Friday, December 05, 2008

ခင်မင်မှု နှင့် လိမ်လည်ခံရခြင်း

(ဓာတ်ပုံကို ဤနေရာမှ ရယူပါသည်)

ဘ၀မှာ “သူငယ်ချင်း”ဆိုတာ လူ့အသိုင်းဝိုင်းရဲ့ အစိတ်ပိုင်းလေး တစ်ခုပါပဲ။ အခင်ဆုံးသူငယ်ချင်းတွေနှင့်ပတ်သတ် လိုအပ်လာတိုင်း အတတ်နိုင်ဆုံး အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ကူညီလုပ်ဆောင်ပေးခဲ့တဲ့ ကျွန်မဘ၀မှာ တစ်သက်တာ မမေ့နိုင်တဲ့ အဖြစ်တစ်ခုကို မကြာမီသေးခင်ကပဲ ကြုံတွေ့ခဲ့ရတယ်။

လွန်ခဲ့သော (၃)နှစ်ခန့်လောက်က ဖိုရမ်တွေ ၊ ချတ်ရွန်းတွေကို မကြာခဏလိုလို ကျွန်မအချိန်အားတိုင်း သွားလေ့ရှိတယ်။ Planet ဆိုဒ်ကြီးမှာ မိတ်ဆွေသူငယ်ချင်းပေါင်းများစွာနဲ့ ကျင်လည်နေခဲ့ချိန်ပေါ့။ အခင်ဆုံးသူငယ်ချင်းတွေ ၊ စိတ်တူကိုယ်တူ သူငယ်ချင်းတွေလည်း ရလိုက်သလို ကျွန်မကို ညီမရင်းတစ်ယောက်လို သိပ်ခင်တဲ့ မောင်နှမလို မိတ်ဆွေတွေလည်း ရလိုက်တယ်။ အဲဒီအချိန်က Planet Teashop မှာ ကျွန်မတို့ အဖွဲ့ဆို မသိသူ မရှိလောက်အောင် နေ့တိုင်း တွေ့ဆုံကြ ၊ စကားပြောကြနဲ့ သိပ်ကိုပျော်စရာကောင်းခဲ့ပါတယ်။ လတိုင်း လတိုင်း ရန်ကုန်မှာ တွေ့ဆုံပွဲတွေရှိတော့ အဲဒီတွေ့ဆုံပွဲကို ကျွန်မ သိပ်သွားချင်ခဲ့ဖူးပါတယ်။ ချတ်ရွန်းထဲတင်မဟုတ်ဘဲ အပြင်မှာထိ အားလုံးက နာမည်နဲ့လူနဲ့တွဲခင်နေကြ ၊ တစ်ယောက်အကြောင်း တစ်ယောက်သိနေကြတော့ အွန်လိုင်းလောကနဲ့မတူဘဲ သိပ်နွေးထွေးကြတယ်။ အလှူအတန်းတွေဆိုလည်း တက်ညီလက်ညီဖြစ်ကြသလို မြန်မာပြည်မှာ အုပ်စုတွေလိုက် ဘုရားဖူးထွက်ကြတဲ့ထိ အားလုံးခင်မင်ခဲ့ကြတယ်။


အွန်လိုင်းပေါ်ကနေ ကျွန်မနဲ့ရွယ်တူ ခင်ဖို့ကောင်းတဲ့ မိန်းကလေးတစ်ဦးကို ကျွန်မ အဲဒီအချိန်မှာ စတင်သိကျွမ်းခဲ့တယ်။ စင်္ကာပူမှာနေရတဲ့ သူမရဲ့အခက်ခဲတွေကို ကျွန်မကို ရင်ဖွင့်အမြဲပြောပြတဲ့အတွက် မိဘနှင့်အတူ အေးချမ်းစွာနေရတဲ့ ကျွန်မစိတ်ထဲ သူမဘ၀ကို များစွာသနားခဲ့မိတယ်။ ကျွန်မအိမ်နဲ့ သူမအိမ်ကလည်း သိပ်မဝေးတော့ ကျွန်မတို့ အပြင်မှာထိ သိကျွမ်းခဲ့ကြတယ်။ နောက်ပိုင်းမှာ ညီမတွေလို တတွဲတွဲဖြစ်လာပြီး ကျွန်မအိမ်ဟာ သူမအတွက် ၀င်ထွက်သွားလာနိုင်ရာ ဖြစ်လာခဲ့တယ်။ သူမ မိခင်က စင်္ကာပူက လူကြီးပိုင်းအင်ဂျင်နီယာလောကမှာ နာမည်ပျက်များရှိခဲ့ဖူးတဲ့ အမျိုးသမီးတစ်ယောက်။ ကံဆိုးချင်တော့ သူမရဲ့မိခင်အကြောင်းကို ကျွန်မ မိဘတွေက ကောင်းကောင်းသိနေခဲ့တယ်။ အကျင့်စာရိတ္တလွန်စွာမကောင်းတဲ့ သူမ မိခင်စရိုက်ကြောင့် ကျွန်မ မိဘတွေက သူမနှင့်မပေါင်းဖို့ ကျွန်မကို အမြဲတမ်း သတိပေးခဲ့တယ်။ ကျွန်မစိတ်ထဲမှာ သနားစိတ်တွေပဲ လျှံနေတာမို့ ကျွန်မမိဘတွေကို စိတ်ပူရန်မလိုကြောင်း ၊ သူမဟာ သနားဖို့ကောင်းကြောင်းတွေပဲ ပြန်လည်ပြောပြခဲ့တယ်။

ဒီလိုနဲ့ သူမလိုအပ်တဲ့ ကိစ္စတွေတိုင်းမှာ အမြဲတမ်း ကျွန်မကူညီနေခဲ့ရင်း ကျွန်မရသမျှမုန့်ဖိုးတွေလည်း အရင်လို မစုနိုင်တော့ဘူး။ မိတကွဲ ၊ ဖတကွဲနဲ့ စင်္ကာပူမှာ ကျောင်းတက်ရင်း ရုန်းကန်နေရတယ်လို့ ကျွန်မက သူမကိုသနားနေမိတာကြောင့် မနှမြောခဲ့မိပါဘူး။ နောက်ပိုင်းမှာ သူမငှားနေတဲ့ အိမ်ခန်းက ကောင်မလေးတစ်ယောက်နဲ့ မတည့်လို့ ကျွန်မအိမ်ကို သူပြောင်းလာပါတယ်။ ကျွန်မတို့မိသားစုအိမ်က ကျယ်ပေမယ့် ကျွန်မတို့ လူငှားမတင်ပါဘူး။ ကျွန်မတို့ညီိမတွေနဲ့မိဘ လွတ်လွတ်လပ်လပ် နေချင်တာကြောင့် အိမ်ခန်းတစ်ခန်းမှာ အနည်းဆုံးလူ(၂)ယောက်လောက် တင်ထားပြီး ကျွန်မတို့ညီမတွေက တစ်ခန်းမှာ သူများတွေလို စုနေလေ့ရပေမယ့် ကျွန်မတို့ မလုပ်ခဲ့ဘူး။

အိမ်မှာ ကိုယ့်မိသားစုချည်း နေချင်တာကြောင့် အရမ်းခင်မင်သူတွေက လာနေချင်ခဲ့ရင်တောင် အခြားအိမ်ခန်းကိုပဲ ကျွန်မတို့ငှားပေးလေ့ရှိတယ်။ အဲဒီအချိန်မှာ သူမ ကျွန်မအိမ်ကို ပြောင်းလာခဲ့တယ်။ ကျွန်မရဲ့တစ်ယောက်အိပ် ခုတင်လေးမှာ နှစ်ယောက်အတူစုအိပ်ရင်း ကွန်ပြူတာတစ်လုံးတည်း အတူသုံးသူတွေ ဖြစ်လာတယ်။ စားအတူ ၊ သွားအတူနဲ့ ကျွန်မတို့ ပိုမိုခင်မင်လာခဲ့တယ်။ သူမအတွက် လိုအပ်သမျှ အသုံးစရိတ်လေးတွေကို တတ်နိုင်သလောက် ကျွန်မပေးခဲ့တယ်။ တဖြေးဖြေးနဲ့ သူမ ကျောင်းမသွားတာကို ကျွန်မ သတိထားမိလာတယ်။ ကျောင်းမှာ ပြဿနာတစ်ခုတက်ထားတာကို ကျွန်မသတိပြုမိတယ်။ အသေးစိပ်ကို ကျွန်မ မစပ်စုချင်တာကြောင့် မမေးခဲ့ဘူး။ သူမကောင်လေးကလည်း သူမကိုတွေ့ချင်တိုင်း ကျွန်မအိမ်ကိုပဲ လာနေတာကြောင့် ကျွန်မ အမေနဲ့ ခင်မင်သွားတယ်။

ရန်ကုန်အိမ်က သူမမိသားစုက ကျွန်မထံကိုပါ ဖုန်းဆက်ပြီး သူမကိုစောင့်ရှောက်ဖို့ မှာကြားတဲ့အတွက် ကျွန်မ သူမကို ပိုမိုစောင့်ရှောက်ခဲ့တယ်။ သူမ ကျွန်မအိမ်မှာနေတဲ့ကာလအတွင်း ကျွန်မ မိသားစုနဲ့ ကျွန်မ မကြာခဏ တိုးတိုးတိတ်တိတ် ပြဿနာတက်ခဲ့ရတယ်။ ကျွန်မ မရှိချိန် နေ့တစ်ရက်မှာ သူမ ချစ်သူနဲ့ ဖုန်းထဲမှာ ရန်ဖြစ်နေချိန် ကြမ်းတမ်းလွန်းတဲ့ စကားတွေကြောင့် ကျွန်မ ညီမတွေက အရမ်းစိတ်ညစ်ခဲ့တယ်။ သူမ စကားပြောနည်းနည်းကြမ်းတာ ကျွန်မ သိပေမယ့် ကိုယ်တိုင်မကြားခဲ့ရတော့ သေချာမသိခဲ့မိဘူး။

တစ်ရက်မှာ .. မမျှော်လင့်သော အဖြစ်အပျက်တွေကြောင့် သူမ မြန်မာပြည်ကို ပြန်သွားတယ်။ မပြန်ခင် သူမလိုအပ်သမျှ အကူညီအားလုံးကို တစ်နေကုန် ကျွန်မ လိုက်ကူညီပေးနေခဲ့တယ်။ သူမ လေယဉ်လက်မှတ်အတွက် လိုအပ်သမျှ ငွေအနည်းငယ်ကိုလည်း ကျွန်မပဲ ထပ်စိုက်ပေးလိုက်တယ်။ မြန်မာပြည်ကို သူမ အရင်ပြန်သွားပြီး သိပ်မကြာခင်မှာ သူမနဲ့သူမချစ်သူ မြန်မာပြည်မှာ လက်ထပ်လိုက်ကြတယ်။ သားလေးတစ်ယောက်မွေးလာတဲ့အချိန်ထိ ကျွန်မနဲ့သူမ ညီမတွေလို ခင်မင်မင်မင်ဖြစ်လျက်ပါပဲ။ တဇွတ်ထိုးဆန်ပြီး လုပ်ချင်ရာ လုပ်တတ်တဲ့ သူမအကျင့်ကို ကျွန်မဘေးကနေ အမတစ်ယောက်လို အမြဲတမ်း အကောင်းဆုံးကို အကြံပေးခဲ့တယ်။ စိတ်ပျက်စပြုလာတဲ့ အဝေးရောက် သူမခင်ပွန်းကိုလည်း မိသားစုရဲ့ပျော်စရာအနာဂတ်အကြောင်း ၊ သူမရင်ဖွင့်သမျှ အချစ်တွေအကြောင်း ၊ သူမကို ပိုမိုစာနာ နားလည်ပေးစေဖို့ စာပို့ပြီး အတတ်နိုင်ဆုံးလုပ်ပေးခဲ့တယ်။

သူမ စင်္ကာပူကို ပြန်လာချင်တဲ့အတွက် သူမအတွက် လိုအပ်သမျှကို ကျွန်မ အကောင်းဆုံး ကြိုးစားလုပ်ပေးခဲ့တယ်။ သူမ စင်္ကာပူမှာ လုပ်သွားတာတွေက အနည်းငယ်ဆိုးရွားတာကြောင့် ကျောင်းဝင်ခွင့်ကို ပြန်မရခဲ့ဘူး။ သူမအတွက် အခြားကျောင်းဝင်ခွင့်တွေကို ကျွန်မ အချိန်တွေ အများကြီးပေးပြီး ကြိုးစားလုပ်ပေးနေခဲ့တယ်။ နိုင်ငံခြားရောက်နေတဲ့ သူမရဲ့ယောက္ခမတွေဆီကနေ သူမတောင်းသမျှ ငွေကိုလည်း ကျွန်မကပဲ တစ်ဆင့်ငွေပြန်လွှဲပေးခဲ့တယ်။ သူမချက်ချင်းလိုအပ်ရင် ကျွန်မနေ့မကူးဘဲ ချက်ချင်းကူညီပေးပြီး သူမပြောသမျှ အခက်ခဲတွေကိုပဲ အဟုတ်ကြီးထင်နေခဲ့တယ်။ ကျွန်မအကြောင်းကို ကောင်းကောင်းသိပြီး ယုံကြည်ခင်မင်နေတဲ့ သူမယောက္ခမတွေဟာ ကျွန်မကိုသာ အမြဲလာမေးတယ်။ အမှန်တွေထင်နေတဲ့ ကျွန်မကလည်း သူမ တကယ်လိုအပ်ကြောင်းတွေချည်း ထပ်တလဲလဲပြောပေးခဲ့တယ်။

တဖြေးဖြေးနဲ့ အချိန်တွေကုန်လွန်လာပြီး ကျွန်မ လက်ထပ်ဖို့ အချိန်တစ်ခု ဆုံးဖြတ်ချက်ချပြီးချိန် ကျွန်မ သူမကို ပြောပြခဲ့တယ်။ မြန်မာဝတ်စုံဝတ်ပြီး ပွဲလေးတစ်ခု လုပ်ချင်တဲ့ ကျွန်မဆန္ဒကို သူမကို ပြောပြမိတယ်။ သူမက ရန်ကုန်မှာ ကျင်လည်နေတာကြောင့် ကျွန်မ သူမကို မေးမြန်းခဲ့တယ်။ ကျွန်မလိုချင်တဲ့ ပိုးထည်ဒီဇိုင်းကို သူမကို ပြောပြတယ်။ သူမက ကျွန်မလိုချင်တဲ့ပိုးထည်ကို ရှာတွေ့ပြီပြောပြီး ပိုးထည်စလေးကို ပြောပြတယ်။ သိပ်ကြိုက်နေမိတဲ့ ကျွန်မ ချက်ချင်းပဲ သူမကို ငွေ(၅)သိန်းကျော် အရင်လွှဲပေးလိုက်တယ်။ ပုံတော်ဖိနပ်အလှနဲ့ပုဝါတွေကိုပါ ကျွန်မကို သူမက ၀ယ်ပေးမယ်ပြောတဲ့အတွက် ကျွန်မ သူမကို သိပ်ကျေးဇူးတင်ခဲ့မိတယ်။ ရက်ကလေးတွေ တဖြေးဖြေးကုန်လွန်လာပြီး သူမလည်း ပျောက်တစ်ချက် ၊ ပေါ်လာတစ်ချက်နဲ့ ဖြစ်လာတယ်။ ကျွန်မ သူမအိမ်ကိုဖုန်းဆက်တိုင်း သူမ အိမ်မှာ မရှိနေတာများတယ်။ သူမ အဘွားတွေ ၊ အဒေါ်တွေကို မေးတိုင်း သူမ အိမ်ကို သိပ်ပြန်မလာကြောင်း ၊ ဘယ်တွေသွားလို့သွားနေမှန်း တကယ်မသိကြောင်း ၊ သူမသားကိုလည်း သူတို့ကပဲ စောင့်ရှောက်ထားရတာတွေ ကျွန်မကိုပြောပြတယ်။ အချိန်တွေ လတွေကြာလာသည့်တိုင် သူမ ကျွန်မကို ဆက်သွယ်တာတွေ နည်းလာတယ်။ ဆိုးရွားစွာ ဖြစ်ပျက်နေတဲ့ သူမ အခြေအနေတွေကို ကျွန်မ နောက်ပိုင်းမှ သေချာသိလိုက်ရတယ်။ မမျှော်လင့်မိတာတွေ ကျွန်မ ကြားသိရပြီး အဝေးမှာ အလုပ်လုပ်နေတဲ့ သူမခင်ပွန်းနဲ့ သူမယောက္ခမတွေကို ကျွန်မ သိပ်မျက်နှာပူမိသွားတယ်။ ကျွန်မ စိတ်တော်တော်လေသွားရင်း သူမ ကျွန်မကို လိမ်ခဲ့တာတွေအားလုံးကို စိတ်ထဲမှာ တော်တော်မကောင်းဖြစ်ခဲ့မိတယ်။

“အမေထက် ဆယ်ပြန်ဆိုးနေတယ်”လို့ ဖုန်းထဲကနေ ငိုသံပါကြီးနဲ့ ပြောနေတဲ့ သူမ အဘွားတွေကိုယ်စား ကျွန်မစိတ်မကောင်းသိပ်ဖြစ်ခဲ့ရတယ်။ သူမရဲ့လုပ်ရပ်တွေအားလုံးကို သူမအဘွားတွေ အဒေါ်တွေကပါ သိသွားကြပြီး ကျွန်မကို တောင်းပန်ကြချိန် ကျွန်မ သူမကို စိတ်ပိုမျက်ခဲ့မိတယ်။ သူမ ကျွန်မကို တွေ့တိုင်း ပစ္စည်းတွေပို့တော့မယ် ၊ ပို့တော့မယ် ဆိုသော သတင်းကြောင့် ကျွန်မ သူမကို သိပ်မယုံတော့ပေမယ့် စောင့်နေခဲ့တယ်။ အမျိုးမျိုး ဇာတ်လမ်းတွေဆင်ပြီး သူမပြောနေတာကို ကျွန်မရိပ်မိလာနေပေမယ့် ကျွန်မကိုယ်တိုင် မြန်မာပြည်ပြန်ပြီး ၀ယ်ခြမ်းဖို့ မဖြစ်နိုင်တာကြောင့် သူမကိုပဲ လေပြေလေးနဲ့ အကောင်းဆုံးပြောခဲ့ရတယ်။ တစ်စုံတစ်ရာ ရှင်းပြခြင်းမရှိဘဲ သူမနှင့် အဆက်သွယ်အားလုံးမရတော့ချိန် အလုပ်တွေများရင်း စိတ်လည်းပျက်သွားတဲ့ ကျွန်မ မြန်မာသတို့သမီးဝတ်စုံကို စိတ်ပျက်လက်လျှော့ခဲ့တယ်။ မင်္ဂလာအခမ်းအနားမတိုင်ခင် မိသားစုလောက်နှင့်အတူ မြန်မာဆန်ဆန် မင်္ဂလာဆွမ်းကပ်ရန် အစီစဉ်ကို ကျွန်မ စိတ်ပင်ပန်း ၊ စိတ်ပျက်စွာနဲ့ လက်လျှော့လိုက်တယ်။ အဓိက မင်္ဂလာအခမ်းအနားအတွက်ပဲ ဆက်လက်စီစဉ်နေခဲ့ရင်း အလိမ်ခံရခြင်းပြဿနာ ၊ စင်္ကာပူနိုင်ငံနှင့်မြန်မာလူမျိုးများ ပြဿနာ အစရှိတာတွေနဲ့ပဲ စိတ်တစ်ခုလုံး ရှုပ်ထွေးနေခဲ့ရတယ်။

ဘ၀မှာ လူတစ်ယောက်ဟာ မိမိတန်ဖိုးကို မိမိလုပ်ရပ်နဲ့ပဲ တိုင်းတာသတ်မှတ်ရတယ်။ ငွေတန်ဖိုးသိပ်မများပေမယ့် အလကားထိုင်နေရင်း ရလာတဲ့ငွေမဟုတ်တဲ့အတွက် နှမြောမိသလို နှစ်တွေနဲ့ချီ ခင်မင်ရင်းနှီးပြီး အမြဲတမ်းအကောင်းဆုံးလုပ်ပေးခဲ့တဲ့ ခင်မင်မှုတန်ဖိုးတွေကို ရိုက်ချိုးခံလိုက်ရတဲ့အတွက် စိတ်တကယ်နာမိပါတယ်။ မင်္ဂလာကိစ္စဖြစ်တဲ့အတွက် စိတ်ထဲမှာ ပိုမိုခွင့်မလွှတ်နိုင် ဖြစ်ခဲ့ရတယ်။ ဒီကိစ္စအတွက် ကျွန်မ စိတ်ထဲ ထိခိုက်သွားချိန်မှာ ကျွန်မကို တစ်စက်မှ မဆူဘဲ သင်ခန်းစာယူဖို့ပဲပြောတဲ့ ချစ်သူကို ကျွန်မ တကယ်ပဲကျေးဇူးတင်မိတယ်။ မိဘတွေက ကျွန်မကို အားမလိုအားမရဖြစ်စွာနဲ့ လေးလေးနက်နက် အကြံပြုခဲ့တယ်။ ဘ၀သင်ခန်းစာဆိုတာ ခံရပြီးချိန် ပိုမိုမှတ်မိသွားတယ်။ ခင်မင်မှုနဲ့ယုံကြည်မှုဆိုတာ တစ်ကန့်စီရှိနေခြင်းကိုလည်း ကျွန်မ ပိုမိုသဘောပေါက်မိသွားတယ်။ လူဆိုတာ အမှားမကင်းပေမယ့် လူတိုင်းမှာ မိမိဘ၀ကို လှလှပပခြယ်မှုန်းပိုင်ခွင့်ရှိပါတယ်။ ပတ်ဝန်းကျင်ဆိုတာ မိမိလုပ်ရပ်တွေအပေါ်မှာပဲ ကြည့်ရှုအကဲခတ်သွားမှာပါပဲ။ ဘ၀မှာ အရေးကြီးဆုံးက မိမိလိပ်ပြာမိမိလုံရင်း အေးချမ်းပျော်ရွှင်စွာ နေနိုင်ဖို့ပါပဲ။ မိမိတန်ဖိုးကို မိမိသတ်မှတ်လိုက်တဲ့ ၊ အမှားတွေထဲကနေ ရုန်းထွက်ဖို့ မကြိုးစားဘဲ မိုက်မဲသော အမှောင်လောကထဲမှာပဲ ကျင်လည်ချင်ရင်း နစ်သထက် နစ်နေတဲ့ “ယဉ်ယဉ်လင်း” လို သူငယ်ချင်းမျိုးတစ်ယောက် စောစောစီးစီး ကျွန်မဘ၀ထဲက ထွက်ခွာသွားတဲ့အတွက် ကံတရားကို ကျွန်မ ကျေးဇူးတင်ရမှာပေါ့ ..... ။

အခြားလိမ်လည်ခံရခြင်းပို့စ်များ

ကိုပေါအလိမ်ခံရခြင်း

31 comments:

Anonymous said...

ညီမလေးရေ ကိုယ်ချင်းစာမိပါတယ်..ဘယ်လောက်ခံပြင်းဒေါသထွက်စရာကောင်းလဲဆိုတာ...ဒါပေမဲ့ကိုယ်ကကောင်းပေမယ့် ကိုယ့်ကိုပြန်မကောင်းတဲ့ အပြင် ယုတ်မာသွားကြတဲ့သူတွေကို မေတာသာထားလိုက်ပါ..ကိုယ်ကောင်းတဲ့ ကုသိုလ်ကိုခံရမှာပါ..သူမကောင်းတဲ့ အကုသိုလ်သူခံရလိမ့်မယ် ညီမ...( ဒါပေမဲ့ သူ့photo ကြီးပါတင်ထားတာတော့ မကောင်းဘူးလို့ မြင်မိတယ်..သူ့အကုသိုလ်မှာ ကိုယ်ပါဝင်ရောမပါမိစေနဲ့ ညီမ)
LLKSကိုအမြဲအားပေးလျှက်

လင်းလက်ကြယ်စင် said...

ကိစ္စက ပူပူနွေးနွေးဖြစ်နေတာမို့ ဒေါသက မပြေသေးဘူးထင်ပါတယ်။ စိတ်ပေါက်ပေါက်နဲ့ သူ့နာမည်နောက်မှာ သူ့လင့်ခ်ပါ ချိတ်လိုက်မိတယ်။ မကောင်းဘူးဆိုတာ ပြန်သုံးသပ်မိရင်း လင့်ခ်ပြန်ဖြုတ်လိုက်ပါတယ်။ စိတ်သိပ်မပြေသေးလို့ထင်ပါတယ်။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင် :)

boy said...

ကောင်းတဲ့ပိုစ့်ပါ။ စာရေးသူနဲ့ထပ်တူ ခံစားမိပါတယ်။
အားပေးနေမယ်။

boy said...

ကောင်းတဲ့ပိုစ့်ပါ။ စာရေးသူနဲ့ထပ်တူ ခံစားမိပါတယ်။
အားပေးနေမယ်။

may said...

Thein Nyo (Silk Weaving)
Ohn Daw Quarter, Amarapura, Mandalay
Tel: 02-70059, 02-70452
Silk and Cotton weaving product

Shwe Sin Tine' Family Silk House
Maung Dun Yat, Mahagandaryon Rd, Amarapura, Mandalay
Tel: 02-70030, 02-70767
Silk and Cotton weaving product

Shwe Kant Kaw Silk House
No. 70, 78th St, (Between 34th & 35th St),
South of Yadanarbon Market, Mandalay
Tel: 02-89560, 09-2007584
Silk and Cotton weaving product
ညီမလေး ရန်ကုန်မှာ ဆိုင်ခွဲတွေရှိလိမ့်မယ်...ပီးရင် latest design နဲ့ ညီမကြိုက်တယ့်အေ၇ာင်ပြောပီးမှာလိုက်လေ.. ဒေါ်သန်းနုတို့ဆိုင်ကနေပို့ခိုင်းလိုက် ပီး၇င် penisualar ကဆိုင်မှာဖြစ်ဖြစ် ချုပ်လိုက်ပေါ့..or ကိုယ်တိုင်းသိ၇င် ရန်ကုန်မှာ ၂ရက်ဆိုရတာပဲ..တသက်တခါ မင်္ဂလာဆောင်ရတာ..ကိုယ်လုပ်ချင်တာ သူများကြောင့် အပျက်မခံနဲ့ညီမလေး... အကူညီလိုရင် mail ပို့လိုက်နော်...Moderation လုပ်ပီး comment ပေါ်မတင်ပါနဲ့နော်..င်္ဟီးး

MANORHARY said...

မိတ်ဆွေသူငယ်ချင်းအစစ်ဆိုတာကလဲ...
တစ်ခါတစ်ခါကျတော့ မရှာပဲရတတ်သလို တစ်ခါတစ်ခါကျတော့လည်
မထင်တဲ့အရာတွေဖြစ်တတ်ပါတယ်။
အဲလိုခံစားမှုတွေကိုကြောက်လို့ဘယ်သူ့ကိုမှသိပ်သံယောဇဉ်မထားဖြစ်တာ
တောင်ကြာပေါ့...။

GreenGirl said...

စိတ်အနှောင့်အယှက် ကင်းကင်းနဲ့ အစစအရာရာ အဆင်ပြေပါစေ ညီမလေးရေ :)

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

ဒီလိုပါပဲ ညီမလေးရေ ။ ဖြစ်တတ်ပါတယ် ။ ငွေကြေးဆုံးရှုံးတာထက် ကိုယ် ထားခဲ့ဖူးတဲ့ စိတ်ကောင်းစေတနာကောင်းလေး မဆုံးရှုံးစေချင်ဘူး ။ ခုလို ပျော်ရွှင်ရမဲ့ အချိန်လေးတွေမှာ ကျန်တာတွေ မေ့ထားလိုက်ပေါ့ ။
ပျော်စရာကောင်းတဲ့ ပွဲလေးအကြောင်းကို ဖတ်ရှု ဝမ်းမြောက်ဖို့ မျှော်နေမယ်ဗျာ။
ဒါနဲ့ ခုလို ပွဲရက်နားနီးရင် စိတ်အနှောက်အယှက်ဖြစ်စရာလေးတွေ ကြုံတတ်တာ သဘာဝပဲ ညီမလေးရဲ့ ။ အဓိက ကတော့ ၂ ယောက်စလုံး ကျန်းမာရေးတော့ ဂရုစိုက်ကွ ။ အိပ်ရေးတောင် အပျက်မခံကြနဲ့ ။ ဒါမှ ပွဲနေ့မှာ လန်းမှာပေါ့ နော့။

Anonymous said...
This comment has been removed by a blog administrator.
ကိုပေါ said...

မလင်းလက်.....

ကျနော် အင်တာနက်ပေါ်မှာ ဖတ်ဖူးသမျှ လိမ်ညာခြင်းတွေထဲမှာ တဖက်သားရဲ့ ယုံကြည်မှု၊ မေတ္တာနဲ့ ခင်မင်ရင်းနှီးမှုတွေကို ခုတုံးလုပ်တဲ့ လိမ်ညာမှုဟာ အဆိုးရွားဆုံးပဲလို့ ရေးသားထားတာကို တနေရာမှာ ဖတ်ဖူးပါတယ်။

အပေါ်က အမည်မသိသို့.........

ကျနော် မလင်းလက်ကိုရော၊ သူ့ချစ်သူရောကိုပါ အပြင်မှာ သိပါတယ်။ မိတ်ဆွေရဲ့ မေးခွန်းကို မလင်းလက်ဖြေကြားတဲ့အတိုင်း အမှန်ပါပဲဆိုတာ ကျနော် ထောက်ခံပေးလိုက်ပါတယ်။

Anonymous said...

အစ်မလင်းလက်ရေ.... ခင်မင်မှုနှင့်လိမ်လည်ခံရခြင်း ပို့စ်လေးကို သေသေချာချာ ဖတ်သွားပါတယ်...စိတ်ထဲလည်းမကောင်းပါဘူး...
ဘာပဲပြောပြော အစ်မရယ် အဲလိုလူလိမ်ခံရတာ အရှေ့ ဘ၀ကို သူ့ကို ပေးဆပ်စရာရှိလို့ ဒီဘ၀မှာ ပေးဆပ်လိုက်တယ်လို့ ပဲ သတ်မှတ်ယူလိုက်ပါ။
"လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ"လို့ မက်မက်လည်း ဆုတောင်းပေးပါတယ်နော်။ :)

အစ်မရဲ့မဂ်လာ ပွဲအတွက် ကွန်ကရပ်ကျူလေးရှင်းပါ နော်.. :)

အစ်မ နော်.. မဂ်လာ လက်ဖွဲ့ အကြီးကြီးပို့လိုက်မယ်... ဟိဟိ...
လောလောဆယ် မင်္ဂလာ လက်ဖွဲ့အတွက် အာဝါးးးးးးးးးး အမြှောက်တသိန်း
နော်......

Anonymous said...

တီတီလင်းလက်... .. ထာဝရ ပျော်ရွှင်ဖွယ် အိမ်ထောင်ရေးလေး ပိုင်ဆိုင်ပါစေနော်... :) :)

စီဘောက်မှာ ရေးလို့မရလို့ ဒီမှာပဲ ရေးခဲ့တယ်.. လော့အင်လုပ်တာ pw
က မှားနေတယ်တဲ့... ပါ့ဝပ်ကလည်းမေ့နေတယ်.. နာမည်အသစ်
ကလည်းဖွင့်လို့မရဘူးတဲ့.. ဟင့်.. ဒါကြောင့် ဒီကနေပဲ.. ပြောခဲ့လိုက်တယ်နော်...

သာယာလှပအေးချမ်းတဲ့ မိသားစုဘ၀လေး ပိုင်ဆိုင်နိုင်ပါစေလို့
ဆုမွန်ကောင်းတောင်းပေးပါတယ်အစ်မရေ... နော်... :)

လင်းလက်ကြယ်စင် said...

ကိုပေါရေ >> အမှန်တရားအတွက် ကျေးဇူးတင်ပါတယ်ရှင်။

Dream >> နောက်တပတ်မှ အသက်(၂၀)ပြည့်မှာပါကွယ်။ တီတီရာထူးတောင် ရသွားပြီလား :D ။ ဆုတောင်းပေးတာ ကျေးဇူးပါ။ C-Box အကောင့်သစ် ဖွင့်ချင်ရင် username & password ကို အီးမေးလ်နဲ့ ပို့လိုက်လေနော်။ အလုပ်မအားသေးလို့ စီဗောက်စ်ကို လုံးဝ မဖွင့်ပေးသေးတာပါ။ မဟုတ်ရင် မမြင်ဝံ့တာတွေကို မဖျက်နိုင်သေးလို့လေ။ မင်္ဂလာ လက်ဖွဲ့ဆိုရင်တော့ စိတ်ဝင်စားတယ်လေနော် :P ။ လက်ဖွဲ့သဘောထက် အမှတ်တရပေါ့ :P နောက်တာပါ။ ပျော်ရွှင်ပါစေ :)

PHYO said...

မလင်းလက် အဖြစ်ကစိတ်မကောင်းစရာနဲ့
သံဝေဂ လဲတော်တော်ရပါတယ် နောက်ဆိုလူတိုင်းကိုအရမ်းမယုံတာကောင်းမယ်နော်

Anonymous said...

လင်းလက်ရဲ သိက္ဓာ နဲ့ ရိုးသားမှု ကို ကျမ ကောင်းကောင်းသိပါတယ်

khine

Anonymous said...

Anyway, you shouldn't mention her name. Don't let other person to affect your character.

To First Anonymous:
You shouldn't ask the blogger's private matters in the comment. If you want to know, send her e-mail.

M.Y. said...

ခင်မင်မှု နဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်တတ်သောသူ ရဲ့ ရှေ့မှာကြုံရမယ့် ဘ၀လမ်းက ပြေးကြည့်စရာမလိုပါ။
ခင်မင်မှုနဲ့ လဲ ပြီးရလိုက်တဲ့သင်္ခန်းစာကလဲ ဘ၀တလျှောက်လုံးတန်ဖိုးရှိတဲ့အတွက် ညီမ မရှုံးပါ။

by name နဲ့ ဘလော့ဂ်ရေးနေတဲ့မလင်းလက်လိုဘလော့ဂါတစ်ယောက်ကို အပြုသဘောမဆောင်ဘဲ ကွန်မန့် တွေမှာ အထက်က anonymous လို့ personal တွေတိုက်ခတ်ကြတာလဲ လူ့ ယဉ်ကျေးမှုတစ်ခုလို့ ကျွန်တော် မယူဆပါ။ (အထူးသဖြင့်ရေခြားမြေခြားမှာ မြန်မာ့ဓလေ့၊ယဉ်ကျေးမှု ကိုလေးစားထိန်းသိမ်းထားပြီး မြန်မာပြည်ကိုချစ်တဲ့ မြန်မာမိန်းကလေးတစ်ဦး ကိုပေါ့။)

Anonymous said...

ဒီလိုပါပဲ.. မဗေဒါလဲ ခံရပေါင်းမနဲဘူး.. မဗေဒါတုန်းကယောင်္ကျားလေးသူငယ်ချင်း... သူ့ကြိုက်လို့ လိုက်လုပ်ပေးတယ်လို့တောင် ပြောခံလိုက်ရသေးတယ်..

Anonymous said...

ညီမလင်းလက်...ဖတ်ရတာစိတ်မကောင်းပါဘူးဗျာ၊ မင်္ဂလာနေ့ရက်ကာလမှာ ဆိုတော့ Stress တစ်ခုထပ်တိုးစရာ ဖြစ်နိုင်တာပေါ့လေ...၊

ဖြစ်ပြီးခဲ့သမျှကနေ သင်ခန်းစာယူပြီး ရှေ့ဆက်လျှောက်ဖို့ပါပဲ၊ မင်္ဂလာရှိသော နေ့ရက်ကာလများစွာကို ကိုယ့်ရဲ့ other half နဲ့အတူ တပေါင်းတစည်းထဲ ကျစ်လစ်ခိုင်မြဲစွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်...။

Anonymous said...

sis,

i agree it is bad, and understand your frustrations especially when u planned to use that dress for upcoming wedding.

Her actions being bad is her own fault, but defaming her would not be so nice from a matured blogger. We should not blame her life out just for the brush of this specific incident. I do not know her, but as a person, she has a life to live too. blacklisting a person in a publishing lik this is way too harsh.

i hope you would want to write the above topic like a story without mentioning any specific persons. just my 2 cents of good will to support you. wish you have great time and congratulations for your wedding.. way to go.. :)

Anonymous said...

another gift for you.. especially at this time that you should be happy..

just be like Pollyanna, and you will be making yourself happy too.. :)

လင်းလက်ကြယ်စင် said...

အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ကျွန်မဘ၀မှာ ဒီလောက်မဆိုးပေမယ့် ဒုက္ခပေးခံခဲ့ရတာတွေ အမျိုးမျိုးရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်ဟာ ငွေတန်ဖိုးထက် မေတ္တာ ၊ စေတနာ ၊ ခင်မင်မှုများစွာ ၊ ယုံကြည်မှု အစရှိတာတွေအားလုံး လေးလေးနက်နက် ပါဝင်နေတာမို့ သိပ်ကိုခံစားစိတ်ပျက်ခဲ့ရပါတယ်။

အရပ်ထဲမှာ လူတစ်ယောက်ဟာ သူခိုးဆိုရင် သူခိုးလို့ သတ်မှတ်ခံရတယ်။ မိန်းမပျက်ဆိုရင် မိန်းမပျက်လို့ သတ်မှတ်ခံရတယ်။ ဒါဟာ ဓမ္မတာပါပဲ။ မိမိရဲ့ ရှေ့ဆက်ဘ၀မှာ မိမိလုပ်ခဲ့တဲ့ အမှားတစ်ခုကို ပြန်လည်ဖျောက်ချင်တယ်ဆိုရင် အလုပ်နဲ့ပဲ သက်သေပြရပါတယ်။ ကျွန်မက သူ့နာမည်ပဲဖြစ်ဖြစ် ၊ သူ့ Biography ကြီး တင်ထားရင်တောင်မှ သူက မိန်းမကောင်းတစ်ယောက်အဖြစ် ပြန်လည်ကြိုးစားတည်ဆောက်ချင်တယ်ဆိုရင် သူ့ရဲ့ အနာဂတ်လုပ်ရပ်တွေပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်မအပေါ် မမူတည်ပါဘူး။

သေချာတာတော့ ဒီအဖြစ်အပျက်ကို ကျွန်မ ဒေါသမထွက်တော့ပေမယ့် အင်မတန်မှသိပ်ချစ်ခင်ခဲ့ရတဲ့ ကျွန်မ မေတ္တာတွေကို စော်ကားခံလိုက်ရတဲ့အတွက် ၊ တစ်သက်မှာ တစ်ခါပဲ ကြုံတွေ့ရတဲ့အချိန်ကာလမှာ ကိုယ်သိပ်ချစ်ခင်ကူညီပေးနေခဲ့ရတဲ့ လူတစ်ယောက်က ဒီလိုစိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တဲ့အတွက် ခွင့်လွှတ်နိုင်မယ်မထင်ပါဘူး။ ကျွန်မဘ၀ထဲမှာ ဒါကို ထုတ်ပစ်လိုက်ခဲ့ပါပြီ။ ပျော်ရွှင်စွာနဲ့ လှပနေတဲ့ အနာဂတ်တစ်ခုအတွက် အကောင်းဆုံးပြင်ဆင်လျှောက်လှမ်းနေရင်း ကျွန်မရဲ့စာဖတ်သူတွေ မျှော်လင့်သလောက် ဒီအဖြစ်အပျက်အပေါ် မေတ္တာသိပ်များများ ကျွန်မ မထားနိုင်သေးတာ ခွင့်လွှတ်ပါ။ ဆုမွန်ကောင်းများအားလုံးအတွက် ကျေးဇူးအများကြီးတင်ပါတယ် :)

Anonymous said...

လင်းလက်လေး...
မမ အခုမှ လာဖြစ်တော့တယ်..
ဟိုရက်တွေက ရောက်ဖြစ်ပေမယ့်..
ပို့စ်အသစ်မတင်တာကြာတော့..
မရောက်ဖြစ်တော့ဘူး..
လင်းလက်လေးနဲ့...သူနဲ့ ဘယ်လောက်ထိခင်လဲဆိုတာ..
မမ ချက်မှာနစ်တစ်ခုတည်းသုံးကတည်းက
သိခဲ့ရပါတယ်...
ခုတော့လည်း..သူ့လမ်းသူသွားတာပါပဲ..
အရမ်းလည်း..စိတ်မတိုပါနဲ့တော့နော်..
လင်းလက်လေး..အရာအားလုံးကိုအစဉ်မေတ္တာထားနိုင်ပါစေ..
ပေါက်

Anonymous said...

အင်း..... ဖတ်ရတာ စိတ်မကောင်းစရာပဲဗျာ။အဲဒါကြောင့်ရှေးလူကြီးတွေကပြောတာ
ကိုယ်ကကြူးကိုယ့်ဒူးတောင် မရုံနဲ့တဲ့။ ဘာပဲဖြစ်ဖြစ်ပါလေ
ခွင့်လွှတ်လိုက်ပေါ့ဗျာ(ပြန်မှမရတော့တာ)သူလဲ သူ့အခက်အခဲရှိလို့နေမှာပေါ့ဗျာ။

Anonymous said...

Let me say as my own sister. I dun think this is not yr friend's fault . This is only your fault because you didnt obey yr parents suggestion. Even you know her ture color, you allow her to stay together at your home. So you should deserve that kind of payment.

Anonymous said...

Let me say as my own sister. I dun think this is not yr friend's fault . This is only your fault because you didnt obey yr parents suggestion. Even you know her ture color, you allow her to stay together at your home. So you should deserve that kind of payment.

Unknown said...

Nyi Ma yay,
Have a beautiful life with your Mr. Right.
We all want to see u r so happy with your man but we are waiting for your new posts, too. (Am I selfish?) :)

Unknown said...

very bad story,that shows u need to study more about people.
I though she had no choice and did it.

Anonymous said...

သူ့ နာမည်ကြီးဖော်ပြထားတာတော့ မကောင်းဘူးထင်တယ်..

myint oo said...

my sisrte u din't mind now she already gone . if u mind him u also no happy u life .i want to talk with myammar language but i no have myanmar font . i want to say more but my english is no good so stpo here .GOD BLESS U .byeeeeeeeeeeeeeeeeeeee

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။