ချမ်းအေးလှတဲ့ ဆောင်းရာသီရဲ့ နှင်းစက်လေးများကြားမှာ ခရစ်စမတ်ဆိုတာ ရောက်ရှိလာပါပြီ .. ။ နှင်းမရှိတဲ့နိုင်ငံမှာ ပူလွန်းစွာနေရတာ ချမ်းအေးလှတဲ့ ဇာတိမြေကို ပိုလွမ်းမိပါတယ် .. ။ မနက်မိုးလင်းရင် သစ်ရွက်ခြောက်တွေနဲ့ အိမ်ဘေးမှာ မီးဖိုလုပ်ရင်း အနွေးထည် ခပ်ထူထူလေးဝတ်ပြီး ဆီထမင်းနဲ့ ရေနွေးကြမ်း စားခဲ့တဲ့အချိန်လေးတွေကို လွမ်းပါ့ရှင် .. ။ နှင်းမရှိတဲ့နိုင်ငံက နှင်းအတုတွေနဲ့တော့ စည်ကားနေပါရဲ့ ။ စပရေး တွေဖြန်းရင် ထွက်လာတဲ့ ဖြူဖြူအငွေ့တွေက နှင်းစက်တဲ့လေ .. ။ ခရစ်စမတ်ဆိုတာ ကျွန်မဘာသာနဲ့ မဆိုင်ပေမယ့် ကျွန်မကတော့ နှစ်သက်ပါတယ် ။ ခရစ်စမတ် အချိန်ရောက်ရင် သီချင်းလိုက်ဆိုတဲ့ ခရစ်ယာန် သူငယ်ချင်းတွေနဲ့အတူ အနောက်ကနေ အတူတူလိုက်ရင်း သီချင်းအတူတူ လျှောက်အော်ဆိုခဲ့တာတွေ ၊ ညောင်ပွင့်လေးတွေကို ချစ်လို့ လိုက်ကောက်ခဲ့တာတွေကို ပိုမိုသတိရမိပါတယ် .။ စင်္ကာပူ အော့ချပ်လမ်းမကြီး ပေါ်က ဒီနှစ်ထွန်းထားတဲ့ ကြယ်ပုံစံ ခရမ်းရောင်မီးအလှတွေကိုတော့ ကျွန်မ တော်တော်လေး ကြိုက်မိပါတယ်။ ခရမ်းရောင်က တော်ဝင်ဆန်တဲ့အလှဆိုပြီး ကျွန်မသိပ်နှစ်သက်တဲ့အတွက် သူများတွေအတွက်တော့ မသိပေမယ့် ကျွန်မအတွက်တော့ကဗျာဆန်သလိုပါပဲ ..။ ကဗျာမဆန်တာကတော့ အရမ်းကျပ်နေတဲ့ လူတွေ ကြားမှာ တိုးပြီး လမ်းလျှောက်ရတာ တစ်ခုပါ .. ။ ကားပေါ်ကနေ ရသလောက်ရိုက်ထားတဲ့ စင်္ကာပူ ခရစ်စမတ် မီးအလှပုံတွေကို အခြားနိုင်ငံကသူငယ်ချင်းတွေလဲ ကြည့်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ် ။ ကင်မရာ မေ့ကျန်ခဲ့တာနဲ့ ဖုန်းနဲ့ပဲ ရိုက်လိုက်ရတာမို့ ကင်မရာလောက် ကာလာမကောင်းတာ ဆောရီးပါရှင်။
`အော့ချပ်လမ်းမကြီးကတော့
ရှုပ်ထွေးပြည့်ကျပ်နေတဲ့
လူတွေမြောက်မြားစွာနဲ့
ထိန်လင်းနေတဲ့မီးအလှတွေကြား
အလွန်စည်ကားနေပါရဲ့ .. ။
မင်းကရော
မီးရောင်အလှတွေကြား
စည်ကားနေမှာလား
ကြောက်ရွံ့မှုတွေများစွာ
ဒုက္ခတွေများစွာနဲ့
တိတ်ဆိတ်ငြိမ်သက်နေမှာလား
ငါသိချင်စမ်းပါရဲ့ ... ´










2 comments:
Thanks for the photos sis
Merry Christmas ပါအစ်မရေ။ လူတွေတော်တော်စည်တာပဲနော်။
Post a Comment
အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။