Friday, July 14, 2006

ရင်ထဲကစကားစုများ

အွန်လိုင်းပေါ်ကိုစရောက်ခဲ့တဲ့အချိန်မှာ ချတ်တင်မှာပဲ ၂လလောက် အချိန်ကုန်ခဲ့မိတယ်။ အင်း တကယ်ကို ခင်ဖို့ကောင်းသလို အပြင်နဲ့မခြားစစ်မှန်တဲ့ခင်မင်မှုတစ်ချို့ကို လက်ခံရရှိလိုက်သလို ရွံရှာမုန်းတီးဖို့ကောင်းတဲ့ ယုတ်မာသောစိတ်ဓါတ်ပိုင်ရှင်တွေကိုလညး တွေ့လိုက်ရတယ်။ အွန်လိုင်းပေါ်ကနေ စရိုက်မျိုးစုံကို သိလိုက်ရသလို ကိုယ့်ကိုယ်ကိုယ်လည်း ပြန်လည်ဝေဖန်နိုင်တဲ့စိတ်တွေ တွေးခဲ့မိတယ်။ ငယ်ငယ်တုန်းကတော့ ကျောင်းကပွဲတွေ ၊ စာစီစာကုံးပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ရတာသိပ်ပျော်ခဲ့တာပေါ့။ ၂၀၀၄ကုန်လောက်မှာတော့ သူများတွေစာရေးတာလည်းအားကျသလို ကိုယ်တိုင်လည်း ၀ါသနာပါသူမို့ ဖိုရမ်အပါအ၀င် စာတိုစာစတွေ လျှောက်ရေးကြည့်တယ်။ လင်းကိုယ်တိုင်ကလည်း လက်ထဲရောက်လာသမျှ လက်ကမ်းမှီသမျှ စာစောင်အတော်များများကိုဖတ်ဖြစ်ပါတယ်။ ကိုယ်ကအစပိုင်းဆိုတော့ ကမောက်ကမတွေ အများကြီးကြုံတွေ့ခဲ့ရတယ်။ ဒီလိုနဲ့အစပျိုးရင်နောက်ပိုင်းမှာ သူငယ်ချင်းတွေကလည်း အားပေးတယ်။ အကိုတွေ အမတွေကလည်း သွန်သင်ဆုံးမပေးခဲ့တယ်။ အွန်လိုင်းမှာ ယုံကြည်ရသူဆိုတာ နည်းပါတယ်။ ဒါပေမယ့် ရှားပါးရတနာလို့ ပြောရမယ့် တကယ်ခင်ရသူတွေကို ရှာဖွေတွေ့ရှိခဲ့တယ်။ အင်း အဲဒီအချိန်တုန်းကတော့ ပလန်းနက်က ဒိုင်ခံ လင်းလက်သွားနေကျနေရာပေါ့။ ရန်လည်း ခဏခဏဖြစ်သလို မသိရင် တအားစွာသလိုဖြစ်နေခဲ့တယ်။ အသိရင်းတွေအားပေးမှုနဲ့ နေလာပြီးတစ်နေ့မှာ မေးလ်တစ်စောင်ဝင်လာတယ်။ ညီမလေးဝါသနာပါတဲ့ ဒီစာပေရေးသားခြင်းနဲ့ ငယ်ရွယ်ချိန်မှာ လုပ်နိုင်တာကို greeting လုပ်တဲ့ အကိုညီလင်းဆက် မေးလ်ပါ။ ကိုယ်နဲ့မသိပေမယ့် အခုလိုမေးလ်ဆန်းဆန်းလေးနဲ့ စကားကို လင်းလက်ရင်ထဲမှာ အဲဒီအချိန်တုန်းက ၀မ်းသာမှုတွေပြည့်နှက်နေခဲ့တယ်။ တစ်နေ့တစ်နေ့ ရေးနေတဲ့မေးလ်ထဲမှာ ဒီလိုဝေဖန်အကြံပြုချက်စာကနည်းခဲ့တယ်လေ။ အဲဒီအချိန်မှာ အကိုညီလင်းဆက်နဲ့ စတင်သိခဲ့ရပြီး သူ့ဝါသနာတွေကိုတကယ်လေးစားခဲ့ရတယ်။ ခင်ပြီးနောက်ပိုင်းမှာ အနုပညာနဲ့ပတ်သတ်ရင် ၀ါသနာသိပ်ကြီးတဲ့သူ့ကိုသိပ်ခင်ခဲ့ရသလို သူကလည်း တတ်နိုင်သမျှ အတော်များများ လင်းကို အကူညီပေးခဲ့ပါတယ်။ အကိုအရင်းနဲ့မခြားခင်လို့ တောင်းသမျှအကူညီတွေကို တတ်နိုင်သမျှလုပ်ပေးခဲ့တဲ့ အကိုညီလင်းကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ရှိကြောင်းပြောချင်ပါတယ်။

လင်းလက်ဘ၀မှာက အလိုမကျမှုနဲ့ ပြသနာတွေသိပ်များတယ်။ လင်းစိတ်ထဲက အဖုအထစ်တွေအားလုံးကို တစ်ခုချင်းရေးသွားအုန်းမှာပါ။ လင်းဘ၀မှာ အတော်များများအမြင်မှာ ပြည့်စုံသလောက်ထင်ရပေမယ့် လင်းက အေးစက်စက်နဲ့ ခပ်ရွတ်ရွတ်ပုံစံဖြစ်နေခဲ့တယ်။ တကယ်တော့ လင်းလိုချင်ခဲ့တဲ့အရာတွေအားလုံးက လင်းဘ၀မှာ ပြောပိုင်ခွင့်တစ်ခွန်းမှ မရှိခဲ့ဘူး။ တကယ်လို့များ လူတစ်ယောက် တောင်းဆိုခွင့် ၊ ဖြစ်ချင်တာတွေကို အရေးစိုက်မေးခဲ့မယ်ဆိုရင်တောင် ကျေနပ်အုန်းမှာပါ။ အလိုမကျမှုတွေအားလုံးကို မောင်နှမတွေအားပေးမှုနဲ့ ဖြေသိမ့်ခဲ့ပြီး စိတ်ကိုတည်ငြိမ်အောင်ကြိုးစားနေရတာလည်း တစ်ခါတစ်ရံ သိပ်မကျေနပ်မိဘူး။ ဘယ်နေရာမဆို ရောင့်ရဲတတ်ရမယ်ဆိုတဲ့စကားက ပြောရတာလွယ်ပေမယ့် တစ်ကယ်တမ်းမှာ ကျင့်သုံးရတာ သိပ်ခက်ပါတယ်။ မကြာခင်မှာပြည့်မယ့် အသက် ၁၈မြောက်မွေးနေ့မှာ လိုချင်တာတစ်ခုကို တောင်းဆိုဖို့စိတ်ကူးထားပေမယ့် ပြင်းထန်တဲ့ပယ်ချမှုအဆုံးမှာ ကြွေလွင့်ခဲ့ရတဲ့မျက်ရည်တွေနဲ့ စိတ်ကူးစိတ်သန်းအားလုံးက ကောင်းကင်ထက်က တိမ်တွေလိုပါပဲ။ တစ်ချို့ကတော့ လေထဲတိုက်အိမ်ဆောက်ပြီး ဖြစ်ချင်တာကို မရမကတောင်းဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးလို့ ထင်ချင်ထင်မှာပေါ့။ လင်းမှာလည်းဖြစ်သင့်တာနဲ့ မဖြစ်သင့်တာကို ခွဲခြားဝေဖန်တတ်တဲ့ စိတ်ထားရှိပါတယ်။ လင်းလက်အသိုင်းဝိုင်းကို အတင်းငြင်းဆန် လုပ်ချင်တာကိုစွတ်လုပ်ဖို့ စိတ်ကူးမရှိပါဘူး။ သူလည်း နည်းနည်းလျှော့ ကိုယ်လည်း ပြန်ပြင်ဆင်ပြီး အေးချမ်းစွာနေခဲ့ချင်ပါတယ်။ ဒါပေမယ့် ဒါတွေက စိတ်ကူးထဲက ပုံရိပ်တွေပါ။ လက်တွေ့မှာ ပြင်းထန်တဲ့ရာဇသံနဲ့ ပြင်းထန်တဲ့ကျွန်မစိတ်ထားတွေကြောင့် ပြသနာတွေများနေခဲ့တယ်။

ဘယ်အရာမဆို လိုချင်တာရှိရင်ပေးဆပ်၇တယ်တဲ့။ အဲဒီတော့ ဒါတွေက ပေးဆပ်မှုတစ်ခုလို့ပဲ သဘောထားလိုက်ရမှာပေါ့။

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။