Friday, December 28, 2007

နှစ်ဟောင်းတစ်ခု .. နှုတ်ဆက်ချိန်



ပြက္ခဒိန်အသစ်လေးတွေက တန်းစီပြီး ကြိုတင်ရောက်နေပြီ .. ။ နာရီမြည်သံလေးတွေကလဲ နှစ်သစ်ရောက်ဖို့ ရက်ကို တဖြေးဖြေး ချဉ်းကပ်လာနေပါပြီ .. ။ ဆောင်းရာသီဟု မ ပီပြင်စွာ ခေါ်ဆိုရမည့် ပူလွန်းလှသော နေရာမှာပဲ နှစ်သစ်ဆိုတာ ရောက်လာပါတော့မယ် ..။ နှစ်သစ်အတွက် ကျွန်မ အပါအ၀င် အားလုံး ဘာတွေ များပြင် ဆင်ပြီးပြီလဲ။ နှစ်ဟောင်းရဲ့အညစ်အကြေးတွေအားလုံး နှစ်သစ်ကိုတော့ မယူဆောင်သွားသင့်တော့ဘူး။ နှစ်သစ်မှာ စိတ်ကူးစိတ်သန်းအသစ်တွေနဲ့ မိမိကိုယ်ကို ပိုမိုကောင်းမွန်လာအောင် ပြုမူကျင့်ကြံ နေထိုင်ရပါမယ်။ တစ်နှစ်ကုန်သွားပြီးချိန်မှာ `ဒီနှစ် အတွက် ငါဘာတွေများလုပ်ခဲ့လဲ´ဆိုပြီး မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ဝေဖန်မိတယ်ဆိုရင်တော့ အကောင်းဆုံးပါ ..။ နှစ်သစ် အတွက် ဘာတွေ လုပ်ရမလဲ ဆိုတဲ့ စိတ်ကူးစိတ်သန်းလေးတွေကိုလည်း ကြိုတင်စဉ်းစားထားဖို့လဲ အကြံပေးချင်ပါတယ်ရှင်။ တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ကူးပြောင်းသွားချိန်မှာ အားလုံးက အသက်တစ်နှစ်ပိုကြီးသွားပါတယ်။ အသက်က တစ်နှစ်ပိုကြီးသွားတာနှင့်အမျှ လုပ်ရပ်တွေကရော တိုးတက်လာသလား ၊ ဆုတ်ယုတ်သွားသလား အသေအချာဝေဖန်ပိုင်းခြားရပါ့မယ်။ လူတိုင်းက အချိန်နှင့်အမျှ အမြဲတမ်းအလုပ်ရှုပ်နေတာများပါတယ်။ နှစ်သစ်ရောက်ခါနီးမှာ အားလုံး အနည်းနဲ့အများ အားလပ်ရက်လေးတွေ ရကြမှာပါ။ ဒီရက်ပိုင်း တွေမှာ မိမိစိတ်ကို အစာကျွေးပြီး ၊ လူကိုလည်း ပင်ပန်းနွမ်းနယ်မှုတွေကနေ အားအင်အသစ်တွေ ပြန်ရအောင် ကြိုးစားရမှာပါ။

`အောင်မြင်ခြင်းနဲ့ရှုံးနိမ့်ခြင်း´ဆိုတာ လူတိုင်းအတွက် အမြဲတမ်းကပ်လျက်တွဲနေတဲ့ မရှိမဖြစ်အရာတစ်ခုပါ .. ။ အချို့ကလဲ ၂၀၀၇ခုနှစ်မှာ အောင်မြင်ခြင်းအသီးအပွင့်တွေကို စားသုံးခွင့်ရချင်ရလိမ့်မယ်။ အချို့ကတော့ မအောင်မြင်သေးခင် ကြားကာလနဲ့ ရှုံးနိမ့်နေခြင်းဆိုတဲ့ကာလမှာ ရှိကောင်းရှိနိုင်ပါတယ် ။ စိတ်ညစ်နေတာတွေပဲဖြစ်ဖြစ် ၊ စိတ်ပျက်နေတာတွေပဲဖြစ်ဖြစ် ၊ စိတ်ဓါတ်ကျနေတာတွေပဲဖြစ်ဖြစ် အစရှိတဲ့ ခံစားမှုတွေအားလုံးကို နှစ်ဟောင်းမှာပဲ ကျွန်မတို့အားလုံး စွန့်ပစ်ထားခဲ့ကြရမယ်ဆိုရင် ပိုမို သင့်လျော်ပါလိမ့်မယ် .. ။ နှစ်သစ်တစ်ခုကို ကြိုဆိုရမှာ စိတ်ရော ၊ လူရော ၊ မိမိနေထိုင်ရာ ပတ်ဝန်းကျင်ရော မလိုတာတွေမရှိဘဲ ရှင်းသန့်နေဖို့လိုပါတယ်။ နှစ်တစ်နှစ်ကုန်ဆုံးခါနီးမှာ ကျွန်မကတော့ တစ်အိမ်လုံးကို ချောင်ချိုချောင်ကြားပါမကျန် ပစ္စည်းတွေအကုန်ဆွဲထုတ်ပြီး မလိုအပ်တာတွေ စွန့်ပစ်ပါတယ် .. ။ လိုအပ်တာ တွေ ထပ်ဖြည့်ထားပါတယ် .. ။ အိမ်မှာ ပစ္စည်းအထားအသိုတွေကို မြင်ကွင်းအသစ်ဖြစ်အောင် အနေအထား အချို့ကို ရွှေ့လိုက်ပါတယ်။ စာကြည့်စားပွဲနဲ့စာအုပ်တွေ ၊ ပစ္စည်းတွေအားလုံးကို ခါတိုင်းထားနေကျလို မထားဘဲ ပုံစံအသစ်တစ်မျိုးနဲ့ ပြောင်းထားကြည့်လိုက်ပါတယ် . .။ စိတ်ကိုလည်း လန်းလန်း ဆန်းဆန်း ဖြစ်နေ အောင် မိမိလုပ်ချင်တာလေးတွေကိုလုပ် ၊ အိမ်မှာ နားနားနေနေ နေပြီး အပန်းဖြေလိုက်ပါတယ်။

ပိုတိုးတက်တဲ့နိုင်ငံမှာနေတဲ့လူတွေက ပိုပြီး stress များပါတယ်။ ရာထူးကြီးလေလေ ၊ လုပ်ကိုင်ရတဲ့အလုပ်က များပြားလေလေ လူတစ်ယောက်ရဲ့တာဝန်တွေက ပိုများလာပါတယ်။ အဲဒီအခါမှာ လူတွေက စိတ်ပင်ပန်းနွမ်းနယ်မှုတွေအပြင် တစ်ခါတစ်ရံ လိုချင်သလောက်မရတဲ့အခါ ၊ ဖြစ်ချင်တာတွေ မဖြစ်လာတဲ့အခါ စိတ်ဓါတ်တွေလည်းကျလာကြပါတယ် .. ။ နှစ်သစ်ကိုပျော်ရွှင်စွာကြိုဆိုနိုင်ဖို့အတွက် မိမိမပျော်ရွှင်မှုရဲ့ အဖြေ ကို ရှာကြည့်လိုက်ပါ။ ရှင်းလို့မရတဲ့ ပြဿနာဆိုတာ မရှိပါဘူး။ မိမိကိုဒုက္ခပေးနေတာ တကယ်တော့ မိမိ ရဲ့စိတ်ပဲဖြစ်တဲ့အတွက် အဲဒီစိတ်မှ စိတ်ချမ်းသာမှုကိုရအောင် ကြိုးစားကျင့်ကြံပါ။ နှစ်သစ်မရောက်ခင် အနည်းဆုံးတစ်ရက်လောက် ဘယ်မှမသွားဘဲ အိမ်မှာ နားနားနေနေ နေကြည့်လိုက်ပါ။ အခုခေတ်က Shopping Mall ခေတ်ဖြစ်နေပါတယ်။ လူတွေအားလုံးက အိမ်မှာသိပ်မနေဘဲ အပြင်မှာချည်း လှိမ့်နေတာ များပါတယ်။ လူတစ်ယောက်ရဲ့စိတ်ရော ကိုယ်ရော လန်းဆန်းတက်ကြွဖို့အတွက် သက်သက်သာသာ အနား ယူခြင်း ဆိုတာ မရှိမဖြစ် လိုအပ်သောအရာတစ်ခုဖြစ်တဲ့အတွက် အပြင်မသွားဘဲ အိမ်မှာ သက်သက်သာသာ နားကြည့်လိုက်ပါ။

ရှေ့ဆက်ရမယ့် အနာဂတ်ခရီးလမ်းအတွက် ကြိုတင်ပြင်ဆင်စရာတွေကို အားလပ်ရက်မှာ စိတ်အေးအေးဖြင့် စဉ်းစားပုံဖော်ရင်း မိမိချစ်တဲ့မိသားစု (သို့မဟုတ်) ချစ်ရသူတွေအတွက် ပုံမှန်အချိန်ပေးတာထက် အနည်းငယ် ပိုပေးလိုက်ပါ။ အားလုံး စိတ်သစ် ၊ လူသစ် ၊ အကြံဥာဏ်သစ်တွေဖြင့် လန်းဆန်းတက်ကြွစွာ နှစ်သစ်ကိုကြိုဆိုနိုင်ပါစေရှင် .. ။

1 comments:

Anonymous said...

ကျေးဇူး ညီမလေးရေ အလုပ်အားရက်မှာ စိတ်ထဲရှိတဲ့အတိုင်း ပျော်ပျော်ကြီးနေရတာ နှစ်သစ်အတွက် ပျော်မိတယ်လေ

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။