Thursday, September 28, 2006

အနှိုင်းမဲ့အမေသို့

နှစ်ပေါင်းများစွာ အကျဉ်းစံအိမ်တစ်နေရာမှာ အခုချိန်ဆို အမေနေရထိုင်ရအဆင်ပြေရဲ့လား.. အပြာရောင် ကောင်းကင်ကြီးအောက်မှာ အများအတွက် မိမိဘ၀ကိုစွန့်လွှတ်ထားတဲ့ အမေအတွက် အမှန်တရားဆိုတာ ရှိသေးရဲ့လားအမေ… မိန်းမသားဆိုပေမယ့် ပြိုင်စံရှားတဲ့စိတ်ဓါတ်နဲ့ အရာအားလုံးကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်တဲ့ အမေနေရောကောင်းရဲ့လား.. အမေအကျဉ်းချခံထားရတဲ့နေရာက လူဘီလူးတွေထက်ဆိုးတဲ့ မကောင်းဆိုးဝါး လူယုတ်မာတွေအများကြီးစုနေတဲ့ ကဝေနန်းတော်ကြီးပဲအမေ… ကဝေတွေစုစည်းတဲ့နေရာမှာ အမေဘယ်လိုများ စိတ်ပင်ပန်းနေမှာလည်း.. အမေတတ်ထားတဲ့ ပညာရပ်တွေအားလုံးက အကျဉ်းစံမှာပဲ ချုပ်ငြိမ်းရတော့မှာလား.. မိသားစုတကွဲတပြားနဲ့ ဘ၀မှာ ငြိမ်းချမ်းရေးနဲ့သာ တိုက်ပွဲဝင်နေတဲ့ အမေ့စိတ်ဓါတ်ကို ကမ္ဘာက ပြည်သူအပေါင်းက လေးစားဂုဏ်ယူနေပါတယ်အမေ…. မိမိအသက်ကို ပဓာနမထား ၊ အမှန်တရားနဲ့ ဖြစ်သင့်တာကို ယုံယုံကြည်ကြည်လမ်းလျှောက်နေတဲ့ အမေ့အတွက် အေးချမ်းတဲ့အဆောင်တစ်ခု ဘယ်တော့မှ ရလာမှာလည်း…. ကိုယ့်ဘာသာကိုယ် ဖန်တီးကြိုးစားယူရမယ့် ဒီတိုက်ပွဲမှာ အမေဆုံးမထားခဲ့တဲ့စကားတွေအတိုငး ဘယ်နှစ်ယောက်ကများ လိုက်နာကျင့်သုံးမှာလည်း.. နောက်ကျောဓါးထိုးမှုနဲ့ သစ္စာမဲ့ လူလိမ်များတဲ့ခေတ်ရောက်နေချိန်မှာ ပြည်သူတွေအားလုံးအတွက် အေးချမ်းသော ဘ၀တစ်ခုရောက်ဖို့ သမီးတို့ခေတ်မှာ ပြောင်းနိုင်ပါ့မလား.. ရဲရင့်တည်ကြည်ယုံကြည်တဲ့ စိတ်ဓါတ်တွေ အပြည့်ရှင်သန်နေပေမယ့် ရံဖန်ရံခါတွေးမိတယ်အမေ…. အပြင်က လူတွေအကြောင်း အပြင်ကလူတွေပိုသိသလို အထဲကလူတွေအကြောင်း အထဲကလူတွေခံစားနေရတာ ပိုသိပါတယ်အမေ… ယုံကြည်ချက်နဲ့ အများအတွက် ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်နေချိန်မှာ သာပေါင်းညာစားတွေလည်း ဒုနဲ့ဒေးပဲအမေ… မိမိဘ၀တစ်ခုအတွက် အခြားသောသူများအားလုံး ဘ၀ကိုစတေးထားတာကို စားဝင်အိပ်ပျော်တဲ့ လူတန်းစားတွေကြားမှာ သမီးတို့အမှန်တရားရဲရဲ ထွန်းလင်းနိုင်အောင် အသက်ရှင်နေသမျှ ကြိုးစားသွားမှာတော့ သစ္စာပြုရဲပါတယ်အမေ…. ပျော်ပျော်နေ ဘ၀ကိုရေစုန်မျှောနေတဲ့ လူတွေကြား ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်းကိုတော့ ဘယ်တော့မှမဖျောက်ပေးနိုင်ဘူးအမေ. သမိုင်းကို ပြောင်းလဲဖို့ကြိုးစားနေကြပေမယ့် ခံယူချက်နဲ့ယုံကြည်ချက်ပြင်းသူတွေကတော့ အသက်ရှင်နေသမျှ လက်ဆင့်ကမ်းအမွေပေးသွားနေမှာပဲ…. နှစ်တွေလည်းကြာခဲ့ပြီ… အချိန်တွေလည်း ပြောင်းလာပြီ.. အရေးတော်ပုံလည်း နီးကပ်လာခဲ့ပြီ.. စိတ်ဓါတ်အင်အားတွေ အမေပင်ပန်းနေမှာ ကိုယ်ချင်းစာ မြင်ယောင်မိပါတယ်.. ဒါပေမယ့်အမေ သူရဲကောင်းဆိုတာ လဲကျချိန်မှာပြန်ထနိုင်မှ ခေါ်ပိုင်ခွင့်ရှိတယ်.. အရှုံးတွေထဲက အမြတ်ကို တရားမျှမျှတတပြန်ယူနိုင်ရမယ်… အမေလုပ်ခဲ့တဲ့အရာတွေ ၊ အမေအတွေးအခေါ်တွေနောက်မှာ လိုက်နာမယ့် အစွမ်းကုန်ဖြည့်ဆည်းကြိုးစားမယ့် မြန်မာလူမျိုးအရေအတွက်က မလိုက်နာမယ့်အရေအတွက်လောက်မရှိခဲ့ရင်တောင် နောက်ဆုံးအချိန်ထိ ရသောနေရာက ဆက်လက်တိုက်ပွဲဝင်ပေးသွားမယ်အမေ… ပင်ပန်းနေပြီဖြစ်တဲ့အမေအတွက် အေးချမ်းသောတစ်နေရာ ပေးစွမ်းချင်ပါတယ်အမေ… ဘာသာတရားကို ရိုသေကိုင်းရှိုင်းတဲ့အမေအတွက် နတ်ကောင်းနတ်မြတ်တွေနဲ့ မြတ်စွာဘုရားရှင်စောင့်ရှောက်မှာပါ.. တစ်နေကုန်လို့ တစ်နေ့ပြောင်းပြန်ပြီအမေ.. အမေကို နောက်တစ်ခါပြန်မြင်ရဖို့ စောင့်ဆိုင်းနေတဲ့ ပြည်သူလူထုသားသမီးတွေလည်း သွေးမျက်ရည်တွေ မြေပေါ်ခနေခဲ့ပြီ…. အမေကျန်းမာရွှင်လန်းပါစေ..။။။

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။