Thursday, February 14, 2008

ချစ်ခြင်းအလင်္ကာများနှင့်ချစ်သူများနေ့


ကျေးငှက်လေးတွေ တသီသီအော်မြည်နေသော မနက်ခင်းတစ်ခုမှာ လန်းဆန်းစွာဖြင့် မျက်လုံးတွေကိုဖွင့်လိုက်သည်။ အတွေးထဲမှာ ချက်ချင်းဝင်ရောက်လာတာက `ချစ်သူများနေ့´ ..။ ချစ်တတ်သူတိုင်းအားလုံးအတွက် ချစ်သူများနေ့က ရောက်ရှိလာခဲ့ပြီ .. ။ နှစ်တစ်နှစ်၏၁၂လထဲတွင် ဒီဇင်ဘာလနှင့်ဖေဖော်ဝါရီလကို ကျွန်မအချစ်ဆုံးဖြစ်သည်.. ။ အမှတ်တရနေ့ပေါင်းများစွာ ၊ ချစ်ခင်ကြင်နာမှုများစွာဖြင့် ဖွဲ့စည်းထားသော ဖေဖော်ဝါရီလသည် ကျွန်မအတွက်တော့ မရိုးနိုင်သော ချစ်ခြင်းအလင်္ကာလတစ်ခုပင်ဖြစ်နေမြဲ .. ။ ချစ်သူများနေ့မရောက်ခင်အချိန်မှာ အတွေးစိတ်ကူးများဖြင့် ကြိုတင်ရင်ခုန်ရသည် .. ။ ချစ်သူများနေ့ကို ကြိုဆိုရမည့် စိတ်ကူးများကို အတွေးထဲမှာ ပုံဖော်ရင်း ကြည်နူးမှုများလည်း ရင်တစ်ခုလုံးကိုလွှမ်းခြုံထားသည်။

လူတိုင်းမှာ ချစ်တတ်သော နှလုံးသားတစ်စုံ ရှိနေပါလိမ့်မည် ။ `အချစ်´ဆိုတာ အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုတတ်ကြပေမယ့် ချစ်ခြင်းအလင်္ကာကတော့ ချစ်သူတိုင်းအတွက် တူညီသော ပုစ္ဆာတစ်ပုဒ်ပါပဲ။ မိမိ၏ချစ်ခြင်းကို အမျိုးမျိုးဖွဲ့ဆိုပြသကြမည့် ချစ်သူများနေ့မှာ အချစ်နှင့်သက်ဆိုင်သော သင်္ကေတလက်ဆောင်လေးတွေ အချင်းချင်းအပြန်အလှန်ဖလှယ်ရင်း ဒီနေ့မှာတော့ ရီသံချိုချိုလေးတွေ နေရာတိုင်းမှာ ပျံ့နှံ့နေမှာပါ။ အတွေးများဖြင့် စိတ်ကူးထဲမှ စကားပြောနေရင်း ကျွန်မဘ၀တစ်ခုလုံး၏အလင်းရောင်ဖြစ်သော `ချစ်သူ´ကို စိတ်ထဲမှ ခပ်တိုးတိုးလေး တမ်းတမိသည်။ အိပ်ချိန်ပင်လုံလုံလောက်လောက်မရှိဘဲ စုပုံနေသော အလုပ်များကြား ပင်ပန်းစွာ အလုပ်များနေမည်ဖြစ်သော ချစ်သူ့အကြောင်း တွေးမိရုံလေးနှင့် သနားကြင်နာမိသည် .. ။ တစ်ချိန်က စိတ်အလိုမကျဖြစ်ခဲ့သောအရာများက ယခုအချိန်မှာ သနားကြင်နာခြင်းအဖြစ်သို့ပြောင်းလဲသွားတာကို ချစ်သူကောင်းကောင်းသိပါလိမ့်မည်။ များပြားလွန်းသော အလုပ်များကြား နားချိန်ပင်မပေးနိုင်ပေမယ့် ပုံမှန်ဖုန်းဆက်တာတွေ ၊ နေမကောင်းချိန် ကျွန်မစိတ်တိုင်းကျ အကုန်ဖြစ်အောင်လုပ်ပေးခဲ့တာတွေ အားလုံးကိုတွေးမိတိုင်း ချစ်သူ၏ချစ်ခြင်းမေတ္တာအားလုံးကို နှလုံးသားမှာ ကျောက်စာထွင်းရေးထိုးထားမိသည်။


ချစ်သူ့အကြောင်း ရေးဖွဲ့ရလျင် ကျွန်မလက်ထဲမှ ဖောင်တိန်ချောင်းပျောက်ကွယ်သွားသည့်အထိ ရေးဖွဲ့၍ကုန်နိုင်မည်မထင်။ ချစ်သူကို ဘာကြောင့်ချစ်လဲဟု မေးတိုင်း သေချာသော အဖြေ ကျွန်မမှာမရှိခဲ့။ ချစ်သူနှင့် အနာဂတ်လမ်းပေါ်မှာ အတူလက်တွဲသွားချင်တာ ၊ အဆိုးအကောင်းအားလုံး တူညီစွာခံစားချင်တာ ၊ ချစ်သူအတွက် အကြင်နာမေတ္တာအားလုံးပေးအပ်ချင်တာ အစရှိသော ခံစားချက်များဖြင့် ချစ်သူကို မြတ်နိုးစွာ ကျွန်မ ချစ်ခဲ့သည်။



အလွန်အကျွံဆိုးခဲ့သော ကျွန်မအပြုအမူများကို စဉ်းစားတိုင်း ချစ်သူကို တိုး၍ကြင်နာမိသည်။ တည်ငြိမ်ရင့်ကျက်သည်ဟု အများထင်ရသော ကျွန်မစိတ်နှလုံးသားထဲမှ ချစ်သူကိုမြင်လျင် ဆိုးနွဲ့ဖို့လောက်သာ သိခဲ့ဖူးသည်။ သည်းခံမှုများ ၊ နားလည်မှုများ ၊ အလိုလိုက်မှုများ ဖြင့် ဖွဲ့စည်းဖြစ်တည်နေသော ချစ်သူ၏အချစ်ကို တစ်ခါတစ်လေ ကျွန်မပင် မယုံကြည်နိုင်အောင်ဖြစ်ရသည်။ နောက်ဆုံးတော့ ကျွန်မပင် ချစ်သူကိုသနားမိကာ စိတ်လျှော့ခဲ့သည်။ စိတ်ဓါတ်ပြင်းထန်သော ကျွန်မအတွက် ချစ်သူနှင့်တွေ့ပြီးနောက်ပိုင်းမှာ စိတ်ပိုတည်ငြိမ်ခဲ့ရသည်။ ချစ်သူက ကျွန်မအတွက် နေတစ်စင်းဖြစ်သလို လတစ်စင်းလည်းဖြစ်သည်။ ကျွန်မအားငယ်ချိန်တိုင်း ချစ်သူက အကြင်နာလက်တစ်စုံဖြင့် နွေးထွေးအားပေးခဲ့သည်။ ကျွန်မပျော်ရွှင်ချိန်တိုင်း ကျွန်မပျော်ရွှင်မှုများကို မျှဝေခံစားပေးသည်။ ကျွန်မ၀မ်းနည်းချိန်တိုင်း အားမာန်သစ်တွေပြန်ရဖို့ အမြဲတမ်း အဖြေများစွာပေးခဲ့ဖူးသည်။ ကျွန်မစိတ်တိုချိန်တိုင်း စိတ်မတိုအောင် ကြံဖန်ပြောတတ်သူမှာလည်း ချစ်သူပင်ဖြစ်သည်။

အေးမြသော ဆောင်းလေများတိုက်ခတ်နေပြီး ဆောင်းလရာသီဝင်တော့မည့် ရက်ပိုင်းတစ်ခုမှ ချစ်သူကို ကျွန်မ စတွေ့ခဲ့သည်။ စတွေ့တွေ့ချင်း ထူးခြားသော သူ့အပြောအဆို ၊ အတွေးအခေါ်များက ကျွန်မကို သတိထားမိစေခဲ့သည်။ ချစ်သူ၏အကြောင်း ၊ ချစ်သူ၏လုပ်ရပ်များကို မျက်ဝါးထင်ထင်မြင်တွေ့ရချိန်မှာ ခင်မင်လေးစားစိတ်များ ရင်မှာပြည့်လျှံခဲ့ရသည်။ မထင်မှတ်သောအချိန်တစ်ခုအတွင်း ကျွန်မသိလိုက်ရသည်က မတောက်တခေါက်လျှောက်ရေးသော ကျွန်မစာပေများကို ချစ်သူက အားပေးမြတ်နိုးသည်တဲ့လေ။ ချစ်သူရေးသော အားပေးစာများ ၊ အကြံဥာဏ်စာများက ချစ်သူနှင့်စတင်ခင်မင်သောအချိန်မှာပင် အဖိုးထိုက်တန်သော ရတနာများဖြစ်ခဲ့သည်။ ကျွန်မ၏ရူးကြောင်ကြောင် ခံစားချက်များကို စာနာနားလည်ပေးခဲ့သော ချစ်သူနှင့်ခင်မင်ရချိန်မှာ ကျွန်မ၏စိတ်များ ပိုမိုတည်ငြိမ်သွားခဲ့ရသည်။ ခံစားမှုအပိုင်းနှင့်ပတ်သတ် အင်မတန် နုလွန်းသော ကျွန်မအတွက် ချစ်သူ၏အေးမြသော မေတ္တာက အလင်းရောင်တစ်ခုအဖြစ် ကျွန်မ၏နှလုံးသားထဲ စတင်ချဉ်းနင်းဝင်ရောက်လာခဲ့သည်။

ခင်မင်ရသော မိတ်ဆွေသက်တမ်းမှာပင် ကျွန်မဘေးမှာ အမြဲတမ်းရပ်တည်ပေးခဲ့သော ၊ ကျွန်မ၏လိုအပ်ချက်များကို အစဉ်တစိုက်အကြံပြုခဲ့သော .. ချစ်သူ၏အပြုအမူများကို တိတ်တဆိတ်တွယ်တာခဲ့မိသည်။ ချစ်သူ၏ စေတနာအပြည့်ဖြင့် အများအတွက်လုပ်ဆောင်နေသော ကိစ္စတစ်ခုကပင် ချစ်သူအပေါ်လေးစားစိတ်များ ပိုမိုပြည့်လျှံခဲ့ရသည်။



အေးမြသော မနက်ခင်းတစ်ခုမှာ မိတ်ဆွေတစ်ယောက်ဖိတ်ကြားမှုကြောင့် ချစ်သူပြုလုပ်မည့် အစည်းအဝေးတွေ့ဆုံပွဲတစ်ခုကို ကျွန်မ ရောက်ရှိသွားခဲ့ရသည်။ ကျွန်မအတွက် စိုးရိမ်စိတ်ဖြင့် ဖုန်းဆက်မှာကြားသော ချစ်သူအသံကို နားထောင်ရင်း ကျွန်မစိတ်ထဲ နွေးထွေးခဲ့ရဖူးသည်။ အနည်းငယ်စိတ်လှုပ်ရှားမှုဖြင့် တွေ့ဆုံပွဲသို့ ကျွန်မသွားရောက်ခဲ့သည်။ မရင်းနှီးသော ပတ်ဝန်းကျင်အလယ်မှာ ရင်ခုန်စွာဖြင့် တောင်ကြည့်မြောက်ကြည့်လုပ်နေတုန်း ချစ်သူ၏ ကြည်လင်သောအသံက ကျွန်မ၏စိုးရိမ်စိတ်များကို ဖယ်ရှားပေးခဲ့သည်။ ချစ်သူရှေ့မှာ ခေါင်းလေးငုံ့ပြီး ၀င်ထိုင်လိုက်ချိန်မှာ ဝေ့ကြည့်လိုက်သော ချစ်သူအကြည့်တစ်ချက်က အင်မတန် မကြောက်တတ်ပါသော ကျွန်မစိတ်နှလုံးသားကို ယိုင်နဲ့သွားစေခဲ့သည်။

လူကြီးများစွာအလယ်မှာ အငယ်ဆုံးအမြဲဖြစ်ရပေမယ့် ပြောစရာရှိတာကို ခပ်သွက်သွက်ပြောတတ်သည့် ကျွန်မအကျင့်က ချစ်သူရှေ့ရောက်သွားချိန်မှာ စကားတွေပင်မေ့လုမတတ်ဖြစ်ခဲ့ရသည်။ ထိုနေ့က ချစ်သူထံမှ ကြင်နာနွေးထွေးမှုများဖြင့် ပြည့်နှက်နေသော မျက်ဝန်းတစ်စုံကိုရှာဖွေတွေ့ရှိခဲ့ရသည် .. ။ အပြန်လမ်းတစ်လျှောက်လုံး ချစ်သူပြောသောစကားများစဉ်းစားရင်း ချစ်သူအပေါ် ပို၍သံယောဇဉ်ပိုတွယ်ခဲ့ရသည်။ သူစိမ်းယောက်ျားတစ်ဦးက ကော်ဖီတစ်ခွက်သောက်ဖို့ပင် ကမ်းလှမ်းခဲ့သည့်တိုင် ငြင်းပယ်တတ်သည့် ကျွန်မစိတ်နှလုံးသားက ချစ်သူ၏ဖိတ်ကြားမှုတစ်ခုကို နာရီပိုင်းမျှသာစဉ်းစားပြီး လက်ခံခဲ့သည်။ ချစ်သူ၏ အားမာန်ပြည့်သော စကားများအားလုံးက ချစ်သူနှင့်ကျွန်မရှေ့က ကော်ဖီခွက်များအားလုံး အေးစက်နေခဲ့ပေမယ့် ကျွန်မရင်တစ်လျှောက်လုံး နွေးထွေးကြည်နူးခဲ့ရဖူးသည်။

တော်ရုံယောက်ျားလောက်ကို ချစ်နိုင်ဖို့ စိတ်မကူးတတ်သည့် ကျွန်မနှလုံးသားနှင့်ဦးနှောက်ထဲမှာ ချစ်သူကို တွယ်တာမှုပေါင်းများစွာ ၊ သဘောကျမှုပေါင်းများစွာအစပျိုးပြီး ချစ်ခြင်းမေတ္တာတစ်ခု စတင်ပေါက်ဖွားလာခဲ့သည်။ အကျင့်စရိုက် ၊ ၀ါသနာချင်းတူသည့် ချစ်သူနှင့်ကျွန်မအတွက် ညှိရသည့်အရာမှာ သိပ်မရှိပေ ။ ချစ်သူ၏အချစ်ကို လက်ခံပြီးချိန်မှစပြီး ကျွန်မဘ၀မှာ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ရသည်။ ချစ်သူ၏အချစ်က ကျွန်မဘ၀အတွက် ခွန်အားတစ်ခု ဖြစ်လာခဲ့သည်။ ချစ်သူ၏အချစ်က ကျွန်မ၏စိတ်ဓါတ်အားလုံးကို ပိုမိုတည်ငြိမ်စေခဲ့သည်။ ချစ်သူ၏အချစ်က ကျွန်မ၏အိပ်မက်အားလုံးကို အသက်သွင်းပေးခဲ့သည်။ ချစ်သူ၏အကြင်နာမေတ္တာအားလုံးက ကျွန်မဘ၀ကို လိုလေသေးမရှိ ပြည့်စုံစေခဲ့သည်။



အင်မတန်မှ သ၀န်တိုတတ်သော ၊ ကြင်နာဂရုစိုက်မှုကိုမက်မောသော ၊ အချစ်နှင့်ပတ်သတ် တစ်စိတ်တစ်ဒေသထက်ပိုပြီး ဘ၀နှင့်ယှဉ်ချစ်တတ်မှုကို အလိုရှိသော ၊ အပြန်အလှန်နားလည်မှုမျိုးကို မြတ်နိုးသော ကျွန်မစိတ်နှလုံးသားအတွက် ချစ်သူက အလင်းရောင်ဖြစ်လာခဲ့သည်။ ကျွန်မ၏သဘာဝအကျင့်အပြုအမှုများ ၊ ကျွန်မစိတ်ဓါတ် ၊ ကြင်နာယုယမှုများ ကြောင့် ကျွန်မကို ချစ်သည်ဆိုသော ချစ်သူ၏၀န်ခံချက်ကို ကျွန်မ ကြံဖန်ဂုဏ်ယူခဲ့ဖူးသေးသည်။

ချစ်သူ၏ထူးချွန်ထက်မြက်မှုများကို တစ်ခါတစ်ရံ ကျွန်မ ကြံဖန်အူတိုမိသေးသည်။ ဘာမှမပြောခင် အကုန်ကြိုသိနေသော ချစ်သူ၏ဖြတ်ထိုးဥာဏ်အားလုံးကို တစ်ခါတစ်ရံ စိတ်တိုစွာဖြင့် မျက်စောင်းထိုးရသေးသည်။ စာသင်ကောင်းသော ချစ်သူ၏စာသင်မှုကို ကျွန်မ တစ်ခါမှ လက်မခံခဲ့။ ချစ်သူစာသင်ပေးမည်ဆိုတိုင်း အကြောင်းအမျိုးမျိုးဖြင့် ချွဲနွဲ့ပြီး ကျွန်မ အခြားအရာတွေလျှောက်လုပ်လေ့ရှိသည်။ အလုပ်ကြိုးစားသော ချစ်သူကို တစ်ခါတစ်ရံ `စီးပွားရေးတွေ သိပ်မသောင်းကျန်းနေနဲ့ကိုကို´ဟု ကျွန်မက အမြင်ကတ်စွာ ပြောခဲ့ဖူးသည်။ ကျွန်မပြောသမျှကို ဘယ်တုန်းကမှ စိတ်မဆိုးသော ချစ်သူအကျင့်ကြောင့်သာ ကျွန်မ ပြုပြင်ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။ စာရေးခြင်းကို ၀ါသနာအလွန်ပါသော ကျွန်မအတွက် မြင်သမျှ လိုအပ်ချက်များ ၊ အသုံးဝင်သည်ဟုထင်ရသော သတင်းများ ၊ အချက်လက်များကို အလုပ်များကြားကပင် ချစ်သူက ကျွန်မကို ပို့ပေးတတ်သေးသည်။ ထိုအပြုအမူအားလုံးကို ကျွန်မ လွန်စွာချစ်မြတ်နိုးခဲ့ရသည်။



ကျွန်မဘ၀မှာ အခက်ခဲဟုထင်ရသည့် ပြဿနာတွေကြုံရတိုင်း အမြဲလိုလိုဘေးနားမှာ ရပ်ပေးပြီး ကူညီဖြေရှင်းပေးသည့်သူမှာလည်း ချစ်သူပင်ဖြစ်သည်။ ဇွတ်တရွတ်လုပ်လေ့ရှိသော ကျွန်မအကျင့်ကြောင့် ဖြစ်လာသမျှ ပြဿနာအားလုံးကို လူကြီးတစ်ယောက်လို ဒိုင်ခံဖြေရှင်းပေးရသူမှာလည်း ချစ်သူပင်ဖြစ်သည်။ ချစ်သူ၏ ဂရုစိုက်လွန်ကဲမှု ၊ အလိုလိုက်မှုများကြောင့် ကျွန်မမှာလည်း ဆိုးသောမိန်းကလေး ဖြစ်လာခဲ့ရသည်။ ခေါင်းနည်းနည်းကိုက်တာကိုပင် ခွဲခန်းဝင်ရမည်လောက် လုပ်ပြတတ်သော ကျွန်မနှင့် ဂရုစိုက်လွန်သော ချစ်သူကြောင့် စိတ်ညစ်ရဆုံးလူမှာ ကျွန်မအမြဲပြရသည့် ဆရာဝန်မပင်ဖြစ်သည်။ အမေးအမြန်းထူသော ချစ်သူနှင့် နုနယ်သော ကျွန်မကြောင့် ဆရာဝန်မမှာ အမြဲတမ်း အာပေါက်မတတ်ရှင်းပြရသည်။ အဖျားနည်းနည်းဝင်လျင်ပင် ချက်ချင်းဆေးရုံပို့ပြီး မေးခွန်းပေါင်းများစွာ စုံအောင်မေးမြန်းသော ချစ်သူအပြုအမူများကို ကျွန်မချစ်သည်။

ကျွန်မကို ချစ်သူဖုန်းဆက်တိုင်း မေးလေ့ရှိသောအရာများမှာ ချစ်လား ၊ သတိရလား ထင်လျင် မှားပေလိမ့်မည်။ ချစ်သူအမြဲမေးလေ့ရှိသည့်အရာမှာ `ရေဘယ်လောက်သောက်ပြီးပြီလဲ ၊ မနက်က ဘာစားလဲ ၊ ပြီး၇င် ဘာထပ်စားဦး ၊ အိပ်ရေးမ၀ရင်ပြန်အိပ် ၊ ပင်ပန်းတာတွေမလုပ်နဲ့ ၊ စာဖတ်ပြီးအေးဆေးနေ´အစရှိသော စကားများသာဖြစ်သည်။ တစ်ခါတစ်ရံ ကျွန်မက အမြင်ကတ်စွာဖြင့် `ကိုကိုနော် ကျွန်မကို ၀က်တစ်ကောင်မွေးထားသလို အသားတိုးလာလား ချိန်ကြည့်ဖို့ အစားတွေချည်း စွတ်ကျွေးမနေနဲ့´ဟု ပြောတိုင်း ချစ်သူက သဘောတကျရီလေ့ရှိသည်။ ထိုအခါတိုင်း ချစ်သူပြန်ပြောလေ့ရှိသောအရာမှာ `ကိုကို့ချစ်သူကို ပိုးကလေးလို မွေးရလွန်းလို့ ချစ်လို့ စိတ်ပူနေရတာပါကွာ´ဟူ၍သာဖြစ်သည်။ `ကျွန်မက ဆိုးတယ်´ဟု ရေရွတ်တိုင်း `ဟာကွာ မဟုတ်ပါဘူး ။ ကို့ချစ်သူလောက် လိမ္မာတာ ဘယ်နားသွားရှာရမလဲ။ နွဲ့ဆိုးဆိုးတာကလွဲ ကျန်တာအားလုံး သိပ်လိမ္မာတဲ့ကို့ချစ်သူ´ဟု ချစ်စနိုးပြောတိုင်း ကျွန်မမှာ `အင်း ကျပ်ကျပ်အလိုလိုက်နော် ကိုကို ။ ပြီးမှ ထွက်မပြေးနဲ့ ။ လိုက်ဖမ်းမယ်´ဟု ပြောပြီး ရီမောရသေးသည်။

ချစ်သူသက်တမ်းလည်း နှစ်တွေတအားချီမများပေမယ့် သိပ်လည်းမနည်းတော့သောအချိန်တစ်ခုမှာ ချစ်သူကို ဘ၀ပေါင်းများစွာက သိလာခဲ့သူလို တွယ်တာမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ ချစ်သူနှင့်မတွေ့သည့်ရက်များမှာ အိမ်မှာပင်နေလေ့ရှိသော ကျွန်မနှင့် သူမပါလျင် ဘယ်ကိုမှစိတ်မချသော ချစ်သူအကျင့်များက တထပ်တည်းဖြစ်နေခဲ့သည်။ လုပ်ငန်းခွင်ထဲရောက်ပြီး ချစ်သူနား ကျွန်မ မရောက်နိုင်လျင် `ကို့ချစ်သူအရွယ်က အလုပ်တွေဖိစီးရမယ့်အရွယ်မဟုတ်ဘူး။ စာပဲကြိုးစားသင်။ ဖြစ်ချင်တဲ့အိပ်မက်ကိုရအောင်လုပ်´ဆိုကာ အလုပ်ထွက်စာတင်ခဲ့သော ကျွန်မကို ကျေနပ်စွာကြိုဆိုခဲ့သူမှာ ကျွန်မချစ်သော သူပင်ဖြစ်သည်။ အစားအသောက်အလွန်နည်းသော ကျွန်မအကျင့်ကြောင့် ကျွန်မ အစားပိုစားအောင် ချစ်သူကကြံဆောင်ရသည်။ `ဆိုင်ကအစားတွေလိုက်မစားချင်ဘူး။ ကိုကိုချက်ကျွေးတာဆိုရင် အများကြီးစားပြမယ်´ဟု ပူဆာလျင် အလုပ်အလွန်များသည့်ကြားက သူကိုယ်တိုင်ကြော်ချက်ပြီး ကျွန်မကို လာကျွေးသေးသည်။ မောပန်းသည့်ကြားက ကျွန်မအစားများများစားဖြစ်တာကိုပင် ကျေနပ်စွာ ချစ်သူက ပြုံးပျော်သွားတတ်သည်။ ချစ်သူစိတ်အနှောင့်အယှက်မဖြစ်အောင် နေလေ့ရှိသော ကျွန်မနှင့် ကျွန်မ မကြိုက်သောအရာများကို မလုပ်သော ချစ်သူအပြုအမူအားလုံးကလည်း နှစ်ယောက်လုံးကို အပြန်အလှန်ကျေနပ်စေခဲ့သည်။ ဘယ်သူ့စကားမှ ခေါင်းမညိတ်တတ်သော ၊ နားမထောင်သော ကျွန်မအကျင့်က ချစ်သူကရှင်းပြပြောဆိုအကြံပြုလျင်တော့ စိတ်ကျေနပ်စွာပင် စဉ်းစားပေးတတ်သည်။



ထိုကဲ့သို့သော အချစ်များနှင့် ၀န်းရံဖွဲ့စည်းထားပြီး ရံဖန်ရံခါလည်း ကျွန်မတို့ ရန်ဖြစ်ရပါသည်။ ရန်တကယ်ဖြစ်လျင် နှစ်ယောက်လုံးအလျှော့ပေးမည်ဟု ထင်လျင်မှားသွားပေလိမ့်မည်။ တစ်ယောက်တစ်ခွန်းအော်ပြီး ခဏကြာလျင် မည်သူကစပြီး စစ်ပြေငြိမ်းခဲ့မှန်းတောင် မမှတ်မိတော့။ ကားပေါ်မှာ ရန်ဖြစ်တိုင်း ချစ်သူက ကားကိုသာအာရုံစိုက်မောင်းပြီး ကျွန်မကလည်း တစ်ဖက်ကိုမျက်နှာလွှဲကာ အရေးမလုပ်တတ်။ ကားရပ်လျင်တော့ တစ်ယောက်ယောက်က စခေါ်လိုက်ပြီး အဆင်ပြေသွားတတ်သည်။ တစ်ခါတုန်းက ကျွန်မကို အိမ်လိုက်ပို့ရင်း ချစ်သူကို ကျွန်မ အလွန်မကျေနပ်မှုတစ်ခုကြောင့် ကားပေါ်မှာ ရန်တွေ့သည်။ ကားမောင်းရင်း ရှင်းပြနေရသော ချစ်သူကို ကျွန်မ စိတ်တိုသထက်သာတိုရင်း `တော်ပြီ ရန်ဖြစ်ရတာလဲမောပြီ ။ မြို့ထဲဝင်ပြီးမုန့်လိုက်ကျွေး´ဟု ပြောရင်း ရီမောကာ ရန်ပွဲအဆုံးသတ်အဆင်ပြေသွားသည်။ ရန်တစ်ခေါက်ဖြစ်ပြီးတိုင်း နှစ်ယောက်လုံးလိုအပ်ချက်များနှင့် စိတ်ထားများကို ကျွန်မတို့ သေချာဆွေးနွေးလေ့ရှိသည်။ communication က အရေးကြီးသည်ဟု ကျွန်မတို့ နှစ်ယောက်လုံးခံယူထားသောကြောင့် ကျွန်မတို့နှစ်ယောက်လုံးစိတ်ထဲမှာ ဘာကိုမျှသိမ်းဆည်းထားလေ့မရှိကြ။

ကျွန်မနှင့်သူ၏ဘ၀မှာ အများဆုံးအဆင်ပြေချောမွေ့သလို ချစ်ခြင်းမေတ္တာများကလည်း ပိုမိုခိုင်မာသထက် ခိုင်မာလာခဲ့သည်။ ထိုကဲ့သို့သော ဘ၀တစ်ခုကို ရရှိပိုင်ဆိုင်ထားသည့်အတွက်လည်း ကျွန်မ လွန်စွာကျေနပ်မိသည်။ အောင်မြင်ခြင်းနှင့်ရှုံးနိမ့်ခြင်းတို့ ပေါင်းစပ်ကျင်လည်နေသော လူ့ဘ၀ထဲမှာ ဘ၀၏အနိမ့်အမြင့် ၊ အတက်အကျအားလုံးကို ချစ်သူနှင့်အတူ ကျွန်မရင်ဆိုင်ကျော်ဖြတ်သွားမည်။ ချစ်တတ်သူတိုင်းအတွက် အမှတ်တရဖြစ်စေသော ချစ်သူများနေ့မှာ .... များပြားလွန်းသောအလုပ်များကြား Stress များစွာဖြင့် အလုပ်များနေမည်ဖြစ်သော ချစ်သူထံမှ ပေးနိုင်သော အချိန်တစ်ခုကိုသာ စောင့်စားနေမိသည်။ လေပြေနုနုလေးများဖြင့် ကြိုဆိုနေမည်ဖြစ်သော ညနေခင်းအချိန်အခါမှာ ကျွန်မချစ်သောနှလုံးသားပိုင်ရှင်အတွက် အမှတ်တရလေးတစ်ခုကိုလည်း ကြိုတင်စီစဉ်ထားဖြစ်သည်။



ချစ်သူများနေ့အတွက် အမှတ်တရချစ်ခြင်းလက်ဆောင်တွေ ဖလှယ်ရာမှာ အကောင်းဆုံးသော လက်ဆောင်က မိမိချစ်သူနှင့်အတူရှိနေခြင်းပင်ဖြစ်သည် . ။ ညနေခင်းအချိန်အခါတိုင်း ချစ်သူလက်ကိုတွဲပြီး အေးချမ်းသော ကမ်းခြေလေးမှာ လမ်းလျှောက်ရတာကို ကျွန်မ အလွန်ခုံမင်မက်မောသည်။ မကြာခင်မှာ တည်ဆောက်ရတော့မည့် အနာဂတ်ခရီးလမ်းဘ၀တစ်ခုအတွက် ပိုမိုကြိုးစားနေသော ချစ်သူအတွက် တစ်ဘ၀လုံး ကျွန်မ ပေးအပ်သွားမည့်အရာမှာ မပြောင်းလဲသော ချစ်ခြင်းမေတ္တာ ၊ အကြင်နာ ၊ သစ္စာတရားအားလုံးဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ကျွန်မ၏နှလုံးသားတစ်စုံပင်ဖြစ်ပါသည်။

ကမ္ဘာပေါ်မှာ
ကံအကောင်းဆုံးမိန်းကလေး

ချစ်သူရေ .... ငါလားကွယ် .. ။

မင်းအချစ်တွေပြည့်နှက်နေတဲ့
ချစ်ခြင်းမေတ္တာရပ်ဝန်းမှာ
ငါ့ဘ၀ရဲ့ပျော်ရွှင်မှုမီးအိမ်
တစတစပိုမိုထွန်းလင်းလာခဲ့တယ် .. ။

မင်းအားပေးမှုတွေအောက်
ငါ့ယုံကြည်ခြင်းခြေလှမ်းတွေ
ပိုမိုရဲရင့်ခဲ့ ..
မင်းအကြင်နာမျက်ဝန်းအောက်
ငါ့စိတ်ဓါတ်တွေ
ပိုမိုနူးညံ့ခဲ့ ..
မင်းပေးတဲ့မေတ္တာအချစ်စစ်တွေနဲ့
ငါပိုမိုနွေးထွေးခဲ့ချိန်မှာ
ငါက ...
မင်းမြတ်နိုးမှုတွေကိုသရဖူဆောင်းပြီး
ပျော်ရွှင်ခြင်းတွေပြည့်နှက်
အားမာန်သစ်တွေပိုမိုတိုးရင်း
ဘ၀ရဲ့အဓိပ္ပါယ်ကိုသိမြင်လာရသူပါ .. ။

မင်းချစ်ခြင်းပန်းတွေ
ဖွေးဖွေးလှုပ်ပွင့်နေတဲ့
မေတ္တာဥယျာဉ်ထဲမှာ
ငါ့ခြေလှမ်းတွေသက်ဆုံးတိုင်လှမ်းချင်တယ် .. ။

မင်းပျော်ရွှင်မှုတွေပွင့်လန်း
မင်းစိတ်ဓါတ်တွေပိုမိုထက်မြက်
မင်းဘ၀တစ်ခုလုံးပိုမိုအောင်မြင်ထူးချွန်
အရာအားလုံးမင်းဘ၀မှာပြည့်စုံလာစေဖို့
မင်းဘေးနားမှာ ထာဝရရှိနေချင်မိတယ် .. ။

သစ္စာဆိုတဲ့ခြံစည်းရိုးနဲ့ဘောင်ခတ်
ပျော်ရွှင်ခြင်းပန်းပွင့်တွေအတူတူခူးဆွတ်
အချစ်စစ်တွေပြည့်နှက်နေတဲ့
အကြင်နာမေတ္တာနှလုံးသားအိမ်လေးထဲမှာ
နားလည်ယုံကြည်မှုအခြွှေအရံတွေနဲ့
မင်းရင်ခွင်မှာနားခိုချင်မိတယ် .. ။

နွေနေပူမှာလည်းအတူတူ
လေပြေနုတွေလည်းအတူတူခံစား
ကြမ်းတမ်းတဲ့မိုးရာသီခရီးမှာလည်း
မခွဲအတူယှဉ်တွဲသွားရင်း
အေးစက်စက်ဆောင်းလရာသီမှာလည်း
မင်းနဲ့အတူ ရှိနေမယ့်သူပါ .. ။


ချစ်တတ်သူများအားလုံး ချစ်သူများနေ့မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင် .. ။ ဒီလ (၇)ရက်နေ့မှာ အကြောင်းအမျိုးမျိုးကြောင့် ဘာမှမရေးဖြစ်ခဲ့တာမို့ ချစ်သူများနေ့အမှတ်တရအဖြစ် အယ်စိုင်းဇီသီချင်းအချို့မျှဝေခံစားပေးလိုက်ပါသည်။

လှည့်ကြည့်ပါဦးလား
မိုးရာသီထဲ
မင်းမသိတဲ့အချစ်
အဝေးကချစ်သူ
ဒီညနေခင်း
လာချင်ရင်အနီးလေး
အလွမ်းနဲ့ရူးပြီ
သွားစို့အဝေး
ပြန်လာခဲ့
မလိခမှအလွမ်းများ
ထင်နေတာမှားပြီ
အရူးမလုပ်နဲ့
လမ်းပြကြယ်
အချစ်အတွက်ကံမကောင်းခဲ့သူ
ရေစီးကြောင်းသံယောဇဉ်

6 comments:

Kaung Kin Ko said...

ချစ်သူများနေ့ ခံစားချက် ကလေး ဖတ်သါားတယ် ညီမလေးရေ။ Happy Valentine!!!

Mintasay said...

That's extremely romantic. Really enjoyable to read through. Good luck, sis.

Anonymous said...

စာလေးကဖတ်ရင်းနဲ့သာဆုံးသွားပေမယ့် ရင်ထဲမှာ ကျန်ခဲ့တယ် ။ ကဗျာဆန်တဲ့ ခံစားချက်တွေနဲ့ အချစ်တွေက ထင်ဟပ်နေပါတယ်လင်းရေ။ လင်းရဲ့ချစ်သူနဲ့ အမြဲပျော်ရွှင်ပါစေနော်။

Unknown said...

ညီမလေးရေ...

Happy valentine's day
ညီမလေး ချစ်သူနဲ့ လက်တွဲမဖြုတ်စတမ်း ဘ၀တလျှောက် ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေ...။

ညီမလေး ကံကောင်းပါတယ်....
ညီမလေးရဲ့ ဖြစ်စဉ်တွေကိုအားလုံးနီးပါး ဖော်ပြပေးတဲ့အတွက် ကျေးဇူးပါ..။

ပျော်ရွှင်ဖွယ်နေ့လေးတနေ့ပါ....

မေငြိမ်း said...

အချစ်များနဲ့ ထုံမွှမ်းသော autobiography တစိတ်တပိုင်းလေး ထင်ပါရဲ့.. ခံစားသွားပါ၏။

Anonymous said...

People are Starving.....

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။