Tuesday, February 12, 2008

အံ့သြစရာ ပြည်မြန်မာ


`ဘာပြောတယ် လော်ရာ´

`စိတ်မ၀င်စားဘူးလို့ ပြောတာပါ ဒယ်ဒီ ´

`မရဘူးသမီး ။ ဒီခေတ် ဒီအချိန်ခါကြီးထဲမှာ သမီး ဗမာစကားမတတ်လို့မရဘူး´

`ဒါဆိုလဲ နောက်မှတက်မယ်ဒယ်ဒီ။ အခု သမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုသင်တန်းတွေတက်ရဦးမယ်´

`အဲဒါ ခက်တာပဲ .. မင်းတို့ကလေးတွေ ဘာကအရေးကြီးလဲဆိုတာ မခွဲခြားနိုင်သေးဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာမင်းသွားချင်တဲ့နိုင်ငံဆီသွားပြီး အလုပ်လုပ်လို့ရပြီ။´


`အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ရဦးမလား ဒယ်ဒီရာ´

`၀င်ပြီလား သမီး .. ကဲ မင်းဗမာစာ ၊ ဗမာစကားတတ်ပြီဆိုပါတော့ .. ။ မင်း ရန်ကုန်က မာစတာသင်တန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်း စာခန့်တွေဖတ်လို့ရမယ်။ ပြီးတော့...´

`ရှိတ်စပီးယားပဲ ကောင်းရဦးမလား ဒယ်ဒီရာ။ ဂျာမန်လူမျိုးအဖေက ဒီလိုပြောတာကို အံ့သြမိပါရဲ့´

`ဘာကွ .. အေး ၂၀၀၀ ပြည့်နှစ်လောက်ကဆို ငါပြောတာမှားချင်မှားမယ်။ အခုလို အချိန်မှာတော့ မင်းဗမာစာမတတ်ရင် ဘာဖြစ်သွားမှာလဲသိလား´

`သိပ်တော့မထူးပါဘူး´

`ဟာ .. သိပ်ထူးတာပေါ့ သမီးရယ်။ ဒယ်ဒီပြောပြမယ် နားထောင်။ ဗမာစာမတတ်ရင် နောက်နှစ်ဆန်းမှာထွက်လာမယ့် Window Popa (၀င်းဒိုးပုပ္ပါး)ကို မင်းဘယ်လိုသုံးမလဲ။ ထားပါတော့ .. မင်းက open source တို့ Linux တို့ရဲ့ ဟင်္သာရောင်အပိုင်း(၆) .. ( Hintha Shine Core 6 ) ကိုရော ဘယ်လိုကိုင်တွယ်မလဲ .. ။ အလုပ်လုပ်လို့ မကောင်းတော့တဲ့ Window Vista နဲ့ နေခဲ့ချင်ရင်တော့ မင်းအမေရိကကိုသွားတော့။ ခေတ်ရှေ့ပြေးနေတဲ့ အရှေ့တောင်အာရှကို မလာနဲ့တော့။ နောက်ပြီး Cell Phone နဲ့ မြေပုံစနစ်တွေမှာဆိုရင် ဗမာစာမတတ်ရင် မင်းသုံးရခက်ပြီ´

`ဘာဆိုင်လဲဒယ်ဒီရာ´

`ဆိုင်တာပေါ့ .. On Touch Screen နဲ့ Voice Command တွေသုံးထားတဲ့ (ဆ.သ.ရ) အမျိုးအစားဖုန်းတွေကို မင်းဘယ်လိုအသုံးချမလဲ။ မြေပုံစာတန်းတွေကလည်း ဗမာလိုတွေလေ´

`Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လိုသုံးပါသေးတယ်ဒယ်ဒီရာ´

`ဒယ်ဒီသိပြီ .. ငါ့သမီးက ၀ိဇ္ဖာတန်းတက်ပြီး ခေတ်နဲ့မျက်ခြေပြတ်နေတာကိုး .. ။ မင်းပြောတဲ့တံဆိပ်တွေက နည်းပညာပိုင်းမှာ (ဆ.သ.ရ)ကို မမှီတော့ဘူးကွ။ စစ်ကိုင်းမှာ လုပ်သွားတဲ့ (ဆ.သ.ရ) အရောင်းမြှင့်တင်ရေးကို M.R.T.V ၂၃က တိုက်ရိုက်လွှင့်လို့ ဒယ်ဒီကြည့်လိုက်ရတယ်။ သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုန်းတွေပဲသမီး . ။ Nokia ဆိုတာ ကလေးကစားတာပါကွာ။ ကဲ .. ဒီတော့ သမီးဗမာစာသင်တန်းတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီဗမာပြည်သွားရင် လိုက်ခဲ့တော့ .. ဟုတ်ပြီလား´

`ဗမာပြည်ဝင် ဗီဇာက ထင်သလောက် မလွယ်ဘူးနော်။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ´

`ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကိုသွားမယ်။ ဗမာပြည်လုပ် `မိုးယံဆင်´ငါးထပ် လူစီးလေယာဉ်ကို အဓိကကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး။ ပြီးတော့ မြကျွန်းသာပန်းခြံထဲက ရေအောက်ပြခန်းလုပ်မယ့် စက်ရုပ်အလေးမပြိုင်ပွဲပါ ၀င်ကြည့်မလို့လေ´

`စိတ်ဝင်စားဖို့တော့ကောင်းသား .. ဒါပေမယ့် အစားအသောက်ကရော အဆင်ပြေပါ့မလားဒယ်ဒီ´

`ဟားဟား ငါ့သမီးကလဲ သူ့အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ် .. ဒီမယ် ငါ့သမီး . ဗမာပြည်မှာ မရတာမရှိတော့ဘူး။ သမီးဘာစားချင်သလဲ။ အဆူးမပါ အနံ့ကင်းတဲ့ ၂၀၀၄ခုနှစ် စတိုင်ဒူးရင်းသီးလား။ သယ်ယူရ လွယ်ကူတဲ့ လေးထောင့်ပုံကြက်ဆင်ဥလား။ လေဆာနဲ့အရိုးတွေကိုချေပြီး တစ်ကောင်လုံးဝါးစားလို့ရအောင် လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။ ဥရောပတွေအတွက် သီးသန့်လုပ်ထားတဲ့ အဖြူရောင်ပုန်းရေကြီးလား .. ဒါမှမဟုတ်´

`တော်ပါပြီဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ .. သွားရေးလာရေးနဲ့ဆက်သွယ်ရေးက .. ´

`သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ ။ ဗမာပြည်သွားမယ်ဆိုရင် ဒါတွေထည့်စဉ်းစားဖို့ကို မလိုတော့ဘူးလေ။ လေယာဉ်ပေါ်ကဆင်းတာနဲ့ အောက်ဆီဂျင်စစ်စစ်ပေးထားတဲ့ လေရှုဘေးတွေ ထုတ်ပေးမယ်။ နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင့်တော့ သမီးမပူရတော့ဘူး။ သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးမယ့်ကားတံခါးကိုလာကပ်မယ့် Tube တွေရှိတယ်။ အဲဒီအပေါ် ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျောက်ရွေ့လျားသွားပြီး သမီးကို Reception ကိုပို့ပေးလိမ့်မယ်။ အဲဒီမှာ ဘာသာစကားအနည်းဆုံး ၅၉၀လောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ် .. ။ နောက် ဘာတဲ့ ဆက်သွယ်ရေး ဟုတ်လား။ ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့ အင်တာနက်ကွန်နက်ရှင်ရပြီး GSM တွေသယ်လာရင်ပြောလို့ရပြီ။ အဲ .. ကိုယ့်ဖုန်းကိုယူလာဖို့ မေ့ရင်လည်း မပူနဲ့။ လေဆိပ်မှာ လက်ကမ်းစာစောင်ဝေသလို GSM တွေဝေနေတဲ့ ချာတိတ်တွေရှိတယ်။ ကြိုက်တဲ့ SIM Card ရွေးယူ။ Hand Set ကတော့ ထုတ်ထားတာ ၂ပတ်ကြာတဲ့ မော်ဒယ်ဆိုရင် အလကားယူလို့ရတယ်လေ။ အများစုကတော့ ဆသရလို့ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ်တွေပဲ´

`သြော် ကောင်းလိုက်တာနော် အစိုးရနဲ့နိုင်ငံရေးရော ....... ´

`အစိုးရ ... အစိုးရ .. ဒီအစိုးရတော့ကွာ .. ဒီလိုရှိတယ် ... ဒယ်ဒီပြောမယ်´

ထိုစဉ် `ဆိုက်ကားအားလား´ဟူသော ခရီးသည်အသံကြောင့် ကျွန်တော်လည်းအိပ်ယာလန့်နိုးသွားကာ ခရီးသည်ကို လိုရာသို့တင်ဆောင်လိုက်ပို့လေသတည်း။

ပြည်ချစ်သူ

မှတ်ချက်။ ဖေဖော်ဝါရီလထုတ် အာဟာရစာစောင် အမှတ်(၈၄)မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

13 comments:

Anonymous said...

အရမ်း အ ရမ်း ကို ဂွတ်ဒ် ထ ဂွတ်ဒ် ထ :D

Unknown said...

ဟား..ဟား..၉၀လောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်း တွေ၊ အောက်ဆီဂျင်စစ်စစ်ပေးထားတဲ့ လေရှုဘေးတွေ၊
GSM တွေဝေနေတဲ့ ချာတိတ်တွေ မြင်ချင်စမ်းပါဘိ.....

ွ

Anonymous said...

ဘာသာစကားအနည်းဆုံး ၅၉၀

Anonymous said...

ကိုနေဘုန်းလတ် ကို တော့ မ သိဘူးဗျာ၊
keyboard player blogger တွေ
တော့ အများကြီးနော် ၊လူတွေလဲ ဖတ် ရတာတွေ များ လို့ အတင်း တွေ ကော သတင်း တွေ ကော နဲ့
စိတ် ရှုပ် လာ မှာ သေချာတယ်၊
သတင်းတွေ ကလဲ blog တခု နဲ့တခု ထပ် နေ တာ ဘဲ၊
ဒီမိုသမား တွေ က လဲ အနှစ် ၂၀ လုံး လုံး ထောက်ပံ့ ကြေးလေး တွေနဲ့ ကြိတ် ဝါး လုပ် လာပြီး အစိုးရ ကို
အုပ် ချုပ် ရေး သက်တမ်း ရှည် အောင် လုပ် ခဲ့ ပြီး
အခု မှ ပြည်သူ ကိုရှေ့ တန်း အတင်းပြန် တွန်းပို့ ပြီး
ိdemocracy ကို နေ့ချင်းည ချင်း တိုက် ယူ ကြတော့ မဲ့
အတိုင်း ဘဲ ဗျာ
မြန်မာပြည် က ဆင်းရဲ သားတွေ နဲ့ ခပ်တုံး တုံး ပြည် သူတွေ ကတော့ အစိုးရ နဲ့ အလှပြ ပြည်ပ နိုင် ငံရေး သမားတွေ ရဲ့ အားပြိုင် နေ တဲ့ ထဲ မှာ စွမ်းအားရှင် တွေရဲ့ ဝါးရင်း တုတ် ဘဲ မိ မလား ၊ လုံထိန်းတွေ ရဲ့ ကျည် ဆန် ဘဲ ထိ မလား၊ တရိပ် ရိပ် တက် လာ တဲ့ ကုန် ဈေးနှုန်း နဲ့ ဘဲ ငတ် ပြီး သေ ကြ မလား တော့ မသိဘူး.....သားကောင် တွေတော့ ထပ် ဖြစ် ကြ အုန်းမယ်၊

Anonymous said...

နေပါဦး ဘယ့်နှယ်ကြောင့် blogger တွေကိုပဲ လာလာ ခလုပ်တိုက်နေတာတုန်း။ ဘယ် blogger ကများ အတင်းကာရော လိုက်ဖတ်ခိုင်းနေလို့တုန်း။( အဲ တိရစ္ဆာန်တစ်ကောင်နှစ်ကောင်ကတော့ သူတို့ blog ကိုအတင်းလိုက်ဖတ်ခိုင်းပါတယ်။) ကျန်တယ့် လူတွေကတော့ ကိုယ်ဟာကိုယ်ရေးနေတာပဲ။
သတင်းကတော့ ကိုယ်သိတာ ကိုယ်သိစေချင်တာလေးတွေ တင်တာပဲ။ မတင်ရဘူးဆိုပီး စည်းမျဉ်းရှိလို့လား။
စစ်အာဏာရှင်ကို သက်တမ်းရှည်အောင်လုပ်တယ်။ ဒီစကားမပြောခင် ဒေါ်စုတို့ ကိုမင်းကိုနိုင်တို့ကိုလဲ အားနာပါဦး။ နောက်ထပ်ပြောလိုက်ဦးမယ် ဘလော့ခ်ရေးလို့များ ပိုက်ဆံရတယ်ဆိုရင် ပြောစမ်းပါ။ နည်းလေးသိရအောင်။
ပြည်သူတွေက ဆင်းသာဆင်းရဲလိမ့်မယ်။ မတုံးတော့ မတုံးဘူး။ မပြောချင်လို့ ငြိမ်နေရတာ တုံးတယ်လို့ထင်မနေနဲ့။
နောက်ဆို နှုတ်တရာ စာတစ်လုံး ရေးချင်တာ လျောက်မရေးပါနဲ့။ နအဖ လိမ်ဆင်တွေကို No လို့ပြောမှာ သိပ်ကြောက်မနေပါနဲ့ဦး။

KP @ SG said...

best story of the week.
do more same style stories.

Hteink Min said...

ဟားဟား ရယ်လိုက်ရတာဗျာ ကျွန်တော်တော့ အူကို လှိမ့်နေတာပဲ။ ဟို ဗီစာ ကိစ္စကလေ ၊ အဲဒီအချိန်ဆို ဘယ်နိုင်ငံမဆို မြန်မာနိုင်ငံကို ၀င်နိုင်ထွက်နိုင်ပြီ။ ဗီစာမလိုတော့ဘူးလေ။ ဒါပေမဲ့ အင်္ဂလန်လို အမေရီးကားလို Migration များတဲ့ နိုင်ငံတွေကိုတော့ ဗီစာ ကန့်သန့်ထားတဲ့ ပုံစံမျိုးပေါ့။ ဘတ် တွေးရင်း တွေးရင်း နှင့် နောက်ဆုံး ဆိုက်ကားအားလား ဆိုတော့မှပဲ ဘာပြောရမှန်းတောင် မသိတော့ဘူး ဟက်ဟက်

Ka Daung Nyin Thar said...

Just a note to say.

This post was written by Mr. Pooh (myanmaraoa6.blogspot.com) but not by Pyi Chit Thu.

The original post is here. http://myanmaroa6.blogspot.com/2007/05/blog-post_31.html . The post title is "Ein Mat Htel Mar".

Hope we, Burmese, respect the originality and piracy.

Ka Daung Nyin Thar

Mr.Pooh @ မောင်ပွတ် said...

မလင်းလက်ကြယ်စင်ရေ - ဒီစာလေးက ကျွန်တော်ကိုယ်တိုင်ပဲ မှီငြမ်းခြင်းမရှိ ရေးထားခဲ့တာပါ။ အောက်တိုဘာလလောက်ကတည်းက ဒီစာကို Fwd Mail တွေအနေနဲ့ တွေ့ပြီး ကျွန်တော်ကိုယ်တိုင်ဆီကို သုံးစောင်ထက်မနည်း ရောက်လာခဲ့ပြီး အဲဒီအချိန်ကတည်းက ရေးသူနာမည်မပါလာတော့ပါဘူး။ ဒါကြောင့် တဆင့်တဆင့် ပြန့်သွားတဲ့အခါ သူရေးသလိုလို၊ ကိုယ်ရေးသလိုလို ဖြစ်သွားတာပါ။ ကျွန်တော်တို့လည်း တခါတလေ Fwd Mail လေးတွေထဲက သဘောကျတာလေးတွေ တင်တင်နေဖြစ်တာပါပဲ။ ကျွန်တော့်အတွက်ကတော့ ပြသနာမရှိပါဘူး။ ဘယ်လိုပဲ ပြန့်ပြန့်၊ ဘယ်မှာပဲ တင်တင်၊ ဖတ်တဲ့လူ ဖတ်ရရင် ပြီးတာပါပဲ။ ဖေါ်ပြထားတဲ့ စာစောင်နဲ့လည်း ပြောစရာ စကားမရှိပါဘူး။ သူတို့လည်း ဖေါ်ပြသင့်တာထင်လို့ ထည့်ဖေါ်ပြထားတာဖြစ်မှာပါလေ။

အစ်မပြောတဲ့ “ ဒီကမိတ်ဆွေ ” မှာ လောလောဆယ်တော့ ကလောင်ခွဲတွေ၊ နာမည်ဝှက်တွေ မရှိသေးပါဘူး။ နောက်ထွက်မယ့် သံလွင်အိပ်မက်မှာတော့ “အေးချမ်း(သံလွင်)” ဆိုပြီး ရေးဖို့ရှိပါတယ်။ ဒီတစ်ခုပါပဲ။ ကျေးဇူးပါ အစ်မ။

jumbo said...

Har har,
Like that! so funny.
our country becomes like that we will be so proud.
but nowadays-------

Anonymous said...

I like reading blog. I wanna to be blogger like u. I think i am too busy to write a blog. But i also knew that most of the blogger are very busy. Although they can write their blog. I wish good luck for u especially with your lover.

:D
ppo

Anonymous said...

Good I like it.

တောသား said...

အဟတ်..ဟတ်..ဟတ်..အိမ်မက်ကလည်း ကြံကြံဖန်ဖန်..

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။