Monday, October 20, 2008

ဖြစ်သလိုစား ..

ဒီအကြောင်းကို TAG ထားတာ နည်းနည်းကြာနေပါပြီ။ ဒီတစ်ခါ ကျွန်မကို TAG တာက (၂)ယောက်ဖြစ်သွားတယ်။ ရေးတာ နောက်ကျသွားတာ ဆောရီးပါရှင်။ TAG တွေများနေတော့ အခြားအကြောင်းအရာလေးတွေ မရေးခင် စုပုံရေးချလိုက်ရင် စာဖတ်သူတွေကို အားနာတာကြောင့် ဖြေးဖြေးမှ ရေးခဲ့ခြင်းပါရှင်။

စင်္ကာပူမှာ ကျွန်မ မိသားစုနှင့်အတူနေတယ်ဆိုပေမယ့် အလုပ်များသော နေ့စဉ်သဘာဝများကြောင့် အလုပ်ပိတ်ရက်နှင့် မပင်ပန်းသောနေ့ရက်များသာ အိမ်ထမင်းဟင်းကို ကောင်းကောင်းချက်စားနိုင်ပါတယ်။ ပုံမှန်ဆိုရင် မနက်ခင်း အိပ်ယာနိုးလာကြရင် မိမိကြိုက်နှစ်သက်သော မနက်စာတစ်ခုခုကို အိမ်သားတွေက ကိုယ်ကြိုက်သလို စားသွားကြပါတယ်။

Myojo Thai Tom Yam ကို ကျွန်မတို့မောင်နှမတွေ ကြိုက်တဲ့အတွက် အချို့ရက်တွေမှာ ခေါက်ဆွဲစားလိုက်ကြသလို အချို့ရက်တွေမှာ ကော်ဖီနှင့်ပေါင်မုန့်ကို ငြီးငွေ့စွာ စားဖြစ်ကြပါတယ်။ အလုပ်ပိတ်ရက်တွေမှာ ခေါက်ဆွဲသုပ် ၊ နန်းကြီးသုပ် တစ်ခါတစ်လေ လုပ်စားဖြစ်ကြပါတယ်။ ရံဖန်ရံခါ အပြင်မှာ မနက်စာ သွားစားတတ်ကြပေမယ့် တရုပ်အစားအစာတွေလည်း အနံ့တောင်သိပ်မခံချင်တော့။ ဘာပဲစားစား အစားအသောက်တွေက မကြာခဏ ထပ်နေတော့ စိတ်ပျက်ရပါတယ်။


ကျွန်မတို့အိမ်မှာ အိမ်သားအားလုံးက ချဉ်ရေဟင်းတစ်ခွက်ပါမှ ထမင်းစားမြိန်တတ်ကြတယ်။ ကျွန်မ အမေက ချဉ်ရေဟင်း နှင့် ငါးဟင်းချက်တာ အတော်ဆုံးပါပဲ။ အဖေကတော့ ဆီပြန်ဟင်းချက် ကောင်းပါတယ်။ ဘာကြောင့်မှန်းမသိ အမေချက်သော သီးစုံဟင်း ၊ ကန်စွန်းရွက်ချဉ်ရေဟင်း ၊ ငါးလေးအိုးကပ်တို့က သိပ်စားလို့ကောင်းပါတယ်။ နေ့စဉ်မှာ ညနေစာလောက်ကိုပဲ အိမ်မှာ သေချာချက်စားဖြစ်ကြတယ်။ အလုပ်ချိန်များပြီး ပင်ပန်းကြတဲ့ ကျွန်မ မိဘတွေကို သနားညှာတာမိရင်း မီးဖိုချောင်ကိစ္စကို နောက်ပိုင်း ကျွန်မကပဲ တာဝန်ယူလိုက်ပါတယ်။ ဒါပေမယ့် ကျွန်မ ချက်သောဟင်းတွေက အလွန်စားကောင်းလောက်အောင် မဖြစ်သေးတဲ့အတွက် အိမ်သားတွေကို ပြန်အားနာမိပါတယ်။

ကျောင်းကိစ္စတွေနှင့် အမြဲအလုပ်များနေကြတဲ့ ကျွန်မ မောင်နှမတွေက ကျောင်းမှာပဲ မနက်စာ ၊ နေ့လည်စာ စားဖြစ်ကြသလို ယခင် ကျောင်းတွေ အလုပ်တွေနှင့် အချိန်မအားခဲ့သော ကျွန်မလည်း အပြင်မှာပဲ အဆင်ပြေသလို စားလိုက်ရတာ များပါတယ်။ အဲဒီအချိန်တွေမှာ ကျွန်မ အလွမ်းဆုံးကတော့ အမြဲတမ်း ဟင်းပွဲသေချာစီမံပြီး ကျွန်မတို့ကို သေချာစားဖို့အမြဲဂရုစိုက်တတ်တဲ့ ကျွန်မ အဖွားရဲ့ ထမင်းဝိုင်းလေးပါပဲ။ ကျွန်မ အဖွားက ဟင်းချက်သိပ်ကောင်းသလို ကျွန်မတို့အားလုံး အကြိုက်ကိုလည်း သိပါတယ်။ ကျွန်မ ရန်ကုန်မှာနေစဉ်က မနက်စာဆိုရင် ကျွန်မကြိုက်သော လက်ဖက်ရည်နှင့် ပဲပြုတ်နံပြားကို အဖွားက လက်ဖက်ရည်ဆိုင်မှာသွားဝယ်ပေးပြီး အဆင်သင့်ပြင်ထားတတ်ပါတယ်။ မနက်စာစားပြီးမှ အဖွားနှင့်ကျွန်မ ဈေးသွားရင်း ကျွန်မကတော့ အဘွားဝယ်သမျှ ဈေးခြင်းတောင်းဆွဲခဲ့သူပေါ့။ စင်္ကာပူမှာ မြန်မာထမင်းဟင်း ချက်စားရတာ ပိုမိုလွယ်ကူပေမယ့် အမိမြေမှာ စုံလင်သလို မရှိတာကြောင့် မြန်မာထမင်းဟင်းကို အမိမြေမှာ စားသောက်ရတာက ပိုမိုကောင်းမွန်စုံလင်ပါတယ်။


စင်္ကာပူမှာ အိမ်ထမင်းဟင်းကလွဲ ကျွန်မမိဘတွေက အပြင်စာကို မစားကြတာ များပါတယ်။ ပန်နီဆူးလားမှာ မြန်မာငါးနှင့်အခြားအစားအသောက်များကို အမေက ပုံမှန်သွားဝယ်ရင်း မြန်မာထမင်းဟင်းကိုပဲ မက်မောစွာ စားကြတယ်။ ကျွန်မတို့မောင်နှမတွေက အခြေအနေကြောင့် အဆင်ပြေသလို အပြင်မှာကြုံရာ စားတတ်ကြပါတယ်။ အပြင်အစားအသောက်အများအပြားထဲ ကျွန်မ နှစ်သက်မိသော အစားအသောက်တွေ ရှိပါတယ်။ Swensens မှ အာလူးကြော်နှင့် စတော်ဘယ်ရီဖျော်ရည်က ကျွန်မ အမြဲတမ်းနှစ်သက်သော အစားအသောက်ထဲမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။ အပြင်ရောက်တိုင်း ထမင်းစားချင်စိတ်မရှိရင် Swensens မှာ ထိုအစားအသောက်(၂)ခုကို ၀င်စားလိုက်တယ်။

နာမည်ကြီး ပင်လယ်စာဖြစ်သော ဂဏန်းနှင့်ခရုများကို ကျွန်မက လုံးဝမစားတာကြောင့် ပင်လယ်စာ စားသောက်ဆိုင်တွေက ကျွန်မနှင့် သိပ်မသက်ဆိုင်သလို ဖြစ်လာခဲ့တယ်။ စင်္ကာပူလူမျိုးတွေက ဘယ်ပင်လယ်စာကောင်းကြောင်း ကျွန်မကိုပြောကြချိန် ပုဇွန်လောက်ပဲ စားတဲ့ကျွန်မကို အံ့သြစွာနဲ့ ခပ်အင်အင်ဖြစ်ကုန်ကြတယ်။


ပင်လယ်စာဆိုင်တွေ ကျွန်မရောက်ဖြစ်ရင် စားလေ့စားထရှိတာတော့ ထမင်းကြော်လောက်ပါပဲ။ Bedok North St 4 မှာရှိသော House of Seafood မှ Thai Tom Yam Soup ကို လတ်တလော ကျွန်မ တော်တော်လေးကြိုက်နှစ်သက်မိတယ်။ ကျွန်မအတွက် အမြဲအခက်ခဲဖြစ်လေ့ရှိတာက တစ်ယောက်စာ ထမင်းပွဲတွေကို ကုန်အောင်မစားနိုင်ခြင်းပါပဲ။ ဆိုင်တွေမှာ ထမင်းပွဲအကြောင်း သေချာမေးတိုင်း သူတို့အမြင်အရ တစ်ယောက်ပဲစားလို့ရတယ်လို့ ပြောတဲ့အတွက် ပထမအကြိမ်သွားစားချိန်မှာ အမြဲအပိုအလျှံတွေ အများကြီးဖြစ်ရပါတယ်။ ထမင်းပွဲအသေးကို မှာပြီး အခြားဟင်းပွဲနှင့်အတူ နှစ်ယောက်ခွဲဝေစားမှပဲ ကျွန်မအတွက် သင့်လျော်ပါတယ်။


Vivo City ကိုသဘောကျသော ကျွန်မ Vivo City ရောက်တိုင်း စားလေ့ရှိသော အစားအသောက်က Burger King သို့မဟုတ် Food Republic မှ Chicken Rice Set ပါပဲ။ Korean Kimchi ကိုကြိုက်သော ကျွန်မ Korean Food ကိုလည်း ကြိုက်နှစ်သက်စွာ စားလေ့ရှိတယ်။ ဒီအစားအသောက်တွေကလွဲ ကျန်သော အစားအသောက်တွေကို သိပ်မကြိုက်တဲ့အတွက် စားနေကျလောက်ကိုပဲ စားဖြစ်တယ်။ အရင်က ဘယ်အစားအသောက်မှ အပြင်မှာ စားလေ့မရှိသော ကျွန်မအကျင့်ကို `သူ´က စေတနာဖြင့် ပြုပြင်ပေးခဲ့လို့ အခုအချိန်မှာ အပြင်ရောက်တိုင်း အဆင်ပြေသလို စားတတ်တဲ့အကျင့်ကို ကျွန်မရရှိခဲ့တယ်။

ဖြစ်သလိုစားသောက်ရချိန်မှာ ကျွန်မနှစ်သက်သော မြန်မာအစားအသောက်အချို့ကို လွမ်းဆွတ်မိသလို ရောက်ရာနေရာမှာ အဆင်ပြေသလို စားတတ်ပြီဖြစ်တဲ့ ကျွန်မအတွက် `အစားအသောက်´ဆိုတာ စားမှပဲ အကျင့်ရတယ်လို့ သတ်မှတ်ထားမိတယ်။ ဘယ်အစားအသောက်မဆို အဆင်ပြေစွာစားတတ်ပေမယ့် မြန်မာထမင်းဟင်းကိုလည်း အမြဲစားချင်သူအတွက် `ဟင်းချက်ခြင်းအတတ်ပညာ´ကို လေ့လာသင်ကြားနေချိန် လူတစ်ယောက်စားနေကျ အခြေခံသဘာဝဆိုတာ ပြောင်းလဲလို့မရပါလားဟု သဘောပေါက်မိရင်း …… ။

10 comments:

မင်းမြတ်ဘုန်း said...

လာရောက်အားပေးသွားလို့ ကျေးဇူးတင်ပါတယ် မလင်းလက်ရေ အရင်ကတည်းက စာရေးကောင်းလို့ အမြဲဝင်ကြည့်ဖြစ်ပါတယ် စိဗောက်မှာတော့ register လုပ်မယ်ဆိုတော့ စာရေးလို့မရဘူး ဘယ်လို register လုပ်ရမလဲမသိဘူး။ ကျေးဇူးတင်ပါတယ်

Kaung Kin Ko said...

လာလည် သွားတယ် ညီမလေးရေ။ စားစရာ ပုံတွေ ကြည့်ပြီး ဗိုက်တောင် ဆာလာပြီ။

Sonata Cantata said...

ဟင်းချက်ခြင်းအတတ်ပညာ (ဟင်းချက်ခြင်းအနုပညာ) ကို လေ့လာသင်ကြားနေတယ်လား ညီမလေး။ တကယ်လိုအပ်လို့ တဖက်ကမ်းခပ် တတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်တယ်။ အစ်မလည်း လေ့လာသင်ယူဆဲ။ လက်ရာ မမြောက်တာတော့ ပိန်လှီလှီ သားတို့က သက်သေခံကြ၏။ လူတိုင်းလိုလို ပြောကြသလို မေမေ့ လက်ရာ အကောင်းဆုံးဆိုတဲ့ အဖြေကြားရအောင် အစ်မမှာတော့ ကြိုးစားနေရတုန်း...

တက်တူ said...

vovi city အပေါ်ဆုံးထပ် sentosa LRT နားက စားသောက်ဆိုင်တော်တော်များများ စားဖူးသလောက်တော့ ကောင်းတယ် ဒါပေမဲ့ ဈေးတော့ ကြီးတယ်ဗျ ဟီး..

Anonymous said...

လင်းလက်ရေ အင်းစိန်ထဲကြမှကောင်းကောင်းစားဟုတ်ပြီလား။

လင်းလက်ကြယ်စင် said...

အမည်မသိ ကို/မအ၀ှာရေ .. ဒီစာတစ်ခုကိုပဲ ထပ်တလဲလဲ လာကြေငြာနေပါလား .. ။ မနေနိုင် မထိုင်နိုင် ပို့စ်တိုင်းမှာ လာလာရေးနေရတဲ့ အလုပ်တာဝန်တစ်ခုကို သနားတယ်နော် အော်ရီပေးလိုက်မယ် ဟားဟား :)

strike said...

lin let kyal sin said ...
သနားတယ်နော် အော်ရီပေးလိုက်မယ် ဟားဟား :)

ဟိုထဲကြမှရီ ဟုတ်ပြီလား၊အခု လင်းလက် မိသားစုလည်းစောင်ကြည့်ကာလ ၂ နှစ်နော်၊Phone also

လင်းလက်ကြယ်စင် said...

ပေါချက်က ကမ်းကုန်။ ရမ်းသမ်းဖြီးပြီး ပြောရမယ့်နေရာမှာ သိပ်တော်ပါ့။ မနေနိုင် မထိုင်နိုင် င့ါဘလော့ခ်မှာ ခြိမ်းခြောက်မှုတွေေ၇းနေရတာလည်း သနားစရာ။ ငါ့စာတွေနဲ့ မပတ်သတ်ဘဲ မနေနိုင် ၊ မစောင့်ကြည့်ဘဲ မနေနိုင်တဲ့ ဘ၀ဆိုတာ တော်တော်သနားဖွယ်ကောင်းပါလားကွယ်။ ကျွတ်ကျွတ်။

စူး said...

ညီမရေ..အမြဲတော့လာဖတ်ပါတယ်။ မရေးဖြစ်ရခြင်းက စီဘောက်မှာလဲ အဆင်မပြေ..
ကော်မန့်မှာလဲ...း(

ဘာမှ မလွတ်တာနဲ့ ..
ဒီအလယ်မှာပဲ လာရေးပါတယ်။

ဇင်ယော် said...

ညီမရေ ဖြစ်သလိုစားတာတွေကလည်း တယ်ဟုတ်ပါ လားဟ။ အဟဲ အစ်ကိုတို့ အတွက်ကတော့ တစ်ယောက်စာ ထမင်းပွဲက တကယ့်ကို တစ်ယောက် စာပါဗျာ။ တစ်ခါတလေ စာပြီးသောက်ပြီး နောက်ထပ် အချိုပွဲလေးတောင် အဆစ်ပါသေး။ ဟေဟေ.။

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။