ခြစ်ခြစ်တောက်ပူနေသော နေရောင်ခြည်က ရင်ထဲကဆန္ဒအလျောက် ကန့်ကွက်မဲပေးကြမည့် စင်္ကာပူရှိ မြန်မာများကို အားပေးနေသည့်အလား စူးရှစွာ အလင်းဖြာပေးနေသည့် ဧပရယ်လ် ၂၇ ရက် .. ။ နိုးတံဆိပ်ပါ အနီရောင်တီရှပ်များဝတ်ဆင်လျက် ၊ ဦးထုပ်များဆောင်းလျက် .. တက်ကြွစွာ ချီတက်လာသော မြန်မာလူထုအင်အားက တဖြေးဖြေး မြန်မာသံရုံးရှေ့လမ်းသွယ်လေးပေါ်မှာ ပြည့်ကျပ်လာခဲ့သည် .. ။ စည်းကမ်းရှိစွာ အားလုံးတန်းစီကြရင်း ဖြည့်စွက်ထားသော မိမိနာမည်ခေါ်ဆိုသံကို စောင့်ဆိုင်းနေကြသော မြန်မာများအင်အားက ရဲရဲတောက်လျက် .. ။ နေမွန်းတည့်ချိန်ကျော်လာလေ လူထုအင်အား လေးထောင်ခန့်ရှိလာပြီး မျက်လုံးများက မြန်မာသံရုံးဆီမှ ထွက်ပေါ်လာမည့်အသံကို စောင့်ဆိုင်းနေကြလျက်။ ကားပေါ်မှ အလျိုလျိုဆင်းလာကြသော မြန်မာများ ၊ မိမိအစီစဉ်ဖြင့်လာကြသော မြန်မာလူထုအင်အား .. အားလုံးစုံညီစွာ တန်းစီလိုက်ကြချိန်မှာ မြန်မာသံရုံးလမ်းသွယ်လေးမှ အော့ချပ်လမ်းမပေါ် Tanglin Mall ရှေ့ဘက်ခြမ်း မီးပွိုင့်အနီးထိ အလွန်ရှည်လျားသော လူတန်းကြီးဖြစ်သွားသည်။

မနက်၉နာရီမှ နေ့လည် ၁နာရီဝန်းကျင်ထိ မြန်မာသံရုံးမှ ဆန္ဒမဲပေးရန် နာမည်များကို ခေါ်ဆိုပြီး များပြားလွန်းလာသော မြန်မာလူထုအင်အားကို ထိတ်လန့်စွာ နေ့လည်၁နာရီမှ ၄နာရီအတွင်းကို အလုပ်လုပ်ခြင်း လုံးဝရပ်ဆိုင်းထားခဲ့ပါတယ် .. ။ မြန်မာပြည်သူလူထု၏ မေးခွန်းများကို မျက်ကွယ်ပြုလျက် တစ်စုံတစ်ရာမျှ ပြန်လည်ဖြေကြားခြင်းမပြုသော သံရုံးဝန်ထမ်းများ၏ စာနာခြင်းနှလုံးသားအတွက်တော့ အမှန်တကယ် အော့နှလုံးနာစရာပါ .. ။ စင်္ကာပူရဲများကလည်း တင်းကျပ်စွာ စောင့်ကြည့်နေသလို ဟိုနေရာတစ်စု .. ဒီနေရာတစ်စု .. ။
စည်းကမ်းရှိစွာ တစ်ဖက်တစ်လမ်းစီ တန်းစီနေသော မြန်မာလူမျိုးများကို စေတနာဖြင့် ရေဗူးကမ်းပေးသော မျိုးချစ်မြန်မာလူငယ်များအဖွဲ့ နှင့် အခြားစေတနာရှင်များကိုတွေ့ရသည်မှာလည်း ရင်ထဲမှာ ကြည်နူးစရာ .. ။ အစားအစာများ ဝေသူကဝေ ၊ ရေဗူးများ လိုက်ကမ်းသူကကမ်းဖြင့် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေကြသော ပြည်သူလူထု၏ စိတ်ဓါတ်အင်အားကို စစ်အာဏာရှင်အုပ်စုများ မလွဲမသေ တပ်အပ်မြင်ရမှာပါ .. ။ မြန်မာအားလုံး မဲပေးမည့် ကန့်ကွက်မဲအင်အားကို ကြောက်ရွံ့နေသူများကတော့ တံခါးပိတ်လျက် ဘာတွေများ အကောက်ဥာဏ်ကြံနေသည်မသိ .. ။

ညနေ၄နာရီကျော်ကျော်တွင် ဆန္ဒမဲပြန်လည်ပေးခွင့်ရခဲ့ကြသည်။ ဆန္ဒမဲပေးချိန်တွင် အနီရောင်နိုးတံဆိပ်ပါတီရှပ်များဝတ်ဆင်ပြီး သံရုံးထဲသို့ ၀င်ခွင့်မပြုခဲ့ ..။ `နိုင်ငံတော်ကိုသစ္စာဖောက်သည်´ဟု စွပ်စွဲချက်ဖြင့် တီရှပ်များကို ချွတ်ခိုင်းသည်။ အချို့ယောက်ျားလေးများက အင်္ကျီတစ်ထပ်တည်းဝတ်ဆင်ထားတာကြောင့် ချွတ်၍မရသောကြောင့်သာ အောင့်သက်သက်ဖြင့် မြန်မာသံရုံးဘက်မှ အနီရောင်နိုးတံဆိပ်အင်္ကျီဝတ်ဆင်ခွင့်ပြုခဲ့ရသည်။ လူအချို့မဲပေးပြီး သိပ်မကြာခင်မှာပဲ မဲရုံမှူးထွက်လာပြီး `မဲလက်မှတ်ကုန်သွားသည့်အတွက် နေပြည်တော်ကို လှမ်းမှာရမှာဖြစ်တဲ့အတွက် ယခုမဲရုံကိုပိတ်လိုက်ပါပြီ´ဟု လာထွက်ပြောပါတယ်။ စင်္ကာပူရှိ မြန်မာလူမျိုးများ တစ်နေ့မဲပေးခွင့်ရခဲ့သည့်အရေအတွက်မှာ ထောင်ဂဏန်းပင်မရှိ .. ။ သုံးရက်မြောက်နေ့မှာပဲ မဲလက်မှတ်ကုန်သွားသည်ဟု ကြေငြာခြင်းမှာ မဲလက်မှတ်အရေအတွက် တစ်သောင်းတောင်မပြင်ဆင်ထားဟု အဓိပ္ပါယ်သက်ရောက်လျက် ရှိပါတယ်။ ၂၆ရက်နေ့မှာ မြန်မာသံရုံးဝန်ထမ်းတစ်ဦးမှ `ဖိတ်စာတစ်သောင်းခွဲကို စာရင်းထဲမှာရှိတဲ့အတိုင်း ပို့ပေးခဲ့ပါတယ်´ဟု ဖြေကြားခဲ့ဖူးပါတယ်။ ဖိတ်စာတစ်သောင်းခွဲတော့ ပို့ပေးခဲ့ပြီး မဲပြားအရေအတွက်ကိုတော့ တစ်ထောင်လောက်ပဲ ထားရှိနေခြင်းလော .. ။ ဆန္ဒမဲပေးခဲ့ရသည့်လူအရေအတွက်မှာ မည်သည့်နည်းနှင့်မျှ တစ်သောင်းခွဲမရှိနိုင်သေးပါ .. ။ ယုတ္တိမရှိ ၊ အဓိပ္ပါယ်မရှိ ၊ အရှက်မရှိစွာ ပြုမူနေသော စစ်အာဏာရှင်နှင့် အပေါင်းပါများအားလုံးလုပ်ရပ်မှာ ဖုံးကွယ်၍မရနိုင်ပါ။ မထောက်ခံပါဘူးဆိုတာကို လူထုအားလုံးက ရှင်းရှင်းလင်းလင်းပြနေတာ မကြားရဲလို့များ ထွက်ပြေးနေသလား။

ကန့်ကွက်မဲအင်အားကို ဖော်ပြနေသော အနီရဲရဲ နိုးတံဆိပ်ပါတီရှပ်များကြောင့်လော ၊ မူလကတည်းက စီစဉ်ထားသော ကောက်ကျစ်သည့် အစီစဉ်ကြောင့်လော ... မြန်မာသံရုံးဘက်မှ ပြည်သူလူထုအင်အားကို ကြောက်ရွံ့စွာ ၂၆ရက်နေ့လောက်ပင် အသံထွက်မလာတော့ပါ။ မြန်မာသံရုံးဘက်မှ ပြည်သူများကို မဲပေးခွင့်အများအပြားမပြုသည့်အတွက် စင်္ကာပူရှိ မျိုးချစ်မြန်မာများအားလုံးက ငြိမ်သက်စွာ စောင့်ဆိုင်းဆန္ဒပြခဲ့ကြပါတယ်။ မျိုးချစ်မြန်မာလူငယ်များအဖွဲ့မှ အေးအေးဆေးဆေး ကြိုးစားဆွေးနွေးခဲ့ကြချိန် မဲရုံမှူးမှ `မဲလက်မှတ်ကုန်သွားတဲ့အတွက် ၂၈ရက်နဲ့၂၉ရက်နေ့မှာ ညဥ့်နက်ချိန်ထိ ကျွန်တော်တို့ အလုပ်လုပ်ပေးပါ့မယ်´ဟု နှုတ်မှပြောကြားခဲ့ပါတယ်။ ထိုစကားကို အတိအလင်း ပိုမိုသေသေချာချာဖြစ်စေရန် တရားဝင်စာဖြင့် သံရုံးရှေ့မှာ ကြေငြာခိုင်းခဲ့ပေမယ့် မြန်မာသံရုံးဝန်ထမ်းများမှ တစ်ခွန်းတစ်လေမျှ ထပ်ပြောခြင်း ၊ လုပ်ဆောင်ပေးခြင်း မရှိခဲ့ ... ။ စည်းကမ်းရှိစွာ ၊ ငြိမ်သက်စွာ .. မောပန်းနွမ်းနယ်မှုများဖြင့် စောင့်ဆိုင်းနေကြသော မြန်မာလူမျိုးများအားလုံး၏ ရင်ထဲမှမြည်သံများဖြင့် ထိုမြို့လယ်လမ်းပေါ်မှာ ပြည့်ကျပ်လျက် ... ။

အားပေးမှုများဖြင့် ရောက်ရှိလာသော သံဃာတော်များကို လက်အုပ်ချီကြိုဆိုလိုက်ချိန်မှာ မကြာခင်ကမှ ဖြစ်ပျက်ခဲ့သော စက်တင်ဘာအရေးအခင်းက လူတိုင်းမျက်လုံးထဲ ၊ ရင်ထဲကို ထွင်းဖောက်မတတ် အမှတ်ရစေမိသည်။ များပြားလွန်းလှသော လူအုပ်ကြီး၏ ဆန္ဒဆိုသည်မှာ မြန်မာလူမျိုးအားလုံး၏ ဆန္ဒကို တူညီစွာ ဖော်ပြနေခြင်းပင် .. ။ ညနေ ၆နာရီခွဲဝန်းကျင်ခန့်မှာ စင်္ကာပူရှိရဲများ၏ ထိန်းသိမ်းမှုဖြင့် မပြီးဆုံးလိုသော မြန်မာများမှ စည်းလုံးညီညွတ်စွာ နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြသည် .. ။ ရင်ထဲမှထွက်ပေါ်လာသော ခံစားမှုများဖြင့် သီဆိုနေသော နိုင်ငံတော်သီချင်းအသံက လူတိုင်း၏နှလုံးသားကို တုန်ခါစေခဲ့သည် .. ။ နိုင်ငံတော်သီချင်းသီဆိုပြီးချိန် အားလုံး စည်းကမ်းတကျ လူစုခွဲရင်း City Hall ဆီသို့ ချီတက်လမ်းလျှောက်ခဲ့ကြသည် .. ။ ရဲရဲတောက်ဖုံးလွှမ်းနေသော လူထုအင်အားကြီးက အော့ချပ်လမ်းမကြီးတစ်လျှောက် ထင်ရှားနေပြီး ရဲများက ကားများဖြင့် စောင့်ကြည့်ခဲ့ပါတယ်။

ညအမှောင်က တဖြေးဖြေးဖုံးလွှမ်းလာသလို အနီရဲရဲမျိုးချစ်စိတ်အရောင်များဖြင့် အားလုံး စိတ်တူစိတ်ကူလမ်းလျှောက်ခဲ့ကြပြီး အိမ်အပြန်လမ်းဆီ ချီတက်ခဲ့ကြသည်။ ဆန္ဒမဲပေးခြင်းသည် လမ်းဆုံးပန်းတိုင်တော့ မဟုတ်သေး။ ဖြစ်ပေါ်လာသော အခြေအနေများထဲမှ တစ်ခုကို မိမိတို့ဆန္ဒများဖြင့် ကိုယ်စားပြုလုပ်ဆောင်ကြခြင်းပင်ဖြစ်သည်။ ဆန္ဒမဲပြားပေါ်မှာ မြန်မာပြည်သူလူထုအားလုံး မိမိဆန္ဒအလျောက် ရေးပိုင်ခွင့် မရခဲ့ပေမယ့် မိမိတို့ဆန္ဒများကို ပွင့်ပွင့်လင်းလင်းဖော်ထုတ်ပြသခဲ့တာကလည်း ဆန္ဒခံယူပွဲပါပဲ။ ပြီးဆုံးသွားသော သုံးရက်အတွင်း အကောင်းဆုံးကို လုပ်ဆောင်ပေးခဲ့သော မျိုးချစ်ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ရှိမိပါတယ်။ မပြီးဆုံးသေးသော ခြင်္သေ့ကျွန်းပေါ်မှ ဆန္ဒခံယူပွဲအတွက် အားရင်အားသလို ရောက်လာကြပြီး ကြိုးစားနေကြဦးမည့် ဒီရက်တွေအတွက် အားမလျှော့ဘဲ ကျွန်မတို့ဆက်လက်သွားကြရဦးမည်။
မှတ်ချက်။ ။ မျိုးချစ်မြန်မာလူငယ်များအဖွဲ့(OBP)မှ တစ်ဦးကို စင်္ကာပူရဲများမှ ခေါ်ဆောင်သွားပြီး မေးမြန်းစစ်ဆေးခြင်းများပြုလုပ်ခဲ့ပါတယ်။ OBP အဖွဲ့မှ စည်းလုံးညီညွတ်စွာ အတူလိုက်ပါသွားကြပြီး ယခုအချိန်ထိ အားလုံးပုံမှန်ပါပဲ။ စိုးရိမ်စိတ်ပူပေးကြသူများအားလုံးအတွက် ဖြေကြားခြင်းပါ။ အလုပ်တွေအားလုံးပင် လပေါင်းများစွာ ပစ်ထားကာ မြန်မာ့အရေးအတွက် ကြိုးစားလုပ်ဆောင်နေသော OBP အဖွဲ့မှ မိတ်ဆွေအချို့အား အံ့သြလေးစားကျေးဇူးတင်ရှိမိပါကြောင်း။ ဒီတနင်္ဂနွေပွဲအတွက် ကူညီထိန်းသိမ်းပေးခဲ့သော မျိုးချစ်ပုဂ္ဂိုလ်များ ၊ လာရောက်အားပေးခဲ့ကြသော လူထုအင်အား အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိမိပါတယ်။

2 comments:
I heartly solute to all our Burmese citizens in Singapore for their tireless efforts on the future of the entire people of Burma. Thanks again and again.
With many respects,
Ko Ko Linn (YU)
ko_linn_yu@yahoo.com
Thank you Linlet and Baydah for this.
I cried because I was so angry that our people are treated like this - worse than in British and Japanese did to us.
I also cried because I was extremely proud of our fellow people in Singapore. Such courage, intelligence and dignity ! They have shown the world what true Burmese are.
We are very proud and grateful for their actions.
Post a Comment
အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။