Friday, March 28, 2008

ဘ၀လက်တွဲဖော်


`ဘ၀လက်တွဲဖော်´တဲ့ .. ။ ခေါင်းစဉ်လေးက နူးညံ့သလို အကြောင်းအရာလေးကလည်း စိတ်ကူးတွေနဲ့ရေးဖွဲ့နိုင်တာမို့ မမစိုးဝှက် TAG လုပ်လုပ်ချင်း ရေးခဲ့ချင်တယ်။ ရင်ထဲမှခံစားမှုနဲ့ပဲရေးခဲ့ချင်တဲ့အတွက် အချိန်ယူပြီး အခုမှပဲရေးဖြစ်ပါတော့တယ်။

စိတ်ကူးထဲက ဘ၀လက်တွဲဖော်

စိတ်ကူးလေးတွေယဉ်တတ်တဲ့အချိန်ကစ မိန်းကလေးတိုင်းရင်ထဲမှာ သူမတစ်နေ့လက်တွဲရမယ့် ဘ၀လက်တွဲဖော်ဆိုတာ အချက်ကလေးတွေနဲ့စဉ်းစားထားမိမှာပါ။ အင်မတန်မှ စိတ်ကူးအတွေးတွေနှင့် ဘ၀ကိုလှလှပပတည်ဆောက်ချင်တဲ့ ကျွန်မစိတ်ကူးထဲမှာလည်း ကျွန်မသတ်မှတ်ထားတဲ့ စံနှုန်းလေးတွေတော့ ရှိခဲ့ပါရဲ့ .. ။ အဲဒီစံနှုန်းလေးတွေထဲက အရေးကြီးသောအချက်ကလေး တစ်ချက်ချက်ကိုလက်တွေ့မြင်မှသာလျှင် ကျွန်မရဲ့စိတ်နှလုံးသားကလည်း `အချစ်´ဆိုတာကို စတင်ခံစားနိုင်ပါတယ်။ ကျွန်မစိတ်ကူးထဲက သတ်မှတ်ထားတဲ့ စံနှုန်းလေးတွေအားလုံးက အမှတ်စဉ်လိုက်အရေးကြီးတာမျိုး မဟုတ်ပါဘူး။ အားလုံးတပြေးညီထားထားတဲ့ အချက်တွေပါ။ ဘ၀ဆိုတာ ကျွန်မဖန်တီးပုံဖော်ချင်တဲ့အရာတွေ မရှိသေးပါလားဆိုပြီး ကျွန်မဘ၀မှာ အနည်းငယ်စိတ်လွင့်နေချိန်မှာ ကျွန်မကိုယ်ကျွန်မ ကြိုးစားပြန်လည်တည်ဆောက်ရင်း မမျှော်လင့်တဲ့ သူနဲ့ ဘ၀လမ်းခရီးပေါ်မှာ ဆုံဆည်းခဲ့တယ်။ ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ချိန်မှာ ရင်ထဲကနေရာတစ်ခုက သူ့အတွက် ပြင်ဆင်မိသလို ဖြစ်မိသွားတယ်.. ။ နှလုံးသားရဲ့တောင်းဆိုချက် ၊ စိတ်ကူးသတ်မှတ်ချက်တွေအားလုံးပေါင်းပြီးမှ `အချစ်´ဆိုတာ မွေးဖွားခဲ့ရင်း ဘ၀လက်တွဲဖော်ဖြစ်လာဖို့အတွက် စဉ်းစားခန်းပေါင်းများစွာနဲ့ စတင်တည်ဆောက်ခဲ့တယ် .. ။

ကျွန်မရဲ့ဘ၀လက်တွဲဖော်အတွက် စိတ်ကူးထားတာလေးတွေက

၁) ကျွန်မ သိပ်ချစ်ရတဲ့ ချစ်သူဖြစ်ရပါမယ်။ ကျွန်မကိုလည်း သိပ်ချစ်တဲ့ သူ ဖြစ်ရမယ်။

အချစ်တစ်ခုတည်းအတွက် အခြားစံနှုန်းတွေ တစ်ခုမှမရှိဘဲ ကျွန်မလက်မတွဲသလို အချစ်မပါဘဲနဲ့လည်း ကျွန်မ လက်တွဲလို့ရမည်မဟုတ်ပါ။ ကျွန်မရဲ့အချစ်ကလည်း ကျွန်မသဘောကျတဲ့ အချက်တွေကပဲ စတင်ခဲ့တာမို့ ဒီအရာမှာ ကျွန်မဆန္ဒပြည့်ခဲ့တယ်လို့ ဆိုရမှာပေါ့။


၂) မြန်မာလူမျိုး ၊ ဗုဒ္ဓဘာသာဖြစ်ရပါမယ်။

မြန်မာလူမျိုးဆိုတာ တိုင်းရင်းသားတွေလဲ အကုန်ပါဝင်ပါတယ်။ ကျွန်မက မြန်မာလူမျိုးအစစ်ဆိုတော့ မြန်မာသွေးဖြစ်ရင် ပိုကောင်းတာပေါ့။ ဒါပေမယ့် တိုင်းရင်းသားချောချောလေးတွေ မြင်ရင်လည်း အရင်တုန်းက စိတ်ဝင်စားဖူးပါတယ် :D ။ လူမျိုးမတူသူကို အချို့က လက်ခံလို့ရပေမယ့် ကျွန်မအတွက်တော့ နှလုံးသားက လှုပ်ရှားလို့တောင်မရပါဘူး။ ဘာသာတိုင်းကို ကျွန်မလေးစားပါတယ်။ ကျွန်မဘ၀လက်တွဲဖော်ကို ကျွန်မ ဘာကြောင့် ဘာသာတူချင်လဲဆိုတော့ ကျွန်မတို့ဘ၀ခရီးတွေ ၊ စာပေတွေနှင့်ပတ်သတ် စကားအဖြစ်ဆွေးနွေးဖလှယ်တိုင်း ဘာသာမတူရင် စကားအမြဲပြောရခက်နေမှာ ကျွန်မ မလိုလားလို့ပါ။ အလှူအတန်းပြုလုပ်တာတွေ ၊ ဘုရားစေတီအတူတည်ချင်တာတွေ ကျွန်မစိတ်ကူးထဲမှာရှိတဲ့အတွက် ဘာသာတူဖို့က အလွန်အရေးကြီးပါတယ်။ ကျွန်မက မြန်မာဆန်ဆန်လေးဝတ် ၊ ကျွန်မချစ်သူဘ၀လက်တွဲဖော်ကလည်း ခပ်ရိုးရိုးလေးဝတ်ပြီး ဘုရားအတူတက်ဖို့ပဲ ကျွန်မ ဆန္ဒရှိပါတယ်။

၃) ပညာတတ် ၊ ထူးချွန်သူဖြစ်ရမယ်။ အသက်မွေးဝမ်းကြောင်းပညာရပ် အလုပ်ကိုင်ကောင်းတစ်ခုရှိရမယ်။

`ပညာ´ဆိုတာ ဘ၀အတွက် မရှိမဖြစ် လိုအပ်သောအရာတစ်ခုပါ။ ပညာတတ်တဲ့လူတစ်ယောက်မှာ အမှား ၊ အမှန် ၊ ဖြစ်သင့်တာ ၊ မဖြစ်သင့်တာကို အတိုင်းတာတစ်ခုထိ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပါတယ်။ ထူးချွန်တဲ့အပိုင်းကျတော့ ကျွန်မနည်းနည်းလောဘပိုကြီးတယ်ပြောရမလား မသိ ။ ကျွန်မက ကျွန်မထက်အနည်းဆုံး ၂ဆလောက်ထူးချွန်တဲ့ယောက်ျားမှ သဘောကျလေ့ရှိတယ်။ အလွန်အကျွံကွာသွားရင်တော့ မဟုတ်သေးဘူးပေါ့နော်။ သိပ်လည်းမကွာ ၊ ထပ်တူလည်းမကျ ထူးချွန်တဲ့ယောက်ျားဆိုရင် ကျွန်မစိတ်က လေးစားမှုတစ်ခုပိုတိုးသွားလို့ပါ။ တစ်နေ့ ကျွန်မဘ၀မှာ မိသားစုဆိုတာလေးရှိလာခဲ့ရင် ကျွန်မရဲ့သားသမီးတွေအားလုံးက မိခင်ကောင်းတစ်ယောက် ဖြစ်တည်မှုကို လေးစားချစ်ခင်သလို သူတို့အဖေရဲ့ ထူးချွန်ထက်မြက်မှု ၊ အရည်အချင်းကောင်းတွေအားလုံးကို အတုယူအားကျရတဲ့ သူပဲဖြစ်စေချင်ပါတယ်။

၎) ကျွန်မထက် အနည်းဆုံး ၃နှစ်လောက်အသက်ကြီးရပါမယ်။

ကျွန်မက အိမ်မှာ သမီးအကြီးဆုံးဖြစ်နေလို့လား မသိဘူး။ ကျွန်မစိတ်ထဲ ကျွန်မထက် နည်းနည်းလေး အသက်အရွယ်ပိုကြီးမှ ကြိုက်တယ်။ ဒါမှ ကျွန်မပြန်မှီလို့ရအောင်ထင်ပါတယ်။ အကြီးပီပီ ဆရာလုပ်တာ ကျွန်မမှာလည်း မရှိတဲ့အတွက် ကျွန်မဘ၀လက်တွဲဖော်ကလည်း ကျွန်မကို ဆရာလုပ်တာမျိုးမဟုတ်ဘဲ မသိတာဆိုရင် စိတ်စေတနာဖြင့် ရှင်းလင်းပြောပြပေးတာကိုလည်း ကျွန်မစိတ်ကူးမိပါတယ်။

၅) စိတ်ဓါတ်ကောင်းရပါမယ်။ ယောက်ျားပီသရမယ်။ ကိုယ်ကျင့်တရားကောင်းမွန်ရမယ်။

လူတွေက ရဟန်းတာတွေမဟုတ်တဲ့အတွက် အပြည့်မ၀မကောင်းပေမယ့် အထိုက်အလျောက် စိတ်ဓါတ်ကောင်းဖို့တော့ ကျွန်မ မျှော်လင့်ထားပါတယ်။ စိတ်ဓါတ်ကောင်းတယ်ဆိုတဲ့နေရာမှာ ကျွန်မနှင့်ပတ်သတ် ရိုးသားရမယ် ၊ စိတ်နှလုံးသားနူးညံ့ရမယ် ၊ ဖြောင့်မတ်မှန်ကန်စွာ ပြောတတ်ဆိုတတ် လုပ်ကိုင်ရမယ်ဆိုတဲ့အချက်တွေပါပဲ။ ယောက်ျားပီသရမယ်ဆိုသောအချက်တွေက စိတ်ဓါတ်ပေါ်ကိုပဲ ပြန်အခြေခံပြောတာပါ။ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ ယောက်ျားတစ်ယောက်ဆိုရင် လေးစားအထင်ကြီးရိုသေနိုင်တာမို့ ကိုယ်ကျင့်တရားကောင်းဖို့လည်း လိုပါတယ်။ ကျွန်မဘက်က အကောင်းဆုံးမဟုတ်ခဲ့သည့်တိုင် အပြန်အလှန်ပေးနိုင်ဖို့အတွက် အဆင်သင့်ရှိပါတယ်။

၆) တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ချစ်ခင်ကြင်နာပြီး သစ္စာရှိသူလည်းဖြစ်ရမယ်။

သစ္စာဆိုတာကို ဦးခေါင်းပေါ်ရွက်တင်တဲ့အထိ လိုချင်တဲ့ကျွန်မအတွက် သစ္စာတရားက မရှိမဖြစ်လိုအပ်သောအရာတစ်ခုပါ။ သစ္စာတရားကိုထိရင် ရန်သူဖြစ်လောက်တဲ့အထိ စိတ်ကြီးတဲ့ကျွန်မအတွက် ကျွန်မဘ၀လက်တွဲဖော်က သစ္စာတရားနဲ့ပတ်သတ် အင်မတန်စောင့်ထိန်းလိုက်နာနိုင်သူဖြစ်ရမယ်။

၇) နားလည်မှုအပြန်အလှန်ပေးနိုင်ရမယ်။ သူ့ဝါသနာ ၊ ကျွန်မ၀ါသနာ နားလည်နိုင်သူဖြစ်ရမယ်။

`နားလည်မှု´ဆိုတာ တော်တော်တော့ ကြိုးစားတည်ဆောက်ရသောအရာတစ်ခုပါ။ တစ်ယောက်ရဲ့အကျင့် ၊ စိတ်ဓါတ် ၊ ပြုမူနေထိုင်ပုံအစရှိတာတွေကို အသေးစိပ်နားလည်ပေးရတာကအစ နားလည်မှုက နေရာတိုင်းလိုအပ်ပါတယ်။ ကျွန်မဘ၀ရဲ့ရည်မှန်းချက် ၊ ကျွန်မဖြစ်ချင်သောအရာတွေကို နားလည်မှုပေးပြီး ကျွန်မဘေးကနေ ခိုင်ခိုင်မာမာရပ်တည်ပေးနိုင်တဲ့ ယောက်ျားတစ်ယောက်လည်းဖြစ်ရပါမယ်။ သူ့ဝါသနာ ၊ သူဖြစ်ချင်တာ ၊ သူလုပ်နိုင်တာတွေကိုလည်း ဆွေးနွေးတိုင်ပင်ပြောဆိုပြီး ကျွန်မဘက်ကလည်း အပြန်အလှန်နားလည်ဖြည့်ဆည်းပေးနိုင်ဖို့ အကောင်းဆုံးစိတ်ကိုမွေးမြူထားရပါတယ်။

၈) ယောက်ျားပီသတဲ့ရုပ်ရည်ပုံစံရှိရပါ့မယ်။

ကျွန်မက အဆိုတော်ရဲလေးတို့လို နုဖတ်နေအောင်ချောတဲ့ ယောက်ျားတွေကို ချစ်လို့မရဘူး။ ကျွန်မရဲ့ပင်ကိုယ်အကျင့်ကိုက အဖြစ်သဲပြီး သ၀န်တိုတတ်တဲ့အကျင့်ရှိတာကြောင့် အရမ်းချောတဲ့ယောက်ျားလေးတွေကို သွားချစ်မိရင် နှလုံးရောဂါနဲ့ပဲ သေနိုင်ပါတယ်။ ယောက်ျားပီသတဲ့ရုပ်ရည်ပုံစံကိုတော့ ကျွန်မက သဘောကျတယ်။ ခပ်တည်တည်ပုံစံနဲ့ Smart ကျတဲ့ ယောက်ျားတစ်ယောက်ပုံစံမျိုးက ကျွန်မဘ၀လက်တွဲဖော်မှာ ရှိနေရပါမယ်။ ခပ်ပြုံးပြုံးနဲ့ သဘောကောင်းသလို မျက်နှာချိုသလိုယောက်ျားမျိုးကိုဆိုရင် ကျွန်မ စိတ်မ၀င်စားနိုင်ပါဘူး။ မိန်းမပီသတယ်မဟုတ်ခဲ့သည့်တိုင် မိန်းကလေးဆန်စွာ ပြုမူနေထိုင်တတ်တဲ့ကျွန်မနဲ့ ယောက်ျားပီသတဲ့ ယောက်ျားမှသာလျင် လိုက်ဖက်ညီမှာပေါ့နော်။

၉) ရိုးသားပွင့်လင်းရမယ်။

ကျွန်မက ပွင့်လင်းမှုကို သဘောကျတယ်။ ကျွန်မနဲ့တစ်ဘ၀လုံးလက်တွဲသွားရမယ့် ဘ၀လက်တွဲဖော်က သူ့ဘ၀မှာ သူကိုယ်တိုင်ပြီးရင် ကောင်းတာ ၊ ဆိုးတာ အားလုံးကို သိရှိနားလည်သူက ကျွန်မပဲဖြစ်ရမယ်။ ကျွန်မကိုယ်တိုင်ကလည်း ဖွင့်ဟမပြောဘဲ စိတ်ထဲမှာ သိမ်းထားတတ်တဲ့ အကျင့်မရှိသူမို့ ပွင့်လင်းသူကို သဘောကျတယ်။ မြုံစိမြုံစိယောက်ျားတွေကို ကျွန်မ သဘောမကျသလို တစ်ခုခုဆို မပြောဘဲ စိတ်ထဲမှာ သိမ်းထားတာကိုလည်း ကျွန်မ သဘောမကျဘူး။ ဘ၀မှာ ကောင်းတာ ၊ ဆိုးတာ ၊ ပျော်ရွှင်စရာ ၊ စိတ်ညစ်စရာ ၊ ၀မ်းနည်းစရာ အားလုံးကို ကျွန်မနဲ့မျှတူခံစားနိုင်ဖို့အတွက် ရိုးသားပွင့်လင်းစွာ တိုင်ပင်တတ် ၊ အသိပေးတတ်ဖို့ လိုအပ်ပါတယ်။

၁၀) မိသားစုကိုခင်တွယ်စောင့်ရှောက်သူဖြစ်ရမယ်။


မိသားစုကိုဦးစားပေးပြီး မိသားစုအတွက် အမြဲတမ်းထိပ်ဆုံးနေရာပေးထားတဲ့ ယောက်ျားတစ်ယောက်ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ကျွန်မမိသားစုကို အမြဲပထမပေးထားတဲ့အတွက် မိသားစုကိုနောက်မှာချန်ထားပြီး အခြားအရာတွေကိုပဲ ရှေ့တန်းတင်ထားမယ်ဆိုရင် ကျွန်မ အချစ်က ကွယ်ပျောက်လာပါလိမ့်မယ်။

၁၁) ကျွန်မကိုချစ်ခင်အလိုလိုက် ၊ အလျှော့ပေးရမယ်။ ကျွန်မနှင့် ချစ်ချစ်ခင်ခင် ကြင်နာစွာနေထိုင်တာကို သဘောကျပါတယ်။

ကျွန်မက အငယ်လုပ်ချင်သူပီပီ နည်းနည်းတော့ ဆိုးနွဲ့တတ်ပါတယ်။ အဲဒီအရာတွေကို ချစ်စနိုးနဲ့အလိုလိုက်နိုင်သူဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ အချို့နေရာတွေမှာဆိုရင် အနည်းငယ်ဇွတ်တရွတ်နိုင်ပြီး အချို့နေရာတွေမှာတော့ အေးအေးဆေးဆေး လိုက်လျောတတ်တာမို့ ဒီနှစ်ခုလုံးကြားမှာ ကျွန်မအကျင့်ကို နားလည်ပေးနိုင်ရင်တော့ ကျွန်မပိုစိတ်ချမ်းသာမှာပေါ့။ ကျွန်မကိုယ်တိုင်က ကျွန်မချစ်သောသူဆိုရင် အလိုလိုက် ၊ ဦးစားပေးသော အကျင့်ရှိသူမို့ အပြန်အလှန်ပေးနိုင်တာတော့ သေချာပါတယ်။

၁၂) စစ်ဗိုလ် ၊ စစ်သား လုံးဝမဖြစ်ရ .. ။ အိမ်နှင့်ကင်းကွာစွာ အလုပ်လုပ်သူလည်းမဖြစ်ရပါ။

အာဏာရှင်အသိုင်းဝိုင်းက စစ်ဗိုလ် ၊ စစ်သားမဖြစ်ရသလို ထိုသူများ၏ သားသမီးလည်းမဖြစ်ရပါ။ ထိုအချက်က ကျွန်မ တစ်စက်မှ ထည့်သွင်းစဉ်းစားမည်မဟုတ်သော အချက်တစ်ချက်။ မိမိအိမ်နှင့်ကင်းကွာစွာ အခြားအရပ်မှာ အလုပ်သွားလုပ်နေရသူလည်း မဖြစ်ရပါ။

၁၃) အသောက်အစား ၊ လောင်းကစား မလုပ်ရပါ။

ဆေးလိပ်သောက်တတ်သူဆိုရင် ကျွန်မက အနားတောင်မကပ်နိုင်သူ .. ။ ဆေးလိပ် ၊ အရက် ၊ လောင်းကစား ၊ မူးယစ်ဆေးဝါး သုံးစွဲသူလုံးဝမဖြစ်ရ။ သောက်လာပါက ကျွန်မက ပြန်ပြီး တုပြိုင်လိုက်သောက်ပေးပြီး ရစ်ပါလိမ့်မည်။

၁၄) နှစ်ဖက်မိဘတွေကို ရိုသေလေးစားရမယ်။

သူ့မိဘတွေကိုလည်း ကျွန်မဘက်က ချစ်ခင်လေးစားရိုသေမှာဖြစ်သလို ကျွန်မမိဘတွေကိုလည်း သူ့ဘက်က ရိုသေလေးစားဖို့လိုပါတယ်။

၁၅) ချမ်းမြေ့အေးချမ်းပျော်ရွှင်မှု သီးသန့်အချိန်တစ်ခုလည်းရှိရမယ်။

အခုခေတ်အခြေအနေအရရော ၊ လူတွေရဲ့ဘ၀တွေကြောင့်ရော အားလုံးက အလုပ်သိပ်များကြပါတယ်။ အလုပ်တွေကြားထဲနစ်မြုပ်ပြီး ကောင်းကောင်းမွန်မွန်နေထိုင်သူတွေလည်း အများကြီးပါ။ အရာအားလုံးကောင်းမွန်နေပြီး စိတ်ခံစားပျော်ရွှင်မှု ၊ ချစ်သူနှင့်အတူရှိနေချိန်တွေကို မပေးနိုင်ရင်လည်း ကျွန်မက စိတ်ထဲကြည်လင်တော့မှာ မဟုတ်ဘူး။ သူ့နေရာနဲ့သူ သတ်မှတ်ထားပြီး အချိန်တစ်ခုပေးနိုင်ရမယ်။ ကျွန်မဘက်က အလွန်အကျွံအလုပ်များနေရင်လည်း သတ်မှတ်ချက်လေးတစ်ခုအဖြစ်ထားရှိပြီး မိသားစုအတွက်ပဲဖြစ်ဖြစ် ၊ ချစ်သူအတွက်ပဲဖြစ်ဖြစ် ပုံမှန်အချိန်တစ်ခုကို ဖယ်ထားရပါတယ်။ ချမ်းမြေ့တဲ့ဘ၀လေးတစ်ခု ၊ အေးချမ်းတဲ့ ပျော်ရွှင်မှုအချိန်လေးတွေက ပုံမှန်သီးသန့်တစ်ခုအဖြစ် ရှိနေအောင် နှစ်ဦးနှစ်ဖက်လုံးက စီစဉ်ရမှာပါ။ ဒါက မရှိမဖြစ် တင်းကျပ်တဲ့ အချက်တစ်ခုပါပဲ။

၁၆) စိတ်ကူးလှလှလေးတွေနဲ့ အမှတ်တရတွေကိုပုံဖော်တတ်တဲ့ ကျွန်မအကျင့်ကို သဘောကျနှစ်သက်သူဖြစ်ရမယ်။

ကျွန်မက အမှတ်တရနေ့တွေ ၊ စိတ်ကူးလှလှတွေနဲ့ ကဗျာဆန်တာတွေ ၊ surprise လုပ်တဲ့အကျင့်တွေရှိတာကြောင့် ထိုအကျင့်လေးတွေကိုလည်း သဘောကျနှစ်သက်ပေးနိုင်သူဖြစ်ရမယ်။ စိတ်ကူးခံစားမှုတွေကိုလည်း အချိန်တစ်ခုပေးနိုင်ရမယ်။ ကျွန်မမွေးနေ့တို့ ၊ ချစ်သူများနေ့တို့ အစရှိသောနေ့ရက်တွေမှာ ချစ်ခြင်းမေတ္တာနှင့်ပတ်သတ်သော အရာတစ်ခုခု ပေးနိုင်ရင်တော့ ကျွန်မအတွက်ပိုပြည့်စုံသွားမှာပါ။

၁၇) တစ်ခါတစ်လေ ၊ ရံဖန်ရံခါ စိတ်ကောက်ရင် ချော့နိုင်ရမယ်။

မိန်းကလေးတိုင်းစိတ်ကောက်တတ်ပါတယ်။ ကျွန်မစိတ်ကောက်ရင် ခဏလေးပါပဲ။ အဲဒီအချိန်လေးမှာ စိတ်ရှည်နိုင်ရပါမယ်။ တကယ်တော့ စိတ်ကောက်တယ်ဆိုတာ ပြဿနာကြီးမဟုတ်ပါဘူး။ အလိုမကျမှုသေးသေးလေးတွေ နဲ့ သေးငယ်သောပြဿနာတစ်ခုခုကြောင့်ပါ။ အရမ်းကောက်တတ်တဲ့လူမျိုးကို ဘယ်သူမဆို သဘောမကျပါဘူး။ အများစုအချိန်မှာ ပွင့်လင်းစွာပြောဖို့က လိုအပ်ပါတယ်။ အမြဲတမ်း ပွင့်ပွင့်လင်းလင်းချည်း ပြောနေပေမယ့် တစ်ခါတစ်ရံ အချို့အရာလေးတွေမှာ စိတ်ကောက်ဖို့ သင့်လျော်တာလေးတွေလည်း ရှိပါတယ်။ အဲဒီအချက်ကို နားလည်ပေးပြီး ဒေါသမပါဘဲ ဖြေရှင်းတတ်တဲ့ ဘ၀လက်တွဲဖော်ဖြစ်ခဲ့ရင် ကျွန်မ အချစ်က ပိုတိုးလာမှာပေါ့နော်။

----------------
မိန်းကလေးတစ်ယောက်အတွက် ဘ၀လက်တွဲဖော်ကိုရွေးချယ်ရမှာ အခြေခံအရေးကြီးတဲ့အချက်တွေက တူညီကြပါတယ်။ အခြားအချက်တွေက စိတ်ကူးတွေပေါ်မှာပဲ ကွာခြားသွားကြတာပါ။ `အချစ်´ဆိုတာ ဘ၀မှာ အရေးပါသောအရာတစ်ခုဖြစ်သလို ဘ၀မှာလည်း အခြားအရေးကြီးတဲ့အရာတွေ ရှိနေပြန်တယ်။ `အချစ်´ဆိုသော အရာကို နှလုံးသားမှာ နန်းတင်ပေးထားတာကြောင့် ကျွန်မဘက်က အိမ်ထောင်တာဝန်ဆိုတာတွေကို စိတ်ဝင်စားလာခဲ့တယ်။ ခေါင်းမာမှုတွေ တဖြေးဖြေးလျော့လာခဲ့တယ်။ အကောင်းဆုံး ၊ အပြေလည်ဆုံးကို မလုပ်ပေးနိုင်သေးပေမယ့် သူ စိတ်မချမ်းသာရင် ကိုယ်လုပ်ချင်တာကို မလုပ်ရက်ခဲ့တာက `ချစ်ခြင်းမေတ္တာ´ကြောင့်လားဆိုတာ တွေးမိပါတယ်။

ကိုယ်ဖြစ်ချင်တာတွေကို ပါရမီဖြည့်ပေးနေတဲ့ သူ့လုပ်ရပ် ၊ ကိုယ်သတ်မှတ်ထားတဲ့စံနှုန်းတွေထဲ အများစုအချက်တွေမှာ တူညီနေတာ `ကံကောင်းခြင်းလက်ဆောင်´လို့ ကိုယ့်ဘက်က ကျေနပ်ရမှာပေါ့။ စိတ်ကူးတွေနဲ့သတ်မှတ်ထားပြီး လိုချင်တဲ့အချက်တွေအားလုံး ဖြစ်မလာခဲ့ပေမယ့် အများဆုံးဖြစ်လာတာကိုပဲ ကျေနပ်ဖို့ကြိုးစားခဲ့ရတယ်။ အချို့အရာလေးတွေမှာ `နားလည်မှု´ဆိုတာလေးကို ကြိုးစားတည်ဆောက်ပေးနေရင်း ကိုယ့်ဘက်ကလိုအပ်ချက်တွေကိုလည်း ပြုပြင်နေရဆဲ။ ဘ၀လက်တွဲဖော်ဆိုတာ ကံစမ်းရတဲ့ ကံစမ်းမဲအတိုင်းပါပဲ။ သူ့ဘက် ၊ ကိုယ့်ဘက် မျှော်လင့်ချက်တွေပိုမြင့်မားလေ .. ရလဒ်က အနည်းငယ်ကွဲလွဲလာခဲ့ရင်လည်း ခံစားရတာတွေရှိတတ်ပါတယ်။ မိမိလိုချင်သော အရာတွေရှိသလို မိမိဘက်က ပေးနိုင်ဖို့လည်း အရေးကြီးတဲ့အတွက် အကောင်းဆုံးပေးအပ်နိုင်သောအရာတွေအတွက်လည်း ကြိုးစားရပါမယ်။ အရေးကြီးဆုံးက ဘ၀မှာ ကိုယ်စိတ်ကြိုက်ရွေးချယ်ထားမှုတစ်ခုက ဘာပဲဖြစ်လာလာ အကောင်းဆုံးပြင်ဆင်ပြီး ရင်ဆိုင်ကျော်ဖြတ်လျှောက်လှမ်းနိုင်ဖို့ပါပဲ ......... ။

10 comments:

မြန်မာပြည်ကိုလွမ်းတယ် said...

သူငယ်ချင်းရေ..ပြောစရာမလိုလောက်အောင်
မြန်မာမိန်းခလေးတစ်ယောက်ရဲ့မျိုးချစ်စိတ်နဲ.မိန်း
ခလေးပီသတဲ့ချစ်ခြင်းမေတ္တာလေးတွေကိုလှစ်ကနဲ
တွေ.လိုက်ရတယ်။အချစ်ရေးမှာသိပ်ကိုကံကောင်း
စွာနဲ.ပဲကိုယ်ကလဲချစ်မြတ်နိုးတဲ့သူ၊ကိုယ့်ကိုလဲသိပ်
ချစ်မြတ်နိုးတဲ့ချစ်သူတစ်ယောက်ပိုင်ဆိုင်ထားရတဲ့
သူငယ်ချင်းကို..ချစ်သူနဲ.ပျော်ရွှင်စွာပေါင်းဖက်ရပါ
စေသတည်းလို.ဆုတောင်းပေးလိုက်မယ်နော်။

စူး said...

စိတ်ကူးနဲ့ ထပ်တူညီတဲ့ ချစ်သူတယောက်ကို ရခဲ့တဲ့ ညီမ ပျော်ရွှင်နိုင်ပါစေ..
လျှင်မြန်စွာ လက်တွဲနိုင်ပါစေ။

Anonymous said...

ဘ၀လက်တွဲဖော်ဆိုတာ ကံစမ်းရတဲ့ ကံစမ်းမဲအတိုင်းပါပဲ။ သူ့ဘက် ၊ ကိုယ့်ဘက် မျှော်လင့်ချက်တွေပိုမြင့်မားလေ .. ရလဒ်က အနည်းငယ်ကွဲလွဲလာခဲ့ရင်လည်း ခံစားရတာတွေရှိတတ်ပါတယ်။ မိမိလိုချင်သော အရာတွေရှိသလို မိမိဘက်က ပေးနိုင်ဖို့လည်း အရေးကြီးတဲ့အတွက် အကောင်းဆုံးပေးအပ်နိုင်သောအရာတွေအတွက်လည်း ကြိုးစားရပါမယ်။ အရေးကြီးဆုံးက ဘ၀မှာ ကိုယ်စိတ်ကြိုက်ရွေးချယ်ထားမှုတစ်ခုက ဘာပဲဖြစ်လာလာ အကောင်းဆုံးပြင်ဆင်ပြီး ရင်ဆိုင်ကျော်ဖြတ်လျှောက်လှမ်းနိုင်ဖို့ပါပဲ။

....................

ဒီစာသားတွေကို အကြိုက်ဆုံးပဲ လင်းရေ။ ပျော်ရွှင်ပါစေနော်။

Htoo Myat said...

ဟားဟားဟားဟား... မိုက်တယ်ဗျာ... အမရေ... တခြားကောင်မလေးတွေကိုလည်း ဒါမျိုးတွေ များများ တက်ဂ်ပါဦး။ ကျနော်တို့ ဖတ်ရှုလေ့လာပြီး ကိုက်ညီရင် ၀င်ပြိုင်လို့ ရအောင်လို့ပါ။ အဟီး...

စိုးထက် - Soe Htet ! said...

ဟဲ ဟဲ ... ကျေးဇူးပြု၍ အောက်ဆုံးက ဓါတ်ပုံလေး အပေါ်ဆုံးမှာ သရုပ်ဖေါ် ပုံ အဖြစ် တင်လိုက်ပါလား .. :P

MgThaJan said...

လာလည် လာဖတ် သွားတယ် ညီမရေ :)

Anonymous said...

အခြေခံဥပဒေကို မထောက်ခံတဲ့သူတွေဟာ သစ္စာဖေါက်တွေဖြစ်ကြောင်း သက်သေပြထားပါတယ်။ http://lightofmyanmar.blogspot.com/

မီးငယ် said...

မမရေ... လည်လည်လာသွားပါတယ်နော်...
ရေးထားတာလေးကိုအရမ်းကြိုက်တယ်

တန်ခူး said...

လင်းလက်ရဲ့ဘဝလက်တွဲဖော်က မျှော်ရကျိုးနပ်တယ်ကွယ်။ ဘေးကနေကြည့်တာနဲ့တင် အရမ်း romantic ဖြစ်တဲ့အတွဲလေးမို့ ကံကောင်းခြင်းလက်ဆောင်လေးဆိုတာ ယုံပြီးသားပါ။ လင်းလက်တို့ အချစ်လမ်းသာယာဖြောင့်ဖြူးပါစေ။ (btw, blogလေးက ပိတောက်ရနံ့တွေသင်းနေတာပဲ)

တားမြစ် ထားသော... said...

တခြားပိုစ့်တွေကိုလဲ ဖတ်မိတယ်။ ဒီပိုစ့်မှာပဲ ပိုစ့်အားလုံးအတွက် ရေးလိုက်တယ်။ စာဖတ်အားကောင်း၊ စာရေးအားကောင်းတဲ့သူလို့ မြင်မိတယ်။ ကိုယ့်ဘဝမှာ မျှော်လင့်ထားတဲ့ ချစ်သူမျိုးရတယ်ဆိုလို့လဲ အားကျမိပါရဲ့။ နိုင်ငံရေးအမြင် ရှင်းရှင်းလင်းလင်းရှိနေသူ တယောက်အနေနဲ့လဲ ချီးကျူးမိပါတယ်။
မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကူးထဲက (စံတင်ထားတဲ့ ) အချက်တွေကို သိရတော့ အားကျမိပ။ စိတ်ဝင်စားစရာလဲ ကောင်းတယ်လို့ တွေးမိတယ်။ အမှန်ပြောရရင် အားပါး.. မလွယ်ပလားလို့လဲ တွေးမိတယ်။ ကျွန်တော်က သာမာန် ခပ်ဆိုးဆိုး လူတစ်ယောက်ကိုး... :)

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။