Friday, October 31, 2008

လတ်တလောဖတ်မိသော စာအုပ်များနှင့်အတွေးများ

ပန်နီဆူးလားမှာ မြန်မာစာအုပ်တွေသွားဝယ်တိုင်း ကျွန်မ ပထမဆုံးခြေလှမ်းလေ့ရှိသော ဆိုင်က `ဒဏ္ဍာရီ´ဆိုင်ပါပဲ။ ဒီဆိုင်ကလေးဟာ စာအုပ်တွေချည်း သီးသန့်ရောင်းသောဆိုင်ဖြစ်သလို စာပေမြတ်နိုးတဲ့ ဇနီးမောင်နှံနှစ်ဦးက ဖွင့်ထားသလို အကူညီလိုရင် လက်မှတ်ကောက်ခြင်းကဲ့သို့ ကိစ္စများကို စေတနာအပြည့်အ၀ဖြင့် ကူညီလေ့ရှိတဲ့အတွက် စာအုပ်များပြားသော ထိုဆိုင်ကိုပဲ ကျွန်မ ထိပ်ဆုံးသွားလေ့ရှိပါတယ်။ စာအုပ်တော်တော်များများကို မကြာခဏ ၀ယ်လေ့ရှိတဲ့ ကျွန်မနှင့် မြန်မာပြည်နှင့်ပတ်သတ် စာအုပ်များကိုဝယ်လေ့ရှိတဲ့ သူ့ကို ဒီဆိုင်ပိုင်ရှင်ကလည်း ခင်မင်ရင်းနှီးနေခဲ့ပါပြီ။

စာအုပ်တွေမြင်ရင် ၀ါးစားသလို ၀ယ်တတ်တဲ့ ကျွန်မတို့နှစ်ယောက်ကို တစ်ခါတစ်လေ အချို့စာအုပ်တွေ စာကြည့်တိုက်မှာ ငှားလို့ရကြောင်းလည်း အကြံပြုပေးတတ်တဲ့အတွက် ပိုမိုသဘောကျမိပါတယ်။ စာအုပ်တစ်ခါသွားငှားရင် ပြန်ပို့ဖို့ အချိန်မရတာတစ်ချက်၊ ကိုယ်ပိုင်စာအုပ်အဖြစ် သိမ်းထားတာကိုပဲ သဘောကျမိတဲ့အချက်ရောကြောင့် စာအုပ်ငှားဖို့ ကျွန်မ တစ်ခါမှ စိတ်မကူးဖြစ်ခဲ့ဘူး။ ဒါကြောင့်လည်း ကျွန်မအခန်းက စာကြည့်တိုက်တစ်ခုလို ဖြစ်နေခဲ့ပြီး အိမ်ပြောင်းစဉ်က ကျွန်မပစ္စည်းအားလုံးက ကားကြီးတစ်စီးစာ ရှိနေခဲ့တာကြောင့် အချို့စာအုပ်တွေကို လှူဖို့ ၊ အချို့ပစ္စည်းတွေကို လွှင့်ပစ်ဖို့ ကျွန်မမိဘတွေက မကြာခဏ တိုက်တွန်းလေ့ရှိတဲ့အတွက် ကျွန်မစာအုပ်အချို့နှင့် ပစ္စည်းအချို့ကို သံယောဇဉ်တွေဖြတ်ခဲ့ရပါတယ်။



အရင်လက ပန်နီဆူးလားကိုခဏရောက်ချိန် ဖတ်ဖို့စာအုပ်တော်တော်များများ ဒဏ္ဍာရီဆိုင်ကပဲ ၀ယ်လာဖြစ်ခဲ့တယ်။ ပထမဆုံးဖတ်ဖြစ်တဲ့စာအုပ်က စာရေးဆရာကြီး မြသန်းတင့်ဘာသာပြန်ခဲ့သော `တဂိုးဝတ္ထုတိုများ´။ ယခင်ပို့စ် `သခင်လေးပြန်လာပြီ´၀တ္ထုတိုက ထိုစာအုပ်ထဲမှ ကူးယူဖော်ပြခဲ့ခြင်းပါ။ တဂိုးဝတ္ထုတိုအနည်းငယ်ကိုပဲ ဖတ်ဖူးတဲ့အတွက် စာရေးဆရာကြီးပါရဂူ ဘာသာပြန်စာအုပ်ကိုလည်း ၀ယ်ယူလာခဲ့တယ်။ ဆရာကြီးပါရဂူ ဘာသာပြန်စာအုပ်ကိုတော့ မဖတ်ရသေးပါဘူး။ တဂိုးဝတ္ထုတိုများကို ဖတ်ရင်း အရေးအသား ၊ အဖြစ်အပျက် ၊ နေရာဒေသ ခေတ်စနစ်တွေကို လေ့လာမှတ်သားခဲ့ရပါတယ်။ ၀ယ်ရကျိုးနပ်သော စာအုပ်တစ်အုပ်ပါပဲ။


ဒုတိယ ကျွန်မဖတ်ဖြစ်သော စာအုပ်က ကျွန်မ လေးစားနှစ်သက်ရပါသော `ဆရာချစ်ဦးညို´ စာအုပ်တွေပါပဲ။ သမိုင်းရာဇ၀င်တွေကို နောက်ခံထားပြီး စကားလုံးလှလှ ၊ ခံစားမှုနက်နက်များဖြင့် ရေးဖွဲ့လေ့ရှိသော ဆရာချစ်ဦးညိုစာပေတွေကို ကျွန်မ သိပ်နှစ်သက်ပါတယ်။ ဆရာချစ်ဦးညိုစာအုပ်များအားလုံးကို ကျွန်မသိပ်နှစ်သက်သလို ကျွန်မအသဲနှလုံးကို အလှုပ်ကိုင်နိုင်ဆုံး စာအုပ်က ကျွန်မသဘောကျသည့် မဏိစန္ဒာမင်းသမီးအကြောင်းကို ရေးဖွဲ့ထားသော `မဏိစန္ဒာဥဒါန်း´စာအုပ်ပါပဲ။ `နှင်းကေသရာချစ်တဲ့ သူရဲကောင်း´စာအုပ်ကို ဖတ်မိရင်း ရာဇ၀င်ထဲမှ သူရဲကောင်းများဘ၀နှင့် သူရဲကောင်းများကို ချစ်မိသော မိန်းမသားများဘ၀ ၊ ဘုရင်များ၏ စစ်မက်များကို လေ့လာသုံးသပ်မိပါတယ်။

ထိုစာအုပ်ထဲမှာ ကျွန်မရင်ထဲစွဲသွားသော စကားလုံးက စစ်ပွဲပေါင်းများစွာကို တိုက်ခိုက်အောင်မြင်ပြီး အရွယ်ရလာချိန် စစ်သူကြီးတစ်ဦး လေးလေးနက်နက်တွေးမိသော စစ်နှင့်ပတ်သတ် အတွေးအခေါ်တစ်ခုပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် ယခင်ခေတ်မှာ သစ္စာဖောက်တွေကြောင့် ၊ ဘုရင့်အမိန့်အာဏာကြောင့် ၊ မိမိနိုင်ငံအတွက်ကြောင့် စစ်ပွဲတွေဆင်နွှဲခဲ့ရတယ်။ နိုင်ငံတိုးတက်အေးချမ်းသာယာစေရန်အတွက် စစ်ပွဲတွေနှင့် ဖြေရှင်းနေရတာ ဘယ်လိုမှ မတတ်သာခဲ့တဲ့ စစ်သူကြီးများဘ၀မှာ နောင်အနာဂတ်လူသားတွေရဲ့ ပိုမိုတိုးတက်လာမည့် အတွေးအခေါ် ၊ အုပ်ချုပ်ပုံ ၊ ခေတ်စနစ်များကြောင့် ပိုမိုအေးချမ်းသာယာ တိုးတက်လာမည့် အနာဂတ်ရှေ့ဘ၀များကိုပဲ မျှော်လင့်အားကိုးတော့မည်ဆိုသော စကားတစ်ခွန်းကို သေသေချာချာ တွေးနေမိပါတယ်။

လွန်ခဲ့သော နှစ်ပေါင်းမြောက်များစွာက ဘုရင့်လက်အောက်မှ စစ်သူကြီးများဟာ ဒီအတွေးကို တွေးရင်း နောင်အနာဂတ်လူသားများအပေါ်မှာ အားကိုးမျှော်လင့်ခဲ့ဖူးပါတယ်။ သိပ္ပံပညာတွေ ၊ စက်မှုစွမ်းအားတွေ တိုးတက်ထွန်းကားလာတဲ့ ယနေ့ခေတ်မှာ ရာဇ၀င်ထဲမှ သူရဲကောင်းကြီးများ မျှော်လင့်ကြိုးစားခဲ့သလို အမှန်စင်စစ် လွတ်လပ်အေးချမ်းသာယာနေပါရဲ့လားဆိုတာ ကျွန်မစဉ်းစားနေမိပါတယ်။ ဘုရင်စနစ် မကုန်ခမ်းသေးသော အာဏာရှင်နိုင်ငံများမှာ ထိုမျှော်လင့်ချက် အပြည့်အ၀ မဖြစ်မြောက်သေးဘူးလို့ ကျွန်မ ကောက်ချက်ချမိပါတယ်။


တတိယ ကျွန်မဖတ်ဖြစ်တာက ဝေဖန်ခံရခြင်းများသော ဆရာမဂျူး၏ `သူမင်းကို .. ဘယ်တော့မှ´ စာအုပ်ပါပဲ။ အတွေးအခေါ် ရေးသားဟန် အနည်းငယ် ဦးတည်ချက် ပြောင်းလဲလာပြီဖြစ်သော ဆရာမဂျူး၏ ကလောင်သွားကို ကျွန်မ နားလည်မိပါတယ်။ `မိန်းမတစ်ယောက်၏ ဖွင့်ဟ၀န်ခံချက်´လို စာအုပ်မျိုးများ ရေးသားခဲ့စဉ်က ဆရာမဂျူး၏ ရင်တွင်းနက်ရှိုင်းမှု ခံစားချက်များနှင့် ယနေ့ ဆရာမဂျူးဟာ အချိန်အခြေအနေကြောင့် ပုံစံအသစ်တစ်ခု ဖြစ်သွားပြီလို့ ကျွန်မ ကောက်ချက်ချမိပါတယ်။ ရင်ကိုမှန်သော မြှားချက်များ ပစ်လွှတ်လေ့ရှိသော ဆရာမဂျူးရင်ထဲမှာ ယနေ့ခေတ် လူငယ်များကို ပိုမိုတိုးတက် ကြိုးစားချင်စိတ် ၊ လမ်းသစ်များ ရှာဖွေလေ့လာသင်ယူစိတ် ၊ မကြောက်မရွံ့ ကြိုးစားလိုစိတ်တို့ ကိန်းဝပ်ရှင်သန်နေတယ်လို့ ကျွန်မမြင်မိပါတယ်။


စတုတ္ထ ကျွန်မဖတ်ပြီးသော စာအုပ်က ဆရာမကြီး ခင်နှင်းယု၏ `မြကြာဖြူ´စာအုပ်။ ချစ်ခင်နှစ်သက်ခြင်း မရှိဘဲ အလိုဆန္ဒနှင့် အနိုင်ယူလိုစိတ်အတ္တဖြင့် ဖွဲ့တည်လာသော တက္ကသိုလ်မှ အလှပဆုံးမိန်းမတစ်ယောက်၏ အိမ်ထောင်ရေးဘ၀ ၊ မိမိအိမ်ထောင်ဖက်ကို ထိမ်းမြားပြီး သားသမီးတွေရလာချိန်ထိ ချစ်ခင်နှစ်သက်ရန် စိတ်မကူးဘဲ ဖြစ်ချင်တိုင်းဖြစ်ပျက်နေသော အိမ်ထောင်ရှင်ယောက်ျား ၊ ချစ်သူ၏ သစ္စာမဲ့ခြင်းကို ခံရပြီး အေးမြသောအရိပ်အောက်မှာ တည်ငြိမ်သွားသော အမျိုးသမီးတစ်ဦး။ စာအုပ်တစ်အုပ်ဖတ်ပြီးတိုင်း သင်ခန်းစာတစ်ခုကို ရသလို မြကြာဖြူစာအုပ်ဟာလည်း လူဆိုသော သတ္တ၀ါများ သတိထားရမည့် အချက်များကို ညွှန်ပြပေးတယ်လို့ ယူဆမိပါတယ်။


ကြည်အေး၏ ၀တ္ထုတိုများပေါင်းချုပ်ကို နောက်ဆုံးဖတ်ပြီးခဲ့ပါတယ်။ ကြည်အေးရေးသော `မီ´ဆိုသော ၀တ္ထုရှည်တစ်ခုကိုလည်း ကြိုက်စာရင်းထဲ ထည့်ထားခဲ့ရင်း ၀တ္ထုတိုများကိုလည်း သူ့ခေတ်သူ့အချိန်နှင့်သူ ခံစားကြည့်ချင်တဲ့အတွက် ၀တ္ထုတိုများကို သေချာဖတ်ရှုဖြစ်ပါတယ်။


စာအုပ်အချို့ကို ဖတ်ပြီးသွားချိန် ရင်ထဲမှာ အတွေးပေါင်းမြောက်များစွာဖြင့် ကျန်ရစ်ခဲ့ပါတယ်။ လက်ရှိ ဖတ်နေဆဲစာအုပ်က စာရေးဆရာကြီး မြသန်းတင့် ဘာသာပြန်သော `လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ´။ ဟားဗတ်စ်တက္ကသိုလ်မှ ဘ၀များကို စိတ်ဝင်စား၍သာ ဖတ်နေခြင်းပါ။ တက္ကသိုလ်နွေညများအကြောင်းဖတ်ရင်း မြန်မာလူမျိုးတွေ လွမ်းမောရသော ရန်ကုန်တက္ကသိုလ်ကြီးကို တစ်ခါမှ အလည်တစ်ခေါက်တောင် မရောက်ခဲ့လိုက်ရတဲ့ ကိုယ့်အဖြစ်ကိုယ်လည်း ရံဖန်ရံခါ စိတ်တိုမိပါတယ်။ ကျွန်မ မိဘတွေက လွမ်းမောစကားတွေပြောတိုင်း ကျွန်မမှာ လေးထောင့်ပုံသဏ္ဍာန် အဆောက်အအုံတွေထဲ စားသုတ်သုတ် လာသုတ်သုတ် အပြေးအလွှား သွားနေရတဲ့ သံယောဇဉ်တွယ်တာခြင်း သိပ်မရှိသော ၊ ခင်မင်မှုပျော်ရွှင်ရီမောသံတွေ …. လွမ်းမောစရာ အဖြစ်အပျက်တွေ သိပ်မများပြားသော ခြင်္သေ့ကျွန်းပေါ်က သက်ဝင်ခြင်းမရှိ ကျောင်းကိုပဲ မြင်ယောင်နေမိပါတော့တယ် … ။

15 comments:

kay said...

လင်းလက်လေးရေ- ဒဏ္ဌာရီက..စာအုပ်တွေ ငေးသွားတယ်။ တချို့ဖတ်ဖူးခဲ့ပေမဲ့ မေ့ကုန်ပီ။ အားလုံး အဆင်သင့်ဖြစ်ပြီလား။ ပျော်ရွှင်စရာ အနာဂါတ် စောင့်ဆိုင်းလျက်။ ချစ်တဲ့ မကေ

kay said...

လင်းလက်လေးရေ- ဒဏ္ဌာရီက..စာအုပ်တွေ ငေးသွားတယ်။ တချို့ဖတ်ဖူးခဲ့ပေမဲ့ မေ့ကုန်ပီ။ အားလုံး အဆင်သင့်ဖြစ်ပြီလား။ ပျော်ရွှင်စရာ အနာဂါတ် စောင့်ဆိုင်းလျက်။ ချစ်တဲ့ မကေ

kay said...

လင်းလက်လေးရေ- ဒဏ္ဌာရီက..စာအုပ်တွေ ငေးသွားတယ်။ တချို့ဖတ်ဖူးခဲ့ပေမဲ့ မေ့ကုန်ပီ။ အားလုံး အဆင်သင့်ဖြစ်ပြီလား။ ပျော်ရွှင်စရာ အနာဂါတ် စောင့်ဆိုင်းလျက်။ ချစ်တဲ့ မကေ

MrDBA said...

ကျွန်တော်လဲ စာအုပ်ဝယ်ရတာ နှစ်သက်တာကြောင့် အခုရက်ပိုင်း အိမ်ပြောင်းတဲ့အခါ စာအုပ်ချည်း လက်ဆွဲအိပ်လေးအိပ် ရှိလို့နောင်အတွက် ဝယ်မလား ငှားမလား စဉ်းစားနေရတယ်ဗျ။ စာအုပ်တွေ အများကြီးဖတ်တာ ကောင်းတယ်ဗျို့။

Kaung Kin Ko said...

ဒါလေးဖတ်ပြီးတော့ ရန်ကုန်မှာ ချန်ထားခဲ့ရတဲ့ စာအုပ်လေးတွေကို နှမျောလိုက်တာ။

မသက်ဇင် said...

လင်းလက်ကြယ်စင်လေးရေ----
အလုပ်များနေလို့ အခုမှ လာဖြစ်တယ်---
ပိုစ့်လေးကိုဖတ်ရင်း--မှတ်ချက်ချမိတာကတော့--
စာတော်တော် ဖတ်တဲ့ မိန်းခလေး လို့ပါပဲ---
ဝမ်းသာကြည်နူးသွားမိတာအမှန်ပါ---
ဒီလိုအသက်အရွယ်လေးမှာ စာပေါင်းစုံ ဖတ်နိုင်တာ
တော်ရုံ အမျိုးသမီးလေးမဟုတ်လောက်ဘူးလေ---
စာအသိ ဗဟုသုတ အကြည့် များနဲ့အတူ--
ချမ်းမြေ့ပျော်ရွှင်ပါစေသော်---

JJ said...

I really really want to read Jue's book "thu min go bel tot hma". Is it a novel or short story? i m a great fun of Jue but i hv never seen that book. Could u pls do sth to read that book in ur blog or whatever. thank you very much.

Anonymous said...

အလည်ရောက် လာပါတယ်...စာအုပ်တွေကို မှတ်သားသွားပါတယ်

တခါမှမဖတ်ဖူးသေးပါဘူး..အဆင်ပြေပါစေ

တက်တူ said...

ကျွန်တော်ကတော့ များသောအားဖြင့် ဘာသာပြန်တွေဖတ်လေ့ရှိတယ်၊
စာရေးဆရာ မြသန်းတင့်က ကျွန်တော်အကြိုက်ဆုံး စာရေးဆရာတွေထဲကတယောက်ပဲ၊ သူ့စာအုပ်တော်တော်များများ ဖတ်ဖူးတယ် လက်လှမ်းမှီသလောက်ပေါ့။ စလုံးမှာတော့ ဝယ်မဖတ်ဖြစ်တာ ကြာပြီ အိမ်ရွှေ့ရင် ပစ္စည်းများမှာကြောက်လို့။

တက်တူ said...

အော ဒါနဲ့ ပြောဖို့မေ့နေလို့၊ စာအုပ်ဆိုင်မသွားဖြစ်ရင် ကိုယ်ဟာကို
http://ebooks.mmblogs.net/
http://shweone.wordpress.com/
ကနေ download ၊ print ထုတ်ပြီး ဖတ်လို့ရတာပေါ့။

M.Y. said...

ညီမလင်းလက်လို စာပေချစ်တဲ့ ကျောင်းသူ မျိုးတွေ မြန်မာ့မြေပေါ်က၊ ဟိုတစ်ခေတ်က တက္ကသိုလ်မှာတက်ခွင့်ရခဲ့ရင်..တက္ကသီလာလဲပိုလှပနေဦးမယ်

Aung Phyoe said...

အမစာအုပ်တွေထဲက "နှင်းကေသရာ..." ကလွဲလို့ အားလုံးဖတ်ဖူးတယ် ။ ဒါနဲ့စကားမစပ် "မြကြာဖြူ" ထဲက လင်းရွှေအောင် ကာရိုက်တာကို ဘယ်လိုများသဘောထားလဲ သိပါရစေ ၊ အမှန်အတိုင်းပြောရရင် ကျတော်သူ့ကို သိပ်သဘောကျတယ် ၊ ဒါပေမယ့် အတော်များများက ကျွန်တော်နဲ့ မတိုက်ဆိုင်ဘူး၊ (လူမှုရေးအရ အောက်တန်းကျတဲ့လူလို့ဆိုနိုင်ပေမယ့် တူးတူးအပေါ်ထားတဲ့ သူ့အချစ်ကို သိပ်လေးစားမိတယ် ) ... အမရောဟင် ?

Unknown said...

ဂျူးဂျူးရေ
အားပေးလျက်........
အရေးအသားကောင်းတဲ့ ဂျူးဂျူးရဲ့ 
ဒီလိုစာမျိုးကိုထပ်ပြီးစောင့် မျှော်လျက်..........

လင်းလက်ကြယ်စင် said...

မမကေ > အားလုံးအဆင်သင့်ဖြစ်သလောက်ရှိနေပါပြီရှင်။ ကျေးဇူးတင်ပါတယ်။

MrDBA > ကျွန်မစိတ်ထဲမှာတော့ အချိန်ရတယ် ၊ လမ်းကြုံတယ်ဆိုရင် ကိုယ်ပိုင်မသိမ်းချင်တဲ့ အချို့စာအုပ်တွေကို ငှားဖတ်ရင် အဆင်ပြေနိုင်ပါတယ်။

ကိုကောင်းကင် > အကိုရေ နှမြောမနေနဲ့ အိမ်ပြန်ယူလိုက် :P

မသက်ဇင် > ကျေးဇူးမမ။ ညီမ လေးစားခဲ့ရတဲ့ ဆရာတစ်ဦး ပြောကြားချက်ကြောင့် စာဖတ်ခြင်းပုံစံကို သေသေချာချာ နားလည်သွားခဲ့ရလို့ပါ။

Pwint > ဆရာမဂျူးစာအုပ်ကို လောလောဆယ်တော့ အသစ်မို့လို့ Ebook နဲ့ အွန်လိုင်းပေါ်မှာ မတွေ့ရသေးဘူး။ တကယ်လို့ ကျွန်မမှာ လုံလောက်သော အချိန်ရှိခဲ့ရင် ဖော်ပြပေးနိုင်ဖို့ ကြိုးစားပေးပါ့မယ်။

မလမင်း > အလည်လာတာ ကျေးဇူးပါရှင်။

ကိုတက်တူ > ဆရာကြီးမြသန်းတင့် စာအုပ်အများစုကို ကျွန်မ နှစ်သက်စွာ ဖတ်ဖြစ်ပါတယ်။ အားလုံးထဲမှာ လေရူးသုန်သုန်ကို အစွဲလမ်းဆုံးပေါ့။

အကိုမောင်ရင် > မြန်မာပြည်မှာနေစဉ်က ညီမ တစ်နေ့မှာ ရန်ကုန်တက္ကသိုလ်မှာ ကျူတာလုပ်မယ်လို့ စဉ်းစားခဲ့ဖူးတယ်။ တက္ကသိုလ်နယ်မြေကြီးကို ရုပ်ရှင်တွေထဲကနေ ကြည့်တိုင်း သိပ်သွားချင်ခဲ့တယ်လေ။ အခုတော့ မျှော်လင့်ချက်တွေ ဝေးပေါ့ .. ။

ကိုအောင်ဖြိုး > လင်းရွှေအောင်ရဲ့ တူးတူးအပေါ် ချစ်တဲ့ အချစ်သက်သက် ပြောရမယ်ဆိုရင်တော့ `ချစ်လွန်းသူ´လို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် ကျွန်မအမြင်က မိမိကိုယ်တိုင် လိုလိုချင်ချင်နဲ့ လက်ထပ်ထားသော အိမ်ထောင်ဖက်က လက်မခံနိုင်လောက်အောင် ဆိုးရွားခြင်းမရှိဘဲ တစ်ဖတ်သတ် စိမ်းကားပြတ်တောက်သွားခဲ့တာကို သဘောမကျပါဘူး။ တူးတူးနှင့် ပေါင်းဖက်ခြင်းမရတာနဲ့ ခံစားနေရတယ်ဆိုရင် အပြစ်မပြောလိုပေမယ့် အိမ်ထောင်ရေးဖောက်ပြန်မှုတွေကို ထပ်တလဲလဲ ကျူးလွန်နေတာကို လုံးဝသဘောမကျပါဘူး။

နောက်တစ်ချက် - သူ အင်္ဂလန်ကို ထွက်သွားချိန်မှာ တိတ်တိတ်ပုန်းလက်ထပ်သွားပြီး လက်ရှိတရားဝင် ဇနီးမယားတစ်ယောက်လုံးကို ပစ်ပစ်ခါခါ တစ်စက်မှ အသိပေးခြင်း မရှိဘဲ အဆက်သွယ်ဖြတ်တောက်လိုက်တာကိုလည်း သဘောမကျပါဘူး။ ကျွန်မက ယောက်ျားဆိုရင် နူးညံ့ကြင်နာလေးနက်ခြင်း နှင့် ပြတ်သားခြင်းရောစပ်ထားမှ သဘောကျလေ့ရှိတာကြောင့်ပါ။ ကိုယ်ဘာကိုလိုချင်တာလဲ ၊ ရနိုင်လား ၊ မရနိုင်လား ၊ ဘ၀ကို ဘယ်လို အကောင်းဆုံး ရှေ့ဆက်ရမလဲ စဉ်းစားသင့်တယ်လို့ ယူဆမိပါတယ်။ အိမ်ထောင်ရေးဖောက်ပြန်နေပြီး ပြောင်းလဲကောင်းမွန်လာတဲ့ မိမိဇနီးကို လျစ်လျူရှုထားရုံ ၊ သားသမီးတွေကို ဥပေက္ခာပြုထားရုံနဲ့ သူချစ်တဲ့ တူးတူးကို ပြန်ဆုံနိုင်လို့လားဆိုတဲ့ လက်တွေ့ကျကျ အတွေးကိုလည်း စဉ်းစားသင့်တယ်လို့ ယူဆမိပါတယ်။

`လူ´တွေရဲ့ အကျင့်က မရခဲ့တဲ့အရာတစ်ခုဆိုရင် တပ်တပ်မက်မက် စွဲလန်းသတိရနေလေ့ရှိပါတယ်။ တူးတူးကို ချစ်သော အချစ်သံယောဇဉ်ကြောင့်ရော ၊ ရယူပိုင်ဆိုင်ခြင်းမရှိခဲ့တာကြောင့်ရော သူ့ရင်ထဲက အချစ်တွေ မကုန်ခမ်းနိုင်ဘူးလို့ လင်းရွှေအောင် ထင်နေတာလို့ မြင်မိပါတယ်။ တကယ်တော့ အချစ်ဆိုတာ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ဖွဲ့တည်ထားသော ခံစားချက်ပါပဲ။ မြကြာဖြူအပေါ်မှာ မကြိုးစားချင်တော့ရင်လည်း ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ရည်ရွယ်ချက်ကို ဆွေးနွေးသင့်တယ်လို့ မြင်မိပါတယ်။ ပစ်စလက်ခတ် လုပ်သွားတာကိုတော့ မကြိုက်မိပါဘူး။ တူးတူးကို မမေ့နိုင်တာ ပြဿနာမရှိပါဘူး။ ချစ်နေဆဲဆိုတာလည်း ပြဿနာမရှိပါဘူး။ လူဆိုတာ ကိုယ်တကယ်သိပ်ချစ်ရတဲ့ ချစ်သူနဲ့ မပေါင်းဆုံရရင် မမေ့နိုင်တာ သဘာဝမို့ လက်ခံနိုင်ပါတယ်။ တစ်ဖက်မှာလည်း လက်ရှိ တည်ဆောက်ထားတဲ့ ကမ္ဘာလေးအပေါ်မှာလည်း တာဝန်ကျေတဲ့ ၊ ကောင်းမွန်ပျော်ရွှင်စွာ ဖြတ်သန်းသွားနိုင်ဖို့ ကြိုးစားတဲ့ ယောကျာ်းကောင်းတစ်ယောက် ဖြစ်ရင်တော့ အကောင်းဆုံးပေါ့။

ကဲ ကိုအောင်ဖြိုးရေ ဒါက ကျွန်မအမြင်ပါ။ ပြောတာတွေ ပြင်းသွားရင် ခွင့်လွှတ်ပါ။ ကျွန်မက အိမ်ထောင်ရေးဖောက်ပြန်တတ်တယ်ဆိုသော လူ (ယောက်ျား၊မိန်းမ) တွေကို တစ်စက်မှ မကြိုက်တတ်လို့ပါ။ ကိုအောင်ဖြိုးက လင်းရွှေအောင် တူးတူးကိုချစ်တဲ့ အချစ်တစ်ခုတည်းကို ကြည့်ပြီး ဒီလိုသဘောကျ ဆုံးဖြတ်လိုက်တာလို့ ကျွန်မမြင်မိပါတယ်။ ကိုအောင်ဖြိုး အမြင်မှားတယ်လို့ ကျွန်မ မယူဆမိပါဘူး။

Anonymous said...

jhjhj

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။