Tuesday, November 20, 2007

အာဆီယံထိပ်သီးအစည်းအဝေးအား Orchard တွင် ဆန္ဒပြခဲ့သော မျိုးချစ်မြန်မာများ - ၂၀ နိုဝင်ဘာ ၂၀၀၇

                                         (Straits Times သတင်းစာတွင် ဖော်ပြခဲ့သော ဓာတ်ပုံ)


ညနေ၆နာရီလောက်မှာ Orchard Hotel ရှေ့မှာ Asean Summit ကို ကျွန်မတို့မြန်မာပြည်သူလူထုက မကျေနပ်ကြောင်း ပြသဖို့အတွက်သတင်းကို ဒီနေ့ နေ့လည် ၁နာရီလောက်မှာ ကျွန်မ သိလိုက်ရပါတယ် ။ သတင်းက အနီးကပ်မှ ရတာကလည်း စင်္ကာပူနိုင်ငံရဲ့ အနံ့ခံကောင်းတဲ့ ရဲတွေကြောင့် သိပ်အစောကြီး မစီစဉ်ဖြစ်တာလည်း ပါပါတယ်လို့ ကျွန်မသုံးသပ်မိပါတယ်.. ။ ကျွန်မက အာဆီယံနိုင်ငံတော်တော်များများ ဒီစစ်အစိုးရကို သွယ်ဝိုက်သောနည်းလမ်းနဲ့ အားပေးထောက်ခံနေတာကို မကျေနပ်ဖြစ်နေတာ ကြာပါပြီ ။ အခုလိုမျိုး ရင်ထဲရှိတဲ့ဆန္ဒကို ပြရမယ်ဆိုတော့ အမလေးလေး ၀မ်းသာလိုက်တာမှ တစ်မိနစ်တောင် မစဉ်းစားဘဲ သွားမယ်လို့ စိတ်ပိုင်းဖြတ်ပြီး လက်လှမ်းမှီရာ လိုက်ဖြန့်ပေးခဲ့ပါတယ် ။ အဖြန့်ကောင်းလို့ ဖုန်းနာပါတ် အင်တာနက်ပေါ်မှာ ပျံ့ထွက်သွားတာ အမြုပ်ထွက်အောင် ဖုန်းတွေကို ပြန်ဖြေခဲ့ရတယ်။ အဓိကက ဒီလိုမျိုးလုပ်မယ်ဆိုတာ တော်တော်များများက မယုံကြတာကို ကျွန်မသိခဲ့ရပါတယ် ။ ဒါ လှည့်ကွက်တစ်ခုပဲဆိုပြီး ကျွန်မကို လာမေးမြန်းကြပါတယ် ။ လှည့်မကွက်ပါဘူး ကျွန်မလည်း ဒီလိုပဲကြားသိခဲ့ရတာပါ .. ကျွန်မတော့ သွားမှာပါလို့ပဲ ဖြေခဲ့ပေးပါတယ် .. ။

ညနေ၆နာရီခန့်လောက်မှာ ကျွန်မ အော့ချပ်ကိုရောက်သွားပါတယ် ။ Orchard Hotel ရှေ့ လမ်းမကြီးပေါ်မှာ လမ်းသလားနေတဲ့ ရဲတွေ အများကြီးကိုတွေ့လိုက်ရပါတယ် ။ သူ တို့ကလည်း အနီရောင်ကို အနွေးထည်ခံဝတ်ထားတဲ့ ကျွန်မကို ကွက်ကျိကွက်ကျိနဲ့ .. ။ သူတို့စောင့်နေပုံက လူသတ်သမားတွေလာမယ့်လမ်းကို စောင့်ဖမ်းမယ့်ပုံမျိုးဆိုတော့ ကျွန်မတောင် ပြုံးစိစိဖြစ်သွားခဲ့ပါတယ် .. ။

ကားလမ်းတစ်ဖက်ကို ကူးလိုက်ချိန်မှာ Are you lin let kyal sin ? ဆိုပြီး အမျိုးသမီးတစ်ဦးက ဖမ်းခနဲမေးတော့ ပထမ ကျွန်မစိတ်ထဲ `ဟိုက် ဒုက္ခပဲ ။ ဆန္ဒတောင်မပြရသေးဘူး ။ ငါ့ကိုလာဆွဲပြီထင်တယ်´လို့ တွေးလိုက်ပြီး ဟုတ်ပါတယ်လို့ ပြန်ဖြေတော့ အဲဒီအမျိုးသမီးနဲ့ခပ်လှမ်းလှမ်းကလူတွေ ၀ိုင်းအုံလာပြီး သူတို့က Strait Times သတင်းစာကပါဆိုတော့ အဲဒီအခါကျမှ ကျွန်မလည်း စိတ်အေးရပါတယ် ။ သူတို့က ကျွန်မကို လက်ရှိလုပ်မယ့် အရာတွေကို မေးပါတယ်။ ကျွန်မလည်း ဆန္ဒပြမယ်ဆိုတဲ့သတင်းပဲသိတာ ၊ ကျန်တာ ဘာမှမသိတော့ ဘာဖြေရမှန်း မသိတာနဲ့ ကြည့်ကောင်းအောင်ပဲ ဖြေပေးခဲ့ပါတယ် .. ။ `အာဆီယံက မြန်မာပြည်သူလူထုရဲ့ဆန္ဒကို ကျေးဇူးပြုပြီး နားထောင်ပေးပါ ။ စစ်အစိုးရပြောသမျှ နားထောင်ယုံကြည်မနေပါနဲ့´လို့ ပြောခဲ့ပါတယ်။ ကျွန်မ မိတ်ဆွေ ကိုဂျေမိုးရောက်လာပြီး သူ့ခံစားမှုတွေအားလုံးနဲ့တကွ ဖြစ်ပျက်ခဲ့တဲ့ သံဃာများအရေးအခင်းကို မြန်မာပြည်သူလူထုတွေ ဘယ်တော့မှ မမေ့ကြောင်း ၊ စစ်အာဏာရှင်က ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရေး အစရှိသဖြင့် မြန်မာပြည်သူလုထုရဲ့ ခံစားမှုတွေကို ပြင်းထန်စွာ ပြောကြားပါတယ် .. ။

သတင်းဌာနတွေနဲ့ တော်တော်ကြာ ဖြေကြားပြောကြားပေးပြီး ကျွန်မတို့ ဟိုလိုလိုဒီလိုလိုနဲ့ လမ်းတစ်ဖက်ကိုကူးပြီး Starbuck Cofee Shop ကို ၀င်လိုက်ပါတယ် ။ အထဲမှာ အားပါးပါး မျိုးချစ်ြမန်မာတွေ အုံလိုက် အုံလိုက် ထိုင်နေကြတာ .. ။ ကျွန်မလည်း ခပ်တည်တည်နဲ့ ၀င်ထိုင်ပြီး သူငယ်ချင်းအချို့နဲ့ လုပ်ဆောင်ရမယ့်အခြေအနေတွေကို ဆွေးနွေးနေလိုက်ပါတယ် ။ လူအားလုံးစုံတော့ အယောက်၅၀လောက်ဖြစ်သွားပါတယ် ။ လူစုံအောင်စောင့်ပြီး ၇နာရီထိုးခါနီးလောက်မှ ကျွန်မတို့အားလုံး သေသေချာချာ ဆွေးနွေးတိုင်ပင်ချက်အရ သုံးယောက်တစ်တွဲစီ လမ်းမပေါ်ကို စာရွက်လေးတွေ ကိုယ်စီကိုင်ပြီး တန်းစီထွက်ကြပါတယ် .. ။ လမ်းမပေါ်ကိုထွက်ကြချိန်မှာ လာတဲ့လူတွေထဲမှာ မြန်မာ့ဒီမိုကရေစီအေ၇းကို ခံယူချက်ပြင်းထန်စွာလှုပ်ရှားကြတဲ့ အဖွဲ့သားအချို့က ဘေးကနေ လိုအပ်သလို ထိန်းပေးပါတယ် .. ။ မျိုးချစ်မြန်မာတစ်ဦး ယူလာတဲ့ ဘန်နာကလည်း လိုချင်တဲ့ဆန္ဒနဲ့ တူညီစွာ အရှေ့ဆုံးကနေ ဖော်ထုတ်ပြသပေးတာ သိပ်ကောင်းပါတယ်။ သတင်းဌာနတွေ ၊ လမ်းမှာဖြတ်သွားသူတွေ အားလုံးက သတင်းတွေယူ ၊ ပုံတွေရိုက် ၊ မေးမြန်းပြီး အဲဒီနေရာမှာ လူတွေတဖြေးဖြေးအုံလာတာ ကျွန်မတို့စိတ်ထဲကနေ `ငါတို့အောင်မြင်ပြီ´လို့ ကြွေးကြော်နေမိပါတယ် .. ။



သတင်းဌာနတွေရဲ့အမေးကို သေသေချာချာရှင်းလင်းဖြေကြားပေးနေတဲ့ မျိုးချစ်မြန်မာအချို့ရဲ့စကားတွေက ခံစားမှုနဲ့အတူ ပြင်းထန်လှပါတယ် ။ `အာဆီယံအနေနဲ့ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျဉ်းသားအားလုံးကို လွှတ်ပေးရေး ၊ မြန်မာစစ်အစိုးရရဲ့ လိမ်ညာမှုတွေကို မယုံသင့်ကြောင်း ၊ ပြည်သူလူထုရဲ့ဆန္ဒကို ဦးစားပေး စဉ်းစားပြီး စစ်အစိုးရပြောသမျှ မယုံပါနဲ့´အစရှိသဖြင့် စုံလင်စွာ ဖြေကြားပေးခဲ့ပါတယ် .. ။ ကျွန်မတို့ အခုလိုလုပ်တာလေးက ဘယ်လောက်ထိအကျိုးရှိမှာမို့လို့လဲ အစရှိတဲ့ မေးခွန်းတွေကိုလည်း မေးပါတယ် .. ။ ကျွန်မတို့က ကျွန်မတို့အားလုံးသဘောတူညီတဲ့ နည်းလမ်းတွေနဲ့ ကျွန်မတို့ လိုချင်တဲ့ဆန္ဒတွေကို ထုတ်ဖော်ပြသနေမှာပါပဲ ၊ ကျွန်မတို့က ခေါင်းဆောင်ပိုင်းတွေလုပ်နေသမျှကို ထိုင်ကြည့်ပြီး စောင့်နေမှာမဟုတ်ပါဘူးဆိုတဲ့ မက်ဆေ့ခ်ျကိုလည်း သေသေချာချာ ပြောကြားဖြစ်ခဲ့ပါတယ် .. ။



အတန်းလိုက်ဆန္ဒပြနေရာကနေ ကျွန်မတို့အားလုံး တစ်တန်းတည်းဖြစ်အောင် အနေအထားကို ပြောင်းလိုက်ကြပြီး အားလုံး စည်းကမ်းရှိရှိ သေသေချာချာရပ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဆက်ပြကြပါတယ် .. ။ အဲဒီအချိန်မှာ ရဲတွေ အိုစမာဘင်လာဒင်ကို ဖမ်းသလို အုပ်လိုက်နေရာတကျယူပြီး ကျွန်မတို့ကို ၀ိုင်းလာပါတယ် .. ။ မီဒီယာတွေကလည်း တဖျက်ဖျက်ရိုက် ၊ မျိုးချစ်မြန်မာလူကြီးတွေနဲ့ ရဲတွေက ဆွေးလည်းဆွေးနွေး ၊ စကားလည်းပြော ၊ လူတွေကလည်းအုံ .. ကျွန်မတို့ပေးချင်တဲ့မက်ဆေ့ခ်ျက လုံးဝသိသာပိုထင်ရှားသွားပါတယ် .. ။

ရဲတွေနဲ့အကျေအလည်ပြောပြီးချိန်မှာ အားလုံးက ငြိမ်းချမ်းစွာ လမ်းခွဲဖို့ လက်တွဲဖြုတ်လိုက်ကြပါတယ် .. ။ မျိုးချစ်မြန်မာလူကြီးတွေအနားမှာ အားလုံးက ၀ိုင်းထားပေးပြီး ရဲတွေက တစ်ယောက်ကိုဆွဲရင် အကုန်လိုက်မယ်ဆိုပြီး အသင့်ပြင်ထားကြပါတယ် .. ။ ကျွန်မကို Identity Card တောင်းတော့ ထုတ်ပေးလိုက်ပါတယ် ။ ဖုန်းနာပါတ်ပါမေးတော့ ပေးလိုက်ပါတယ် .. ။ အခြားလူတွေကိုလည်း သူတို့လိုက်တောင်းပါတယ် . .။ ဒါကတော့ သိပ်မဆန်းပါဘူး .. ။

ညီညွတ်စွာ ငြိမ်းချမ်းသောနည်းလမ်းနဲ့ မိမိတို့စိတ်ထဲရှိသော ခံစားမှုကို ဆန္ဒပြပြီးချိန်မှာ ကျွန်မတို့အားလုံး ကျေနပ်အားရစွာ လမ်းခွဲခဲ့ကြပါတယ် .. ။ Orchard MRT ကိုအရောက် ကျွန်မတို့ Ticket ဖြတ်မယ် လုပ်တော့ ကျွန်မနဲ့ အခြားပါလာတဲ့ မိတ်ဆွေ၃ယောက်ကို အနောက်ကနေ ပုခုံးကို လှမ်းဆွဲတာနဲ့ အားလုံးက ရုတ်တရက်လန့်ဖျပ်ပြီး ရုန်းတော့ အနည်းငယ် ရုတ်ရုတ်သဲသဲလေးဖြစ်သွားပါတယ် ။ ကျွန်မက ကျွန်မကို ဘယ်ကောင်လာထိလဲဆိုပြီး စိတ်တိုစွာပြောတော့မှ သူတို့က အမြန်အဆန် သူတို့ကဒ်တွေကိုထုတ်ပြပြီး သူတို့က ရဲတွေဖြစ်ကြောင်း ၊ ကျွန်မတို့ကို မေးစရာရှိလို့ဆိုပြီး ဘေးမှာ ခနရပ်ခိုင်းပါတယ် ။ ကျွန်မတို့ Identity Cardတွေ ထပ်တောင်းပြီး သူတို့ရေးမှတ်နေကြပါတယ် ။ ကျွန်မတို့က ကျွန်မတို့ကို နောက်တခါ အဲဒီလို ရိုင်းရိုင်းပျပျမဆက်ဆံဖို့ ၊ ကျွန်မတို့က ရာဇ၀တ်မှုကျူးလွန်ထားသူတွေ မဟုတ်ဘူးဆိုတဲ့အကြောင်း တင်းမာစွာ ပြောတော့မှ ရဲတွေက ကျွန်မတို့ကို မျက်နှာချိုလေးနဲ့တောင်းပန်ပါတယ် .. ။ ကျွန်မတို့က ကျွန်မတို့ကို ခေါ်ထားရခြင်းအကြောင်းအရင်းကို ခပ်မာမာမေးမှ သူတို့က ဘာမှသိပ်မဟုတ်ကြောင်း ၊ အိုင်စီထပ်မှတ်ချင်လို့ပါဆိုပြီး ပြောလာပါတယ် .. ။ သိပ်မကြာခင်မှာ ကျွန်မတို့ကို ဘာမှ ဆက်မမေးတော့ဘဲ ပြန်လွှတ်ပေးလိုက်တာနဲ့ ကျွန်မတို့ ပြန်လာခဲ့ပါတယ် .. ။

လမ်းတစ်လျှောက်လုံးမှာ ကျွန်မကို စိုးရိမ်စွာမေးသူတွေ ၊ သတင်းမေးသူတွေကို ကျွန်မ တောက်လျှောက်ဖြေကြားပေးရင်း စိတ်ထဲမှာလည်း ကျေနပ်မှုတစ်ခုတော့ ရလာခဲ့ပါတယ် ။ စင်္ကာပူလို တင်းကျပ်လွန်းလှတဲ့ နိုင်ငံမှာ ကျွန်မတို့ စိတ်ဆန္ဒကို မီဒီယာတွေကနေတဆင့် အများပြည်သူတွေရှေ့မှာ အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့တာအတွက်ပဲ ကျွန်မ ကျေနပ်မိပါတယ် .. ။ ထူးခြားတာတစ်ခုက အားလုံးက သိပ်သွေးစည်းညီညွတ်ကြပြီး ဖြစ်လာသမျှကို လက်တွဲပြီး အတူတကွ ရင်ဆိုင်ဖို့အသင့်ပြင်ထားကြခြင်းပါ . ။ အဲဒီစိတ်ဓါတ်ကနေရလာတဲ့ အားမာန်တွေ ၊ ခံစားမှုတွေက ပိုမိုတောက်ပြောင်လာပါတယ် .. ။ ဒီဆန္ဒပြပွဲသတင်းကို နောက်ကျမှသိလိုက်ရပြီး မပါဝင်နိုင်ခဲ့သူတွေက နောင်တစ်ကြိမ်ဆို သူတို့ကိုဆက်သွယ်ပေးကြဖို့အတွက် သူတို့ဖုန်းနာပါတ်တွေ ကျွန်မကို မက်ဆေ့ခ်ျတွေနဲ့ပို့လာကြပါတယ် .. ။ အခုလိုမျိုး နိုးကြားစွာ ၊ သတ္တိရှိစွာ ဖြစ်လာကြတာကို ရင်ထဲကြည်နူးမိပါတယ် .. ။

ကျွန်မတို့ကို စင်္ကာပူရဲတွေက ဘယ်လိုကိုင်တွယ်မှာလဲ ... စောင့်တော့ကြည့်ရမှာပဲ .. ။ ပြဿနာတော့ သိပ်မရှိပါဘူး . .။ ခံဝန်ချက်ထိုးထားတဲ့ ကျွန်မအနေနဲ့ နောက်တစ်ကြိမ် ကွန်ပြူတာလာသိမ်းစရာတော့ မရှိတော့ပါဘူး ။ ကျွန်မတို့ တိုက်ခဲ့တဲ့ တိုက်ပွဲလေးအတွက်ပဲ အားမာန်တွေပိုမိုဝင်လာပြီး ရှေ့ဆက်ရမယ့်ခြေလှမ်းတိုင်းမှာ ကောင်းသထက်ကောင်း ၊ ထိရောက်သထက် ထိရောက်အောင်အတွက် သံဓိဌာန်ချထားမိပါတယ် . .။ ဒီနေ့ပါဝင်ခဲ့တဲ့ မျိုးချစ်မြန်မာအားလုံးကိုလည်း ကျွန်မ အထူးလေးစားကျေးဇူးတင်ရှိမိပါတယ် .. ။ အိုင်စီတောင်းခံရ ၊ ဖုန်းနာပါတ် တောင်းခံရတဲ့ လူများအားလုံး ဖြစ်နိုင်ရင် ကျွန်မကို contact number လေးတွေ မေးလ်နဲ့ ပို့ပေးစေချင်ပါတယ် ။ တစ်စုံတစ်ယောက်ကို ရဲကဆက်သွယ်လာရင်လည်း ကျွန်မတို့အချင်းချင်း အပြန်အလှန်ဆက်သွယ်ကြဖို့ မမေ့ကြပါနဲ့ရှင် .. ။

ကျွန်မ မနက်စာမေးပွဲဖြေရပါ့မယ် .. ။ တအားပင်ပန်းနေပြီမို့ နားပါတော့မယ် .. ။ အားလုံး စိတ်ချမ်းသာရတဲ့ နေ့လေးဖြစ်သလို ဂွတ်နိုက်ပါ .. ။


Related Links



စင်္ကာပူလူ့အခွင့်အရေး လှုပ်ရှားသူအဖွဲ့မှ မှတ်တမ်းထင်သားသော ဖိုင်
http://youtu.be/0t3RYT6Xwds

24 comments:

ခင်မင်းဇော် said...

သမီးရေ
အင်တာဗျူးကိုအရင်နားထောင်လိုက်ရတယ်။
နောက် ဒီပို့စ်လေးကို ဖတ်လိုက်ရတယ်။
မျက်ရည်လည်အောင်ကို စိတ်ထဲက တက်ကြွကျေနပ်မိတယ်။
ဒါပဲလေ ...
မတရားမှုတွေကို ဒီလိုစိတ်ဓါတ်တွေနဲ့
တော်လှန်ဝံ့သူတွေ ရှိနေတယ်ဆိုတာကို
စစ်အုပ်စု သိသွားပြီပေါ့။
ဆထက်ထမ်းပိုး တိုးလို့ ဆောင်ရွက်နိုင်ပါစေ။

Valentino said...

လင်းလက်

အမှန်တရားအတွက် စိတ်ဓာတ်သွေးရဲတဲ့ ညီမလေး။ ဆက်လက်တိုက်ပွဲဝင်သွားနိုင်ပါစေ။ အားပေးနေပါ့မယ်။
အမှန်တရားကို ရင်မဆိုင်ရဲတဲ့ သူတွေလဲ ဆက်လက်ဖုံးကွယ်နေကြဦးမှာပါ။ သူတို့ အကျိုးစီးပွားတွေ အတွက်ပေါ့။
လူပုံလယ် စကားတစ်ခွန်း မပြောတတ်တဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဆိုသူကြီးကိုလဲ သနားမိပါတယ်။
ဆရာတော် ဦးဥာဏိဿရ ဟောတဲ့ ဘ၀တန်ဖိုး တရားထဲကလိုပါပဲ။
ကိုယ်ကျင့်တရား ပျက်ပြားတဲ့သူတွေများ လူပုံအလယ်မှာ ညှိုးညှိုးငယ်ငယ် နေရတယ်။ ရွံ့တီးရွံ့တွန့် နေရတယ်တဲ့။
သေနတ်နဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်မှာ သူတို့က သခင်တွေဖြစ်ချင်ဖြစ်မှာပေါ့။ စစ်မှန်တဲ့ တရားဥပဒေ အောက်မှာ သူတို့ဟာ တရားခံတွေပါပဲ။

Bro MT

Anonymous said...

Thanks so much Nyimalay.

YeKyawAungMDY said...

Sis Linlet!! We salute you all there for today protest for Asean Summit!!! This is very great event for Burma!!!

MrB said...

Great Thanks to All of You. Go ahead with Full of Strength and Energy. We Proud of You.

မျိုးချစ်မြန်မာ said...

လင်းလင်းရေ ငါ့ညီမ သတ္တိကတော့ပြောမနေတော့ပါဘူး
လူတွေအားလုံးကစိတ်ပူနေကျတာ မေးလွန်းလို့စိတ်တောင်မရှေဘူး
အကိုလဲ မနေ့ကညီမလေးပြန်လာတဲ့အထိ စောင့်ပါသေးတယ်
နောက်တော်တော်နဲ့ ပြန်မလာလို့ဝင်အိပ်လိုက်ရတယ်
ဘယ်လိုဘဲဖြစ်ဖြစ်လေ ငါ့ညီမလေး တာဝန်ကျေပါတယ်
ညီမလေးသတ္တိနဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်

မျိုးချစ်

Anonymous said...

ညီမ လင်းလက်...ဒီလိုကန့်သတ်မှုတွေ၊ တားမြစ်မှုတွေ များတဲ့ နိုင်ငံမှာ အခုလို ရဲရဲရင့်ရင့် ဆန္ဒပြခဲ့တာအတွက် ဂုဏ်ယူပါတယ်ဗျာ..။

Anonymous said...

Ma Lin let
I admire & slute all of you.
from Ru

Anonymous said...

thats great event for burmese peoples espcially in s'pore.
very proud and salute to all of u guys......walk on

Alvin S. C. Lee said...

In my opinion, staging illegal protests may be counter-productive to what Daw Aung San Suu Kyi has been trying to achieve.

In a statement released through U.N. envoy Mr Gambari, she mentioned that she is "... committed to pursue the path of dialogue constructively and invite the government and all relevant parties to join me in this spirit..."

I noted another indoor discussion elsewhere (which I believed was the one that had been officially approved). I applaud the organisers of that indoor discussion for respecting the laws of the host country in another post in this blog. Respect must be mutual and it was done.

This is just my personal opinion and gentle advice so that my friends will be moving along the commitment advocated by the Lady herself. I'm sure many people do not wish to see her on-going efforts devastated by intense emotions of others outside Myanmar.

I believe Auntie Suu is best person to see the larger perspective, given her direct experience within the socio-political environment of Myanmar and her vast contacts with officials outside Myanmar.

May all be free from enmity and sufferings.

pandora said...

စွန့်စားရဲသူများကို ချီးကျုးဂုဏ်ယူပါတယ်.
အားလုံးဘေးရန်ကင်းကြပါစေ။

P.Ti said...

စွန့်ပြီး လုပ်ကြတာကို ချီးကျူးပါတယ်။ အားလုံး တရားဥပဒေဘောင်အတွင်းက ဘေးရန်ကင်းကင်း လုပ်နိုင်ကြပါစေ။

Kaung Kin Ko said...

ညီမလေးရဲ့ ရဲရဲတောက်စိတ်ဓာတ်အတွက် ဂုဏ်ယူပါတယ်။

Anonymous said...

Hi Sister,

Thanks a lot ..
Really Thanks a lot


Regards,
NL

Anonymous said...

ဖတ်ရင်းနဲ့ကြည်နူးလိုက်တာ..
သတ္တိရှိလိုက်တာ..ဘာပဲဖြစ်ဖြစ်အောင်မြင်တယ်ဆိုရမှာပဲ
လေးစားပါတယ် ညီမရေ....
ညီမတို့တွေကိုချီးကျူးဂုဏ်ပြုပါတယ်..
ညီမရေ..အမ တခုလောက်မေးပါရစေ..မရှင်းလို့ပါ
အမတို့နိုင်ငံက နေနိုင်ငံရေးခိုလှုံခွင့်တောင်းထားသူတွေ..
က..ဘာအတွက်နိုင်ငံရေးခိုလှုံခွင့်တောင်းပြီးဘာတွေများအမိနိုင်ငံအတွက်
ပြင်ဆင်နေကြတယ်ဆိုတာ..
အမတော့နားမလည်နိုင်လွန်းလို့ပါ...


သမုဒယ

ကလိုစေးထူး said...

အပိတ်အဆို့ အကန့်အသတ်တွေကြားထဲကမှ အခုလို ဖြစ်အောင် ကြိုးစားကြတဲ့ မြန်မာကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို လေးစားလျက်ပါ။ ဒီပို့စ်ကို တင်ပေးတဲ့ ညီမလင်းလက်လည်း ဘေးကင်းပါစေ။

ကိုပေါ said...

>>> မလင်းလက်.....လာလည်တဲ့အတွက် ကျေးဇူးပါ။ သူတို့ သုံးယောက်လောက် ၀ိုင်းမရင်တော့ ဖြစ်နိုင်လောက်ပါတယ်။ မနေ့ကပွဲမှာ အားလုံး ပါဝင်ပံ့ပိုးမှုကြောင့် အောင်မြင်တာပါ။ နောက်တခုက တိုက်ပွဲတခုကို အတူတိုက်ဘူးရင် ရဲဘော်ရဲဘက်စိတ် ပိုရှိလာတယ်လို့ ထင်ပါတယ်။
“မျက်ရည်ငန်ပျပျတွေကို
ဝေမျှသောက်သုံးသူတွေဟာ
ရဲဘော်ရဲဘက်ဖြစ်တယ်” တဲ့။
ရဲဘော်ရဲဘက်စိတ်နဲ့ ပန်းတိုင်ရောက်အောင်ကြိုးပမ်းကြသေးတာပေါ့။

Anonymous said...

sis

Very proud of you. Thks for ur message. Keep in touch. Wish you to save.

khayayphyu

Anonymous said...

http://theonlinecitizen.com/2007/11/20/toc-developing-news-protest-planned-by-burmese-nationals/#comments

Yan said...

Congratulations ပါ မလင်းလက်...
မလင်းလက်ရဲ့ လုပ်ဆောင်ချက်တွေဟာ အုတ်တစ်ချပ်ထက်လည်းပိုပါတယ်. သဲတစ်ပွင့်မကလည်း များပြားပါတယ်.

မတရားမှုကို ဆက်လက်ပြီး တွန်းလှန်အောင်မြင်နိုင်ပါစေဗျာ...

p.s

စာမေးပွဲလည်း ကောင်းကောင်းဖြေနိုင်ပါစေ...

ခင်မင်လေးစားလျက်

ရန်အောင်

Anonymous said...

Mee Mee,
- will call you like that, pl excuse me.
- Pl note me as Patriotic Guy for the moment.
- While reading your blog, there were pooling of tears around my eyes.
- I'm at the age of your uncle.
- Uncle had resigned from the life of a Military Officer just before your birth, the reason? because of my opinions against killing people and refusal to vote uni-party system.
- I'm very much be proud to be a Myanmar, especially having a brave girl like you in our community.
- I've been loving, still loving and will be loving till the end of my life to my peoples and my country.
- Uncle really appreciate you for your committments for our beloved country.
- Wishing you success in all asspects.
"Believing in success of our people"
"SPDC must go to hell"

Anonymous said...

ညီမလေးကိုအာဇဌာနည်စာ၇င်းထဲသွင်းပါ၇စေ--ညီမလေးဘယ်လောက်ငယ်ငယ်--အမတို့ရဲ့ခေါင်းဆောင်အဖြစ်အစဉ်လေးစားပါတယ်

Anonymous said...

I can't say how much i got strength and motives from this post. It is so great. I am very proud of you and other comorades from singapore.Walk on. This dictator wall will break down when we push together. Thank you very much nyimalay. May all your wishes come true.

Unknown said...

kogyi n magyi i miss u so much

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။