Thursday, March 20, 2008

ဇာတိမြေ (သို့မဟုတ်) အိမ်


မမစိုးဝှက်က အားရပါးရ အကြောင်းအရာနှစ်ခုတောင် Tag လုပ်လိုက်တော့ ပထမတစ်ခုကို ကျွန်မ အရင်ဆုံးရေးရပါတော့တယ်။ ပထမတစ်ခု Tag ထားတာက ဇာတိမြေ(သို့မဟုတ်)အိမ်တဲ့ .. ။ စိတ်ထဲရှိတဲ့အတိုင်းပြောရရင် ဒုတိယတစ်ခုဖြစ်တဲ့ ဘ၀လက်တွဲဖော်ဆိုတာကို အရင်ရေးချင်တာပါ :P ။ အကြွေးတွေပုံသွားမှာစိုးလို့ ပထမတစ်ခုကို အရင်ရှင်းလိုက်ပါပြီ။

ဇာတိမြေ(သို့မဟုတ်)အိမ်

ညောင်ပွင့်လေးတွေ တဖြုတ်ဖြုတ်ကြွေနေတဲ့ လမ်းကျဉ်းကျဉ်းလေးနဲ့ ခရေပွင့်တွေကျဲထားသလို သဘာဝအလှလေးတွေဝန်းရံထားတဲ့ ဟင်္သာမြေ ပဲခူးတိုင်းရဲ့ နယ်မြို့လေးတစ်ခုဟာ ကျွန်မရဲ့ ဇာတိမြေဖြစ်ခဲ့တယ်။ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးဘေးမှာ တည်ရှိနေတဲ့ သေးငယ်သော မြို့ကလေးဟာ ကျွန်မမိဘနှစ်ပါးလုံးရဲ့ မွေးရပ်မြေဖြစ်သလို ကျွန်မအမေကလည်း မွေးရပ်မြေမှာပဲ ပြန်လည်တာဝန်ထမ်းဆောင်ရင်း ကျွန်မတို့ညီမတွေကတော့ တစ်ကျောင်းတည်းသာရှိတဲ့ အထက်တန်းကျောင်းကြီးမှာ ပညာသင်ကြားခဲ့ရတယ်။ နှစ်ဖက်ဆွေမျိုးအများဆုံးရှိသော နယ်မြို့လေးမှာ ကျွန်မတို့မိသားစုဘ၀ ဆွေမျိုးများဖြင့် သိုက်သိုက်ဝန်းဝန်းနေထိုင်ခဲ့ရတယ်။


ပဲခူးတိုင်းရဲ့ နာမည်ကြီးတစ်ခုဖြစ်တဲ့ ဟင်္သာကုန်းဘုရားဟာ ကျွန်မစိတ်ကို အစွဲဆောင်နိုင်ဆုံးနေရာတစ်ခုပါ .. ။ ရာဇ၀င်ထဲမှအမျိုးသမီးတွေထဲမှာ ကျွန်မနှလုံးသားကို အစွဲဆောင်နိုင်ဆုံး ၊ အလွှမ်းမိုးနိုင်ဆုံး အမျိုးသမီးက ဥဿပဲခူးမှ မဏိစန္နာပါပဲ .. ။ သေးငယ်တဲ့နယ်မြို့လေးရဲ့ ရပ်ကွက်တစ်ခုမှာ ကျွန်မမိဘတွေပိုင်ဆိုင်တဲ့ အိမ်ကြီးတစ်လုံးဟာ ကျွန်မဘ၀ရဲ့အမြတ်နိုးဆုံး အိမ်တစ်ခုဖြစ်ခဲ့တယ် .. ။ ရေနံတွေဝအောင်သုတ်ထားတဲ့ ပျဉ်ထောင်၂ထပ်အိမ်ကြီးဟာ မဲနက်မှောင်နေသလို ခြံတစ်ခုလုံးမှာ စိုက်ထားတဲ့ သီးပင်စားပင်နဲ့အလှပန်းပင်များက ကျွန်မတို့တစ်ခြံလုံးကို အေးမြသာယာစေခဲ့ပါတယ် .. ။ အိမ်ရဲ့ဘေးမှာ မာလကာပင်များကို ကျွန်မအဘွားကစိုက်ပျိုးလေ့ရှိတယ်။ ကျွန်မတို့အိမ်ရဲ့ အရှေ့ခြမ်းကို အလယ်မှာလူသွားလမ်းလေးပြုလုပ်ထားပြီး ဘေးဘယ်နှစ်ခြမ်းမှာတော့ အလှပင်များနှင့်သီးပင်စားပင်များကို အမေကစိုက်ပျိုးလေ့ရှိတယ်။ ရွက်လှ ၊ နှင်းဆီ ၊ စံပယ် ၊ ဂမုန်းပန်း အစရှိတဲ့ ပန်းပင်တွေနှင့် အခြားပန်းပင်သေးသေးလေးတွေကို ကျွန်မအမေက သေချာစိုက်ပျိုးထားပြီး ကျွန်မတို့ငယ်ငယ်က ပန်းပင်လှလှလေးတွေကြားမှာ ကစားရာနေရာဖြစ်ခဲ့တယ် ။ သီးပင်စားပင်တွေကို ကျွန်မအဘွားက ဒိုင်ခံစိုက်ပျိုးပြီး သူစိုက်ပျိုးထားတဲ့အသီးတွေကို သူ့ခွင့်ပြုချက်မရဘဲ ခူးမိရင် စိတ်ဆိုးလေ့ရှိပါတယ်။ မှတ်မှတ်ရရ တန်ဆောင်မုန်းလပြည့်နေ့ညမှာ လူငယ်တွေက နောက်တဲ့သဘောဖြင့် ကျွန်မအဘွား သေချာစိုက်ပျိုးထားတဲ့ ဗူးပုပင်လေးက ဗူးသီးတွေအားလုံးကို တစ်ခြမ်းစီပဲ ခူးသွားတာပါ။ ကျွန်မတို့အိမ်က သစ်ပင်ကြီးတွေနှင့်အုပ်မိုးနေတာကြောင့် အိမ်ဘက်အခြမ်းကနေ ဗူးသီးတစ်ခြမ်းကိုပဲမြင်ရပြီး လမ်းမဘက်မှာတော့ ဗူးသီးတစ်ခြမ်းမရှိတာကို အိမ်ထဲကနေ မမြင်ရပါဘူး။ နောက်တစ်နေ့မှာတော့ စိတ်ဆိုးမာန်ဆိုးနဲ့ ကျွန်မအဘွားက ခြံရှေ့က သူ့ဗူးပင်တွေကို ဆူးခက်တွေနှင့် ၀ါးခြမ်းပြာတွေနှင့် ကာထားပါတော့တယ်။

နေ့ခင်းဘက်မှာ ကျွန်မတို့တစ်ခြံလုံးမှ အပင်များက အေးမြမှုပေးပြီး ညခင်းဘက်မှာတော့ ညမွှေးပန်းရနံ့များနှင့် တိတ်ဆိတ်အေးချမ်းမှုကို ရရှိစေပါတယ်။ အပြင်ကပြန်လာပြီး ကျွန်မတို့ခြံထဲကို ၀င်လိုက်တိုင်း အေးမြတဲ့အရိပ်ကို နင်းလိုက်ရသလို ခံစားရတာကြောင့် ဘုန်းကြီးကျောင်းနှင့်နီးသော ကျွန်မတို့အိမ်ခြံထဲကို သက်ကြီးရွယ်အိုများက လာနားခိုလေ့ရှိပါတယ်။ ကျွန်မတို့ရပ်ကွက်ထဲမှာ ကျွန်မအမေစိုက်ပျိုးထားတဲ့ သံပုရာပင်ကြီးက လူသိများပါတယ်။ ကြီးမားရွှန်းလဲ့ဝါ၀င်းနေတဲ့ သံပုရာခိုင်အတွဲလိုက်ကြီးများက မြင်ရသူတိုင်းကို လိုချင်စေလှပါတယ်။ ဘုန်းကြီးကျောင်းကို ဥပုသ်လာစောင့်တဲ့ သက်ကြီးရွယ်အိုတွေကို ကျွန်မတို့အိမ်က သံပုရာသီးများ လှူဒါန်းလေ့ရှိတာကြောင့် ဘုန်းကြီးကျောင်းလာသူများက ကျွန်မတို့အိမ်မှာဝင်ပြီး သံပုရာသီးဝင်တောင်းတာ အကျင့်လိုဖြစ်နေခဲ့ကြတယ်။ `ဟော်လန်သံပုရာ´လို့ အမည်တွင်တဲ့ သံပုရာကြီးက ရေသောက်တအားများပါတယ်။ ရေသောက်ဖို့အတွက် မြေကြီးတွေကို အမြစ်နေရာမှာ တစ်တောင်လောက်မြင့်အောင် ဖို့ထားရပြီး ထိုရေသောက်မြစ်နေရာကို မနက်စောစောတစ်ခေါက် ၊ ညနေခင်းတစ်ခေါက် ကျွန်မတို့ ရေအပြည့်ဖြည့်ပေးရပါတယ်။ သံပုရာပင်တစ်ပင်ကြီးကပဲ ခြံရဲ့အရှေ့ဘက်တော်တော်များမှာ အကိုင်းခက်ကြီးများစွာနှင့် နေရာယူထားတာကြောင့် အချို့နေရာမှာ ၀ါးလုံးအချို့နှင့်ဒေါက်ထောက်ထားရပါတယ်။

ကျွန်မတို့အိမ်မှာ ကျွန်မအဘွား ၊ ကျွန်မအမေ ၊ ကျွန်မအဒေါ်မောင်နှမနှင့်ကျွန်မတို့ညီမတွေ စုနေကြပါတယ်။ ကျွန်မတို့ငယ်စဉ်က ကျွန်မအဖေက မြန်မာပြည်မှာ အရာရှိအင်ဂျင်နီယာအဖြစ် တာဝန်လှည့်ထမ်းဆောင်နေပြီး ကျွန်မကျောင်းနေအရွယ်မှာပဲ ပြည်ပကို ထွက်ခွာသွားခဲ့ပါတယ်။ ပြည်ပမှာ အလုပ်လုပ်နေတဲ့ ကျွန်မအဖေက ကျွန်မတို့နှင့် ငယ်ငယ်ကတည်းက အတူမနေခဲ့ရပါဘူး။ မနက်စောစောမှာ ကျွန်မတို့ညီမတွေက ကျွန်မအဒေါ်မောင်နှမ လိုက်ပို့ပေးတဲ့ စက်ဘီးနောက်က ထိုင်လိုက်ပြီး ကျောင်းကိုသွားရတဲ့အချိန်တွေ ၊ တစ်ခါတစ်ရံ ညောင်ပွင့်တွေ ခရေပွင့်တွေ ကောက်ချင်တိုင်း ကျောင်းကိုလမ်းလျှောက်သွားခဲ့ရတဲ့ မနက်ခင်းတွေကို ကျွန်မ အမြဲသတိရလေ့ရှိပါတယ်။

ကျွန်မတို့အိမ်ရဲ့အနောက်ဘက်ခြမ်းကတော့ အရှေ့ခြမ်းရဲ့၂ဆလောက် ပိုမိုကျယ်ဝန်းပါတယ်။ အိမ်နောက်ဘက်ကနေ ကြည့်လိုက်ရင် ခပ်လှမ်းလှမ်းက ရထားလမ်းကြီးကို မြင်ရပါတယ်။ ရထားလာတိုင်း ကျွန်မတို့ငယ်စဉ်က တစ်ခါတစ်လေ အိမ်အနောက်ဘက်က ထိုးထွက်ပြီး ရထားပေါ်ကလူတွေကို တာ့တာသွားပြကစားလေ့ရှိပါတယ်။ ကျွန်မတို့အိမ်နောက်ဘက်မှာတော့ သရက်ပင်မျိုးစုံက နေရာယူထားပါတယ်။ အမျိုးအစားတွေများလွန်းလို့ ကျွန်မက နာမည်တွေ အမြဲမမှတ်မိပါဘူး။ ကျွန်မအကြိုက်ဆုံးသရက်ပင်တစ်မျိုးနာမည် `မချစ်စု´ကိုပဲ ကျွန်မ မှတ်မိတယ်။ သပြေပင်နှစ်ပင်နှင့် ကဒတ်ပင်တစ်ပင်ကလည်း ကျွန်မတို့အကြိုက်ဆုံးအပင်တွေပါပဲ။ ရေတွေကြီးပြီး သပြေသီးတွေ တဖြုတ်ဖြုတ်ကြွေနေတဲ့ မြင်ကွင်းက ကျွန်မအတွက် မရိုးနိုင်တဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။ ကဒတ်ရွက်နုနုလေးတွေကို အချဉ်ခံစိမ်ပြီး သေချာလုပ်တတ်တဲ့ ကျွန်မအဘွားကြောင့် ကဒတ်ရွက်ကို ကျွန်မစားတတ်ခဲ့တယ်။ သရက်ပွင့်တွေဝေနေချိန်မှာ ကျွန်မတို့ညီမတွေက ပျော်လို့ သရက်ပွင့်တွေကို ခူးပြီးကစားတိုင်း အဘွားဆူလေ့ရှိတာတွေကို ကျွန်မ သတိရနေမိပါတယ်။ သရက်ကင်းနုနုလေးတွေကို မနက်စောစော ခြံထဲမှာ အဘွားနှင့်အတူလိုက်ကောက်ရင်း သစ်ရွက်ခြောက်တွေလှည်းပြီး စကားစမြည်ပြောခဲ့တဲ့ မနက်ခင်းတွေက ကျွန်မအတွက် ပြန်မရနိုင်တော့ပါဘူး။ အုန်းတံမြက်စည်းကို အဘွားကကိုယ်တိုင်လုပ်ပြီး ကျွန်မတို့အားတိုင်း အဘွားနှင့်အတူ သစ်ရွက်ခြောက်တွေလှဲရပါတယ်။ အုန်းပင်အောက်မှာ ကျွန်မတို့ကစားတိုင်း အုန်းသီးပြုတ်ကျမှာစိုးလို့ အမြဲမှာကြားတတ်တဲ့ ကျွန်မအဒေါ်မောင်နှမနှစ်ယောက်လုံးကိုလည်း ကျွန်မ သတိရမိတယ်။ အလုပ်တစ်ဖက် ၊ အိမ်တစ်ဖက်နှင့် စီမံခန့်ခွဲမှုတွေကြား အလုပ်များနေတတ်တဲ့ ကျွန်မအမေကို ကျွန်မတို့ချစ်ကြောက်ရိုသေရတယ်။ စည်းကမ်းကြီးပြီး မှန်မှန်ကန်ကန်နေလေ့ရှိတဲ့ အမေ့ရဲ့အကျင့်စာရိတ္တကြောင့် အမေက ကျွန်မတို့နယ်မြို့လေးမှာ လူသိများထင်ရှားတဲ့ ကျောင်းဆရာမတစ်ယောက်ဖြစ်ခဲ့တယ်။



ကျွန်မတို့ဇာတိမြို့လေးက နှစ်စဉ် ရိုးရာပွဲလမ်းသဘင်တွေနှင့် စည်ကားလေ့ရှိပြီး မြို့သူမြို့သားများက အရိုးခံစိတ်ထားရှိကြတယ်။ မြို့ပြင်ကိုထွက်ကြည့်လိုက်တိုင်း စိမ်းလန်းနေတဲ့လယ်ကွင်းတွေက အေးမြလန်းဆန်းသော လေကို ပေးပြီး တောင်သူလယ်သမားတွေရဲ့ဘ၀ကို လေ့လာကြည့်ရှုနိုင်ပါတယ်။ မွန်လူမျိုး ၊ ထားဝယ်လူမျိုးနှင့် မြန်မာလူမျိုးအများစု စုပေါင်းနေထိုင်တဲ့ ကျွန်မတို့ဇာတိမြို့လေးရဲ့ စကားသံအချို့ကလည်း ရန်ကုန်လေသံနှင့် အနည်းငယ်ကွာခြားပါတယ်။ ဘာသာတရားကိုင်းရှိုင်းကြတဲ့ ကျွန်မတို့မြို့လေးမှာ သီတင်းကျွတ်လနှင့်တန်ဆောင်မုန်းလများက အစည်ကားဆုံးပါပဲ။ တစ်မြို့လုံးမှာရှိသော စေတီကြီးများတွင် ဆီမီးတစ်ထောင်ထွန်းညှိပြီး မြို့သူမြို့သားများက ပူဇော်ရှိခိုးလေ့ရှိကြပါတယ်။ ငှက်ပျောတုံးများကို အပြားလိုက်လှီးဖြတ်ထားသော ငှက်ပျောအချပ်များပေါ်တွင် ဖယောင်းတိုင်များထွန်းညှိပြီး ဘုန်းကြီးကျောင်းများရှိ ကန်ရေပြင်များတွင်လည်း ပူဇော်ထွန်းညှိလေ့ရှိပါတယ်။

နာမည်ကြီး ကြုံတူဘုရားကြီးကတော့ မြို့ပြင်နားမှာ ကျယ်ဝန်းစွာတည်ရှိနေပြီး တစ်နှစ်တစ်ကြိမ် ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြတယ်။ ကျွန်မတို့ညီမတွေက ဘုရားပွဲတော်လုပ်တိုင်း ရှားရှားပါးပါးရောင်းသော ကောက်ညှင်းကျည်တောက်တစ်ခုကိုပဲ နှစ်သက်စွာဝယ်စားရင်း ကျေနပ်လေ့ရှိခဲ့ကြတယ်။ ဥစ္ဆာစောင့်တွေပေါများတယ်လို့ ရှေးလူကြီးတွေ ပြောခဲ့ကြတဲ့ ကြုံတူဘုရားကြီးမှာ လူတွေမထိုင်ရသတ်မှတ်ထားတဲ့ လွှဲဒန်းတွေကိုလည်း ပြုလုပ်ထားတယ်။ ထိုဒန်းလေးတွေရဲ့ကြိုးမှာ ပန်းတွေကို စွပ်ထားပြီး လူတွေက အလိုက်တသိ ရှောင်သွားလေ့ရှိတယ်။ ကလေးဘ၀ငယ်စဉ်က ကျွန်မက နားမလည်ဘဲ အဲဒီဒန်းမှာ သွားထိုင် ပန်းကုံးတွေကိုချွပ်ယူပြီး ခေါင်းမှာစွပ်ခဲ့မိလို့ ကျွန်မဆွေမျိုးတွေနှင့် အဒေါ်တွေက ထိတ်လန့်စွာ ရှိခိုးတောင်းပန်ခဲ့ပုံကို ကျွန်မ ယောင်တောင်တောင်ဖြစ်ခဲ့ဖူးတယ်။ ကားမောင်းသမားတွေက ကျွန်မတို့မြို့လေးကို နတ်ကြီးတယ်လို့ ယူဆကြပြီး သတိထားကြတာတွေလည်း များကြတယ်။ ကျွန်မအတွေးထဲမှာတော့ သတိမရှိသူများ အသက်အန္တရာယ်နှင့်ကြုံရခြင်းကို နတ်ကြီးတယ်ဟု လူအချို့က ထင်ယောင်ထင်မှားတလွဲတွေးကြတယ်လို့ပဲ ယုံကြည်ခဲ့တယ်။

ရိုးသားခြင်း ၊ တစ်ယောက်နှင့်တစ်ယောက် စေတနာထားခြင်းတို့ဖြင့် ချစ်ဖို့ကောင်းသော မြို့လေးကို ကျွန်မ အလယ်တန်းကျောင်းသူဘ၀မှာပဲ အပြီးပိုင်ခွဲခဲ့ရပါတယ်။ ရန်ကုန်မြို့တော်ကြီးကို ကျွန်မ ပြောင်းရွှေ့သွားခဲ့ပေမယ့် တစ်နှစ်တစ်ကြိမ်တော့ အလည်ပတ်ပြန်သွားခဲ့တယ်။ ရန်ကုန်မြို့တော်က ကျွန်မအိမ်မှာ လေးနှစ်လောက် ကျွန်မနေခဲ့ရတာမို့ ကျွန်မရဲ့ဒုတိယအိမ်ဖြစ်လာခဲ့ပါတယ် .. ။ ကျွန်မရဲ့ဇာတိမြေနဲ့ကွာခြားစွာ ဆူညံရှုပ်ထွေးနေတဲ့ ကျောက်မြောင်းရပ်ကွက်မှာ ကျွန်မနေထိုင်ခဲ့ရင်း တက္ကသိုလ်ဝင်တန်းကို ပြီးဆုံးခဲ့ပါတယ်။ အခုချိန်မှာ ပထမအိမ်ကိုရော ၊ ဒုတိယအိမ်ကိုရော ကျွန်မလွမ်းဆွတ်မိပါတယ်။ ကျောက်မြောင်းမှာ နေထိုင်ခဲ့တဲ့ အချိန်တွေကလည်း ကျွန်မအတွက် မမေ့နိုင်စရာတွေပါ။ ရေမလာလို့ ရေ၀ယ်သုံးခဲ့ရတဲ့ရက်တွေ ၊ စိတ်ညစ်လွန်းလို့ နယ်ပြန်ပြေးချင်ခဲ့တဲ့ မီးမလာခဲ့တဲ့ရက်တွေ ၊ ခဏခဏ သန်းခေါင်စာရင်းလာစစ်လွန်းလို့ အိပ်ရေးပျက်ခဲ့တဲ့ညတွေ ၊ မကြာခဏ ဘာမှန်းမသိ အလှူလာခံလွန်းတဲ့ ရပ်ကွက်လူကြီးတွေ အားလုံးကလည်း မမေ့နိုင်တဲ့ အတွေ့အကြုံတွေပါ .. ။ နယ်နှင့်ရန်ကုန်အပြောင်းအရွှေ့ကြားမှာ ရန်ကုန်ကို ပုံစံ(၁၀)နေထိုင်ခွင့်ပြောင်းချိန်က လူကြီးတွေ၏အရစ်ရှည်မှု ၊ မလိုအပ်သော ဟိန်းဟောက်မှုများဖြင့် အလှူငွေတောင်းမှုတွေကို ကျွန်မတို့မိသားစု စိတ်ညစ်ခဲ့ရဖူးပါတယ်။

ထိုစိတ်ညစ်မှုများကြောင့်ပဲ ကျွန်မချစ်သော အမိမြေကနေ အပြင်ကိုရောက်လာခဲ့ရပါတယ်။ လွတ်လပ်စွာ ၊ ငြိမ်းချမ်းစွာ ၊ တရားမျှတစွာ နေချင်မှု၏ဆုံးဖြတ်ချက်အဖြစ် အိမ်ပြန်ချိန်နှင့် အလှမ်းဝေးစွာ တခြားတစ်နေရာကို ပျော်ရွှင်ခြင်းကင်းမဲ့စွာ ကျွန်မတို့ရောက်ရှိလာခဲ့ရတယ် .. ။ ကျွန်မတို့အားလုံးဟာ လွင့်မျောနေသော တိမ်တိုက်တွေနှင့်တူနေပါတယ် .. ။ ဟိုတစ်စု ၊ ဒီတစ်စု ရောက်ရှိနေကြရင်း ခြစားနေတဲ့ အိမ်ကြီးကို ကောင်းအောင် မပြုပြင်နိုင်ကြသေးဘူး။ အိမ်ပြန်ချိန်နဲ့ဝေးလေလေ ၊ လွင့်မျောရတဲ့ဘ၀နေ့စွဲဒိုင်ယာရီတွေက တဖြေးဖြေးပိုများလာလေပါပဲ .. ။ ရိုးသားအေးချမ်းစွာ နေထိုင်ကြတဲ့ ကျွန်မတို့ဇာတိမြေလေးမှာရော စားဝတ်နေရေးအတွက် အခက်ခဲပေါင်းများစွာ အားလုံးရင်ဆိုင်နေရမှာပါ .. ။ ဇာတိမြေကိုမခွဲချင်ကြပေမယ့် အားလုံးဟာ တိမ်တစ်စလို့ လွင့်မျောရင်း နေရာအနှံ့မှာ ခြေဆန့်ခဲ့ကြရပြီ။ အမှတ်တရလို့ မတွေးခဲ့မိတဲ့ အေးချမ်းစွာနေခဲ့ရတဲ့ရက်လေးတွေက ဘ၀ဒိုင်ယာရီစာမျက်နှာတွေမှာ လွမ်းဆွတ်ခြင်းဒိုင်ယာရီအဖြစ် နေရာယူတတ်ခဲ့ပြီ .. ။ မိုးစက်မိုးပေါက်တွေ တဖောက်ဖောက်ရွာသွန်းနေချိန် ၊ ရွက်ဝါတွေကြွေလွင့်ချိန် ၊ ချမ်းအေးတဲ့ မနက်ခင်းတွေ အစရှိတဲ့ ရာသီစက်ဝန်းများဖြင့် လည်ပတ်နေသော မွေးရပ်မြေနှင့် ကျွန်မခြေလှမ်းတွေက ယခုတိုင်ဝေးကွာနေဆဲ .. ။ မချမ်းသာခဲ့ပေမယ့် နွေးထွေးလုံခြုံစွာ ဘ၀အဓိပ္ပါယ်အချို့ပြည့်နှက်နေခဲ့တဲ့ ရက်တွေက တဖြေးဖြေးဝေးကွာခဲ့ပြီး လူသားမဆန်တဲ့ စက်ရုပ်တွေကြားမှာ ရှင်သန်နေရတိုင်း ဘယ်ဘက်ရင်ထောင့်က တိုးတိုးတိတ်တိတ် အလွမ်းတွေနှင့် ငိုကြွေးခဲ့ရပါတယ်။ ကံကြမ္မာနှင့်ဘ၀ဆိုတာကြီးကို အံတုရင်ဆိုင်နေချိန် အပြုံးစစ်စစ်ဖြင့်ဟန်မလုပ်ထားတဲ့ မြို့သူမြို့သားတွေပုံရိပ်ကို မြင်ယောင်တမ်းတခဲ့မိပါတယ် .. ။

မွေးရပ်မြေနှင့်အိမ်အကြောင်း ရေးချင်တာရေးဖို့အတွက်

၁) မမဂျစ်တူး

၂) မမခွန်မြလှိုင်

၃) ကိုဗမာပြည်သား

၎) မောင်လေးထူးမြတ်တို့ကို TAG လုပ်လိုက်ပါတယ် :)

9 comments:

Anonymous said...

Loving this post..,

Thanks for sharing your feeling. Keep going Pal!!

Weldone!!

SMNTL

Anonymous said...

ဖတ်ရတာ ရင်ထဲနင့်သွားတာပါပဲ လင်းရေ။ နောက်ဆုံးစာပိုဒ်လေးကိုအကြိုက်ဆုံးပဲ။

နှင်းပွင့်ဖြူ said...

ပဲခူးသူလေ
ပခူးရွေမောဓော ဘုရား တစ်ခေါက်ပဲရောက်ဖူးတယ်
ဒါတောင် လမ်းကြုံလို့ဝင်လိုက်တာ ..
နီးရက် နဲ့ဝေး ဆိုတာမျိုးပေါ့
း)
အဆင်ပြေပါစေ
ညီမလေး လင်းလက်

တန်ခူး said...

လင်းလက်ရေ...ပဲခူးကအိမ်လေးက တကယ့်လွမ်းစရာလေးနော်။ တကယ်ရောက်သွားသလို ခံစားရအောင်ရေးနိုင်တယ်။

YeKyawAungMDY said...

Sis Lin lett!!! I really miss my hometown when i read about your hometown!! I do wanna go back!!

Unknown said...

ညီမလေးေ၇...

နေ့သစ်တွေမှာ အမြဲလှပနိုင်ပါစေ.... အချိန်တန်ရင်တော့ အိမ်ပြန်ရမှာ... ဒါပေမယ့် ငြိမ်းချမ်းသာယာနေရင်တော့ ပိုပြီးပြည့်စုံမှာပါ...

တို့မောင်နှမတွေ တနေ့တော့ ... လှပခြင်းတွေ ပွင့်ဖူးမယ့် ဇာတိမြေမှာပြန်ဆုံကြပါစို့...

Tin said...

This is the 3rd blog today i had reading about home and it's really nice n I miss my mother home (Burma). And hope , one day we will be together again somewhere in Burma.
It's also remind me the sound name ( mother house ) which famous during 1969~70 in Burma.
I would say " no place like mother home ".

Tin said...

အမေ့ အိမ်

အ ကို တွေ..အ မ တွေ ရဲ့ အလယ် အမေ က ကျမ ကို ပို ကာ အထွေး ဆုံး မို့  ချစ် တယ် ချစ် တယ်...
အဆိုး အနွဲ့ တွေ နဲ့ မိဘ ရဲ့ အရိပ် မှာ ကွယ် ပူပင် သောက တွေ လဲမရှိ ခဲ့ ပါ တယ်..
လူ့ လောက အလယ် လျှောက်ရတဲ့ အခါ ချစ်ရတဲ့ သူ တွေ့ ရ ပြန် တော့ အမေ့ အိမ် ကို လဲ မေ့ ထား ခဲ့ ပါ တယ်..
ရုန်း ကန် ရင်း ဘဝ မှာ လေ ကွယ် ကျင်လယ် ခံ စား ရ ပြန် များ လာ တော့် အမေ့ အိမ် ကို ဘဲ သမီး အောင့် မေ့ လှ ပါ တယ်..

ဒီ သီ ချင်း လေးဟာ ဟိုး.........လွုန်ခဲ့သော နှစ် ၃၀ လောက်က မြန်မာ့အသံကနေ လာနေ ကြ သီ ချင်း လေး ပါ..
အကြောင်းအမိုးမိုး နဲ့ အမေ့ အိမ် ( မြန်မာပြည် ) ကို ခွဲခါ နေ ရ သူ ညီ အကို မောင်နှမ များအား မျှဝေ ခံစား နိုင် ရန် အတွက် ဖြစ်ပါတယ်.

Anonymous said...

My dear Younger Sister, Lin Let Kyal Sin;

Your post was hit my heart.
You are younger than me, but your experience is more than other elder.A lot of elder or younger people are forgot their lives and their homeland.Because of they are ?????/ Just I want to say you thank you for reading your article.

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။