Wednesday, August 29, 2007

အကြိက်ဆုံး ပို့စ် (၅) ခု TAG



မမ s-potato က (၁၁)မီးငြိမ်းအောင် tag လုပ်လိုက်တာမို့ စဉ်းစားခန်းလေး ဖွင့်ပြီး ဒီပို့စ်ကို ရေးလိုက်ရပြန်တယ် .. ။ ခေါင်းစဉ်က အကြိုက်ဆုံးပို့စ် ၅ ခုတဲ့ .. ။ အမှန်အတိုင်းပြော၇ရင်တော့ ကိုယ်ရေးထားတာမို့ အကြိုက်ဆုံးရယ်တော့ မရှိပါဘူး .. ။ ခံစားချက်အစစ်အမှန်နဲ့ ပေါက်ကွဲထွက်ထားတဲ့ ပို့စ်တွေကိုတော့ နည်းနည်းပိုသဘောကျတာပေါ့နော် … ။

၁) ပထမပို့စ်ကတော့ လွတ်လပ်ခြင်းအနုပညာ … ။

ဒီပို့စ်က ကျွန်မတို့အမိမြေမှာ မရှိတဲ့ လွတ်လပ်စွာဖန်တီးခွင့်ကို နှစ်နှစ်ကာကာ အလိုရှိတဲ့အကြောင်း ရေးထားတာပါ။ စာရေးခြင်းအပါအ၀င် အနုပညာဆိုတာ ဘောင်တစ်ခုနဲ့ သတ်မှတ်ထားလို့မရတဲ့ လွတ်လပ်စွာ ဖြန့်ကျက်ခြင်းပါ .. ။

၂ )ဒုတိယပို့စ်က I Hate CORRUPTION

ကျွန်မရဲ့ ခံစားချက်အစစ် နဲ့ ဖြစ်ချင်တာ ဖြစ်သင့်တာကို ပေါင်းရေးထားတဲ့ ပို့စ်တစ်ခုပါ .. ။

၃) တတိယပို့စ်က ကျွန်မကိုယ်ကျွန်မ မုန်းသောအချက်များ

ကိုယ့်ကိုယ်ကိုယ် ကြည့်မရဆုံး အမုန်းဆုံးအချက်တွေကို ဖွင့်ဟထားတဲ့ပို့စ်တစ်ခုပါ .. ။

၎) စတုတ္ထပို့စ်က ကြယ်တစ်စင်းရဲ့အလင်းရောင်

ဒီပို့စ်ကတော့ ကျွန်မဘ၀ရဲ့အလင်းရောင်တစ်ခုအကြောင်းရေးထားတဲ့ ပို့စ်လေးတစ်ခုပါ .. ။

၅) နောက်ဆုံးပို့စ်ကတော့ Double Taxation Avoidance 2

ကျွန်မအပါအ၀င် စင်္ကာပူရောက်မြန်မာနိုင်ငံသားတွေ မတရားခံစားနေရတဲ့ အခွန်နဲ့ ရင်ထဲက စကားသံအချို့ကို ဖော်ပြထားတဲ့ ပို့စ်ပါ .. ။

ဒီလက်ရွေးစင်၅ခုပါပဲ .. ။ ကိုးန၀င်းကျေအောင် ထပ်ပြီး Tag လုပ်ခံရမယ့် မိတ်ဆွေဦးတွေက

၁) မခင်မင်းဇော်

၂) ခင်မင်တတ်တဲ့ ကိုဇင်ကိုလတ်

၃) မမ မယ်လိုဒီမောင်

၎) မမခွန်မြလှိုင်

၅) မမပန်ဒိုရာ

၆) စည်းအပြင်က ကိုဖြိုး

၇) သိုးမလေး

၈) ကိုနေသစ်မှုး

၉) ကိုမျက်လုံး တို့ပဲ ဖြစ်ပါတယ် ………………. ။

Read More...

ဟင်းချက်ခြင်းအတတ်ပညာ



လူတွေကြားလျင် ရီမှာလား ကျွန်မ မပြောတတ်ပါ .. ။ ခြင်္သေ့ကျွန်းရောက်သောသူတော်တော်များများ ဒီနိုင်ငံ ပုံစံလေးတွေ ဖြစ်သွားချိန် ကျွန်မက ကျွန်မ နှစ်သက်သော မိန်းကလေးပုံစံ မပျောက်ခဲ့ … ။ ဒါပေမယ့် အိမ်အလုပ်များကို တစ်ယောက်တည်း ဒိုင်ခံလုပ်ရသော ကျွန်မ ဟင်းကောင်းကောင်းမချက်တတ်ပါ .. ။ နည်းနည်းပါးပါး ကြော်လှော်တာ ၊ အသုပ်နည်းနည်းပါးပါး သုပ်တတ်တာကလွဲ ကျွန်မ သေချာ ဟင်းမချက်တတ်ပါ .. ။

အမှန်အတိုင်းပြောရလျင် ကျွန်မ စိတ်မ၀င်စားတာပါ .. ။ အိမ်သန့်ရှင်းရေး ၊ အိမ်အလှဆင်ခြင်း ၊ အ၀တ်များ သိမ်းဆည်းခြင်း ၊ မီးပူတိုက်ခြင်း ၊ ဆေးကြောခြင်းသာ ကျွန်မ လုပ်လေ့ရှိပြီး ဟင်းတော့ တစ်ခါမှ တစ်ယောက်တည်း မချက်ဖူး .. ။ ကျွန်မကိုယ်တိုင်က အစားအသောက် သိပ်မမက်တာကြောင့်လဲ ဟင်းသေချာချက်စားဖို့ စိတ်မ၀င်စားခဲ့ .. ။ အမေကို ၀ိုင်းကူညီတာနှင့် အဒေါ်တွေကို ၀ိုင်းကူညီတာကလွဲ တစ်ခါမှလည်း ဟင်းချက်ဖို့ စိတ်မ၀င်စားခဲ့သလို အမေတွေ အဒေါ်တွေကလဲ တစ်ခါမှ မချက်ခိုင်းခဲ့ .. ။ ကျွန်မကလည်း အမြဲတမ်း ကျွန်မအလုပ်တွေနဲ့ မအားလပ်အောင် ရှုပ်နေတာမို့ ထိုကိစ္စကို ခေါင်းထဲ မရောက်ခဲ့ .. အဓိကအကြောင်းရင်းက ကျွန်မ မိဘတွေ ၊ ဆွေမျိုးတွေနဲ့ ဝေးတဲ့နေရာမှာ မနေဖူးသေးတာမို့ ဒါတွေ မလုပ်တတ်တာလဲ ဖြစ်မှာပါ .. ။





ကျောင်းတက် ၊ စာရေး ၊ စာဖတ် ၊ အလှပရေးရာနှင့် အိမ်အလုပ်အချို့လုပ်ခြင်းဖြင့် ကျွန်မ၏ ၂၄နာရီ ကုန်ဆုံးစမြဲ။ အခုတော့ ကျွန်မကိုယ်တိုင် ဟင်းချက်ချင်လာသည်… ။ ခက်တာ တစ်သက်လုံး ဟင်းချက်သောကိစ္စနှင့်ပတ်သတ် ကျွန်မ အိမ်မှာလဲ စကားမစပ်ဖူးသလို ကျွန်မ စိတ်မ၀င်စားတာကို အားလုံးအသိ .. ။ ယခုမှ ဟင်းဝိုင်းချက်လာသော ကျွန်မကို အထူးအဆန်းသဖွယ် ကြည့်လာသည် .. ။ ထည့်ရသော ပစ္စည်းပမာဏ ၊ ကြာချိန်ကအစ အသေးစိပ် မေးမြန်းလာသော ကျွန်မကို အားလုံးက ထူးဆန်းစွာကြည့်ချိန်မှာ ရှက်လဲရှက်မိပါသည် ။

ဟင်းအိုးရှေ့မှာ ဟိုထည့် ဒီထည့်လုပ်ရင်း လျှောက်စမ်းကာ တစ်ယောက်တည်း ကိုယ့်ဘာသာကိုယ် စမ်းစားရင်း တစ်ခုမှလဲ စားလို့အဆင်မပြေတာ တွေ့ရချိန် လက်မှိုင်ချမိသည် .. ။ စာရေးသော အနုပညာကိုတော့ စိတ်ဝင်စားပေမယ့် ဟင်းချက်တာလဲ ကိုယ့်စိတ်ကူးလေးနဲ့ ဆက်စပ်ပြီး လုပ်ရတဲ့ အနုပညာတစ်ခုပါပဲလို့ ကိုယ့်ကိုယ်ကိုယ် အားပေးပြီး ကိုယ်တိုင်ပဲ ဆရာလုပ် ကိုယ်ပဲ တပည့်ခံပြီး လုပ်နေပေမယ့် အခုထိ အဆင်မပြေသေး .. ။ စိတ်ကုန်သည် … တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် စိတ်ကုန်သည် .. ။

အရသာတွေလွန်တာကလွန် ၊ မရှိတာက မရှိ ၊ ရေလုံပြုတ်ဖြစ်သွားတာက ဖြစ်နဲ့ အမလေးနော် တစ်ခါမှ အဲဒါတွေ မကြုံဖူးဘူး … ။ တစ်နေ့တစ်နေ့ ကျောင်းတက်လိုက် …. စာအုပ်တွေပဲ ထိုင်ဖတ်လိုက် … ကိုယ့်ကိုယ်ကိုယ် သေချာလှအောင်ပြင်လိုက် .. အလှပရေးရာမဂ္ဂဇင်းတွေဖတ်လိုက် .. ဘလော့ခ်ဖတ် ရေး … သူငယ်ချင်းတွေနဲ့ စကားပြော .. ဒါချည်း လုံးလည်ချာလည်လိုက်နေတာ အခုမှ အသစ်အဆန်းတစ်ခုနဲ့ ကမောက်ကမ တကယ်ဖြစ်နေပါတယ် …. ။





ဟင်းချက်နည်းစာအုပ်တွေတော့ ၀ယ်လာပြီး စမ်းတော့စမ်းနေတာပဲ .. ။ လက်ကတော့ မတည့်သေးဘူး .. ။ သူငယ်ချင်းတွေကို မေးမြန်းပြီး သင်ရအောင်လဲ သူတို့က ကိုယ့်ထက် ပိုဆိုးသေး .. ။ မသိတဲ့သူတွေနဲ့ မတတ်တဲ့သူပေါင်းပြီး ချက်ရင်တော့ ပွဲသိမ်းတော့မယ် .. ။ ကျွန်မ မိဘတွေကတော့ ကျွန်မကို ကလေးလိုပဲ သဘောထားတော့ ဒါတွေသင်ပေးပါပြောလို့ကလဲ မကောင်း .. ။ ပြောရင်လဲ သင်ပေးမှာလဲ မဟုတ် .. ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ။

ဒါတွေ ကြုံနေတော့ ကျွန်မ ဟိုးတစ်ချိန်က ရေးခဲ့တဲ့ “ကျွန်မကိုယ်ကျွန်မ မုန်းသောအချက်များ” ပို့စ်ထဲမှာ “ဟင်းမချက်တတ်သော ကျွန်မကိုယ်ကျွန်မ မုန်းမိပါသည်”ဟု ထည့်သွင်းရမည့် အလားအလာကိုသာ မြင်ယောင်နေမိပါတော့သည် … ။




Read More...

Sunday, August 26, 2007

မြက်ရိုင်းကြားကပန်းတစ်ပွင့်


မြက်ရိုင်းကြားကပန်းတစ်ပွင့်


နှင်းမှုန်ကြားရဲ့မနက်ခင်း

သွေးသံရဲရဲနှစ်တစ်ခုထဲ

အမိရဲ့မွေးဖွားသန့်စင်မှုကြား

လူ့လောကထဲစတင်ဝင်ရောက်လာ

ငယ်စဉ်ကတည်းက

စေတနာနဲ့ယုံကြည်ချက်တစ်ခုကိုလွှင့်တင်

ဝါသနာတစ်ခုနဲ့သာ

ဒီနေ့အထိ (ငါ) တည်ရှိနေခဲ့တာပါ .. ။


ထားရှိခဲ့တဲ့စေတနာတွေ

ဘ၀ရဲ့သူငယ်ချင်းဆိုတာတွေက

အကြိမ်ကြိမ်နောက်ကျောထိုး

ခါးသီးတဲ့ဆင်းရဲမှုကြားလဲ

ငါကြံ့ကြံ့ခံခဲ့ဖူးပါတယ် .. ။


စေတနာတွေသဲထဲရေသွန်သလို

ရင်ထဲရှိတာဆုံးဖြတ်တိုင်းလည်း

အမြဲအပြစ်တင်ခံရတာတွေများလွန်းလို့

“ငါးဖယ်”ဆိုတဲ့ဘွဲ့တစ်ခု

ငါဦးထိပ်ဆင်နိုင်ခဲ့ပါပြီ .. ။


ငါသိပါတယ်

ငါလုံးဝအသုံးမကျတာ ..

ငါသိပါတယ်

ငါငတုံးဆိုတာ …

ငါသိပါတယ်

ရင့်ကျက်တယ်လို့လူတွေပြောပေမယ့်

ငါမရင့်ကျက်နိုင်သေးတာ .. ။


တော်ဝင်သဇင်လဲမဟုတ်

မြင့်မြတ်တဲ့နှင်းဆီလဲမဟုတ်

တကယ်ဆို .. ငါက

မုန်တိုင်းထန်တဲ့လွင်ပြင်ထဲ

ကြိုးစားထိုးထွက်နေတဲ့

မြက်ရိုင်းကြားက ပန်းတစ်ပွင့်ပါ ..။


သန့်စင်သောစေတနာ

ကိုးကွယ်သော မာန

ငါယုံကြည်ရာငါလျှောက်လှမ်း

စေတနာတွေလှိုက်လှိုက်မွေးခဲ့ပေမယ့်

တစ်ဘို့တည်းကြည့်တတ်ကြသူတွေက

စေတနာတွေအသိမှတ်မပြု

ရင်ကိုတူးဆွကြလွန်းလို့

ပန်းနဲ့ပေါက်ရင်တောင်

ရင်တစ်ခုလုံး နာချင်လာတယ် .. ။


ဗုဒ္ဓရဲ့အဆုံးအမတွေအောက်

ငါမကျင့်ကြံနိုင်သေးလို့

သဲထဲရေသွန်သလို

ခဏခဏလဲပြိုတဲ့စေတနာတွေအတွက်

ရင်တစ်ခုလုံးဒဏ်ရာတွေပြည့်ခဲ့ပေမယ့်

ခဏခဏလာမစော်ကားနဲ့

မြက်ရိုင်းကြားကပန်းတစ်ပွင့်မှာ

မဟုတ်မခံ မာနဆူးတွေတော့ ကိန်းဝပ်နေတယ် .. ။


လင်းလက်ကြယ်စင်

Read More...

ရင်ထဲကစေတနာ

စနေနေ့မနက် လမ်းလျှောက်ပွဲအတွက် သူငယ်ချင်းတစ်ယောက်ဆီက လက်ခံရရှိတဲ့သတင်းတစ်ခုကို အားလုံးကို ဖြန့်ပေးလိုက်ခဲ့တယ်။ သတင်းဆိုတာ တကယ်မှန်ကန်ရင် လက်ဆင့်ကမ်းတတ်ကြတာ ဒါအမြဲပါပဲ .. ။ ဒါ မထူးဆန်းပါဘူး .. ။ ဒီလမ်းလျှောက်ပွဲမှာ ခေါင်းဆောင်မရှိဘူး .. ။ ငယ်သားမရှိဘူး . ။ စိတ်ပါဝင်စားသူ လိုက်ခဲ့ကြပါဆိုပြီး ဖိတ်ခေါ်ကြတယ်. .။ အဲဒီအတွက် ကျွန်မကိုယ်တိုင်လဲ မိတ်ဆွေတွေနဲ့ ထိပ်ဆုံးက ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တယ် .. ။ မနက်ခင်းတစ်ပွဲ ညနေခင်းတစ်ပွဲမှာ ညနေခင်းအတွက် သွားဖို့ ဆုံးဖြတ်လိုက်တယ်။ သွားနေချိန်မှာ ကျွန်မ လမ်းပေါ်ရောက်ပြီး လမ်းတစ်ဝက်မှ ပါစင်နယ်အကြောင်းတစ်ခု ပေါ်လာတယ် . ။ အဲဒီအတွက် အဖြူရောင်ကြီးဝတ်ပြီး အော့ချပ်ပေါ်တော့ မရောက်ခဲ့ပေမယ့် ကျွန်မကိစ္စတွေနဲ့ တစ်နေကုန် အလုပ်ရှု့ပ်သွားခဲ့တယ် … ။ အဲဒီအတွက် ရလဒ်တွေက ဘာလဲ

“ကျွန်မ သတ္တိမရှိဘူးတဲ့“

“ကျွန်မ ငကြောက်”တဲ့။

အချို့က မေးလ်နဲ့ဆဲတယ် .. ။ အချို့က ဖုန်းလှမ်းဆက်ပြောတယ် .. ။ အချို့က ဘလော့ခ်မှာ အော်တယ် … ။ အဲဒီလူတွေကို မေးချင်တယ် .. ။ သတ္တိဆိုတာဘာလဲ … ။ ဘာကို သတ္တိလို့ခေါ်တာလဲ … ။ လူ့ဘ၀မှာ အကြောင်းကိစ္စတွေ အမျိုးမျိုးရှိတတ်ကြတယ် .. ။ အဓိကက မိမိရဲ့စေတနာ သန့်စင်မွန်မြတ်ဖို့ပဲ .. ။ စနေမနက်မှာ ကျွန်မနဲ့အတူလျှောက်ဖို့ ချိန်းထားတဲ့ လူတွေ ကျွန်မစိတ်ဓါတ်ကိုသိတယ် . .။ အားတက်သရော ကျွန်မလုပ်နေတာတွေကို အကြောင်းစုံသိတဲ့ ကျွန်မကိုချစ်သူတွေ နားလည်တယ် . ။ အစပိုင်းက ကျွန်မ တအားခံစားသွားရတယ် .. ။ ဒါပေမယ့် ကျွန်မကို တိုက်ခိုက်သူတွေကို ကျွန်မ ရန်ပြန်မဖြစ်ချင်ပါဘူး .. ။

“မိမိလုပ်ပြီး သူများက အကြောင်းတစ်ခုကြောင့် ပျက်ကွက်ခဲ့တာနဲ့ နှစ်ပြားမတန်အောင် ပြောကြေးလား”။

မကျေနပ်ရင် face to face လာပြောလို့ရတယ် . .။ ကျွန်မက သူများလို မပုန်းတတ်ဘူး .. ။ ကျွန်မ ဘယ်သူဘယ်ဝါလဲ နအဖ လက်ပါးစေတွေကအစ ဒီမိုကရေစီအရေး စိတ်ပါဝင်စားသူတွေအဆုံး သိကြတယ်။ ကျွန်မဘယ်သူဘယ်ဝါလဲ မလျိုထားဘူး .. ။

ကျွန်မ ဘလော့ခ်ရေးနေတာ ၊ မြန်မာနိုင်ငံအတွက် စေတနာအပြည့်နဲ့ တတ်နိုင်တဲ့နေရာတွေမှာ ပါဝင်နေတာ လူတွေ လေးစားဖို့လည်း မဟုတ်ဘူး .. ။ အပေါင်းအသင်း ပိုဝင်ဆံ့အောင်လည်း မဟုတ်ဘူး .. ။ လင်းလက်ကြယ်စင်ဆိုတာ ဖြစ်လာဖို့လည်း မဟုတ်ဘူး . .။ ဒါတွေက ကျွန်မ ဘ၀မှာ မရှိမဖြစ် လိုအပ်တာတွေ မဟုတ်ဘူး ။ ကျွန်မ စိတ်ထဲယုံကြည်ရာကို တစ်ယောက်တည်း လိပ်ပြာသန့်သန့် စေတနာသန့်သန့်နဲ့ လှမ်းနေတာပဲ ရှိတယ် .. ။ အဲဒီအတွက် ဘယ်သူပဲ အကောင်းပဲပြောပြော အဆိုးပဲပြောပြော ကျွန်မ ဘာမှမဖြစ်သွားဘူး .. ။ လူတွေ ကျေနပ်တာ မကျေနပ်တာ ကျွန်မ ဂရုမစိုက်ဘူး။ မိမိလိပ်ပြာမိမိလုံဖို့ ၊ မိမိစေတနာက မွန်မြတ်သန့်စင်နေဖို့ပဲ ကျွန်မ အဓိက ဦးတည်ထားတယ်။ သူတစ်ပါးရဲ့ စိတ်ကျေနပ်ဖို့ ၊ သူတစ်ပါးတွေ အကောင်းမြင်ဖို့ ကျွန်မ လူဖြစ်လာတာ မဟုတ်ဘူး။ ကိုယ်ယုံကြည်ရာကို အတ္တကင်းကင်းနဲ့ စေတနာအပြည့်လုပ်ပေးဖို့အတွက်ပဲ ကျွန်မ လူဖြစ်လာတာ။ တစ်ယောက်တည်းပဲ စေတနာအပြည့်နဲ့ ယုံကြည်ရာကို လှမ်းရဲတဲ့ သတ္တိအပြည့်မွေးထားပါတယ် ။ ဒီလိုမဟုတ်ရင် ကျွန်မ ဘယ်သူလဲ ဘယ်သူမှတောင်သိမှာမဟုတ်ဘူး။

စိတ်ပါဝင်စားသူပါဝင်ဖို့ လက်ဆင့်ကမ်း သတင်းပေးလိုက်တာပဲရှိတယ် … ။ ဒီကိစ္စကို စတင်ဦးဆောင်သူတွေရဲ့ လုံခြုံရေးကို ကျွန်မ နားလည်လို့ စတင်အကြံရသူဘယ်သူဘယ်ဝါတွေလဲ ကျွန်မ မဖော်ထုတ်တာပဲ ရှိတယ်။ သူများရဲ့ ကိုယ်ရေးကိုယ်တာတွေကို ကျွန်မနားလည်တယ် .. ။ မလိုအပ်တဲ့ နေရာတွေ ကျွန်မ စကားမများချင်ဘူး။

တစ်ခုပဲ ကျွန်မ မေးချင်တယ် ။ “မြန်မာနိုင်ငံကို တကယ်တိုးတက်စေချင်တာလား ။ လူတတ်ကြီးလုပ်ဖို့ အားသန်နေတာလား ။ သူများကို လက်ညိုးထောက်ဖို့ ဒါတွေလှုပ်၇ှားနေတာလား”

ကျွန်မက တာဝန်ခံခေါင်းဆောင်မဟုတ်ပေမယ့် လူတွေက ကျွန်မကိုပဲ သိကြတော့ မေးကြတယ်။ ကျွန်မ ရှင်းပြတယ်။ ဒါကို နားလည်သဘောပေါက်သူတွေချည်းပါပဲ .. ။ ဒါပေမယ့် အချို့ကတော့ သိပ်မိုက်ရိုင်းကြတယ်။

လမ်းလျှောက်ပွဲအတွက် လာသူတွေအားလုံးကို ကျွန်မ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ လေးစားမိပါတယ်။ ကျွန်မ ပျက်ကွက်ခဲ့တဲ့အတွက် ကျွန်မမိတ်ဆွေများကိုတော့ အများကြီးဆောရီးပါပဲရှင် .. ။ အတ္တတွေနဲ့ ကျွန်မကို လာတိုက်ခိုက်သူတွေကိုတော့ အော့နှလုံးတကယ်နာပါတယ်။ နာမည်ရဖို့ သွားနေတာလား ၊ ငါလုပ်ပြီး သူများကျ မလုပ်ဘူးဆိုပြီး ပြိုင်နေတာလား ။ ပြိုင်ရအောင် ဒါ ပြိုင်ပွဲမှ မဟုတ်တာ ။

အယူအဆတွေအဲလိုမကွဲချင်လို့ ၊ စကားမများချင်လို့ သည်းခံခဲ့ပေမယ့် ရင်ထဲမှာတော့ တကယ်နာပါတယ်။




Read More...

Saturday, August 25, 2007

ခြင်္သေ့ကျွန်းမှ ခြေလှမ်းများ



လေးစားရပါသော စင်္ကာပူရောက် ရွှေမြန်မာများ
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသော ဆီဈေးတက်မှု အခက်ခဲကျပ်တည်းမှုများကြောင့် မြန်မာပြည်သူလူထုက ရန်ကုန်တွင် ဆန္ဒပြနေကြပါသည်။
ထိုပြည်သူလူထုကို ယုတ်မာရိုင်းစိုင်းသော စစ်အာဏာရှင်အစိုးရ လက်ပါးစေများက ရက်စက်ကြမ်းကြုတ်စွာ ရိုက်နှက်ခြင်း ၊ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည်။ ကမ္ဘာပျက်သလို ဖြစ်နေရသော ကြမ်းကြုတ်မှုများကို ဥပဒေမဲ့စွာ ခံနေရသော မြန်မာပြည်သူလူထုအား ကိုယ်ချင်းစာ ထောက်ခံသောအားဖြင့် စင်္ကာပူရောက် ရွှေမြန်မာများက လမ်းလျှောက်ခြင်းဖြင့် ထောက်ခံအားပေးမှုများ ပြုလုပ်သင့်ပါသည်။
စင်္ကာပူ ဥပဒေအရ ၅ယောက်ထက် လူပိုစုမရပါ .. ။ ထိုဥပဒေကို မငြိစွန်းစေရန်အတွက် ရွှေမြန်မာများမှ အကျီအဖြူရောင် အားလုံး ဆင်တူဝတ်ဆင်ထားကြပြီး ၄ယောက်တစ်ဖွဲ့စီ ခွဲလျှောက်ကြမည် .. ။ Orchard Road MRT မှတစ်ဆင့် City Hall အထိ လမ်းလျှောက်ကြမည် .. ။
စနေနေ့ ( ၂၅ ၊ ၀၈ ၊ ၂၀၀ရ ) မနက် ၁၀နာရီတိတိတွင် Orchard MRT နားမှ စပြီး လျှောက်ကြမည်။ မနက် ၉နာရီ ၄၅မိနစ်တိတိတွင် Orchard MRT သို့အရောက်လာပေးကြပါရန် မေတ္တာရပ်ခံပါသည် .. ။ Orchard MRT ၊ Control Station အနားတွင် လမ်းလျှောက်မည့် အဖွဲ့ဝင်များ စုရပ်နေကြမည် .. ။ ထိုလူများမှ အဖွဲ့ဝင်များခွဲပြီး လျှောက်ကြမည်။
လိုက်ပါမည့်သူများ အကျီအဖြူရောင်ဝတ်ဆင်ထားပေးပါရန် နှိုးဆော်ပါသည်။
မြန်မာပြည်ရှိအခက်ခဲအကျပ်အတည်းများ လွတ်မြောက်ရေးအတွက် အားပေးထောက်ခံသူများ

Read More...

ခြင်္သေ့ကျွန်းမှ မြန်မာကျောင်းသားများ၏ကြိုးပမ်းမှု


၂၄ရက်နေ့ ညနေပိုင်းက စင်္ကာပူ မြန်မာသံရုံးရှေ့မှာ မြန်မာလူငယ်အချို့ ဆန္ဒပြခဲ့ကြတဲ့ ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။ စင်္ကာပူေ၇ာက်မြန်မာလူငယ်ကျောင်းသားများက မြန်မာပြည်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့လမ်းလျှောက်အဖွဲ့ဝင်များကို ထောက်ခံအားပေးတာကြောင့် ယခုလိုမျိုး လုပ်ဆောင်ကြတာပါ။ တကယ်တော့ စင်္ကာပူနိုင်ငံ ဥပဒေအရ ဆန္ဒပြခွင့်မရှိပါဘူး .. ။ လူ၅ယောက်ထက်လဲ ပိုပြီးစုလို့ မရပါဘူး .. ။ အဲဒါကြောင့် မြန်မာသံရုံးက ရဲကိုခေါ်ပြီး အကြောင်းကြားလိုက်တဲ့အခါမှာ ရဲတွေရောက်လာပါတယ်။ အကြောင်းအရာများကို မေးမြန်းပြီး ဆန္ဒပြခွင့်မရှိကြောင်းနဲ့ မြန်မာလူငယ်များကို အတင်းပြန်နှင်ထုတ်ခဲ့ပါတယ်။

ရသလိုအနေအထားကြားက ရသလိုလုပ်ဆောင်သွားတဲ့ စင်္ကာပူရောက်မြန်မာကျောင်းသားများကို လေးစားမိပါတယ်။ ဒါမျိုးလုပ်တယ်ဆိုတာ ဒီမှာ သိပ်အန္တရာယ်များပါတယ် .. ။

ဒါက မြန်မာသံရုံးကိုဝင်တဲ့ လမ်းအ၀င်ဝပုံပါ


ငြိမ်းချမ်းစွာဆန္ဒပြမယ့် မြန်မာလူငယ်အချို့ပါ


ရဲကားတွေရောက်လာပြီး အခြေအနေကို လာစစ်ဆေးချိန်


လမ်းအ၀င်ဝမှာ ရဲအချို့ စောင့်ကြည့်နေပြီး အဖြူရောင်ဝတ်ဆင်ကာ လာရောက်သော မြန်မာများကို စစ်ဆေးမေးမြန်းနေခြင်းများ

Read More...

Tuesday, August 21, 2007

ကြေညာချက် အမှတ်(၁)


ကြေညာချက် အမှတ်(၁)
၂၀၀၇ ခုနှစ် သြဂုတ်လ (၁၉)ရက်


၁။ စစ်အာဏာရှင်အုပ်စုနှင့် ဆွေမျိုးအသိုင်းအ၀န်းများ၊ ၄င်းတို့၏ ခါးပိုက်ဆောင် ခေတ်ပျက်သူဌေးစာရင်းဝင် အခွင့်ထူးခံလုပ်ငန်းရှင်များ၊ ကန်ထရိုက်တာများ၊ ပါမစ်တောင်းစားနေသူများ၊ ဘယ်သူသေသေငတေမာပြီးရော ဆိုသည့် ကိုယ်ကျိုးရှာ စီးပွားရေးသမားများမှ အပ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးသည် ယနေ့ချိန်ခါတွင်

အထွေထွေ ကုန်ဈေးနှုန်း ကြီးမြင့်မှုအပါအ၀င် စားဝတ်နေရေးဆိုင်ရာအထွေထွေ ဆင်းရဲမွဲတေမှုအပေါင်းနှင့် အငတ်ဘေးကိုရင်ဆိုင်နေကြရပါသည်။


၂။ ထို့ကြောင့် အငတ်ဘေးရင်ဆိုင်နေကြရသော အခြေခံလူတန်းစားအလွှာမှ ရဟန်းရှင်လူပြည်သူများ၊

ဝန်ထမ်းများ၊ ကျောင်းသားလူငယ်များသည် မိမိတို့ ကြုံတွေ့ခံစားနေကြရသော လူမှုဆင်းရဲဒုက္ခအပေါင်းကို အကြမ်းမဖက်သော လူထုလှုပ်ရှားမှုအသွင်ဖြင့် ရသင့်ရထိုက်သော၊ ခံစားသင့်ခံစားထိုက်သော အခွင့်အရေးများကို ငြိမ်းချမ်းစွာတောင်းဆိုရန်အတွက် ၂၀၀၇ ခုနှစ် သြဂုတ်လ (၂၃)ရက်နေ့ နေ့လည်(၁)နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် အငတ်ဘေးလွတ်မြောက်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမကြီးကို အောက်ပါ အစီအစဉ်များအတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

(က) နေ့လည် (၁)နာရီ တိတိတွင် လူထုလှုပ်ရှားမှုအခမ်းအနား စတင်ကြောင်းကြေညာခြင်း၊

(ခ ) နိုင်ငံတော်အလံအား အလေးပြုခြင်း၊

(ဂ) ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုခြင်း၊

(ဃ) ဒီမိုကရေစီနှင့်လူ့အခွင့်အရေးလှုပ်ရှားမှုအတွက် အသက်ပေးသွားသူများကို (၁)မိနစ် ငြိမ်သက် ဦးညွှတ်ခြင်း၊

(င) ပြည်သူ့အချစ်တော် သရုပ်ဆောင်ဒါရိုက်တာ တစ်ဦးမှ လွမ်းရေးထက်ဝမ်းရေးခက်၊ ၀မ်းရေးထက် ပြည်ထဲရေးခက် ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ (၁၅-မိနစ်)

(စ) ၀ါရင့် သတင်းစာဆရာဟောင်းတစ်ဦး မှ မြန်မာနိုင်ငံ. ဈေးကွက်စီးပွားရေးအရှုပ်တော်ပုံ
ဇာတ်လမ်းစုံ ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ (၁၅-မိနစ်)

(ဆ) ရဟန်းတော်တစ်ပါး မှ အူမတောင့်ခြင်းနှင့်သီလစောင့်ခြင်း ခေါင်းစဉ်ဖြင့် ဟောကြားခြင်း၊ (၁၀-မိနစ်)


(ဇ ) အိမ်ရှင်မတစ်ဦး၏ ကူးစက်မြန် ကုန်ဈေးနှုန်းတုပ်ကွေး ဗိုင်းရပ်စ်ပိုး ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ (၁၀-မိနစ်)

(ဈ ) ကျောင်းသားလူငယ်တစ်ဦး မှ မတူညီသောမုန့်ဖိုးများ ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ (၁၀-မိနစ်)

(ည) တက်ရောက်လာသော ပြည်သူလူထုထဲမှ ရင်ဖွင့်လိုသူ(၃)ဦး. ဟောပြောချက်များ၊ (၁၀-မိနစ်စီ)

အထူးအစီအစဉ်

အထူးဖိတ်ကြားထားသူ (၃)ဦး. ဟောပြာချက်များ၊( မိနစ်-၂၀ စီ)၊
အခမ်းအနားကို ကမ္ဘာမကြေသီချင်း သံပြိုင်ဆို၍ ရုပ်သိမ်းမည်၊

၃။ အခမ်းအနားသို့ တက်ရောက်ကြမည့် ပြည်သူလူထုကြီးအနေဖြင့် အကျီင်္အဖြူရောင်များ ၀တ်ဆင်လာကြပါရန် မေတ္တာရပ်ခံ နှိုးဆော်အပ်ပါသည်။

လေးစားရပါသော (၈၈)မျိုးဆက် ကျောင်းသားရဲဘော်တို့ခင်ဗျား
ကျနော်တို့ တက်နိုင်စွမ်းရှိသလောက် လူထုပါလာအောင် လုပ်ဆောင်နေတာပါ။ ရဲဘော်တို့နောက်မှာ မားမားမတ်မတ်ရှိနေပါတယ်။ အဲဒီနေ့မှာ မပျက်မကွက်ကျရောက်ပြီး လူထုကို ဟောပြောပေးဖို့ လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်ခင်ဗျား။
အငတ်ဘေးလွတ်မြောက်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှု ကော်မတီ

Read More...

Sunday, August 19, 2007

ပြန်လာပါပြီရှင်

™ Cuteberries.com - Cartoon Dolls, Cute Disney Graphics, Saniro Graphics, Myspace Pictures, Myspace Codes, Myspace Layouts, Myspace goodies, Myspace stuff and more ! ™

အားလုံး တစ်ဖန်ပြန်လည် မင်္ဂလာပါရှင် .. ။ ကျွန်မ နေမကောင်းဖြစ်စဉ် ဆုတောင်းပေးကြသော ၊ အလည်လာရောက်ကြသော မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိမိပါတယ် .. ။ မြန်မာဘလော့ခ်တွေလည်း မမှတ်မိတော့အောင် များလာလို့ သွားရင်း မိုးတောင်လင်းပါတော့မယ် .. ။ လက်လှမ်းမှီသလောက်တော့ အချိန်ရသလောက် လျှောက်ဖတ်ဖြစ်တာမို့ အချို့မောင်နှမ မိတ်ဆွေဘလောခ့်တွေ တော်တော်နဲ့ မရောက်ဖြစ်ခဲ့ရင် နားလည်ပေးဖို့ အနူးအညွတ်တောင်းဆိုချင်ပါတယ်ရှင် .. ။

ကျွန်မအတွက် ဒီဘလော့ခ်လေးက တန်ဖိုးမဖြတ်နိုင်တဲ့ ကျွန်မရဲ့ ခံစားမှုမှတ်တမ်းရတနာလေး တစ်ခုပါ .. ။ တကယ်တော့ နိုင်ငံရေးဆိုတာကို ကော်ဖီတစ်ခွက်သောက်သလောက် ကျွန်မ နားမလည်ပါဘူး။ ဖြစ်ပျက်နေတဲ့ အခြေအနေတွေပေါ်မှာ သာမန်ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ ရင်ထဲမှာရှိတဲ့ ခံစားချက်တွေကို ဖွင့်ဟနေခြင်း ၊ အတွေးအမြင်များကို လွတ်လပ်စွာ ဖော်ကျူးနေခြင်းသာ ဖြစ်ပါတယ် ။

စစ်အစိုးရရဲ့ လက်ပါးစေတွေနှင့်အပြိုင် စကားလုံးတွေနဲ့ မပစ်ပေါက်ချင်ပါဘူး ။ တရုပ်နိုင်ငံ ၊ အမေရိကန် နိုင်ငံ ကောင်းကျိုး ဆိုးကျိုးတွေကိုလဲ အပြိုင်မပြောချင်ပါဘူး .. ။ နိုင်ငံရေးသမားတွေရဲ့ အားနည်းချက် ၊ ပျော့ကွက်တွေကို လက်ညိုးငေါက်ငေါက်ထိုးလာချိန်မှာ စစ်အစိုးရရဲ့ဘေးမှာ ကပ်ဖားယက်ဖားလုပ်နေတာတွေကိုလဲ ပြန်မထောက်ချင်ပါဘူး .. ။ အာဏာရှင်ရဲ့ လက်အောက်ငယ်သားတွေ ပြိုင်ဖက်ကင်းအောင် မိုက်ရိုင်းနေချိန်မှာ ဘယ်သူမှားတယ် မှန်တယ် ပြိုင်မကိုက်ချင်ပါဘူး .. ။ သာမန်ပြည်သူတစ်ယောက်ဖြစ်တဲ့ ကျွန်မက ဒါတွေထက် ပုံမှန်လာမယ့် လျှပ်စစ်မီး ၊ ပုံမှန်အချိန်မှန်ရရှိမယ့် ရေ ၊ အဆင့်မှီ ပညာရေး ၊ ပြည်သူတွေရဲ့ စီးပွားရေးတိုးတက်ခြင်း ၊ လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့် ၊ လွတ်လပ်သော အနုပညာ ၊ တရားမျှတသော ဥပဒေ အစရှိတာတွေကိုပဲ အလိုရှိပါတယ်ရှင် .. ။

Read More...

Thursday, August 09, 2007

I'm sick



ကျွန်မ စိတ်ရော လူရော တော်တော်လေး နေမကောင်းဖြစ်နေပါသဖြင့် စာရေးခြင်း ၊ မေးလ်စစ်ခြင်း ၊ အွန်လိုင်းနှင့် ပတ်သတ်သော ကိစ္စအားလုံးကို ခေတ္တရပ်တန့်ထားပါမယ် .. ။ ဒီအတောအတွင်း ကျွန်မ သွားနေကျ ဘလော့ခ်များ ၊ ဆိုဒ်များ ၊ ကျွန်မဘလော့ခ်ကို လာလည်သော မိတ်ဆွေများအားလုံးဆိုဒ်တွေကို မရောက်ဖြစ်ဖို့များတာမို့ အားလုံးကို တောင်းပန်ပါတယ် .. ။ မကြာခင် ကျွန်မပြန်လာခဲ့ပါ့မယ်ရှင် .. ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ .. ။

လေးစားလျက်
လင်းလက်ကြယ်စင်

Read More...

Burma's EVIL

Burma's Evil

Add to My Profile | More Videos

Read More...

အဆုံးသတ်မဲ့

A sone Thet Mae

Add to My Profile | More Videos

Read More...

Saturday, August 04, 2007

ဧရာဝတီမြစ်နဒီမှာ သွေးနီတွေရဲပြန်ပြီလေ


ဒီကဗျာလေးကို တော်တော်လေးကြိုက်လို့ ဖော်ပြပေးလိုက်ပါတယ်။ ကိုရန်နိုင်ထွန်းရေးတဲ့ ကဗျာတော်တော်များများကို ကျွန်မ တော်တော်လေးကြိုက်နှစ်သက် ခံစားရပါတယ် .. ။ တကယ့်ပါရမီရှင်ပါပဲ။


ဧရာဝတီမြစ်နဒီမှာ သွေးနီတွေရဲပြန်ပြီလေ


ကြည့်လိုက်စမ်းပါ ဒီချိန်ခါ

ဇေယျာရွှေမြေ မြို့ဦးဗွေကို

မြစ်ရေရစ်ဝိုင်း စီးထွေသိုင်း၍

ရှုတိုင်းယဉ်စွာ လှနေရှာသည့်

ဧရာဝတီ မြစ်နဒီမှာ

ရာသီမကြို တေးမဆိုဘဲ

ရင်ကိုစည်တီး အံကြိတ်ပြီးတော့

ရှိုက်ကြီးငင်ကာ ငိုနေလိုက်တာ … ။


ဒီချိန်ရောက်လျှင် သူ့အသွင်မှာ

မရွှင်မလှ မှိုင်းပျပျနှင့်

စီးကျမျက်ရည် ဘောင်ဘင်ဝေ၍

မြစ်ရေဖားလျား သူပြေးလွှားကာ

အင်အားပြင်းထန် ထက်အောက်လှန်သည့်

တန်ပြန်စစ်ထိုး ဗျူဟာမျိုးဖြင့်

တံပိုးလှိုင်းတွေထတော့မယ် .. ။


ဒီချိန်ရောက်လျှင် သူ့ရေပြင်မှာ

သွေးနီအဆင်း အပုတ်နံ့သင်းလို့

မြစ်တွင်းပေါလော ဒိုက်ပုံမျောကို

မြင်သောထင်မှား အလောင်းများနှယ်

အကြားအာရုံ အဖုံဖုံမှာ

ရင်ခုန်နှုန်းမြန် ကြွေးကြော်သံနှင့်

ငိုသံညည်းသံ သေနတ်သံတို့

ဆူညံပွက်လော ဒီတကြောဝယ်

သောသောညံအောင် ကြားတော့မယ် .. ။


အို ………

ဧရာဝတီ မြစ်နဒီရယ်

ဇာနည်မျိုးဆက် ကြွေကာပျက်သည့်

ကိုးရက် ရှစ်လ ရှစ်ဆယ့်ရှစ်က

စစ်ကိုင်းတခွင် မြို့ရင်ပြင်၌

အမြင်မလှ ရင်နင့်ရအောင်

ဆိုးစွသမိုင်း ကြမ္မာရိုင်းကို

ပုံနှိုင်းတလီ သက်သေတည်၍

ရာသီဓလေ့ ဘယ်လိုရွေ့လည်း

မမေ့နိုင်ကြောင်း ရှေးဖြစ်ဟောင်းကို

ပြန်အောင်းမေ့ကာ ပူဆွေးရှာသည်

ဧရာဝတီ မြစ်နဒီမှာ

သွေးနီတွေရဲပြန်ပြီလေ ……… ။

( ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံအတွင်း သြဂုတ်လ ၉ ရက်နေ့က စစ်ကိုင်းမြို့တွင် ကျဆုံးခဲ့သည့် အာဇာနည် ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းအား ဤကဗျာဖြင့် ဂုဏ်ပြုဦးညွှတ်အပ်ပါသည်။ )

ရန်နိုင်ထွန်း

လွတ်မြောက်နယ်မြေ ၊ ကိုရီးယား



Read More...

စောင့်မျှော်နေကြသူများ



ဒီကဗျာကို ဖတ်ရင်း ၊ စာပြန်စီနေရင်းနဲ့ ကျွန်မမျက်လုံးထဲ မျက်ရည်စတွေ ကပ်ငြိနေခဲ့မိတယ်။ အမှန်တရားကို ခံစားရသလို ၊ အာဏာရှင်ကို ပိုရွံမုန်းမိသလို ၊ ဒီကဗျာကို မျက်ရည်တွေနဲ့ ရေးဖွဲ့ခဲ့တဲ့ မခင်မမမျိုးကို လေးစားမိပါတယ်ရှင်။

စောင့်မျှော်နေကြသူများ


(၁)

၂၀၀၃ခုနှစ်ရဲ့

ပူပြင်းသော

နွေတစ်ခုမှာပေါ့။

(၂)

“မေမေရေ

ကျွန်တော် ဒေါ်စုရဲ့

ခရီးစဉ်ကို

လိုက်ပို့လိုက်ဦးမယ်

စိတ်မပူပါနဲ့နော်

သားပြန်လာမှာပါ”တဲ့


ပြောပြောဆိုဆို

ဆိုင်ကယ်လေးထုတ်ပြီး

ထွက်ခွာသွားတဲ့သား။


ဒီသားလေးပြန်အလာကို

သားပျောက်လို့

အိပ်ယာထဲ

ဘုန်းဘုန်းလဲနေတဲ့

အမေတစ်ယောက်က

စောင့်မျှော်နေရှာတယ်။

(၃)

“ညီမလေးရေ

အစ်ကို ၊

အန်တီစုရဲ့

ခရီးစဉ်မှာ

လိုက်သွားဦးမယ်

စာတွေဘယ်လောက်ခက်ခက်

တိုင်းပြည်အတွက်ဆိုပြီး

ကြိုးစားဖတ်နော်

ပြန်ရောက်ရောက်ချင်း

ညီမလေး ဟဲင်းဖုန်းကို

လှမ်းဆက်လိုက်မယ်”တဲ့။


မကြာခင်လပိုင်းအတွင်းမှာ

လက်ထပ်ဖို့စီစဉ်ထားပြီးသား

ဖိတ်စာရိုက်ထားတဲ့

သတို့သားလောင်းက

ရေခြားမြေခြားမှာ

ခေတ္တပညာသင်နေတဲ့

သူ့ချစ်သူ

သတို့သမီးလောင်းလေးကို

ဖုန်းဆက်လှမ်းပြောတယ်။


အဲဒီချစ်သူရဲ့

ဖုန်းသံလေးကို

ညအိပ်ရင်တောင်

ဟဲင်းဖုန်းလေး

၇င်ဘတ်ပေါ်တင်အိပ်ပြီး

သုံးနှစ်သုံးမိုးမက

ငါးနှစ်ငါးမိုး

ချစ်ခဲ့ကြတဲ့

ကောင်မလေးတစ်ယောက်က

စောင့်နေရှာတယ် .. ။

(၄)

“မိန်းမရေ

ညနေယာခင်းက

အပြန်ကျရင်

ဗိုလ်ချုပ်သမီးကို

ရွာရှေ့က

သွားကြိုလိုက်ဦးမယ် ၊

ငါမိုးချုပ်ရင်

စိတ်မပူနဲ့”တဲ့။


ခင်ပွန်းသည်

ယာသမားကြီးက

ပြောသွားတယ်။


အဲဒီယာသမားကြီး

ပြန်အလာကို

ညနေချိန်တိုင်း

လည်တဆံ့ဆံ့နှင့်

ငယ်ကပေါင်း

အနှစ်တသောင်း

မမေ့ကောင်းတဲ့

ဇနီးသည်ကြီးက

စောင့်မျှော်နေရှာတယ်။

(၅)

“သမီးလေးရေ

မေမေ သည်ခရီးက

ပြန်လာရင်

သမီးလေးအတွက်

အညာဇီးပေါင်းတွေ

ဝယ်လာခဲ့မယ်”တဲ့။


အိမ်ကအထွက်မှာ

သုံးနှစ်အရွယ်

သမီးငယ်လေးကို

ဖက်ရမ်းနမ်းရှုတ်ပြီး

မိခင်တစ်ယောက်က

ပြောသွားတယ်။


အဲဒီအမေ

ဇီးပေါင်းထုတ်လေးနဲ့

ပြန်လာမယ့်ရက်ကို

လက်ချိုးရေတွက်ပြီး

ကလေးငယ်လေးတစ်ယောက်က

စောင့်မျှော်နေရှာတယ်။



(၆)

“ယုံကြည်မှု

တည်ဆောက်ရမယ်”တဲ့

ဇတ်ဆရာတို့ရယ်

ကျွန်မတို့အားလုံး

တကယ်ကို

ယုံကြည်ခဲ့ကြပါတယ် ၊

“သင်ပုန်းချေရမယ်”တဲ့

ဇတ်ဆရာတို့ရယ်

ဘယ်လောက်ပဲ

ခါးသီးတဲ့

နာကြဉ်းချက်တွေရှိရှိ

တိုင်းပြည်အတွက်ဆိုပြီး

သင်ပုန်းချေခဲ့ကြပါတယ်။


ဒါပေမယ့်

နအဖအစိုးရဟာ

ဒီစကားလုံးတွေနဲ့

မတန်လောက်အောင်

ယုတ်မာရိုင်းစိုင်း

အောက်တန်းကျခဲ့တဲ့

အစိုးရ ၊

ယုံကြည်ခဲ့သူတွေ

သင်ပုန်းချေခဲ့သူတွေကို

ဒီပဲယင်းလူသတ်ကွင်းနှင့်

ရက်ရက်စက်စက်

လူမဆန်စွာ

တုံ့ပြန်ခဲ့တဲ့ အစိုးရ။

(၇)

ရလာဒ်ကတော့

အိမ်ပြန်လာမယ့်သား ၊

အိမ်ပြန်လာမယ့်ယောက်ျား ၊

အိမ်ပြန်လာမယ့် အမေ ၊

ဖုန်းဆက်လာမယ့် ချစ်သူတွေကို

စောင့်မျှော်နေကြသူများ ……… ။

( မျက်ရည်များနဲ့ ရေးခဲ့တဲ့ ဤကဗျာ ၊ စောင့်မျှော်နေကြသူများရဲ့ ကျိန်စာကြောင့် နအဖအစိုးရနှင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ပါစေသား ။ )

ခင်မမမျိုး


Read More...

Thursday, August 02, 2007

မျိုးဆက်သစ်တို့တိုက်ပွဲ



မျိုးဆက်သစ်တို့တိုက်ပွဲ


“လက်နက်မဲ့တဲ့တို့အောင်ပွဲ

ရှစ်လ ရှစ်ရက် ရှစ်ဆယ့်ရှစ်”

ထွက်ပေါ်လာတဲ့သီချင်းသံ

ငါ့ရင်ကိုအကြိမ်ကြိမ်လာထိ

ငါမြင်ယောင်နေမိတာ

အမည်မဲ့အသက်ပေးသွားသူများ .. ။


ပေးဆပ်မှုတွေကြားက

အပြစ်မဲ့ပြည်သူများရဲ့သွေး

မြေပေါ်မှာမခြောက်သေးလို့

ရာသီစက်ဝန်းထဲက

ဒီလတစ်ဖန်ပြန်လည်ရောက်ရှိခဲ့ပြီ။


ပြောသမျှခေါင်းငုံ့ခံ

အမှန်တရားတွေရင်မှာသိုဝှက်

ခြောက်သမျှကြောက်ခဲ့ရတာ

ငါတို့မြန်မာလူမျိုးတွေ

လူ့အခွင့်အရေးစစ်စစ်ရခဲ့ဖူးရဲ့လား .. ။


လိုရာပန်းတိုင်ရောက်ဖို့

ကြိုးစားသူက နှစ်ယောက်

အခြေအနေတွေကြည့်

ပန်းတိုင်အရောက်စောင့်နေသူက

ကိုးဆယ့်ရှစ်ယောက်ဖြစ်နေရင်တော့

မြန်မြန်မရောက်သေးမယ့်ဒီခရီးအတွက်

ဇွဲ ၊ လုံ့လ ၊ ၀ီရီယဥာဏ်တွေအားထုတ်

နိုင်ငံတိုးတက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်

ပေးဆပ်ခဲ့တဲ့သူရဲကောင်းတွေကိုယ်စား

အနာဂတ်လူငယ်တွေ ဆက်လက်တိုက်ပွဲဝင်ကြပါစို့ .. ။


လင်းလက်ကြယ်စင်




Read More...