Sunday, April 27, 2008

ခြင်္သေ့ကျွန်းမှ ကြက်ခြေခတ်ကန့်ကွက်မဲများ၏ ဧပရယ်လ်၂၆


၂၆ရက်နေ့ စင်္ကာပူနိုင်ငံ Orchard Road အနီး ၊ St Martin Drive လမ်းပေါ်မှာ စုဝေးရောက်ရှိနေကြသော မြန်မာလူမျိုးများ ။ သူတို့၏မျက်လုံးများက မျှော်လင့်ခြင်းများ ၊ အားမာန်များ ၊ မိမိအခွင့်အရေးအတွက် တာဝန်ကျေအောင် လုပ်ဆောင်မည့်အရိပ်များဖြင့် ပြည့်လွှမ်းနေပြီး မြန်မာသံရုံးခြံဝင်းရှေ့ကို မျက်နှာမူကာ စောင့်ဆိုင်းနေကြသည်။ ပူလောင်သောနေရောင်ခြည်က လူအများအပေါ် ထိုးကျနေပေမယ့် ရင်တွင်းဆန္ဒထုတ်ဖော်ပြသရန်အတွက်သာ အားသန်နေကြသော မြန်မာလူမျိုးများ၏ ခြေလှမ်းများက ထိုလမ်းသွယ်ကလေးပေါ်မှာ စုဝေးနေခဲ့ကြသည်။ ထိုအနီးတ၀ိုက် လမ်းလျှောက်နေကြရင်း စောင့်ကြည့်နေခဲ့ကြသည်။

အလုပ်လုပ်ဆောင်ပုံ နှေးကွေးလွန်းလှသော မြန်မာသံရုံးဝန်ထမ်းများကို စိတ်မရှည်စွာဖြင့် အချို့က တီးတိုးပြောဆိုရင်း အချို့က အော်ပြောကြရင်း အနည်းငယ်ပွက်လောရိုက်နေသော လူထုဆန္ဒခံယူပွဲ .. ။ ဆန္ဒမဲပေးရန် ဖိတ်စာလက်ခံရရှိသူများကိုသာ ဦးစားပေးခေါ်ဆိုနေသော မြန်မာသံရုံးဝန်ထမ်းများ .. ။ မရှင်းလင်းသည်များကို မေးမြန်းနေသော်လည်း တစ်ခွန်းတစ်လေမျှ နည်းလမ်းတကျ ပြန်လည်ဖြေဆိုခြင်းမရှိသော မြန်မာသံရုံးဝန်ထမ်းများ။ စိတ်ခံစားမှုများ ၊ မကျေနပ်မှုများ ၊ အစွမ်းကုန်သည်းခံထားပုံရသော ဆန္ဒမဲပေးချင်နေသည့် မြန်မာလူမျိုးများက နည်းလမ်းတကျ အလုပ်လုပ်ဆောင်ခြင်းမရှိသော သံရုံးရှေ့မှ နာရီပေါင်းများစွာ ရပ်စောင့်ကြရင်း စင်္ကာပူ၏ ဒုတိယနေ့ လူထုဆန္ဒခံယူပွဲက အသက်ဝင်လှုပ်ရှားနေခဲ့သည်။




နေမွန်းတည့်ချိန်ကျော်လောက်မှာ စင်္ကာပူရှိ မျိုးချစ်မြန်မာလူငယ်များအဖွဲ့က မြန်မာသံရုံးအပြင်ဘက်မှ လာရောက်ကူညီ နာမည်များဝိုင်းဝန်းအော်ခေါ်ပေးကြပါတယ်။ `အသက်၁၈နှစ်ကျော်သည့် မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားခိုင်လုံမှုရှိသူများအားလုံး ဆန္ဒမဲပေးနိုင်သည်´ဆိုသော ဥပဒေရှိပါလျက် ထိုအထောက်အထားရှိသူများ ဆန္ဒမဲပေးခွင့်မရှိခြင်းအပေါ် စင်္ကာပူရှိ မြန်မာလူမျိုးများ မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ မြန်မာသံရုံးဝန်ထမ်းများ၏ အမျိုးမျိုးပြောဆိုနေသော ပါးစပ်ထဲရှိရာဥပဒေများကို မြန်မာလူငယ်အချို့က `ဥပဒေကသိပ်အများကြီးမရှိပါဘူး။ နှစ်ခုတည်းပါ။ အခုတစ်မျိုး ၊ နောက်တစ်မျိုး´ဟု ပြောဆိုနေကြခြင်းကို မြန်မာသံရုံးဝန်ထမ်းများလည်း ကြားနိုင်လောက်ပါတယ်။ ဆန္ဒမဲပေးခွင့်ရသူများကတော့ ၀မ်းသာအားရအထဲဝင်ရောက် ကြက်ခြေခတ်ကန့်ကွက်မဲကို ပေးခဲ့ကြပါတယ်။ ထောက်ခဲမဲဟာ အလွန်နည်းပါးပြီး ကန့်ကွက်မဲများမှာ အားလုံးနီးပါးပါပဲ.. ။ မဲပေးခွင့်ရသော လူဦးရေကို မည်မျှပင် သံရုံးဘက်မှ လျှော့ချကြပါစေ ၊ မဲပေးခွင့်ရသူများ၏ ဆန္ဒများကတော့ ကန့်ကွက်မဲများဖြစ်နေကြခြင်းကတော့ မျက်ဝါးထင်ထင်ပင် .. ။

ညနေ၅နာရီလောက်မှာ သံရုံး၏အလုပ်လုပ်ချိန်ပြီးဆုံးရန် နီးကပ်လာတာနှင့် မြန်မာလူမျိုးများ၏ လှုပ်လှုပ်ရှားရှားသံများ ထွက်ပေါ်လာခဲ့ပါတယ်။ မြန်မာသံရုံးအတွင်းဝန် ဦးမြင့်ထွန်းထွက်လာချိန် မြန်မာလူမျိုးများဘက်မှ ယဉ်ကျေးစွာ မေးမြန်းသော မရှင်းလင်းသည့်အချက်များကို သေချာပြန်လည်ဖြေဆိုခြင်းမရှိပါဘူး။ `မြန်မာလူမျိုးလည်းဖြစ်တယ် ၊ နိုင်ငံသားဖြစ်ကြောင်း အထောက်ထား ပါ့စ်ပို့လည်းပါတယ် ၊ အသက်၁၈နှစ်လည်းပြည့်ပြီးပါပြီ။ ဘာကြောင့် မဲပေးနိုင်ခွင့်မရှိရမှာလဲ´ဟု ထပ်တလဲလဲ သေသေချာချာမေးနေသည့် မေးခွန်းများကို `စာရင်းထဲမှာမရှိလို့ပါ´ဆိုသော အဖြေတစ်ခုဖြင့်သာ မရေမရာ ပြောကြားခဲ့ပါတယ်။

`စာရင်းထဲမှာ ဘာကြောင့် နာမည်မရှိရမှာလဲ´ဟု မေးသောမေးခွန်းကို `ခင်ဗျားတို့ မြန်မာတွေ ပြည်ပရောက်ရင် မြန်မာသံရုံးကို ဆက်သွယ်သတင်းပို့ အကြောင်းကြားရမယ်။ ဒါမှသာလျင် သံရုံးရဲ့စာရင်းထဲမှာ ရှိပါလိမ့်မယ်´ဟု ဖြေကြားပါတယ်။ `ပါ့စ်ပို့သက်တမ်းကုန်ခါနီးရင် သံရုံးကို ကျွန်တော်၊ကျွန်မတို့ လာကြတယ်...အခွန်ဆောင်တယ် ၊ သက်တမ်းတိုးတယ် .. ဒါတွေဟာ မြန်မာသံရုံးနဲ့ဆက်သွယ်တာမဟုတ်ရင် ဘာပါလဲ´ဟု မေးကြားသောအခါ ရေရေလည်လည် ပြန်ပြောခြင်းမရှိပါဘူး။ ယဉ်ကျေးစွာ မေးမြန်းနေသော မြန်မာလူမျိုးလူကြီးများ၏ မေးခွန်းကို သံရုံးဘက်မှ `စာရင်းထဲမရှိပါ´တစ်ခွန်းတည်းဖြင့်သာ နောက်ဆုံးပိတ်ဖြေကြားလေ့ရှိပါတယ်။ `ဖိတ်စာပို့တာ မရတဲ့အတွက် သတင်းသိတာကြောင့် လူကိုယ်တိုင်လာတယ် ၊ အထောက်ထားတွေလည်းပါနေတယ်ဆိုရင် ဖိတ်စာပါရမှာတွေ ၊ စာရင်းမရှိတာတွေက အဓိပ္ပါယ်လုံးဝမရှိပါဘူး။ မဲပေးပိုင်ခွင့်ရှိကိုရှိတယ်´ဟု စိတ်ဓါတ်ပြင်းထန်စွာ ပြောကြားနေသော မြန်မာလူမျိုးများ၏ စကားသံများကြားမှာ စစ်အာဏာရှင်၏၀န်ထမ်းများကတော့ အူလည်လည်လုပ်နေလျက် ... ။



အပြင်ဘက်မှ မကျေနပ်စွာအော်သံများ ၊ သံရုံးဝန်ထမ်းမြင်တာနှင့် မရှင်းသည်များကို မေးနေခြင်းများ ၊ မဲမပေးရလျင် ပြန်မည်မဟုတ်သောလူများကြောင့် ညနေ၅နာရီခွဲကျော်ကျော်တွင် မြန်မာသံရုံးဘက်မှ `ကျွန်တော်တို့ဘက်က ၁၀ယောက်စီလက်ခံမယ်။ ၂၀၀၇ခုနှစ်မှစ အခွန်ဆောင်ထားသူများနှင့် မြန်မာနိုင်ငံသားပါ့စ်ပို့ပါသူများ ၁၀ယောက်စီဝင်ပါ´ဟု ဆိုလာသောကြောင့် မြန်မာလူမျိုးများဘက်မှ ၀မ်းသာအားရ ပါ့စ်ပို့စ်များကိုင်ဆောင်ကာ အထဲသို့ ၁၀ယောက်စီ ၀င်ရောက်သွားခဲ့ကြပါတယ်။ မြန်မာလူမျိုးများဘက်က ကျေးဇူးတင်ကြောင်းပြောဆိုကာ မိန်းမများနှင့်သက်ကြီးရွယ်အိုများကို အရင်ဦးစားပေးပြီး ၁၀ယောက်စီ မဲပေးဖို့ သံရုံးထဲသို့ ၀င်ရောက်သွားခဲ့ကြပါတယ်။ ညနေ ၆နာရီခွဲလောက်မှာတော့ မြန်မာသံရုံးဘက်မှ အလုပ်လုပ်ခြင်းအချိန်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာသံရုံးထဲသို့ မဲသွားပေးရန် စောင့်ဆိုင်းနေသူများက မဲမပေးရသေး၍ မပြန်နိုင်သေးကြောင်း ပြန်လည်ပြောဆိုခဲ့ပေမယ့် မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ဦးမြင့်ထွန်းက ပြန်လည်ဖြေကြားခြင်းမပြုခဲ့ပါဘူး။ စနေတစ်ရက်မှာ စင်္ကာပူတွင် အလုပ်လုပ်နေကြသော မြန်မာလူမျိုးအများစုက မအားလပ်တာကြောင့် တနင်္ဂနွေရက်မှာ အလွန်များမည့် လူအင်အားနှင့် မြန်မာသံရုံးအလုပ်လုပ်ဆောင်ပုံ ၊ ဖြေရှင်းပုံများကတော့ လွယ်မည့်အလားမလာရှိကြောင်း မမြင်မိပါ။



စင်္ကာပူတွင်
ဒုတိယနေ့လူထုဆန္ဒခံယူပွဲမှာ မြန်မာသံရုံး၏ နှေးကွေးသော အလုပ်လုပ်ဆောင်ပုံ ၊ နည်းလမ်းမကျသော အဖြေများ ၊ ပူလောင်လွန်းသော ရာသီဥတုအောက်မှာ မဲပေးခဲ့သော မြန်မာလူမျိုးများကတော့ ကန့်ကွက်မဲဖြင့် ကြက်ခြေခတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ် .. ။ မကျေနပ်ကြသော်လည်း ဘာမှလုပ်လို့မရသော အခြေအနေတစ်ခုမှာ မဲပေးခွင့်ရသူများ ကြက်ခြေခတ်ကန့်ကွက်မဲများ ထည့်နိုင်ခဲ့ခြင်းမှာ အားရဖွယ်လုပ်ရပ်တစ်ခုပင် ဖြစ်ပါတယ်။ ထောက်ခံမဲလိုချင်လေလေ ၊ နည်းလမ်းမကျပုံများဖြင့် အလုပ်လုပ်ဆောင်လေ ၊ လူထုကို ညှာတာခြင်းမရှိလေလေ ......... အာဏာရှင်ဘက်မှလူများ အမှန်တကယ် ထောက်ခံမဲရဖို့လမ်းစ ပိုဝေးလေလေဆိုတာ သူတို့ဘက်မှ သိပါလေစ။ စည်းလုံးမှုရှိသော ခြင်္သေ့ကျွန်းမှ မြန်မာပြည်သူလူထုအင်အားကြားမှာ မဲတွေပင်ဘယ်လိုလိမ်လိမ် ၊ ဘယ်လိုပင်လူအင်အားကို ယုတ္တိမရှိစွာ လျှော့ချသည်ဖြစ်စေ ... မဲပေးခဲ့ကြသော လူများရဲ့ ကန့်ကွက်မဲအင်အားဟာ ရာခိုင်နှုန်းအများဆုံးရှိနေတယ်ဆိုတာ ဒုတိယနေ့မှာပဲ သက်သေပြလိုက်နိုင်ပါပြီ။

`တရားမျှတမှု ၊ လွတ်လပ်မှုအစစ်ကိုလိုချင်တဲ့
ငါတို့အားလုံးရဲ့ ရင်ထဲကဆန္ဒဟာ
ကြက်ခြေခတ် ကန့်ကွက်မဲပဲဖြစ်ရမယ်´

6 comments:

pandora said...

လာဖတ်သွားတယ် လင်းလက်ရေ ကိုယ်တော့ မဲပေးပြီးပါပြီ

Anonymous said...

ဒီမိုဘလော့တွေသည် တွေးခေါ်စရာဘာတစ်ခုမှ မပေးပါ.. နအဖကို အရေမရအဖတ်မရနဲ့ မုံန်းအောင်လုပ်ခြင်းသာ သူတို့စိတ်ဝင်စား၏။ နအဖကို မထိတထိ အရွဲ့တိုက်ဖို့သာ သူတို့က အားပေး၏။ လိမ္မာပါးနပ်စွာ လုပ်ကိုင်ဖို့ သူတို့တွင် ဥာဏ်မရှိ

ခင်မင်းဇော် said...

အနောနီးမတ်စ်ရေ..
နင့် ဘိုးတော် အာဏာရူးတွေကရော ဦးနှောက်ရှိရဲ့လား။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံထဲ ရောက်အောင် လုပ်ခဲ့တယ်ဆိုတာလဲ သိအောင်ကြိုးစားဦး..

Anonymous said...

ဖိတ်စာမရပေမယ့်ကျွန်မနှင့်ကျွန်မခင်ပွန်းမဲပေးခွင့်ရခဲ့ပါတယ်။လူရှင်းမယ့်အချိန်မနက်စောစောသွားဖို့တိုက်တွန်းချင်ပါတယ်။ကျွန်မတို့မြင်တွေ့ခဲ့ရတာတကယ့်လျို့ဝှက်မဲအစစ်ဖြစ်ပါတယ်။(လျို့ဝှက်မဲမဟုတ်မှာကြောက်နေသူတွေအတွက်)တိုင်းပြည်ကြီးပြောင်းချင်တယ်လို့ပါးစပ်ကအော်ပြီးဒီမဲလေးပေးဖို့တောင်မအားဘူး၊ဘာမှထူးလာမှာမဟုတ်ဘူး၊စိတ်မဝင်စားဘူးဆိုသူတွေကိုပြင်းပြင်းထန်ထန်ရှူံ့ချပါတယ်။

Anonymous said...

ဒေါ်ခင်မင်းဇော်

မြန်မာနိုင်ငံကြီး အဆင်းရဲဆုံး နိုင်ငံဖြစ်နေခြင်းအတွက် ဒီမိုသမားတွေ ၀မ်းသာနေတယ်ဆိုတာ လူတိုင်းသိပါသည်။ ဆင်းရဲသထက် ဆင်းရဲအောင်လည်း အားကြိုးမာန်တက် စီးပွားရေးပိတ်ဆို့ခဲ့တာ အကြောင်းမဲ့ မဟုတ်ပါ။ မြန်မာနိုင်ငံ ဆင်းရဲလေလေ အရေမရ အဖတ်မရ အတင်းပြောနိုင်လေ မဟုတ်လား? ဆင်းရဲသားတွေများလေလေ ဓါတ်ပုံများများရိုက်ပြီး လုပ်စားလို့ကောင်းလေပါပဲ? မြန်မာတွေအသေဆိုးနဲ့ သေတော့လဲ မသာလောင်းနဲ့ နိုင်ငံရေးအမြတ်ထုတ်တာ ဒီမိုတွေပဲ မဟုတ်လား?

ထို့ကြောင့် နအဖနှင့် ဒီမိုတွေသည် ခွေးတိရိစ္ဆာန်များသာဖြစ်ပေ၏။

Anonymous said...
This comment has been removed by a blog administrator.

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။