Tuesday, December 23, 2008

မင်္ဂလာအကြိုပုံများ ၊ မင်္ဂလာလက်မှတ်ရေးထိုးခြင်းနှင့် မင်္ဂလာအခမ်းအနား အမှတ်တရပုံများ


ကျွန်မ 'လင်းလက်ကြယ်စင်' နှင့် ချစ်သူခင်ပွန်း ကိုကို 'ကိုနိုင်မိုးအောင်' တို့၏ မင်္ဂလာအခမ်းအနား Mandarin Oriental Hotel (Singapore) မှာ အောင်မြင်ပျော်ရွှင်စွာ ဒီဇင်ဘာလ(၂၁)ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပါပြီ။ (၇)လကျော်ကျော် ဆက်တိုက် မနားမနေ အလုပ်ရှုပ်ခဲ့ရ ၊ ပင်ပန်းခဲ့ရတဲ့ စီစဉ်မှုတွေအားလုံး စနစ်တကျ ပျော်ရွှင်စွာ ပြီးဆုံးသွားတဲ့အတွက် အရမ်းကျေနပ်မိပါတယ်။ တက်ရောက်အားပေးခဲ့ကြတဲ့ နှစ်ဖက်မိတ်ဆွေသူငယ်ချင်းများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိမိပါတယ်။ လှပအေးချမ်းပျော်ရွှင်ဖို့ကောင်းတယ်လို့ သတ်မှတ်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးသိပ်တင်မိပါတယ်။ မင်္ဂလာအခမ်းအနားမှာ ဖော်ပြခဲ့သော ကျွန်မတို့ရဲ့ မင်္ဂလာအကြိုပုံများ ၊ ကျွန်မ အသက်(၂၀)ပြည့်နှစ် မွေးနေ့ပွဲပုံများနှင့် မင်္ဂလာလက်မှတ်ရေးထိုးခြင်း ပုံများကို တောင်းဆိုထားသော မိတ်ဆွေများအားလုံးအတွက် ဖော်ပြပေးလိုက်ပါတယ်ရှင်။ ယနေ့ညနေ(၃)နာရီမှာ ဘာလီကျွန်းသို့ ဟန်းနီးမွန်းခရီးစဉ် သွားမှာဖြစ်တဲ့အတွက် နှစ်သစ်နောက်ပိုင်းမှ ကျွန်မ ဘလော့ခ်တွေပေါ် ပုံမှန်ပြန်ရောက်ပါလိမ့်မယ်။ လှပအေးချမ်းသော ဒီဇင်ဘာလ၏ နှင်းပွင့်များနှင့်အတူ ရင်ခုန်ဖွယ်ကောင်းသော ခရစ်စမတ် ၊ နှစ်သစ်အချိန်မှာ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Wedding Photos Links ;

Pre-Wedding Photos

My 20th Birthday & Registration of Marriage

Wedding Ceremony in Mandarin Oriental Hotel, SG


Read More...

Saturday, December 13, 2008

(၂၀)နှစ်မြောက် မွေးနေ့နှင့် ရက်မြတ်မင်္ဂလာ


Photo Credit : http://i220.photobucket.com/albums/dd228/ila64/happy-birthday.jpg

လှပအေးချမ်းသော နှင်းမှုန်များကြားက ဒီဇင်ဘာ(၁၃)ရက်နေ့ဟာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီ။ ၂၀၀၈ခုနှစ် ဒီဇင်ဘာဟာ ကျွန်မကို အသက်(၂၀)နှစ်မြောက်တိတိ ကူးပြောင်းပေးလိုက်သော အချိန်ကာလနှစ်တစ်ခု။

အသက်(၂၀)နှစ်မြောက်မွေးနေ့အတွက် လွန်ခဲ့သော သုံးပတ်ကျော်ကျော်လောက်ကမှ နှစ်ယောက်အိမ်ကလေးမှာ အမှတ်တရလေး ကျင်းပဖို့ စိတ်ကူးလေးအတူ ရခဲ့ကြတယ်။ အစက (၂၁)ရက်နေ့ မင်္ဂလာဧည့်ခံပွဲနဲ့ မင်္ဂလာလက်မှတ်ရေးထိုးခြင်းကို တပေါင်းတည်း ကျင်းပမလို့ပါပဲ။ စိတ်ကူးအိုင်ဒီယာလေး ချက်ချင်းပြောင်းသွားပြီး နှစ်ယောက်လုံး မွေးနေ့ပွဲနှင့် မင်္ဂလာလက်မှတ်ရေးထိုးခြင်းကို တပြိုင်နက်တည်း ပြုလုပ်ကျင်းပဖို့ အမြန်ပြန်လည်စီစဉ်ဖြစ်ခဲ့ကြတယ်။ အဲဒီအတွက် ကျွန်မ နေ့စဉ် မနက်မှ ညအထိ တကုပ်ကုပ်အလုပ်ရှုပ်နေရင်း အားလုံး စနစ်တကျဖြစ်ဖို့ နှစ်ယောက်လုံးအတူ စီစဉ်ခဲ့ရတယ်။

ကျွန်မတို့ရဲ့ အစီစဉ်ပြောင်းလဲမှုတွေကို စိတ်သဘောထားဖြူစင်ကောင်းမွန်စွာဖြင့် သဘောတူညီပေးခဲ့သော Jalan Basar GRC မှ Solemniser, Mr.Koh Kok Weng ကို ကျေးဇူးအထူးတင်ရှိမိပါတယ်။ မွေးနေ့အတွက် အလှဆင်ယင်ဖို့ ကျွန်မတို့နှစ်ယောက်လုံးစိတ်ကူးလေးတွေပေါင်းပြီး Part & Gifts Shops တွေကို ဈေးဝယ်ထွက်ဖြစ်ခဲ့ကြတယ်။ ဒီမွေးနေ့ပွဲအတွက် အရေးကြီးဆုံးအရာတွေကို သေသေချာချာ မေတ္တာဖြင့် စီစဉ်ပေးခဲ့သော ချစ်သူကို ကျေးဇူးတင်တယ်လို့ မသုံးချင်ဘဲ ပိုမိုချစ်မြတ်နိုးလာတယ်လို့ ပြောချင်ပါတယ်။

နေ၀င်ဆည်းဆာအလှနှင့်အတူ ညနေ(၆)နာရီတိတိမှာ Single မှ Married လို့ ကူးပြောင်းရမယ့် ဒီနှစ် ဒီဇင်ဘာ(၁၃)ရက် မွေးနေ့ကတော့ အမှတ်ရဆုံးအချိန်ပါပဲ။ အမြန်စီစဉ်ဖြစ်ခဲ့သော ဒီမွေးနေ့ပွဲလေးအတွက် အနီးနားဝန်းကျင်က မိတ်ဆွေအနည်းငယ်လောက်နဲ့ပဲ ကျင်းပဖို့ စီစဉ်ထားခဲ့ရတယ်။ ဘလော့ခ်လာလည်သူ မိတ်ဆွေများအားလုံးအတွက် အစားအသောက်တွေကို နောက်တရက်မှပဲ ဖော်ပြပေးပါတော့မယ်ရှင် :P ။

ရက်မြတ်မင်္ဂလာ

~ မနက်မိုးသောက် ~~~ ရောင်နီလင်းပြီ ~
~ မြူမှုန်လွှမ်းခြုံ ~ မြက်ခင်းစိမ်းပေါ်တွင် ~
~ သံသာဟစ်ကြွေး ငှက်ကျေးငယ်ပေါင်းစုံ ~
~ မင်္ဂလာနှင့်အပြည့် ~ ဤနေ့ရက်ပေတည်း ~

~ စုံဖက် လက်ထပ်မင်္ဂလာကျူးကို ~~
~ အလွန်ရွှင်လန်းစွာ ကျူးရင့်ကြပါပြီ ~
~ ရိုသေစွာ ၀ပ်တွား ~ ကိုယ်တော်ခြေရင်းတွင် ~
~~ အကြင်လူသားနှစ်ဦး ~ စုံဖက်အကြောင်းပါပြီ ~

~ ယနေ့မှ စ၍ ကြင်သူနှစ်ဦးပေါ်တွင် ~
~ ဘုရားရှင် ကောင်းချီးပေးပါစေ ~
~ ယနေ့မှ စ၍ ကြင်သူနှစ်ဦးပေါ်တွင် ~
~ ဘုရားရှင် ကောင်းချီးပေးပါစေ ~

~ မနက်မိုးသောက် ~~~ ရောင်နီလင်းပြီ ~
~ မြူမှုန်လွှမ်းခြုံ ~ မြက်ခင်းစိမ်းပေါ်တွင် ~
~ သံသာဟစ်ကြွေး ငှက်ကျေးငယ်ပေါင်းစုံ ~
~ မင်္ဂလာနှင့်အပြည့် ~ ဤနေ့ရက်ပေတည်း ~

~ စုံဖက် လက်ထပ်မင်္ဂလာကျူးကို ~~
~ အလွန်ရွှင်လန်းစွာ ကျူးရင့်ကြပါပြီ ~
~ ရိုသေစွာ ၀ပ်တွား ~ ကိုယ်တော်ခြေရင်းတွင် ~
~~ အကြင်လူသားနှစ်ဦး ~ စုံဖက်အကြောင်းပါပြီ ~

~ ယနေ့မှ စ၍ ကြင်သူနှစ်ဦးပေါ်တွင် ~
~ ဘုရားရှင် ကောင်းချီးပေးပါစေ ~
~ ယနေ့မှ စ၍ ကြင်သူနှစ်ဦးပေါ်တွင် ~
~ ဘုရားရှင် ကောင်းချီးပေးပါစေ ~


Read More...

Sunday, December 07, 2008

ခင်မောင်တိုး - ချစ်သူသိစေ


အဆိုတော် ခင်မောင်တိုးသီချင်းတွေထဲ အကြိုက်ဆုံးသီချင်းများထဲမှာ “ချစ်သူသိစေ”သီချင်းလည်း ပါတယ်။ မဟာဆန်သူ ၊ ရတနာသူ ၊ ဝေးခဲ့ပြီပန်းခရမ်းပြာ ၊ ပန်းချစ်သူ ၊ ဒွိဟစိတ်နဲ့သုညမှာ ၊ ရိုးရိုးလေး ၊ အို ၊ တိတ်တခိုး အစရှိတဲ့ သီချင်းတွေကို သိပ်ကြိုက်ပါတယ်။ ဒီဇင်ဘာ (၇)ရက် အမှတ်တရနေ့အတွက် နူးညံ့သိမ်မွေ့ကဗျာဆန်သော ဒီသီချင်းကို သိပ်နှစ်သက်သော “သူ”အတွက် စာသားလေးတွေပါ နားထောင်ရင်း ရေးဖွဲ့သီကုံးပေးလိုက်ပါတယ်။


ချစ်သူသိစေ

ပန်းပွင့်ရှိမှ ရနံ့ရတာမဟုတ်ဘူး ~~
ဖူးသည့်တစ်ငုံ ထုံသည့်တစ်ပွင့် ~
နမ်းခွင့်တစ်ရှိုက်ရခိုက်မှာ ထာဝရအမြဲတည် ~~
နှလုံးသားမှာ စွဲမြဲစွာထုံရစ် ~ ဆွတ်ပျံ့နေ ချစ်သူသိစေ ~
တွေ့ခွင့်ရမှ မင်းမျက်နှာလ၀န်း ~
ကြည့်ခွင့်တစ်ခါ မြင်ခွင့်တစ်လှည့် ~ မင်းမရှိလည်းစွဲမြဲစွာ
~ ဘယ်လောက်ဝေးနေ ~ မော့ကြည့်ရင် မိုးကောင်းကင်လိုရှိ ~
တွေ့လို့နေ ချစ်သူသိလေ ~

~ ဘယ်လောက်ဝေးဝေး ဘယ်မှာဖြစ်ဖြစ် ~
~ တွယ်နှောင်ရစ်ငင်အိပ်မက်မှာအစဉ်အမြဲရှိ ~~
~ နေရာချင်းလွဲလွဲ ဒေသချင်းကွဲကွဲ ~
~ မြင်ယောင်စိတ်အစဉ် အိပ်မက်မှာရှိ ~
ဖွင့်ဟပြောမှ ကြားတတ်တာမဟုတ်ဘူး ~ စီးဆင်းတဲ့စိမ့်စမ်းရေ ~
ကျေးငှက်တို့တီးတိုးသံ ~~ ချိုစွာကြားရင် မင်းစကားသံ စွဲမြဲစွာကျန်ရစ်
~ ကြားလို့နေ ချစ်သူသိလေ ~~

~ တွေ့ခွင့်ရမှ မင်းမျက်နှာလ၀န်း ~
~ ကြည့်ခွင့်တစ်ခါ မြင်ခွင့်တစ်လှည့် ~
~ မင်းမရှိလည်းစွဲမြဲစွာ ~ ဘယ်လောက်ဝေးနေ
~ မော့ကြည့်ရင် မိုးကောင်းကင်လိုရှိ ~
~ တွေ့လို့နေ ချစ်သူသိလေ ~ ဘယ်လောက်ဝေးဝေး
~ ဘယ်မှာဖြစ်ဖြစ် ~ တွယ်နှောင်ရစ်ငင် ~ အိပ်မက်မှာ အစဉ်အမြဲရှိ ~
~ နေရာချင်းလွဲလွဲ ဒေသချင်းကွဲကွဲ ~ မြင်ယောင်စိတ်အစဉ် အိပ်မက်မှာရှိ ~
~ ဖွင့်ဟပြောမှ ကြားတတ်တာမဟုတ်ဘူး ~ စီးဆင်းတဲ့စိမ့်စမ်းရေ ~
~ ကျေးငှက်တို့ တီးတိုးသံ ~ ချိုစွာကြားရင် ~
~~ မင်းစကားသံ စွဲမြဲစွာကျန်ရစ် ကြားလို့နေ ချစ်သူသိလေ ~~




Photo Credit to http://screensaver.pe.kr/view/data/category_love/love_wallpaper_111.jpg

Read More...

Friday, December 05, 2008

ခင်မင်မှု နှင့် လိမ်လည်ခံရခြင်း

(ဓာတ်ပုံကို ဤနေရာမှ ရယူပါသည်)

ဘ၀မှာ “သူငယ်ချင်း”ဆိုတာ လူ့အသိုင်းဝိုင်းရဲ့ အစိတ်ပိုင်းလေး တစ်ခုပါပဲ။ အခင်ဆုံးသူငယ်ချင်းတွေနှင့်ပတ်သတ် လိုအပ်လာတိုင်း အတတ်နိုင်ဆုံး အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ကူညီလုပ်ဆောင်ပေးခဲ့တဲ့ ကျွန်မဘ၀မှာ တစ်သက်တာ မမေ့နိုင်တဲ့ အဖြစ်တစ်ခုကို မကြာမီသေးခင်ကပဲ ကြုံတွေ့ခဲ့ရတယ်။

လွန်ခဲ့သော (၃)နှစ်ခန့်လောက်က ဖိုရမ်တွေ ၊ ချတ်ရွန်းတွေကို မကြာခဏလိုလို ကျွန်မအချိန်အားတိုင်း သွားလေ့ရှိတယ်။ Planet ဆိုဒ်ကြီးမှာ မိတ်ဆွေသူငယ်ချင်းပေါင်းများစွာနဲ့ ကျင်လည်နေခဲ့ချိန်ပေါ့။ အခင်ဆုံးသူငယ်ချင်းတွေ ၊ စိတ်တူကိုယ်တူ သူငယ်ချင်းတွေလည်း ရလိုက်သလို ကျွန်မကို ညီမရင်းတစ်ယောက်လို သိပ်ခင်တဲ့ မောင်နှမလို မိတ်ဆွေတွေလည်း ရလိုက်တယ်။ အဲဒီအချိန်က Planet Teashop မှာ ကျွန်မတို့ အဖွဲ့ဆို မသိသူ မရှိလောက်အောင် နေ့တိုင်း တွေ့ဆုံကြ ၊ စကားပြောကြနဲ့ သိပ်ကိုပျော်စရာကောင်းခဲ့ပါတယ်။ လတိုင်း လတိုင်း ရန်ကုန်မှာ တွေ့ဆုံပွဲတွေရှိတော့ အဲဒီတွေ့ဆုံပွဲကို ကျွန်မ သိပ်သွားချင်ခဲ့ဖူးပါတယ်။ ချတ်ရွန်းထဲတင်မဟုတ်ဘဲ အပြင်မှာထိ အားလုံးက နာမည်နဲ့လူနဲ့တွဲခင်နေကြ ၊ တစ်ယောက်အကြောင်း တစ်ယောက်သိနေကြတော့ အွန်လိုင်းလောကနဲ့မတူဘဲ သိပ်နွေးထွေးကြတယ်။ အလှူအတန်းတွေဆိုလည်း တက်ညီလက်ညီဖြစ်ကြသလို မြန်မာပြည်မှာ အုပ်စုတွေလိုက် ဘုရားဖူးထွက်ကြတဲ့ထိ အားလုံးခင်မင်ခဲ့ကြတယ်။


အွန်လိုင်းပေါ်ကနေ ကျွန်မနဲ့ရွယ်တူ ခင်ဖို့ကောင်းတဲ့ မိန်းကလေးတစ်ဦးကို ကျွန်မ အဲဒီအချိန်မှာ စတင်သိကျွမ်းခဲ့တယ်။ စင်္ကာပူမှာနေရတဲ့ သူမရဲ့အခက်ခဲတွေကို ကျွန်မကို ရင်ဖွင့်အမြဲပြောပြတဲ့အတွက် မိဘနှင့်အတူ အေးချမ်းစွာနေရတဲ့ ကျွန်မစိတ်ထဲ သူမဘ၀ကို များစွာသနားခဲ့မိတယ်။ ကျွန်မအိမ်နဲ့ သူမအိမ်ကလည်း သိပ်မဝေးတော့ ကျွန်မတို့ အပြင်မှာထိ သိကျွမ်းခဲ့ကြတယ်။ နောက်ပိုင်းမှာ ညီမတွေလို တတွဲတွဲဖြစ်လာပြီး ကျွန်မအိမ်ဟာ သူမအတွက် ၀င်ထွက်သွားလာနိုင်ရာ ဖြစ်လာခဲ့တယ်။ သူမ မိခင်က စင်္ကာပူက လူကြီးပိုင်းအင်ဂျင်နီယာလောကမှာ နာမည်ပျက်များရှိခဲ့ဖူးတဲ့ အမျိုးသမီးတစ်ယောက်။ ကံဆိုးချင်တော့ သူမရဲ့မိခင်အကြောင်းကို ကျွန်မ မိဘတွေက ကောင်းကောင်းသိနေခဲ့တယ်။ အကျင့်စာရိတ္တလွန်စွာမကောင်းတဲ့ သူမ မိခင်စရိုက်ကြောင့် ကျွန်မ မိဘတွေက သူမနှင့်မပေါင်းဖို့ ကျွန်မကို အမြဲတမ်း သတိပေးခဲ့တယ်။ ကျွန်မစိတ်ထဲမှာ သနားစိတ်တွေပဲ လျှံနေတာမို့ ကျွန်မမိဘတွေကို စိတ်ပူရန်မလိုကြောင်း ၊ သူမဟာ သနားဖို့ကောင်းကြောင်းတွေပဲ ပြန်လည်ပြောပြခဲ့တယ်။

ဒီလိုနဲ့ သူမလိုအပ်တဲ့ ကိစ္စတွေတိုင်းမှာ အမြဲတမ်း ကျွန်မကူညီနေခဲ့ရင်း ကျွန်မရသမျှမုန့်ဖိုးတွေလည်း အရင်လို မစုနိုင်တော့ဘူး။ မိတကွဲ ၊ ဖတကွဲနဲ့ စင်္ကာပူမှာ ကျောင်းတက်ရင်း ရုန်းကန်နေရတယ်လို့ ကျွန်မက သူမကိုသနားနေမိတာကြောင့် မနှမြောခဲ့မိပါဘူး။ နောက်ပိုင်းမှာ သူမငှားနေတဲ့ အိမ်ခန်းက ကောင်မလေးတစ်ယောက်နဲ့ မတည့်လို့ ကျွန်မအိမ်ကို သူပြောင်းလာပါတယ်။ ကျွန်မတို့မိသားစုအိမ်က ကျယ်ပေမယ့် ကျွန်မတို့ လူငှားမတင်ပါဘူး။ ကျွန်မတို့ညီိမတွေနဲ့မိဘ လွတ်လွတ်လပ်လပ် နေချင်တာကြောင့် အိမ်ခန်းတစ်ခန်းမှာ အနည်းဆုံးလူ(၂)ယောက်လောက် တင်ထားပြီး ကျွန်မတို့ညီမတွေက တစ်ခန်းမှာ သူများတွေလို စုနေလေ့ရပေမယ့် ကျွန်မတို့ မလုပ်ခဲ့ဘူး။

အိမ်မှာ ကိုယ့်မိသားစုချည်း နေချင်တာကြောင့် အရမ်းခင်မင်သူတွေက လာနေချင်ခဲ့ရင်တောင် အခြားအိမ်ခန်းကိုပဲ ကျွန်မတို့ငှားပေးလေ့ရှိတယ်။ အဲဒီအချိန်မှာ သူမ ကျွန်မအိမ်ကို ပြောင်းလာခဲ့တယ်။ ကျွန်မရဲ့တစ်ယောက်အိပ် ခုတင်လေးမှာ နှစ်ယောက်အတူစုအိပ်ရင်း ကွန်ပြူတာတစ်လုံးတည်း အတူသုံးသူတွေ ဖြစ်လာတယ်။ စားအတူ ၊ သွားအတူနဲ့ ကျွန်မတို့ ပိုမိုခင်မင်လာခဲ့တယ်။ သူမအတွက် လိုအပ်သမျှ အသုံးစရိတ်လေးတွေကို တတ်နိုင်သလောက် ကျွန်မပေးခဲ့တယ်။ တဖြေးဖြေးနဲ့ သူမ ကျောင်းမသွားတာကို ကျွန်မ သတိထားမိလာတယ်။ ကျောင်းမှာ ပြဿနာတစ်ခုတက်ထားတာကို ကျွန်မသတိပြုမိတယ်။ အသေးစိပ်ကို ကျွန်မ မစပ်စုချင်တာကြောင့် မမေးခဲ့ဘူး။ သူမကောင်လေးကလည်း သူမကိုတွေ့ချင်တိုင်း ကျွန်မအိမ်ကိုပဲ လာနေတာကြောင့် ကျွန်မ အမေနဲ့ ခင်မင်သွားတယ်။

ရန်ကုန်အိမ်က သူမမိသားစုက ကျွန်မထံကိုပါ ဖုန်းဆက်ပြီး သူမကိုစောင့်ရှောက်ဖို့ မှာကြားတဲ့အတွက် ကျွန်မ သူမကို ပိုမိုစောင့်ရှောက်ခဲ့တယ်။ သူမ ကျွန်မအိမ်မှာနေတဲ့ကာလအတွင်း ကျွန်မ မိသားစုနဲ့ ကျွန်မ မကြာခဏ တိုးတိုးတိတ်တိတ် ပြဿနာတက်ခဲ့ရတယ်။ ကျွန်မ မရှိချိန် နေ့တစ်ရက်မှာ သူမ ချစ်သူနဲ့ ဖုန်းထဲမှာ ရန်ဖြစ်နေချိန် ကြမ်းတမ်းလွန်းတဲ့ စကားတွေကြောင့် ကျွန်မ ညီမတွေက အရမ်းစိတ်ညစ်ခဲ့တယ်။ သူမ စကားပြောနည်းနည်းကြမ်းတာ ကျွန်မ သိပေမယ့် ကိုယ်တိုင်မကြားခဲ့ရတော့ သေချာမသိခဲ့မိဘူး။

တစ်ရက်မှာ .. မမျှော်လင့်သော အဖြစ်အပျက်တွေကြောင့် သူမ မြန်မာပြည်ကို ပြန်သွားတယ်။ မပြန်ခင် သူမလိုအပ်သမျှ အကူညီအားလုံးကို တစ်နေကုန် ကျွန်မ လိုက်ကူညီပေးနေခဲ့တယ်။ သူမ လေယဉ်လက်မှတ်အတွက် လိုအပ်သမျှ ငွေအနည်းငယ်ကိုလည်း ကျွန်မပဲ ထပ်စိုက်ပေးလိုက်တယ်။ မြန်မာပြည်ကို သူမ အရင်ပြန်သွားပြီး သိပ်မကြာခင်မှာ သူမနဲ့သူမချစ်သူ မြန်မာပြည်မှာ လက်ထပ်လိုက်ကြတယ်။ သားလေးတစ်ယောက်မွေးလာတဲ့အချိန်ထိ ကျွန်မနဲ့သူမ ညီမတွေလို ခင်မင်မင်မင်ဖြစ်လျက်ပါပဲ။ တဇွတ်ထိုးဆန်ပြီး လုပ်ချင်ရာ လုပ်တတ်တဲ့ သူမအကျင့်ကို ကျွန်မဘေးကနေ အမတစ်ယောက်လို အမြဲတမ်း အကောင်းဆုံးကို အကြံပေးခဲ့တယ်။ စိတ်ပျက်စပြုလာတဲ့ အဝေးရောက် သူမခင်ပွန်းကိုလည်း မိသားစုရဲ့ပျော်စရာအနာဂတ်အကြောင်း ၊ သူမရင်ဖွင့်သမျှ အချစ်တွေအကြောင်း ၊ သူမကို ပိုမိုစာနာ နားလည်ပေးစေဖို့ စာပို့ပြီး အတတ်နိုင်ဆုံးလုပ်ပေးခဲ့တယ်။

သူမ စင်္ကာပူကို ပြန်လာချင်တဲ့အတွက် သူမအတွက် လိုအပ်သမျှကို ကျွန်မ အကောင်းဆုံး ကြိုးစားလုပ်ပေးခဲ့တယ်။ သူမ စင်္ကာပူမှာ လုပ်သွားတာတွေက အနည်းငယ်ဆိုးရွားတာကြောင့် ကျောင်းဝင်ခွင့်ကို ပြန်မရခဲ့ဘူး။ သူမအတွက် အခြားကျောင်းဝင်ခွင့်တွေကို ကျွန်မ အချိန်တွေ အများကြီးပေးပြီး ကြိုးစားလုပ်ပေးနေခဲ့တယ်။ နိုင်ငံခြားရောက်နေတဲ့ သူမရဲ့ယောက္ခမတွေဆီကနေ သူမတောင်းသမျှ ငွေကိုလည်း ကျွန်မကပဲ တစ်ဆင့်ငွေပြန်လွှဲပေးခဲ့တယ်။ သူမချက်ချင်းလိုအပ်ရင် ကျွန်မနေ့မကူးဘဲ ချက်ချင်းကူညီပေးပြီး သူမပြောသမျှ အခက်ခဲတွေကိုပဲ အဟုတ်ကြီးထင်နေခဲ့တယ်။ ကျွန်မအကြောင်းကို ကောင်းကောင်းသိပြီး ယုံကြည်ခင်မင်နေတဲ့ သူမယောက္ခမတွေဟာ ကျွန်မကိုသာ အမြဲလာမေးတယ်။ အမှန်တွေထင်နေတဲ့ ကျွန်မကလည်း သူမ တကယ်လိုအပ်ကြောင်းတွေချည်း ထပ်တလဲလဲပြောပေးခဲ့တယ်။

တဖြေးဖြေးနဲ့ အချိန်တွေကုန်လွန်လာပြီး ကျွန်မ လက်ထပ်ဖို့ အချိန်တစ်ခု ဆုံးဖြတ်ချက်ချပြီးချိန် ကျွန်မ သူမကို ပြောပြခဲ့တယ်။ မြန်မာဝတ်စုံဝတ်ပြီး ပွဲလေးတစ်ခု လုပ်ချင်တဲ့ ကျွန်မဆန္ဒကို သူမကို ပြောပြမိတယ်။ သူမက ရန်ကုန်မှာ ကျင်လည်နေတာကြောင့် ကျွန်မ သူမကို မေးမြန်းခဲ့တယ်။ ကျွန်မလိုချင်တဲ့ ပိုးထည်ဒီဇိုင်းကို သူမကို ပြောပြတယ်။ သူမက ကျွန်မလိုချင်တဲ့ပိုးထည်ကို ရှာတွေ့ပြီပြောပြီး ပိုးထည်စလေးကို ပြောပြတယ်။ သိပ်ကြိုက်နေမိတဲ့ ကျွန်မ ချက်ချင်းပဲ သူမကို ငွေ(၅)သိန်းကျော် အရင်လွှဲပေးလိုက်တယ်။ ပုံတော်ဖိနပ်အလှနဲ့ပုဝါတွေကိုပါ ကျွန်မကို သူမက ၀ယ်ပေးမယ်ပြောတဲ့အတွက် ကျွန်မ သူမကို သိပ်ကျေးဇူးတင်ခဲ့မိတယ်။ ရက်ကလေးတွေ တဖြေးဖြေးကုန်လွန်လာပြီး သူမလည်း ပျောက်တစ်ချက် ၊ ပေါ်လာတစ်ချက်နဲ့ ဖြစ်လာတယ်။ ကျွန်မ သူမအိမ်ကိုဖုန်းဆက်တိုင်း သူမ အိမ်မှာ မရှိနေတာများတယ်။ သူမ အဘွားတွေ ၊ အဒေါ်တွေကို မေးတိုင်း သူမ အိမ်ကို သိပ်ပြန်မလာကြောင်း ၊ ဘယ်တွေသွားလို့သွားနေမှန်း တကယ်မသိကြောင်း ၊ သူမသားကိုလည်း သူတို့ကပဲ စောင့်ရှောက်ထားရတာတွေ ကျွန်မကိုပြောပြတယ်။ အချိန်တွေ လတွေကြာလာသည့်တိုင် သူမ ကျွန်မကို ဆက်သွယ်တာတွေ နည်းလာတယ်။ ဆိုးရွားစွာ ဖြစ်ပျက်နေတဲ့ သူမ အခြေအနေတွေကို ကျွန်မ နောက်ပိုင်းမှ သေချာသိလိုက်ရတယ်။ မမျှော်လင့်မိတာတွေ ကျွန်မ ကြားသိရပြီး အဝေးမှာ အလုပ်လုပ်နေတဲ့ သူမခင်ပွန်းနဲ့ သူမယောက္ခမတွေကို ကျွန်မ သိပ်မျက်နှာပူမိသွားတယ်။ ကျွန်မ စိတ်တော်တော်လေသွားရင်း သူမ ကျွန်မကို လိမ်ခဲ့တာတွေအားလုံးကို စိတ်ထဲမှာ တော်တော်မကောင်းဖြစ်ခဲ့မိတယ်။

“အမေထက် ဆယ်ပြန်ဆိုးနေတယ်”လို့ ဖုန်းထဲကနေ ငိုသံပါကြီးနဲ့ ပြောနေတဲ့ သူမ အဘွားတွေကိုယ်စား ကျွန်မစိတ်မကောင်းသိပ်ဖြစ်ခဲ့ရတယ်။ သူမရဲ့လုပ်ရပ်တွေအားလုံးကို သူမအဘွားတွေ အဒေါ်တွေကပါ သိသွားကြပြီး ကျွန်မကို တောင်းပန်ကြချိန် ကျွန်မ သူမကို စိတ်ပိုမျက်ခဲ့မိတယ်။ သူမ ကျွန်မကို တွေ့တိုင်း ပစ္စည်းတွေပို့တော့မယ် ၊ ပို့တော့မယ် ဆိုသော သတင်းကြောင့် ကျွန်မ သူမကို သိပ်မယုံတော့ပေမယ့် စောင့်နေခဲ့တယ်။ အမျိုးမျိုး ဇာတ်လမ်းတွေဆင်ပြီး သူမပြောနေတာကို ကျွန်မရိပ်မိလာနေပေမယ့် ကျွန်မကိုယ်တိုင် မြန်မာပြည်ပြန်ပြီး ၀ယ်ခြမ်းဖို့ မဖြစ်နိုင်တာကြောင့် သူမကိုပဲ လေပြေလေးနဲ့ အကောင်းဆုံးပြောခဲ့ရတယ်။ တစ်စုံတစ်ရာ ရှင်းပြခြင်းမရှိဘဲ သူမနှင့် အဆက်သွယ်အားလုံးမရတော့ချိန် အလုပ်တွေများရင်း စိတ်လည်းပျက်သွားတဲ့ ကျွန်မ မြန်မာသတို့သမီးဝတ်စုံကို စိတ်ပျက်လက်လျှော့ခဲ့တယ်။ မင်္ဂလာအခမ်းအနားမတိုင်ခင် မိသားစုလောက်နှင့်အတူ မြန်မာဆန်ဆန် မင်္ဂလာဆွမ်းကပ်ရန် အစီစဉ်ကို ကျွန်မ စိတ်ပင်ပန်း ၊ စိတ်ပျက်စွာနဲ့ လက်လျှော့လိုက်တယ်။ အဓိက မင်္ဂလာအခမ်းအနားအတွက်ပဲ ဆက်လက်စီစဉ်နေခဲ့ရင်း အလိမ်ခံရခြင်းပြဿနာ ၊ စင်္ကာပူနိုင်ငံနှင့်မြန်မာလူမျိုးများ ပြဿနာ အစရှိတာတွေနဲ့ပဲ စိတ်တစ်ခုလုံး ရှုပ်ထွေးနေခဲ့ရတယ်။

ဘ၀မှာ လူတစ်ယောက်ဟာ မိမိတန်ဖိုးကို မိမိလုပ်ရပ်နဲ့ပဲ တိုင်းတာသတ်မှတ်ရတယ်။ ငွေတန်ဖိုးသိပ်မများပေမယ့် အလကားထိုင်နေရင်း ရလာတဲ့ငွေမဟုတ်တဲ့အတွက် နှမြောမိသလို နှစ်တွေနဲ့ချီ ခင်မင်ရင်းနှီးပြီး အမြဲတမ်းအကောင်းဆုံးလုပ်ပေးခဲ့တဲ့ ခင်မင်မှုတန်ဖိုးတွေကို ရိုက်ချိုးခံလိုက်ရတဲ့အတွက် စိတ်တကယ်နာမိပါတယ်။ မင်္ဂလာကိစ္စဖြစ်တဲ့အတွက် စိတ်ထဲမှာ ပိုမိုခွင့်မလွှတ်နိုင် ဖြစ်ခဲ့ရတယ်။ ဒီကိစ္စအတွက် ကျွန်မ စိတ်ထဲ ထိခိုက်သွားချိန်မှာ ကျွန်မကို တစ်စက်မှ မဆူဘဲ သင်ခန်းစာယူဖို့ပဲပြောတဲ့ ချစ်သူကို ကျွန်မ တကယ်ပဲကျေးဇူးတင်မိတယ်။ မိဘတွေက ကျွန်မကို အားမလိုအားမရဖြစ်စွာနဲ့ လေးလေးနက်နက် အကြံပြုခဲ့တယ်။ ဘ၀သင်ခန်းစာဆိုတာ ခံရပြီးချိန် ပိုမိုမှတ်မိသွားတယ်။ ခင်မင်မှုနဲ့ယုံကြည်မှုဆိုတာ တစ်ကန့်စီရှိနေခြင်းကိုလည်း ကျွန်မ ပိုမိုသဘောပေါက်မိသွားတယ်။ လူဆိုတာ အမှားမကင်းပေမယ့် လူတိုင်းမှာ မိမိဘ၀ကို လှလှပပခြယ်မှုန်းပိုင်ခွင့်ရှိပါတယ်။ ပတ်ဝန်းကျင်ဆိုတာ မိမိလုပ်ရပ်တွေအပေါ်မှာပဲ ကြည့်ရှုအကဲခတ်သွားမှာပါပဲ။ ဘ၀မှာ အရေးကြီးဆုံးက မိမိလိပ်ပြာမိမိလုံရင်း အေးချမ်းပျော်ရွှင်စွာ နေနိုင်ဖို့ပါပဲ။ မိမိတန်ဖိုးကို မိမိသတ်မှတ်လိုက်တဲ့ ၊ အမှားတွေထဲကနေ ရုန်းထွက်ဖို့ မကြိုးစားဘဲ မိုက်မဲသော အမှောင်လောကထဲမှာပဲ ကျင်လည်ချင်ရင်း နစ်သထက် နစ်နေတဲ့ “ယဉ်ယဉ်လင်း” လို သူငယ်ချင်းမျိုးတစ်ယောက် စောစောစီးစီး ကျွန်မဘ၀ထဲက ထွက်ခွာသွားတဲ့အတွက် ကံတရားကို ကျွန်မ ကျေးဇူးတင်ရမှာပေါ့ ..... ။

အခြားလိမ်လည်ခံရခြင်းပို့စ်များ

ကိုပေါအလိမ်ခံရခြင်း

Read More...

Tuesday, November 25, 2008

ဘ၀ခရီး၏ ကြည်နူးပျော်ရွှင်မှု မှတ်တိုင်လေးတစ်ခု

အခုတလော အရမ်းအလုပ်များပြီး ပင်ပန်းနေတာနဲ့ ဘလော့ခ်လေးလည်း ဖုန်တက်နေခဲ့ပါပြီ။ စာရေးဖို့ စိတ်ကူးလေးတောင် ဘာတစ်ခုမှမရဘဲ ကိစ္စတွေကြား လုံးလည်ချာလည်လိုက်နေခဲ့တယ်။ နိုဝင်ဘာ (၁၈)ရက်နေ့မှာ မင်္ဂလာအကြိုဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ ခင်မင်ဖွယ်ကောင်းသော ဓာတ်ပုံပညာရှင်နှင့် ရိုက်ကူးခဲ့ရတာလည်း ပျော်ရွှင်မိပါတယ်။ အကြိုဓာတ်ပုံမရိုက်ခင် လိုအပ်သော ပစ္စည်းလေးတွေကို လိုက်ဝယ်ခြမ်းရတာလည်း ၁၈ရက်မတိုင်ခင် အရမ်းအလုပ်များနေခဲ့တယ်။ ကိစ္စတစ်ခုကို ပြီးမြောက်အောင်မြင်စေရန် လုပ်ရတာ အသေးအမွှားလိုအပ်ချက်လေးတွေက သိပ်များတာမို့ မလွယ်ပါဘူး။ Bridal Package ကို Sophia Wedding Collection ကပဲ ယူဖြစ်ခဲ့တယ်။ အကြိုဓာတ်ပုံရိုက်ပေးတာက Romantic Life က Mr.Eagle Sue ။

မင်္ဂလာအကြိုဓာတ်ပုံတွေကို မနက်ဖြန်မှာ လိုချင်သလောက်ပုံတွေ သွားရွေးချယ်ရမှာမို့ စိတ်ထဲမှာ ပျော်ရွှင်နေမိတယ်။ ကျွန်မက ဓာတ်ပုံရိုက်ခံရတာ အရမ်းဝါသနာကြီးသူ။ ကံကောင်းစွာနဲ့ အကြိုဓာတ်ပုံရိုက်ကူးခဲ့သောနေ့က ရာသီဥတုက တစ်နေလုံးကြည်လင်လှပနေခဲ့တယ်။ မင်္ဂလာအကြိုဓာတ်ပုံရိုက်ကူးပြီးချိန် နောက်ရက်မှာတော့ စိတ်ကြိုက်ရွေးချယ်ခဲ့သော အိမ်ကလေးကို နောက်ဆုံးအဆင့် စာရွက်စာတမ်းတွေအားလုံး ရှင်းလင်းပြီးချိန် အိမ်ကလေးအတွက် အလှဆင်အလုပ်များနေခဲ့ကြတယ်။ နှစ်ယောက်လုံး စိတ်ကြိုက် အချိန်ယူပြီး ရှာဖွေရွေးချယ်ခဲ့သော အိမ်ကလေးမို့ ဒီအိမ်ကလေးအတွက် မမောမပန်း အလှဆင် နေရာချနေရတာကလည်း ကျေနပ်ဖွယ်အလုပ်တစ်ခု။


လောလောဆယ်ထိ အိမ်ကလေးကို အလှဆင်နေရာချနေတာ မပြီးသေးပါဘူး။ ဒီတပတ်လုံး အိမ်ကလေးနဲ့ပဲ အလုပ်များနေတော့မယ်။ ငြိမ်သက်တိတ်ဆိတ်နေသော ဥယျာဉ်ခြံလေးအတွင်းက ဒီအိမ်ကလေးမှာ ဘ၀ရဲ့တိုးတက်မှုတွေ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်မှုတွေ ဖြစ်ပေါ်နေမိတယ်။ မှန်အပြည့် ပြတင်းပေါက်ခပ်ကြီးကြီးပါသော အိမ်ကလေးတွေကို သဘောကျသော ကျွန်မအတွက် မိဘနှင့် ချစ်သူ နှစ်ဖက်လုံးက နှစ်ဖက်လုံးနေထိုင်သော အိမ်တွေကို ကျွန်မစိတ်ကြိုက်ရွေးချယ်ခွင့်ပေးခဲ့တာ ကျေးဇူးတင်မိပါတယ်။

ဒီတပတ်ထဲမှာ မင်္ဂလာဖိတ်စာတွေကို အပြီးပို့ပေးရင်း လက်စသပ်ရန် ကျန်နေသော ကိစ္စလေးတွေကို အပြီးစီစဉ်ရမှာမို့ ကျွန်မ အလုပ်များနေမှာဖြစ်တဲ့အတွက် အခြားအသိဘလော့ခ်များအားလုံးကို မလည်ပတ်နိုင်သေးခဲ့ရင် နားလည်ပေးပါရန် တောင်းဆိုပါတယ်ရှင်။
ဒီဇင်ဘာ (၁၃)ရက်နေ့မှာ ကျရောက်မယ့် ကျွန်မရဲ့ အသက်(၂၀)နှစ်မြောက် မွေးနေ့အတွက်လည်း ပျော်ရွှင်မိပါတယ်။ ဒီနှစ်ထဲမှာ အမှတ်တရတွေအားလုံး စုပြုံနေခဲ့တာ ထူးခြားမှုတစ်ခုပါပဲ။


ဒီဇင်ဘာ(၂၁)ရက်နေ့ Mandarin Oriental Hotel မှာ ကျင်းပမည့် မင်္ဂလာအခမ်းအနားအတွက် အရာအားလုံးက စီစဉ်ပြီးစီးနေခဲ့ပါပြီ။ အလှပလေး ဆက်လက်ထိန်းသိမ်း ဂရုစိုက်ဖို့ပဲ လိုပါတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မ လက်ထပ်သောအချိန်ရောက်မှ ကမ္ဘာ့စီးပွားရေးပြဿနာက ပေါ်ပေါက်လာခဲ့တယ်။ ဒီပြဿနာကြောင့် ကြိုတင်ကာကွယ်မှုအနေနဲ့ ဟန်းနီးမွန်းကို ဝေးလံသော ဥရောပခရီးစဉ်ကနေ အာရှခရီးကိုပဲ ပြောင်းလဲလိုက်ရတယ်။ ပျော်ရွှင်မှုတွေအားလုံး ၀န်းရံခစားနိုင်ဖို့ လွယ်လွယ်ကူကူမဟုတ်ဘဲ နှစ်ယောက်ကြားမှာရော ၊ နှစ်ဖက်အသိုင်းဝိုင်းအတွက်ရော အများကြီး ကြိုးစားလုပ်ဆောင်ခဲ့ရပါတယ်။ ဒီအတွက်လည်း ခိုင်မြဲသထက် ခိုင်မြဲလာတဲ့ သံယောဇဉ်နှောင်ကြိုး တွယ်တာမှုများကို ကြည့်ရင်း ကျေနပ်မိတယ်။

`အခက်ခဲတွေလည်း
ဖြတ်သင့်သလောက်
တော်တော်များများ အတူဖြတ်ကျော်ခဲ့ပြီးပြီ .. ။

ပြင်းထန်သော စိတ်ခံစားမှုတွေလည်း
အတ္တတွေကြိုးစားမြုပ်နှံလို့
အေးချမ်းမြတ်နိုးချစ်ခင်ခြင်းတွေအဖြစ်
ကြိုးစားပြောင်းလဲခဲ့ပြီးပြီ .. ။

လိုချင်တာနဲ့ပေးနိုင်တာကြား
လိုချင်မှုတွေထိန်းသိမ်းလို့
ပေးနိုင်တာတွေအားလုံးပဲ
အကောင်းဆုံးကြိုးစားနေခဲ့ကြပြီ .. ။

ကံတရားရေ …
ချိုမြိန်လှပသော အနာဂတ်လေးအတွက်
သင်းပျံ့လှပသောပန်းပွင့်လေးများသီကုံးလို့
အေးချမ်းရင်ခုန်ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့
ကံကောင်းခြင်းလက်ဆောင်တွေကိုပဲ
အမြတ်တနိုး သယ်ဆောင်လာပေးလှည့်ပါတော့ကွယ် … ။ ´

ဒီကဗျာလေးကို ဘာရယ်မဟုတ် စိတ်ထဲရှိသလို ချရေးလိုက်ရင်း လတ်တလော အကြိုက်ဆုံးသီချင်း A Moment Like This ကို ခပ်တိုးတိုးလေး သီဆိုနေမိတယ် .. ။ ကျေနပ်ပျော်ရွှင်မှုတွေကို ဘလော့ခ်လာသူများအားလုံးနှင့် ဝေမျှလိုက်ပါတယ်။ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ :)




Lyrics | Kelly Clarkson lyrics - A Moment Like This lyrics

Read More...

Friday, November 07, 2008

ပင်စင်ရောဂါ

ဆရာကြီး မြသန်းတင့်ရေးသားသော `ပင်စင်ရောဂါ´၀တ္ထုတိုလေးကို ဖတ်ကြည့်ပြီးချိန်မှာ အဓိက ဇာတ်ကောင် ၂ဦးလုံးကို အပြစ်တင်ရက်ခြင်း မရှိလောက်အောင် အခြေအနေများကို စာနာမိပါတယ်။ ဒီဝတ္ထုထဲမှာ သရုပ်ဖော်ထားသော ဆရာဝန်ကို သူ့လုပ်ရပ်အတွက် စာဖတ်သူများ အပြစ်တင်ကြမှာလား ကျွန်မသိချင်မိပါတယ်။

ပင်စင်ရောဂါ

ဒီနေ့ညအဖို့ ပထမဦးဆုံးရောက်လာတဲ့ လူနာပဲ။ လူနာက အမျိုးသမီး ၊ အသက်သုံးဆယ်ကျော် လေးဆယ်တွင်းလောက်မှာပဲ ရှိဦးမယ်ထင်တယ်။ အသားဖြူဖြူ ခပ်၀၀ရယ် ၊ သိပ်အ၀ကြီးတော့ မဟုတ်ဘူးပေါ့လေ။ ခပ်ဖိုင့်ဖိုင့်လို့ ပြောရမှာပေါ့။ အရပ်
ကလည်း မနိမ့်မမြင့် ၊ မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့။ အဲ .. နှာယောင်ကတော့ နည်းနည်းပြားတယ်လို့ ခေါ်ရမယ်ထင်တယ်။ နှာတံပေါ်တယ်လို့ မပြောနိုင်ဘူး။ သူ့လက်ထဲမှာ ဆွဲခြင်းကလေးတစ်ခု ဆွဲလာတယ်။ ခေါက်ထီးကလေးတစ်လက်လည်း ပါလာတယ်။

ပြီးတော့ လက်သုတ်ပ၀ါနဲ့ ပတ်ထားတဲ့ ထမင်းဘူးရယ်။ ဓာတ်ဗူးသေးသေးသလေး တစ်လုံးရယ်ပေါ့။ ကော်ဖီတို့ ဘာတို့ ထည့်မှာပေါ့။ ဒါကိုကြည့်ပြီး အမျိုးသမီးဟာ စနစ်တကျ ချွေချွေတာတာ ၊ စည်းကမ်းရှိရှိနဲ့ နေတတ်စားတတ်တဲ့ အမျိုးသမီးတစ်ယောက်လို့ ကျွန်တော်တွက်လိုက်တယ်။ အ၀တ်အစားကလည်း သန့်သန့်ပြန့်ပြန့်ပါပဲ။ ဆံပင်ကို နောက်တွဲကလေးရိုးရိုးထုံးထားပြီး အင်္ကျီလက်ရှည်အဖြူနဲ့ အကောင်းစားပါတိတ်တစ်ထည်ကို ၀တ်ထားတယ်။ သူ့ကိုကြည့်ရတာ လူနာတစ်ယောက်နဲ့ မတူဘူး။ ပကတိကျန်းမာနေတဲ့ ရုပ်မျိုးပဲ။ နှုတ်ခမ်းတွေက ရဲလို့။ အသားအရေကလည်း ကြည်လို့။

`ဆို ဘာဖြစ်တာလဲ´

ကျွန်တော်က ဆရာဝန်တွေ ဆေးခန်းဝမှာ နှုတ်ဆက်လေ့ရှိတဲ့ စကားနဲ့နှုတ်ဆက်လိုက်တယ်။

`ဘာမှတော့ မဖြစ်ပါဘူး ဆရာ။ အင်ဗေလစ်ပင်စင် တင်ချင်လို့ ဆရာ့ဆီက ထောက်ခံချက်ကလေး လာတောင်းတာပါ´

ကျွန်တော် မျက်ခုံးကို ပင့်လိုက်မိတယ်။ သူ့အရွယ်က အရွယ်ကောင်းတုန်း။ အလွန်ဆုံးရှိမှ အသက် ၄၀ပေါ့။ ဒီအရွယ်မှာ ဘာဖြစ်လို့ ဆေးပင်စင်ယူချင်ရတာလဲ။ ကျွန်တော့်ဆီကိုလာပြီး ဆေးပင်စင်အတွက် ဆေးလက်မှတ်လာတောင်းတဲ့ သူတွေ အများကြီးရှိပါတယ်။ တချို့က တကယ်အသက်ကြီးလာလို့ ကျန်တဲ့ တစ်နှစ် နှစ်နှစ်ကလေးကို ပင်စင်နဲ့သွားချင်တယ်။

တချို့က အသက်ငယ်ပေမယ့် တကယ့်ကိုနေထိုင်မကောင်းဖြစ်လို့ ပင်စင်ယူချင်တာ။ ဥပမာ တချို့အမျိုးသမီးတွေဆိုရင် အသက်သိပ်မကြီးသော်လည်း မီးယပ်စတဲ့ အမျိုးသမီးရောဂါတို့ ၊ သားအိမ်တို့ ၊ ရင်သားကင်ဆာတို့ဘာတို့ ဖြစ်လို့ ကောင်းကောင်းမကျန်းမာတော့တာနဲ့ပဲ ပင်စင်ယူချင်ကြတာ။ တချို့ကျတော့လည်း ၀န်ထမ်းအလုပ်ထက်ပိုပြီး ၀င်ငွေကောင်းတဲ့ အရောင်းအ၀ယ်လုပ်ငန်းတို့ ဘာတို့ကို လုပ်ချင်လို့ ဆေးပင်စင်လျှောက်ကြတာ။ နည်းနည်းပါးပါးလည်း ရောဂါလေး ဘာလေးတော့ ရှိတာပေါ့လေ။ ရောဂါမရှိဘဲနဲ့ ဆရာဝန်က ဘယ့်နှယ်လုပ်ပြီး ဆေးထောက်ခံချက်ပေးနိုင်ပါ့မလဲ။

Download Full Story From Mediafire

Download Full Story in Scribd


Read More...

Wednesday, November 05, 2008

America's first black president

အမေရိက၏ (၄၄)ဦးမြောက် သမ္မတအဖြစ် Barack Obama ရွေးချယ်ခံရလိုက်ပါပြီ။ အစကတည်းက သူပဲရွေးချယ်ခံရမယ်လို့ ထင်ထားခဲ့ပါတယ်။ အမေရိကန်လူမျိုးတွေသမိုင်းမှာ ပထမဆုံးသော ထူးခြားမှုအပြောင်းအလဲ ဖြစ်ရပ်တစ်ခုပါပဲ။ အမေရိကန်လူမျိုးတွေ ရွေးချယ်သော အစိုးရဟာ သူတို့တကယ်ယုံကြည်လိုလားသော အစိုးရဖြစ်တာမို့ ဘယ်သူပဲနိုင်နိုင် စစ်မှန်သောရွေးချယ်မှုပဲ ဖြစ်မှာပါ .. ။ အမေရိကန်သမ္မတအဖြစ် Obama ကို သဘောကျပေမယ့် First Lady နေရာမှာ ကျွန်မသဘောကျခဲ့တာက John McCain အမျိုးသမီးကိုပါ :D ။ စိတ်ထားကြင်နာတတ်သလို အပြင်အဆင်မှာလည်း လှပချောမွေ့နုနယ်သော အမျိုးသမီးတွေကို ကျွန်မသဘောကျတတ်လို့ပါ။ အမေရိကရဲ့ လွတ်လပ်စွာ မဲပေးမှု ၊ ရွေးချယ်မှုတွေကို ကြည့်ရင်း စိတ်ထဲမြင်ယောင်နေမိတာက .. တံခါးပိတ်လုပ်ချင်ရာလုပ်နေခဲ့ကြပြီး ဆန္ဒမဲပေးဖို့တောင် အမှန်စင်စစ် ခွင့်မပြုခဲ့ကြသော ခပ်လှမ်းလှမ်းက အမှောင်အတိနိုင်ငံတစ်ခု။

Watch the video "Obama makes victory speech"

ဘားရက် အိုဘားမားနှင့် မြန်မာ့အရေး သူ့သဘောထား

Read More...

စင်္ကာပူတွင် ကျင်းပခဲ့သည့် မြန်မာ့ရိုးရာကထိန်ပွဲ

အခုရက်ပိုင်း ရာသီဥတုက တစ်နေကုန် မိုးခဏရွာလိုက် ၊ နေပြန်ပူလိုက် ၊ မိုးပြန်ရွာလိုက်နဲ့ အမျိုးမျိုး အပြောင်းအလဲဖြစ်နေတာကြောင့် အပြင်အသွားအလာများမိတဲ့ ကျွန်မ ဖျားနေပါပြီ။ တနင်္ဂနွေနေ့က တိုပါးရိုးကျောင်းမှာ ကျင်းပသော ကထိန်ပွဲကို သွားရောက်အားပေးခဲ့ပါတယ်။ ကျွန်မသွားချိန်က မနက်၁၁နာရီခွဲလောက်ရှိနေပြီဖြစ်တဲ့အတွက် အများဆုံးတွေ့ခဲ့ရတာက ပြွတ်သိပ်နေအောင် တိုးနေကြတဲ့ မြန်မာလူမျိုးများပါပဲ။ တိုပါးရိုးဘုန်းကြီးကျောင်း အပြင်ဘက်မှာလည်း အပြည့်နေရာယူထားတဲ့ မြန်မာလူမျိုးတွေကို တွေ့ရတော့ စင်္ကာပူလို့တောင် မထင်ရဘဲ မြန်မာပြည် ပြန်ရောက်နေရသလား ထင်မိပါတယ်။ လူတွေအရမ်းများလွန်းလို့ ဓာတ်ပုံတွေ သေချာမရိုက်ဖြစ်ခဲ့မိပါဘူး။

နိဗ္ဗာန်ဈေးရောင်းပွဲတော်ဆီမှ အပြိုင်အဆိုင် အော်ခေါ်သံများဟာ ဘုန်းကြီးကျောင်းဝင်းထဲမှာ စည်ကားသိုက်မြိုက်နေပါတယ်။ ဘုန်းကြီးကျောင်းထဲကို ၀င်လိုက်စဉ်မှာ မြန်မာယောက်ျားလေးတစ်ဦးက ကျွန်မတို့ကို စားပွဲတင် ပြက္ခဒိန်လေးနှစ်ခု လက်ဆောင်ပေးရင်း မုန့်စားလက်မှတ်ရောင်းပါတယ်။ မြန်မာပြည်မှ မုန့်တွေကို ဈေးနှုန်းချိုသာစွာ ရောင်းချပြီး အားလုံးဟာ ပျော်ပျော်ရွှင်ရွှင် စားသောက်နေတာကို မြင်ရချိန် စိတ်ထဲမှာ ကြည်နူးမိပါတယ်။

မုန့်တစ်ပွဲကို ၂ဒေါ်လာခန့်သာ ပေးရသောကြောင့် လက်မှတ်တွေဟာ မစားနိုင်တဲ့ ကျွန်မတို့အတွက် အနည်းငယ်များနေပါတယ်။ ပြည်ထမင်းသုပ် ၊ ရွှေရင်အေး ၊ ကြက်သားဟင်းနှင့် ပလာတာ ၊ မုန့်ဟင်းခါး ၊ ရခိုင်မုန့်တီ အစရှိသည့် မုန့်မျိုးစုံရောင်းချနေသော ဈေးခင်းထဲ လှည့်လည်ကြည့်ရှုရင်း ရခိုင်မုန့်တီကို အရင်စားဖြစ်ပါတယ်။


ရခိုင်မုန့်တီစားပြီးနောက် ကျွန်မ သိပ်ကြိုက်သော ရွှေရင်အေးဆိုင်ဘက် ခြေဦးလှည့်ဖြစ်ခဲ့တယ်။ ရွှေရင်အေးတစ်ပွဲလုံးဟာ စားကောင်းပေမယ့် ပြွတ်သိပ်နေသော လူများကြား မတ်တပ်ရပ်စားနေရတာကြောင့် တစ်ပွဲလုံးမစားနိုင်ခဲ့ပါဘူး။

ပိုနေသေးသော လက်မှတ်တွေအတွက် ရန်ပုံငွေအဖြစ်ရောင်းသော တီရှပ်တစ်ထည်ကို `သူ´က ၀ယ်ယူလိုက်ရင်း ကျွန်မက အအေးဗူးအချို့သွားဝယ်လိုက်ပါတယ်။ ပလာတာနှင့် ကြက်သားဟင်းကို လက်ကျန်အဖြစ် ၀ယ်ယူခဲ့ကာ ပူပြင်းလှသော နေရောင်အောက်မှာ ကျိတ်ကျိတ်တိုး စည်ကားနေသော ကထိန်ပွဲမှ နှုတ်ဆက်ထွက်ခွာ ပြန်လာခဲ့ပါတယ်။

ဒီပွဲကိုသွားရချိန် ထူးခြားချက်တစ်ခုက ကျွန်မစိတ်ထဲ လူတွေသိပ်များပေမယ့် အနှစ်သာရအချို့ ခမ်းခြောက်နေသလို ခံစားရမိပါတယ်။ တစ်ချိန်တုန်းက .. ဘယ်မြန်မာရိုးရာပွဲကိုသွားသွား အားမာန်အပြည့်ဖြင့် ပြောကြားရင်း ၊ လက်တွဲခေါ်ယူရင်း ညီညွတ်စွာ အဖွဲ့လိုက်တွေ့ရတတ်တဲ့ `မိတ်ဆွေတစ်စု´အသံများ ၊ လှုပ်ရှားလုပ်ဆောင်မှုများ ၊ အနာဂတ်အစီစဉ်များကို မတွေ့ရခြင်းက
ရင်တွင်းမှာ အမျိုးအမည်မသိသော ခံစားချက်တစ်ခုဖြင့် တိတ်ဆိတ်ခြောက်ကပ်နေစေခဲ့ပါတယ် .. ။

Read More...

Friday, October 31, 2008

လတ်တလောဖတ်မိသော စာအုပ်များနှင့်အတွေးများ

ပန်နီဆူးလားမှာ မြန်မာစာအုပ်တွေသွားဝယ်တိုင်း ကျွန်မ ပထမဆုံးခြေလှမ်းလေ့ရှိသော ဆိုင်က `ဒဏ္ဍာရီ´ဆိုင်ပါပဲ။ ဒီဆိုင်ကလေးဟာ စာအုပ်တွေချည်း သီးသန့်ရောင်းသောဆိုင်ဖြစ်သလို စာပေမြတ်နိုးတဲ့ ဇနီးမောင်နှံနှစ်ဦးက ဖွင့်ထားသလို အကူညီလိုရင် လက်မှတ်ကောက်ခြင်းကဲ့သို့ ကိစ္စများကို စေတနာအပြည့်အ၀ဖြင့် ကူညီလေ့ရှိတဲ့အတွက် စာအုပ်များပြားသော ထိုဆိုင်ကိုပဲ ကျွန်မ ထိပ်ဆုံးသွားလေ့ရှိပါတယ်။ စာအုပ်တော်တော်များများကို မကြာခဏ ၀ယ်လေ့ရှိတဲ့ ကျွန်မနှင့် မြန်မာပြည်နှင့်ပတ်သတ် စာအုပ်များကိုဝယ်လေ့ရှိတဲ့ သူ့ကို ဒီဆိုင်ပိုင်ရှင်ကလည်း ခင်မင်ရင်းနှီးနေခဲ့ပါပြီ။

စာအုပ်တွေမြင်ရင် ၀ါးစားသလို ၀ယ်တတ်တဲ့ ကျွန်မတို့နှစ်ယောက်ကို တစ်ခါတစ်လေ အချို့စာအုပ်တွေ စာကြည့်တိုက်မှာ ငှားလို့ရကြောင်းလည်း အကြံပြုပေးတတ်တဲ့အတွက် ပိုမိုသဘောကျမိပါတယ်။ စာအုပ်တစ်ခါသွားငှားရင် ပြန်ပို့ဖို့ အချိန်မရတာတစ်ချက်၊ ကိုယ်ပိုင်စာအုပ်အဖြစ် သိမ်းထားတာကိုပဲ သဘောကျမိတဲ့အချက်ရောကြောင့် စာအုပ်ငှားဖို့ ကျွန်မ တစ်ခါမှ စိတ်မကူးဖြစ်ခဲ့ဘူး။ ဒါကြောင့်လည်း ကျွန်မအခန်းက စာကြည့်တိုက်တစ်ခုလို ဖြစ်နေခဲ့ပြီး အိမ်ပြောင်းစဉ်က ကျွန်မပစ္စည်းအားလုံးက ကားကြီးတစ်စီးစာ ရှိနေခဲ့တာကြောင့် အချို့စာအုပ်တွေကို လှူဖို့ ၊ အချို့ပစ္စည်းတွေကို လွှင့်ပစ်ဖို့ ကျွန်မမိဘတွေက မကြာခဏ တိုက်တွန်းလေ့ရှိတဲ့အတွက် ကျွန်မစာအုပ်အချို့နှင့် ပစ္စည်းအချို့ကို သံယောဇဉ်တွေဖြတ်ခဲ့ရပါတယ်။



အရင်လက ပန်နီဆူးလားကိုခဏရောက်ချိန် ဖတ်ဖို့စာအုပ်တော်တော်များများ ဒဏ္ဍာရီဆိုင်ကပဲ ၀ယ်လာဖြစ်ခဲ့တယ်။ ပထမဆုံးဖတ်ဖြစ်တဲ့စာအုပ်က စာရေးဆရာကြီး မြသန်းတင့်ဘာသာပြန်ခဲ့သော `တဂိုးဝတ္ထုတိုများ´။ ယခင်ပို့စ် `သခင်လေးပြန်လာပြီ´၀တ္ထုတိုက ထိုစာအုပ်ထဲမှ ကူးယူဖော်ပြခဲ့ခြင်းပါ။ တဂိုးဝတ္ထုတိုအနည်းငယ်ကိုပဲ ဖတ်ဖူးတဲ့အတွက် စာရေးဆရာကြီးပါရဂူ ဘာသာပြန်စာအုပ်ကိုလည်း ၀ယ်ယူလာခဲ့တယ်။ ဆရာကြီးပါရဂူ ဘာသာပြန်စာအုပ်ကိုတော့ မဖတ်ရသေးပါဘူး။ တဂိုးဝတ္ထုတိုများကို ဖတ်ရင်း အရေးအသား ၊ အဖြစ်အပျက် ၊ နေရာဒေသ ခေတ်စနစ်တွေကို လေ့လာမှတ်သားခဲ့ရပါတယ်။ ၀ယ်ရကျိုးနပ်သော စာအုပ်တစ်အုပ်ပါပဲ။


ဒုတိယ ကျွန်မဖတ်ဖြစ်သော စာအုပ်က ကျွန်မ လေးစားနှစ်သက်ရပါသော `ဆရာချစ်ဦးညို´ စာအုပ်တွေပါပဲ။ သမိုင်းရာဇ၀င်တွေကို နောက်ခံထားပြီး စကားလုံးလှလှ ၊ ခံစားမှုနက်နက်များဖြင့် ရေးဖွဲ့လေ့ရှိသော ဆရာချစ်ဦးညိုစာပေတွေကို ကျွန်မ သိပ်နှစ်သက်ပါတယ်။ ဆရာချစ်ဦးညိုစာအုပ်များအားလုံးကို ကျွန်မသိပ်နှစ်သက်သလို ကျွန်မအသဲနှလုံးကို အလှုပ်ကိုင်နိုင်ဆုံး စာအုပ်က ကျွန်မသဘောကျသည့် မဏိစန္ဒာမင်းသမီးအကြောင်းကို ရေးဖွဲ့ထားသော `မဏိစန္ဒာဥဒါန်း´စာအုပ်ပါပဲ။ `နှင်းကေသရာချစ်တဲ့ သူရဲကောင်း´စာအုပ်ကို ဖတ်မိရင်း ရာဇ၀င်ထဲမှ သူရဲကောင်းများဘ၀နှင့် သူရဲကောင်းများကို ချစ်မိသော မိန်းမသားများဘ၀ ၊ ဘုရင်များ၏ စစ်မက်များကို လေ့လာသုံးသပ်မိပါတယ်။

ထိုစာအုပ်ထဲမှာ ကျွန်မရင်ထဲစွဲသွားသော စကားလုံးက စစ်ပွဲပေါင်းများစွာကို တိုက်ခိုက်အောင်မြင်ပြီး အရွယ်ရလာချိန် စစ်သူကြီးတစ်ဦး လေးလေးနက်နက်တွေးမိသော စစ်နှင့်ပတ်သတ် အတွေးအခေါ်တစ်ခုပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် ယခင်ခေတ်မှာ သစ္စာဖောက်တွေကြောင့် ၊ ဘုရင့်အမိန့်အာဏာကြောင့် ၊ မိမိနိုင်ငံအတွက်ကြောင့် စစ်ပွဲတွေဆင်နွှဲခဲ့ရတယ်။ နိုင်ငံတိုးတက်အေးချမ်းသာယာစေရန်အတွက် စစ်ပွဲတွေနှင့် ဖြေရှင်းနေရတာ ဘယ်လိုမှ မတတ်သာခဲ့တဲ့ စစ်သူကြီးများဘ၀မှာ နောင်အနာဂတ်လူသားတွေရဲ့ ပိုမိုတိုးတက်လာမည့် အတွေးအခေါ် ၊ အုပ်ချုပ်ပုံ ၊ ခေတ်စနစ်များကြောင့် ပိုမိုအေးချမ်းသာယာ တိုးတက်လာမည့် အနာဂတ်ရှေ့ဘ၀များကိုပဲ မျှော်လင့်အားကိုးတော့မည်ဆိုသော စကားတစ်ခွန်းကို သေသေချာချာ တွေးနေမိပါတယ်။

လွန်ခဲ့သော နှစ်ပေါင်းမြောက်များစွာက ဘုရင့်လက်အောက်မှ စစ်သူကြီးများဟာ ဒီအတွေးကို တွေးရင်း နောင်အနာဂတ်လူသားများအပေါ်မှာ အားကိုးမျှော်လင့်ခဲ့ဖူးပါတယ်။ သိပ္ပံပညာတွေ ၊ စက်မှုစွမ်းအားတွေ တိုးတက်ထွန်းကားလာတဲ့ ယနေ့ခေတ်မှာ ရာဇ၀င်ထဲမှ သူရဲကောင်းကြီးများ မျှော်လင့်ကြိုးစားခဲ့သလို အမှန်စင်စစ် လွတ်လပ်အေးချမ်းသာယာနေပါရဲ့လားဆိုတာ ကျွန်မစဉ်းစားနေမိပါတယ်။ ဘုရင်စနစ် မကုန်ခမ်းသေးသော အာဏာရှင်နိုင်ငံများမှာ ထိုမျှော်လင့်ချက် အပြည့်အ၀ မဖြစ်မြောက်သေးဘူးလို့ ကျွန်မ ကောက်ချက်ချမိပါတယ်။


တတိယ ကျွန်မဖတ်ဖြစ်တာက ဝေဖန်ခံရခြင်းများသော ဆရာမဂျူး၏ `သူမင်းကို .. ဘယ်တော့မှ´ စာအုပ်ပါပဲ။ အတွေးအခေါ် ရေးသားဟန် အနည်းငယ် ဦးတည်ချက် ပြောင်းလဲလာပြီဖြစ်သော ဆရာမဂျူး၏ ကလောင်သွားကို ကျွန်မ နားလည်မိပါတယ်။ `မိန်းမတစ်ယောက်၏ ဖွင့်ဟ၀န်ခံချက်´လို စာအုပ်မျိုးများ ရေးသားခဲ့စဉ်က ဆရာမဂျူး၏ ရင်တွင်းနက်ရှိုင်းမှု ခံစားချက်များနှင့် ယနေ့ ဆရာမဂျူးဟာ အချိန်အခြေအနေကြောင့် ပုံစံအသစ်တစ်ခု ဖြစ်သွားပြီလို့ ကျွန်မ ကောက်ချက်ချမိပါတယ်။ ရင်ကိုမှန်သော မြှားချက်များ ပစ်လွှတ်လေ့ရှိသော ဆရာမဂျူးရင်ထဲမှာ ယနေ့ခေတ် လူငယ်များကို ပိုမိုတိုးတက် ကြိုးစားချင်စိတ် ၊ လမ်းသစ်များ ရှာဖွေလေ့လာသင်ယူစိတ် ၊ မကြောက်မရွံ့ ကြိုးစားလိုစိတ်တို့ ကိန်းဝပ်ရှင်သန်နေတယ်လို့ ကျွန်မမြင်မိပါတယ်။


စတုတ္ထ ကျွန်မဖတ်ပြီးသော စာအုပ်က ဆရာမကြီး ခင်နှင်းယု၏ `မြကြာဖြူ´စာအုပ်။ ချစ်ခင်နှစ်သက်ခြင်း မရှိဘဲ အလိုဆန္ဒနှင့် အနိုင်ယူလိုစိတ်အတ္တဖြင့် ဖွဲ့တည်လာသော တက္ကသိုလ်မှ အလှပဆုံးမိန်းမတစ်ယောက်၏ အိမ်ထောင်ရေးဘ၀ ၊ မိမိအိမ်ထောင်ဖက်ကို ထိမ်းမြားပြီး သားသမီးတွေရလာချိန်ထိ ချစ်ခင်နှစ်သက်ရန် စိတ်မကူးဘဲ ဖြစ်ချင်တိုင်းဖြစ်ပျက်နေသော အိမ်ထောင်ရှင်ယောက်ျား ၊ ချစ်သူ၏ သစ္စာမဲ့ခြင်းကို ခံရပြီး အေးမြသောအရိပ်အောက်မှာ တည်ငြိမ်သွားသော အမျိုးသမီးတစ်ဦး။ စာအုပ်တစ်အုပ်ဖတ်ပြီးတိုင်း သင်ခန်းစာတစ်ခုကို ရသလို မြကြာဖြူစာအုပ်ဟာလည်း လူဆိုသော သတ္တ၀ါများ သတိထားရမည့် အချက်များကို ညွှန်ပြပေးတယ်လို့ ယူဆမိပါတယ်။


ကြည်အေး၏ ၀တ္ထုတိုများပေါင်းချုပ်ကို နောက်ဆုံးဖတ်ပြီးခဲ့ပါတယ်။ ကြည်အေးရေးသော `မီ´ဆိုသော ၀တ္ထုရှည်တစ်ခုကိုလည်း ကြိုက်စာရင်းထဲ ထည့်ထားခဲ့ရင်း ၀တ္ထုတိုများကိုလည်း သူ့ခေတ်သူ့အချိန်နှင့်သူ ခံစားကြည့်ချင်တဲ့အတွက် ၀တ္ထုတိုများကို သေချာဖတ်ရှုဖြစ်ပါတယ်။


စာအုပ်အချို့ကို ဖတ်ပြီးသွားချိန် ရင်ထဲမှာ အတွေးပေါင်းမြောက်များစွာဖြင့် ကျန်ရစ်ခဲ့ပါတယ်။ လက်ရှိ ဖတ်နေဆဲစာအုပ်က စာရေးဆရာကြီး မြသန်းတင့် ဘာသာပြန်သော `လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ´။ ဟားဗတ်စ်တက္ကသိုလ်မှ ဘ၀များကို စိတ်ဝင်စား၍သာ ဖတ်နေခြင်းပါ။ တက္ကသိုလ်နွေညများအကြောင်းဖတ်ရင်း မြန်မာလူမျိုးတွေ လွမ်းမောရသော ရန်ကုန်တက္ကသိုလ်ကြီးကို တစ်ခါမှ အလည်တစ်ခေါက်တောင် မရောက်ခဲ့လိုက်ရတဲ့ ကိုယ့်အဖြစ်ကိုယ်လည်း ရံဖန်ရံခါ စိတ်တိုမိပါတယ်။ ကျွန်မ မိဘတွေက လွမ်းမောစကားတွေပြောတိုင်း ကျွန်မမှာ လေးထောင့်ပုံသဏ္ဍာန် အဆောက်အအုံတွေထဲ စားသုတ်သုတ် လာသုတ်သုတ် အပြေးအလွှား သွားနေရတဲ့ သံယောဇဉ်တွယ်တာခြင်း သိပ်မရှိသော ၊ ခင်မင်မှုပျော်ရွှင်ရီမောသံတွေ …. လွမ်းမောစရာ အဖြစ်အပျက်တွေ သိပ်မများပြားသော ခြင်္သေ့ကျွန်းပေါ်က သက်ဝင်ခြင်းမရှိ ကျောင်းကိုပဲ မြင်ယောင်နေမိပါတော့တယ် … ။

Read More...

Tuesday, October 28, 2008

မြန်မာ့ရိုးရာ ကထိန်ပွဲ


စင်္ကာပူနိုင်ငံ တိုပါးရိုးဘုန်းကြီးကျောင်းတွင် နိုဝင်ဘာလ (၂)ရက်နေ့ မနက်(၈)နာရီမှ နေ့လည်(၂)နာရီထိ မြန်မာ့ရိုးရာကထိန်ပွဲကို နိဗ္ဗာန်ဈေးပွဲတော်နှင့်အတူ ကျင်းပမည်ဖြစ်ပါ၍ စင်္ကာပူနိုင်ငံရောက် မြန်မာများ တက်ရောက်ကြပါရန် ဖိတ်ကြားပါတယ်ရှင်။ ပီနန်ဆရာတော်ကြီးမှာ မြန်မာ့ရိုးရာကထိန်ပွဲသို့ တက်ရောက်ရန် အောက်တိုဘာလ (၂၈)ရက်နေ့တွင် စင်္ကာပူနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ အဖြစ်အပျက်အမျိုးမျိုးကြောင့် အခက်ခဲတွေရင်ဆိုင်နေခဲ့ရသည့် စင်္ကာပူရောက် မြန်မာ့အရေးလှုပ်ရှားသူများ တစ်ဖက်မှာ နေ့စဉ်ဘ၀တွေဖြင့် အလုပ်ရှုပ်နေကြချိန် ပြန်လည်စုပေါင်းပေးသော ရိုးရာပွဲတစ်ခုဖြစ်သည့်အတွက် တက်ရောက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ပါတယ်ရှင်။

Read More...

Wednesday, October 22, 2008

သခင်လေးပြန်လာပြီ



စာရေးဆရာကြီး ရာဝိန္ဒြာရာနတ် တဂိုး၏ ၀တ္ထုတိုများထဲမှ ကျွန်မနှစ်သက်သော ၀တ္ထုတိုတစ်ပုဒ်ဖြစ်ပါတယ်။ ဆရာကြီး မြသန်းတင့် ဘာသာပြန်ဆိုခဲ့ခြင်းများထဲမှ ကောက်နှုတ်ဖော်ပြထားခြင်းပါ။

Read More...

Monday, October 20, 2008

ဖြစ်သလိုစား ..

ဒီအကြောင်းကို TAG ထားတာ နည်းနည်းကြာနေပါပြီ။ ဒီတစ်ခါ ကျွန်မကို TAG တာက (၂)ယောက်ဖြစ်သွားတယ်။ ရေးတာ နောက်ကျသွားတာ ဆောရီးပါရှင်။ TAG တွေများနေတော့ အခြားအကြောင်းအရာလေးတွေ မရေးခင် စုပုံရေးချလိုက်ရင် စာဖတ်သူတွေကို အားနာတာကြောင့် ဖြေးဖြေးမှ ရေးခဲ့ခြင်းပါရှင်။

စင်္ကာပူမှာ ကျွန်မ မိသားစုနှင့်အတူနေတယ်ဆိုပေမယ့် အလုပ်များသော နေ့စဉ်သဘာဝများကြောင့် အလုပ်ပိတ်ရက်နှင့် မပင်ပန်းသောနေ့ရက်များသာ အိမ်ထမင်းဟင်းကို ကောင်းကောင်းချက်စားနိုင်ပါတယ်။ ပုံမှန်ဆိုရင် မနက်ခင်း အိပ်ယာနိုးလာကြရင် မိမိကြိုက်နှစ်သက်သော မနက်စာတစ်ခုခုကို အိမ်သားတွေက ကိုယ်ကြိုက်သလို စားသွားကြပါတယ်။

Myojo Thai Tom Yam ကို ကျွန်မတို့မောင်နှမတွေ ကြိုက်တဲ့အတွက် အချို့ရက်တွေမှာ ခေါက်ဆွဲစားလိုက်ကြသလို အချို့ရက်တွေမှာ ကော်ဖီနှင့်ပေါင်မုန့်ကို ငြီးငွေ့စွာ စားဖြစ်ကြပါတယ်။ အလုပ်ပိတ်ရက်တွေမှာ ခေါက်ဆွဲသုပ် ၊ နန်းကြီးသုပ် တစ်ခါတစ်လေ လုပ်စားဖြစ်ကြပါတယ်။ ရံဖန်ရံခါ အပြင်မှာ မနက်စာ သွားစားတတ်ကြပေမယ့် တရုပ်အစားအစာတွေလည်း အနံ့တောင်သိပ်မခံချင်တော့။ ဘာပဲစားစား အစားအသောက်တွေက မကြာခဏ ထပ်နေတော့ စိတ်ပျက်ရပါတယ်။


ကျွန်မတို့အိမ်မှာ အိမ်သားအားလုံးက ချဉ်ရေဟင်းတစ်ခွက်ပါမှ ထမင်းစားမြိန်တတ်ကြတယ်။ ကျွန်မ အမေက ချဉ်ရေဟင်း နှင့် ငါးဟင်းချက်တာ အတော်ဆုံးပါပဲ။ အဖေကတော့ ဆီပြန်ဟင်းချက် ကောင်းပါတယ်။ ဘာကြောင့်မှန်းမသိ အမေချက်သော သီးစုံဟင်း ၊ ကန်စွန်းရွက်ချဉ်ရေဟင်း ၊ ငါးလေးအိုးကပ်တို့က သိပ်စားလို့ကောင်းပါတယ်။ နေ့စဉ်မှာ ညနေစာလောက်ကိုပဲ အိမ်မှာ သေချာချက်စားဖြစ်ကြတယ်။ အလုပ်ချိန်များပြီး ပင်ပန်းကြတဲ့ ကျွန်မ မိဘတွေကို သနားညှာတာမိရင်း မီးဖိုချောင်ကိစ္စကို နောက်ပိုင်း ကျွန်မကပဲ တာဝန်ယူလိုက်ပါတယ်။ ဒါပေမယ့် ကျွန်မ ချက်သောဟင်းတွေက အလွန်စားကောင်းလောက်အောင် မဖြစ်သေးတဲ့အတွက် အိမ်သားတွေကို ပြန်အားနာမိပါတယ်။

ကျောင်းကိစ္စတွေနှင့် အမြဲအလုပ်များနေကြတဲ့ ကျွန်မ မောင်နှမတွေက ကျောင်းမှာပဲ မနက်စာ ၊ နေ့လည်စာ စားဖြစ်ကြသလို ယခင် ကျောင်းတွေ အလုပ်တွေနှင့် အချိန်မအားခဲ့သော ကျွန်မလည်း အပြင်မှာပဲ အဆင်ပြေသလို စားလိုက်ရတာ များပါတယ်။ အဲဒီအချိန်တွေမှာ ကျွန်မ အလွမ်းဆုံးကတော့ အမြဲတမ်း ဟင်းပွဲသေချာစီမံပြီး ကျွန်မတို့ကို သေချာစားဖို့အမြဲဂရုစိုက်တတ်တဲ့ ကျွန်မ အဖွားရဲ့ ထမင်းဝိုင်းလေးပါပဲ။ ကျွန်မ အဖွားက ဟင်းချက်သိပ်ကောင်းသလို ကျွန်မတို့အားလုံး အကြိုက်ကိုလည်း သိပါတယ်။ ကျွန်မ ရန်ကုန်မှာနေစဉ်က မနက်စာဆိုရင် ကျွန်မကြိုက်သော လက်ဖက်ရည်နှင့် ပဲပြုတ်နံပြားကို အဖွားက လက်ဖက်ရည်ဆိုင်မှာသွားဝယ်ပေးပြီး အဆင်သင့်ပြင်ထားတတ်ပါတယ်။ မနက်စာစားပြီးမှ အဖွားနှင့်ကျွန်မ ဈေးသွားရင်း ကျွန်မကတော့ အဘွားဝယ်သမျှ ဈေးခြင်းတောင်းဆွဲခဲ့သူပေါ့။ စင်္ကာပူမှာ မြန်မာထမင်းဟင်း ချက်စားရတာ ပိုမိုလွယ်ကူပေမယ့် အမိမြေမှာ စုံလင်သလို မရှိတာကြောင့် မြန်မာထမင်းဟင်းကို အမိမြေမှာ စားသောက်ရတာက ပိုမိုကောင်းမွန်စုံလင်ပါတယ်။


စင်္ကာပူမှာ အိမ်ထမင်းဟင်းကလွဲ ကျွန်မမိဘတွေက အပြင်စာကို မစားကြတာ များပါတယ်။ ပန်နီဆူးလားမှာ မြန်မာငါးနှင့်အခြားအစားအသောက်များကို အမေက ပုံမှန်သွားဝယ်ရင်း မြန်မာထမင်းဟင်းကိုပဲ မက်မောစွာ စားကြတယ်။ ကျွန်မတို့မောင်နှမတွေက အခြေအနေကြောင့် အဆင်ပြေသလို အပြင်မှာကြုံရာ စားတတ်ကြပါတယ်။ အပြင်အစားအသောက်အများအပြားထဲ ကျွန်မ နှစ်သက်မိသော အစားအသောက်တွေ ရှိပါတယ်။ Swensens မှ အာလူးကြော်နှင့် စတော်ဘယ်ရီဖျော်ရည်က ကျွန်မ အမြဲတမ်းနှစ်သက်သော အစားအသောက်ထဲမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။ အပြင်ရောက်တိုင်း ထမင်းစားချင်စိတ်မရှိရင် Swensens မှာ ထိုအစားအသောက်(၂)ခုကို ၀င်စားလိုက်တယ်။

နာမည်ကြီး ပင်လယ်စာဖြစ်သော ဂဏန်းနှင့်ခရုများကို ကျွန်မက လုံးဝမစားတာကြောင့် ပင်လယ်စာ စားသောက်ဆိုင်တွေက ကျွန်မနှင့် သိပ်မသက်ဆိုင်သလို ဖြစ်လာခဲ့တယ်။ စင်္ကာပူလူမျိုးတွေက ဘယ်ပင်လယ်စာကောင်းကြောင်း ကျွန်မကိုပြောကြချိန် ပုဇွန်လောက်ပဲ စားတဲ့ကျွန်မကို အံ့သြစွာနဲ့ ခပ်အင်အင်ဖြစ်ကုန်ကြတယ်။


ပင်လယ်စာဆိုင်တွေ ကျွန်မရောက်ဖြစ်ရင် စားလေ့စားထရှိတာတော့ ထမင်းကြော်လောက်ပါပဲ။ Bedok North St 4 မှာရှိသော House of Seafood မှ Thai Tom Yam Soup ကို လတ်တလော ကျွန်မ တော်တော်လေးကြိုက်နှစ်သက်မိတယ်။ ကျွန်မအတွက် အမြဲအခက်ခဲဖြစ်လေ့ရှိတာက တစ်ယောက်စာ ထမင်းပွဲတွေကို ကုန်အောင်မစားနိုင်ခြင်းပါပဲ။ ဆိုင်တွေမှာ ထမင်းပွဲအကြောင်း သေချာမေးတိုင်း သူတို့အမြင်အရ တစ်ယောက်ပဲစားလို့ရတယ်လို့ ပြောတဲ့အတွက် ပထမအကြိမ်သွားစားချိန်မှာ အမြဲအပိုအလျှံတွေ အများကြီးဖြစ်ရပါတယ်။ ထမင်းပွဲအသေးကို မှာပြီး အခြားဟင်းပွဲနှင့်အတူ နှစ်ယောက်ခွဲဝေစားမှပဲ ကျွန်မအတွက် သင့်လျော်ပါတယ်။


Vivo City ကိုသဘောကျသော ကျွန်မ Vivo City ရောက်တိုင်း စားလေ့ရှိသော အစားအသောက်က Burger King သို့မဟုတ် Food Republic မှ Chicken Rice Set ပါပဲ။ Korean Kimchi ကိုကြိုက်သော ကျွန်မ Korean Food ကိုလည်း ကြိုက်နှစ်သက်စွာ စားလေ့ရှိတယ်။ ဒီအစားအသောက်တွေကလွဲ ကျန်သော အစားအသောက်တွေကို သိပ်မကြိုက်တဲ့အတွက် စားနေကျလောက်ကိုပဲ စားဖြစ်တယ်။ အရင်က ဘယ်အစားအသောက်မှ အပြင်မှာ စားလေ့မရှိသော ကျွန်မအကျင့်ကို `သူ´က စေတနာဖြင့် ပြုပြင်ပေးခဲ့လို့ အခုအချိန်မှာ အပြင်ရောက်တိုင်း အဆင်ပြေသလို စားတတ်တဲ့အကျင့်ကို ကျွန်မရရှိခဲ့တယ်။

ဖြစ်သလိုစားသောက်ရချိန်မှာ ကျွန်မနှစ်သက်သော မြန်မာအစားအသောက်အချို့ကို လွမ်းဆွတ်မိသလို ရောက်ရာနေရာမှာ အဆင်ပြေသလို စားတတ်ပြီဖြစ်တဲ့ ကျွန်မအတွက် `အစားအသောက်´ဆိုတာ စားမှပဲ အကျင့်ရတယ်လို့ သတ်မှတ်ထားမိတယ်။ ဘယ်အစားအသောက်မဆို အဆင်ပြေစွာစားတတ်ပေမယ့် မြန်မာထမင်းဟင်းကိုလည်း အမြဲစားချင်သူအတွက် `ဟင်းချက်ခြင်းအတတ်ပညာ´ကို လေ့လာသင်ကြားနေချိန် လူတစ်ယောက်စားနေကျ အခြေခံသဘာဝဆိုတာ ပြောင်းလဲလို့မရပါလားဟု သဘောပေါက်မိရင်း …… ။

Read More...

Friday, October 17, 2008

Jurong Medical Centre


ဒီနေ့မနက်စောစော Jurong Medical Centre ရှိ Dental Clinic ကို ကျွန်မရောက်သွားခဲ့တယ်။ မင်္ဂလာပွဲနှင့်အကြိုဓါတ်ပုံရိုက်ကူးခြင်းအတွက် အလုပ်တွေက ပိုများရင်း တစ်ချို့လုပ်နေကျ ကိစ္စတွေမှာ ခဏဝေးသွားတာကို နားလည်ခွင့်လွှတ်ပေးရန် ကျွန်မတောင်းဆိုလိုပါတယ်။ လတ်တလောမှာ ကျန်းမာရေးနှင့် အလှပကို ဂရုစိုက်ဖို့ အချိန်ပိုပေးလုပ်ဆောင်ရင်း သွားများပိုမိုလှပ၀င်းလက်စေရန် ကျွန်မသဘောကျသော Jurong Medical Centre ကိုပဲ ရွေးချယ်လိုက်ပါတယ်။

NUH ( National University of Singapore) ဆေးရုံက ပိုမိုကြီးမားစုံလင်ပေမယ့် ကျွန်မ သဘောမကျပါဘူး။ ရှုပ်ထွေးလှသော လူတွေ ၊ အချိန်ကြာကြာစောင့်ဆိုင်းရမှုတွေအပြင် ကျွန်မအိမ်နှင့်လည်း အနည်းငယ်ဝေးတာကြောင့် Jurong Medical Centre က ကျွန်မသဘောကျသော ဆေးကုသရာနေရာ ဖြစ်လာခဲ့တယ်။ ကျွန်မ အမေ ခါးနာစဉ်ကလည်း Jurong Medical Centre မှာပဲ သေချာပြသကောင်းမွန်သွားခဲ့ပါတယ်။

ဆက်ဆံရေးပြေပြစ်မှု ၊ ဆရာဝန်များသဘောကောင်းမှုကြောင့် ကျန်းမာရေးစစ်ဆေးရမည့်ကိစ္စတိုင်း ကျွန်မတို့မိသားစု ပထမဆုံး ရွေးချယ်ရာနေရာက Jurong Medical Centre ပါပဲ။ သွားဘက်ဆိုင်ရာနေရာမှာ စောင့်ဆိုင်းနေရင်း သန့်ရှင်းပြီး လူတော်တော်ရှင်းတာကို ကျွန်မ ပိုမိုသဘောကျနေမိပါတယ်။ ဆေးရုံတွေသွားတိုင်း လူတွေမျက်လုံးနောက်လောက်အောင် ရှုပ်နေရင် ကျွန်မ တော်တော်စိတ်ညစ်ရလေ့ရှိတယ်။ NUH မှာ ဆရာဝန်ညွှန်းဆိုမှုကြောင့် Emergency သွားပြတာတောင်မှ အနည်းဆုံး ၃နာရီလောက်စောင့်ဆိုင်းရပြီး ပြသစစ်ဆေးချိန်နှင့် ပေါင်းလိုက်ရင် နေ့တစ်ဝက်လောက် အချိန်ကုန်သွားတတ်ပါတယ်။ ထိုအချက်တွေကြောင့် NUH ကို မလိုအပ်ဘဲ ကျွန်မသွားချင်စိတ်မရှိ။



အတွေးများဖြင့် စောင့်ဆိုင်းနေရင်း ကျွန်မနာမည်ခေါ်သံကြားမှ ခပ်မြန်မြန်လေးလိုက်သွားခဲ့ပါတယ်။ ကျွန်မနာမည်က အိုင်စီထဲမှာ မြန်မာအသုံးအနှုန်း `မ´ဆိုတာကြီး ပါနေတာကြောင့် ကျွန်မနာမည်ကို ရုံးတွေ ၊ ဆေးခန်းတွေကခေါ်တိုင်း ကျွန်မကိုယ်ကျွန်မ စိတ်အနှောင့်အယှက်အနည်းငယ်ဖြစ်ရပါတယ်။ နာမည်ပြင်ဆင်ရန် သိပ်မလွယ်ကူတာကြောင့် လက်မှိုင်ချထားရပေမယ့် ကျွန်မနာမည်ရှေ့က `မ´ဆိုတာကြီးကို ဖြုတ်ပစ်ချင်နေပါတယ်။

သွားဆရာဝန်မေးမြန်းမှုကို သေချာဖြေဆိုပေးရင်း ပိုမိုသန့်စင်ဝင်းလက်လှပစေဖို့ ကျွန်မ လာခဲ့တာပါလို့ ကျွန်မဖြေလိုက်တော့ သဘောကောင်းသော ဆရာဝန်က စိတ်ချပါလို့ သေချာပြောဆိုရင်း ကျွန်မသွားတွေကို စတင်စစ်ဆေးပါတော့တယ်။ သွားစစ်ဆေးတိုင်း ပါးစပ်ကိုဟပြီး ထွက်ပေါ်လာသော မီးအလင်းရောင်တွေကိုတော့ ကျွန်မနည်းနည်းလန့်တတ်ပါတယ်။ ပစ္စည်းကိရိယာတွေတစ်ခုပြီးတစ်ခု ပါးစပ်ထဲဝင်လာတိုင်း စိတ်ထဲမှာတော့ ကျလိကျလိဖြစ်နေမိပါတယ်။ `ဘုရား ဘုရား မဆိုင်တဲ့နေရာတွေသွားထိရင်တော့ ငါတော့သွားပါပြီ´ဟု ကျွန်မအကျင့်အတိုင်း တွေးမိသေးသည်။ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးချိန် လိုအပ်သောအရာတွေ ပြုလုပ်ဖို့ စတင်ချိန်မှာ ဆရာဝန်က ကျွန်မကို ထုံဆေးသုံးမလား မေးပါတယ်။ ကျွန်မက သွားနှင့်ပတ်သတ် အတွေ့အကြုံမရှိတာကြောင့် `အရမ်းနာမှာလား´လို့ ဆရာဝန်ကိုမေးပါတယ်။ ဆရာဝန်က `နာကျင်ခြင်းရှိမည်´တဲ့။ သူရဲကောင်းသွေးမပါသောကျွန်မ နာကျင်ခြင်းဆိုသောအဖြေကြားရချိန် ကျောရိုးထဲ တစ်ချက်တော့ တွန့်သွားပါတယ်။

`ငါတော့တစ်ယောက်တည်းလာမိတာ မှားပြီလားမသိ´ဆိုပြီး တွေးလိုက်မိပါသေးတယ်။ အဖော်ပါရင် တိုင်ပင်ရန်ပိုကောင်းမည်ဟု တွေးလိုက်မိရင်း ကျွန်မ ဘယ်သွားသွား အနားမှာ အမြဲလိုက်ပါလေ့ရှိသော `သူ´မရှိသည့်အတွက်လည်း စိတ်ထဲမှာ တစ်မျိုးဖြစ်လျက်။ စိတ်ကိုအားတင်းပြီး `ဘယ်လောက်နာမှာလည်း ဒေါက်တာ´လို့ မေးလိုက်တော့ ဆရာဝန်က `ဘယ်လောက်နာမှာလည်းဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်´တဲ့။ အဲဒါမှ ဒုက္ခ .. ။ ဘယ်လောက်နာမှာလည်းမသိတော့ ကျွန်မ အပြေးအလွှားစဉ်းစားနေရပါတယ်။ တခြားနေရာတွေနာမှာကို ကျွန်မ သိပ်မကြောက်ပေမယ့် မျက်စိ ၊ နား ၊ ပါးစပ်နှင့် အတွင်းအင်္ဂါတစ်စုံတစ်ခု ဘာမှမဖြစ်ဖူး၍ ကုသခြင်းမရှိခဲ့ဖူးသော ကျွန်မ `သွားကုသနာကျင်ခြင်း´ ကို ခန့်မှန်း၍မရခဲ့ .. ။

ဆရာဝန်က ကျွန်မစဉ်းစားနေပုံကို သဘောပေါက်သွား၍လားမသိ။ အနီးမှ ကူညီပေးနေသည့် အမျိုးသမီးတစ်ယောက်အား ဆေးထိုးအပ်တောင်းလိုက်သည်။ ဆေးထိုးအပ်အရှည်ကိုကြည့်၍ ကျွန်မပိုစိတ်ညစ်သွားသည်။ `အပ်ကြီးကလည်း အရှည်ကြီး´ဟု ကျွန်မပါးစပ်မှ လွှတ်ခနဲထွက်သွားသည်။ `ကိုကိုရေ ကျွန်မတော့ နေမကောင်းရင်တောင် ဆေးမထိုးချင်တာ ၊ အခုတော့ ပိုလှချင်တာ ပါးစပ်ထဲဆေးထိုးခံရတော့မယ်´ဟု စိတ်ထဲမှ တလိုက်မိသည်။

`ဆေးထိုးရမှာဆိုတော့ ဒါလည်းနာမှာနော်´ဟု ဆရာဝန်က ကျွန်မကိုလှည့်ပြောတော့ ကျွန်မ ဒုတိယံမိ ဘုရားတမိသည်။ မျက်လုံးပိုပြူးသွားသလား ၊ ကျွန်မမျက်နှာ ဘာဖြစ်သွားသလဲတော့ ကျွန်မ မသိ။ ဆရာဝန်နှင့် ဘေးမှအမျိုးသမီးက ကျွန်မကို ပြုံးကြည့်ရင်း `မင်းက အတွေ့အကြုံမရှိတော့ ဟိုတွေး ဒီတွေးဖြစ်နေတာပါ။ ငါအကောင်းဆုံးအကြံပေးချင်တာက ပထမဆုံး ငါတို့မင်းကို အစိမ်းသက်သက် စတင်စမ်းသပ်ကြည့်မယ်။ မင်းတအားနာရင်လက်တစ်ဖက်ကို မြှောက်ပြလိုက်။ ခြေထောက်တွေဘာတွေလည်း မြှောက်ပြလို့ရတယ်။ ငါတို့ အဲဒီအခါကျမှ ဆေးထိုးအပ်ကိုသုံးတာပေါ့´ဟု ခပ်ပြုံးပြုံးဖြင့် အကြံပေးသည်။ ဆရာဝန်အကြံပေးချက်က သင့်လျော်သည့်အတွက် ကျွန်မခေါင်းညိတ်ပြလိုက်သည်။

ထိုင်ခုံပေါ်မှာ ခပ်ပြေပြေလှဲရင်း မျက်နှာပေါ်မိုးကျလာသော မီးအလင်းရောင်ကို မခံရပ်နိုင်စွာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ ပါးစပ်ကို ခပ်ကျယ်ကျယ်ဖွင့်ထားပေးလိုက်ရင်း ရောက်လာသော ကိရိယာအားလုံးကို စိတ်လှုပ်ရှားစွာဖြင့် ငြိမ်သက်စွာနေပေးလိုက်သည်။ တကယ်တမ်း သွားများကို ထိတွေ့ပြင်ဆင်ပေးချိန်မှာ ကျဉ်သောခံစားမှုအနည်းငယ်သာရှိပြီး နာကျင်ခြင်းလုံးဝမရှိတာကို ကျွန်မအံ့သြစွာ သတိထားမိသည်။ ၅မိနစ်ကျော်ကျော်လောက်မှာ ခဏရပ်ပြီး ရေခဏဆေးခိုင်းတာကို ပုံမှန်ပဲကျွန်မလှုပ်ရှားချိန် `မင်းကခံနိုင်ရည်ရှိပါတယ်။ ငါတော့ အော်သံတွေ ညည်းသံတွေကြားရမလား ထင်နေတာ´ဟု ဆရာဝန်က ရီ၍ပြောသည်။

၂၅မိနစ်ခန့်ကြာမြင့်သော ကုသမှုအတွက် စိတ်အေးလက်အေးဖြစ်သွားပြီး နာကျင်ခြင်းမရှိသည့်အတွက် ထုံဆေးမထိုးခဲ့ခြင်းကိုပဲ ကျွန်မကိုယ်ကျွန်မ ကျေနပ်နေမိသည်။ စိတ်ရှည်သဘောကောင်းသော ဆရာဝန်နှင့် အကူညီပေးသည့်အမျိုးသမီးအား ကျေးဇူးတင်စကားပြောဆိုရင်း ကုသမှုအချိန်တိုလေးတစ်ခု အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။ `ငါတို့ကိုသဘောကျတယ်ဆိုရင် မင်းသူငယ်ချင်းတွေကိုလည်း ဒီဆေးခန်းအကြောင်း ပြောပေးပါ´ဟု အကူညီပေးသည့်အမျိုးသမီးက ပြုံး၍ပြောသည်။ `Jurong Medical Centre မှာပဲ ငါတို့မိသားစုက အမြဲပြလေ့ရှိတယ်။ အခြားအသိတွေကိုလည်း ပြောပြပေးပါ့မယ်´ဟု နှုတ်ဆက်ပြောဆိုရင်း သွားအလှဆက်လက်ထိန်းသိမ်းရန် နောက်ထပ်(၆)လအတွက် Appointment တစ်ခု ထပ်ယူခဲ့ကာ ကျေးငှက်ကလေးများ လှပသီဆိုအေးချမ်းနေသော မနက်ခင်းတစ်ခုမှာ ကျွန်မစိတ်ကျေနပ်မှုတစ်ခု တိုးသွားခဲ့ပါသည်။

Read More...

Tuesday, October 07, 2008

ဂျပန်နိုင်ငံရှိတက္ကသိုလ်များသို့ တက်ရောက်ရန် စိတ်ဝင်စားသော မြန်မာလူငယ်များအတွက်

Read More...

Friday, October 03, 2008

ပထမဆုံးများ

�™ Cuteberries.com - Cartoon Dolls, Cute Disney Graphics, Saniro Graphics, Myspace Pictures, Myspace Codes, Myspace Layouts, Myspace goodies, Myspace stuff and more ! �™

နောက်ထပ် TAG တစ်ခုနာမည်က `ပထမဆုံးများ´တဲ့။ အခြားဘလော့ခ်ဂါအသိတွေ ရေးထားတာ ဖတ်ပြီးကတည်းက သိနေပေမယ့် ကိုယ့်ကို ဘယ်သူမှ TAG မလုပ်သေးတာရော ၊ ကိုယ်တိုင်ကလည်း ခေါင်းနည်းနည်းခြောက်ရမယ့် ခေါင်းစဉ်ဖြစ်တာကြောင့် မသိချင်ယောင်ဆောင်နေပေမယ့် ကိုမင်းမင်း TAG လိုက်ပြီဆိုတော့ သေချာပြန်စဉ်းစားပြီး မှတ်မိသလောက်ရေးပေးလိုက်ပါတယ်ရှင်။

ပထမဆုံးနေခဲ့ဖူးသည့်အိမ် - ရန်ကုန် မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်မှာ တည်ရှိတဲ့ ပဲခူးတိုင်းရဲ့ ဇာတိမြို့ကလေးတစ်ခုမှာပါ။ အဲဒီအကြောင်းကို ဇာတိမြေ (သို့မဟုတ်)အိမ် ပို့စ်မှာ ဖတ်ရှုနိုင်ပါတယ်ရှင်။

ပထမဆုံးတက်ခဲ့သည့်ကျောင်း - ဇာတိမြေမှာရှိသည့် တစ်ခုတည်းသော အထက်တန်းကျောင်းကြီးမှာပါ။ ကျွန်မအမေက ဇာတိမြေမှာ တာဝန်ထမ်းဆောင်နေတော့ ကျွန်မလည်း သူတာဝန်ထမ်းဆောင်တဲ့ကျောင်းမှာပဲ သူငယ်တန်းကိုအစပြုတက်ခဲ့ရပါတယ်။

ပထမဆုံး ဆရာမ - ကလေးဘ၀ မူကြိုမတက်ခင် အိမ်မှာကြိုတင်စာသင်နေခဲ့တာက ကျွန်မအမေပါ။ အဲဒါကြောင့် ကျွန်မရဲ့ ပထမဆုံးဆရာမက `အမေ´လို့ပြောလို့ရပါတယ်။ ဘလော့ခ်ဂါတွေထဲမှာ ကျွန်မအမေရဲ့ တပည့်အချို့နဲ့ စာဖတ်သူတွေ ၊ သူငယ်ချင်းတွေထဲမှာ ကျွန်မအမေကိုသိသူနှင့် တပည့်တွေ တော်တော်များများရှိတာမို့ ကျွန်မအမေ ဘယ်လောက်စာသင်လဲဆိုတာတော့ ပြောပြစရာမလိုတော့ပါဘူး။

ပထမဆုံး ရခဲ့သောဆု - သူငယ်တန်းမှာ ဘာဆုမှ ကျွန်မ မရခဲ့ပါဘူး။ ပထမတန်းရောက်မှ တတိယဆုချိတ်ခဲ့ပါတယ်။

ပထမဆုံး ကျေနပ်ခဲ့သောဆု - (၅)နှစ်ဆက်တိုက် ပထမဆုရှင်များအဖြစ် ကျွန်မဆဌ္စမတန်းနှစ်အတွက် ဆုယူချိန်မှာ ထူးထူးခြားခြား ချီးမြှင့်ခဲ့ခြင်းပါ။ အရင်က အဲဒီလို ဆက်တိုက်ဆုရှင် တစ်ခါမှ မပေးခဲ့တဲ့အတွက် ဆုရသူအားလုံး အံ့သြကျေနပ်ခဲ့သောနှစ်။ ကျွန်မအမေရဲ့ စာသင်မှု ၊ အားပေးမှု ၊ စည်းကမ်းကြီးမှုများကြောင့် ရခဲ့သောဆုလည်းဖြစ်တဲ့အပြင် ပြည်ပရောက်နေတဲ့ ကျွန်မအဖေထံက လက်ဆောင်အဖြစ် ပန်းရောင်ဂါဝန်လှလှလေး လက်ခံရရှိခဲ့တဲ့အတွက် သိပ်ကျေနပ်ခဲ့ပါတယ်။

ပထမဆုံး သူငယ်ချင်း - ကျွန်မနဲ့ တစ်လမ်းတည်းနေသော ကစားဖော် ကစားဖက် ဖြူဖြူသင်း။

ပထမဆုံးဖတ်ဖူးသည့် စာအုပ် - သူငယ်တန်းသင်ပုန်းကြီးဖတ်စာအုပ်က ကျွန်မ ပထမဆုံးစာဖတ်ဖူးတဲ့ စာအုပ်လို့ ယူဆလို့ရပါတယ်။ ကျောင်းစာမဟုတ်ဘဲ အပြင်စာပေဆိုရင်တော့ ကာတွန်းစာအုပ်တွေပါပဲ။


ပထမဆုံး နားထောင်ခဲ့ဖူးသောသီချင်း - အိမ်မှာ အမြဲရေဒီယိုဖွင့်တာရော ၊ သီချင်းကြိုက်တဲ့အမေမှာ အခွေတွေရှိတာကြောင့် သီချင်းတွေကို ငယ်ငယ်လေးကတည်းက နားထောင်ခဲ့ရပါတယ်။ ကျွန်မ မှတ်မိသလောက် အဆိုတော်ဇော်ဝင်းထွဋ်နဲ့ မြန်မာပြည်သိန်းတန်သီချင်းတွေကို အမေက အရမ်းဖွင့်တာကြောင့် ကျွန်မငယ်စဉ်ကလေးဘ၀က အဲဒီသီချင်းတွေကို တော်တော်များများ အလွတ်ရနေခဲ့ပါတယ်။ ဇော်ဝင်းထွဋ်ဆို စွဲစွဲလမ်းလမ်းကြိုက်တဲ့ အမေနဲ့ တွံတေးသိန်းတန်သီချင်းတွေလောက်ပဲ နားထောင်တဲ့အဖေ ခဏခဏ စကားနိုင်လုကြတာတော့ မှတ်မိတယ်။ ကျွန်မက အဖေကြိုက်တဲ့သီချင်းတွေကို စိတ်မ၀င်စား အလွတ်မရဘဲ အမေနားထောင်တဲ့သီချင်းတွေကိုပဲ အလွတ်ရတော့ အဖေ တစ်နယ်တကျေးကနေ အိမ်ပြန်လာခါနီးဆို သူကြိုက်တဲ့သီချင်းတွေကို နည်းနည်းပါးပါးရအောင် ကြိုတင်နားထောင်ရသေးတာကလည်း တကယ့်ရီစရာ။

ပထမဆုံးအရိုက်ခံရခြင်း - ပထမတန်းတက်စဉ်က ကျွန်မသူငယ်ချင်းတစ်ယောက် စာအုပ်ထဲမှာ ကျွန်မလက်ရေးနဲ့ သင်္ချာတွေတွက်ပေးမိလို့ သူငယ်ချင်းကိုကူညီတဲ့အမှုနဲ့ အတန်းပိုင်ဆရာမက လက်ဖ၀ါးကို ရိုက်ခဲ့တာကို အခုထိ ကျွန်မ မှတ်မိနေပါသေးတယ်။

ပထမဆုံးသဘောကျခဲ့သူ - သူငယ်ချင်းလည်းဖြစ် ၊ စာပြိုင်ဘက်လည်းဖြစ်တဲ့ ကျွန်မတို့သူငယ်ချင်းတွေကြားမှာ ပေါ်ပြူလာဖြစ်သော ငယ်သူငယ်ချင်း။ ကျွန်မ (၅)တန်းမှာ ဘက်စုံထူးချွန်သူများကို ဂျပန်နိုင်ငံကိုအလည်ပို့သော ဘက်စုံစာမေးပွဲဝင်ဖြေရတဲ့ပြိုင်ပွဲမှာပါ။ အဲဒီနေ့က သူနှင့်ကျွန်မတို့မိသားစု(၂)စုလုံး ပဲခူးမြို့ပေါ်ကို အတူတူသွားပြီး စာမေးပွဲဖြေရတယ်။ နှစ်ယောက်လုံး ကျောင်းစိမ်းဝတ်စုံကို မြန်မာအဆန်ဆုံး သေချာကျကျနန၀တ်ထားရင်း အဲဒီနေ့မှာ စတင်သဘောကျစိတ်လေး နည်းနည်းဖြစ်ခဲ့မိတယ်လို့ ထင်ပါတယ်။ ရည်းစားတွေဘာတွေဆိုတာတော့ ကျွန်မ အဲဒီအရွယ်က နားမလည်ခဲ့သေးပါဘူး။ နောက်ပိုင်းနှစ်တွေအားလုံးမှာ သူက ကျွန်မတို့အတန်းအားလုံးရဲ့ ပေါ်ပြူလာအဖြစ်ဆုံး ယောက်ျားလေး ဖြစ်လာခဲ့ပါရဲ့။

ပထမဆုံး အပေးခံရသည့် ရည်းစားစာ - (၇)တန်းနှစ်ကုန်ခါနီးမှာပါ။ အဲဒီနေ့က တော်တော်ရီရပါတယ်။ ကျွန်မ သဘောကျတဲ့ ငယ်သူငယ်ချင်းက မုန့်စားဆင်းချိန်ဆို တခါတလေ ကျွန်မဆီလာတတ်ပါတယ်။ အဲဒီနေ့က သူက ရှက်ကိုးရှက်ကန်းနဲ့ ကျွန်မရှေ့ကိုလာရပ်ပြီး အတန်းထဲမှာ လူလည်းသိပ်မရှိတော့ ကျွန်မလည်း အဲဒီအချိန်မှာ ရှက်တယ်ဆိုသော ခံစားမှုကို စတင်ခံစားမိခြင်းပါ။ အရင်က အမြဲနောက်လိုက် ကစားလိုက်နေခဲ့သော သူငယ်ချင်းကို အဲဒီနေ့မှာ သူက ကိုယ့်ရှေ့လာရပ်ပြီး ကြည့်နေတော့ ခေါင်းကိုဟိုလှည့် ဒီလှည့်နဲ့ ဘာပြောရမှန်းမသိခဲ့ဘူး။ အဲဒီအချိန်မှာ သူက စာအုပ်လာပေးတာဆိုပြီး စာအုပ်လေးတစ်အုပ် ထုတ်ပေးတယ်။ စာအုပ်က ကျွန်မ ကျူရှင်မသွားခဲ့တဲ့အတွက် ပြန်ကူးရမယ့်စာအုပ်ပါပဲ။ ဒါပေမယ့် သူ့အမူအရာက တစုံတခုထူးခြားနေတော့ ကျွန်မလည်း အဲဒီအချိန်က ရင်တုန်နေမိတယ်။ သူပြန်ထွက်သွားချိန် စာအုပ်ထဲကို လှန်ကြည့်တော့ စာအိတ်လေးနဲ့ စာရွက်ကလေးတစ်ရွက်ကို တွေ့တယ်။ ဘုရား ဘုရား ငါ့ကိုများ ရည်းစားစာ ပေးသလားဆိုပြီး ရင်တောင်ခုန်သွားခဲ့မိသေးတယ်။ စိတ်ကခပ်တုန်တုန်နဲ့ တစ်ညနေလုံး စာတောင်ကောင်းကောင်း သင်ခဲ့လို့မရဘူး။ ညနေ အိမ်ပြန်ရောက်ပြီး အိမ်မှာ စာကိုခိုးဖွင့်ဖတ်မိတော့ ဒေါသတွေထွက်လိုက်ရတာ။ သူနဲ့တော်တော်လေးခင်တဲ့ ကျွန်မ လုံးဝကြည့်မရသော ယောက်ျားလေးတစ်ယောက်က သူ့ကို စာရေးခိုင်းပြီး ကျွန်မကိုပေးသော ရည်းစားစာ။ သူ့သူငယ်ချင်းနဲ့ ကျွန်မက မြင်ရင် လုံးဝမတည့်တာမို့ သူက ကြားကနေ အောင်သွယ်လာလုပ်ပေးနေခဲ့တာ။ သူ့လက်ရေးကို အလွတ်ရနေတဲ့ ကျွန်မ သူ့လက်ရေးမှန်းသိပေမယ့် ပေးသူ နေရာမှာ ကျွန်မ ကြည့်မရသော နာမည်ကိုတွေ့လိုက်ရတော့ ရင်ခုန်တာတွေတောင် ပျောက်ပြီး ဒေါသတွေထွက်လိုက်တာ။ နောက်၂ပတ်လောက် ကျွန်မ သူ့ကို ကျောင်းမှာရော ၊ ကျူရှင်မှာပါ စိတ်တိုတိုနဲ့ မခေါ်ခဲ့ဘဲ တောင်းပန်မှ စိတ်ပြေသွားခဲ့ရတယ်။

ပထမဆုံး ရူးကြောင်ကြောင် ရီစရာလုပ်ရပ် - အလယ်တန်းပြီးခါနီးမှာ ကျွန်မတို့အခင်ဆုံးအဖွဲ့ထဲက သင်းအိက ကျွန်မသဘောကျသော ငယ်သူငယ်ချင်းကို ကြိုက်တယ်လို့ ရင်လာဖွင့်ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မငယ်သူငယ်ချင်းနဲ့ ကျွန်မကို ရည်းစားမဖြစ်ဘဲ အားလုံးက အတွဲလို့ နောက်နောက်ပြောင်ပြောင် သတ်မှတ်ထားကြတယ်။ တစ်ယောက်နှင့်တစ်ယောက် ခိုးကြည့်တာတွေ ၊ ရှက်ကိုးရှက်ကန်းဖြစ်တာတွေ ၊ သူက ခေါင်းစည်းကြိုးနဲ့ ဘောပင်လက်ဆောင်လေးတွေ လစ်ရင်လစ်သလို လာပေးတာကို အကြောင်းသိသူငယ်ချင်းတွေက နောက်လေ့ရှိပါတယ်။ သင်းအိက သူ့ကိုကြိုက်တယ်ဆိုလို့ ကျွန်မက ရုပ်ရှင်တွေထဲကလို အချစ်ဆုံးသူငယ်ချင်းအတွက် နောက်ဆုတ်ပေးတယ်ဆိုပြီး သူ့ကိုမြင်ရင် မပြုံးပြတော့တာ ၊ ရှောင်တာ ၊ မပတ်သတ်တော့တာ ၊ ခါတိုင်းလို သူက ခေါင်းစည်းကြိုးတွေ လက်ဆောင်လာပေးရင် မယူတော့တာတွေကို လုပ်ပေးခဲ့ရင်း ကိုယ့်ကိုယ်ကိုယ် `နောက်ဆုတ်ပေးသူ´ဆိုပြီး အဟုတ်ကြီးထင်ခဲ့မိချိန်လေ။

ပထမဆုံး ထားခဲ့ဖူးသည့်ရည်းစား - စင်္ကာပူရောက်ပြီး လေလှိုင်းပေါ်မှာ ကျွန်မနဲ့ခင်သော သူငယ်ချင်းတစ်ယောက်နဲ့ပါ။ အဲဒီတုန်းက တစ်ယောက်တစ်နိုင်ငံဆီဆိုတော့ ဖုန်းချည်းဆက်နေရတာ ဖုန်းဘေလ်တွေ နှစ်ယောက်လုံးတက်ခဲ့ရသောနှစ်ပါ။ နောက်တော့လည်း ကျွန်မရဲ့ ရင့်ကျက်မှုတိုးလာတာရော ၊ စိတ်မ၀င်စားတော့တာရောပေါင်းပြီး အရာအားလုံးပြီးဆုံး အေးအေးချမ်းချမ်းပဲနေလာခဲ့ပါတယ်။

ပထမဆုံး ချစ်သူ - `ဘ၀လက်တွဲဖော်´ထဲက ချစ်သူကိုကိုပေါ့။ ကျွန်မဘ၀မှာ တရားဝင်ချစ်သူလည်းဖြစ် ၊ သဘောကျဆုံးလည်းဖြစ်ပြီး လက်တွဲဖို့ဆုံးဖြတ်ခဲ့သော ပထမဆုံးသော ချစ်သူ .. ။ နောက်ဆုံးချစ်သူလို့လည်း ပြောလို့ရပါတယ်။ တော်ကြာ လာမေးနေမှာစိုးလို့ :P ။

ပထမဆုံးရောက်ခဲ့သော နိုင်ငံခြား - လက်ရှိနေထိုင်နေသော ကျွန်းကလေး။

ပထမဆုံး ချက်ဖူးသောဟင်း - ကျွန်မအသက်၁၈နှစ်ကျော်မှ ဟင်းစချက်ဖူးတယ်လို့ပြောရင် လူတွေလှောင်မှာလားမသိ။ ချစ်သူရပြီးချိန် သူစားချင်တယ်ဆိုသော ကျွန်မလက်ရာအတွက် ပြင်ဆင်ခဲ့ချိန်ပါ။ မနှစ်က သူ့မွေးနေ့မှာ ကျွန်မ ကောင်းကောင်းချက်ကျွေးချင်တဲ့အတွက် မွေးနေ့မရောက်ခင် အဝေးကတည်းက အိမ်မှာ ဟင်းချက်စာအုပ်ကြီးဖွင့်ပြီး တစ်ယောက်တည်း စမ်းသပ်ခဲ့ချိန်ပါ။ ပထမဆုံးပြင်ဆင်ချက်ခဲ့သော ဟင်းများက ကန်စွန်းရွက်ချဉ်ရေဟင်း ၊ ကြက်သားသုပ်နှင့် ပုဇွန်ကြော်။

ပထမဆုံး အပြင်းအထန် မမျှော်လင့်စွာ စိတ်မကောင်းဖြစ်ရချိန် - ကျွန်မငယ်စဉ်ကတည်းက အပြင်းအထန် တစ်ခါမှ မတုန်လှုပ်ဖူးခဲ့။ ၂၀၀၇ခုနှစ် အစည်းအဝေးတစ်ခုမှအပြန် လမ်းကြုံသူတွေကို မိတ်ဆွေတစ်ဦးက ကားနဲ့ပြန်လိုက်ပို့ပေးချိန် .. ကျွန်မ ရင်ထဲ တစ်စုံတစ်ယောက်နှင့် ပတ်သတ်ပြီး ဒွိဟဖြစ်နေသောအရာတစ်ခုကို ထိုမိတ်ဆွေက ရှင်းပြပြောဆိုပေးခဲ့သော နေ့ရက် .. ။ အဲဒီစကားလေးတစ်ခွန်းက ကျွန်မဘ၀တစ်ခုလုံး ဆုံးဖြတ်ချက်ကို တော်တော်လေး တုန်လှုပ်စိတ်မကောင်းဖြစ်သွားစေခဲ့ပါတယ်။

ပထမဆုံး အရှုံးပေးလိုက်ရသော အရာ - တစ်စုံတစ်ယောက်၏ ကံကြမ္မာ။

ပထမဆုံး ဘုရားပေးသည့် အမြတ်တနိုးလက်ဆောင် - ကျွန်မရင်ထဲက ခံစားမှု ၊ နာကျင်မှု ၊ ကြေကွဲမှု အားလုံးကို သိရှိနားလည်ပေးခဲ့သော ချစ်သူ .. ။ ဘ၀၏ဘယ်လိုအခြေအနေမှာမဆို ကျွန်မနားမှာ ခိုင်ခိုင်မြဲမြဲရပ်တည်ပေးနေခဲ့သူ။ ဒါတွေကြောင့်လည်း ကျွန်မနှလုံးသားဗီဇဟာ အများကြီး စိတ်လျှော့ပေးနိုင်ခဲ့ပါတယ်။

ပထမဆုံးသောက်ဖူးသည့် ဆေးလိပ်၊အရက် - ကျွန်မအဖွားက ဆေးပေါ့လိပ်တွေ သောက်တဲ့အတွက် တစ်ရက်မှာ သူက ကျွန်မကို မီးသွားတို့ခိုင်းချိန် ဆေးပေါ့လိပ်သောက်ရင် ဘာအရသာရှိလည်းဆိုပြီး ကျွန်မစမ်းပြီး သောက်ကြည့်လိုက်တာ ချောင်းတွေဆိုး ၊ လည်ချောင်းတွေသီးပြီး မွှန်သွားတာပဲ သိလိုက်ပါတယ်။ အရက်နှင့်ပတ်သတ်ပြီးက .. ကျွန်မငယ်ငယ်လေးတုန်းက အဖေ မြန်မာပြည်ကိုပြန်လာစဉ် သူငယ်ချင်းတွေနဲ့ အပျော်တမ်း သောက်နေချိန်မှာ ကျွန်မ အအေးခွက်နဲ့သူတို့အရက်ခွက်ကို မှားပြီးသောက်ချလိုက်မိတာ လည်ချောင်းတွေပူပြီး ခေါင်းတော်တော်မူးသွားတာပဲ မှတ်မိတော့တယ်။ ကလေးပဲရှိသေးတဲ့အတွက် အိပ်ပျော်သွားတယ်လို့ ထင်ပါတယ်။

ပထမဆုံးလိမ်ညာလှည့်စားခံရမှု - ကျွန်မအမြဲတမ်းကူညီနေခဲ့ရတဲ့ အခင်ဆုံးသူငယ်ချင်းတစ်ယောက်က မြန်မာငွေ(၅)သိန်းကျော် ခဏယူပြီး ယုံကြည်ခင်မင်မှုတွေကို တန်ဖိုးဖြတ်အလွဲသုံးစားလုပ်ကာ အဆက်သွယ်မလုပ် ၊ ရှောင်ဖယ်ထွက်ပြေးသွားချိန် .. ။

ပထမဆုံး ဖတ်ဖူးသော ဘလော့ခ်များ - ဘယ်ဘလော့ခ်ကို အရင်စဖတ်ခဲ့သလဲ သေချာမမှတ်မိတော့ပေမယ့် ပထမဆုံးဖတ်ခဲ့ ၊ သိခဲ့သော ဘလော့ခ်ဂါများကတော့ ကိုညီလင်းဆက် ၊ ကိုဒဿန ၊ မောင်လေးထူးမြတ် ၊ ကိုချမ်းမြစိုး ၊ Myanmar Blues တို့ဖြစ်ပါတယ်။

ပထမဆုံး ရေးခဲ့ဖူးသော ကဗျာ - လှောင်အိမ်ထဲက ငှက်ငယ် ဆိုသော ကဗျာလေးပါ။

ပထမဆုံး ရေးခဲ့ဖူးသော ၀တ္ထုတို - `အချစ်လို့မထင်ခဲ့တဲ့အချစ်´ ၀တ္ထုတိုလေးပါ။ ပလန်းနက်မှာ တင်ခဲ့ဖူးပါတယ်။ ပလန်းနက်ဝဘ်ဆိုဒ်ကြီး ရေစုန်မျောသွားတော့ အဲဒီတစ်ပုဒ်ကို မကူးထားခဲ့မိတဲ့အတွက် ပြန်ရှာမရတော့ပါဘူး။ နောက်ပိုင်း ချယ်ရီသစ္စာ နှင့် သံလွင်အိပ်မက်က စာမူတွေတော့ လက်ဝယ်ရှိနေဆဲ .. ။

အကောင်းဆုံးကို မှတ်မိသလောက် ကြိုးစားပြီး ရေးပေးလိုက်ပါတယ် အကိုမင်းမင်းရေ။ ပထမဆုံးဆိုသော ခေါင်းစဉ်လေးက အရမ်းကိုနက်နဲသိမ်မွေ့ပါတယ်။ မိမိရေးရင်ရေးသလောက် ဖြစ်လာတာမို့ ကိုယ်ရေးရာဇ၀င်တောင် ဖြစ်လာနိုင်ပါသေးတယ်။ မိမိစိတ်ကူးထဲမှ မှတ်မိသလောက် ပထမဆုံးများကို ရေးပေးဖို့အတွက် ကျွန်မTAG မည့် အသိများက

၁) မောင်လေးထူးမြတ်

၂) ကိုဗမာပြည်သား

၃) ကိုညီလင်းသစ်

၎) ကိုပေါ

၅) Green Girl

၆) သံလွင် Hero တို့ပဲဖြစ်ပါတယ်။

Read More...

Tuesday, September 30, 2008

မြနန္ဒာစားသောက်ဆိုင်သို့ တစ်ခေါက်...

လွန်ခဲ့သောတစ်ရက်က မရောက်တာ တော်တော်လေးကြာနေပြီဖြစ်တဲ့ Peninsula Plaza ဘက်ကို ကိစ္စတစ်ခုနဲ့ ခြေဦးလှည့်ဖြစ်ခဲ့တယ်။ လုပ်စရာရှိတာလေးတွေပြီးချိန်မှာ တခုခုစားဖို့ ဆုံးဖြတ်လိုက်တယ်။ များသောအားဖြင့် မြေအောက်ထပ်က အင်းလေးဆိုင်မှာပဲ စားဖြစ်ပေမယ့် ဒီတစ်ခေါက်တော့ တခြားဆိုင်မှာစားဖို့ စိတ်ကူးရလိုက်တယ်။ အင်းလေးဆိုင် မျက်နှာချင်းဆိုင်မှာ အရင်က ကျွန်မကြိုက်သော Burger King ဆိုင်ရှိပေမယ့် ထိုဆိုင်ပိတ်သွားတာကိုတော့ ယခင်တစ်ခေါက်က ကျွန်မသိလိုက်ရတယ်။ ယခုအခေါက်မှာတော့ Burger King ဆိုင်နေရာမှာ မြနန္ဒာ မြန်မာစားသောက်ဆိုင်က နေရာယူထားတာကို ကျွန်မတွေ့လိုက်ရတာနဲ့ စူးစမ်းချင်စိတ်အနည်းငယ်ဖြင့် ထမင်းသွားစားခဲ့ပါတယ်။


အထဲမှာ ကျယ်ကျယ်ဝန်းဝန်းရှိသော နေရာအပြင်အဆင်ကို သဘောကျမိပါတယ်။ အစားအသောက်တွေကို အင်းလေးဆိုင်လို အပွဲလိုက်မမှာရတဲ့အတွက် ဈေးနှုန်းက တော်တော်လေးပိုသက်သာပါတယ်။ အစားများများစားလေ့မရှိတဲ့ ကျွန်မအတွက် သီးစုံချဉ်ရေဟင်း ၊ ပုဇွန်ချဉ်သုပ်နဲ့ ငါးနီတူးခြောက်အနည်းငယ်ကိုပဲ မှာယူလိုက်ပါတယ်။ ထမင်းဟင်းမှာယူပြီးချိန်မှာ မြနန္ဒာဆိုင်က ချဉ်ပေါင်ရွက်ဟင်းချိုတစ်ခွက်ပေးတော့ ထမင်းပွဲအတွက် ပိုကောင်းသွားတာပေါ့ .. ။ မြန်မာဆိုင်တွေမှာ ငါးပိရည်နှင့်တို့စရာ စားချင်သူများအတွက် ပြင်ဆင်ပေးထားတာကို သဘောကျမိပါတယ်။ သခွားသီးတစ်ခုကိုပဲ ကျွန်မကြိုက်တဲ့အတွက် သခွားသီးစိတ်လေး အနည်းငယ်ကိုပဲ ထည့်ယူလိုက်ပါတယ်။


အအေးဘူးတစ်ဘူးနှင့် ထမင်းပွဲလင်ဘန်းကိုကိုင်ပြီး အထဲက ထောင့်တစ်နေရာမှာ နေရာဝင်ယူလိုက်ပါတယ်။ ဒါမှ လူသွားလူလာကို ကျွန်မ အကဲခတ်လို့ရမှာလေ။ ထမင်းတစ်ဇွန်းခပ်စားလိုက်ချိန်မှာ သာမန်ထက် ပိုပျော့နေသော ထမင်းကို ကျွန်မ နည်းနည်းစိတ်ညစ်သွားပါတယ်။ ဘယ်ဆိုင်မှာ ထမင်းစားစား မာသော ထမင်း ၊ အလွန်ပျော့သော ထမင်းဆိုရင် ကျွန်မက စိတ်ပျက်လေ့ရှိပါတယ်။ ဟင်းအရသာတွေက မဆိုးပါဘူး။ စားလို့ရသော မဆိုးဘူးအခြေအနေလောက်မှာရှိပါတယ်။

တခြားနေ့တွေ ကျွန်မ မရောက်ဖူးတော့ မသိပါဘူး။ ကျွန်မသွားသောနေ့ရက်မှာတော့ ချက်ထားသော ဟင်းတွေကို လေ့လာကြည့်မိသလောက် ဟင်းအမျိုးအစား များပေမယ့် မြန်မာဟင်းကောင်းကောင်းတွေ စုံစုံလင်လင် စီစဉ်ထားတာ မတွေ့ရသေးပါဘူး .. ။ ငါးသလောက် ၊ ငါးဖယ် ၊ ကန်စွန်းရွက်ကြော် နှင့် အခြားအရွက်ကြော်များ အစရှိသော ဟင်းအမျိုးအစားများလည်း စီစဉ်သင့်တယ်လို့ မြင်မိပါတယ်။

ချဉ်ပေါင်ရွက်ဟင်းချိုကို ချက်ထားတာ ပိုကောင်းပါတယ်။ ဆိုင်နေရာက ပိုမိုကျယ်ဝန်းတဲ့အတွက် ထိုင်ရတာ ပိုအဆင်ပြေပါတယ်။ စားသောက်နေသော ရွှေမြန်မာများကိုကြည့်ရင်း ကျွန်မစိတ်ထဲ မြန်မာပြည်မှ စားသောက်ဆိုင်လေးများကို သတိရနေမိပါတယ်။

ကျွန်မစိတ်ထဲ မြန်မာဆိုင်အစားအသောက်တွေစားတိုင်း အီစိမ့်သွားတာကို သတိထားမိပါတယ်။ ကျွန်မတို့ အိမ်ရဲ့ ဟင်းချက်ပုံစံက အဆီအဆိမ့်နှင့်အငံကို အကျင့်လုပ်ပြီး တော်တော်လေးလျှော့သုံးတဲ့အတွက် ဆိုင်အစားအသောက်တွေစားတိုင်း ဆီများမှုဒဏ်ကို ကျွန်မ သိပ်မခံနိုင်ပါဘူး။ အထူးသဖြင့် ချစ်သူကို မြန်မာထမင်းဟင်းစားစေချင်စိတ်နဲ့ ဆိုင်တွေမှာ သွားစားလေ့ရှိပေမယ့် ကျွန်မအတွက်တော့ ဆီနှင့်အငံ လျှော့ထည့်ဖို့ ၊ ဆီပြန်ဟင်းတွေမစားမိဖို့ အမြဲသတိထားရပါတယ်။

အမိမြေနှင့်ဝေးနေချိန်မှာ အလွမ်းဆုံးသောအရာတွေထဲ တစ်ချိန်က မတွေးခဲ့ဖူးတဲ့ စားနေကျ အစားအသောက်တွေကို တော်တော်သတိရနေမိပါတယ် .. ။

Read More...

Saturday, September 27, 2008

မမေ့နိုင်သော စက်တင်ဘာဒဏ်ရာ

Read More...

Friday, September 26, 2008

ချစ်သူ့မွေးနေ့ .. ခံစားမှုပုံရိပ်များ


ညဦးလေပြေက တသွင်သွင်တိုက်ခတ်လျက် ပူစပ်ခြင်းနှင့်အေးမြခြင်းများ အချိုးကျပေါင်းစပ် အသက်ဝင်နေသော လှပသော ညတစ်ည .. ။ ကျွန်းတစ်ကျွန်းတစ်နေရာ အဖြူရောင်အိမ်ကလေးတစ်ခုမှာ နှစ်ခြိုက်စွာ အိပ်မောကျနေနိုင်လောက်ပြီဖြစ်သော ချစ်သူအကြောင်းကို ကျွန်မ သတိရခြင်းများဖြင့် ပိုမိုတွေးနေမိသည်။ ဖြတ်သန်းကျော်ဖြတ်ခဲ့ရသော အဖြစ်အပျက်များက မနေ့တစ်နေ့ကလို ထင်ရပေမယ့် နက်ရှိုင်းသော ရင်တွင်းတစ်နေရာ အသဲနှလုံးထောင့်မှာ ဖြစ်ပျက်မှုများအားလုံးက ပူနွေးသစ်လွင်စွာ ထင်ဟပ်နေဆဲ .. ။ ပျော်ရွှင်ရင်ခုန်ခြင်းများဖြင့် စတင်ဖွဲ့တည်ခဲ့သော လေးနက်သောခံစားမှုတစ်စုံနောက်ကွယ်မှာ ကျော်ဖြတ်ခဲ့ရသော အဖြစ်အပျက်များက (၂)နှစ်တာ ကာလအတွင်း သိပ်မနည်းခဲ့။

ခပ်လှမ်းလှမ်းမှ ခရေပင်လမ်းကလေးကိုကြည့်စဉ် မျက်ဝန်းထဲမှာ အကြင်နာလွှမ်းခြုံသော နွေးထွေးပျော်ရွှင်မှုများက တဖြေးဖြေးနေရာယူလာသည် .. ။ လေးနက်ခိုင်မာစွာ တွဲထားသော လက်တစ်စုံက ရံဖန်ရံခါ ပြင်းထန်စွာ ဖြစ်ပေါ်တတ်သော အစိုင်အခဲများကို အကြိမ်ကြိမ်ကျော်ဖြတ်နိုင်စွမ်း ရှိခဲ့သည် .. ။


ပြင်းထန်သော စိတ်ဗီဇပိုင်ဆိုင်သူနှစ်ဦးအတွက် အေးချမ်းခြင်းဆိုသော မေတ္တာတရားကို ခိုင်မြဲသောချစ်ခြင်းကြောင့်သာ ကြိုးစားတည်ဆောက်နိုင်ခဲ့ကြသည် .. ။ ဘ၀မှာ အကျေနပ်ဆုံးအရာတစ်ခုကို ပြပါဆိုလျင် ကျွန်မ၏နှလုံးသားတစ်စုံကို ဖော်ထုတ်ပြရလိမ့်မည် .. ။

`ချစ်ခြင်းမေတ္တာ´တစ်ခု နှလုံးသားအိမ်တစ်ခုမှာ ပေါက်ဖွားလာနိုင်သလို `ပြုစုပျိုးထောင်ခြင်း´ မရှိခဲ့လျင် အလွယ်တကူ ပျောက်ကွယ်နစ်မြုပ်သွားနိုင်ကြောင်းကို ကျွန်မ အထင်အရှားသဘောပေါက်ခဲ့ဖူးသည်။

ဘ၀မှာ အခက်ခဲဆုံးသော နားလည်မှုတစ်ခုကိုလည်း အတော်အသင့် သိရှိသဘောပေါက် အဆင်ပြေခဲ့ပြီဖြစ်သလို ခိုင်မြဲလွန်းလှသော ဒီသံယောဇဉ်တွယ်တာမှုကိုလည်း ကိုယ်တိုင်ပင် အံ့သြပြုံးပျော်ခဲ့ရသည်။

`ပြုစုပျိုးထောင်ခြင်းဆိုသော လောင်းရိပ်အောက်မှာ မခွဲတမ်း ခိုင်ခိုင်မြဲမြဲ တည်ရှိနေခဲ့တဲ့ အကြင်နာမေတ္တာ ကျေနပ်ဖွယ်ဘ၀လေးတစ်ခုအတွက် ရင်မှခံစား ကျေးဇူးတင်လျက်ပါ ချစ်သူ ……… ။´


`လူ့ဘ၀ကို အစပြုခဲ့တဲ့ မွေးနေ့ရက်မှ ရာသက်ပန် တစ်သက်လုံး အကြင်နာမေတ္တာ ၊ ငြိမ်းချမ်းမှု ၊ အောင်မြင်မှု ၊ စစ်မှန်သော ကျေနပ်ပျော်ရွှင်မှုများကို ကျန်းမာပျော်ရွှင် သာယာချမ်းမြေ့စွာ ပိုင်ဆိုင်ရရှိနိုင်ပါစေ ချစ်သူ .. ´

Happy Birthday Ko Ko.

Wishing You Peace, Love, Health & Happiness On Your Special Day & Always !!

Wishing You Every Good Thing That Life Can Bring On Your Birthday & Always!!

With Lots Of Love From Me To Say .. Have A Wonderful Birthday :)

Read More...

Wednesday, September 24, 2008

လေ့လာသိရှိသမျှ Bridal Package အချက်လက်များ


မိမိချစ်သူက လက်ထပ်ခွင့်တောင်းပြီးချိန် ၊ မိမိချစ်သူနှင့် လက်ထပ်ထိမ်းမြားရန် ဆွေးနွေးပြီးချိန် အရေးကြီးဆုံးလုပ်ရမည့် ကိစ္စတွေထဲမှာ ဥပဒေအရ မင်္ဂလာလက်မှတ်ထိုးခြင်းကိစ္စပြီးရင် မင်္ဂလာအခမ်းအနားကိစ္စပဲ ဖြစ်ပါတယ်။

ပျော်ရွှင်ဝမ်းမြောက်ခြင်းတွေ ဖုံးလွှမ်းပြီး ရွေးချယ်ခြင်းမမှားဖို့ သိပ်အရေးကြီးသော Bridal Package များအကြောင်းကို ကျွန်မ လက်လှမ်းမှီသလောက် မျှဝေပေးလိုက်ပါတယ်ရှင် .. ။ မင်္ဂလာသတို့သမီးဝတ်စုံများနှင့် ပတ်သတ်၍ လေ့လာသိရှိသလောက် ဆိုင်များအကြောင်းကို သီးသန့်ဖော်ပြပေးပါ့မယ်။

ခြင်္သေ့ကျွန်းပေါ်မှာ မင်္ဂလာဝတ်စုံဆိုင်တွေက များပြားစွာ တည်ရှိပါတယ်။ အကုန်လုံးကို လိုက်ကြည့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး .. ။ မိမိနှစ်သက်သော ဒီဇိုင်းပုံစံမျိုးကို အဓိကထားချုပ်သော ဆိုင်တွေကို ရွေးချယ်ပြီး သေချာကြည့်ရှုလေ့လာသင့်ပါတယ်။ သတို့သမီးဝတ်စုံအများအပြားဟာ သူ့အလှနှင့်သူ အကုန်လှပတဲ့အတွက် မိမိနှင့်သင့်လျော်လိုက်ဖက်ပြီး ကြိုက်နှစ်သက်သော ဒီဇိုင်းဖြစ်ဖို့ အရေးကြီးပါတယ်။


သတို့သမီးဝတ်စုံရွေးချယ်ခြင်းဟာ သတို့သားဝတ်စုံရွေးချယ်ခြင်းထက် ပိုမိုအလုပ်များပြားစေတဲ့အတွက် အကြမ်းဖျင်းအနေနှင့် သတို့သမီးဝတ်စုံများကို လိုက်ကြည့်ချိန်မှာ အမျိုးသမီးရဲ့ မိဘ သို့မဟုတ် သူငယ်ချင်းမောင်နှမများဖြင့်သာ အတူသွားကြည့်သင့်ပါတယ်။ မိန်းကလေးတွေ လုပ်မိတဲ့အမှားက ပထမဆုံး သွားကြည့်ချိန်မှာ မိမိချစ်သူကို အတူခေါ်သွားခြင်းပါပဲ .. ။ ၀တ်စုံများနှင့်ပတ်သတ် အတွေ့အကြုံမရှိသေးချိန်မှာ မိမိတစ်ယောက်တည်း အရင်ဆုံးလေ့လာကြည့်ရှုသင့်ပါတယ်။ စုံတွဲအတူတူလာရင် ဆိုင်ထဲက ထွက်မရအောင် လုပ်လေ့ရှိသော မင်္ဂလာဝတ်စုံဆိုင်များ၏ ဖြားယောင်းမှုကို စိတ်ခိုင်မာစွာဖြင့် အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်ဖို့ အရေးကြီးပါတယ်။

ကျွန်မ ပထမဆုံး မင်္ဂလာဝတ်စုံဆိုင်ကို ကြည့်စဉ်က ၀တ်စုံတိုင်းကို သဘောကျစိတ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ အကျေနပ်ဆုံးသောအရာကို မခံစားရသေးတဲ့အတွက် အလွန်အမင်းဆွဲခေါ်နေသော ဆိုင်ရှင်များကို ယဉ်ကျေးငြင်သာစွာဖြင့် နှုတ်ဆက်ပြီး ဆက်လက်လေ့လာခဲ့ရပါတယ်။ မင်္ဂလာဝတ်စုံဆိုင်တွေကို လေ့လာတိုင်း အမျိုးသမီးတွေကြားလေ့ရှိသောစကားမှာ `၀တ်စုံတွေက Fully Reserved ဖြစ်နေပြီ။ အမြန်ရွေးမှဖြစ်မယ်´ ၊ `အခုကတည်းကရွေးသွားပါတော့။ ဈေးလျှော့တာ ဒီနေ့နောက်ဆုံး´ ၊ ` ဒီဆိုင်က အကောင်းဆုံး ၊ ကျန်တဲ့ဆိုင်တွေက စိတ်မချရဘူး´ အစရှိသည့် မျိုးစုံသောစကားများမှာ အမှန်တရားက အနည်းငယ်ပဲ ပါဝင်ထားကြောင်း သတို့သမီးလောင်းလေးများ သတိပြုရပါ့မယ် .. ။

ဆိုင်တစ်ဆိုင်ကိုဝင်ရင် သူတို့ပြောသော Packages ဈေးနှုန်းများကို အရင်နားမထောင်ပါနှင့်။ ဒီဇိုင်းများကို စိတ်အေးလက်အေး သေချာကြည့်ရှုလေ့လာရပါမယ်။ ဒီဇိုင်းတွေ စိတ်ကျေနပ်အောင် သေချာကြည့်ပြီး ၊ နှစ်သက်သော အချို့ဝတ်စုံများကို အစမ်းဝတ်ကြည့်ပြီးမှ ဆိုင်၏ဈေးနှုန်းများကို သေချာစိတ်အေးလက်အေး နားထောင်ပါ .. ။

Bridal Package ဈေးနှုန်းများကို နားထောင်စဉ်မှာ မြန်မာပြည်၏ ဗိုလ်ချုပ်ဈေးထဲကို ရောက်နေသလို မိမိကိုယ်မိမိ နှလုံးသွင်းထားပါ။ တစ်ခွန်းဆိုင် မရှိသလောက် အလွန်ရှားသော ၀တ်စုံဆိုင်များမှာ ဈေးဆစ်နိုင် ၊ တောင်းနိုင်မှ မိမိ၏ Package က တန်ပါလိမ့်မည်။ Package များတွင် ၀တ်စုံကောင်းများနှင့် ဒီဇိုင်းပိုမိုဆန်းသစ်သော ဆိုင်များက ဈေးနှုန်းပိုမြင့်လေ့ရှိပါတယ် .. ။

မိမိနှစ်သက်သော ဒီဇိုင်းကို ရှာဖွေတွေ့ရှိပြီး ရွေးချယ်ရန်ဆုံးဖြတ်ချိန်မှာ ဈေးနှုန်းများကို စတင်ဆွေးနွေးရပါတော့မယ်။ Packages များမှာ (၂)ပိုင်းရှိပါတယ်။ မင်္ဂလာအကြိုဓါတ်ပုံနှင့် မင်္ဂလာနေ့ရက်ဖြစ်ပါတယ်။

မင်္ဂလာအကြိုဓါတ်ပုံနေ့ရက်အတွက် အရေးကြီးသောအရာများမှာ

- အတွင်းဓါတ်ပုံ နှင့် အပြင်ဘက်တွင်ရိုက်ကူးသော ရှုခင်းအလှဓါတ်ပုံ

- သတို့သမီးနှင့်သတို့သားဝတ်စုံ

- မိတ်ကပ်နှင့်ဆံပင်

- ဓါတ်ပုံအရေအတွက်

- မင်္ဂလာအလှကား နှင့် ဒရိုင်ဘာ

- သတို့သမီးလက်ကိုင်ပန်းတို့ပဲ ဖြစ်ပါတယ်။

ဆိုင်တော်တော်များများဟာ မတောင်းရင်မသိချင်ယောင်ဆောင်တာတွေ ရှိကြပါတယ်။ အဲဒီအတွက် မိမိက အကြမ်းဖျင်းကို မှတ်သားပြီး ပြောဆိုဆွေးနွေးဖို့လိုအပ်ပါတယ်။ သတို့သမီးဝတ်စုံကို မင်္ဂလာအကြိုဓါတ်ပုံအတွက် များသောအားဖြင့် သုံးစုံပေးလေ့ရှိကြပါတယ်။ သုံးစုံထက် ပိုလိုချင်ရင် သူတို့ကိုပြောဆိုဆွေးနွေးပါ။ ရှက်ခြင်း ၊ အားနာခြင်းများ ရှိရန်မလိုအပ်ပါ။ သတို့သားများအတွက်က နှစ်စုံပဲ ပေးလေ့ရှိကြပါတယ်။ ကျွန်မချစ်သူအတွက် ကျွန်မစိတ်ထဲ နှစ်စုံထက်ပိုလိုချင်တဲ့အတွက် ကျွန်မက သုံးစုံတောင်းပါတယ်။

မင်္ဂလာအကြို ဓါတ်ပုံအရေအတွက်ဟာ ၂၅ပုံမှ ၃၀အတွင်းသာ ဆိုင်တွေက ပေးကြပါတယ်။ ပုံအရေအတွက်ဟာ တသမတ်တည်းမရှိတဲ့အတွက် များများသာ တောင်းဖို့ လိုအပ်ပါတယ်။ ကျွန်မကို ဆိုင်တစ်ဆိုင်က ၂၅ပုံပြောရင် ကျွန်မက ပုံ၄၀လောက်က စတောင်းပါတယ်။ နောက်မှ ဖြေးဖြေးချင်း လျှော့ပေးပါ။ အစကတည်းက ၂၅ပုံပေးသောဆိုင်ကို ၃၀လောက်မှ စမတောင်းသင့်ပါ။ 4R ဆိုဒ်နှင့် အသေးဆိုဒ်ပုံလေးများအတွက်လည်း မမေ့မလျော့ ပြောဖို့ လိုအပ်ပါတယ်။ တောင်းဖို့မေ့နေရင် ဆိုင်တွေက ငြိမ်နေလေ့ရှိပါတယ်။ မင်္ဂလာဝတ်စုံဆိုင်တွေရဲ့ အဓိကဈေးကွက်က မင်္ဂလာဓါတ်ပုံပေါ်မှာ ဖြစ်တဲ့အတွက် အပိုပုံတစ်ပုံထပ်ယူရင် အနည်းဆုံး $70 လောက်ကျပါတယ်။ ဈေးများလွန်းသော ဓါတ်ပုံများအတွက် မိမိဘက်က ရသလောက် ပုံကို စာချုပ်မချုပ်ခင်ကတည်းက အခမဲ့တောင်းယူပါ။

မိတ်ကပ်နှင့်ဆံပင်အလှအတွက် Trial Make-up မပါဝင်ခဲ့ရင် အခမဲ့အစမ်းပြင်ပေးနိုင်မည်လား ပြောဆိုပါ။ အချို့ဆိုင်တွေဟာ မင်္ဂလာကားကို အခမဲ့အသုံးပြုခွင့်ပေးပေမယ့် အချို့ဆိုင်တွေက Package စာရင်းထဲမှာ ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။ အဲဒီချိန်မှာ မိမိဘက်မှ အခမဲ့စီစဉ်ပေးဖို့ ပြောဆိုပါ။ အထူးသဖြင့် ကားရှိသောသူများ မိမိမှာ ကားရှိကြောင်း ကြိုမပြောပြပါနှင့်။ စကားပိုပြောရခက်၍ ဖြစ်ပါသည်။

မင်္ဂလာအကြိုဓါတ်ပုံရိုက်ကူးရာမှ မိမိဘက်မှ ဖိနပ်ဝယ်ရန် လိုအပ်ပါတယ်။ ဖိနပ်အတွက်လည်း ကြိုတင်စီစဉ်ထားရန် မမေ့ပါနှင့်။

သတို့သမီးလက်ကိုင်ပန်းကို မမေ့မလျော့ တောင်းယူပါ။

အကြိုဓါတ်ပုံရိုက်ကူးရန် ငွေမချေခင် နေရာဘယ်နှစ်ခုကို ရွေးချယ်နိုင်လည်း ရှင်းရှင်းလင်းလင်း ကြိုတင်မေးမြန်းပါ။ Indoor နှင့် Outdoor ကို တစ်ရက်တည်းရိုက်ကူးရန် ပင်ပန်းသူများ နှစ်ရက်ခွဲရိုက်လျင် ပေးရမည့်အပိုငွေအတွက် ငွေမချေခင် သေချာမေးမြန်းပါ။

မင်္ဂလာအခမ်းအနားနေ့ရက်

ဆွေမျိုး အသိုင်းဝိုင်း မိဘ မောင်နှမ သူငယ်ချင်းများနှင့် ပျော်ရွှင်စွာ ဆင်နွှဲရမည့် မင်္ဂလာပွဲမှာ ၀တ်ဆင်ရမည့် သတို့သမီးနှင့်သတို့သားဝတ်စုံဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ အလှပဆုံးစုံတွဲဖြစ်ဖို့ သတို့သားနှင့် သတို့သမီး နှစ်ယောက်လုံး လှပနေဖို့ အရေးကြီးပါတယ်။

မင်္ဂလာနေ့ရက်အတွက် ဓါတ်ပုံအခမဲ့ ရိုက်ကူးပေးရန် မင်္ဂလာဝတ်စုံဆိုင်များကို တောင်းယူကြည့်ပါ။ အချို့ဈေးနှုန်းအနည်းငယ်ပိုမြင့်သော ဆိုင်များဟာ မင်္ဂလာပွဲဓါတ်ပုံကို အခမဲ့ရိုက်ကူးပေးကြပါတယ်။

လည်ဆွဲရတနာများ နှင့် မိန်းကလေးအသုံးအဆောင် ပစ္စည်းအလှများဟာ များသောအားဖြင့် အခမဲအသုံးပြုခွင့်ပေးတဲ့အတွက် ငွေမချေခင် ရှင်းရှင်းလင်းမေးထားဖို့ လိုအပ်ပါတယ်။

Bridal Package ကောင်းတစ်ခုကို ရွေးချယ်ခြင်းဟာ သတို့သား ၊ သတို့သမီးများအတွက် လွန်စွာပင်ပန်းပါတယ်။ မိမိကို စိတ်ကျေနပ်မှုအပြည့်အ၀ ဖြစ်စေဖို့လည်း အရေးကြီးပါတယ်။ အဲဒီအတွက် မင်္ဂလာဝတ်စုံဆိုင်များကို လေ့လာကြည့်ရှုချိန် ပထမတစ်ကြိမ်တည်းမှာ စာချုပ်မချုပ်မိစေဖို့ လွန်စွာအရေးကြီးပါတယ်။

Bridal Package တစ်ခုအတွက် ပြီးပြည့်စုံအောင် မေးမြန်းဆွေးနွေးပြီးချိန်မှာ မတော်တဆ ဖြစ်တတ်သော ကိစ္စများအတွက် မမေ့မလျော့ မေးမြန်းထားသင့်သော အရာများမှာ

၁) ရာသီဥတု ဆိုးရွားလွန်း၍ မင်္ဂလာအကြိုဓါတ်ပုံရိုက်ကူးရန် ရက်ရွှေ့လျင် ထပ်ပေးရမည့်အပိုငွေ။

၂) မိတ်ကပ်ဖန်တီးရှင် မတွက်ချက် ၊ ထည့်သွင်းမယူထားသော Hidden Cost

၃) မင်္ဂလာဓါတ်ပုံအယ်လ်ဘမ်၏ စာမျက်နှာအရေအတွက်ထက် ကျော်လွန်သွားလျင် ထပ်ပေးရမည့်ပမာဏ။

၎) လက်ဆောင်ပေးရန် အခမဲ့ 4R Size ဓါတ်ပုံများနှင့် စားပွဲတင် 8R ဓါတ်ပုံအချို့။

၅) စာချုပ်နှင့်တကွ ပေးရမည့် စရန်ငွေ တို့ဖြစ်ပါတယ်။

မရွေးချယ်ခင်မှာ ခေါင်းစားစိတ်မောရပြီး မိမိစိတ်ကြိုက်ရွေးချယ်ပြီးချိန်မှာ ကြည်နူးကျေနပ်ပျော်ရွှင်ရသော မင်္ဂလာအခမ်းအနားကိစ္စများဖြင့် မင်္ဂလာမောင်နှံများ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေရှင် .. ။

Read More...

Sunday, September 21, 2008

သ၀န်တိုတယ်

အခုတစ်လော ကျွန်မ အလုပ်များနေတာကြောင့် ရေးလက်စ စာတွေကို လက်စမသပ်နိုင် ဖြစ်နေတဲ့အတွက် ဒီလ အမှတ်တရ(၇)ရက်နေ့မှာ မဖော်ပြဖြစ်ခဲ့သော ၀တ္ထုတိုတစ်ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်ရှင်။ ကိစ္စသေးသေးလေးတွေမှာ စိတ်နုတဲ့အမျိုးသမီးသဘာဝအရ ပိုသ၀န်တိုတတ်လေ့ရှိပါတယ်။ သ၀န်တိုခြင်းဟာ ဘယ်လောက်ထိဖြစ်တတ်သလဲဆိုတာကို ခံစားဖတ်ရှုကြည့်နိုင်ပါတယ်။

သ၀န်တိုတယ်
လွန်းထားထား (ဆေးတက္ကသိုလ်)

သူ့ရဲ့ချစ်သူဖြစ်ခွင့်ရတဲ့အတွက်လည်း ကျွန်မအမြဲဂုဏ်ယူကျေနပ်ခဲ့ရပါတယ်။ ဘယ်သူ့ကိုမှ ကျွန်မထက်ပိုပြီး ချစ်မြတ်နိုးဦးစားပေးခြင်း မရှိခဲ့တဲ့ သူ့ကို ကျွန်မ မက်မက်မောမော ယုံယုံကြည်ကြည်နဲ့ပဲ လက်ထပ်ခဲ့ပါတယ်။

၁)
တကယ်ပါ .. ။ ကျွန်မ ဘ၀တစ်လျှောက်လုံးမှာ သူ့ကို အခုတစ်ကြိမ်လောက် ဘယ်တုန်းကမှ သ၀န်တိုငြူစူခြင်း မရှိခဲ့ဖူးပါဘူး။ ချစ်သူဘ၀တုန်းကတောင် သူ့ကို သ၀န်မတိုခဲ့ရပါဘူး။ သူကလည်း ကျွန်မကလွဲလို့ ဘယ်မိန်းမကိုမှ မျက်လုံးနဲ့တောင် မပြစ်မှားခဲ့သူလေ။ အဲဒီလောက် တည်ငြိမ်အေးဆေးခဲ့သူပါ။

ချစ်သူဘ၀တစ်လျှောက်လုံး ကျွန်မကလွဲလို့ ဘယ်သူ့ကို ဦးစားမပေးခဲ့။ ကျွန်မကို ဦးစားပေးလွန်းလို့ သူ့ သူငယ်ချင်းတွေနဲ့လည်း မကြာခဏ ပဋိပက္ခဖြစ်ခဲ့ရသူ .. ။ သူ့မိဘတွေနဲ့ ယှဉ်လိုက်ရင်လည်း ကျွန်မမှ ကျွန်မ။ ကျွန်မကတော့ အလိုလိုက်ခံရလွန်းတဲ့ ကလေးတစ်ယောက်လို သူ့အပေါ် အမြဲဗိုလ်ကျနွဲ့ဆိုး ဆိုးခဲ့သူပါ။

သူ့ရဲ့ချစ်သူ ဖြစ်ခွင့်ရခဲ့တဲ့အတွက်လည်း ကျွန်မ အမြဲဂုဏ်ယူ ကျေနပ်ခဲ့ပါတယ်။ ဘယ်သူ့ကိုမှ ကျွန်မထက်ပိုပြီး ချစ်မြတ်နိုးဦးစားပေးခြင်း မရှိခဲ့တဲ့ သူ့ကို ကျွန်မ မက်မက်မောမော ယုံယုံကြည်ကြည်နဲ့ပဲ လက်ထပ်ခဲ့ပါတယ်။

ကျွန်မနဲ့ သူ့ကို စံပြချစ်သူတွေအဖြစ် သတ်မှတ်ထားခဲ့ကြတဲ့ ကျွန်မရဲ့သူငယ်ချင်းတွေက ကျွန်မတို့ အိမ်ထောင်ရေးကိုလည်း စံပြအိမ်ထောင်ရေး ဖြစ်လာလိမ့်မယ်လို့ ကြိုတင်နိမိတ်ဖတ်ခဲ့ပါရဲ့။

တကယ်လည်း ကျွန်မတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ဦးဘ၀ဟာ ပြောစရာ မရှိလောက်အောင် ပြီးပြည့်စုံ ခမ်းနားခဲ့ပါတယ်။ စားအတူ ၊ သွားအတူ အမြဲမခွဲဘဲ တတွဲတွဲရှိခဲ့ပါတယ် .. ။ မြင်သူတကာတိုင်းလည်း သိပ်ချစ်တတ်ကြတဲ့ ကျွန်မတို့နှစ်ယောက်ကို အမြဲချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

ကျွန်မတို့နှစ်ယောက်ကြားကို `သူ´ ရောက်လာခဲ့တဲ့ အချိန် မတိုင်ခင်အထိပေါ့လေ … ။

အပြည့်အစုံဖတ်ရှုရန် ဤနေရာတွင် ဒေါင်းလော့ခ်ဆွဲယူပါ။

Read More...

Saturday, September 13, 2008

လတ်တလော ကိုယ့်ရဲ့ အကြိုက်၊ ဆန္ဒ၊ ခံယူချက်၊ ဖြစ်တည်မှု...


မမ s0wha1က လတ်တလော ကိုယ့်ရဲ့အကြိုက်ဆန္ဒတွေအတွက် TAG လုပ်လိုက်တော့ ဒီအကြောင်းအရာလေးဟာ အထက်တန်းကျောင်းသူဘ၀တုန်းက `ရေးပေးပါ´ဆိုတဲ့ စာအုပ်လေးထဲမှာ သူငယ်ချင်းတွေအချင်းချင်း အမှတ်တရ ရေးပေးခဲ့ကြပုံနှင့် တူညီနေတာကို သတိပြုမိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပြီး သေသေချာချာ ရေးပေးလိုက်ပါတယ် မမရေ။

ကိုယ့်ရဲ့နာမည် - နာမည်က ၅မျိုးတောင်ရှိတယ်။ အဖေ အမေ ပေးတဲ့နာမည် ၊ အဘိုးအဘွားတွေ ပေးထားတဲ့နာမည် ၊ မောင်နှမတွေခေါ်တဲ့နာမည် ၊ ချစ်သူခေါ်တဲ့နာမည် ၊ ကျွန်မ အကြိုက်ဆုံးနာမည်။ လူသိများဆုံးနာမည်က လင်းလက်ကြယ်စင် ..။

ကိုယ်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - လင်းလက်ကြယ်စင်

ကိုယ်ဒီမှာနေတယ် - သေးငယ်သော ကျွန်းတစ်ကျွန်းရဲ့ ထောင့်တစ်နေရာ

ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် - ဖုန်းဘေလ်တွေများလွန်းလို့ ဖုန်းတောင်မကိုင်ချင်တော့ဘူးကွယ်။


ကိုယ့်ရဲ့ အကြိုက်ဆုံးတွေက

အရောင်ဆိုရင် - အ၀တ်အစားမှာ အကြိုက်ဆုံးက အနက်ရောင်။ ဒုတိယအကြိုက်ဆုံးက အဖြူရောင်။ ပစ္စည်းတွေမှာတော့ လှသလိုကြိုက်ပါတယ်။

အ၀တ်အစားဆိုရင် - စွဲဆောင်မှုရှိပြီး ခေတ်နဲ့ညီတဲ့ ၊ လျှပ်ပေါ်လော်လီခြင်းမရှိတဲ့ ၊ မိန်းကလေးဆန်သော အ၀တ်အစားများ ။ အထူးသဖြင့် Classic Style။

အစားအစာဆိုရင် - ၀တ်သား ၊ အမဲသား ၊ ဆိတ်သား ၊ ဒူးရင်းသီး ကလွဲပြီး ကျန်တာအားလုံးစားပါတယ်။ အသီးအရွက်တွေကို အကြိုက်ဆုံးပါပဲ။

ပစ္စည်းဆိုရင် - Crystal ပစ္စည်းတွေကို ကြိုက်တယ်။ မိန်းကလေးတစ်ယောက်အလှကို ပိုမိုဝင့်ထည်စေတဲ့ Accessories လေးတွေကိုလည်း နှစ်သက်တယ်။ အိမ်သုံးကြွေထည်လှလှတွေကို ရူးသွပ်တယ်။ လတ်တလောမှာ Ngee Ann City က တော်ဝင်ကြွေထည်တွေကို မျက်စိတော်တော်ကျနေတယ်။

သီချင်းဆိုရင် - နားကွဲမတတ် ဆက်တိုက်အော်နေတဲ့ စကားလုံးမကွဲသောသီချင်းများကလွဲရင် အကုန်နားထောင်လို့ရပါတယ်။ အကြိုက်ဆုံးသီချင်းကတော့ ချစ်သူပေးသော အမှတ်တရသီချင်းများ။

စာရေးဆရာ - တက္ကသိုလ်ဘုန်းနိုင် ၊ မြသန်းတင့် ၊ ချစ်ဦးညို ၊ ဂျူး ၊ လွန်းထားထား ၊ တာရာမင်းဝေ

စာအုပ် - လေရူးသုန်သုန် ၊ မောင့်ဘ၀ ညအလားကွယ် ၊ လွမ်းတေးမဆုံးစေနဲ့ စောသခင် ၊ တပြည်သူ မရွှေထား ၊ မဏိစန္ဒာဥဒါန်း ၊ လင်္ကာဒီပချစ်သူ ၊ ချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ် ၊ သက်တံ့မျှော်စင် ၊ ချစ်လို့မုန်းခဲ့သည် ၊ ငါ့ရင်ခွင်ကြားက နှင်းဆီဓါးသွားတစ်လက် ၊ ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နှင့် ကောင်မလေး ၊ The Kite Runner, The Glass Palace, Freedom From Fear

Life style – တည်ငြိမ်ပျော်ရွှင်အေးချမ်းစွာ ၊ ကြင်နာဂရုစိုက်မှုများဖြင့် ရင်ခုန်နွေးထွေးစွာ။

ကိုယ့်ရဲ့ဝါသနာ - စာဖတ်ခြင်း ၊ အတွေးအခေါ်ဗဟုသုတများ ဆွေးနွေးဖလှယ်ခြင်း ၊ ခရီးသွားခြင်း ၊ ဒီဇိုင်းလှလှလေးများ လေ့လာဖတ်ရှုခြင်း ၊ ချစ်သူနားမှာ ဆိုးနွဲ့ခြင်း။

အလိုချင်ဆုံးလက်ဆောင် - ပုဝါလှလှလေးများ ၊ Accessories လှလှလေးများ ၊ ပြိုင်ကားအနီရဲရဲလေးတစ်စီး ၊ ဆန်းသစ်လှပသော ကြွေထည်များ ၊ ဖတ်ရှု၍ကောင်းသော စာအုပ်များ။

ကိုယ့်ရဲ့ အချစ်ဆုံးသူက - စိတ်သဘောထားချင်းမတိုက်ဆိုင်ပေမယ့် ကျွန်မတို့ဘ၀ကို ပြည့်စုံအောင် ဖန်တီးပေးထားသော ကျေးဇူးရှင် ဖေဖေ ၊ ကျွန်မတို့ကို နားလည်ပေးပြီး သူငယ်ချင်းလို တိုင်ပင်လို့ရသော ကျေးဇူးရှင် မေမေ ၊ ကျွန်မဘ၀ တိုးတက်မှု .. စိတ်ချမ်းသာမှု .. ရင့်ကျက်မှုများနှင့် ကောင်းကျိုးများကိုသာ လိုလားသော … ကျွန်မဖြစ်ချင်တာမှန်သမျှကို အမြဲကြိုးစားဖြည့်ဆည်းပေးသော ချစ်သူကိုကို။

ကိုယ့်ရဲ့ အလေးစားဆုံးသူက - ဗုဒ္ဓမြတ်စွာဘုရား။

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - ကိုကို .. ။

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - လူတိုင်းမှာ မိမိကိုယ်မိမိ နားလည်နိုင်ဆုံးပါပဲ။ မိမိမဟုတ်တဲ့ အခြားသူဆိုရင်တော့ ချစ်သူလို့ ထင်ပါတယ်။

ကိုယ့်ရဲ့ အမုန်းဆုံးသူက - သစ္စာမရှိသူ ၊ အကောက်ကြံလှည့်ဖျားတတ်သူ ၊ သူတစ်ပါးအား ချောက်တွန်းတတ်သူ ၊ အာဏာရှင်ဆန်သူ ၊ စိတ်ယုတ်မာတတ်သူ။

ရင်အခုန်ဆုံးအချိန် - ရင်ခုန်နှုန်းမြန်တာတွေက သိပ်များလွန်းတော့ မပြောတတ်တော့ဘူး။ လောလောဆယ်မှာတော့ ကိုယ်အဖြစ်ချင်ဆုံး အမှတ်ရဆုံးဖြစ်အောင် စီစဉ်နေတဲ့ မင်္ဂလာပွဲအတွက် ရင်သိပ်ခုန်ပျော်ရွှင်နေပါတယ်။

အကြောက်ဆုံးအချိန် - မိုးကြိုးတွေတအားပစ်နေချိန်။

အမှတ်တရနေ့ - သူနှင့်ကျွန်မ ချစ်သူစဖြစ်သောနေ့ ၊ လက်ထပ်ခွင့်တောင်းသောနေ့

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော အမိမြေမှာ မိမိစိတ်ကူးလေးဖြင့် တည်ဆောက်ထားသော အိမ်ကလေးဖြင့် မိသားစု ပျော်ပျော်ရွှင်ရွှင် နေရပါစေ။ ဘ၀ဆက်တိုင်း ခံစားချက်ပြင်းထန်လွန်းသော နှလုံးသားပိုင်ရှင် မဖြစ်ပါရစေနှင့်။

အချစ်ဆိုတာ - အချစ်စစ်မှန်ခဲ့ရင် အချိုမြိန်ဆုံးသော ဘ၀၏အားမာန်တစ်ခု
အမုန်းဆိုတာ - ခါးသီးပြင်းရှ
အလွမ်းဆိုတာ - အချစ်သစ်ပင်၏အကိုင်းအခက်လေးများ
သံယောဇဉ်ဆိုတာ - တွယ်နှောင်မှု
ဘ၀ဆိုတာ - စာသင်ကျောင်းတစ်ခု
သူငယ်ချင်းဆိုတာ- ဘယ်အခြေအနေမှာမဆို ကိုယ့်ကိုနားလည်အားပေးတတ်သူ
ချစ်သူဆိုတာ - မိမိနှလုံးသားကို လှပသော သံစဉ်လေးများ ရိုက်ခတ်ပေးနိုင်သူ။ တစ်ယောက်ဘ၀အတွက် တစ်ယောက် မခွဲအတူ ပြီးပြည့်စုံမှု အားမာန်အဖြစ် လက်တွဲတည်ရှိပေးနေသူ။

ကိုယ့်ကိုကိုယ် ဒီလိုထင်တယ် - Serious Girl

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - `It Is Better To Light A Small Candle Than To Curse The Darkness´ `Love Is A Journey Not A Destination´

အပြောချင်ဆုံးစကားတစ်ခွန်း - နိုးထလာတဲ့ မနက်ခင်းတွေတိုင်းမှ လောကကြီးကို နှုတ်ဆက်အနားယူလိုက်ရတဲ့ ကြယ်ပွင့်လေးတွေထွက်လာချိန်ထိ ကိုယ့်အနားမှာ ကိုယ့်ကိုချစ်မြတ်နိုးတဲ့ ချစ်သူရှိနေခြင်းက အလှပဆုံး ၊ အချိုမြိန်ဆုံးသော သံစဉ်တစ်ပုဒ်ပါပဲ။

အမှတ်တရ ရေးပေးဖို့အတွက် နောက်ထပ် TAG မယ့်အသိတွေက

၁) ကိုဗမာပြည်သား

၂) ကိုကလိုစေးထူး

၃) ယုန်ကလေး

၎) မောင်လေးထူးမြတ် တို့ပဲဖြစ်ပါတယ်။

Read More...

Thursday, September 11, 2008

စာရေးခြင်းအနုပညာ


စက်တင်ဘာ ၃ရက်နေ့နှင့် ၄ရက်နေ့ The Arts House မှာ ပြုလုပ်ကျင်းပခဲ့တဲ့ How To Write & Sell A Novel Seminar နှင့် Developing Stories And Characters For Novels, Movies And Games Seminar ကို ကျွန်မ စိတ်ဝင်စားမှုများဖြင့် တက်ရောက်ခဲ့ပါတယ်။

Australia-Asian Literary Award မှ Chairman ဖြစ်သူ ဟောင်ကောင်အခြေစိုက် စာရေးဆရာ Mr Nury Vittachi ရှင်းလင်းပြောကြားသွားခဲ့ခြင်းများထဲမှ ကျွန်မစိတ်ထဲ အမှတ်သားမိဆုံးအရာအချို့က

- ဘာသာစကားအခက်ခဲ

ကျွန်မတို့ အာရှတိုက်ကလူများဟာ အင်္ဂလိပ်စာပေကို ကျွမ်းကျင်သူထက် မကျွမ်းကျင်သူက ပိုများနေပါတယ်။ အနုပညာရှင်တစ်ယောက်လို ရေးသားဖို့ဆို ပိုခက်ခဲပါတယ်။ ဒီအချက်အလက်တစ်ခုကပဲ ကျွန်မတို့ အာရှတိုက်ကလူတွေအတွက် တွန့်ဆုတ်စရာ ဖြစ်နေခဲ့ပါတယ်။ တကယ်တော့ အနုပညာဆိုတာ စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးဖို့ပါပဲ။ ဘာသာစကားတွေ ၊ ယဉ်ကျေးမှုတွေ တူစရာ မလိုပါဘူး။ မိမိခံစားရသော ၊ ဖွဲ့တည်လိုသော အကြောင်းအရာကိုပဲ မိမိပိုင်နိုင်ကျွမ်းကျင်တဲ့ ဘာသာနဲ့ လက်ရာမြောက်အောင် ဖန်တီးဖို့ပဲ လိုအပ်ပါတယ်။ အာရှတိုက်မှာ အရည်အချင်းရှိသူတွေ ၊ ကမ္ဘာကမသိတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေ အများကြီးရှိပါတယ်။ ကုန်ကြမ်းတွေပြွတ်သိပ်နေတဲ့ ဒီအာရှတိုက်က အနုပညာဗီဇပါသူတွေဟာ ဘာသာစကားအခက်ခဲကို မေ့ထားပြီး မိမိကျွမ်းကျင်မှုဘာသာရပ်နဲ့ စိတ်ကူးစိတ်သန်းများကို အကောင်ထည်ဖော်ဖို့ Mr Vittachi က သေသေချာချာ ရှင်းလင်းအားပေးပြောကြားခဲ့ပါတယ်။


- ထုတ်ဝေသူ

စီးပွားရေးတွေချည်းပဲ အလုံးအရင်းကြည့်နေကြတဲ့ ခေတ်မှာ စာရေးသူက အနုပညာမြောက်အောင် လုပ်ပြီးချိန်မှာ ထိုအနုပညာကို တွင်တွင်ကျယ်ကျယ် ဖြန့်ဝေနိုင်ဖို့ ထုတ်ဝေသူကောင်းကောင်းလည်း လိုအပ်ပါတယ်။ ဒီအတွက် အတွေ့အကြုံရှိသော ၊ စိတ်ချယုံကြည်ရသော ထုတ်ဝေသူများနှင့်သာ စာရေးသူများ ဆက်သွယ်သင့်ပါတယ်။

- စာရေးဆရာကောင်းဖြစ်ရန် အခြေခံလိုအပ်ချက်များ

စာရေးဆရာကောင်းဖြစ်ရန် လိုအပ်ချက်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ စာဖတ်ခြင်းအလေ့ကို စွဲမြဲစေဖို့ပဲ ဖြစ်ပါတယ်။ ကမ္ဘာမှာ အောင်မြင်တဲ့ စာရေးဆရာတွေဟာ စာဖတ်ခြင်းအလေ့ကို 99% စွဲမြဲတာ မဟုတ်ပါဘူး။ သူတို့တွေဟာ စာဖတ်ခြင်းကို 100% စွဲမြဲစွာ လုပ်ကိုင်သူများဖြစ်ပါတယ်။

စာရေး ၊ စာဖတ်ခြင်းကို စိတ်ဝင်စားသူများဟာ သူတို့အတွေးထဲမှာ မြင်မြင်သမျှ ၊ သိသမျှ အကြောင်းအရာတွေကို စိတ်ကူးပေါင်းများစွာဖြင့် ပုံဖော်နေလေ့ရှိပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးက လက်တွေ့မှာ Publish လုပ်ခဲ့သည်ဖြစ်စေ ၊ မလုပ်ခဲ့သည်ဖြစ်စေ အမှန်စင်စစ် မိမိ ဘယ်လောက်အရေအတွက် ရေးခဲ့လဲ .. ရေးနေလဲဆိုတာ အရေးကြီးပါတယ်။ မိမိအတွေးထဲမှာချည်း စိတ်ကူးများဖြင့် ပုံဖော်နေပြီး လက်တွေ့ကို မရောက်ခဲ့သော သူများ ဖြစ်တတ်သည့်အတွက် လက်တွေ့ရေးသား ၊ တည်းဖြတ်ဖို့ လိုအပ်ပါတယ်။

မိမိရေးသားသော စာတစ်ပုဒ်ဟာ Internationally ၀င်ဆံ့နိုင်ဖို့အတွက် စာရေးသူမှာ လူမျိုးနှင့်နိုင်ငံတစ်ခုတည်းအတွက် မရည်ရွယ်သော ဖန်တီးနိုင်မှုစွမ်းအား ရှိရပါ့မယ်။

ဇာတ်ကောင်များရဲ့ Characters ဟာ ဖန်တီးနိုင်မှုစွမ်းအားနှင့် လက်တွေ့ဖြစ်ပျက်မှုများဖြင့် အနီးစပ်ဆုံး တည်ရှိရပါမယ်။

အချိန်နှင့်နေရာဝန်းကျင်ကို ပိုင်နိုင်ကျွမ်းကျင်စွာ ရေးဖွဲ့နိုင်ရပါမယ်။ (ဒီအကြောင်းအရာကို ပြောစဉ်မှာ စာရေးဆရာတစ်ယောက်အတွက် မိမိရေးလိုသော နေရာအချက်အလက်သတင်းတွေကို လေ့လာရှာဖွေပြီး ရေးသားနှင့် ပြည့်စုံလုံလောက်သလား ၊ ထိုနေရာမှာ အချိန်တစ်ခုတိုင် သွားရောက်လေ့လာ နေထိုင်ဖို့ လိုအပ်သလား အကြောင်းအရာကိုပါ အားလုံး ထည့်သွင်းဆွေးနွေးဖြစ်ခဲ့ကြပါတယ်)။

ဇာတ်အိမ်အမြင့်ဆုံးအချိန်ကို ရေးဖွဲ့ရပါ့မယ်။ လူတိုင်းသိလောက်ပြီးသား ၊ ထပ်တလဲလဲ အခြားသူများ ဖန်တီးခဲ့ပြီးသော အကြောင်းအရာများဟာ စာဖတ်သူများအတွက် ငြီးငွေ့ဖွယ်ဖြစ်တတ်ပါတယ်။ မိမိရေးသားသော ဇာတ်ကောင်များရဲ့ အခက်ခဲဖြစ်ပျက်ရင်ဆိုင်မှုဟာ ဇာတ်လမ်းတစ်ခုရဲ့ အထွတ်အထိပ်ဖြစ်တာမို့ ထိုနေရာအတွက် အထူးသတိပြုရေးသားရပါ့မယ်။

Crisis မပါမဖြစ် ဖန်တီးရပါ့မယ်။

ဝတ္ထုကောင်းတစ်ပုဒ်မှာ အဓိကဇာတ်ကောင်က ၅ယောက်ထက် မပိုရပါဘူး။ အများဆုံး ၅ယောက်နှင့် အနည်းဆုံး၂ယောက် ရှိရပါမယ်။

အရံလူများဟာ ရံဖန်ရံခါ မိမိဖန်တီးမှုရဲ့ စာဖတ်သူများ အဓိက စိတ်ဝင်စားသူများ ဖြစ်တတ်တဲ့အတွက် အရံလူများကို ဖန်တီးရေးဖွဲ့ရမှာလည်း သေချာဖို့ လိုအပ်ပါတယ်။ အရံဇာတ်ကောင်များ အရေအတွက်က မိမိကျွမ်းကျင်ပိုင်နိုင်သလောက် Unlimited ရေးဖွဲ့နိုင်ပါတယ်။

စာရေးခြင်းအနုပညာမှာ Formula မရှိပေမယ့် မရှိမဖြစ်ပါဝင်ရမယ့် Checklist ရှိသည့်အတွက် ထိုအချက်များကို မမေ့မလျော့ ဖန်တီးနိုင်ဖို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ကမ္ဘာမှာ အောင်မြင်ဆုံးစာရေးဆရာတွေဟာ အနောက်တိုင်းဘက်မှပဲ ပေါ်ထွက်မှုများနေတာမို့ အရည်အချင်းတွေ ငုပ်နေတဲ့ အရှေ့တိုင်းသားများအရည်အသွေးကို ပိုမိုထွက်ရှိလာစေဖို့အတွက် အရှေ့တိုင်းသားများ လိုအပ်နေတဲ့ အရာများကို Mr. Vittachi မှ ဥပမာများဖြင့် ပြောကြားခဲ့ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုပိုင်းကို အရှိန်ယူဆောင်ရွက်နေကြတဲ့ အာရှတိုက်မှ လူများဟာ မိသားစု စားဝတ်နေရေးအပါအ၀င် စီးပွားရေးများဖြင့် အချိန်ကုန်နေကြတဲ့အတွက် မိမိကို အားပေးထောက်ပံ့မည့်သူ မရှိရင် အနုပညာဖန်တီးမှုစွမ်းရည်အတွက် အချိန်သိပ်မပေးနိုင်ကြခြင်းဟာ အရှေ့တိုင်းသားများအတွက် အရည်အချင်းငုပ်နေသည့်အချက် ဖြစ်လာကြောင်း ရှင်းပြခဲ့ပါတယ်။

စင်မနာ ၂ရက်လုံးမှာ ကမ္ဘာမှာ အောင်မြင်ခဲ့တဲ့ စာအုပ်တွေအကြောင်းကို အဓိက နမူနာထားယူပြီး သင်ကြားရှင်းလင်း ၊ ဆွေးနွေးခဲ့ကြပါတယ်။ မိမိကိုယ်ပိုင်အတွေးဖြင့် ဖြစ်ပေါ်လာသော ၀တ္ထုတိုလေးတွေကို အတန်းထဲမှာပဲ ရေးသားပြီး အချင်းချင်း မျှဝေဆွေးနွေးကြပါတယ်။



ကျွန်မအတွက် ရေးမဖွဲ့နိုင်လောက်သော အသိဥာဏ်တွေကို တိုးပွားစေခဲ့တဲ့အတွက် Mr Vittachi ကို ကျေးဇူးတကယ်တင်ရှိမိပါတယ်။ မိမိစိတ်ကူးများဖြင့် ရေးသားခြင်း ၊ အပြန်အလှန်ဆွေးနွေး ငြင်းခုံကြခြင်း ၊ မိမိသိသမျှကို မျှဝေခဲ့ခြင်းများဖြင့် သင်တန်းသားအားလုံးကလည်း ရင်းနှီးနွေးထွေးခဲ့ကြပါတယ်။

ဒီစင်မနာ(၂)ရက်မှာ ကျွန်မ သတိထားဆုံးအရာကတော့ တက်ရောက်သူများဟာ မိမိနှင့်အမြင်မတူရင် Respect ပေးကြတာကို ကျွန်မ တော်တော်သတိထားမိပါတယ်။ နှိမ့်ချသောအကြည့်နှင့် မကြည့်တတ်ကြတာကိုလည်း ကျွန်မ သတိထားမိပါတယ်။ ရာထူးအလွန်ကြီး ၊ အလွန်တော်သူများကို တွေ့ရပေမယ့် မိမိကိုယ်မိမိ Proud မဖြစ်ကြတာကို ကျွန်မ တွေ့ခဲ့ရသည့်အတွက် လေးစားမိပါတယ်။ အားလုံးဟာ မိမိဘယ်သူလဲဆိုတာကို အရေးတယူ ပြောမနေကြဘဲ အနုပညာနှင့်ပတ်သတ်ခြင်းများကိုသာ လေးလေးစားစား ဆွေးနွေးကြပါတယ်။

ကျွန်မဟာ မြန်မာလူမျိုးဖြစ်သည့်အပြင် အငယ်ဆုံးဖြစ်သည့်အတွက် သူတို့တွေဟာ ပိုမိုအားပေးလက်တွဲခေါ်ကြပါတယ်။ ကျွန်မနိုင်ငံရဲ့အားနည်းချက်တွေထက် အားသာချက်တွေကိုထုတ်ပြပြီး ယနေ့ဖြစ်ပျက်မှုအခြေအနေတွေကို Policy ပိုင်းက မပြောဘဲ လူတစ်ယောက်ရဲ့ ခံစားမှုများဖြင့်သာ မျှဝေတဲ့အတွက် ကျွန်မကိုယ်တိုင် သူတို့ကို ပြန်အတုယူရပါတယ်။ မိမိအသိုင်းဝိုင်းမှ အခြားအသိုင်းဝိုင်းတစ်ခုကို ရောက်ရှိသင်ကြားချိန်မှာ ကျွန်မအတွက် စာရေး စာဖတ်အားဟာ အလွန်လိုနေသေးကြောင်း ပိုမိုသိရှိနားလည်ခဲ့ရတယ်။

ထူးထူးခြားခြား ကျွန်မ သတိထားမိတာတစ်ခုက Novels နှင့်ပတ်သတ်သော စင်မနာမှာ တစ်ဝက်ကျော်ကျော်က သြဇီလူမျိုးနှင့် အခြားအဖြူလူမျိုးတွေ ဖြစ်နေကြခြင်းပါ။ အာရှတိုက်သားတွေအတွက် အဓိက Encourage လုပ်သော စင်မနာမှာ အာရှတိုက်က လူမျိုးပေါင်းစုံကို မတွေ့ခဲ့ရပါဘူး။ ဒီစင်မနာမှာ Singaporean လူငယ် နှစ်ယောက်နှင့် Retired လူကြီးအနည်းငယ်ပဲ ပါရှိပါတယ်။

အရှေ့တိုင်းရဲ့ အနုပညာပိုင်း ပိုမိုတိုးတက်ဖွံဖြိုးမှုမှာ ကျွန်မလူမျိုးတွေကိုလည်း တတပ်တအား ပါဝင်စေချင်ပါတယ်။ မိမိရဲ့ Community မှာပဲ လူတတ်ကြီးလုပ်နေကြမယ့်အစား International မှာ ပိုမိုဝင်ဆံ့ရင့်ကျက်ဖို့ ကျွန်မကိုယ်ကျွန်မ ဆုံးမနေသလို ကျွန်မချစ်သော မြန်မာလူမျိုးများကိုလည်း ပိုမိုရင့်ကျက်တွေးခေါ်ဖန်တီးနိုင်ကြစေဖို့ ဆန္ဒပြုပါတယ်။

Read More...