင်းဝင်ရောက်လာပြီဖြစ်တယ်။

ပြည်သူလူထု တရပ်လုံးအနေနဲ့ န.အ.ဖ စစ်အာဏာရှင်လုပ်မယ့် လူထု ဆန္ဒခံယူပွဲ ဆိုတာရဲ့ အနှစ်သာရကို ကောင်းကောင်းနားလည်ပြီးသားဖြစ်တယ်ဆိုတာ ယုံမှားသံသယဖြစ်ဖွယ်မရှိဘူး။

စစ်အုပ်စု ဟာ ၁၉၉၀ ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သာ နိုင်ငံတော် အာဏာ အပ်ရမှာဖြစ်တယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့သာ ဦးဆောင်လုပ်ရမယ့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စတွေဖြစ်တယ်။ ဒါကို နားလှည့်ပါးရိုက် ဖို့ တိုင်းရင်းသားတွေကို လိမ်ညာ သုတ်သင်ချင်တဲ့ န.အ.ဖ ရဲ့ အလုပ်မဟုတ်ဘူး ၊

စစ်တပ်ဟာ စစ်တန်းလျားမှာပဲ ရှိနေရမယ်။ အမျိုးသားနိုင်ငံရေးဆိုတဲ့ စကားတစ်ခွန်းနဲ့ ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးဥသျှောင်ကြီးတွေလို သေနတ်ခါးချိတ်ထားတဲ့ အာဏာရှင်တွေအနားယူကြဖို့အချိန်ဖြစ်ပြီ။ စစ်အုပ်စုရဲ့ အထက်ပိုင်း ခြောက်ဆယ်ကျော်တဲ့ ဗိုလ်ချုပ်တွေအကုန်လုံးအငြိမ်းစားယူသင့်ပြီ ။

တပ်မတော် ကို ကမ်းကုန်အောင် ဖျက်ဆီး စရိုက်ဆိုးတွေသွပ်သွင်းပြီး ခါးပိုက်ဆောင်တပ်အနေနဲ့ ကိုယ့် ရဲဘော်ရဲဘက် အငယ်တွေကို ညီရင်းအကို စိတ်မထားပဲ ကိုယ့် အကျိုးစီးပွား ကို ကာကွယ်ရင်ကာကွယ် ၊
မကာကွယ်ရင် ပက်ပက်စက်စက် လုပ်ရက်တဲ့ ဗိုလ်ချုပ်တွေကို တပ်မတော် ထဲက ထုတ်ပယ်အရေးယူဖို့အချိန်တန်ပြီ။

တပ်မတော် တွင်းက ဗိုလ်ချုပ်ကြီးများကစလို့ တပ်သားအထိ အမျိုးသား နိုင်ငံရေး ကို လုပ်ချင်ရင် တပ်မတော်က အငြိမ်းစားယူပြီး ပါတီတစ်ရပ် အဖွဲ့ အစည်းတခုကို ဦးဆောင်ပြီး လုပ် ရမှာဖြစ်တယ် သေနတ်တကားကားနဲ့

ဗိုလ်ကျအနိုင်ကျင့် တာဟာ အမျိုးသားနိုင်ငံရေးမဟုတ်ဘူး အမျိုးသားကျွန်ပြုရေးဖြစ်တယ် ။ တပ်မတော်ဆိုတာ နိုင်ငံတော်ကို ပြည်ပ ရန်က ကာကွယ်ဖို့ပဲဖြစ်တယ် ၊ တရားမျှတတဲ့နည်းနဲ့ ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့ အရပ်သား အစိုးရတစ်ရပ်သာလျှင် တိုင်းပြည်ကို ဦးဆောင်ရမှာဖြစ်တယ် ။ မိန်းကလေးတယောက်ကို အတင်းဗလက္ကာရ ပြပြီးမှ မယားတော်ပါ့မယ် ဆိုတဲ့အချိုးနဲ့ နိုင်ငံတော်နဲ့ ပြည်သူကို စော်ကားမော်ကားလုပ်လာခဲ့တာတွေကို ရပ်ကြဖို့ပြည်သူလူထုက ဘက်ပေါင်းစုံက ၀ိုင်းဝန်းကြိုးပမ်းရမှာဖြစ်တယ်။ န.အ.ဖ ရဲ့ ဆန္ဒခံယူပွဲ ကို လူထု ကြီးတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်ကြမယ်ဆိုတာကို န.အ.ဖ ဟာ ကျိန်းသေသိတယ်။

ဒီတော့ န.အ.ဖ ဟာ လူထုကို ချော့တလှည့်ခြောက်တလှည့်နဲ့ သတ်ဖြတ် ဖမ်းဆီးသင့်တဲ့အစိတ်အပိုင်းကို သတ်ဖြတ်ဖမ်းဆီးမယ် ယခုလဲ ဖမ်းဆီးနေဆဲဖြစ်တယ် ၊ လိမ်ညာချော့ယူ သိမ်းသွင်းရမယ့်အပိုင်းကို လိမ်ညာ ချော့မြှူသိမ်းသွင်းမယ်။ သူတို့ လုပ်နေကြဖြစ်တဲ့ ကြံ့ဖွတ် ဦးဆောင်တဲ့ အတုအယောင် အင်အားပြပွဲကြီးတွေကို ယခုက စပြီး အရှိန်အဟုန်မြှင့်လုပ်သွားကြမှာဖြစ်တယ်။

တကယ်တန်း န.အ.ဖ ဟာ ရှေ့ ကို တိုးတိုး နောက်ကိုဆုတ်ဆုတ် သူတို့ အတွက် အ၀ီစီ ပဲ ရှိတယ်ဆိုတာကိုသိလို့ ရှိနေတဲ့နေရာက အထက်ကိုတက်ဖို့လှေကား ထောင်လိုက်တာဖြစ်တယ် ။ ဒါပေမယ့် သူတို့ လွတ်မြောက် ချမ်းသာစည်းစိမ်တည်မြဲရေး ၊ လမ်းကြောင်းအတွက်ထောင်တဲ့လှေကားဟာ ရဟန်းရှင်လူ ကျောင်းသား ပြည်သူလူထုနဲ့တပ်မတော် သားတွေရဲ့ အရိုးတွေဖြစ်တယ် အသက်တွေဖြစ်တယ် သွေးချွေးတွေ ဘ၀တွေဖြစ်တယ်။

ဒီတော့ ကျနော်တို့တွေ ဟာ န.အ.ဖ ထောင်တက်မယ့် လှေကားအဖြစ်ခံမလား ..... န.အ.ဖ စစ်အာဏာရှင်စနစ်ကို နိဂုံးချုပ်အောင် ပြတ်သားစွာ မြေမြှုပ်သုတ်သင်မလား ........... ။

နိဂုံးချုပ် အနေနဲ့ ပြန် ပြီး ကိုးကားလိုတာကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့စကားပဲ... ကျနော်တို့ အဆိုးဆုံးကို ပြင်ကြပါစို့..။

ရဲဘော်ငြိမ်း

မျိုးချစ်ဒီမိုကရက်တစ်တပ်ပေါင်းစု

Read More...

အားလုံးတူညီသောအခြေအနေကို ၀ိုင်းပြီးလုပ်ဆောင်ရန်အကူအညီတောင်းခံခြင်း


ခင်မင်လေးစားရပါသော ညီတော်၊ညီမတော်၊အစ်မတော်၊အစ်ကိုတော်၊ ရဲဘော်၊ရဲမေအပေါင်းတို့အား ကျွန်တော်လှိုက်လှိုက်လှဲလှဲတောင်းဆိုပါသည်။ လေးလေးနက်နက်ဝိုင်းဝန်း၍ ကူညီပေးပါရန်လည်း အနူးညွတ်ထားပြီးပြောကြားလိုပါသည်။

ဘာလိုလည်းဆိုတော့ အချိန်တွေသည်မြန်မြန်ကြီးကုန်သွားသည်မှာ ၈၈ အရေးခင်းမှာမနေ့ ကကဲ့သို ၊ ၁၉၉၀ ရွေကောင်ပွဲဖြစ်ခဲ့သည်မှာမနေ့ကကဲသို့ စက်တင်ဘာဆိုသည်မှာမနေ့ ကကဲ့သို့  .. ကုန်သွားနေပေသည်။

စစ်အစိုးရ က တိုက်ပွဲ ခေါ်လိုက်ပြီ ၊ ခေါင်းငုံမခံနဲ့ လက်တုန်ပြန်ကြစို့  ။ စစ်အစိုးရ ကမေလမှာ အခြေခံဥပဒေကို ဆန္ဒခံယူပွဲ ကျင်းပဖို့ ကြေညာ လိုက်ပါပြီ။ ရွေးကောက်ပွဲကိုတော့ ၂၀၁၀ မှာ ပြုလုပ်မယ်လို့  အေပီသတင်းမှာ ဖေါ်ပြထားပါတယ်။ ဒါဟာ စစ်အစိုးရဟာ အာဏာကို တလက်မမှ မလျော့ ဘူးလို မျက်နာ့ပြောင်တိုက် ကြေညာလိုက်ပြီဖြစ်ပါတယ်။


မေးခွန်းကတော့

၁- ကျွန်တော်တို့ ဘာလုပ်ကြမလည်း
၂- ဆန္ဒခံယူပွဲ ကို ၁၉၇၄ ခုနစ်တုံးကလို ပဲ လက်ပိတ်ကြည့် နေမလား
၃- တိုက်မလား၊တိုက်မယ်ဆိုရင် ဘယ်လို တိုက်မလည်း၊ဘာတွေလုပ်မလည်း
၎- သေနဂဗျုဟာ၊ ဘယ်လောက်ပြင်ဆင်ပြီးပြီလည်း၊ ဒါတွေကို ကျွန်တော်တို့ လုပ်ကိုလုပ်ရတော့မယ်၊
ကျွန်တော်တို့ ဒါကို လုပ်ချင်တယ်၊လုပ်မယ်ဆိုသော ၊ဒါကျွန်တော်တို့ ရဲ လုပ်ကိုလုပ်မှာ၊လုပ်မယ်ဆိုသော စကားကိုပြောရမယ့် အချိန်ရောက်ပြီလို့ မြင်ပါတယ်၊

ကျွန်တော်တို့တာဝန်က ဒီမိုကရေစီအောင်လံကို လက်ဆင့်ကမ်းကာသယ်ဆောင်ရမယ်၊ ကိုယ်လုပ်ရမယ့်တာဝန်ကို သယ်ဆောင်ရမှာ၊ လွဲပြောင်းပေးရမှာ၊ ပေးရမယ့်သူက ဒီမိုကရေစီပန်တိုင်ကိုရောက်အောင်ပြေးရမယ့် ၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲမှာ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်သော ပါတီတွေအားလုံးရဲ့ ကိုယ်စားလှယ်တွေ၊ ဗိုလိခူပ်အောင်ဆန်းပြောခဲ့ သော တာဝန်ယူခြင်း၊ တာဝန်ခံခြင်းမျိုးကို ဒီပါတီတွေကိုတာဝန်ခံခိုင်းဖို့ သိုင်းဝိုင်း၊ ၀ိုင်းဝန်းပံ့ပိုးရမှာကျွန်တော်တို့ အားလုံးရဲ့ တာဝန်၊ ပြည်သူတွေရဲ့ တာဝန်၊ တိုင်းရင်းသားအားလုံးရဲ့ တာဝန်ပြန်လည်ကြရောက်လို့ လာပါပြီ။ တစ်နှစ်အတွင်း လွတ်လပ်ရေး ရရမည်ဟု ကြွေးကြော်ရင်း ဖဆပလသည် လုပ်ဆောင်၏။ မှန်ပါသည်။ ထို့အတူ တနှစ်အတွင်း ဒီမိုကရေစီကို ရရမည်ဟု ကြွေးကြော်ရင်း NLD က လုပ်ဆောင်သင့်သလို အားလုံးသောပြည်သူတွေ၊ တော်လှန်ရေးအဖွဲ့စည်းအသီးသီး၊ လက်နက်ကိုင် အသီးသီးမားမားမှတ်မှတ်ရပ်သင့်ပြီဟု လိုကြောင်းပြင်ပြင်းထန်ထန်တောင်းဆိုပါသည်။ အားလုံးက ဒီမိုကရေစီ၊ ပြည်သူကတင်မြှောက်သော ပြည်သူအစိုးရကို အကောင်အထည်ပေါ်ရန် ၁၀၀% တာဝန်ရှိသူနှင့် အပြည့်အ၀ပံ့ပိုးရပ်တည်ပေးရမည်မှာ ပြည်သူတွေ၊ တော်လှန်ရေး အဖွဲ့စည်းအသီးသီး၊ လက်နက်ကိုင်အသီးသီးဖြစ်ပြီး၊ ထိုအားကိုအခြေခံပြီးတော့မှသာNLD သည်ပန်းတိုင်ကိုချီတတ်နိုင်မည်ဖြစ်သည်။

ထို့အတွက်ကြောင့် ကျွန်တော်တို့အားလုံးမှာလုပ်စရာတစ်ခုဘဲရှိပါတော့တယ်။ ကျွန်တော်တို့ ဘာကိုလုပ်မယ်ဆိုတာဘဲပြောဖို့ပဲရှိတော့တယ်၊ ကျွန်တော်တို့အလုပ်က အလံကိုသယ်သွားပြီး ၁၉၉၀ပြည့်ရွေးကောက်ပွဲမှာ အောင်ပွဲရသော အနိုင်ရပါတီလက်ထဲကို ထည့်ပေးလိုက်ရမယ်၊ အနိုင်ရပါတီခေါင်းဆာင်တွေ၊ ရွေးချယ်ခံရသောပါတီခေါင်းဆောင်တွေကနေ ဆက်ပြီးတော့ သယ်ဆောင်ပေးလိမ့်မယ်။ ဒါကိုပြည်သူတွေ၊ တိုင်းရင်းသားတွေက၊ ပြတ်ပြတ်သားသားဝိုင်းဝန်းပံ့ပိုးရမယ်။ ဒီလိုလုပ်ပြီး NLD ကို အခွင့်ရေးပေးကိုပေးရမယ်ဘာလို့လည်းဆိုတော့ပြည်သူတွေကနေ NLD ကိုတိုင်းပြည်ရဲ ကံကြမ္မာကိုလုပ်ဆောင်ပေးဖို့mandate ပေးထားလို ဆက်လက်ပြီးတော့၊ ဒီအခွင့်အရေးကိုပေးသင့်တယ်။ ပေးကိုပေးရမယ်ဆိုတာကို ထိုအတူ ဘလောက်ညီအစ်ကိုတွေကနေအားလုံးတူညီသောအခြေအနေကို ၀ိုင်းပြီးလုပ်ဆောင်သင့်တယ်ဆိုတာ တောင်းဆိုပါတယ်။ ကျွန်တော်တို့ တွေ ဒီတစ်ခါမှညီညာသေခြေလှမ်း၊ စွန့် လွတ်အနစ်နာခံခြင်း၊ အကြွမ်းမဲ့ယုံကြည်မှုကိုတစ်ဦးအပေါ်မှာ တစ်ဦးမထားဘဲ နေကြအုံးမယ်ဆိုရင်တော့ ကျွန်တော်တို့မမြင်ရသေးသော အားလုံးသော နောင်မျိုးဆက်တွေရဲ့ဘ၀ဟာ ယခုထက်ပိုပြီး ဆိုးဝါးနိုင်တယ်ဆိုတာကိုတော့ သတိပြုမိကြစေချင်ပါသည်။

အမျိုး၊သာသနာ၊အတွက်အားလုံးအဆင်သင့်ဖြစ်ကြပြီလား၊ ဖြစ်ကြပြီဟုထင်ပါသည်။

ခင်မင်လေးစားရပါသော ညီတော်၊ညီမတော်၊အစ်မတော်၊အစ်ကိုတော်၊ ရဲဘော်၊ ရဲမေအပေါင်းတို့ ထံမှထိရောက်သောအလုပ်၊ ထိရောက်သောအတွေး၊ အမြင်အားလုံးကို ပြန်ကြားပေးစေလို ပါတယ်။

၂၀၀၈ နှစ်မကုန်ခင်မှာ
ရွေဝါရောင်တော်လှန်ရေးအောင်ရမည်၊
ဒေါင်းအလံကျောင်းဝင်းတိုင်းမှာပြန်စိုက်နိုင်ရမည်။

( ဆက်လက်၍ဖြန့် ဝေကာပေးပါရန်တောင်းဆိုပါသည်။)

ခင်မင်လေးစားစွာဖြင့်

စိုင်းမွန်
letworktogether@gmail.com

Read More...

Wednesday, February 06, 2008

လွတ်ကျခဲ့တဲ့မြို့တော်မှ မိတ်ဆွေတစ်ယောက်


`ကိုနေဘုန်းလတ်´ကို လူချင်းမရင်းနှီးပေမယ့် စာပေအရတော့ အချင်းချင်းခင်မင်ရင်းနှီးနေပါတယ်။ ကိုနေဘုန်းလတ်အဖမ်းဆီးခံရတယ်သတင်းကြားမိတော့ အင်မတန်အံ့သြ၀မ်းနည်းမိသွားတယ်။ ပြစ်ချက်မရှိ ၊ အကြောင်းပြချက်မရှိဘဲ လူတစ်ယောက်ကို ကြက်ကလေး ငှက်ကလေးဖမ်းသလို ယုတ်မာရိုင်းစိုင်းစွာ ဖမ်းဆီးခဲ့တဲ့ နအဖလက်အောက်ငယ်သားတွေကို အော့နှလုံးနာမိပါတယ်။ မြန်မာဘလော့ခ်ဂါတွေကို အငြိုးထားတဲ့ စစ်အာဏာရှင်အုပ်စုဟာ အကြောင်းပြချက်မပေးဘဲ ယုတ်မာရမ်းကားနေကြပါတယ်။ အခြားမြန်မာဘလော့ခ်ဂါများအားလုံးလည်း မိမိတို့ရဲ့လုံခြုံရေးအတွက် အားလုံးဂရုစိုက်ကြဖို့ အကြံပြုချင်ပါတယ်။ ဆုတောင်းပေးတယ်ဆိုတာ အလုပ်မဖြစ်ပေမယ့် နှလုံးသွေးတွေနဲ့ ရင်းထားတဲ့ ခံစားချက်တွေနှင့်အတူ ရဲဘော်ရဲဘက်စိတ်မျိုးနဲ့ ကိုနေဘုန်းလတ် အမြန်ဆုံးပြန်လည်လွတ်မြောက်လာစေဖို့ ဆုတောင်းပေးနေမိပါတယ်။

လွတ်ကျခဲ့တဲ့မြို့တော်မှ မိတ်ဆွေတစ်ယောက်

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ"လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်"တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေလန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူအစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကိုမပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီးရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောကအကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကိုအပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခုဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင်သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီးစောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် …ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက်အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကိုကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက်ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ
ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Read More...

Tuesday, February 05, 2008

ရမ်ဘိုကားနှင့်ပေါက်ပေါက်ဖောက်အတွေးများ


စင်္ကာပူတွင် မျိုးချစ်မြန်မာများစုပေါင်းကြည့်ရှုကြသော ရမ်ဘိုကားကို ကျွန်မ သွားမကြည့်ဖြစ်ပါ။

စင်္ကာပူမှ အိုဘီပီအဖွဲ့လုပ်ဆောင်သမျှ အခမ်းအနားအားလုံး မပျက်မကွက် တက်ရောက်အားပေးတတ်သော ကျွန်မ ဒီတစ်ကြိမ်မှာတော့ မတတ်သာသော ကျန်းမာရေးအခြေအနေကြောင့် ရမ်ဘိုထက် မိမိကျန်းမာရေးကို ပိုစိတ်ဝင်စားနေရသည်။ ထို့အတွက်လည်း မျိုးချစ်မြန်မာများအဖွဲ့ကို အားနာမိပါသည်။ မျိုးချစ်မြန်မာများအဖွဲ့ရဲ့ လုပ်ဆောင်မှုတစ်ခု အောင်မြင်စွာပြီးဆုံးသွားတာကိုတော့ ၀မ်းသာမိပါသည်။ တက်တက်ကြွကြွဖြင့် လာရောက်အားပေးကြသော မြန်မာလူမျိုးများအားလုံးကိုလည်း အခြေအနေကြောင့် ကိုယ်တိုင်မရောက်လာနိုင်ပေမယ့် ကျေးဇူးတင်မိပါသည်။ စင်္ကာပူတွင် ရမ်ဘိုကားကို မြန်မာများ တစ်စုတစ်စည်းတည်းကြည့်ရှုနိုင်အောင် ကြိုးစားစီစဉ်ပေးခဲ့သော Overseas Burmese Patriots အဖွဲ့အား လှိုက်လှဲစွာကျေးဇူးတင်ရှိမိပါသည်။




ရမ်ဘိုကားကို ဘယ်လိုမြင်လဲဆိုသော စကားများ ကျွန်မကို လူပေါင်းများစွာ မေးခဲ့ကြသည်။ ကျွန်မစိတ်ထဲမှာတော့ အနုပညာသမားတွေဟာ အနုပညာနှင့်သက်ဆိုင်သော အလုပ်တွေကိုသာ လုပ်နေကြတာ ဖြစ်တယ်။ အဲဒီအတွက် သူတို့ဟာ ခေတ်အခြေအနေအလိုက် သူတို့အလုပ်ကို သူတို့ဖန်တီးလုပ်ဆောင်နေကြမှာပဲ။ မိမိနိုင်ငံနှင့်ပတ်သတ်သော ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့အတွက် မြန်မာတွေသွားရောက်အားပေးကြမှာတော့ အမှန်ပါပဲ။ နအဖကို ရွံမုန်းနေကြတဲ့ မြန်မာလူမျိုးတွေက နအဖစစ်သားတွေနှင့်တိုက်ခိုက်သော ဖျော်ဖြေတင်ဆက်မှုရုပ်ရှင်ကားကို ကျိန်းသေပေါက်အားပေးကြမှာတော့ ကိုယ်တိုင်ခံစားလို့ရပါတယ်။ လူတိုင်းမှာ မတူညီနိုင်သော အမြင်ပေါင်းများစွာရှိနိုင်သည့်အတွက် မိမိနှင့်မတူညီသော အမြင်များကိုလည်း ကျွန်မ မြင်တွေ့နေရပေမယ့် နားလည်စဉ်းစားပေးလို့ရပါတယ်။ တစ်ခုပဲ စိတ်ထဲမှာ ကိုးလန့်ကန့်လန့်ဖြစ်လာတာက `စင်္ကာပူက Idiot မြန်မာတွေ တီရှပ်အနီတွေဝတ်ပြီး သွားကြည့်ကြဦးမယ်´ဆိုသော ဘလော့ခ်တစ်ခုက စကားတစ်ခုကြောင့်ပါပဲ။ ကျွန်မတစ်ခုပဲပြောချင်တာက `အဲဒီ ရှင်တို့ပြောတဲ့ Idiot မြန်မာတွေကလေ စင်္ကာပူက နအဖတွေနဲ့ မြန်မာပြည်က နအဖတွေကြား သတိထားရင်း လက်မခံချင်တဲ့နှစ်နိုင်ငံလုံးကြားမှာ မိမိလုပ်နိုင်တာလေးကို ကြိုးစားလုပ်ပေးနေကြတယ်´ဆိုတာပါပဲ။ ။ အချို့လူတွေကေ၇ွှဘကိုအားပေးသလိုမျိုး သွားကြည့်ကြတာဆိုပြီး ပြောပါတယ်။ ကျွန်မငယ်ငယ်ကတော့ ရွှေဘခေတ်မဟုတ်လို့ ရွှေဘကိုမသိပါဘူး။

ကျွန်မအတွေးထဲမှာတော့ ရုပ်ရှင်ပဲဖြစ်ဖြစ် ၊ ၀တ္ထုတွေပဲဖြစ်ဖြစ် မိမိစိတ်ကူးများဖြင့် ဖန်တီးရိုက်ကူးရေးသားခွင့်ရှိပါတယ်။ တခုပဲ မဖြစ်စေလိုတာက ဘာသာရေး ၊ လူမျိုးရေးတွေ အထင်လွဲအောင် မလုပ်ဖို့ပါ။ မြန်မာပြည်မှာ လူမျိုးပေါင်းမြောက်များစွာရှိတာကို ပြဿနာလုပ်ပြအကြောင်းပြုပြီး အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်ပါ။ ရမ်ဘိုကားကို ဖျော်ဖြေတင်ဆက်မှုရုပ်ရှင်တစ်ခုအနေနဲ့သာ အားလုံးကြည့်တတ်ဖို့ လိုအပ်တယ်လို့ ကျွန်မ မြင်မိပါတယ်။

အက်ရှင်ကားတစ်ကားကိုကြည့်ပြီး နိုင်ငံရေးရှုထောင့်ကြီးတွေ ၊ ငွေထုပ်အကြောင်းတွေ ၊ ဘာသာရေး လူမျိုးရေးတွေအားလုံး ရောမွှေကျိုချက်ပြီး ရင်နာနေတာလား ၊ ရှက်နေကြတာလားမသိတဲ့ အချို့သူတွေအတွက် ဒီစကားကိုပဲ လက်ဆင့်ကမ်းပေးလိုက်ပါတယ်။

`ရုပ်ရှင်ထဲတွင် ရမ်ဘိုသတ်သွားသည်မှာ လမ်းမပေါ်တွင် အေးချမ်းစွာ မေတ္တာပို့ ဆန္ဒပြခဲ့သော ဘုန်းတော်ကြီးများ ၊ အပြစ်မဲ့ ပြည်သူလူထုများ ၊ တိုင်းရင်းသားကျေးရွာမှ အပြစ်မဲ့ တိုင်းရင်းသားများကို သတ်ပြနေခြင်းမဟုတ်။ လက်နက်အားကိုးဖြင့် ယုတ်မာနေသော နအဖစစ်တပ်ကို သတ်ပြသော ရုပ်ရှင်ကားတစ်ကားသာဖြစ်ပါသည်´။

Read More...

Sunday, February 03, 2008

စနေမိုးနှင့်တနင်္ဂနွေအလွမ်း



စနေမိုးနှင့်တနင်္ဂနွေအလွမ်း



နက်ရှိုင်းစိမ့်ဝင်နေတဲ့

အလွမ်းခါးခါးတွေကို

မိုးကသာ ငြိမ်းသတ်နိုင်မယ်ဆိုရင်

ကြောက်မက်ဖွယ်လျှပ်သံတွေထဲ

ကိုယ်တစ်ယောက်တည်း သွားရဲပါတယ် .. ။



တစ်ညနေလုံး

မိုးမင်းက အသံပေးလို့

လျှပ်ကုံးလျှပ်ပွင့်တို့ အလွင့်လွင့်ဖြာ

မကြာမီ မိုးစက်သံတဖြောက်ဖြောက်

ရင်ခွင်တံခါး လာရိုက်ခတ်ချိန်

ကိုယ်မျှော်နေမိတာတစ်ခုက

နွေးထွေးသော ချစ်သူလက်ဖ၀ါးတစ်စုံ .. ။


မိုးစက်ကျသံကလွဲ

တိတ်ဆိတ်လှပနေတဲ့ စနေည

အလွမ်းလေးတွေ တဆစ်ဆစ်ပျော်ဝင်လို့

ကြိုတင်ရင်ခုန်ကြည်နူးနေတာ

မနက်ဖြန်အတွက် မျှော်လင့်ချက်များ .. ။


ဒါပေမယ့် .. ရုတ်တရက်

ချွန်မြတဲ့ အသိတရားဓါးတစ်လက်

ကောင်းကင်ကိုဝင်းခနဲဖြိုချ

ချောက်ချားစရာအော်မြည်

ကျိန်စာသင့်နတ်တစ်ပါးလို

အမှောင်အတိဖုံးလွှမ်းခဲ့တယ် .. ။


ကြယ်တွေလည်းငို

ကောင်းကင်လည်းပြို

မိုးစက်တွေစို

အလွမ်းနဲ့သဲသဲမဲမဲကျွမ်းလောင်

ပြင်းပျတဲ့မိုးချုန်းသံတွေကြား

ရောင်နီမလာတဲ့ ဒီကောင်းကင်အောက်

တနင်္ဂနွေမိုးလျှပ်သံတွေကို

ကိုယ်တစ်ယောက်တည်း .. ကြိုရတော့မယ် … ။

လင်းလက်ကြယ်စင်

Read More...

Saturday, February 02, 2008

ရင်ထဲကဒိုင်ယာရီ


နှစ်သစ်မကူးပြောင်းခင်အချိန်မှစပြီး ကျွန်မစိတ်ထဲမှ အလိုချင်ဆုံးအရာများကို ကျွန်မသေချာစဉ်းစားမိသည်။ သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီးချိန်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ဖို့ကြိုးစားခဲ့ပေမယ့် ကံကြမ္မာက ကျွန်မကို မျက်နှာသာမပေးသေး .. ။ ဘ၀မှာ ပူလောင်သော ၊ ပြင်းထန်သော ဖိနှိပ်ချုပ်ချယ်မှုများဒဏ်ကို ခါးသီးစွာ မခံစားနိုင်တော့ချိန်မှာ လူတစ်ယောက်၏နှလုံးသားကိုပါ အပြီးပိုင်မြေမြုပ်ရမည်တဲ့လေ .. ။ အကောင်းဆုံး နားလည်မှုမျိုးကို ကျွန်မဘ၀မှာ သိပ်လိုချင်ခဲ့မိပါသည်။ နားလည်မှုပေးသော ၊ တစ်ဖက်၏လိုချင်မှုကို ဆုံးအောင်နားထောင်စဉ်းစားပြီးမှ ရလာသော ဆုံးဖြတ်ချက်များကို ကျွန်မ တမ်းတမ်းတတ အလိုရှိပြီး မိမိအတ္တကို ရှေ့တန်းမတင်သော အေးချမ်းသည့်နေရာလေးတစ်ခုကို ကျွန်မ သွားချင်နေမိပါသည်။

လက်လျှော့လိုက်ပြီဖြစ်သော ဆုံးဖြတ်ချက်တစ်ခုအတွက် ကျွန်မ နောင်တမရချင်ပါ။ ငဲ့ညှာမှုများ ၊ ကြိုးစားဆွေးနွေးမှုများဖြင့် အကောင်းဆုံးကြိုးစားနေရင်း ဖွဲ့တည်လာသည့် ကျွန်မနှလုံးသားထဲမှ ဒဏ်ရာဒဏ်ချက်များအတွက် ကျွန်မအလိုရှိသည်မှာ ချစ်သူ၏တွဲလက်များသာ ဖြစ်သည်။ တစစီပြန့်ကျဲနေသည့် ဖန်ခွက်ကွဲစများကြားမှာ ကြိမ်ဖန်များစွာ တလိမ့်လိမ့်ကျဆင်းသွားသော မျက်ရည်များနှင့်အတူ တစတစ တိုးပွားလာသော နာကျင်ခြင်းဒဏ်ရာတွေက တည်ငြိမ်သောဘ၀တစ်ခုကို ပိုမိုတောင့်တလာမိသည်။ တည်ငြိမ်စွာရှင်းပြဆွေးနွေးခွင့်မရှိသော ဘ၀တစ်ခုမှာ မမျှော်လင့်ဘဲ ၀င်ရောက်လာတဲ့ အလင်းရောင်တစ်ခုအတွက် နှလုံးသားနှင့်အသက်ကို လည်စင်းပေးရမည်ဆိုလျှင် ဤဒဏ်ရာများအဆုံးသတ်သွားပေလိမ့်မည်။

နားလည်မှုများ ၊ အားပေးမှုများ ၊ စာနာမှုများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော ပျော်ရွှင်အေးချမ်းသည့် မိသားစုများကိုမြင်ရလျှင် မျက်ရည်အကြိမ်ကြိမ်ကျမိသည်။ အရာရာကို လက်မလျှော့တတ်သူပီပီ အကောင်းဆုံး ကြိုးစားပြီးချိန်မှာ ရရှိလိုက်သောအရာကား ရင်နှင့်မမျှသော ဒဏ်ရာဒဏ်ချက်များသာ ။ စိတ်ကူးအတွေးများဖြင့် လွတ်လပ်ပျော်ရွှင်နေရမည့် အရွယ်မှာ တအုံနွေးနွေးဒဏ်ရာများက မနက်ဖြန်တိုင်း၏မျှော်လင့်ချက်များကို အသေသတ်နေခဲ့သည်။ သဘာဝအကျင့်စရိုက်ချင်းတူပြီး နားလည်မှုများစွာ ပေးလွန်းသော ၊ အကိုတစ်ယောက်၏မေတ္တာလို တစ်မျိုး ၊ လူကြီးတစ်ယောက်မေတ္တာလိုတစ်မျိုး ၊ ချစ်သူတစ်ယောက်၏ ကြင်နာယုယမှုများဖြင့် ကျွန်မဘ၀တစ်ခုလုံးကို အလင်းရောင်ထွန်းညှိပေးသော ချစ်သူ၏ ချစ်ခြင်းမေတ္တာများကြောင့်သာ ကျွန်မနှလုံးသားက ခွန်အားမမဲ့သွားခြင်းဖြစ်သည်။ ကျွန်မ၀ါသနာ ၊ အကျင့်စရိုက် ၊ အေးဆေးစွာ နေပုံထိုင်ပုံ ၊ ဘ၀အခက်ခဲများကို တစ်ယောက်တည်းသာ ကြိုးစားဖြေရှင်းမှုများ၏ရလဒ်က အကြီးမားဆုံးအပြစ်များထဲမှ တစ်ခုဖြစ်နေကြောင်း တရားမျှတမှုမဖြစ်စွာ ကျွန်မသိရှိပြီးချိန်မှာ ကျွန်မပြောချင်သောအကြောင်းအရာအားလုံး တစ်သက်တာ ဆွံ့အသွားခဲ့သည်။

ကျွန်မသွားချင်သော အနာဂတ်လမ်းအားလုံးအတွက် အမြဲအဆင်သင့်ဖြစ်ပေးနေသော ချစ်သူ၏စေတနာများကို မျက်ဝါးထင်ထင်မြင်ရတိုင်း စူးရှသော အနာများနှင့်အတူ မကြာမကြာ မျက်ရည်မြစ်များ စီးဆင်းခဲ့ရဖူးသည်။ စိတ်ထောင်းကိုယ်ကြေ .. ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးများ ချို့ယွင်းလာချိန်မှာ ခပ်မျော့မျော့ဖြစ်နေသော စိတ်ပိုင်းဆိုင်ရာနှလုံးသားတစ်ခုလုံးက တစ်စုံတစ်ရာမျှ တောင်းဆိုဖွင့်ဟခွင့်မရှိခဲ့ .. ။ ဘယ်အချိန်ပြိုကွဲပေါက်ကွဲလာမည့်မသိသော မိုးကြိုးလက်နက်တစ်ခုကို စောင့်နေသူလို အချိန်ပြည့် စိတ်မောနေရချိန်မှာ နာကျင်ခြင်းအားလုံးက တဖြေးဖြေးနှိပ်စက်နေသည်။ စူးရှပြင်းထန်လွန်းသော စကားလုံးများအောက်မှာ ကျဆင်းခဲ့သော စိတ်ဓါတ်များအားလုံးက အနိုင်နိုင်ပြန်ကြိုးစားထရင်း နှလုံးအိမ်တစ်ခုလုံး နာကျင်ခြင်းသွေးများ ဖုံးလွှမ်းသွားခဲ့ရသည်။

လှောင်အိမ်ထဲကငှက်ငယ်

နှလုံးသားဆိုတာ
စက်ရုပ်တစ်ခုလို
အမိန့်ပေးလို့မှ မရတာ .. ။

လူသားတစ်ယောက်ဆိုတာ
လိုချင်သလို
ပုံသွင်းထုယူလို့မှ မရတာ .. ။

အချစ်ဆိုတာ
လိုသလိုစိတ်တိုင်းကျ
ဖန်တီးယူခွင့်မှ မရှိတာ .. ။

ဘ၀ဆိုတာ
ဖြစ်ချင်တာအားလုံးထက်
ဖြစ်သင့်တာအားလုံးနဲ့
လက်ပစ်ကူးနေရတာ .. ။

ရှင်သန်ခြင်းဘ၀တစ်ခုမှာ
အမိန့်ဒေါသတွေအောက်
နာကျင်ကြေကွဲနေခဲ့ရတဲ့
လှောင်အိမ်ထဲကငှက်ကလေးအတွက်
အပြာရောင်ကောင်းကင်ကြီးတစ်နေရာ
မျှော်လင့်ချက်အလင်းရောင်များစွာ
နေ့စဉ်ရက်ဆက်စောင့်နေဆဲ .. ။

မြင်ယောင်နေတဲ့ ပျော်ရွှင်မှုတွေ
သွားချင်နေတဲ့ အနာဂတ်လမ်းတွေ
ကြားယောင်နေတဲ့ လိုချင်မှုတွေ
အားလုံးပြည့်နှက်လှပနေတဲ့
နေရာသစ်ဘ၀တစ်ခုလေးစီ
အားတင်းကာကြိုးစားရုန်းထွက်ပျံလှည့်ဦး
လှောင်အိမ်ထဲက ငှက်ငယ်ရေ .... ။

လင်းလက်ကြယ်စင်

Read More...

Numb




I'm tired of being what you want me to be
feeling so faithless
lost under the surface
I don't know what you're expecting of me
put under the pressure
of walking in your shoes
[caught in the undertow, just caught in the undertow]
every step that I take is another mistake to you
[caught in the undertow, just caught in the undertow]

I've
become so numb
I can't feel you there
I've become so tired
so much more aware
I'm becoming this
all I want to do
is be more like me
and be less like you.

can't you see that you're smothering me
holding too tightly
afraid to lose control
cause everything that you thought I would be
is falling apart right in front of you.

[caught in the undertow, just caught in the undertow],
every step that I take is another mistake to you
[caught in the undertow,just caught in the undertow]
and every second I waste is more than I can take.

I've
become so numb
I can't feel you there
I've become so tired
so much more aware
I'm becoming this
all I want to do
is be more like me
and be less like you.

And I know
I may end up failing too

But I know
you were just like me
with someone disappointed in you.

I've
become so numb
I can't feel you there
I've become so tired
so much more aware
I'm becoming this
all I want to do
is be more like me
and be less like
I've
become so numb
I can't feel you there
[tired of being what you want me to be]
(repeat x 2)

Read More...