နေ့လယ်ခင်းအချိန်ခါလောက်မှာ စာဖတ်နေရင်း မမျှော်လင့်တဲ့သတင်းဆိုးတစ်ခုကိုကြားလိုက်ရတယ်။ `သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာကွယ်လွန်သွားပြီ´တဲ့။ အခုတစ်လောမှာ တန်ဖိုးရှိသောလူတွေ ကွယ်လွန်နေကြလို့ ကွယ်လွန်တယ်ဆိုသော စကားကို ကြားတောင်မကြားရဲတော့ဘူး။ စာရေးဆရာမကြီး အဖွားလူထုဒေါ်အမာစာပေတွေကို လေးစားမြတ်နိုးသူတစ်ယောက်အနေနဲ့ စိတ်နှလုံးထိခိုက်ဝမ်းနည်းရပါတယ် .. ။ ဒီဇင်ဘာလကပဲ အဖွားရဲ့မြေးတော်စပ်သူကနေ အမှတ်တရစာအုပ်လေးတစ်အုပ် လက်ဆောင်ရခဲ့တာကို ၀မ်းသာခဲ့ရပြီး အခုတော့ ကြေကွဲဝမ်းနည်းရပါတယ်။ ပြည်သူဘက်ကရပ်တည်သော ၊ အကျိုးပြုစာပေများ ရေးသားခဲ့သော ၊ ယဉ်ကျေးမှုကို မမေ့တမ်း ရေးသားခဲ့သော ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ ကောင်းရာသုဂတိလားပါစေ .. ။ လူသာသေဆုံးသွားပေမယ့် လူထုအပေါ်ထားရှိတဲ့ မေတ္တာတရား ၊ စေတနာတွေအားလုံးကတော့ အားလုံးရင်ထဲမှာ စွဲမြဲထင်ကျန်နေလျက်ပါ။ အဖွားရဲ့ `အမေ့ရှေးစကား´စာအုပ်တွေထဲမှ မှတ်သားဖွယ်ဆုံးမစကား ဆောင်းပါးတစ်ခုကို အမှတ်တရအဖြစ် ဖော်ပြပေးလိုက်ပါတယ်။
အမေတို့နိုင်ငံက မြေကြီးထဲကနေပြီး အလွန်အဖိုးတန် အလွန်လှပပြီး မြင်တဲ့သူတိုင်း မက်မောနှစ်သက်ရတဲ့ ကျောက်မျက်ရတနာတွေ ထွက်တဲ့နိုင်ငံပါ။ တစ်မျိုးမက အမျိုးမျိုး နေရာတော်တော်များများက ထွက်ပါတယ်။ ပတ္တမြား ၊ ကျောက်နီ ၊ ကျောက်စိမ်း ၊ နီလာ ၊ မြ စတာတွေ အမေတို့မြေထဲက ထွက်နေတာပါ .. ။
ဒါကြောင့် ကျောက်ကို တန်ဖိုးဖြတ်တဲ့စကား ၊ ကျောက်ကို အကဲဖြတ်တဲ့ စကားလုံးတွေလည်း အများကြီး အမေတို့မှာရှိတယ်။ ကျောက်တစ်လုံးရဲ့ `အရည်အချင်း´တဲ့။ အရည်ဆိုတာက သူ့မှာပါတဲ့ အရောင်အသွေးကို ပြောတာပါ။ အချင်းဆိုတာက ဒီကျောက်ရဲ့အကြီးအသေး ပမာဏကိုပြောတာပါ။ ဘာအရောင်နဲ့ ဘယ်အရွယ်ကျောက်တို့ပေါ့။
ကျောက်ရဲ့ `အရည်အရောင်´တဲ့။ အရည်ဆိုတာက ကျောက်သားတွင်းမှာ ပါလာတဲ့ မူလပါ အရောင်အနုအရင့်။ အရောင်ဆိုတာက အဲဒီအရောင်က ပြင်ပကို ဖောက်ထွင်းထွက်လာတဲ့ အနေအထား။ အဲဒီဟာနှစ်ခုက ကျောက်တစ်လုံးရဲ့ အရည်အသွေးကို ခန့်မှန်းပြောဆိုတာပဲ။ ကျောက်ရဲ့ `အရည်အသွေး´ဆိုတဲ့ စကားလည်းရှိသေးတယ်။ အဲဒါကတော့ ကျောက်တစ်လုံးရဲ့ ပါတဲ့အရောင်နဲ့ ဒီမူလအရောင်ကို ပိုမိုတောက်ပြောင်အရောင်ပိုထွက်လာအောင် ကျောက်ရဲ့အခွံပိုင်းကို သွေးပစ်ပြီး သူ့ရှိသမျှလူက အကုန်မြင်ရအောင် ပြုပြင်ပေးထားလို့ ဖြစ်ပေါ်လာတဲ့ အနေအထားကိုပြောတာပါ။
မြေထဲက ထွက်လာတဲ့ ကျောက်တစ်လုံးဟာ သူ့မြေအောင်းကျောက်သက်တမ်းနဲ့ သူ့အနေအထားအရ အရောင်အသွေးက သူ့အထဲမှာ အမျိုးမျိုးဖြစ်တည်နေတယ်။ နုတာ ၊ ရင့်တာ ၊ ပျော့တာ ၊ မာတာ ၊ ငုပ်နေတာ ၊ ပေါ်နေတာ စသဖြင့် အမျိုးမျိုး။ အဲဒါကို လူက သေသေချာချာ ကြည့်ရှုအကဲခတ်ပြီး မူလရှိရင်းစွဲကို အစွမ်းကုန်ပေါ်လွင်အောင် ရှိရင်းထက်ပိုပြီး ထွက်လာနိုင်အောင် လူ့အစွမ်းနဲ့ဖေးမကူညီပြီး လှသည်ထက်လှအောင် လုပ်ပေးတာ။ ဒါမှ ကျောက်က အဖိုးတန်သည်ထက် ပိုတန်လာမယ်မဟုတ်လား။ အဲဒီလိုရှိရာမှာ အမေတို့လူသားကျတော့လည်း လူ့တန်ဖိုးကို အကဲဖြတ်ရာမှာ ကျောက်နဲ့ထပ်တူ သုံးနှုန်းပြောဆိုတယ်။ လူ့အရည်အသွေး ၊ လူ့အရည်အရောင် ၊ လူ့အရည်အချင်းဆိုပြီး လူကိုကျောက်လိုပဲ သုံးစွဲပါတယ်။ တကယ်ကတော့ ကျောက်နဲ့လူမှာ လူက ကျောက်ထက်ပဲ ပိုလို့တန်ဖိုးရှိရမှာ မဟုတ်လား။ ကျောက်တစ်လုံး အဖိုးတန်လှပါတယ်ဆိုရင် `ပြည်တန်တဲ့ပတ္တမြား´လို့ သုံးနှုန်းပြောဆိုကြတယ်။ အဲဒါကမ်းကုန်ရော။ လူတစ်ယောက် တစ်ကယ်ပဲတန်ဖိုးရှိလာအောင် လုပ်ဆောင်လာတဲ့အခါမှာတော့ ဘယ်မှာ တိုင်းပြည်တစ်ပြည်နဲ့ လဲနိုင်ပါ့မလဲ။ မြတ်စွာဘုရားကို ဘယ်တိုင်းပြည်နဲ့ အလဲခံနိုင်မှာလဲ။
လူ့အရည်အချင်း ၊ လူ့အရည်အသွေးနဲ့ လူ့အရည်အရောင်က အတိုင်းအဆမရှိ ဖြစ်ပေါ်လာနိုင်တဲ့ စွမ်းအားတွေ လူထဲမှာရှိပါတယ်။ ဒါကြောင့် လူငယ်တွေကို အမေကပြောချင်တယ်။ မင်းတို့လူငယ်တွေ လူ့အဖိုးတန် ၊ လူတော်လူကောင်းလေးတွေဖြစ်အောင်ကြိုးစားကြ ၊ လူမှာ သုံးမကုန်တဲ့ အစွမ်းအစတွေ ၊ အသိဥာဏ်တွေရှိတယ်။ အဲဒီအစွမ်းအစကို မှန်မှန်ကန်ကန်သုံးစွဲတတ်ဖို့ပဲလိုတယ်။ မှန်ကန်ဖို့ကတော့ ကိုယ့်မှာ နှိုင်းချိန်စဉ်းစားတတ်တဲ့သဘောထားရှိရမှာပေါ့။ တချို့လူငယ်တွေက ကိုယ်လူဖြစ်တဲ့အခါ ဖြတ်လမ်းကနေပြီး ထင်ပေါ်ကျော်ကြား လူသိများ လူကြိုက်များသူတစ်ယောက်ဖြစ်အောင် ကြိုးစားချင်တယ်။ လှချင်ပချင်တယ် ၊ ပတ်ဘလစ်မှာ ပေါ်ပြူလာဖြစ်ချင်တယ်။ ဒါကြောင့် အဲဒီအတွက် လွဲမှားတဲ့ အားထုတ်မှုတွေ ပြုလာတတ်တယ်။
မင်းတို့စာများများဖတ်တဲ့အခါ လူ့တန်ဖိုးဆိုတာ ဘယ်လိုဟာဆိုတာကို သိလာလိမ့်မယ်။ သိတဲ့အခါ ရှိအောင်လုပ်ယူရတယ်။ အလကားနေရင်း ဖြစ်လာတာ မဟုတ်ဘူး။ လူမှာ လူ့ကိစ္စအ၀၀ကို လုပ်ဆောင်တော့မယ်ဆိုတော့ သတ္တိဗျတ္တိ ၊ ဇွဲ့ ၊ လုံ့လ ၊ ၀ီရိယ ၊ ခံနိုင်ရည်ရှိဆိုတာတွေရှိနေအောင် မွေးရပါတယ်။ ဒီအတိုင်း ပေါ့ပေါ့တန်တန်နဲ့ ပျော်ပျော်ပါးပါးနေချင်သူတစ်ယောက်မှာ ဒီလိုစိတ်ထားတွေက အလိုလိုဝင်မလာဘူး။ အားမထုတ် မကြိုးစားဘဲနဲ့ ရေစုန်မျှောလိုက်ချင်တာ ၊ လှေကြုံစီးလိုက်ချင်တာဆိုတာမျိုးတွေ ဖြစ်လာ ၀င်လာတယ်။ လူ့စိတ်ဟာ ရေလိုပါပဲ။ မြင့်ရာကိုဆန်ချင်ရင် အားထုတ်ရတယ်။ နိမ့်ကျရာကို စီးဆင်းချင်ရင် အလိုလိုစီးဆင်းပါတယ်။ ပြီးတော့ လူမှာ စိတ်ကောင်းနှလုံးကောင်းမွေးရတယ်။ တစ်ကိုယ်ကောင်းဆန်ချင်တဲ့ ပျော့ညံ့တဲ့စိတ်ကို သူများအတွက် ငါ့ကိုယ်ကျိုးအနစ်နာခံမယ်ဆိုတဲ့ မြင့်မြတ်တဲ့စိတ်ထားနဲ့ တိုက်ရတယ်။ ဘာလို့တုံးဆိုတော့ မင်းက တိရစ္ဆာန်မှမဟုတ်တာ။ လူသားမဟုတ်လား။
တိရစ္ဆာန်ကတော့ ကိုယ်ကအင်အားသာတယ်။ ယှဉ်လိုက်ရင် ကိုယ်နိုင်မယ်ဆိုတာသိရင် အနိုင်ကျင့်တယ်။ လုယက်စားတယ်။ ခုခံတဲ့တစ်ဖက်သားကို အသေအလဲထိုးနှက်ကိုက်ဖဲ့ခဲ့တယ်။ လူသားကတော့ ကိုယ့်ထက်အားနည်းသူကိုတွေ့ရင် ကရုဏာမေတ္တာစိတ်နဲ့သနားပါတယ်။ ချို့တဲ့ရှာတယ်ဆိုပြီး ညှာတာလိုက်တယ်။ ကိုယ်က အနစ်နာခံလိုက်တယ်။ ကိုယ်ကျိုးကိုစွန့်လိုက်တယ်။ အလုပ်နဲ့ပတ်သတ်လို့ ကိုယ်လုပ်ရမယ့်အလုပ် ၊ ကိုယ်လုပ်ရမယ့်ဝတ္တရား ၊ ကိုယ်လုပ်ရမယ့် တာဝန်ကျပြန်တော့လည်း မခိုမကပ် ၊ ဇွဲ ၊ လုံ့လ ၊ ၀ီရိယနဲ့သတ္တိဗျတ္တိသုံးပြီး လုပ်ကြရတယ်။ ဒါမှ စစ်မှန်တဲ့လူသား။
အဲဒီလိုစိတ်မျိုးရှိနေအောင် စာတွေဖတ်ပါ။ စိတ်ကောင်းမွေးပါ။ လူ့အရည်အချင်း ၊ လူ့အရည်အသွေး ၊ လူ့အရည်အရောင် တက်သည်ထက်တက်အောင် လုပ်ဆောင်ပါ။ ကျောက်ကလေးတစ်စေ့ကိုတောင်မှ အရှိအတိုင်းမထားဘဲ လူကကြိုးစားလုပ်ဆောင်သေးတာ။ ကျောက်ထက် အဖိုးတန်တဲ့ လူရင့်မကြီးအတွက် သိပ်လုပ်ဖို့လိုတာပေါ့။ ဒါကြောင့်လူငယ်တွေ စာများများဖတ် ၊ လူပီသအောင်ကြိုးစား ၊ သဘောထားမှန်အောင် လုပ်ကြကွယ်။ လူဟာ သစ္စာတရားအတွက် ရွက်ဆောင်နိုင်တဲ့ စွမ်းအားတွေ ခန့်မှန်းလို့မကုန်နိုင်အောင် ရှိတယ်ကွယ်။
လူထုဒေါ်အမာ
ကလျာမဂ္ဂဇင်း ၊ နိုဝင်ဘာလ ၊ ၂၀၀၀ပြည့်
အမေ့ရှေးစကား (တတိယတွဲ)
လူနဲ့ကျောက်

0 comments:
Post a Comment
အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။