Tuesday, September 03, 2013

စင်္ကာပူမှ မြန်မာကလပ် (Myanmar Club) ၊ မြန်မာလူမျိုးများနှင့်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲ

ဒေါ်အောင်ဆန်းစုကြည်The Singapore Summit 2013 ကို စင်္ကာပူနိုင်ငံမှာတက်ရောက်မယ်လို့ လွန်ခဲ့သောတစ်ပတ်လောက်က သတင်းစကြားကြားပြီး ၊ မြန်မာလူမျိုးများနှင့် တွေ့ဆုံရန်အတွက် Myanmar Club က ဦးဆောင်စီစဉ်သွားမယ်လို့ သတင်းစတင်ကြားလိုက်ရချိန်မှာ ၀မ်းသာခြင်းနဲ့ အူကြောင်ကြောင် ခံစားချက် တစ်ပြိုင်နက်တည်းဖြစ်သွားခဲ့ပါတယ် … ။ ကျွန်မတို့ တစ်သက်လုံး လေးစားထောက်ခံခဲ့ရသော လူထုခေါင်းဆောင်စင်္ကာပူကျွန်းကို ပထမဆုံးလာသောခရီးစဉ်မှာ မြန်မာလူမျိုးများနှင့် တွေ့ဆုံမည်ဆိုလျင် အင်မတန်မှ ၀မ်းသာကျေနပ်ဖွယ် အခမ်းအနားတစ်ခုပါ။ “အူကြောင်ကြောင်”တမျိုးတမည်ခံစားရခြင်းက Myanmar Club ဆိုတာ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုတွေ ၊မြန်မာလူမျိုးတွေနှင့်သက်ဆိုင်သော အဓိကပွဲစဉ်တွေမှာ ဘယ်တုန်းကမှ ပတ်သတ်ပါဝင်ခြင်း၊ အားပေးထောက်ခံခြင်း မရှိခဲ့သော သူတို့ရည်ရွယ်ချက်နှင့်သူတို့ သီးသန့်နေထိုင်သောအဖွဲ့အစည်းတစ်ခုဖြစ်နေလို့ပါပဲ။ 

  တစ်လက်စတည်း မသိသူများအတွက်စင်္ကာပူရောက် မြန်မာ့အရေးလှုပ်ရှားသူများအကြောင်း နည်းနည်းလေးပြောချင်ပါတယ် … ။ စင်္ကာပူမှာ စာပေဟောပြောပွဲတွေ ၊ မြန်မာနိုင်ငံနှင့်သက်ဆိုင်သော အခမ်းအနားတွေ ၊ တွေ့ဆုံပွဲတွေ ၊ စင်္ကာပူဥပဒေနှင့်တောင်ငြိစွန်းခံပြီး ဆန္ဒပြခဲ့ကြတာတွေ ၊ စစ်အာဏာရှင်ကို မထောက်ခံသော မဲဆန္ဒပေးသောအခမ်းအနားတွေ အစရှိသဖြင့် လုပ်ခဲ့ကြသူများဟာ ကျောင်းသား ကျောင်းသူတွေ ၊ တတ်သိပညာရှင်တွေ၊ အိမ်ရှင်မတွေ ဖြစ်ပါတယ် …. ။ လုပ်ဆောင်ရမယ့် ရည်ရွယ်ချက်တွေပေါ် မူတည်ပြီး အဖွဲ့အစည်းနာမည်တွေအမျိုးမျိုးရှိနေကြပေမယ့် ဘယ်ပွဲပဲလုပ်လုပ် ဒီလူတွေထဲကပဲ လက်တွဲကူညီပြီးအားလုံးညီညီညွတ်ညွတ် လုပ်ဆောင်ခဲ့ကြတာ ၁၀နှစ်ကျော်ရှိခဲ့ပါပြီ … ။ မြန်မာပြည်မှာ အစိုးရအဖွဲ့အစည်းတွင်းအပြောင်းအလဲတွေဖြစ်ပြီး ကျွန်မတို့ရဲ့ ခေါင်းဆောင်တွေ အသီးသီး လွတ်မြောက်လာပြီးနောက်….. ခေါင်းဆောင်တွေနဲ့ အခုလို တွေ့ရချိန်မှာဦးဆောင်စီစဉ်သူက မြန်မာ့အရေးစိတ်ဝင်စားများနှင့် လုံးဝပတ်သတ်ခဲ့ခြင်း မရှိသော Myanmar Club ဖြစ်နေခြင်းကြောင့် အံ့သြခြင်းနဲ့ အူကြောင်ကြောင် ခံစားချက်ကြီးဖြစ်သွားရတာပါ … ။ ဒါပေမယ့် ဘယ်သူပဲဦးစီးလုပ်လုပ် ၊ အားလုံး ညီညီညွတ်ညွတ်နဲ့အတူတကွ လက်တွဲလုပ်ကြမယ်ဆိုပြီး စိတ်ဓာတ်တက်ကြွခဲ့ကြပါတယ်။ 

 ကျွန်မတို့အားလုံးဖြစ်စေချင်သော ဆန္ဒက ရိုးရိုးရှင်းရှင်းလေးပါ။ စင်္ကာပူမှာ မြန်မာပေါင်း ၂သိန်းကျော်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲမှာ အနည်းဆုံး လူပေါင်း (၁)သောင်းလောက်တက်ရောက်နိုင်အောက် မြန်မာကလပ်ကိုစီစဉ်စေချင်ပါတယ် … ။ လူ(၁)သောင်း တက်ရောက်တွေ့ဆုံပွဲအတွက် ခန်းမတွေရှိပါတယ် ။ အခမ်းအနားတစ်ခု စီစဉ်ရတာ မလွယ်ကူဘူးဆိုတာ အားလုံးနားလည်ကြပါတယ်။ ဒါကြောင့်လည်းမျိုးချစ်မြန်မာများအားလုံးက မြန်မာကလပ်ကို ၀ိုင်းဝန်းပံ့ပိုးကူညီကြဖို့အသင့်ဖြစ်နေခဲ့ကြပါတယ် … ။ ကူညီချင်တယ်ဆိုတာ လေလုံးတွေနဲ့ ကူညီပါရစေ သွားပြောနေကြတာမျိုးမဟုတ်ပါဘူး .. သင့်လျော်တဲ့ နေရာ ၊ ကုန်ကျစရိတ် ၊ လိုအပ်သော ပြင်ဆင်မှုများ (အမှိုက်ကောက် လုံခြုံရေးမှအစ) အားလုံးတိုင်ပင်ဆွေးနွေးပြင်ဆင်ကြပြီး မြန်မာကလပ်ကို သွားရောက်တိုင်ပင်ကြတာပါ ..။ စိတ်မကောင်းဖြစ်မိတာက …. မြန်မာကလပ်မှထိုအကူအညီတွေကို ယူချင်စိတ်မရှိသလို ၊ သူတို့ပြောသမျှ ကျွန်မတို့အားလုံးကို ခေါင်းညိတ်စေချင်နေတာပါပဲ ။ သွားရောက်ကူညီချင်သူတွေက ဦးဆောင်စီစဉ်သူနာမည်ကို မြန်မာကလပ်ပဲ ခံယူစေပြီးအခမ်းအနား ဖြစ်မြောက်ရေးအတွက် နာမည်မခံ ကူညီကြမှာပါ။ (နေရာလိုချင်တယ်ဟုစွပ်စွပ်စွဲစွဲ ပြောနေသူများသို့)။ 

 အားလုံးရဲ့တညီတညွတ် တွန်းအားတွေကြောင့် မြန်မာကလပ်ဘက်မှ အသံနည်းနည်းပြောင်းလာပါတယ်။ မူလသူတို့ စီစဉ်ထားတာက NTU ကျောင်းမှာ လူပေါင်း ၁၇၀၀ခန့် ဆန့်တဲ့ခန်းမတစ်ခုနဲ့ ၊ Projecter ထိုးပြမယ့် ဘေးအခန်းနှစ်ခန်းမှာ လူပေါင်း ၁၀၀၀ လောက်ပါပဲ။ စီစဉ်သောခန်းမအလွန်သေးလွန်းလို့ အားလုံးစိတ်မကောင်းဖြစ်ကုန်ကြတယ်။ အခြားမြန်မာလူမျိုးတွေအားလုံးလည်းစိတ်မကောင်းဖြစ်စွာ အော်ကြလို့ မြန်မာကလပ်ဘက်က တမျိုးစီစဉ်မယ်လို့ အသံကြားရပြီးသို့လော သို့လောတွေနဲ့ အခုထိ ဘာမှ မသေချာသေးပါ … ။ 

 ဒီနေ့ ကျွန်မထပ်မံလေ့လာချက်အရ …. လူပေါင်း ငါးထောင် ၊ တစ်သောင်းခန့် တွေ့ဆုံပွဲ စီစဉ်ရင် Ministry of Foreign Affairs ဘက်က ထောက်ခံစာ လိုအပ်တယ်လို့ ခန်းမငှားသူများကပြောထားပါတယ်။ လိုအပ်သော ထောက်ခံစာကို မြန်မာကလပ်ဘက်က အစွမ်းကုန်ရအောင်လျှောက်ဖို့ လိုအပ်နေပါတယ်။ စင်္ကာပူနိုင်ငံရဲတွေ ၊ ရုံးတွေနဲ့အကြိမ်ကြိမ်တွေ့ဆုံဖူးတဲ့ မျိုးချစ်မြန်မာအဖွဲ့များအားလုံးမှာ အတွေ့အကြုံရှိပါတယ်။စင်္ကာပူနိုင်ငံဘက်က စာတစ်ခုရချင်ရင် လျှောက်လွှာလေးတင်ရုံ ၊ အီးမေးလ်လေး ပို့ရုံနဲ့မလုံလောက်ပါဘူး ။ လူကိုယ်တိုင် အကြိမ်ကြိမ်သွားပြီး မလှုပ်ချင်တဲ့လူတွေကိုတွန်းပေးဖို့ လိုအပ်ပါတယ်။ မြန်မာကလပ်ဘက်က လိုအပ်သော စာရွက်စာတမ်းတွေကိုအစွမ်းကုန် ၊ အလျင်အမြန် လုပ်ကြပါလို့ တောင်းဆိုချင်ပါတယ်။ မြန်မာကလပ်ဘက်မှအခက်အခဲတွေ ၊ စိုးရိမ်မှုတွေ ရှိနေရင် ကျွန်မတို့အားလုံးကို အစည်းအဝေးခေါ်ယူတိုင်ပင်လို့ရပါတယ်။ စင်္ကာပူနိုင်ငံရဲ့ တင်းကျပ်သော ဥပဒေအရ မြန်မာကလပ်မှ စိုးရိမ်စရာတွေရှိနေမယ်ဆိုတာကျွန်မတို့ နားလည်ပါတယ်။ အခက်အခဲရှိနေရင် အားလုံးဝိုင်းဝန်းတိုင်ပင်အဖြေရှာလို့ရပါတယ်။ 

စင်္ကာပူကနိုင်ငံသေးသေးလေးပါ။ နေထိုင်သော မြန်မာလူမျိုးလည်း များပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲရက်က တနင်္ဂနွေနေ့ ဖြစ်တာကြောင့် လက်မှတ်ရသည်ဖြစ်စေ ၊ မရသည်ဖြစ်စေေ ဒ်ါစုကို ချစ်ခင်မြတ်နိုးစိတ်နဲ့ မြန်မာလူမျိုးတွေ တွေ့ဆုံပွဲကျင်းပရာနေရာကိုကျိန်းသေရောက်လာကြမှာပါ။ လုပ်ရမှာတွေ ၊ စီစဉ်ရမှာတွေ အများကြီးရှိလို့ မနေထိုင်မထိုင်နိုင် ပြောသူများကို မြန်မာကလပ်ဘက်မှလည်း နားလည်ပေးစေချင်ပါတယ် … ။ စင်္ကာပူမှာ စစ်အာဏာရှင်ကို ကန့်ကွက်မဲပေးရန် နှိုးဆော်ကျင်းပခဲ့စဉ်က အားလုံးညီညီညွတ်ညွတ်စည်းကမ်းတကျရှိခဲ့ပါတယ် … စင်္ကာပူရောက်မြန်မာတွေ အရမ်းညီညွတ်တယ်လို့ အားလုံးနားလည်ထားကြသလို ကျွန်မလည်း အပြည့်အ၀ယုံကြည်ပါတယ်။ အခု ဖြစ်နေသော အငြင်းပွားမှုက ခိုက်ရန်ဖြစ်နေကြတာ မဟုတ်သလို၊ အချို့တွေ ပုတ်ခတ်ပြောဆိုသလို နေရာလုကြတာလည်း မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့စင်္ကာပူရောက် မြန်မာလူမျိုးအနည်းဆုံး ၈ထောင် ၊ ၁သောင်းလောက် တွေ့သွားစေချင်ကြသော စေတနာဆန္ဒအမှန်ကို“အပြစ်”ဟု ၊ “ရန်ပွဲ”ဟု မျက်လုံးစုံမှိတ် ထင်မှတ်ယူချင်လည်း အပြုံးမပျက် ခံယူရင်း ………..ဒီအခမ်းအနား အကောင်းဆုံး ဖြစ်မြောက်သွားအောင် ကျွန်မတို့အားလုံးလုပ်ဆောင်သွားကြပါမယ် …. ။

 ကျေးဇူးတင်ပါတယ် :) 

 ချစ်ခင်လေးစားစွာဖြင့် 
 လင်းလက်ကြယ်စင် 
 Tuesday, 03 Sep2013 – 12:20 am


အခြားသက်ဆိုင်သောလင့်ခ်များ 
 Myanmar Club (Singapore):   https://www.facebook.com/myanmarclub?fref=ts

 မြန်မာလူမျိုးတစ်ဦးမှဒီအခမ်းအနား တက်ရောက်ချင်သူ အရေအတွက်ကို အကြမ်းဖျဉ်းတွက်ချက်သောအားဖြင့် facebookမှာ event page လေး လုပ်ထားပါတယ် .. ။ စိတ်ပါဝင်စားသူများ register လုပ်ပြီးသူငယ်ချင်းများဆီ ဖြန့်ဝေပေးပါ .. ။ 

 https://www.facebook.com/events/535754563164913/?ref=22

Read More...