Friday, March 28, 2008

ဘ၀လက်တွဲဖော်


`ဘ၀လက်တွဲဖော်´တဲ့ .. ။ ခေါင်းစဉ်လေးက နူးညံ့သလို အကြောင်းအရာလေးကလည်း စိတ်ကူးတွေနဲ့ရေးဖွဲ့နိုင်တာမို့ မမစိုးဝှက် TAG လုပ်လုပ်ချင်း ရေးခဲ့ချင်တယ်။ ရင်ထဲမှခံစားမှုနဲ့ပဲရေးခဲ့ချင်တဲ့အတွက် အချိန်ယူပြီး အခုမှပဲရေးဖြစ်ပါတော့တယ်။

စိတ်ကူးထဲက ဘ၀လက်တွဲဖော်

စိတ်ကူးလေးတွေယဉ်တတ်တဲ့အချိန်ကစ မိန်းကလေးတိုင်းရင်ထဲမှာ သူမတစ်နေ့လက်တွဲရမယ့် ဘ၀လက်တွဲဖော်ဆိုတာ အချက်ကလေးတွေနဲ့စဉ်းစားထားမိမှာပါ။ အင်မတန်မှ စိတ်ကူးအတွေးတွေနှင့် ဘ၀ကိုလှလှပပတည်ဆောက်ချင်တဲ့ ကျွန်မစိတ်ကူးထဲမှာလည်း ကျွန်မသတ်မှတ်ထားတဲ့ စံနှုန်းလေးတွေတော့ ရှိခဲ့ပါရဲ့ .. ။ အဲဒီစံနှုန်းလေးတွေထဲက အရေးကြီးသောအချက်ကလေး တစ်ချက်ချက်ကိုလက်တွေ့မြင်မှသာလျှင် ကျွန်မရဲ့စိတ်နှလုံးသားကလည်း `အချစ်´ဆိုတာကို စတင်ခံစားနိုင်ပါတယ်။ ကျွန်မစိတ်ကူးထဲက သတ်မှတ်ထားတဲ့ စံနှုန်းလေးတွေအားလုံးက အမှတ်စဉ်လိုက်အရေးကြီးတာမျိုး မဟုတ်ပါဘူး။ အားလုံးတပြေးညီထားထားတဲ့ အချက်တွေပါ။ ဘ၀ဆိုတာ ကျွန်မဖန်တီးပုံဖော်ချင်တဲ့အရာတွေ မရှိသေးပါလားဆိုပြီး ကျွန်မဘ၀မှာ အနည်းငယ်စိတ်လွင့်နေချိန်မှာ ကျွန်မကိုယ်ကျွန်မ ကြိုးစားပြန်လည်တည်ဆောက်ရင်း မမျှော်လင့်တဲ့ သူနဲ့ ဘ၀လမ်းခရီးပေါ်မှာ ဆုံဆည်းခဲ့တယ်။ ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ချိန်မှာ ရင်ထဲကနေရာတစ်ခုက သူ့အတွက် ပြင်ဆင်မိသလို ဖြစ်မိသွားတယ်.. ။ နှလုံးသားရဲ့တောင်းဆိုချက် ၊ စိတ်ကူးသတ်မှတ်ချက်တွေအားလုံးပေါင်းပြီးမှ `အချစ်´ဆိုတာ မွေးဖွားခဲ့ရင်း ဘ၀လက်တွဲဖော်ဖြစ်လာဖို့အတွက် စဉ်းစားခန်းပေါင်းများစွာနဲ့ စတင်တည်ဆောက်ခဲ့တယ် .. ။

ကျွန်မရဲ့ဘ၀လက်တွဲဖော်အတွက် စိတ်ကူးထားတာလေးတွေက

၁) ကျွန်မ သိပ်ချစ်ရတဲ့ ချစ်သူဖြစ်ရပါမယ်။ ကျွန်မကိုလည်း သိပ်ချစ်တဲ့ သူ ဖြစ်ရမယ်။

အချစ်တစ်ခုတည်းအတွက် အခြားစံနှုန်းတွေ တစ်ခုမှမရှိဘဲ ကျွန်မလက်မတွဲသလို အချစ်မပါဘဲနဲ့လည်း ကျွန်မ လက်တွဲလို့ရမည်မဟုတ်ပါ။ ကျွန်မရဲ့အချစ်ကလည်း ကျွန်မသဘောကျတဲ့ အချက်တွေကပဲ စတင်ခဲ့တာမို့ ဒီအရာမှာ ကျွန်မဆန္ဒပြည့်ခဲ့တယ်လို့ ဆိုရမှာပေါ့။


၂) မြန်မာလူမျိုး ၊ ဗုဒ္ဓဘာသာဖြစ်ရပါမယ်။

မြန်မာလူမျိုးဆိုတာ တိုင်းရင်းသားတွေလဲ အကုန်ပါဝင်ပါတယ်။ ကျွန်မက မြန်မာလူမျိုးအစစ်ဆိုတော့ မြန်မာသွေးဖြစ်ရင် ပိုကောင်းတာပေါ့။ ဒါပေမယ့် တိုင်းရင်းသားချောချောလေးတွေ မြင်ရင်လည်း အရင်တုန်းက စိတ်ဝင်စားဖူးပါတယ် :D ။ လူမျိုးမတူသူကို အချို့က လက်ခံလို့ရပေမယ့် ကျွန်မအတွက်တော့ နှလုံးသားက လှုပ်ရှားလို့တောင်မရပါဘူး။ ဘာသာတိုင်းကို ကျွန်မလေးစားပါတယ်။ ကျွန်မဘ၀လက်တွဲဖော်ကို ကျွန်မ ဘာကြောင့် ဘာသာတူချင်လဲဆိုတော့ ကျွန်မတို့ဘ၀ခရီးတွေ ၊ စာပေတွေနှင့်ပတ်သတ် စကားအဖြစ်ဆွေးနွေးဖလှယ်တိုင်း ဘာသာမတူရင် စကားအမြဲပြောရခက်နေမှာ ကျွန်မ မလိုလားလို့ပါ။ အလှူအတန်းပြုလုပ်တာတွေ ၊ ဘုရားစေတီအတူတည်ချင်တာတွေ ကျွန်မစိတ်ကူးထဲမှာရှိတဲ့အတွက် ဘာသာတူဖို့က အလွန်အရေးကြီးပါတယ်။ ကျွန်မက မြန်မာဆန်ဆန်လေးဝတ် ၊ ကျွန်မချစ်သူဘ၀လက်တွဲဖော်ကလည်း ခပ်ရိုးရိုးလေးဝတ်ပြီး ဘုရားအတူတက်ဖို့ပဲ ကျွန်မ ဆန္ဒရှိပါတယ်။

၃) ပညာတတ် ၊ ထူးချွန်သူဖြစ်ရမယ်။ အသက်မွေးဝမ်းကြောင်းပညာရပ် အလုပ်ကိုင်ကောင်းတစ်ခုရှိရမယ်။

`ပညာ´ဆိုတာ ဘ၀အတွက် မရှိမဖြစ် လိုအပ်သောအရာတစ်ခုပါ။ ပညာတတ်တဲ့လူတစ်ယောက်မှာ အမှား ၊ အမှန် ၊ ဖြစ်သင့်တာ ၊ မဖြစ်သင့်တာကို အတိုင်းတာတစ်ခုထိ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပါတယ်။ ထူးချွန်တဲ့အပိုင်းကျတော့ ကျွန်မနည်းနည်းလောဘပိုကြီးတယ်ပြောရမလား မသိ ။ ကျွန်မက ကျွန်မထက်အနည်းဆုံး ၂ဆလောက်ထူးချွန်တဲ့ယောက်ျားမှ သဘောကျလေ့ရှိတယ်။ အလွန်အကျွံကွာသွားရင်တော့ မဟုတ်သေးဘူးပေါ့နော်။ သိပ်လည်းမကွာ ၊ ထပ်တူလည်းမကျ ထူးချွန်တဲ့ယောက်ျားဆိုရင် ကျွန်မစိတ်က လေးစားမှုတစ်ခုပိုတိုးသွားလို့ပါ။ တစ်နေ့ ကျွန်မဘ၀မှာ မိသားစုဆိုတာလေးရှိလာခဲ့ရင် ကျွန်မရဲ့သားသမီးတွေအားလုံးက မိခင်ကောင်းတစ်ယောက် ဖြစ်တည်မှုကို လေးစားချစ်ခင်သလို သူတို့အဖေရဲ့ ထူးချွန်ထက်မြက်မှု ၊ အရည်အချင်းကောင်းတွေအားလုံးကို အတုယူအားကျရတဲ့ သူပဲဖြစ်စေချင်ပါတယ်။

၎) ကျွန်မထက် အနည်းဆုံး ၃နှစ်လောက်အသက်ကြီးရပါမယ်။

ကျွန်မက အိမ်မှာ သမီးအကြီးဆုံးဖြစ်နေလို့လား မသိဘူး။ ကျွန်မစိတ်ထဲ ကျွန်မထက် နည်းနည်းလေး အသက်အရွယ်ပိုကြီးမှ ကြိုက်တယ်။ ဒါမှ ကျွန်မပြန်မှီလို့ရအောင်ထင်ပါတယ်။ အကြီးပီပီ ဆရာလုပ်တာ ကျွန်မမှာလည်း မရှိတဲ့အတွက် ကျွန်မဘ၀လက်တွဲဖော်ကလည်း ကျွန်မကို ဆရာလုပ်တာမျိုးမဟုတ်ဘဲ မသိတာဆိုရင် စိတ်စေတနာဖြင့် ရှင်းလင်းပြောပြပေးတာကိုလည်း ကျွန်မစိတ်ကူးမိပါတယ်။

၅) စိတ်ဓါတ်ကောင်းရပါမယ်။ ယောက်ျားပီသရမယ်။ ကိုယ်ကျင့်တရားကောင်းမွန်ရမယ်။

လူတွေက ရဟန်းတာတွေမဟုတ်တဲ့အတွက် အပြည့်မ၀မကောင်းပေမယ့် အထိုက်အလျောက် စိတ်ဓါတ်ကောင်းဖို့တော့ ကျွန်မ မျှော်လင့်ထားပါတယ်။ စိတ်ဓါတ်ကောင်းတယ်ဆိုတဲ့နေရာမှာ ကျွန်မနှင့်ပတ်သတ် ရိုးသားရမယ် ၊ စိတ်နှလုံးသားနူးညံ့ရမယ် ၊ ဖြောင့်မတ်မှန်ကန်စွာ ပြောတတ်ဆိုတတ် လုပ်ကိုင်ရမယ်ဆိုတဲ့အချက်တွေပါပဲ။ ယောက်ျားပီသရမယ်ဆိုသောအချက်တွေက စိတ်ဓါတ်ပေါ်ကိုပဲ ပြန်အခြေခံပြောတာပါ။ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ ယောက်ျားတစ်ယောက်ဆိုရင် လေးစားအထင်ကြီးရိုသေနိုင်တာမို့ ကိုယ်ကျင့်တရားကောင်းဖို့လည်း လိုပါတယ်။ ကျွန်မဘက်က အကောင်းဆုံးမဟုတ်ခဲ့သည့်တိုင် အပြန်အလှန်ပေးနိုင်ဖို့အတွက် အဆင်သင့်ရှိပါတယ်။

၆) တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ချစ်ခင်ကြင်နာပြီး သစ္စာရှိသူလည်းဖြစ်ရမယ်။

သစ္စာဆိုတာကို ဦးခေါင်းပေါ်ရွက်တင်တဲ့အထိ လိုချင်တဲ့ကျွန်မအတွက် သစ္စာတရားက မရှိမဖြစ်လိုအပ်သောအရာတစ်ခုပါ။ သစ္စာတရားကိုထိရင် ရန်သူဖြစ်လောက်တဲ့အထိ စိတ်ကြီးတဲ့ကျွန်မအတွက် ကျွန်မဘ၀လက်တွဲဖော်က သစ္စာတရားနဲ့ပတ်သတ် အင်မတန်စောင့်ထိန်းလိုက်နာနိုင်သူဖြစ်ရမယ်။

၇) နားလည်မှုအပြန်အလှန်ပေးနိုင်ရမယ်။ သူ့ဝါသနာ ၊ ကျွန်မ၀ါသနာ နားလည်နိုင်သူဖြစ်ရမယ်။

`နားလည်မှု´ဆိုတာ တော်တော်တော့ ကြိုးစားတည်ဆောက်ရသောအရာတစ်ခုပါ။ တစ်ယောက်ရဲ့အကျင့် ၊ စိတ်ဓါတ် ၊ ပြုမူနေထိုင်ပုံအစရှိတာတွေကို အသေးစိပ်နားလည်ပေးရတာကအစ နားလည်မှုက နေရာတိုင်းလိုအပ်ပါတယ်။ ကျွန်မဘ၀ရဲ့ရည်မှန်းချက် ၊ ကျွန်မဖြစ်ချင်သောအရာတွေကို နားလည်မှုပေးပြီး ကျွန်မဘေးကနေ ခိုင်ခိုင်မာမာရပ်တည်ပေးနိုင်တဲ့ ယောက်ျားတစ်ယောက်လည်းဖြစ်ရပါမယ်။ သူ့ဝါသနာ ၊ သူဖြစ်ချင်တာ ၊ သူလုပ်နိုင်တာတွေကိုလည်း ဆွေးနွေးတိုင်ပင်ပြောဆိုပြီး ကျွန်မဘက်ကလည်း အပြန်အလှန်နားလည်ဖြည့်ဆည်းပေးနိုင်ဖို့ အကောင်းဆုံးစိတ်ကိုမွေးမြူထားရပါတယ်။

၈) ယောက်ျားပီသတဲ့ရုပ်ရည်ပုံစံရှိရပါ့မယ်။

ကျွန်မက အဆိုတော်ရဲလေးတို့လို နုဖတ်နေအောင်ချောတဲ့ ယောက်ျားတွေကို ချစ်လို့မရဘူး။ ကျွန်မရဲ့ပင်ကိုယ်အကျင့်ကိုက အဖြစ်သဲပြီး သ၀န်တိုတတ်တဲ့အကျင့်ရှိတာကြောင့် အရမ်းချောတဲ့ယောက်ျားလေးတွေကို သွားချစ်မိရင် နှလုံးရောဂါနဲ့ပဲ သေနိုင်ပါတယ်။ ယောက်ျားပီသတဲ့ရုပ်ရည်ပုံစံကိုတော့ ကျွန်မက သဘောကျတယ်။ ခပ်တည်တည်ပုံစံနဲ့ Smart ကျတဲ့ ယောက်ျားတစ်ယောက်ပုံစံမျိုးက ကျွန်မဘ၀လက်တွဲဖော်မှာ ရှိနေရပါမယ်။ ခပ်ပြုံးပြုံးနဲ့ သဘောကောင်းသလို မျက်နှာချိုသလိုယောက်ျားမျိုးကိုဆိုရင် ကျွန်မ စိတ်မ၀င်စားနိုင်ပါဘူး။ မိန်းမပီသတယ်မဟုတ်ခဲ့သည့်တိုင် မိန်းကလေးဆန်စွာ ပြုမူနေထိုင်တတ်တဲ့ကျွန်မနဲ့ ယောက်ျားပီသတဲ့ ယောက်ျားမှသာလျင် လိုက်ဖက်ညီမှာပေါ့နော်။

၉) ရိုးသားပွင့်လင်းရမယ်။

ကျွန်မက ပွင့်လင်းမှုကို သဘောကျတယ်။ ကျွန်မနဲ့တစ်ဘ၀လုံးလက်တွဲသွားရမယ့် ဘ၀လက်တွဲဖော်က သူ့ဘ၀မှာ သူကိုယ်တိုင်ပြီးရင် ကောင်းတာ ၊ ဆိုးတာ အားလုံးကို သိရှိနားလည်သူက ကျွန်မပဲဖြစ်ရမယ်။ ကျွန်မကိုယ်တိုင်ကလည်း ဖွင့်ဟမပြောဘဲ စိတ်ထဲမှာ သိမ်းထားတတ်တဲ့ အကျင့်မရှိသူမို့ ပွင့်လင်းသူကို သဘောကျတယ်။ မြုံစိမြုံစိယောက်ျားတွေကို ကျွန်မ သဘောမကျသလို တစ်ခုခုဆို မပြောဘဲ စိတ်ထဲမှာ သိမ်းထားတာကိုလည်း ကျွန်မ သဘောမကျဘူး။ ဘ၀မှာ ကောင်းတာ ၊ ဆိုးတာ ၊ ပျော်ရွှင်စရာ ၊ စိတ်ညစ်စရာ ၊ ၀မ်းနည်းစရာ အားလုံးကို ကျွန်မနဲ့မျှတူခံစားနိုင်ဖို့အတွက် ရိုးသားပွင့်လင်းစွာ တိုင်ပင်တတ် ၊ အသိပေးတတ်ဖို့ လိုအပ်ပါတယ်။

၁၀) မိသားစုကိုခင်တွယ်စောင့်ရှောက်သူဖြစ်ရမယ်။


မိသားစုကိုဦးစားပေးပြီး မိသားစုအတွက် အမြဲတမ်းထိပ်ဆုံးနေရာပေးထားတဲ့ ယောက်ျားတစ်ယောက်ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ကျွန်မမိသားစုကို အမြဲပထမပေးထားတဲ့အတွက် မိသားစုကိုနောက်မှာချန်ထားပြီး အခြားအရာတွေကိုပဲ ရှေ့တန်းတင်ထားမယ်ဆိုရင် ကျွန်မ အချစ်က ကွယ်ပျောက်လာပါလိမ့်မယ်။

၁၁) ကျွန်မကိုချစ်ခင်အလိုလိုက် ၊ အလျှော့ပေးရမယ်။ ကျွန်မနှင့် ချစ်ချစ်ခင်ခင် ကြင်နာစွာနေထိုင်တာကို သဘောကျပါတယ်။

ကျွန်မက အငယ်လုပ်ချင်သူပီပီ နည်းနည်းတော့ ဆိုးနွဲ့တတ်ပါတယ်။ အဲဒီအရာတွေကို ချစ်စနိုးနဲ့အလိုလိုက်နိုင်သူဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ အချို့နေရာတွေမှာဆိုရင် အနည်းငယ်ဇွတ်တရွတ်နိုင်ပြီး အချို့နေရာတွေမှာတော့ အေးအေးဆေးဆေး လိုက်လျောတတ်တာမို့ ဒီနှစ်ခုလုံးကြားမှာ ကျွန်မအကျင့်ကို နားလည်ပေးနိုင်ရင်တော့ ကျွန်မပိုစိတ်ချမ်းသာမှာပေါ့။ ကျွန်မကိုယ်တိုင်က ကျွန်မချစ်သောသူဆိုရင် အလိုလိုက် ၊ ဦးစားပေးသော အကျင့်ရှိသူမို့ အပြန်အလှန်ပေးနိုင်တာတော့ သေချာပါတယ်။

၁၂) စစ်ဗိုလ် ၊ စစ်သား လုံးဝမဖြစ်ရ .. ။ အိမ်နှင့်ကင်းကွာစွာ အလုပ်လုပ်သူလည်းမဖြစ်ရပါ။

အာဏာရှင်အသိုင်းဝိုင်းက စစ်ဗိုလ် ၊ စစ်သားမဖြစ်ရသလို ထိုသူများ၏ သားသမီးလည်းမဖြစ်ရပါ။ ထိုအချက်က ကျွန်မ တစ်စက်မှ ထည့်သွင်းစဉ်းစားမည်မဟုတ်သော အချက်တစ်ချက်။ မိမိအိမ်နှင့်ကင်းကွာစွာ အခြားအရပ်မှာ အလုပ်သွားလုပ်နေရသူလည်း မဖြစ်ရပါ။

၁၃) အသောက်အစား ၊ လောင်းကစား မလုပ်ရပါ။

ဆေးလိပ်သောက်တတ်သူဆိုရင် ကျွန်မက အနားတောင်မကပ်နိုင်သူ .. ။ ဆေးလိပ် ၊ အရက် ၊ လောင်းကစား ၊ မူးယစ်ဆေးဝါး သုံးစွဲသူလုံးဝမဖြစ်ရ။ သောက်လာပါက ကျွန်မက ပြန်ပြီး တုပြိုင်လိုက်သောက်ပေးပြီး ရစ်ပါလိမ့်မည်။

၁၄) နှစ်ဖက်မိဘတွေကို ရိုသေလေးစားရမယ်။

သူ့မိဘတွေကိုလည်း ကျွန်မဘက်က ချစ်ခင်လေးစားရိုသေမှာဖြစ်သလို ကျွန်မမိဘတွေကိုလည်း သူ့ဘက်က ရိုသေလေးစားဖို့လိုပါတယ်။

၁၅) ချမ်းမြေ့အေးချမ်းပျော်ရွှင်မှု သီးသန့်အချိန်တစ်ခုလည်းရှိရမယ်။

အခုခေတ်အခြေအနေအရရော ၊ လူတွေရဲ့ဘ၀တွေကြောင့်ရော အားလုံးက အလုပ်သိပ်များကြပါတယ်။ အလုပ်တွေကြားထဲနစ်မြုပ်ပြီး ကောင်းကောင်းမွန်မွန်နေထိုင်သူတွေလည်း အများကြီးပါ။ အရာအားလုံးကောင်းမွန်နေပြီး စိတ်ခံစားပျော်ရွှင်မှု ၊ ချစ်သူနှင့်အတူရှိနေချိန်တွေကို မပေးနိုင်ရင်လည်း ကျွန်မက စိတ်ထဲကြည်လင်တော့မှာ မဟုတ်ဘူး။ သူ့နေရာနဲ့သူ သတ်မှတ်ထားပြီး အချိန်တစ်ခုပေးနိုင်ရမယ်။ ကျွန်မဘက်က အလွန်အကျွံအလုပ်များနေရင်လည်း သတ်မှတ်ချက်လေးတစ်ခုအဖြစ်ထားရှိပြီး မိသားစုအတွက်ပဲဖြစ်ဖြစ် ၊ ချစ်သူအတွက်ပဲဖြစ်ဖြစ် ပုံမှန်အချိန်တစ်ခုကို ဖယ်ထားရပါတယ်။ ချမ်းမြေ့တဲ့ဘ၀လေးတစ်ခု ၊ အေးချမ်းတဲ့ ပျော်ရွှင်မှုအချိန်လေးတွေက ပုံမှန်သီးသန့်တစ်ခုအဖြစ် ရှိနေအောင် နှစ်ဦးနှစ်ဖက်လုံးက စီစဉ်ရမှာပါ။ ဒါက မရှိမဖြစ် တင်းကျပ်တဲ့ အချက်တစ်ခုပါပဲ။

၁၆) စိတ်ကူးလှလှလေးတွေနဲ့ အမှတ်တရတွေကိုပုံဖော်တတ်တဲ့ ကျွန်မအကျင့်ကို သဘောကျနှစ်သက်သူဖြစ်ရမယ်။

ကျွန်မက အမှတ်တရနေ့တွေ ၊ စိတ်ကူးလှလှတွေနဲ့ ကဗျာဆန်တာတွေ ၊ surprise လုပ်တဲ့အကျင့်တွေရှိတာကြောင့် ထိုအကျင့်လေးတွေကိုလည်း သဘောကျနှစ်သက်ပေးနိုင်သူဖြစ်ရမယ်။ စိတ်ကူးခံစားမှုတွေကိုလည်း အချိန်တစ်ခုပေးနိုင်ရမယ်။ ကျွန်မမွေးနေ့တို့ ၊ ချစ်သူများနေ့တို့ အစရှိသောနေ့ရက်တွေမှာ ချစ်ခြင်းမေတ္တာနှင့်ပတ်သတ်သော အရာတစ်ခုခု ပေးနိုင်ရင်တော့ ကျွန်မအတွက်ပိုပြည့်စုံသွားမှာပါ။

၁၇) တစ်ခါတစ်လေ ၊ ရံဖန်ရံခါ စိတ်ကောက်ရင် ချော့နိုင်ရမယ်။

မိန်းကလေးတိုင်းစိတ်ကောက်တတ်ပါတယ်။ ကျွန်မစိတ်ကောက်ရင် ခဏလေးပါပဲ။ အဲဒီအချိန်လေးမှာ စိတ်ရှည်နိုင်ရပါမယ်။ တကယ်တော့ စိတ်ကောက်တယ်ဆိုတာ ပြဿနာကြီးမဟုတ်ပါဘူး။ အလိုမကျမှုသေးသေးလေးတွေ နဲ့ သေးငယ်သောပြဿနာတစ်ခုခုကြောင့်ပါ။ အရမ်းကောက်တတ်တဲ့လူမျိုးကို ဘယ်သူမဆို သဘောမကျပါဘူး။ အများစုအချိန်မှာ ပွင့်လင်းစွာပြောဖို့က လိုအပ်ပါတယ်။ အမြဲတမ်း ပွင့်ပွင့်လင်းလင်းချည်း ပြောနေပေမယ့် တစ်ခါတစ်ရံ အချို့အရာလေးတွေမှာ စိတ်ကောက်ဖို့ သင့်လျော်တာလေးတွေလည်း ရှိပါတယ်။ အဲဒီအချက်ကို နားလည်ပေးပြီး ဒေါသမပါဘဲ ဖြေရှင်းတတ်တဲ့ ဘ၀လက်တွဲဖော်ဖြစ်ခဲ့ရင် ကျွန်မ အချစ်က ပိုတိုးလာမှာပေါ့နော်။

----------------
မိန်းကလေးတစ်ယောက်အတွက် ဘ၀လက်တွဲဖော်ကိုရွေးချယ်ရမှာ အခြေခံအရေးကြီးတဲ့အချက်တွေက တူညီကြပါတယ်။ အခြားအချက်တွေက စိတ်ကူးတွေပေါ်မှာပဲ ကွာခြားသွားကြတာပါ။ `အချစ်´ဆိုတာ ဘ၀မှာ အရေးပါသောအရာတစ်ခုဖြစ်သလို ဘ၀မှာလည်း အခြားအရေးကြီးတဲ့အရာတွေ ရှိနေပြန်တယ်။ `အချစ်´ဆိုသော အရာကို နှလုံးသားမှာ နန်းတင်ပေးထားတာကြောင့် ကျွန်မဘက်က အိမ်ထောင်တာဝန်ဆိုတာတွေကို စိတ်ဝင်စားလာခဲ့တယ်။ ခေါင်းမာမှုတွေ တဖြေးဖြေးလျော့လာခဲ့တယ်။ အကောင်းဆုံး ၊ အပြေလည်ဆုံးကို မလုပ်ပေးနိုင်သေးပေမယ့် သူ စိတ်မချမ်းသာရင် ကိုယ်လုပ်ချင်တာကို မလုပ်ရက်ခဲ့တာက `ချစ်ခြင်းမေတ္တာ´ကြောင့်လားဆိုတာ တွေးမိပါတယ်။

ကိုယ်ဖြစ်ချင်တာတွေကို ပါရမီဖြည့်ပေးနေတဲ့ သူ့လုပ်ရပ် ၊ ကိုယ်သတ်မှတ်ထားတဲ့စံနှုန်းတွေထဲ အများစုအချက်တွေမှာ တူညီနေတာ `ကံကောင်းခြင်းလက်ဆောင်´လို့ ကိုယ့်ဘက်က ကျေနပ်ရမှာပေါ့။ စိတ်ကူးတွေနဲ့သတ်မှတ်ထားပြီး လိုချင်တဲ့အချက်တွေအားလုံး ဖြစ်မလာခဲ့ပေမယ့် အများဆုံးဖြစ်လာတာကိုပဲ ကျေနပ်ဖို့ကြိုးစားခဲ့ရတယ်။ အချို့အရာလေးတွေမှာ `နားလည်မှု´ဆိုတာလေးကို ကြိုးစားတည်ဆောက်ပေးနေရင်း ကိုယ့်ဘက်ကလိုအပ်ချက်တွေကိုလည်း ပြုပြင်နေရဆဲ။ ဘ၀လက်တွဲဖော်ဆိုတာ ကံစမ်းရတဲ့ ကံစမ်းမဲအတိုင်းပါပဲ။ သူ့ဘက် ၊ ကိုယ့်ဘက် မျှော်လင့်ချက်တွေပိုမြင့်မားလေ .. ရလဒ်က အနည်းငယ်ကွဲလွဲလာခဲ့ရင်လည်း ခံစားရတာတွေရှိတတ်ပါတယ်။ မိမိလိုချင်သော အရာတွေရှိသလို မိမိဘက်က ပေးနိုင်ဖို့လည်း အရေးကြီးတဲ့အတွက် အကောင်းဆုံးပေးအပ်နိုင်သောအရာတွေအတွက်လည်း ကြိုးစားရပါမယ်။ အရေးကြီးဆုံးက ဘ၀မှာ ကိုယ်စိတ်ကြိုက်ရွေးချယ်ထားမှုတစ်ခုက ဘာပဲဖြစ်လာလာ အကောင်းဆုံးပြင်ဆင်ပြီး ရင်ဆိုင်ကျော်ဖြတ်လျှောက်လှမ်းနိုင်ဖို့ပါပဲ ......... ။

Read More...

Thursday, March 27, 2008

မိန်းမနှင့်အချစ် ၊ ပတ်ဝန်းကျင် ၊ လက်ထပ်ခြင်း


ဆရာမဂျူးရဲ့စာအုပ်တိုင်းကို နှစ်သက်လှတဲ့ ကျွန်မအတွက် အနှစ်သက်ဆုံးစာအုပ်တွေက `မိန်းမတစ်ယောက်ရဲ့ဖွင့်ဟ၀န်ခံချက်´ ၊ `ပင်လယ်နှင့်တူသောမိန်းမများ ၊ `ချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်´စာအုပ်တွေပဲ ဖြစ်ပါတယ်။ မိန်းမတစ်ယောက်ရဲ့ဖွင့်ဟ၀န်ခံချက်စာအုပ်ထဲက ကျွန်မအကြိုက်ဆုံး စာသားတွေကို အမှတ်တရပြန်လည်ဖော်ပြလိုက်ပါတယ်။

မိန်းမနှင့်အချစ်

ယောက်ျားတစ်ယောက်အတွက် အချစ်ဆိုသည်မှာ ယောက်ျားအတ္တကို စိတ်ကျေနပ်ရောင့်ရဲမှုပေးနိုင်စရာ အခိုက်အတန့်ကြားခံနယ်တစ်ခုဖြစ်သော်လည်း မိန်းမတစ်ယောက်အတွက်တော့ အချစ်ဆိုသည်မှာ ခြေစုံပစ်ဝင်လိုက်ရသော နယ်ပယ်သစ်တစ်ခုသာဖြစ်သည်။ ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို ချစ်တယ်ဆိုတာ အဲဒီမိန်းမနဲ့ပတ်သတ်သမျှ အရာရာကို သူတစ်ဦးတည်း စိုးမိုးပိုင်ဆိုင်လိုခြင်းပဲ ဖြစ်ပါတယ်။ သူချစ်တဲ့မိန်းမ သူတစ်ယောက်တည်းအပေါ် စွဲလမ်းတမ်းတအောင် သူဘယ်လိုဆွဲဆောင်ကြိုးစားရမလဲဆိုတဲ့ လောဘနဲ့အတ္တဟာ ယောက်ျားရဲ့အချစ်ဖြစ်တယ်။ ဒါပေမယ့် မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်ပြီဆိုတဲ့အခါ မိန်းမရဲ့ဘ၀ဟာ ယောက်ျားရဲ့ ဘ၀ထဲကို အလိုအလျောက် စီးဝင်သွားရတယ်။ ကိုယ်ချစ်တဲ့သူကို ကိုယ်ဘာတွေပေးနိုင်မလဲဆိုတဲ့ မျှော်လင့်ချက်ဟာ မိန်းမတိုင်းမှာရှိနေပါတယ်။ ဒါဟာ မိန်းမရဲ့ဗီဇစိတ်သာဖြစ်တယ်။ စွန့်လွှတ်အနစ်နာခံမှုလည်း မဟုတ်ဘူး။ ဒါဟာ အလိုအလျောက် ဖြစ်ပေါ်တဲ့ အညံ့ခံစိတ်ပါ။ ဒါကို မြင့်မြတ်မှုလို့ ကိုယ်မပြောလိုပါဘူး။ ဖြစ်ချင်းဖြစ်ရင် ဒါဟာ မိုက်မဲမှုသာ ဖြစ်ပါလိမ့်မယ်။


မိန်းမတွေကို မိုက်မဲတဲ့သတ္တ၀ါတွေ ၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့ သတ္တ၀ါတွေအဖြစ် ဟိုးရှေးကာလတွေကတည်းက စကားပုံတွေ ၊ ပုံဝတ္ထုတွေနဲ့ ခိုင်းနှိုင်းကိုးကားပြောခဲ့ကြတယ်။ ဒါဟာ မိန်းမတွေဘက်က နာစရာလို့ထင်ရပေမယ့် အထိုက်အလျောက်တော့လည်း မှန်ကန်နေပြန်ပါတယ်။ ယောက်ျားတွေရဲ့အချစ်ဟာ ဘ၀မှာအစိတ်အပိုင်းတစ်ခုသာဖြစ်တယ်။ မိန်းမတွေရဲ့အချစ်ကတော့ သူမရဲ့ဘ၀တစ်ခုလုံးသာဖြစ်တယ်။ ဘ၀တစ်ခုလုံးကို ပုံအပ်ရင်းနှီးပြီးချစ်လိုက်ရတဲ့ မိန်းမတစ်ယောက်မှာ ဦးနှောက်ရဲ့ စဉ်းစားဆုံးဖြတ်မှုအပိုင်းက ဘယ်မှာလဲ ၊ ဘယ်နေရာမှာများရှိနေနိုင်ဦးမှာလဲကွယ် ..။

မိန်းမနှင့်ပတ်ဝန်းကျင်

မိန်းမတွေရဲ့ ဂုဏ်သရေကို ပတ်ဝန်းကျင်က အကဲဖြတ်သတ်မှတ်ပေးတတ်တဲ့အတွက် မိန်းမတွေဟာ ပတ်ဝန်းကျင်အကဲဖြတ်မှုကို စိုးရွံ့တွန့်ဆုတ်ကြလိမ့်မယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့ ဖိအားကို သွေးအေးအေးနဲ့ အာခံတွန်းလှန်သူတွေဟာ ယောက်ျားတွေမဟုတ်ဘဲ မိန်းမတွေဖြစ်တယ်လို့ ကိုယ်ကောက်ချက်ချရင် မောင်အံ့သြသွားမှာလား။ ကိုယ့်ချစ်သူသာ ကိုယ့်ဘက်မှာ ရပ်တည်ပါစေ။ ပတ်ဝန်းကျင်တစ်ခုလုံး ၊ လောကတစ်ခုလုံးနဲ့ ဆန့်ကျင်ရမယ်ဆိုရင်တောင် မိန်းမတွေဟာ ဆန့်ကျင်ရဲတယ်။ ပတ်ဝန်းကျင်နဲ့သူမကြားမှာ ချစ်သူရှိနေသရွေ့ ချစ်သူဟာ အဲဒီမိန်းမအတွက် မဟာရံတံတိုင်းကြီးတစ်ခုပါပဲ။ အဲဒီလောက်အထိ မိန်းမတွေဟာ ချစ်သူအပေါ် အားကိုးယုံကြည်ကြပါတယ်။

မိန်းမနှင့်လက်ထပ်ခြင်း

ယောက်ျားနှင့်မိန်းမအကြား တစ်သက်တာ အတိုင်းအဆမဲ့ရင်းနှီးစွာ တာဝန်ယူနိုင်ရန် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကတိသစ္စာဖြင့် လက်ထပ်ကြသော်လည်း လက်ထပ်ခြင်းအပေါ် နားလည်ခံစားပုံခြင်း အလွန်ကွာခြားပါသည်။ ယောက်ျားသည် မိန်းမကို မိမိပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာ မြေယာတို့အနက် တစ်ခုအပါအ၀င်ဖြစ်သော တပ်မက်ဂုဏ်ယူစွာ စောင့်ရှောက်ရမည့် ပစ္စည်းသစ်တစ်ခုဖြစ်လာရန် လက်ထပ်ယူလေ့ရှိပြီး မိန်းမသည် ယောက်ျားကို တစ်သက်တာ မိမိအားအကာအကွယ်ပေးမည့် လေးစားမြတ်နိုးဖွယ် ကောင်းကင်သစ်တစ်ခုအဖြစ် လက်ထပ်ခြင်းဖြစ်သည်။

အိမ်ထောင်သည်ဘ၀ အချစ်ဆိုတာ ယောက်ျားနဲ့မိန်းမ နှစ်ယောက်တွဲဖက်ပြီးကရတဲ့ သိမ်မွေ့နက်နဲတဲ့ ကကြိုးကကွက်တွေနဲ့ တူပါတယ်။ နှစ်ယောက် အပေးအယူမျှဖို့အတွက် တစ်ယောက်က ရှေ့ကိုခြေလှမ်းတစ်လှမ်းရင် နောက်တစ်ယောက်က နောက်ကို တစ်လှမ်းဆုတ်ပေးရလိမ့်မယ်။ ကကွက်ကိုဦးဆောင်သူက ယောက်ျားဖြစ်ပြီး နောက်ကလိုက်တဲ့သူဟာ မိန်းမဖြစ်တယ်။ ဦးဆောင်သူရဲ့ ပီတိကျေနပ်မှုကို နောက်ကလိုက်သူကသာ စွမ်းဆောင်ပေးအပ်ရလေ့ရှိတယ်။

ယောက်ျားတွေဟာ ပတ်ဝန်းကျင်ပေါ်မှာ လိုက်လျောရလို့ ကျဆင်းသွားတဲ့ယောက်ျားမာနတွေ ၊ လူသားမာနတွေကို သူ့ဇနီးဆီကနေ ပြန်ပြီးဖြည့်ယူလေ့ရှိပါတယ်။ အိမ်ထောင်သည် ချစ်ခြင်းအနုပညာမှာ ခင်ပွန်းသည်ရဲ့ ဖန်တီးပုံသွင်းမှုအတတ်ပညာက အရေးကြီးတယ်ဆိုရင် ဇနီးသည်ရဲ့ပျော့ပျောင်းလိုက်လျောမှု အတတ်ပညာဟာလည်း အရေးကြီးပါတယ်။ ယောက်ျားတစ်ယောက်ဟာ သူ့ဇနီးသည်ကို မာကျောတဲ့ အဖိုးတန်ကျောက်တုံးတစ်တုံးဖြစ်ဖို့ထက် ပျော့ပျောင်းပြီး ပုံသွင်းဖို့လွယ်ကူတဲ့ ရွှံ့စေးတုံးကလေးဖြစ်ဖို့ ပိုပြီးဆန္ဒရှိတယ်ဆိုတာ ကိုယ်သိတယ်။

ကိုယ်တို့မိန်းမတွေဟာ ယောက်ျားတွေရဲ့ အတ္တနဲ့မာနကို အမြဲထည့်သွင်းစဉ်းစားပေးခဲ့သလောက် ယောက်ျားတွေကတော့ မိန်းမတွေရဲ့အတ္တနဲ့မာနကို နည်းနည်းမှ ထည့်မစဉ်းစားခဲ့ကြဘူး။ မိန်းမတွေဟာ သူတို့ချစ်တဲ့ ယောက်ျားတွေအပေါ် ဘယ်လောက်ပဲ သည်းညည်းခံလိုက်လျောနေပေမယ့် နောက်ကွယ်မှာ ငုပ်လျိုးနေတဲ့ မိန်းမသားမာနဆိုတာရှိတယ်။ အဲဒီမာနကို အကြိမ်များစွာ ထိပါးခံရတဲ့အခါ မိန်းမဟာ သူချစ်တဲ့ ယောက်ျားအပေါ် မထင်မှတ်တဲ့ တုံ့ပြန်မှုမျိုးပေးလိုက်မိတတ်ပါတယ်။ မိန်းမတွေဟာ အနိုင်မယူချင်ကြပါဘူး။ သူတို့လိုချင်တာ မျှတမှု ၊ သူ့ဘက်ကိုယ့်ဘက် အပြန်အလှန် နားလည်လိုက်လျောမှုပါ။ ဒါပေမယ့် ဒီလောက်အတိုင်းအတာလေးတောင် ကိုယ်တို့မရခဲ့ကြပါဘူး။ တစ်ချိန်ချိန်မှာ ရလေမလားလို့ စောင့်ဆိုင်းရတဲ့ ကာလကြာရှည်လာတာနဲ့အမျှ ကိုယ်တိုင်တောင်မသိနိုင်တဲ့ အတ္တဟာ တဖြည်းဖြည်းကြီးထွားလာခဲ့တယ်။

မိန်းမတစ်ယောက်က ယောက်ျားအပေါ် အနိုင်ရတယ်ဆိုတဲ့နေရာမှာ အလွန်ဆုံးစိတ်ခံစားမှုကိုသာ အနိုင်ရတာပါ။ အဲဒီယောက်ျားရဲ့ဘ၀နဲ့ ပတ်ဝန်းကျင်အပေါ်မှာတော့ ဘယ်နည်းနဲ့မှ အနိုင်မရနိုင်ပါဘူး။ ယောက်ျားတစ်ယောက်က မိန်းမအပေါ်အနိုင်ရပြီဆိုရင်တော့ မိန်းမရဲ့စိတ်ခံစားမှုကိုသာမက ရုပ်ပိုင်းဆိုင်ရာ အသွင်သဏ္ဍာန်ကိုပါ အနိုင်ရလိုက်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင်မိန်းမရဲ့ ဘ၀နဲ့မိန်းမအပေါ် အကဲဖြတ်ကောက်ချက်ချမယ့် ပတ်ဝန်းကျင်ကိုပါ အနိုင်ရလိုက်ခြင်းဖြစ်ပါတယ်။ ယောက်ျားတစ်ယောက်ရဲ့ အရှုံးဟာ အချိန်ကာလ ကန့်သတ်ချက်ရှိပေမယ့် မိန်းမတစ်ယောက်ရဲ့ အရှုံးကတော့ အချိန်ကာလ ကန့်သတ်လို့မရတဲ့ တစ်ဘ၀စာအရှုံးပါပဲ။ ကိုယ်တို့မိန်းမတွေဟာ မိန်းမဖြစ်နေသမျှ ယောက်ျားတွေနဲ့ ညီမျှတဲ့ အခွင့်အရေးကို ဘယ်တော့မှ ရနိုင်တော့မှာမဟုတ်ဘူး။ နောက်ဆုံးတော့ ကိုယ်ကောင်းကောင်းသဘောပေါက်ခဲ့ရပါပြီ။

`လက်ထပ်ခြင်းဟာ ကြိုးတစ်ချောင်းဖြစ်တယ်ဆိုရင် သည်ကြိုးဟာ ၊ ယောက်ျားကိုချည်နှောင်တဲ့ကြိုးမဟုတ်ဘဲ ဇနီးဖြစ်သူကိုသာ ချည်နှောင်ထားတဲ့ကြိုးဖြစ်တယ်´

Read More...

Wednesday, March 26, 2008

စင်္ကာပူတွင် ဒုတိယအကြိမ်ဖျော်ဖြေမည့် သီးလေးသီးနှင့်ဆေးရောင်စုံအငြိမ့်



Read More...

ခြောက်ခြားဖွယ်ရာအသံ


I'm tired of being what you want me to be ~~~ feeling so faithless ~~~ lost under the surface ~~~ I don't know what you're expecting of me ~~~ put under the pressure ~~ of walking in your shoes ~~ [caught in the undertow, just caught in the undertow] ~~~ every step that I take is another mistake to you ~~~ [caught in the undertow, just caught in the undertow] ~~

၁)
သီချင်းက ကျွန်မအကြိုက်သီချင်းဖြစ်သလို ခံစားချက်နှင့်တူညီသောသီချင်းကို ဖုန်းသံအဖြစ်လုပ်ထားရင်း ထိုအသံကြားတိုင်း စိတ်ကမှုန်မှိုင်းသွားသည်။ မြည်နေသောဖုန်းကိုကြည့်ရင်း လက်ရှိအခြေအနေက ရုပ်ရှင်ရုံထဲမှာမို့ ဖုန်းကိုင်၍လုံးဝမဖြစ် .. ။ အပြင်ဘက်ကိုအမြန်ထွက်ပြီး ဖုန်းကိုင်လိုက်မှ

`ဘယ်ရောက်နေလဲ´

`သူငယ်ချင်းတွေနဲ့ရုပ်ရှင်ခဏကြည့်နေလို့ပါ´

`ဘာမှ မကြည့်နဲ့ ။ ချက်ချင်းအိမ်ကိုပြန်လာခဲ့´

သက်ပြင်းမောမောသာချလိုက်ပြီး အတန်းထဲမှသူငယ်ချင်းများကိုသာ ဆောရီးပြောပြီး ကြည့်လက်စရုပ်ရှင်ကို ကျောခိုင်းကာ ရုပ်ရှင်ရုံထဲမှ ကျွန်မ လေးကန်စွာထွက်လာခဲ့ရသည်။


၂)
သူငယ်ချင်းတစ်ယောက်မွေးနေ့မို့ လက်ဆောင်လေးအမြန်ပေးပြီး မျက်နှာပြလေးသွားဖို့အတွက် ခပ်သွက်သွက်လေး ကျွန်မ ထွက်လာခဲ့သည် .. ။ အိမ်မှထွက်လာတာ ၁၅မိနစ်ခန့်ရှိနေပြီ .. ။ အရေးထဲ ဘတ်စ်ကားက လုံးဝမလာသေး။ စိတ်မရှည်မှုများစွာဖြင့် နောက်ဆုံးတော့ ဘတ်စ်ကားဂိတ် ၄မှတ်တိုင်ခန့်ဝေးသော ရထားဆီသို့ ခပ်မြန်မြန်လေးလမ်းလျှောက်လာလိုက်သည် .. ။ ရထားပေါ်သို့ရောက်ပြီး ရထားအမြန်စထွက်မှပဲ စိတ်ထဲမှာ အနည်းငယ်အေးသွားသည်။ တစ်ဘူတာပြီးတစ်ဘူတာကျော်လွန်သွားကာ လမ်းတစ်ဝက်ခန့်ရောက်ချိန်မှာ သီချင်းသံနှင့်အတူ မြည်လာသောဖုန်းသံကြောင့် ကြည်လင်နေသော စိတ်အားလုံး နောက်ကျိသွားရသည်။

`ဟုတ် .. အခုပဲ ရောက်ပါတော့မယ် .. ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့ပါ့မယ် ... အခုကလမ်းမှာပဲရှိသေးလို့ပါ ... ´ အစရှိသော ရှင်းပြချက်တစ်ထွေကြီးများနှင့်အတူ ထိုဘ၀ကို မုန်းတီးလာမိသည်။

၃)
အပြင်ကိုမလိုအပ်ဘဲ သွားရမှာ ၀ါသနာမပါသော ကျွန်မအတွက် အမြဲလိုလိုရောက်ဖြစ်သော တစ်ခုတည်းသောနေရာမှာ စာကြည့်တိုက်သာဖြစ်သည် .. ။ Jurong Regional Library က ကျွန်မအိမ်နှင့်နီးသလို ကျွန်မစိတ်ကြိုက်စာအုပ်များ ငှားယူရာနေရာလည်း ဖြစ်သည်။ အဲကွန်းဖြင့် အေးစက်ကာ အလွန်အမင်းတိတ်ဆိတ်နေသော စာကြည့်တိုက်ထဲမှာ သက်တောင့်သက်သာခုံများဖြင့် စာဖတ်ရတာကို ကျွန်မ သိပ်နှစ်သက်သည်။ အိမ်တွင်စာဖတ်ရတာ ပိုမိုလွတ်လပ်ပေမယ့် တစ်ခါတစ်ရံ ဆူညံမှုများက ကျွန်မစိတ်ကိုနောက်ကျိစေသည် .. ။ စကားပြောသံပင်မကြားရသော တိတ်ဆိတ်နေသော စာကြည့်တိုက်သို့ လာရင်း လိုချင်သောစာအုပ်များကိုယူကာ ခုံမှာဝင်ထိုင်ရင်း စာအုပ်ထဲမှာ စိတ်ဝင်သွားသည်မှာ မည်မျှပင်ကြာသွားသည်မသိ .. ။ Vibration Mode ပြောင်းထားသော ဖုန်းက အိတ်ထဲမှ တတူတူဖြစ်နေမှ သတိထားမိတော့သည်။

စာအုပ်များကို ကပျာကယာ ခုံပေါ်တင်ထားခဲ့ရင်း ဖုန်းပြောလို့ရသည့် သန့်စင်ခန်းထဲသို့ အမြန်ပြေးသွားရသည်။ ထိုဖုန်းလာတိုင်း စိတ်မောမောဖြင့်သာ

`ဟုတ် .. စာကြည့်တိုက်မှာ စာဖတ်နေလို့ ချက်ချင်းပြန်မရောက်တာပါ .. ချက်ချင်းပြန်မလာချင်သေးလို့ပါ .. အိမ်မှာစာဖတ်ရတာဆူတယ်´ အစရှိသော ရှင်းလင်းချက်ကြီးများကို တထွေကြီးရှင်းပြသော်လည်း ဆူပူမှုကလွဲ ဘာမှမရသည့်အတွက် စိတ်လေးကန်စွာဖြင့်သာ စာကြည့်တိုက်မှ လိုချင်သောစာအုပ်ကိုသာ သေချာပင်မရွေးနိုင် ၊ တွေ့ရာသာကောက်ဆွဲကာ အမြန်ပြန်လာခဲ့ရတော့သည် .. ။

ဆက်သွယ်ရေးပစ္စည်းတစ်ခုအဖြစ် မရှိမဖြစ် အသုံးဝင်လိုအပ်သော `ဖုန်း´နှင့်ပတ်သတ်ပြီး စိတ်ကျေနပ်မှု ၊ မကျေနပ်မှုများက ကျွန်မအတွက် အစဉ်အမြဲဒွန်တွဲနေလျက်ရှိသည်။ တစ်ချို့ဖုန်းများလာလျင် မျက်လုံးများက ပြုံးလဲ့သွားတတ်ပြီး အချို့ဖုန်းများလာလျင်တော့ ခေါင်းကိုက်ရချိန်များလည်းရှိသည်။ မြန်မာပြည်မှာနေစဉ်က သူငယ်ချင်းများ လက်ကိုင်ဖုန်းလေးများ ကိုင်ထားလျင် ကိုယ်တိုင်လည်း လိုချင်ခဲ့ဖူးသည်။ ပြည်ပသို့ရောက်ချိန် မြန်မာပြည်ထက် ဈေးနှုန်းပိုသက်သာစွာ ကိုယ်ပိုင်လက်ကိုင်ဖုန်းလေးရှိလာချိန်မှာတော့ ကောင်းကျိုးများနှင့်အတူ စိတ်ညစ်မှုများကိုပါ တွေ့လာခဲ့ရသည်။

လက်ကိုင်ဖုန်းတစ်ခုကိုင်ဆောင်ထားသည့်အတွက် အပြင်သို့သွားချိန်များမှာ မိမိကိုအချိန်ပြည့် စစ်ဆေးထောက်လှမ်းနေမည့် ကိရိယာတစ်ခု တပ်ဆင်ထားသလို ခံစားရသည် .. ။ ရံဖန်ရံခါ အိမ်မှထွက်ပြီး အပြင်သို့ တစ်နာရီလောက်ပဲရောက်နေချိန် ထိုဖုန်းသံမြည်လာတိုင်း စိတ်မောရသည် .. ။ လွတ်လပ်မှုအပြည့်အ၀ကို မခံစားရသလို ထိုဖုန်းကို ဘယ်လိုလုပ်ရမှန်းမသိ .. ။ ဖုန်းလာတိုင်း မကိုင်ချင်လျင်ရပေမယ့် နောက်တစ်ကြိမ်မကြားချင်၍ ချက်ချင်းကိုင်လိုက်ရသည်က များသည် .. ။ ကြာလာတော့ လူက ထိုကိရိယာကို မဖြစ်မနေတပ်ဆင်ထားရမည်ဆိုသော ဥပဒေအောက်မှာ နေနေရသလို ခံစားလာရသည်။တစ်ခါတစ်လေ မအား၍ဖြစ်စေ ၊ မကြား၍ဖြစ်စေ အကြောင်းတစ်ခုခုကြောင့် ဖုန်းမကိုင်လိုက်မိလျင် မိုးပြိုတာထက်ဆိုးရွားသွားနိုင်သော အခြေအနေကြောင့် ကျွန်မနှလုံးသားက မောပန်းရသည် . ။ မွန်းကျပ်မှုများဖြင့် ပြည့်ကျပ်နေသော လှောင်ချိုင့်ထဲမှာ မျက်ရည်စိုလဲ့လဲ့ဖြင့် အနာအားလုံးကိုမျိုသိပ်ရုံမှတစ်ပါး ထိုဆက်သွယ်ရေးကိရိယာကို ဘာမျှလုပ်ပိုင်ခွင့်မရှိ .. ။ အလွန်အကျွံစိတ်ညစ်မှုများ ပြည့်ကျပ်လာချိန်မှာတော့ ထိုဆက်သွယ်ရေးကိရိယာကို ၂၄နာရီလုံးပိတ်ပြီး အရာအားလုံးကိုမေ့ပစ်ထားလိုက်သည်။ ထိုသို့လုပ်မိတိုင်း ရလဒ်များကတော့ တစ်ခါမျှသက်သာဖွယ်မရှိခဲ့ .. ။

ရန်ကုန်မှာနေစဉ်က ကျွန်မစိတ်ထဲ အပြင်သွားတိုင်း လွတ်လပ်မှုကိုပိုခံစားရသည် .. ။ ကျွန်မအကြောင်းကိုသိပြီး ယုံကြည်သော မာမီနှင့် ကျွန်မကြားမှာ ဘာပြဿနာမှ မရှိခဲ့ .. ။ ကစားကွင်းများနှင့် သူငယ်ချင်းများအိမ်ကို သွားတိုင်း တဂွမ်ဂွမ်မြည်နေတတ်သော ဖုန်းတစ်ခုမရှိခဲ့သောအချိန်မှာ ကျွန်မစိတ်ထဲ မည်မျှအနှောင်အဖွဲ့ကင်းခဲ့လဲ စဉ်းစားမိလိုက်တိုင်း ပိုမိုနားလည်သဘောပေါက်လာခဲ့ရသည် .. ။ ပြောထားသည့်အချိန်နှင့်ကွက်တိပြန်ရောက်ပြီး သွားချင်သော နေရာများကိုလည်း သွားခဲ့ပြီး၍ ရန်ကုန်မှာနေခဲ့စဉ်က စိတ်လွတ်လပ်မှုပိုများခဲ့သည်.. ။ ပိုမိုခေတ်မှီတိုးတက်သော ခြင်္သေ့ကျွန်းကိုရောက်ပြီးခါမှ ကျွန်မအတွက် အချုပ်ကျရတော့သည်.. ။ စိတ်ကျဉ်းကျပ်မှုများ ၊ အတ္တများဖြင့် အနည်ကျနေသော ဘ၀တစ်ခုမှာ ကျွန်မပိုမိုတိတ်ဆိတ်လာသည်မှာ မဆန်းခဲ့ .. ။

မည်သည့်အမှားတစ်ခုကိုမျှ မလုပ်ခဲ့ဖူးသော လူတစ်ယောက်အတွက် အချိန်ပြည့်စစ်ဆေးခံနေရသော အဖြစ်အပျက်ကြီးက တရားမျှတမှုမရှိဟု ကျွန်မသေချာဆွေးနွေးပြောမိတိုင်းလည်း ရလဒ်ကတော့ သုညသာ။ ဆွေးနွေးခြင်းများလည်း လမ်းဆုံးခဲ့ရင်း မထူးခြားသောအခြေအနေကို သည်းခံကျိတ်မှိတ်ရင်း ထိုဖုန်းမြည်သံကိုမကြားချင်လှစွာ စိတ်ကုန်နေမိသည် .. ။ ထိုဖုန်းသံက ကျွန်မ၏ခြေလှမ်းများကို အမြဲတမ်းချုပ်ကိုင်ထားသလို ကျွန်မ၏နေ့ရက်အားလုံးကို အချုပ်သဖွယ်ပိတ်လှောင်ထားသောကြောင့် ကျွန်မနားထဲ ထိုဖုန်းသံမြည်လာတိုင်း `ခြောက်ခြားဖွယ်ရာအသံ´အဖြစ်သာ ကြားနေမိပါသည် .. ။

Read More...

Thursday, March 20, 2008

ဇာတိမြေ (သို့မဟုတ်) အိမ်


မမစိုးဝှက်က အားရပါးရ အကြောင်းအရာနှစ်ခုတောင် Tag လုပ်လိုက်တော့ ပထမတစ်ခုကို ကျွန်မ အရင်ဆုံးရေးရပါတော့တယ်။ ပထမတစ်ခု Tag ထားတာက ဇာတိမြေ(သို့မဟုတ်)အိမ်တဲ့ .. ။ စိတ်ထဲရှိတဲ့အတိုင်းပြောရရင် ဒုတိယတစ်ခုဖြစ်တဲ့ ဘ၀လက်တွဲဖော်ဆိုတာကို အရင်ရေးချင်တာပါ :P ။ အကြွေးတွေပုံသွားမှာစိုးလို့ ပထမတစ်ခုကို အရင်ရှင်းလိုက်ပါပြီ။

ဇာတိမြေ(သို့မဟုတ်)အိမ်

ညောင်ပွင့်လေးတွေ တဖြုတ်ဖြုတ်ကြွေနေတဲ့ လမ်းကျဉ်းကျဉ်းလေးနဲ့ ခရေပွင့်တွေကျဲထားသလို သဘာဝအလှလေးတွေဝန်းရံထားတဲ့ ဟင်္သာမြေ ပဲခူးတိုင်းရဲ့ နယ်မြို့လေးတစ်ခုဟာ ကျွန်မရဲ့ ဇာတိမြေဖြစ်ခဲ့တယ်။ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးဘေးမှာ တည်ရှိနေတဲ့ သေးငယ်သော မြို့ကလေးဟာ ကျွန်မမိဘနှစ်ပါးလုံးရဲ့ မွေးရပ်မြေဖြစ်သလို ကျွန်မအမေကလည်း မွေးရပ်မြေမှာပဲ ပြန်လည်တာဝန်ထမ်းဆောင်ရင်း ကျွန်မတို့ညီမတွေကတော့ တစ်ကျောင်းတည်းသာရှိတဲ့ အထက်တန်းကျောင်းကြီးမှာ ပညာသင်ကြားခဲ့ရတယ်။ နှစ်ဖက်ဆွေမျိုးအများဆုံးရှိသော နယ်မြို့လေးမှာ ကျွန်မတို့မိသားစုဘ၀ ဆွေမျိုးများဖြင့် သိုက်သိုက်ဝန်းဝန်းနေထိုင်ခဲ့ရတယ်။


ပဲခူးတိုင်းရဲ့ နာမည်ကြီးတစ်ခုဖြစ်တဲ့ ဟင်္သာကုန်းဘုရားဟာ ကျွန်မစိတ်ကို အစွဲဆောင်နိုင်ဆုံးနေရာတစ်ခုပါ .. ။ ရာဇ၀င်ထဲမှအမျိုးသမီးတွေထဲမှာ ကျွန်မနှလုံးသားကို အစွဲဆောင်နိုင်ဆုံး ၊ အလွှမ်းမိုးနိုင်ဆုံး အမျိုးသမီးက ဥဿပဲခူးမှ မဏိစန္နာပါပဲ .. ။ သေးငယ်တဲ့နယ်မြို့လေးရဲ့ ရပ်ကွက်တစ်ခုမှာ ကျွန်မမိဘတွေပိုင်ဆိုင်တဲ့ အိမ်ကြီးတစ်လုံးဟာ ကျွန်မဘ၀ရဲ့အမြတ်နိုးဆုံး အိမ်တစ်ခုဖြစ်ခဲ့တယ် .. ။ ရေနံတွေဝအောင်သုတ်ထားတဲ့ ပျဉ်ထောင်၂ထပ်အိမ်ကြီးဟာ မဲနက်မှောင်နေသလို ခြံတစ်ခုလုံးမှာ စိုက်ထားတဲ့ သီးပင်စားပင်နဲ့အလှပန်းပင်များက ကျွန်မတို့တစ်ခြံလုံးကို အေးမြသာယာစေခဲ့ပါတယ် .. ။ အိမ်ရဲ့ဘေးမှာ မာလကာပင်များကို ကျွန်မအဘွားကစိုက်ပျိုးလေ့ရှိတယ်။ ကျွန်မတို့အိမ်ရဲ့ အရှေ့ခြမ်းကို အလယ်မှာလူသွားလမ်းလေးပြုလုပ်ထားပြီး ဘေးဘယ်နှစ်ခြမ်းမှာတော့ အလှပင်များနှင့်သီးပင်စားပင်များကို အမေကစိုက်ပျိုးလေ့ရှိတယ်။ ရွက်လှ ၊ နှင်းဆီ ၊ စံပယ် ၊ ဂမုန်းပန်း အစရှိတဲ့ ပန်းပင်တွေနှင့် အခြားပန်းပင်သေးသေးလေးတွေကို ကျွန်မအမေက သေချာစိုက်ပျိုးထားပြီး ကျွန်မတို့ငယ်ငယ်က ပန်းပင်လှလှလေးတွေကြားမှာ ကစားရာနေရာဖြစ်ခဲ့တယ် ။ သီးပင်စားပင်တွေကို ကျွန်မအဘွားက ဒိုင်ခံစိုက်ပျိုးပြီး သူစိုက်ပျိုးထားတဲ့အသီးတွေကို သူ့ခွင့်ပြုချက်မရဘဲ ခူးမိရင် စိတ်ဆိုးလေ့ရှိပါတယ်။ မှတ်မှတ်ရရ တန်ဆောင်မုန်းလပြည့်နေ့ညမှာ လူငယ်တွေက နောက်တဲ့သဘောဖြင့် ကျွန်မအဘွား သေချာစိုက်ပျိုးထားတဲ့ ဗူးပုပင်လေးက ဗူးသီးတွေအားလုံးကို တစ်ခြမ်းစီပဲ ခူးသွားတာပါ။ ကျွန်မတို့အိမ်က သစ်ပင်ကြီးတွေနှင့်အုပ်မိုးနေတာကြောင့် အိမ်ဘက်အခြမ်းကနေ ဗူးသီးတစ်ခြမ်းကိုပဲမြင်ရပြီး လမ်းမဘက်မှာတော့ ဗူးသီးတစ်ခြမ်းမရှိတာကို အိမ်ထဲကနေ မမြင်ရပါဘူး။ နောက်တစ်နေ့မှာတော့ စိတ်ဆိုးမာန်ဆိုးနဲ့ ကျွန်မအဘွားက ခြံရှေ့က သူ့ဗူးပင်တွေကို ဆူးခက်တွေနှင့် ၀ါးခြမ်းပြာတွေနှင့် ကာထားပါတော့တယ်။

နေ့ခင်းဘက်မှာ ကျွန်မတို့တစ်ခြံလုံးမှ အပင်များက အေးမြမှုပေးပြီး ညခင်းဘက်မှာတော့ ညမွှေးပန်းရနံ့များနှင့် တိတ်ဆိတ်အေးချမ်းမှုကို ရရှိစေပါတယ်။ အပြင်ကပြန်လာပြီး ကျွန်မတို့ခြံထဲကို ၀င်လိုက်တိုင်း အေးမြတဲ့အရိပ်ကို နင်းလိုက်ရသလို ခံစားရတာကြောင့် ဘုန်းကြီးကျောင်းနှင့်နီးသော ကျွန်မတို့အိမ်ခြံထဲကို သက်ကြီးရွယ်အိုများက လာနားခိုလေ့ရှိပါတယ်။ ကျွန်မတို့ရပ်ကွက်ထဲမှာ ကျွန်မအမေစိုက်ပျိုးထားတဲ့ သံပုရာပင်ကြီးက လူသိများပါတယ်။ ကြီးမားရွှန်းလဲ့ဝါ၀င်းနေတဲ့ သံပုရာခိုင်အတွဲလိုက်ကြီးများက မြင်ရသူတိုင်းကို လိုချင်စေလှပါတယ်။ ဘုန်းကြီးကျောင်းကို ဥပုသ်လာစောင့်တဲ့ သက်ကြီးရွယ်အိုတွေကို ကျွန်မတို့အိမ်က သံပုရာသီးများ လှူဒါန်းလေ့ရှိတာကြောင့် ဘုန်းကြီးကျောင်းလာသူများက ကျွန်မတို့အိမ်မှာဝင်ပြီး သံပုရာသီးဝင်တောင်းတာ အကျင့်လိုဖြစ်နေခဲ့ကြတယ်။ `ဟော်လန်သံပုရာ´လို့ အမည်တွင်တဲ့ သံပုရာကြီးက ရေသောက်တအားများပါတယ်။ ရေသောက်ဖို့အတွက် မြေကြီးတွေကို အမြစ်နေရာမှာ တစ်တောင်လောက်မြင့်အောင် ဖို့ထားရပြီး ထိုရေသောက်မြစ်နေရာကို မနက်စောစောတစ်ခေါက် ၊ ညနေခင်းတစ်ခေါက် ကျွန်မတို့ ရေအပြည့်ဖြည့်ပေးရပါတယ်။ သံပုရာပင်တစ်ပင်ကြီးကပဲ ခြံရဲ့အရှေ့ဘက်တော်တော်များမှာ အကိုင်းခက်ကြီးများစွာနှင့် နေရာယူထားတာကြောင့် အချို့နေရာမှာ ၀ါးလုံးအချို့နှင့်ဒေါက်ထောက်ထားရပါတယ်။

ကျွန်မတို့အိမ်မှာ ကျွန်မအဘွား ၊ ကျွန်မအမေ ၊ ကျွန်မအဒေါ်မောင်နှမနှင့်ကျွန်မတို့ညီမတွေ စုနေကြပါတယ်။ ကျွန်မတို့ငယ်စဉ်က ကျွန်မအဖေက မြန်မာပြည်မှာ အရာရှိအင်ဂျင်နီယာအဖြစ် တာဝန်လှည့်ထမ်းဆောင်နေပြီး ကျွန်မကျောင်းနေအရွယ်မှာပဲ ပြည်ပကို ထွက်ခွာသွားခဲ့ပါတယ်။ ပြည်ပမှာ အလုပ်လုပ်နေတဲ့ ကျွန်မအဖေက ကျွန်မတို့နှင့် ငယ်ငယ်ကတည်းက အတူမနေခဲ့ရပါဘူး။ မနက်စောစောမှာ ကျွန်မတို့ညီမတွေက ကျွန်မအဒေါ်မောင်နှမ လိုက်ပို့ပေးတဲ့ စက်ဘီးနောက်က ထိုင်လိုက်ပြီး ကျောင်းကိုသွားရတဲ့အချိန်တွေ ၊ တစ်ခါတစ်ရံ ညောင်ပွင့်တွေ ခရေပွင့်တွေ ကောက်ချင်တိုင်း ကျောင်းကိုလမ်းလျှောက်သွားခဲ့ရတဲ့ မနက်ခင်းတွေကို ကျွန်မ အမြဲသတိရလေ့ရှိပါတယ်။

ကျွန်မတို့အိမ်ရဲ့အနောက်ဘက်ခြမ်းကတော့ အရှေ့ခြမ်းရဲ့၂ဆလောက် ပိုမိုကျယ်ဝန်းပါတယ်။ အိမ်နောက်ဘက်ကနေ ကြည့်လိုက်ရင် ခပ်လှမ်းလှမ်းက ရထားလမ်းကြီးကို မြင်ရပါတယ်။ ရထားလာတိုင်း ကျွန်မတို့ငယ်စဉ်က တစ်ခါတစ်လေ အိမ်အနောက်ဘက်က ထိုးထွက်ပြီး ရထားပေါ်ကလူတွေကို တာ့တာသွားပြကစားလေ့ရှိပါတယ်။ ကျွန်မတို့အိမ်နောက်ဘက်မှာတော့ သရက်ပင်မျိုးစုံက နေရာယူထားပါတယ်။ အမျိုးအစားတွေများလွန်းလို့ ကျွန်မက နာမည်တွေ အမြဲမမှတ်မိပါဘူး။ ကျွန်မအကြိုက်ဆုံးသရက်ပင်တစ်မျိုးနာမည် `မချစ်စု´ကိုပဲ ကျွန်မ မှတ်မိတယ်။ သပြေပင်နှစ်ပင်နှင့် ကဒတ်ပင်တစ်ပင်ကလည်း ကျွန်မတို့အကြိုက်ဆုံးအပင်တွေပါပဲ။ ရေတွေကြီးပြီး သပြေသီးတွေ တဖြုတ်ဖြုတ်ကြွေနေတဲ့ မြင်ကွင်းက ကျွန်မအတွက် မရိုးနိုင်တဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။ ကဒတ်ရွက်နုနုလေးတွေကို အချဉ်ခံစိမ်ပြီး သေချာလုပ်တတ်တဲ့ ကျွန်မအဘွားကြောင့် ကဒတ်ရွက်ကို ကျွန်မစားတတ်ခဲ့တယ်။ သရက်ပွင့်တွေဝေနေချိန်မှာ ကျွန်မတို့ညီမတွေက ပျော်လို့ သရက်ပွင့်တွေကို ခူးပြီးကစားတိုင်း အဘွားဆူလေ့ရှိတာတွေကို ကျွန်မ သတိရနေမိပါတယ်။ သရက်ကင်းနုနုလေးတွေကို မနက်စောစော ခြံထဲမှာ အဘွားနှင့်အတူလိုက်ကောက်ရင်း သစ်ရွက်ခြောက်တွေလှည်းပြီး စကားစမြည်ပြောခဲ့တဲ့ မနက်ခင်းတွေက ကျွန်မအတွက် ပြန်မရနိုင်တော့ပါဘူး။ အုန်းတံမြက်စည်းကို အဘွားကကိုယ်တိုင်လုပ်ပြီး ကျွန်မတို့အားတိုင်း အဘွားနှင့်အတူ သစ်ရွက်ခြောက်တွေလှဲရပါတယ်။ အုန်းပင်အောက်မှာ ကျွန်မတို့ကစားတိုင်း အုန်းသီးပြုတ်ကျမှာစိုးလို့ အမြဲမှာကြားတတ်တဲ့ ကျွန်မအဒေါ်မောင်နှမနှစ်ယောက်လုံးကိုလည်း ကျွန်မ သတိရမိတယ်။ အလုပ်တစ်ဖက် ၊ အိမ်တစ်ဖက်နှင့် စီမံခန့်ခွဲမှုတွေကြား အလုပ်များနေတတ်တဲ့ ကျွန်မအမေကို ကျွန်မတို့ချစ်ကြောက်ရိုသေရတယ်။ စည်းကမ်းကြီးပြီး မှန်မှန်ကန်ကန်နေလေ့ရှိတဲ့ အမေ့ရဲ့အကျင့်စာရိတ္တကြောင့် အမေက ကျွန်မတို့နယ်မြို့လေးမှာ လူသိများထင်ရှားတဲ့ ကျောင်းဆရာမတစ်ယောက်ဖြစ်ခဲ့တယ်။



ကျွန်မတို့ဇာတိမြို့လေးက နှစ်စဉ် ရိုးရာပွဲလမ်းသဘင်တွေနှင့် စည်ကားလေ့ရှိပြီး မြို့သူမြို့သားများက အရိုးခံစိတ်ထားရှိကြတယ်။ မြို့ပြင်ကိုထွက်ကြည့်လိုက်တိုင်း စိမ်းလန်းနေတဲ့လယ်ကွင်းတွေက အေးမြလန်းဆန်းသော လေကို ပေးပြီး တောင်သူလယ်သမားတွေရဲ့ဘ၀ကို လေ့လာကြည့်ရှုနိုင်ပါတယ်။ မွန်လူမျိုး ၊ ထားဝယ်လူမျိုးနှင့် မြန်မာလူမျိုးအများစု စုပေါင်းနေထိုင်တဲ့ ကျွန်မတို့ဇာတိမြို့လေးရဲ့ စကားသံအချို့ကလည်း ရန်ကုန်လေသံနှင့် အနည်းငယ်ကွာခြားပါတယ်။ ဘာသာတရားကိုင်းရှိုင်းကြတဲ့ ကျွန်မတို့မြို့လေးမှာ သီတင်းကျွတ်လနှင့်တန်ဆောင်မုန်းလများက အစည်ကားဆုံးပါပဲ။ တစ်မြို့လုံးမှာရှိသော စေတီကြီးများတွင် ဆီမီးတစ်ထောင်ထွန်းညှိပြီး မြို့သူမြို့သားများက ပူဇော်ရှိခိုးလေ့ရှိကြပါတယ်။ ငှက်ပျောတုံးများကို အပြားလိုက်လှီးဖြတ်ထားသော ငှက်ပျောအချပ်များပေါ်တွင် ဖယောင်းတိုင်များထွန်းညှိပြီး ဘုန်းကြီးကျောင်းများရှိ ကန်ရေပြင်များတွင်လည်း ပူဇော်ထွန်းညှိလေ့ရှိပါတယ်။

နာမည်ကြီး ကြုံတူဘုရားကြီးကတော့ မြို့ပြင်နားမှာ ကျယ်ဝန်းစွာတည်ရှိနေပြီး တစ်နှစ်တစ်ကြိမ် ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြတယ်။ ကျွန်မတို့ညီမတွေက ဘုရားပွဲတော်လုပ်တိုင်း ရှားရှားပါးပါးရောင်းသော ကောက်ညှင်းကျည်တောက်တစ်ခုကိုပဲ နှစ်သက်စွာဝယ်စားရင်း ကျေနပ်လေ့ရှိခဲ့ကြတယ်။ ဥစ္ဆာစောင့်တွေပေါများတယ်လို့ ရှေးလူကြီးတွေ ပြောခဲ့ကြတဲ့ ကြုံတူဘုရားကြီးမှာ လူတွေမထိုင်ရသတ်မှတ်ထားတဲ့ လွှဲဒန်းတွေကိုလည်း ပြုလုပ်ထားတယ်။ ထိုဒန်းလေးတွေရဲ့ကြိုးမှာ ပန်းတွေကို စွပ်ထားပြီး လူတွေက အလိုက်တသိ ရှောင်သွားလေ့ရှိတယ်။ ကလေးဘ၀ငယ်စဉ်က ကျွန်မက နားမလည်ဘဲ အဲဒီဒန်းမှာ သွားထိုင် ပန်းကုံးတွေကိုချွပ်ယူပြီး ခေါင်းမှာစွပ်ခဲ့မိလို့ ကျွန်မဆွေမျိုးတွေနှင့် အဒေါ်တွေက ထိတ်လန့်စွာ ရှိခိုးတောင်းပန်ခဲ့ပုံကို ကျွန်မ ယောင်တောင်တောင်ဖြစ်ခဲ့ဖူးတယ်။ ကားမောင်းသမားတွေက ကျွန်မတို့မြို့လေးကို နတ်ကြီးတယ်လို့ ယူဆကြပြီး သတိထားကြတာတွေလည်း များကြတယ်။ ကျွန်မအတွေးထဲမှာတော့ သတိမရှိသူများ အသက်အန္တရာယ်နှင့်ကြုံရခြင်းကို နတ်ကြီးတယ်ဟု လူအချို့က ထင်ယောင်ထင်မှားတလွဲတွေးကြတယ်လို့ပဲ ယုံကြည်ခဲ့တယ်။

ရိုးသားခြင်း ၊ တစ်ယောက်နှင့်တစ်ယောက် စေတနာထားခြင်းတို့ဖြင့် ချစ်ဖို့ကောင်းသော မြို့လေးကို ကျွန်မ အလယ်တန်းကျောင်းသူဘ၀မှာပဲ အပြီးပိုင်ခွဲခဲ့ရပါတယ်။ ရန်ကုန်မြို့တော်ကြီးကို ကျွန်မ ပြောင်းရွှေ့သွားခဲ့ပေမယ့် တစ်နှစ်တစ်ကြိမ်တော့ အလည်ပတ်ပြန်သွားခဲ့တယ်။ ရန်ကုန်မြို့တော်က ကျွန်မအိမ်မှာ လေးနှစ်လောက် ကျွန်မနေခဲ့ရတာမို့ ကျွန်မရဲ့ဒုတိယအိမ်ဖြစ်လာခဲ့ပါတယ် .. ။ ကျွန်မရဲ့ဇာတိမြေနဲ့ကွာခြားစွာ ဆူညံရှုပ်ထွေးနေတဲ့ ကျောက်မြောင်းရပ်ကွက်မှာ ကျွန်မနေထိုင်ခဲ့ရင်း တက္ကသိုလ်ဝင်တန်းကို ပြီးဆုံးခဲ့ပါတယ်။ အခုချိန်မှာ ပထမအိမ်ကိုရော ၊ ဒုတိယအိမ်ကိုရော ကျွန်မလွမ်းဆွတ်မိပါတယ်။ ကျောက်မြောင်းမှာ နေထိုင်ခဲ့တဲ့ အချိန်တွေကလည်း ကျွန်မအတွက် မမေ့နိုင်စရာတွေပါ။ ရေမလာလို့ ရေ၀ယ်သုံးခဲ့ရတဲ့ရက်တွေ ၊ စိတ်ညစ်လွန်းလို့ နယ်ပြန်ပြေးချင်ခဲ့တဲ့ မီးမလာခဲ့တဲ့ရက်တွေ ၊ ခဏခဏ သန်းခေါင်စာရင်းလာစစ်လွန်းလို့ အိပ်ရေးပျက်ခဲ့တဲ့ညတွေ ၊ မကြာခဏ ဘာမှန်းမသိ အလှူလာခံလွန်းတဲ့ ရပ်ကွက်လူကြီးတွေ အားလုံးကလည်း မမေ့နိုင်တဲ့ အတွေ့အကြုံတွေပါ .. ။ နယ်နှင့်ရန်ကုန်အပြောင်းအရွှေ့ကြားမှာ ရန်ကုန်ကို ပုံစံ(၁၀)နေထိုင်ခွင့်ပြောင်းချိန်က လူကြီးတွေ၏အရစ်ရှည်မှု ၊ မလိုအပ်သော ဟိန်းဟောက်မှုများဖြင့် အလှူငွေတောင်းမှုတွေကို ကျွန်မတို့မိသားစု စိတ်ညစ်ခဲ့ရဖူးပါတယ်။

ထိုစိတ်ညစ်မှုများကြောင့်ပဲ ကျွန်မချစ်သော အမိမြေကနေ အပြင်ကိုရောက်လာခဲ့ရပါတယ်။ လွတ်လပ်စွာ ၊ ငြိမ်းချမ်းစွာ ၊ တရားမျှတစွာ နေချင်မှု၏ဆုံးဖြတ်ချက်အဖြစ် အိမ်ပြန်ချိန်နှင့် အလှမ်းဝေးစွာ တခြားတစ်နေရာကို ပျော်ရွှင်ခြင်းကင်းမဲ့စွာ ကျွန်မတို့ရောက်ရှိလာခဲ့ရတယ် .. ။ ကျွန်မတို့အားလုံးဟာ လွင့်မျောနေသော တိမ်တိုက်တွေနှင့်တူနေပါတယ် .. ။ ဟိုတစ်စု ၊ ဒီတစ်စု ရောက်ရှိနေကြရင်း ခြစားနေတဲ့ အိမ်ကြီးကို ကောင်းအောင် မပြုပြင်နိုင်ကြသေးဘူး။ အိမ်ပြန်ချိန်နဲ့ဝေးလေလေ ၊ လွင့်မျောရတဲ့ဘ၀နေ့စွဲဒိုင်ယာရီတွေက တဖြေးဖြေးပိုများလာလေပါပဲ .. ။ ရိုးသားအေးချမ်းစွာ နေထိုင်ကြတဲ့ ကျွန်မတို့ဇာတိမြေလေးမှာရော စားဝတ်နေရေးအတွက် အခက်ခဲပေါင်းများစွာ အားလုံးရင်ဆိုင်နေရမှာပါ .. ။ ဇာတိမြေကိုမခွဲချင်ကြပေမယ့် အားလုံးဟာ တိမ်တစ်စလို့ လွင့်မျောရင်း နေရာအနှံ့မှာ ခြေဆန့်ခဲ့ကြရပြီ။ အမှတ်တရလို့ မတွေးခဲ့မိတဲ့ အေးချမ်းစွာနေခဲ့ရတဲ့ရက်လေးတွေက ဘ၀ဒိုင်ယာရီစာမျက်နှာတွေမှာ လွမ်းဆွတ်ခြင်းဒိုင်ယာရီအဖြစ် နေရာယူတတ်ခဲ့ပြီ .. ။ မိုးစက်မိုးပေါက်တွေ တဖောက်ဖောက်ရွာသွန်းနေချိန် ၊ ရွက်ဝါတွေကြွေလွင့်ချိန် ၊ ချမ်းအေးတဲ့ မနက်ခင်းတွေ အစရှိတဲ့ ရာသီစက်ဝန်းများဖြင့် လည်ပတ်နေသော မွေးရပ်မြေနှင့် ကျွန်မခြေလှမ်းတွေက ယခုတိုင်ဝေးကွာနေဆဲ .. ။ မချမ်းသာခဲ့ပေမယ့် နွေးထွေးလုံခြုံစွာ ဘ၀အဓိပ္ပါယ်အချို့ပြည့်နှက်နေခဲ့တဲ့ ရက်တွေက တဖြေးဖြေးဝေးကွာခဲ့ပြီး လူသားမဆန်တဲ့ စက်ရုပ်တွေကြားမှာ ရှင်သန်နေရတိုင်း ဘယ်ဘက်ရင်ထောင့်က တိုးတိုးတိတ်တိတ် အလွမ်းတွေနှင့် ငိုကြွေးခဲ့ရပါတယ်။ ကံကြမ္မာနှင့်ဘ၀ဆိုတာကြီးကို အံတုရင်ဆိုင်နေချိန် အပြုံးစစ်စစ်ဖြင့်ဟန်မလုပ်ထားတဲ့ မြို့သူမြို့သားတွေပုံရိပ်ကို မြင်ယောင်တမ်းတခဲ့မိပါတယ် .. ။

မွေးရပ်မြေနှင့်အိမ်အကြောင်း ရေးချင်တာရေးဖို့အတွက်

၁) မမဂျစ်တူး

၂) မမခွန်မြလှိုင်

၃) ကိုဗမာပြည်သား

၎) မောင်လေးထူးမြတ်တို့ကို TAG လုပ်လိုက်ပါတယ် :)

Read More...

Monday, March 17, 2008

သစ်ပင်နှင့်တူသောမိန်းမ


အခုတစ်လော စာတွေလည်း သိပ်မရေးဖြစ်ဘူး .. ။ စာရေးဖို့ထက် စာဖတ်နေတာပဲများနေတယ် .. ။ စိတ်ကူးထဲမှာတော့ ရေးနေတဲ့စာတွေက အများကြီးပဲ . ။ လက်ကတော့ ဘာစာမှ မရိုက်ဖြစ်သေးဘူး .. ။ စာဖတ်သူတွေကိုလည်း အားနာသလို တာဝန်တွေပိနေတဲ့ နေ့စဉ်ဝတ္တရားတွေကြားမှာလည်း တစ်ခါတစ်လေတော့ ပြေးထွက်ချင်သား ... ။ (၇)ရက်နေ့တွေတိုင်း အမှတ်တရ၀တ္ထုတိုတစ်ခုခု တင်ပေးလေ့ရှိတဲ့ ကျွန်မ အခုလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ဘာဝတ္ထုတိုတစ်ခုမှ မတင်ပေးနိုင်ခဲ့ဘူး .. ။ အဲဒီဝတ္ထုတိုလေးတွေကို တောင်းဆိုလေ့ရှိတဲ့ မိတ်ဆွေအချို့အတွက် လက်ရှိအဆင်သင့်စာစီထားတဲ့ ၀တ္ထုတိုတစ်ခုကိုပဲ မျှဝေပေးလိုက်ပါတယ်။ အမှတ်တရ(၇)ရက်နေ့အကြွေးတွေအားလုံးအဖြစ် ဒီတစ်ခုတည်းနဲ့ပဲ ပြန်ဆပ်လိုက်ပါတယ်။

သစ်ပင်နှင့်တူသောမိန်းမ
(ဂျူး)

`သူမ၏အသုဘကို ကျွန်တော်လိုက်ပါပို့ဆောင်ခဲ့သည့်အတွက် မည်သူမျှ မအံ့သြပါ။ ထို့ပြင် မည်သူမျှလည်း ကျွန်တော့်ကို ထူးခြားပြီး သတိမထားပါ။ သူမ၏အသုဘသည် ကျွန်တော်တို့မြို့တွင်တော့ အစည်ကားဆုံး အသုဘဖြစ်ပါသည်။ သူမ မသေဆုံးမီ ညနေခင်းကမှ ကျွန်တော် သူမကို နောက်ဆုံးမြင်တွေ့ခဲ့ရသေးသည်။ အမြစ်တွယ်နေသော သစ်ပင်တစ်ခုကဲ့သို့ အမြဲတမ်းလိုလို ပြတင်းပေါက်အနီး စားပွဲမှာ ထိုင်ထိုင်နေတတ်သည့် သူမ ထိုညနေကတော့ ခြံထဲဆင်း၍ မတ်တပ်ရပ်လျက်ရှိခဲ့သည်။

သူမ၏ဆံပင်များမှာ အညိုရောင်လှိုင်းများအဖြစ် ဝေ့ဖွာလျက် နောက်ကျောဆီတွင် ကျနေ၏။ ကျွန်တော်ရှိရာ ခြံဝင်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်သော မျက်လုံးများမှာ ယခင်ကလို လောကအပေါ် စူးစမ်းမှု ၊ စိတ်ဝင်စားမှု ၊ အံ့သြမှုများလုံးဝမပါဝင်တော့ပါ။ သူမမျက်ဝန်းများ၏ နက်ရှိုင်းသော အဓိပ္ပါယ်တို့ကို တစ်စုံတစ်ရာက ဖျက်ဆီးပစ်လိုက်ပြီ။ ထိုတစ်စုံတစ်ရာသည် ကျွန်တော်တို့မြို့လေးလား ၊ သူမ၏ခင်ပွန်းသည်လား ၊ သူမသာလျှင် သိနိုင်ပေလိမ့်မည်။´

အပြည့်အစုံဖတ်ရှုရန် Download Here


Read More...

Thursday, March 13, 2008

မြန်မာ့လူ့အခွင့်အရေးနေ့အထိမ်းအမှတ် ဆွမ်းကျွေးအလှူမင်္ဂလာဖိတ်ကြားလွှာ


မြန်မာ့လူ့အခွင့်အရေးနေ့အထိမ်းအမှတ် ဆွမ်းကျွေးအလှူမင်္ဂလာဖိတ်ကြားလွှာ

မြန်မာ့လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် တိုပါးရိုး ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးကျောင်းတွင် ဆွမ်းကျွေးအလှူပြုလုပ်မည်ဖြစ်ပါ၍ စင်္ကာပူမှ မြန်မာမိတ်ဆွေများအားလုံး ကြွရောက်ချီးမြှင့်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။


အခမ်းအနားအစီအစဉ်

နေ့ရက် ။ ။ မတ်လ (၁၆)ရက် ၂၀၀၈ခုနှစ် တနင်္ဂနွေနေ့

အချိန် ။ ။ နံနက် ၉း၃၀ နာရီမှ နေ့လည် ၁း၃၀ နာရီထိ
9:30 AM - 10:30 AM
ဆွမ်းအနုမောဒနာ တရားနာကြားခြင်း

10:30 AM - 12:00 AM
မြတ်စွာဘုရားအမှုးရှိသော သံဃာတော်များအား ဆွမ်း ၊ ခဲဘွယ် ၊ ဘောဇဉ်တို့ ဆက်ကပ်လှူဒါန်းခြင်း။ ကြွရောက်လာသော ဧည့်ပရိတ်သတ်တို့အား နေ့လည်စာ (မုန့်ဟင်းခါး ၊ အချိုပွဲတို့ဖြင့်) ကျွေးမွေး ဧည့်ခံခြင်း။

12:00 PM - 1:30 PM
လူထုဆန္ဒခံယူပွဲ ၊ အခြေခံဥပဒေတို့နှင့်စပ်လျဉ်း၍ ပြည်သူလူထုအမြင်များကို လွတ်လပ်စွာ ဆွေးနွေးဖလှယ်ခြင်း

`စစ်ကျွန်အဖြစ် နွံနစ်မခံ ၊ ဒါ .. ပြည်သူ့ဆန္ဒအစစ်အမှန်´

`တစတစ စွန့်ဝံ့မှလျှင် နောင်ဘ၀နောက်နှောင်း ဆက်တိုင်းကောင်း၏´

သာသနာ့ဥသျှောင်အဖွဲ့(စင်္ကာပူ)အားအမှူးထား၍ စင်္ကာပူရောက်မြန်မာဒီမိုကရေစီအင်အားစုများ

Read More...

I'm Back !!!


ခင်မင်လေးစားရပါသော မိတ်ဆွေမောင်နှမ ၊ စာဖတ်ပရိတ်သတ်များ

ကျွန်မ အိမ်အပြောင်းအရွှေ့ကြားမှာ အရမ်းအလုပ်များနေခဲ့တာရော ၊ အင်တာနက်လိုင်းချက်ချင်းပြန်မရသေးတာရော ၊ ကျွန်မရဲ့ ကိစ္စတွေရော အားလုံးပေါင်းပြီး အွန်လိုင်းပေါ်မှ ပျောက်သွားခဲ့ရတဲ့အတွက် အားလုံးကို တောင်းပန်လိုပါတယ်။ ကျွန်မဆီကို မေးလ်ပို့ ၊ ဖုန်းတွေဆက်ပြီး ဘလော့ခ်ဆက်ရေးဖို့ တိုက်တွန်းနေသူ မိတ်ဆွေများအားလုံးကိုလည်း ကျွန်မ ဘလော့ခ်ရေးတာ ရပ်သွားခြင်းမဟုတ်ကြောင်း အလေးအနက်ပြောလိုပါတယ် .. ။ ယခုမှ ကျွန်မကိစ္စတွေအားလုံး အဆင်ပြေ ၊ အင်တာနက်ပြန်ရတာမို့ ယခင်အတိုင်း ကျွန်မ စာပြန်လည်ရေးနိုင်ပါပြီ .. ။ ကျွန်မ၀ါသနာအလုပ်များအားလုံးက ကျွန်မ မိသားစုတစ်ခုလုံးကိုဆန့်ကျင်ပြီး လုပ်နေတာဖြစ်တဲ့အတွက် နေ့စဉ် အခြားဘလော့ခ်များအားလုံးကို အချိန်မလောက်လို့ မလည်ပတ်နိုင်ခဲ့ရင် နားလည်ပေးဖို့ တောင်းဆိုချင်ပါတယ် .. ။


ကျွန်မ အချိန်ရတိုင်း သွားနေကျ ဘလော့ခ်အားလုံးကို အလည်ပတ်ရောက်ရှိအားပေးသွားမှာပါ .. ။ အခက်ခဲတွေကြုံရတိုင်း မိတ်ဆွေကောင်းနှင့်မိတ်ဆွေတု ၊ အမှန်တကယ်စေတနာရှိသူနှင့် ချောက်တွန်းလိုသူ ... အစရှိသည်တို့နှင့်ပတ်သတ် သင်ခန်းစာတွေ ၊ အတွေ့အကြုံတွေကလည်း တဖြေးဖြေးရလာတာမို့ အဆိုးထဲက အကောင်းအားလုံးကိုလည်း လေ့လာသင်ယူခဲ့ရပါတယ်။ ကျွန်မ အွန်လိုင်းမတက်နိုင်ချိန်ကာလအတွင်းမှာ မေးလ်တွေမပြန်ဖြစ် ၊ စီဗောက်စ်မှာ ရဂျစ်စတာလုပ်လိုသူများအားလုံးကို ပြန်မဆက်သွယ်ဖြစ်ခဲ့တာအားလုံးအတွက်လည်း အခု ကျွန်မ ကြိုးစားလုပ်ပေးနေပါတယ်။ မိတ်ဆွေတို့ရေးထားတဲ့ စာတစ်ခုခု သို့မဟုတ် ရဂျစ်စတာမေးလ်များကို ကျွန်မ တစ်စောင်တစ်လေ မတော်တဆ မျက်စိမှောက်ခဲ့လို့ မပြန်ဖြစ်ခဲ့ရင် ကျေးဇူးပြုပြီး ထပ်မံပို့ပေးကြဖို့အတွက်လည်း ကျွန်မ တောင်းဆိုလိုပါတယ်ရှင်။

လေးစားလျက်
လင်းလက်ကြယ်စင်

Read More...