Tuesday, February 26, 2008

သန်းခေါင်ယံည၏စိတ်တစ္ဆေ


နာရီလက်တံလေးများရွေ့လျားသံကလွဲ အပ်ကျသံပင်မကြားရသော တိတ်ဆိတ်လှသော ညခင်းတစ်ခု .. ။

စိတ်ဝင်စားသော စာအုပ်တစ်အုပ်ကို ကွန်ပြူတာရှေ့မှာ ကျွန်မထိုင်ဖတ်နေရင်း နာရီကိုလှမ်းကြည့်လိုက်တော့ အတော်ပင်ညဥ့်နက်နေခဲ့ပြီ .. ။ ယခုရက်ပိုင်း အိမ်ပြောင်းနေရသော ကျွန်မနှင့်ကျွန်မမိဘများ အလွန်ပင်ပန်းနေတာကြောင့် မိဘများကတော့ ပြောင်းရမည့်အိမ်အသစ်မှာ နှစ်ခြိုက်စွာအိပ်ပျော်နေပေပြီ .. ။ ညီမလေးနှင့်ကျွန်မသာလျင် အိမ်ဟောင်းမှာ မပြီးစီးနိုင်သေးသော လက်ကျန်ပစ္စည်းများကိုသိမ်းဆည်းရင်း မိမိအခန်းလေးတွင် သံယောဇဉ်မပြတ်စွာ ဆက်လက်အိပ်နေမြဲ .. ။ ခြေလက်ဆေး ၊ မျက်နှာသစ် ၊ သွားတိုက်အားလုံးပြီးစီးခဲ့ပြီမို့ အိပ်ရန်ကြံစည်လိုက်ကာမှ မိုးခြိမ်းသံအချို့နှင့်အတူ တစ်ဆက်တည်းရွာချလာသော မိုးစက်မိုးပေါက်များကြောင့် အခန်းထဲမှ ကပျာကယာထွက်ရင်း မီးဖိုချောင်နှင့် အခြားအခန်းများအားလုံးမှ ပြတင်းပေါက်များကို လိုက်ပိတ်လိုက်သည် .. ။ အနည်းငယ်ပြန့်ကျဲနေသော ပစ္စည်းအချို့ကို လက်ဖြင့်ကောက်သိမ်းနေစဉ် လျှပ်သံဝင်းဝင်းများကြောင့် ကျွန်မကျောထဲ စိမ့်ခနဲဖြစ်ရင်း ရင်ထဲမှအနည်းငယ်တုန်ယင်လာမိသည်။


တဆက်တည်း တိုက်ခတ်လာသော လေခပ်ကြမ်းကြမ်းကြောင့် ဆံပင်ရှည်များ ဖြာခနဲလွင့်ထွက်သွားချိန်မှာ ကျွန်မအတွေးထဲ ၀ိုးတားဝါးတားအရိပ်တွေ ထင်ဟပ်လာနေသည် .. ။ မည်သည့်အရာကို ကြောက်လန့်မှန်းမသိ .. ရင်ထဲမှ စိမ့်နေချိန်မှာ ရေချိုးခန်းတံခါးပေါက်ကို မပိတ်ရသေးမှန်း သတိရမိသည် .. ။ တစ်အိမ်လုံးမီးများကို ဖွင့်လိုက်ပြီး ရေချိုးခန်းထဲ ခပ်သွက်သွက်ပြေးဝင်ကာ တံခါးပိတ်များကို အလျင်အမြန်ပိတ်ရင်း နံရံမှ မှန်ကို မကြည့်ရဲစွာ ရင်ထဲမှာ လှပ်လှပ်ခါတုန်နေမိသည် .. ။ မိုးခြိမ်းသံများ ၊ လျှပ်စီးလက်ခြင်းများက ကျွန်မ၏ခြေလှမ်းများကို တုံ့နှောင်ထားသလို ကျွန်မမျက်လုံးထဲ ကြည့်ခဲ့ဖူးသော ရုပ်ရှင်များထဲမှ ပုံရိပ်များကို တိုက်ဆိုင်စွာ မြင်နေမိသည် .. ။ ကြောက်လန့်စရာဇတ်ကားများကို ကျွန်မ မကြည့်ဘဲ နေသည်မှာ အတော်ပင်ကြာမြင့်ခဲ့ပြီ .. ။ ရံဖန်ရံခါ တိတ်ဆိတ်မှုညတွေမှာ တစ်မျိုး ဖြစ်သည်ကလွဲ တစ်ယောက်တည်း နေသားကျချိန်မှ ကြောက်ရွံ့မှုစိတ်က တဖန်ပြန်လည်နိုးထလာနေသည် .. ။

တိတ်ဆိတ်လှပအသက်ဝင်သော ညခင်းကို ကျွန်မ ချစ်သည် .. ။ တစ်ယောက်တည်းနေချင်သော ကျွန်မအတွက် ညခင်း၏လေပြေနုနုလေးများ ၊ ညမွှေးရနံ့လေးများ ၊ တိတ်ဆိတ်အေးချမ်းမှုများက ကျွန်မနှလုံးသားကို အလွန်အမင်းစွဲဆောင်မှုဖြစ်စေသည်။ ကျွန်မချစ်သော ညခင်း၏အသက်ဝင်လှပမှုကြားထဲမှာ ရံဖန်ရံခါ လာနှောင့်ယှက်တတ်သည်မှာ Horror ကားများ ကြည့်ပြီး တစ်ခါတစ်ရံ စိတ်ကြောက်ရွံ့မှုများခံစားရခြင်း ဖြစ်သည် .. ။ ထိုအကျင့်ကပဲ ကျွန်မကို ရံဖန်ရံခါ မနေတတ်အောင် ဒုက္ခပေးလေ့ရှိသည်။ ထိုအကျင့်ကို ကြိုးစားဖျောက်ပြီး ထိတ်လန့်စရာဇတ်ကားများကို ကျွန်မ မကြည့်တော့သည်မှာ အလွန်ပင်ကြာမြင့်ခဲ့ပြီ .. ။ စိတ်ကူးထဲမှ ရုတ်တရက်မြင်ယောင်လာသော ပုံရိပ်များကို ကြိုးစားဖျောက်ရင်း ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းကာ ကျွန်မအခန်းထဲသို့ မပြေးရုံတမယ်ပြန်ဝင်လာပြီး အခန်းတံခါးကိုပိတ်ထားလိုက်သည် ... ။ အပြင်ဘက်စီမှ မိုးခြိမ်းသံများ ၊ လျှပ်စီးဝင်းဝင်းများကတော့ ရန်သူကိုအငြိုးဖြင့် ဖြိုခွင်းနေသဟန် ပြင်းထန်စွာရွာသွန်းလျက်ရှိသည်။

အိမ်ကြီးတစ်ခုလုံးတွင် တစ်ဖက်ခန်းမှာတော့ ညီမလေးက နှစ်ခြိုက်စွာအိပ်ပျော်နေချိန် ကျွန်မတစ်ယောက်တည်း ကျွန်မအခန်းမှာ ရွာသွန်းနေသော မိုးစက်မိုးပေါက်များကို ချစ်မြတ်နိုးခြင်းထက် ကျယ်လောင်သော မိုးခြိမ်းသံများကို တွန့်ဆုတ်မိသည်။ ပစ္စည်းအနည်းငယ်နှင့် အထုပ်တစ်ချို့သာ ရှိတော့သော ကျွန်မကိုယ်ပိုင်အခန်းငယ်လေးထဲမှာ တစ်ယောက်တည်းထိုင်ရင်း ကျွန်မအိပ်ဖို့ အိပ်ယာ မပြင်ရသေးတာကို ရုတ်တရက်သတိရမိသည်။ ကုတင်များအားလုံး အိမ်အသစ်ဆီကို ရွှေ့ပြောင်းသွားသောကြောင့် ကျွန်မအတွက် အိပ်ယာသေးသေးလေးတစ်ခုသာ မိဘများအခန်းထဲမှာ ထားရစ်ခဲ့ပေးသည်။ အခန်းအပြင်သို့ထွက်ရင်း ဧည့်ခန်းမှ မီးများအားလုံးကိုဖွင့်လိုက်ကာ မီးဖိုချောင်ဘက်သို့ဆင်းရင်း မိဘများအခန်းဆီမှ ကျွန်မအတွက် အိပ်ယာလေးကို ကပျာကယာဆွဲမလိုက်သည်။ အိပ်ယာလိပ်ကို ကျွန်မအခန်းထောင့်မှာ ခဏချပြီးနောက် ကျယ်လောင်ပြင်းထန်သောမိုးခြိမ်းသံများကို ကြိုးစားလျစ်လျူရှုပြီး တစ်အိမ်လုံးမီးများကို လိုက်ပိတ်လိုက်သည်။

ကျွန်မအခန်းထောင့်တစ်နေရာမှာ အိပ်ယာခင်းကိုခင်းလိုက်ပြီး အိပ်ရန်ပြင်ဆင်ချိန်မှာ တိုက်ခတ်လာသော လေကြမ်းများ ၊ လျှပ်သံများကြောင့် ရင်ထဲတစ်မျိုးဖြစ်လာမိသည်။ မီးပိတ်အိပ်နေကျ ကျွန်မအကျင့်အတိုင်း ယခုညတော့ မီးပိတ်ရန် မတွေးဝံ့တော့။ စာကြည့်မီးချောင်းလေးကို ဖွင့်လိုက်ကာ ကျန်သောမီးများကိုပိတ်ပြီး အိပ်ယာဝင်ချိန်မှာ စိတ်၏တွေးတောမှုများက ဂယောက်ဂယက်ဖြစ်လာမိသည် .. ။ အပေါ်ထပ်အိမ်မှ ကြမ်းပြင်ပေါ် ခဲတံကျသံကပင် ကျွန်မစိတ်ကို စိုးထိတ်စေမိသည် .. ။ လက်ကိုင်ဖုန်းကို ဘေးနားဆွဲယူထားရင်း မျက်ဝန်းများကို ကြိုးစားမှိတ်လိုက်ချိန်မှာ ကြောက်ရွံ့နေသော စိတ်များကြားမှ ကြည့်ခဲ့ဖူးသော ထိတ်လန့်စရာပုံရိပ်များက ထင်ဟပ်လာပြန်သည် .. ။

စောင်ထူထူကို သေချာခြုံလိုက်ရင်း အတွေးထဲမှ ကြောက်ရွံ့မှုများ ၊ နားထဲမှာ ကြားသည်ဟုထင်ရသော အသံများ ၊ မြင်ယောင်နေမိသော ထိတ်လန့်စရာများအားလုံးက မိုးခြိမ်းသံများ ... လျှပ်စီးဝင်းဝင်းများနှင့်အတူ ရောထွေးကာ အနည်းငယ်လင်းနေသော မီးရောင်အောက်မှာ မျက်ခွံများလေးလံလာရင်း အရာအားလုံးကွယ်ပျောက်သွားခဲ့ပါသည် .. ။

6 comments:

Christ said...

nice esssay !

Htoo Myat said...

ကောင်းတယ်ဗျာ... ဒီလိုင်းကိုပဲ ဆက်ရေးသွားပါ။

MgThaJan said...

လာလည် လာဖတ်တယ် ညီမရေ။ ပျော်ရွှင်ပါစေ :)

မြန်မာပြည်ကိုလွမ်းတယ် said...

လင်းလက်ရေ..ဖတ်လို.ကောင်းတယ်။တို.လဲ
သရဲကားကြည့်ပြီးသရဲကြောက်တတ်တယ်ဟီးဟီး

Ko Paw said...

မတော်လို့များ ကျနော်များ သေပြီးတဲ့နောက် သရဲတစ္ဆေဘ၀ရောက်ခဲ့ရင် ကိုယ်သိကျွမ်းတဲ့ လူတွေထဲက သရဲကြောက်တတ်တဲ့လူတွေကို လိုက်ပြီး ခြောက်ရရင် ပျော်စရာကောင်းမယ်လို့ တွေးမိတယ်..ဟဲ…ဟဲ။ (ဒါမှ ကိုယ်မြန်မြန်ကျွတ်အောင် သူတို့ ကုသိုလ်လုပ်ပြီး အမျှဝေပေးဖော်ရမယ်။ အကြံမပိုင်ဘူးလား)

Ko Paw said...

သိပ်ပြီး ဆိုးဆိုးဝါးဝါး အထိတ်တလန့် ဖြစ်အောင်လုပ်မှာတော့ မဟုတ်ဘူးပေါ့။

ဥပမာ….မီးဖိုထဲမှာ တယောက်တည်း ပန်းကန်ဆေးနေတုန်း ဂုတ်ကို လက်အေးစက်စက်ကြီးနဲ့ ထိလိုက်တာမျိုးလေး။
အိပ်ခန်းတံခါးကို ဖွင့်လိုက်တဲ့အခါမှာ ရုတ်တရက် မျက်နှာချင်းဆိုင်ကြီး ဖြတ်ကနဲ တွေ့လိုက် ရတာမျိုးလေး။
ညဘက်မှန်ကြည့်နေတုန်းမှာ နောက်ခပ်လှမ်းလှမ်းကနေ စိမ်းစိမ်းကြီး ခဏတဖြုတ် စိုက်ကြည့် နေတာမျိုးလေး။
ညဘက် တယောက်တည်း ဓါတ်လှေကားနဲ့ တက်နေတုန်း လမ်းတ၀က်ကနေ အတူလိုက်စီး တာမျိုးလေးတွေ။

အဲသည်လောက်ဘဲ လုပ်ချင်တာပါ။ ဟီး..ဟီး…ဟီး…ဟီး (အသံနက်ကြီးဖြင့် ရယ်သံ)

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။