Monday, June 25, 2007

စာရေးဆရာဖြစ်ချင်သောဗိုလ်ချုပ်အောင်ဆန်း(၂)



စာရေးဆရာဖြစ်ချင်သော ဗိုလ်ချုပ်အောင်ဆန်း(၁)ကို ဖတ်လိုပါက Click Here

စာရေးဆရာဖြစ်ချင်သောဗိုလ်ချုပ်အောင်ဆန်း(၂)

ဗိုလ်ချုပ်အောင်ဆန်းသည် သူစာရေးဆရာဖြစ်ချင်ကြောင်း ၁၉၄၅ခုနှစ် ဒီဇင်ဘာလက တစ်ကြိမ်ပြောခဲ့ကြောင်း ဆောင်းပါးအစတွင် ဖော်ပြခဲ့ပြီးပါပြီ။ တစ်ဖန် ဒုတိယအကြိမ်မြောက် သူစာရေးဆရာဖြစ်လိုကြောင်း ပြောခဲ့ပုံကိုပါ ဆက်လက်တင်ပြလိုပါသည်။

အချိန်ကာလကား ၁၉၄၇ခုနှစ် ၊ ဧပြီလ။

နေရာကတော့ မေမြို့ (ပြင်ဦးလွင်)။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေး ရရှိရန် အာမခံချက်ဖြစ်သော “အောင်ဆန်းအက်တလီ”စာချုပ်ကို ၁၉၄၇ခုနှစ် ၊ ဇန်န၀ါရီလ ၂၇ရက်နေ့က လန်ဒန်မြို့တွင် အောင်မြင်စွာ လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့သည့်အပြင် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်ပြည်ထောင်စု မြန်မာနိုင်ငံဟူသော အမည်ကို ကမ္ဘာ့ကုလသမဂ္ဂရှိ မြေပုံတွင် ဖြစ်ပေါ်စေမည့် ”ပင်လုံညီညွတ်ရေးစာချုပ်”ကိုလည်း (၁၂-၂-၄၇)နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပင်လုံကုန်းမြေမြင့်တွင် အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ရာ သူ၏စိတ်ထဲ အနာဂတ်အရေးကို (အထူးသဖြင့် သူ၏ကိုယ်ရေးကိုယ်တာ ဘ၀အကြောင်း)စဉ်းစားမိဟန်တူပါသည်။

သူသည် ၁၉၄၇ခုနှစ် ၊ ပထမအကြိမ် ရွေးကောက်ပွဲ ဖြစ်သော တိုင်းပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကြီးတွင် သူခေါင်းဆောင်သည့် ဖဆပလအဖွဲ့ချုပ်ကိုယ်စားလှယ်များ အပြတ်အသတ်အနိုင်ရရှိရေးအတွက် နိုင်ငံအနှံ့အပြားသို့ ခရီးလှည့်လည်ကာ စည်း၇ုံးဟောပြောရင်း ဧပြီလဆန်းသော် မန္တလေးမြို့သို့ ရောက်ရှိနေပါသည်။

ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အစိုးရအဖွဲ့အာဏာကို ၂၆-၉-၄၆နေ့က လက်ခံရယူခဲ့ပြီးနောက် နိုင်ငံအနှံ့အပြားသို့ စည်းရုံးရေးထွက်ရင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုသာ ကြိုးစားတည်ဆောက်ခဲ့သည် ဖြစ်ရာ ခရီးထွက်လျှင် သူတစ်ယောက်တည်းသာ ထွက်လေ့ရှိပြီး ဇနီးဒေါ်ခင်ကြည့်နှင့် သားသမီးများကို ခေါ်လေ့မရှိပါ။ သို့သော် ၁၉၄၇ခုနှစ် နွေဦးရာသီတွင်ေ၇ွးကောက်ပွဲအတွက် စည်းရုံးရေးခရီးထွက်ရာတွင် ဒေါ်ခင်ကြည်နှင့် သူ၏ကလေးများကိုပါ သူနှင့်အတူခေါ်ခဲ့ပါသည်။ အကြောင်းကား အထက်မြန်မာပြည်မှအပြန်တွင် မကွေးမြို့ဘက်မှ မော်တော်ကားဖြင့် လှည့်ပြန်ရင်း သူ၏ဇာတိမြေနတ်မောက်မြို့သို့ ခေတ္တ၀င်ရန် အစီအစဉ်ရှိသောကြောင့်ပင်တည်း။

သည်မှာလည်း အကြောင်းရှိပေသည်။

နတ်မောက်မြို့သို့ မရောက်သည်မှာ နှစ်ပရိစ္ဆေဒ ကြာမြင့်လှပြီတစ်ကြောင်း ၊ သူ၏ချစ်ဇနီးဒေါ်ခင်ကြည်နှင့် သားသမီးများအား မိခင်ကြီးအမေစုအား ပြသရင်း ကန်တော့လိုတစ်ကြောင်း ရန်ကုန်မှ အထက်မြန်မာနိုင်ငံသို့ ထွက်စဉ်ကပင် တစ်ပါတည်းခေါ်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်သည် မိခင်ကြီးအား ချွေးမနှင့်မြေးများကို ဂုဏ်ယူကြွားဝင့်စွာ ပြလိုဟန်တူပါသည်။

သူ၏အစီအစဉ်အတိုင်း ရန်ကုန်သို့အပြန်တွင် မကွေးတိုင်း ၊ နတ်မောက်မြို့ (ဗိုလ်ချုပ်၏ဇာတိရပ်မြေ)သို့ ရောက်ခဲ့ပါ၏။ မိခင်ကြီးဒေါ်စုအား ရိုသေစွာလက်စုံမိုး ရှိခိုးကန်တော့ပြီး ချွေးမနျင့်မြေးများကိုလည်း ပြနိုင်ခဲ့ပါ၏။ သို့ရာတွင် နောက်သုံးလခန့်အကြာ သူသည် လူမသာတို့၏ လုပ်ကြံမှုကြောင် ရေတိမ်နစ်ကျဆုံးရတော့မည်ဟု လုံးဝမသိရှာဘဲ ဇာတိချက်ကြွေ နတ်မောက်နယ်မြေသို့ ရောက်စဉ် ရွှင်လန်းတက်ကြွနေခဲ့ပုံမှာ ကျွန်တော်တို့အဖို့ တွေးလိုက်တိုင်း ကြေကွဲရင်နာဖွယ်ကောင်းလှပါသည်။

မန္တလေးမြို့သို့ ရောက်ပြီးနောက် ရွေးကောက်ပွဲစည်းရုံးရေးဟောပြောပွဲများ အစီအစဉ်ရေးဆွဲထားသည်မှာ ရက်အတော်ခြားနေသဖြင့် ဗိုလ်ချုပ်သည် သူ၏မိသားစုနှင့်အတူ မေမြို့ (ပြင်ဦးလွင်)သို့ ခေတ္တသွားရောက် အပန်းဖြေ အနားယူခဲ့ပါသည်။

နွေရာသီဧပြီလ၏ ပူပြင်းသော အချိန်ကာလတွင် ပြင်ဦးလွင်ခေါ် မေမြို့၏ ရာသီဥတုအခြေအနေမှာ အေးမြသာယာပြီး အလွန်နေကောင်းနေပါတော့သည်။

ဒေါ်ခင်ကြည်နှင့် ကလေးများက ဗိုလ်ချုပ်အတွက် သီးသန့်စီစဉ်ပေးထားသော ကိုလိုနီခေတ်က မျက်နှာဖြူအရာရှိကြီးများသာ နေသော အင်္ဂလန်ပြည်မှ ဗိသုကာ လက်ရာဆန်ဆန် ၀င်းခြံကျယ်နှင့် အိမ်တွင် စိတ်ကြည်နူးပျော်ရွှင်နေကြသလို ဗိုလ်ချုပ်ကိုယ်တိုင်ကလည်း ရက်အနည်းငယ်မျှ နိုင်ငံရေးတာဝန်တွေမှ အနားယူအပန်းဖြေခွင့်ရသည်ကို ကျေနပ်ပီတိဖြစ်နေရှာပါသည်။

တစ်ညနေတွင် အိမ်ရှေ့မြက်ခင်းပြင် ဒေါ်ခင်ကြည်နှင့် ကလေးများရှိနေရာ ကလေးများကတော့ ထုံးစံအတိုင်း ဆော့ကစားနေကြပါသည်။

ဗိုလ်ချုပ်ကတော့ အိမ်ရှေ့ဝရန်တာ တစ်နေရာတွင် ထိုင်အနားယူရင်း စကားပြောဖော်အဖြစ် ကျွန်တော့်ကိုပါ သူနှင့်အတူ ခေါ်ထားပါသည်။

လာလတ္တံ့သော တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲအကြောင်း အတန်ကြာကြာ ဆွေးနွေးပြောဆိုပြီးနောက် ဗိုလ်ချုပ်သည် အိမ်ရှေ့မြက်ခင်းပြင် ဆော့ကစားနေသော သူ၏ရင်သွေးငယ်များကို ကြည့်ရင်း ပီတိဖြစ်ကာ ကျွန်တော့်အား စကားဆက်မပြောဘဲ ကလေးငယ်များကိုသာ ငေးကြည့်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေဟန် တူပါသည်။

ခဏကြာမှ ဗိုလ်ချုပ်သည် ကျွန်တော့်ဘက်လှည့် မျက်နှာထားခပ်တည်တည်နှင့် စကားပြောပါသည်။

“လွတ်လပ်ရေးရပြီးရင် ငါတော့ နိုင်ငံရေးက အနားယူမယ် စိတ်ကူးတယ်။ တိုင်းပြည်ကို အုပ်ချုပ်ဖို့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရှိတာ မင်းလည်းသိသားပဲ မဟုတ်လား။ ဒါကြောင့် ငါက နိုင်ငံရေးက အနားယူပြီး စာရေးဆရာ လုပ်ချင်တယ်။ ဒါမှလည်း ငါ့အနေနဲ့ ငါ့အိမ်ထောင် မိသားစု Family အတွက် အချိန်ပေးနိုင်မယ်။ ကလေးတွေကိုလည်း ကောင်းကောင်း ကြည့်ရှုနိုင်မယ်။ မင်းကလည်း စာရေးဝါသနာပါလို့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက စာရေးခဲ့တယ် မဟုတ်လား။ ဒီတော့ ငါတို့ ဆရာတပည့်နှစ်ယောက် စာရေးစားကြမယ်ကွာ။ မြန်မာလိုရော ၊ အင်္ဂလိပ်လိုရော ရေးကြမယ်။ ဒါမှ ငါတို့ မိသားစုအတွက် ၀င်ငွေလုံလောက်မှာကွ။ တကယ်ပါကွ ငါ့စိတ်ထဲ စာရေးဆရာလုပ်စားချင်တဲ့ ဆန္ဒဟာ စစ်မဖြစ်ခင်ကတည်းက ရှိခဲ့တယ်။ ဒါပေမယ့် တိုင်းပြည် လွတ်လပ်ရေးရရေးအတွက် ဦးစားပေးခဲ့ရတာမို့ စာရေးဖို့ အချိန်မရှိခဲ့ဘူး။ အခု လွတ်လပ်ရေးရတော့မှာ သေချာနေပြီမို့ ဒီစကားကို ငါပြောတာပါ

ဗိုလ်ချုပ်သည် သို့လျှင် သူ၏ နှလုံးသားအတွင်း ဖြစ်ပေါ်ခံစားချက်ကို အမှန်အတိုင်း ပြောလိုက်ခြင်းပင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ၁၉၃၆ ခုနှစ် ၊ တက္ကသိုလ်သပိတ် အရေးတော်ပုံမှစ သိကျွမ်းခင်မင်ခဲ့သော သူ၏ တပည့်လည်းဟုတ် ၊ မိတ်ဆွေလည်းဟုတ်သော ကျွန်တော့်အား ရင်ဖွင့်လိုက်ခြင်းပင် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် သူပြောသလို စာရေးဆရာ လုပ်ချင်စိတ်ရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ စာရေးခြင်းသက်သက်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ သူ၏ မိသားစုစားဝတ်နေရေးအတွက် တာဝန်ယူနိုင်သည် အရည်အချင်းကလည်း ဧကန်အမှန်ရှိကြောင်း ကျွန်တော်ကောင်းစွာသိပါသည်။

အောက်ပါအချက်အလက်များကို လေ့လာကြည့်ပါ။

ဒုတိယကမ္ဘာစစ်မဖြစ်မီ သခင်အောင်ဆန်းအဖြစ် တို့ဗမာအစည်းအရုံးကြီး၏ အထွေထွေအတွင်းရေးမှုး တာဝန်ထမ်းဆောင်နေစဉ် သူသည် ရေကျော်လမ်းရှိ တို့ဗမာအစည်းအရုံးဌာနချုပ်တွင် အလွန်ဆင်းရဲပင်ပန်းစွာ နေထိုင်ခဲ့ပါသည်။ ဖြစ်သလိုအိပ် ၊ ဖြစ်သလိုစားလျက် အ၀တ်အစားအနေဖြင့်လည်း ပင်နီအကျီနှင့် ချည်ကြမ်းလုံချည် သုံးစုံခန့်သာရှိခဲ့သည်။ ရေကျော်ရပ်ကွက်နှင့် ပုဇွန်တောင်ဈေး ပတ်ဝန်းကျင်တစ်ဝိုက်ရှိ ထမင်းဆိုင်များ သူထမင်းအကြွေးမစားဖူးသောဆိုင် မရှိသလောက်ဖြစ်နေရာ ရံဖန်ရံခါ နယ်မှ သခင်ကိုယ်စားလှယ်များ ရောက်လာသည့်အခါ “သခင်အောင်ဆန်းလည်း ကျွန်တော်တို့နှင့်အတူ လိုက်ထမင်းစားပါ”ဟု ခေါ်သည့်အခါများတွင်သာ သူသည် ထမင်းကောင်း ဟင်းကောင်းစားနိုင်ခဲ့သည်။

ထိုအချိန် နတ်မောက်မြို့ရှိ သူ၏မိခင်ကြီး ဒေါ်စုမှာ စပါးပေး ပေး ငွေတိုးချေးစားနိုင်အောက် ပြည့်စုံကုံလုံနေသည်။ သို့သော် သခင်အောင်ဆန်းသည် သူနိုင်ငံရေးလုပ်နေစဉ် မိမိခြေထောက်ပေါ် ရပ်တည်နိုင်အောင် ကြိုးစားမည်ဟု စိတ်ပိုင်းဖြတ်လျက် မိခင်ကြီးထံမှ ငွေကြေးအကူအညီ လုံးဝမတောင်းခဲ့ပါ။

ထို့ကြောင့် သူ၏၀ါသနာအတိုင်း နိုင်ငံရေးလုပ်ရင်း အချိန်ရတိုင်း စာရေးခဲ့ပါသည်။ ၁၉၄၀ ပြည့်နှစ်က ဒဂုန်မဂ္ဂဇင်း အဟောင်းများကို ပြန်ကြည့်ပါက သခင်အောင်ဆန်းရေးသော “နိုင်ငံရေးအမျိုးမျိုးခေါင်းစဉ်ဖြင့် အခန်းဆက် ဆောင်းပါးများ တွေ့ရပေလိမ့်မည်။ ယင်းဆောင်းပါးများမှာ Political Science ခေါ် နိုင်ငံရေးသိပ္ပံပညာဆိုင်ရာ ဆောင်းပါးများ ဖြစ်ပါသည်။

ထိုအချိန်က လူငယ်နိုင်ငံရေးသမားများလောကတွင် အထူးခေတ်စားခဲ့သော မာ့က်စ်ဝါဒမှ Dialectical Materialism ဟူသော ဝေါဟာရကို မြန်မာလို “အနုပဋိလောမရုပ်ဝါဒ”ကို ပြန်ဆိုသူမှာ သခင်စိုးဟု ကျွန်တော်တို့ ထင်မိခဲ့သော်လည်း ဒဂုန်မဂ္ဂဇင်းမှ သခင်အောင်ဆန်း၏ “နိုင်ငံရေးအမျိုးမျိုး”ဆောင်းပါးများ ဖတ်ရတော့မှ သူကိုယ်တိုင် စတင်ဘာသာပြန်ခဲ့ကြောင်း သိရပါတော့သည်။

ဒဂုန်မဂ္ဂဇင်း၏ တာဝန်ခံအယ်ဒီတာမှာ ရွှေညာမောင်ခေါ် ဦးချင်းစိန် ဖြစ်ပါသည်။ စစ်အတွင်းက တစ်နေ့သ ကျွန်တော်နှင့် စကားစပ်မိ ဦးချင်းစိန်က သူသည် တာဝန်ခံအယ်ဒီတာအဖြစ် အခြားစာရေးဆရာများဆိုလျှင် ဆောင်းပါးတစ်ပုဒ်အတွက် စာမူခအများဆုံး ဆယ့်ငါးကျပ်နှစ်ဆယ်သာ ပေးခဲ့ကြောင်း ၊ သို့သော် သခင်အောင်ဆန်းအား ပုဂ္ဂိုလ်ရေးအရ လေးစားကြည်ညိုတစ်ကြောင်း ၊ သူ၏ဆောင်းပါးများ အလွန်အဆင့်အတန်းမြင့်တစ်ကြောင်း ဆောင်းပါးတစ်ပုဒ်လျှင် စာမူခ ငွေသုံးဆယ်ကျပ်ပေးခဲ့ကြောင်း ပြောပြပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကလည်း ဦးချင်းစိန်၏ ကျေးဇူးကို မမေ့ပါ။ ၁၉၄၅ခု ၊ မတ်လက ဖက်ဆစ်တော်လှန်ရေးအတွက် ရှေ့တန်းစာမျက်နှာသို့ မထွက်မီ သူနှင့်အတူ ဦးချင်းစိန်ကို ခေါ်သွားလိုသဖြင့် ကျွန်တော့်အား (ထိုအချိန်က တိုးကြောင်ကြီးရွာတွင် ရောက်နေသူ) ဦးချင်းစိန်ကို ခေါ်ခိုင်းခဲ့ပါသေးသည်။ သို့ရာတွင် ဆရာဦးချင်းစိန်မှာ အကြောင်းကြောင်းကြောင့် မလိုက်နိုင်ခဲ့ပါ။ ထို့ကြောင့် ၁၉၃၆ခုနှစ်က အမာခံ သပိတ်မှောက်ကျောင်းသားများဖြစ်သူ ဦးထွန်းအုန် (နောက်ပိုင်း မြူနီစီပါယ်မင်းသားကြီး) ၊ ဦးလှအောင် (နောက်ပိုင်း ဗိုလ်မှုးကြီး အငြိမ်းစားနှင့်စာရေးဆရာ) တို့သာလျှင် ဗိုလ်ချုပ်နှင့်အတူ သရက်ခရိုင် အနောက်ခြမ်း ကျေးလက်ဒေသသို့ ပါသွားကြပါသည်။

သခင်အောင်ဆန်းသည် ဒဂုန်မဂ္ဂဇင်းအပြင် စစ်ကြိုခေတ်က မြန်မာ့အလင်း သတင်းစာတွင်လည်း ခေါင်းကြီးပိုင်းများ ရေးပေးလေ့ရှိပါသည်။ မြန်မာ့အလင်း ဦးတင်က သခင်အောင်ဆန်းအား သတင်းစာ ခေါင်းကြီးပိုင်းတစ်ပုဒ်လျှင် စာမူခငွေတစ်ဆယ်ကျပ် ပေးပါသည်။ လက်ဖက်ရည်တစ်ခွက် သုံးပြားခေတ်က ငွေတစ်ဆယ်ကလည်း တန်ဖိုးရှိပါသည်။

ထို့ပြင် သခင်အောင်ဆန်းသည် စစ်ကြိုခေတ်က တစ်ခုတည်းသော မြန်မာပိုင် အင်္ဂလိပ်ဘာသာသတင်းစာ “နယူးဘားမား”တွင်လည်း ရံဖန်ရံခါ နိုင်ငံရေးဆောင်းပါးများ အင်္ဂလိပ်လိုရေးခဲ့ပါသည်။

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏စိတ်ထဲဆန္ဒရှိသလို စာရေးဆရာအဖြစ် ရပ်တည်နိုင်ရန် အမှန်တကယ် အရည်အချင်းရှိကြောင်း ကျွန်တော်ယုံကြည်ခဲ့ပါသည်။ သူကိုယ်တိုင်ကလည်း မိမိ၏အရည်အချင်း (စာရေးသားခြင်းစွမ်းရည်)ကို ယုံကြည်သာ ၁၉၄၇ခုနှစ် ၊ ဧပြီလ မေမြို့တွင် ကျွန်တော့်အား စာရေးဆရာလုပ်မည်ဟု ပြောခဲ့ခြင်းဖြစ်ပါသည်။

အထူးသဖြင့် အင်္ဂလိပ်စာအေ၇းအသား ကျွမ်းကျင်နိုင်နင်းသူတစ်ဦးအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်ဘာသာဖြင့် နိုင်ငံရေးသိပ္ပံပညာစာအုပ်များ ၊ ဒဿနိကဗေဒဆန်ဆန် တွေးခေါ်မြော်မြင်ရေးဆိုင်ရာ စာအုပ်များ ၊ နယ်ချဲ့လက်အောက်ခံ ကိုလိုနီ (ကျွန်နိုင်ငံ) ဖြစ်ခဲ့ဖူးသည့် နိုင်ငံများ ၊ တိုးတက်ဖွံ့ဖြိုးရေးအတွက် အကြံပေး လမ်းညွှန်စာအုပ်များ ၊ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတစ်လျှောက် သူကိုယ်တိုင် ဖြတ်သန်းလာခဲ့ရသော အတွေ့အကြုံများအကြောင်း စာအုပ်များရေးမည်ဆိုလျှင် စာမူခအဖြစ် ဒေါ်လာငွေ သိန်းချီ ရနိုင်မည်မှာ သေချာလှပါသည်။

သို့လျှင် အရည်အချင်းနှင့်လည်း ပြည့်စုံ ၊ အောင်မြင်ရန် အလားအလာကလည်းကောင်း ၊ လူကိုယ်တိုင်ကလည်း ဆန္ဒပြင်းပြပါလျက် ကံကြမ္မာက ဗိုလ်ချုပ်အောင်ဆန်းအား စာရေးဆရာတစ်ဦး ဖြစ်ခွင့်မပေးခဲ့ပါချေ။

၁၉၄၇ခုနှစ် ၊ ဧပြီလဆန်းက ပြင်ဦးလွင်မြို့ (မေမြို့)တွင် လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးမှ အနားယူပြီး စာရေးဆရာလုပ်မည်ဟု ပြောခဲ့သူ စနေသား ဗိုလ်ချုပ်အောင်ဆန်း (ငယ်နာမည် မောင်ထိန်လင်း)သည် နောက်သုံးလမျှအကြာ ဇူလိုင်လ ၁၉ရက် (စနေနေ့)တွင်ပင် အသက် (၃၃)နှစ် မပြည့်သေးမီ မရှုမလှ ကွယ်လွန်ခဲ့ရရှာလေသည်။

မရဏသေခြင်းတရားကို မည်သူမျှ မလွန်ဆန်နိုင်။ သတ္တ၀ါမှန်သမျှ ကံစီမံရာသာ လိုက်နာ နာခံကြရသည်ချည်းပါ တကားဟူသော အင်္ဂုတ္တရနိကာယ်အဘိဏှာသုတ်တော်လာ တရားသဘောအတိုင်း သံဝေဂဥာဏ် ပွားကြရန်သာ ရှိပါတော့သတည်း။

တက္ကသိုလ်နေ၀င်း ( နွယ်နီ ၉ / ၉၄ )

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။