Sunday, February 03, 2008

စနေမိုးနှင့်တနင်္ဂနွေအလွမ်း



စနေမိုးနှင့်တနင်္ဂနွေအလွမ်း



နက်ရှိုင်းစိမ့်ဝင်နေတဲ့

အလွမ်းခါးခါးတွေကို

မိုးကသာ ငြိမ်းသတ်နိုင်မယ်ဆိုရင်

ကြောက်မက်ဖွယ်လျှပ်သံတွေထဲ

ကိုယ်တစ်ယောက်တည်း သွားရဲပါတယ် .. ။



တစ်ညနေလုံး

မိုးမင်းက အသံပေးလို့

လျှပ်ကုံးလျှပ်ပွင့်တို့ အလွင့်လွင့်ဖြာ

မကြာမီ မိုးစက်သံတဖြောက်ဖြောက်

ရင်ခွင်တံခါး လာရိုက်ခတ်ချိန်

ကိုယ်မျှော်နေမိတာတစ်ခုက

နွေးထွေးသော ချစ်သူလက်ဖ၀ါးတစ်စုံ .. ။


မိုးစက်ကျသံကလွဲ

တိတ်ဆိတ်လှပနေတဲ့ စနေည

အလွမ်းလေးတွေ တဆစ်ဆစ်ပျော်ဝင်လို့

ကြိုတင်ရင်ခုန်ကြည်နူးနေတာ

မနက်ဖြန်အတွက် မျှော်လင့်ချက်များ .. ။


ဒါပေမယ့် .. ရုတ်တရက်

ချွန်မြတဲ့ အသိတရားဓါးတစ်လက်

ကောင်းကင်ကိုဝင်းခနဲဖြိုချ

ချောက်ချားစရာအော်မြည်

ကျိန်စာသင့်နတ်တစ်ပါးလို

အမှောင်အတိဖုံးလွှမ်းခဲ့တယ် .. ။


ကြယ်တွေလည်းငို

ကောင်းကင်လည်းပြို

မိုးစက်တွေစို

အလွမ်းနဲ့သဲသဲမဲမဲကျွမ်းလောင်

ပြင်းပျတဲ့မိုးချုန်းသံတွေကြား

ရောင်နီမလာတဲ့ ဒီကောင်းကင်အောက်

တနင်္ဂနွေမိုးလျှပ်သံတွေကို

ကိုယ်တစ်ယောက်တည်း .. ကြိုရတော့မယ် … ။

လင်းလက်ကြယ်စင်

4 comments:

Unknown said...

ကြယ်တွေလည်းငို

ကောင်းကင်လည်းပြို

မိုးစက်တွေစို

အလွမ်းနဲ့သဲသဲမဲမဲကျွမ်းလောင်

ပြင်းပျတဲ့မိုးချုန်းသံတွေကြား

ရောင်နီမလာတဲ့ ဒီကောင်းကင်အောက်

တနင်္ဂနွေမိုးလျှပ်သံတွေကို

ကိုယ်တစ်ယောက်တည်း .. ကြိုရတော့မယ် … ။

စာသားလေးတွေမိုက်တယ်ဗျို့...
ဟိုတုန်းက သီချင်းစာသားလေးကိုသွားသတိရတယ်...
အမေ့ရဲ့ အိပ်ယာဝင်တေးလေးပါ...
“ အခုလိုမိုးလေးညို့တော့ချစ်တဲ့သူကို ပိုသတိရတယ်” တဲ့... မိုးအနံ့အသက်နဲ့အတူ မြေသင်းနဲ့လေးရတော့ ဇာတိမြေလေးကို အရမ်းသတိရတယ်ဗျာ... ။

အားလုံးအဆင်ပြေပါစေ ညီမလေးရေ...။

Anonymous said...

လင်းလက်ရေ မိုးစက်တွေအကြားက ညီမလေးရဲ. ပိုးစိုးပက်စက် အလွမ်းတွေကို လာဖတ်သွားတယ် လွမ်းတတ်သူတို့ အတွက်တော့ မိုးဟာလွမ်းစရာပဲ မလွမ်းတတ်သူတို့ အတွက်တော့ ထီးမပါလာတဲ့အချိန်မိုးရွာရင် မိုးကို မုန်းမိတယ် ညီမလေး

တန်ခူး said...

ခုတလော...လင်းလက်စာတွေ၊ကဗျာတွေက အလွမ်းရနံ့တွေနဲ့။ ညီမလေးရေ...လိုချင်တာတွေကို တဆင့်ချင်း ကြိုးစားပေါ့။ ချစ်သူကောင်းနဲ့သားသမီးကောင်း ပြိုင်တူဖြစ်ဖို့ဆိုတာ နဲနဲတော့ရုန်းကန်ရတယ်။ ငြိမ်းချမ်းပါစေ။

Kaung Kin Ko said...

ကဗျာလေး အရမ်းထိတယ် ညီမလေးရေ။ စာသားလေးတွေ အရမ်းကောင်းတယ်။

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။