လက်ထဲက ဖယောင်းတိုင်ထုတ်လေးကိုကြည့်ပြီး တချက်တောင်ရီချင်သေးတယ်.. ညကျလို့ အိမ်ရှေ့မှာများ ဖယောင်းတိုင်သွားထွန်းမိ၇င် ရဲလာပြောမလား ဘေးကအိမ်တွေကပဲ ၀ိုင်းကြည့်မလား မသိဘူး.. ရောင်စုံဖယောင်းတိုင်လေးတွေတော့ ၀ယ်ထားမိတယ်.. မနက်မိုးလင်းလင်းချင်းတော့ တအိမ်လုံး ဘုရားကို ဆွမ်းသေချာကပ် ၊ ပန်းမန်အမွှေးနံ့သာတွေနဲ့ပူဇော်ပြီးချိန်မှာ တစ်ချိန်တုန်းက ရန်ကုန်မှာ ဆင်နွှဲခဲ့တဲ့အချိန်တွေကို သတိရမိသေးတယ်... အခုတော့ စားသုတ်သုတ် လာသုတ်သုတ်နဲ့ ဘယ်ပွဲတော်ကိုမှ ကောင်းကောင်းမဆင်နွှဲခဲ့ရတာကြာပြီပေါ့.. ရေပြင်ကို ဖယောင်းတိုင်မီးလေးတွေ မျှောခဲ့တုန်းက အနောက်က တိုက်တဲ့လေပြေတွေကြား တစ်နေ့ ကျမဒီလိုစိတ်ဓါတ်အပြည့်နဲ့ ပြင်းထန်လာမယ်လို့ မမျှော်လင့်ခဲ့ဖူးဘူး.. ဘိုးဘိုးဘွားဘွားတို့ကို အရင်တုန်းက ကန်တော့ခဲ့တုန်းက သူတို့ရဲ့အပြုံးတွေ ၊ မုန့်ဖိုးပေးတော့ ဟေးခနဲ အော်ခဲ့တဲ့အသံတွေ ၊ လမ်းထိပ်က ရွှေဘုန်းပွင့်ဘုရား ဆီမီးတစ်ထောင်ပူဇော်ပွဲမှာ ဆီမီးတွေဝိုင်းထွန်းရင်း ကောင်းကင်က မီးပုံပျံကြီးကို အပူပင်ကင်းမဲ့စွာကြည့်ခဲ့တုန်းက ရင်ထဲအေးချမ်းခဲ့လို့ပေါ့... ဒါတွေနဲ့ ဘယ်တော့ထိ ကင်းကွာနေရအုန်းမှာလည်း... ၃နှစ်တာကာလပဲ ခွဲခွာရချိန်မှာ လွမ်းနေတဲ့ အလွမ်းတွေကို စဉ်းစားမိတိုင်း နှစ်ပေါင်းများစွာ ၁၈နှစ်လောက် ခွဲနေရတဲ့လူတွေကို ကိုယ်ချင်းစာမိပါတယ်..
လမ်းထဲက အိမ်တွေဖယောင်းတိုင်မီးတွေကို လိုက်ကြည့်ရင်း ပျော်ရွှင်စွာ ကစားချိန်မှာ ဘုရားပွဲမှာ တရားသွားနာဖို့ တက်ကြွစွာသွားခဲ့တဲ့နေ့ရက်တွေ အတိတ်မှာကျန်ခဲ့ပြီပေါ့.. အလှူဒါနတွေကို အားတက်သရော တက်ကြွစွာကျင်းပခဲ့တာတွေ ၊ ဘုန်းကြီးကျောင်း ခရေပင်ကွင်းထဲမှာ လွတ်လပ်စွာပြေးကစားခဲ့တာတွေက သီတင်းကျွတ်ညရဲ့ အတိတ်တစ်ညလေ... အရှေ့ဘက်ကမ်း မီးမျှောပွဲကို နှစ်စဉ်မပျက်မကွက် တက်ရောက်ခဲ့ပေမယ့် အခုတော့ ၃နှစ်မြောက်ပျက်ကွက်ခြင်းပေါ့.. ခြံထဲသစ်ပင်တွေပါမကျန် ဖယောင်းတိုင်မီးတွေထွန်းရင်း ဘွားဘွားပြောတဲ့မြတ်စွာဘုရား ကျေးဇူးဆပ်သော အကြောင်းနားထောင်တုန်းက ကလေးတွေအားလုံး စိတ်နှလုံးသားက ကောင်းကင်က ငွေကြယ်ပွင့်လေးလို ဖြူစင်ရှင်းသန့်နေခဲ့ကြတယ်... မီးအိမ်လေးကို ကြည့်ပြီး လွတ်လပ်စွာ ပြေးနေခဲ့တုန်းက ရင်ထဲမှာ အနာတွေလည်းမရှိခဲ့ဘူး.. ခံယူချက်တွေလည်း မရောက်လာသေးဘူး... လွင့်မျောနေတဲ့ ဆံပင်တွေကြားမှာ မီးရောင်တွေနဲ့အပြိုင် ကစားခဲ့တာ လွမ်းမောဖွယ်ပေါ့... တိတ်ဆိတ်ပြိုလဲတော့မယ့် တစ်နေရာမှာ ဘယ်တော့များမှ မီးဖယောင်းတိုင်တစ်တိုင်လို ပြန်လည်ထွန်းလင်းလာမှာပါလိမ့်......

2 comments:
I miss thadingyut..
I miss my country..
i miss my mother land
Post a Comment
အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။