Friday, February 22, 2008

လျှောက်


ဆရာနန္ဒာသိန်းဇံရဲ့ စာပေများကို နှစ်သက်မြတ်နိုးတဲ့ကျွန်မအတွက် ဆရာစာအုပ်တွေထဲက `လျှောက်´ဆိုသော အတွေးဆောင်းပါလေးတစ်ခုကို နှစ်သက်မိပါတယ် ။ ဆရာရေးသည့်စာအုပ်တွေဟာ လေးနက်သော အတွေးအခေါ် အဓိပ္ပါယ်တွေ ပြည့်ဝနေပြီး တစ်ခုဖတ်ကြည့်ပြီးတိုင်း ကျွန်မအတွက် လေ့လာစရာ ၊ တွေးစရာတွေ ကျန်ရစ်ခဲ့ပါတယ် .. ။ ဆရာနန္ဒာသိန်းဇံရေးသည့် စာအုပ်တွေထဲမှာ ကျွန်မ အနှစ်သက်ဆုံးစာအုပ်တွေကတော့ `မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်း´ ၊ `ကိုယ်ကျင့်တည်ကြည်ခြင်းနှင့်အဆင့်မြင့်ခရီးစဉ်´ ၊ `ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း´ ၊ `မှန်သောစကားများကိုဆိုခြင်းနှင့်ပတ်သတ်သော မှတ်ချက်များ´တို့ဖြစ်ပါတယ်။ လူ့ဘ၀ခရီးကို လျှောက်လှမ်းနေသော ကျွန်မတို့အားလုံးအတွက် `လျှောက်´ဆိုသည့် အတွေးဆောင်းပါးလေးကို ခံစားဖတ်ရှုကြည့်ကြဖို့ လက်ဆင့်ကမ်းမျှဝေပေးလိုက်ပါတယ်ရှင်။

(၁)

အဲဒီညနေက
လျှောက်လာခဲ့တယ် ..
ဧရာဝတီမြစ်နဒီရဲ့ကမ်းပေါ်က သစ်ပင်တန်းကို ဖြတ်သန်းတိုးဝင်လာတဲ့ လေပြေထဲမှာ တမာနံ့တွေ သင်းပျံ့လာတာကို သတိထားမိပါတယ်။ ပြီးတော့ .. သူပြောတာကိုလဲ အမှတ်ရလာပါတယ်။ သူက ကဗျာပညာရှင်ဆိုတော့ ပြောပုံက

`သူ ..
လျှောက်လာခဲ့တယ်´တဲ့။
ကိုယ်ရောစိတ်ရော နွမ်းနွမ်းကြေကြေနဲ့
အကျွမ်းမ၀င်တဲ့ ညနေရီမှာ
နေရောင်ကလဲ စိမ်းနေသလားလို့ထင်ရတယ်
ရှေ့ကိုလှမ်းကြည့်တော့
ဖြူရော်ရော်လမ်းကလေး ..
ဘယ်ကွေ့ရာက ညာကိုကောက်နဲ့
သြော် .. ဘယ်ကိုများ ရောက်ပါလိမ့် ၊ ရောက်မှာပါလိမ့် ..
လို့တွေးရင်းတွေးရင်း
မရေမရာ ဇဝေဇ၀ါနဲ့ သွားရမည့်ခရီးရဲ့
မသေချာတဲ့ ဝေဒနာကို ရင်မှာခံစားလာရတယ်တဲ့ ..
အဲဒီတုန်းကလဲ သူ့ကိုပြောဖူးပါတယ်
ဘယ်ရောက်လဲသိအောင် .. ဆက်လျှောက်လို့
ဆက်လျှောက်လိုက်ကြည့်လိုက်ပါလား ... လို့ ။´

ဧရာဝတီရဲ့သောင်စပ်ကို ဆင်းလျှောက်လာခဲ့တယ် ..
ကိုယ့်ကိုအမြဲလိုလို စီးလိုက်နေတယ်လို့ထင်ရတဲ့ ဖိနပ်ကို ချွတ်ကိုင်ရင်း လှိုင်းတွေပြန်လှည့်ဆင်းသွားတဲ့ သဲသောင်စပ်အတိုင်း လျှောက်တယ်။ နင်းလျှောက်မိတဲ့ သဲကလေးတွေဟာ နူးညံ့ပါတယ်။ ညက်ညောပါတယ်။ ပြန်တက်လာတဲ့ လှိုင်းကလေးတွေနဲ့ ခြေအချနဲ့ ထိတွေ့တော့လဲ အေးမြပါတယ်။

လှိုင်းကလေးတွေလာပြီး ခတ်ပေမယ့် သဲသောင်ယံဟာ ဘာမှဖြစ်ပေါ်ပုံမပေါ်ပါဘူး။ လှိုင်းကလေးတွေ လာခတ်တာကသိမ်မွေ့နေလို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် . သိတယ်ဟုတ်။ ဘ၀ခရီးတစ်နေရာရာမှာ ရင်ထဲမှာ သမုဒယလှိုင်းကလေးတွေ ထိခတ်လာပြီဆိုရင် အဲဒီသမုဒယလှိုင်းကလေးတွေက နုနုလှလှ ၊ ယုယုယယရှိတယ်လို့ ထင်ရပေမယ့် ဘ၀တစ်ခုလုံး ပြိုဆင်းကြေမွသွားနိုင်တယ်´ဆိုတဲ့ သူ့စကားကို အမှတ်ရပြန်ပါတယ်။ သူ့ကိုခတ်တဲ့လှိုင်းက သမုဒယလှိုင်း။

တခြားသူတွေကို ခတ်တဲ့လှိုင်းတွေကတော့ အလိုလောဘလှိုင်းတွေ ၊ ဒေါသအာဃာတလှိုင်းတွေနဲ့ အမျိုးအမည်ခြားနားတဲ့ လှိုင်းတွေ ... အထိအခတ်ပြင်းတဲ့ လှိုင်းမျိုးတွေဖြစ်မှာပေါ့။ ဖြစ်ချင်ဖြစ်မှာပေါ့။

(၂)

လျှောက်ရင်း လျှောက်ရင်း နောက်ကို အမှတ်မထင်လှည့်ကြည့်လိုက်မိတယ်။

`ထိတ်´ခနဲဖြစ်သွားတယ်။ ရင်ထဲမှာ လှိုင်းတွေ တဖျတ်ဖျတ်ခတ်နေသလို ခံစားလိုက်ရတာတော့ အမှန်ပဲ။`လျှောက်နင်းခဲ့တဲ့ ငါ့ခြေရာတွေ တစ်ခုမှ မရှိတော့ပါလား။ လျှောက်ခဲ့တာအဝေးကြီး ... အဝေးကြီး လျှောက်လာခဲ့တာ´ ဆိုတဲ့ အတွေးနဲ့ `လျှောက်ခဲ့မိတဲ့ ငါ့ဘ၀ခရီးက အဝေးကြီး ၊ ဒီဘ၀ခရီးရှည်ကြီးထဲမှာ ငါ့အတွက် အမှတ်ထင်ထင်မည်မည်ရရဆိုလို့ ဘာမှလဲမရှိပါလား´ဆုတဲ့ အတွေးတွေ ပေါင်းဆုံလိုက်လို့ အထိတ်တလန့်ဖြစ်သွားခဲ့တာ။ ရင်ထဲမှာ လှိုင်းတွေခတ်နေသလို ခံစားလိုက်ရတာ .. ဟုတ်ပါတယ်။ ပြန်လှည့်ပြီး တက်လာတဲ့ ရေလှိုင်းတွေက .... လျှောက်နင်းခဲ့တဲ့ ကိုယ့်ခြေရာတွေကို ပျောက်ပျောက်ကုန်အောင်ဖျက်ဖျက်သွားခဲ့ကြတာကိုး။

ဒါပေမယ့် ..... ခြေရာတွေပျက်သွား ၊ ပျောက်သွားပေမယ့် လျှောက်တဲ့အထိတော့ ရောက်တာပဲ။ လျှောက်ရင်တော့ လျှောက်နိုင်သလောက် ရောက်တာပါပဲ။ ဖိနပ်က အခုမှကိုယ့်ကို တကယ်ခိုစီးပြီး ပါလာတာကိုလည်း သတိထားမိတယ်။

ဒီတစ်ခါတော့ ကိုယ့်ကိုယ်ကိုပြန်ပြီးပြောရတယ်။ ခြေရာမထင်ခဲ့တာတွေကို ပြန်ကြည့်ပြီး လွမ်းမောရင်း ရပ်မနေနဲ့။ တွေဝေမနေနဲ့။ လျှောက်ရမည့်နေရာဆီကို `လျှောက် .. ဆက်လျှောက်´လို့။ ရှေ့ကိုလှမ်းကြည့်လိုက်တော့ စွေစောင်းနေတဲ့ နေခြည်မှာ ရွှေရည်ဝင်းနေတဲ့ မြသလွန်စေတီကို မြစ်ကမ်းပေါ်မှာ နှစ်လိုဖွယ်ရာ ဖူးတွေ့နေရတာကို အမှတ်ရပါတယ်။

နန္ဒာသိန်းဇံ

6 comments:

Oreste said...

It seems easy to read!! Un saluto da Roma. Ciao

Yan said...

ခြေရာမထင်ခဲ့တာတွေကို ပြန်ကြည့်ပြီး လွမ်းမောရင်း ရပ်မနေနဲ့။ တွေဝေမနေနဲ့။ လျှောက်ရမည့်နေရာဆီကို `လျှောက် .. ဆက်လျှောက်´လို့။ ရှေ့ကိုလှမ်းကြည့်လိုက်တော့ စွေစောင်းနေတဲ့ နေခြည်မှာ ရွှေရည်ဝင်းနေတဲ့ မြသလွန်စေတီကို မြစ်ကမ်းပေါ်မှာ နှစ်လိုဖွယ်ရာ ဖူးတွေ့နေရတာကို အမှတ်ရပါတယ်။

ကောင်းလိုက်တဲ့ Conclusion လေးပဲဗျာ. ပေးချင်တဲ့ မက်ဆေ့ခ်ျကို ရလိုက်တယ်. ဒီပို့စ်လေး တင်ပေးတဲ့ အတွက် ကျေးဇူး မလင်းလက်ရေ...

Anonymous said...

မင်းက လူသာငယ်ပေမယ့် တော်ပါပေတယ်
မင်းရဲ အရေးအသားကောင်းပါတယ်
ကြိုးစာပါ အားပေးနေပါတယ်
fighting!!!!!

strike said...

this one is nice...

Mintasay said...

လာဖတ်တယ်ညီမရေ

ThinkingHoney said...

thank u for sharing a nice article

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။