Saturday, November 24, 2007

တိုက်ပွဲခေါ်သံ




မြန်မာပြည်မှာ ကြံ့ဖွတ်တွေရဲ့ ဘလော့ခ်သင်တန်းရှိနေသတဲ့ ။


ကျွန်မ ပါးစပ်ကလေးပွင့်သွားအောင် အံ့သြသွားသည် ။ ကျွန်မ ဘလော့ခ်စရေးချိန်က သင်ဆရာ မရှိ ၊ မြင်ဆရာ မရှိ ၊ ကိုယ့်စိတ်ထဲရှိတာကို ကိုယ်ကရေး ၊ အပြင်အဆင်ကိုတော့ ဟိုလူ့ကိုမေး ဒီလူ့ကိုမေး ၊ သူငယ်ချင်းတွေအကူညီယူ .. ဒါနဲ့ပဲ လင်းလက်ကြယ်စင်ဘလော့ခ်ဆိုတာ ဖြစ်လာခဲ့တာပါ ။ လူငယ်တွေကို နည်းပညာ ၊ အသိပညာ ပိုပြီးအသိဥာဏ်တိုးတက်ဖွံ့ဖြိုးလာအောင်ဆိုတဲ့ နအဖရဲ့ ဟန်ပြရည်ရွယ်ချက်လေးကတော့ သဖန်းသီးလေးလိုပဲ အပြင်ပန်းလေးက လှပါတယ် ။


မြန်မာဘလော့ခ်လောကမှာ ဘလော့ခ်အရေအတွက်က အများကြီး ပိုများလာပါတယ်။ အခုတစ်လော သတိထားမိသလောက်တော့ မျိုးမစစ်တွေ တအားများလာတာပါပဲ ။ ဖြစ်လာမယ့် အကျိုးဆက်တွေကို ဥာဏ်မှီသလောက် ကျွန်မစဉ်းစားနေမိသည် .. ။ ဘလော့ခ်အရေအတွက်တွေ များလာတာ ၊ အသိဥာဏ်တွေ ပိုပွင့်လာမယ်လို့ ထင်ရရင်တော့ ကောင်းတက်ဘက်ကလို့ ဆိုရမှာပေါ့ .. ။ ဒီလိုမှမဟုတ်ဘဲ မျက်လုံးကိုမှိတ်ပြီး စွတ်အော်နေမယ်ဆိုရင်တော့ အမှောင်ကမ္ဘာထဲမှာပဲ ဆက်လက်တည်ရှိနေမှာပဲ .. ။



ဘလော့ခ်ဆိုတာကိုတောင် သင်တန်းတွေပေး ၊ ဒီလို တန်ပြန်စစ်ထိုးမှုတွေ လာတယ်ဆိုတော့ စစ်အာဏာရှင်လူတန်းစားတွေရဲ့ ရင်ထဲမှာ ကျွန်မတို့ရဲ့ အမှန်တရား ရိုက်ချက်တွေ ဘယ်လောက်ခပ်ပြင်းပြင်းထိသွားလဲ မှန်းဆလို့ရနိုင်ပါတယ်။ ဘလော့ခ်တွေမှာ အချင်းချင်းရန်လာတိုက်ပေးတာတွေ ၊ ဆဲဆိုတာတွေကို စစ်အာဏာရှင်လက်အောက်ငယ်သားတွေ ပြုလုပ်နေပေမယ့် ပြောပုံဆိုပုံကို ကြည့်တာနဲ့ ခွဲခြားတတ်တဲ့ ကျွန်မတို့ဘလော့ခ်ဂါတွေကြောင့် သူတို့လုပ်သမျှအားလုံးက လက်ညောင်းတာပဲ အဖတ်တင်နေမှာပါ။ ပြည်တွင်းဘလော့ခ်ဂါတွေ တိုးလာမယ်ဆိုရင် လူငယ်တွေအတွက် အပြင်လောကတစ်ချို့နဲ့ တိုက်ရိုက်ထိစပ်ခွင့်ပေးလိုက်တဲ့အတွက်တော့ ကောင်းတဲ့အရာတစ်ခုပါပဲ။



ကျွန်မ မနက်က ဘလော့ခ်အသစ်လေးတစ်ခုကို မျက်စိလည်လမ်းမှားပြီး အလည်ရောက်သွားသည်။ မြင်လိုက်ရသော ပုံကြောင့် မျက်ဝန်းထဲ လျှပ်စီးလက်သွားသလို ခေါင်းကိုလည်း ပူထူသွားသည် ။ အမေစုပုံကို လဲလျောင်းနေတဲ့ ဘုရားမျက်နှာတော်နေရာမှာ ထည့်သွင်းထားပြီး အဆောင်အယောင်တွေအပြည့်နဲ့ ပုံတစ်ပုံအဖြစ် ဖန်တီးထားလို့ပါပဲ ။ ကျွန်မ အသက်ရှုရပ်မတတ်တောင် ဖြစ်သွားသည် ။ စိတ်ထဲမှာ `လူရောဟုတ်ရဲ့လား ၊ အမျိုးယုတ်ဒိဌိ ၊ ဘာသာတရားကိုနားမလည်ဘူးလား´ဟူသော စကားများသာ ပဲ့ထင်နေသည် .. ။ သာသနာကို စော်ကားလိုက်တာဆိုပြီး စိတ်ထဲမှာ ရုတ်တရက်တော့ အတော်ပူထူသွားသည် ။ စက္ကန့်ပိုင်းမျှကြာမှ စိတ်ကိုလျှော့ချလိုက်ပြီး မျက်နှာလွှဲပစ်လိုက်သည်။ ကျွန်မ အီမိုးရှင်းတွေများတာကို ထိန်းချုပ်ဖို့လိုတယ်ဟု အကြိမ်ကြိမ်သတိပေးကြိုးစားနေတာကြောင့် နောက်ပိုင်း စိတ်ကိုသိပ်လွှတ်မပေးတော့။



ကျွန်မတို့ မြန်မာဘလော့ခ်လောက အတော်စည်ကားလာဖို့ အလားအလာ ရှိနေသည်။ ထို့အတွက် ကျွန်မတို့ ဘလော့ခ်ဂါတွေ ၊ အနုပညာကို ဖန်တီးသူတွေ ၊ အမှန်တရားနဲ့တရားမျှတမှုလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသူတွေ အားလုံး ဘာတွေပြင်ဆင်ထားရမလဲ။



၁) အကုသိုလ်ဘလော့ခ်တွေကို သူတို့ဘာလုပ်နေသလဲ သိသင့်တယ်လို့ ယူဆရင် ဖတ်ချင်ရင်သွားဖတ်ပါ။ ဘာမှ သွားမပြောပါနဲ့ ။ ကျွဲပါးစောင်းတီး မဟုတ်ပါဘူး ။ ကျွဲပါးစောင်းပြတ်နေတဲ့လူတွေကို အရေးမလုပ်ပါနဲ့။



၂) ကျွန်မတို့အားလုံး စာများများဖတ်ရပါ့မယ်။ ၀ါသနာပါတဲ့ စာပေတွေအပြင် အသိဥာဏ်ပညာ ၊ ဗဟုသုတအားလုံး တိုးတက်စေနိုင်တဲ့ စာတွေကို ကျွန်မတို့ အားလပ်ချိန်တွေမှာ ဖတ်ရပါ့မယ်။ ဒါမှ ကျွန်မတို့က professional တွေဖြစ်လာမှာပါ။ စိတ်ခံစားမှုအပိုင်းရော ၊ အလုပ်လုပ်တာရော အားလုံးမှာ ကျွန်မကိုယ်တိုင်လည်း တခါတရံ စိတ်က ခံစားမှုတွေနဲ့ရောထွေးကုန်တတ်တဲ့အတွက် ထိန်းချုပ်နေရပါတယ်။



၃) ကျွန်မတို့ တစ်ဦးတစ်ယောက်စီ ပိုက်ဆံရှိသလောက် ၊ ရသလောက်စုရပါ့မယ် ။ သူများကို လျှောက်ပေးဖို့မဟုတ်ပါဘူး ။ မိမိအတွက် လိုအပ်ရင် အမြဲတမ်း လက်ထဲမှာ ငွေတိုငွေစတွေ ရှိဖို့အတွက် ၊ ရှေ့လျှောက်အနာဂတ်မှာ ဘာပဲလုပ်လုပ် ငွေဆိုတာလည်း လိုအပ်တဲ့အရာတစ်ခုပါ ။ တစ်လ တစ်လ ရသမျှကို အပြတ်သုံးပစ်ကြတဲ့ အကျင့်လေးတွေကို ထိန်းချုပ်ဖို့လိုအပ်ပါတယ်။



၎) ကျွန်မတို့ လူတွေအားလုံးမှာ နည်းပါးတဲ့ မေတ္တာတရားကိုလည်း မပြတ်အောင် ဆုပ်ကိုင်ထားရပါ့မယ်။ တခါတလေ ဒေါသကြောင့် ၊ စိတ်ခံစားမှုတွေကြောင့် မေတ္တာက မပါဝင်တော့တဲ့အခါ မဖြစ်သင့်တာတွေ ဖြစ်ကုန်တတ်ကြပါတယ်။ စစ်အာဏာရှင်ကို သည်းခံခွင့်လွှတ်အမျှဝေဖို့ မဟုတ်ပါဘူး ။ မိမိအတွက် ၊ မိမိလုပ်နေတဲ့အရာတွေအတွက် ၊ မိမိပတ်ဝန်းကျင်က ရဲဘော်ရဲဘက်တွေ ၊ ဆက်ဆံသမျှလူအားလုံးနဲ့ပတ်သတ်လာရင် အတ္တစွဲလေးတွေ ကင်းစင်နေရင် သွားနေတဲ့လမ်းကြောင်းက ပိုမိုဖြောင့်ဖြူးလို့ပါ။



၅) မိမိစီဗောက်စ်တွေ ၊ ကွန်မန့်တွေမှာ အမြဲတမ်းဖြစ်ပေါ်နေမယ့် အတုအယောင်တွေ ၊ နာမည်ခပ်ဆင်ဆင်တွေကို ခွဲခြားတတ်ဖို့ စိတ်ကလေးကို ကျင့်ရပါ့မယ် ။ မကြာခဏ ဘလော့ခ်ဂါတွေ အထင်မှားပြီး ပို့စ်တွေနဲ့ ရန်ဖြစ်တာတွေ ၊ ခံစားမှုတွေပွင့်တာတွေ ကျွန်မ မြင်ရတိုင်း စိတ်မချမ်းသာမိပါ။



၆) ကျွန်မတို့ လူတိုင်း လူတိုင်း သင်ယူနေတဲ့ အတတ်ပညာ ၊ အသက်မွေးဝမ်းကြောင်း ပညာ ၊ ၀ါသနာပညာ အစရှိသဖြင့် အားလုံးမှာ နောက်ဆုံးမှာ ရှိနေတဲ့လူတွေ မဖြစ်ဘဲ ထူးချွန်တဲ့လူတွေဖြစ်အောင် ကြိုးစားရပါ့မယ်။



ကျွန်မ စိတ်ထဲရှိသမျှ တွေးမိသမျှအားလုံးကို ကျွန်မ လက်ဆင့်ကမ်းဝေမျှလိုက်သလို ကျွန်မကိုယ်တိုင်လည်း အရာအားလုံးမှာ အများကြီးလိုအပ်နေသေးတဲ့အတွက် အမြဲကြိုးစားနေရပါမည်။ ကျွန်မ နှလုံးသွေးထဲမှ စီးဆင်းလာသော ခွန်အားများဖြင့် ယုံကြည်ချက်များက ပိုမိုခိုင်မာနေလျက် .. ။ ကဲ ... ယုံကြည်ချက်တွေခိုင်မာတဲ့ အမှန်တရားအတွက် `တိုက်ပွဲ´အဖြစ် သတ်မှတ်လိုက်တယ် .. ။



`လမ်းပေါ်မှာသွေးတွေချောင်းစီးခဲ့ပြီ


သာသနာကိုလည်းအစော်ကားခံခဲ့ရပြီ


ဟိုးခပ်လှမ်းလှမ်းကငါတို့မြေမှာ


ငိုသံအော်ညည်းသံတွေ


လုံးဝမတိတ်သေးဘူး


လူဖြစ်ရတဲ့သက်တမ်းလေးမှာ


ဒီစစ်ဖိနပ်အောက်က


လွတ်မြောက်စေဖို့အတွက်


အမှန်တရားဘက်ရှိနေတဲ့


မိတ်ဆွေဘလော့ခ်ဂါမောင်နှမအားလုံးနဲ့

အခြားအမှန်တရားဘက်တော်သားအားလုံး

ညီကြလားဟေ့´ ........... ။


13 comments:

Anonymous said...

မပူပါနဲ့ ကွယ်တို့ရေ...
မြန်မာ့အလင်းက..ဆောင်းပါးရှင်တွေလိုပဲ..
အထင် အရှား.. ပြည်သူမေတ္တာ ခံယူ ကြပါစေသော်..

ဆောင်းယွန်းလ said...

This is an essential post for everyone. Unity is very important to finish up our unfinished responsibilities. Thanks for this post my sis.

YeKyawAungMDY said...

Yes! We're strongly united for our aim to Democratic Free Burma.

YeKyawAungMDY said...

ပီနန်ဆရာတော်ကို အမြန်ဆုံးပင့်ပါ။ သာ့သနာ့ ဥသျှောင်အဖွဲ့ကို ဒီအကြောင်းပြောပြပေးပါ။ ဆွေးနွေးပါ။ စင်ကာပူကမျိုးချစ်မြန်မာတွေ စက်တင်ဘာအရေးအခင်းနဲ့ ကျန်တဲ့ ၈၈ လိုအထိမ်းအမှတ်အရေးအခင်းလိုဟာမျိုးတွေတွဲလုပ်နိုင်
အောင် ဆရာတော်ကြီး ဦးပညာဝံသတို့ကို မေးမြန်းလျှောက်ထားကြပါ။ ကိုယ်ဖြစ်စေချင်တာကို ပြောပြကြပါ။

Anonymous said...

ညီတယ်ဟေ့ ညီတယ်ဟေ့ ညီတယ်ဟေ့

Chaos said...

ညီတာမှ
တစ်သွေးထဲ တစ်သားထဲ
တစ်ဝမ်းထဲက မောင်နှမတွေအလားပေါ့

Anonymous said...

သင်ပေးလိုက်ပါ ကြံဖွံ့တွေကို ... ဒီကောင်တွေက ကွန်ပြူတာကို သူ့ပထွေး တွေ သင်တန်းပေးမှ မြင်ဖူးတဲ့ကောင်တွေ. ဒီကောင်တွေလောက်တော့ ဘားမား ဘလော့ကာတွေကပျင်းတယ်ဗျာ

Aung Phyoe said...

အမရဲ့ စိတ်ထားကိုလေးစားမိပါတယ်။

Anonymous said...

ပြင်ဆင်ဖို့ လိုအပ်ချက်တွေ ဖော်ပြပေးတာ သိပ်ကောင်းတယ်။

Kaung Kin Ko said...

ညီမလေးပြောတားတဲ့ အချက်တွေဟာ ထောင့်စေ့ သလို blogger တိုင်းသတိပြုသင့်တဲ့ အချက်တွေပါ။ ဒီpost လေးကို လိုအပ်တဲ့ အချိန်မှာ တင်နိုင်လိုက်တာ အရမ်းအကျိုး ရှိသွားပါတယ်။

Anonymous said...

ကွန်ပြ
ူတာဆိုတာကြီးကိုထိန်းချုပ်တု့နည်းနဲ့သွားသင်ပေးလိုက်၆င်--ဒင်းတို့မှားသွားမှာပေါ့ညီမ၇ယ်--မျက်စေ့ပွင်းဖိုအကောင်းဆုံးနည်းလမ်းဆိုတာမိုက်မဲတဲ့အစိုး၇ကနကန်းတစ်လုံးမှမသိတာပါ--နောက်ဆိုတို့ဘက်တော်သားတေတစ်ယောက်တိုးလာလဲမနည်းဘူး--

Htoo Myat said...

Ha Ha Ha Ha... USDA sucks. There is nothing to learn to blog.

Unknown said...

ခု မှ ပို့ စ် အဟောင်းတွေကို ပြန် ဖတ် မိတယ်….
Shameless groups ထဲ က ပို့ စ် အားလုံး ကို ပါ…
ကိုယ်နဲ့ အမြင်မတူတာနဲ့ ဘဲ အမျိုးယုတ်တွေ တဲ့ လား…
မိ စ္ဆာ ဒိဋ္ဌိ တွေ တဲ့ လား……မျိုးမစစ်တွေ တဲ့ လား….
ကျွန်တော် နအဖ ဘက် က မဟုတ်သလို…ဒီမိုသမား လဲ မဟုတ် ဘူး…
ဂျူးဂျူး ရေ…ညီ မ က အရေးအသားလဲကောင်းတယ်….ဗဟုသုတလဲပြည့်ဝပါတယ်….
ဒါပေမယ့် …ကျွန်တော့် အမြင်ပြောတာနော်…နိုင်ငံရေးအသိအမြင် ပိုပြီးပြည့်ဝအောင် ကြိုးစားဖို့  လိုသေးတယ်….
ကျွန်တော့်  ကို ဆဲ ရင် လဲ ကျွန်တော်ခံ မယ်….. ကျွန်တော် comment ကို မ တင်ချင် လဲ ညီမ သဘောပဲ….
အမြင် မတူတာကို စာရေးတတ်တိုင်း အမှန်တရား ဆို ပြီး တဖက်သတ်ချည်း ရေးပြနေလို့  မရသေးဘူး….
စာ ရေး ကောင်း တဲ့ …အတွေးအခေါ်ကောင်းတဲ့ ….
ဗဟုသုတပြည့်ဝတဲ့ …….
ဂျူးဂျူး တစ်ယောက် နိုင်ငံရေးနဲ့ မသက်ဆိုင်သော စာများများ ရေးနိုင်ပါစေလို့ ………..
ပို့ စ် အားလုံးကို အမှတ်တရ သိမ်းထားပါတယ်……

အားပေးလျက်

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။