Thursday, November 01, 2007

မိုးတစ်နေ့ဧ။်အတွေးခံစားမှုများ




`ငါတို့ရဲ့သမိုင်းအတွက် တည်ဆောက်ခဲ့စိတ်ဓါတ်တွေ .. ငါတို့ရဲ့တိုင်းပြည်အတွက် .. ငါတို့ရဲ့ အသိနဲ့ ပေးဆပ်ခဲ့ရ တို့ဘ၀တွေ … ရည်မှန်းချက်ပန်းတိုင်အတွက်´


သီချင်းသံလေးက ကျွန်မဘေးမှာ ခပ်လွင့်လွင့် .. ။ အတွေးပေါင်းစုံဖြင့် ကြည့်လက်စ ကျောင်းစာအုပ်တွေကို ကျွန်မခေတ္တပိတ်လိုက်မိသည် .. ။ ခပ်ဝေးဝေးကို ကျွန်မ ကြည့်လိုက်ချိန်မှာ မိုးသက်လေအေးက ခပ်ဖြေးဖြေးတိုက်ခတ်သယ်ဆောင်လာသည် .. ။ ဒီမိုးစက်တွေအောက်မှာ သန်းပေါင်းများစွာသော ကျွန်မတို့လူမျိုးတွေ မငြိမ်းချမ်းသေးပါလား .. ။ ဒီမိုးစက်တွေနဲ့အတူ အပြစ်မဲ့သွေးတွေ အများကြီးစီးဆင်းခဲ့ပြီးပြီ။ ဒီမိုးစက်တွေထက် ပိုစိုရွှဲတဲ့မျက်ရည်တွေ နှလုံးသားမှာ အဆက်မပြတ်ရိုက်ခတ်နေလျက် .. ။


ဆတ်ဆတ်ခါနေသော နှလုံးသားက နာကျင်မှုများ အလွန်အကျွံဖြစ်လာချိန်မှာ ကျွန်မ မငိုခဲ့ပါ .. ။ မငိုချင်ပါ .. ။ စိတ်ရှိတိုင်းသာ ငိုလိုက်လျင် မျက်ရည်မြစ်များဖြင့် ပြီးဆုံးနိုင်မည် မဟုတ်တော့ .. ။


ပခုက္ကူမှာ ဘုန်းဘုန်းတွေက ဆန္ဒထပ်ပြသည်ကို ကြားရချိန်မှာ ကျွန်မရင်ထဲ အလွန်လှုပ်ခတ်သွားသည် .. ။ စိတ်ထဲမှ လေးစားကြည်ညိုစိတ်များနှင့် စိုးရိမ်စိတ်များက ရင်ကိုအလုံးအရင်း ၀င်ဆောင့်နေသည် .. ။ အဆမတန် ပေးဆပ်ထားရသော သံဃာသွေးများကို ထပ်မကြားလိုတော့ပါ .. ။ ဆုံးရှုံးခဲ့သော အသက်တွေအတွက် ထိုက်တန်သောတန်ဖိုးကိုတော့ လက်တွေ့မှာ ပြန်ကိုယူရမည် .. ။


စစ်အစိုးရက သူတို့ကိုယ်သူတို့ အနိုင်ရသည်ဟု ထင်ကောင်းထင်မည် .. ။ တကယ်တမ်းတော့ သူတို့ရှုံးသွားခဲ့ပြီ .. ။ စစ်အာဏာရှင်တစ်စုတင်မဟုတ် ၊ နောက်ပါအုပ်စုများ ၊ ပတ်သတ်သမျှ အမျိုးနွယ်စုအားလုံး ဖြစ်လေရာဘ၀ဆက်တိုင်း ရှုံးနိမ့်သွားခဲ့ပြီ .. ။ နအဖစစ်တပ်ဆိုရင် အသံပင်မကြားချင်လောက်အောင် မြန်မာလူထုက ရွံမုန်းစက်ဆုပ်နေသည်မှာ အသဲမှာ ကျောက်စာထွင်းထားသလို ခိုင်မြဲနေကြပြီ .. ။


မထင်မှတ်ဘဲ ပေါက်ကွဲထွက်လာသော စက်တင်ဘာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးနောက်ဆက်တွဲက ပေးဆပ်ထားရသော သွေးများနှင့်အတူ မှန်ကန်သောလမ်းကြောင်းဘက်ကို အများကြီး ပိုရောက်လာမယ်လို့ ကျွန်မ ထည့်တွေးပါတယ် .. ။


ပြည်တွင်းလုပ်ဆောင်မှုတွေကို ခံစား အားပေးရုံနဲ့ ပြည်ပက မြန်မာတွေ တာဝန်မကျေသေးဘူးလို့ ကျွန်မကတော့ ထပ်ဆင့်ပြောချင်ပါတယ် .. ။ ကျွန်မတို့ အချင်းချင်း အပြန်အလှန်နှစ်သိမ့်မှုဆိုတာ ခဏတာပါ။ အနာဂတ်ရဲ့ခြေလှမ်းတွေက မအေးခဲသွားသင့်ဘူး .. ။


ကျွန်မတို့နိုင်ငံရဲ့အရေးကို ၀င်ရောက်ကူညီဆောင်ရွက်ပေးနေတဲ့ ပုဂ္ဂိုလ်တွေကို ကျွန်မတို့ဘက်က အားပေးမှု ထောက်ခံမှုတွေကို အနည်းဆုံးလုပ်ပေးလို့ရပါတယ် .. ။ ကျွန်မတို့နိုင်ငံဆိုတာ ကျွန်မတို့ နေထိုင်ရတဲ့ အိမ်ပါ။ ကိုယ့်အိမ်မှာ မိဘလိုကျင့်ကြံရမယ့် အစိုးရက ယုတ်မာသောအကျင့်တွေကို ပြုမူနေတာ သားသမီးတွေဖြစ်တဲ့ ကျွန်မတို့ပြည်သူလူထုက ပြန်လည်တွန်းလှန်ရမယ် .. ။ တွန်းလှန်နေချိန်မှာ ရပ်ကွက်လူကြီးတွေက ၀င်ရောက်ကူညီတာကို ကျွန်မတို့က ကျေးဇူးတင်ရမယ် ၊ အားပေးကြိုဆိုရမယ် ။ ဘယ်ရာထူးကိုပဲ ပိုင်ဆိုင်ထားထား ၊ ဘာတွေပဲလုပ်နေနေ အားလုံးက လူတွေပါ .. ။ လူတွေက မိမိတစ်စုံတစ်ခုလုပ်လို့ အများက အားပေးရင် ပိုပြီးတက်ကြွပါတယ် ။ ပိုပြီးစေတနာပိုရှိလာပါတယ် .. ။ အဲဒီအတွက် ကျွန်မတို့က ကိုယ့်အရေးကို ၀င်ရောက်ပေးတဲ့ ဘယ်နိုင်ငံက ဘယ်ပုဂ္ဂိုလ်ကိုမဆို ၀မ်းမြောက်ဝမ်းသာ ကျေးဇူးတင်ရှိသင့်ပါတယ် ။ ထိုင်နေပြီး အပြစ်တင်နေတာထက်စာရင် အနည်းဆုံး လေးလေးစားစားပို့လိုက်တဲ့ ထောက်ခံအားပေးကျေးဇူးတင်စာတစ်စောင်က အများကြီး အဖိုးတန်လှပါတယ် ။


`အမှန်တရားနဲ့လွတ်လပ်မှုတွေငတ်မွတ်နေတဲ့

ငါတို့မြန်မာလူမျိုးအားလုံးအတွက်

အရှေ့မှာ အလင်းတန်းရှိတယ်

ညီညွတ်မှုတွေ ခိုင်ခိုင်မြဲမြဲဝန်းရံလို့

ငါတို့အနာဂတ်အတွက်

ဒီအာဏာရှင်စနစ်ကို

ဒီမျိုးဆက်တစ်ခေတ်မှာတင်

အမြစ်ပါမကျန်အောင် တိုက်ထုတ်ကြစို့´။




0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။