တစ်ခေါက်ကြည့်တိုင်း ရင်ထဲကိုတစ်ဖန်ပြန်တုန်ခါစေတဲ့ ၂၇ရက်နေ့ စင်္ကာပူမှ ကြက်ခြေခတ် ကန့်ကွက်မဲပေးရက်မှတ်တမ်းလေးပါ။
Read More...
Collapse...
ယနေ့ ၂၈ရက်နေ့ မြန်မာသံရုံးမှာ အခြေအနေကို သွားရောက်ကြည့်ရှုလေ့လာစုံစမ်းနေသော မျိုးချစ်မြန်မာများထံမှ လက်ခံရရှိသော သတင်းဖြစ်သည်။ ၂၀၀၇ ခုနှစ်ဇန်န၀ါရီလ (၁)ရက်နေ့မှစ၍ ၁) သံရုံးနှင့်ဆက်သွယ်ဖူးသူများ ( ကျောင်းသား ၊ မှီခိုထောက်ခံစာရှိသူများ .. သို့မဟုတ် .. အခွန်ဆောင်ထားဖူးသူများ ) နှင့် ၂) မြန်မာနိုင်ငံသား ပါ့စ်ပို့သက်ဝင်ရှိနေသူများ အားလုံး ယနေ့နှင့်မနက်ဖြန်တွင် ချက်ချင်းလက်ဝယ် မဲပေးနိုင်ပြီဖြစ်သည်။ မနက်၉နာရီမှ ညနေ၆နာရီခွဲတိတိထိ မြန်မာသံရုံးမှ အလုပ်လုပ်မည်။ မဲမပေးရသေးသူများ ကျေးဇူးပြုပြီး ကန့်ကွက်မဲသွားပေးပါရန် တိုက်တွန်းနှိုးဆော်ပါတယ်။ ၂၀၀၇ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့မှစ၍ သံရုံးနှင့်မဆက်သွယ်ဖူးသူများက အမည် ၊ အသက် ၊ မိဘအမည် ၊ စင်္ကာပူရှိနေရပ်လိပ်စာ နှင့် ဆက်သွယ်ရန်နာပါတ်တို့ကို ဖြည့်စွက်ပြီး သံရုံးမှာ စာရင်းသွားပေးထားရပါ့မယ်။ မြန်မာသံရုံးဘက်မှ မေလ(၁)ရက်နေ့တွင် ထိုသူများဆန္ဒမဲပေးနိုင်ရန်အတွက် အလုပ်လုပ်ပေးသွားမည်ဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သတ်ပြီး ၂၉ရက်နေ့မနက်တွင် တရားဝင်စာဖြင့် ကြေငြာပေးပါလိမ့်မည်။ ဤအချက်အလက်များနှင့်ပတ်သတ် မေးမြန်းလိုပါက စင်္ကာပူမြန်မာသံရုံး 67350 209 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။Update : ဆန္ဒမဲမပေးရသေးသော မြန်မာများ ဆန္ဒမဲပေးနိုင်ရန်အတွက် စင်္ကာပူရှိမြန်မာသံရုံးမှ ၃၀ရက်နေ့မှ ၂ရက်နေ့ထိ သုံးရက်ဆက်တိုက် တရားဝင်ထုတ်ပြန်ကြေငြာစာဖြင့် ဆန္ဒမဲပေးရက်ကို တိုးမြှင့်ပေးလိုက်ပါပြီ .. ။ မဲပေးရမည့်သူအားလုံးအတွက် သုံးရက်အပိုထွက်လာပါပြီ။ မပျက်မကွက် အားလုံး ကန့်ကွက်မဲသွားပေးပါရန် ထပ်မံနှိုးဆော်လိုက်ရပါတယ်။ ၂၀၀၇ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့မှစ၍ သံရုံးဖြင့်မဆက်သွယ်ဖူးသူများ (ကျောင်းသားထောက်ခံစာ ၊ မှီခိုထောက်ခံစာမရှိသူများ ၊ အခွန်မဆောင်ထားသူများ)ကတော့ အမြန်ဆုံး စာရင်းပေးသွင်းထားရန် လိုအပ်ပါသည်။ သံရုံးဖြင့်ဆက်သွယ်ထားဖူးသူများအားလုံးကတော့ ချက်ချင်းလက်ဝယ် ဆန္ဒမဲပေးနိုင်ကြကြောင်း သတင်းရရှိပါတယ်။
Read More...
Collapse...
ကျွန်မတို့တာဝန်ဟာ ကျွန်မတို့ရင်ထဲမှာရှိတဲ့ ဆန္ဒတွေကို ဖော်ပြရမယ့် အလုပ်ပဲဖြစ်ပါတယ်။ ကျွန်မတို့ဟာ မြန်မာလူမျိုး ၊ မြန်မာနိုင်ငံသားတွေဖြစ်တယ် .. ။ မိမိရဲ့ ရင်ထဲမှာရှိတဲ့ ဆန္ဒအတွက် အခွင့်အရေးတစ်ခုဖြစ်တဲ့ ဒီလူထုဆန္ဒခံယူပွဲမှာ `ကန့်ကွက်မဲ´ ကို တညီတညွတ်တည်း ပေးနိုင်ရပါ့မယ် .. ။ စင်္ကာပူ-မြန်မာသံရုံးမှာ ကျွန်မတို့လူထုရဲ့ဆန္ဒ ကန့်ကွက်မဲ ပေးဖို့အတွက် တနင်္ဂနွေနေ့ (၂၇ ရက်နေ့ ) နေ့လည် ၁နာရီတိတိမှာ ပန်နီဆူးလားပလာဇာ မှာ ဘတ်စ်ကားများ စီစဉ်ပေးထားပါတယ်။ မြန်မာသံရုံးကို ပန်နီဆူးလားမှ အတူသွားချင်ကြသူများ ပန်နီဆူးလားပလာဇာကို နေ့လည် ၁နာရီအမှီလာခဲ့ကြပါ။ လူစုလူဝေးကို ထင်ထင်ရှားရှား တွေ့မှာပါ။ နေ့လည် ၁နာရီခွဲတိတိမှာ ဘတ်စ်ကားများဖြင့် ကန့်ကွက်မဲပေးဖို့ မြန်မာသံရုံးကို အတူချီတက်ပါမယ် .. ။ မြန်မာနိုင်ငံသား အထောက်ထားဖြစ်တဲ့ အရေးကြီးဆုံးသော မြန်မာပါ့စ်ပို့ကို မဖြစ်မနေ ယူဆောင်ခဲ့ကြပါ .. ။ ကော်ပီ (သို့မဟုတ်) မူရင်းကို ယူဆောင်ခဲ့ပါ .. ။ မူရင်းကို သယ်လာရင်တော့ မပျောက်ကြဖို့လည်း သတိထားကြပါဦးနော် .. ။ သံရုံးနဲ့ဆက်သွယ်ထားတဲ့ အခြားစာရွက်စာတမ်းတွေရှိရင်လည်း ယူဆောင်လာခဲ့လို့ ရပါတယ်။ မြန်မာလူမျိုးမြောက်မြားစွာ နေထိုင်ကြတဲ့ ခြင်္သေ့ကျွန်းငယ်လေးပေါ်ကနေ ကန့်ကွက်မဲအင်အား ကို ကျွန်မတို့အားလုံးထင်ရှားစွာ ပြသနိုင်ရမယ် .. ။ မြန်မာလူမျိုးတွေရဲ့ မျိုးချစ်စိတ်ဓါတ်အစစ်အမှန် ၊ ရင်ထဲက သစ္စာတရားတွေကြောင့် ခြင်္သေ့ကျွန်းငယ်လေးပေါ်ကနေစတင်ပြီး ကြက်ခြေခတ် ကန့်ကွက်မဲအောင်ပွဲ ဖြစ်ရမယ်။ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်ထားနဲ့ မျိုးချစ်စိတ်ဓါတ်အစစ်အမှန်ပေါင်းစည်းပြီး မိမိဘက်က တာဝန်ဖြစ်တဲ့ မဲပြားပေါ်က ကြက်ခြေခတ် ကန့်ကွက်မဲ ကိုပေးဖို့ မျိုးချစ်ညီအကိုမောင်နှမအားလုံး တူညီစွာ ချီတက်ကြပါစို့ .. ။
Read More...
Collapse...
စင်္ကာပူနိုင်ငံကို လွန်ခဲ့သည့် နှစ်လခန့်ကမှ အုပ်ထိန်းသူအနေဖြင့် ရောက်လာသည့် ဦးလေးကြီးတစ်ဦးဟာ စင်္ကာပူနိုင်ငံမှာ ယနေ့စတင်ကျင်းပသည့် ဆန္ဒမဲပေးရေးနှင့်ပတ်သတ်ပြီး မြန်မာသံရုံးကိုတက်ကြွစွာ ယနေ့မနက် ချီတက်သွားခဲ့ပါတယ်။ သူ၏ရင်တွင်းမှာ ဖြစ်ပေါ်နေသည့် ဆန္ဒတစ်ခုကို အကောင်ထည်ဖော်ချင်သောကြောင့် စောစီးစွာ မြန်မာသံရုံးကို ရောက်ရှိသွားခဲ့ပါတယ်။ ပထမဦးစွာ မြန်မာသံရုံးရှေ့ကိုရောက်ရောက်ချင်း လုံခြုံရေးများကို မည်သည့်ကိစ္စကြောင့် ရောက်လာရသလဲဆိုတာကို သတင်းပို့ရပါတယ်။ လုံခြုံရေးအစောင့်များက ထိုလူကြီးကို စာရွက်အပိုင်းလေးတစ်ပိုင်း ထုတ်ပေးပါတယ်။ စာရွက်ပိုင်းလေးမှာ အမည် ၊ ပါ့စ်ပို့နာပါတ်နှင့် မဲပေးရမည့်အမှတ်စဉ်ဆိုပြီး ရေးသားထားပါတယ်။ ထိုစာရွက်ပိုင်းလေးမှာ ဖြည့်စွက်ပြီး လုံခြုံရေးများကိုပြန်ပေးလိုက်ပြီးနောက် မြန်မာသံရုံးမှဝန်ထမ်းတစ်ဦးက နာမည်နှင့်ပါ့စ်ပို့နာပါတ်ကိုကြည့်ကာ မဲပေးရမည့်အမှတ်စဉ်ကို ရှာဖွေပေးပါတယ်။ မြန်မာသံရုံးနှင့်အဆက်သွယ်ရှိသူများနှင့် မြန်မာသံရုံးမှ ဆန္ဒမဲပေးရန် စာပေးပို့သူများ ဆန္ဒမဲပေးရန်ဟု မြန်မာသံရုံးရှေ့မှာ ကပ်ထားသောစာအရ မြန်မာနိုင်ငံသား မြန်မာလူမျိုးတိုင်း၏နာမည် စာရင်းထဲတွင် ရှိမနေပါ။ ထိုဦးလေးကြီး၏နာမည် ရှိမနေတာကြောင့် မြန်မာသံရုံးနှင့်အဆက်သွယ်ရှိလားဟု မေးမြန်းခဲ့ပါတယ်။ မြန်မာလူမျိုးတိုင်းဟာ ပြည်ပကိုရောက်ချိန်မှာ သက်ဆိုင်ရာ မြန်မာသံရုံးကို သတင်းပေးပို့ခြင်း ၊ အခွန်ဆောင်ခြင်း ၊ ပါ့စ်ပို့သက်တမ်းပုံမှန်လာတိုးခြင်း အစရှိသည်တို့ဟာ မြန်မာသံရုံးနှင့်အဆက်သွယ်ရှိခြင်းဟု သတ်မှတ်ထားပါတယ်။ ဦးလေးကြီးက မြန်မာသံရုံးနှင့်အဆက်သွယ်မရှိပါ ၊ မကြာမီကမှ စင်္ကာပူကိုရောက်လာတာပါဟု ပြန်ဖြေချိန်မှာ ပြည်ပရှိသံရုံးနှင့်အဆက်ဆံ ၊ အဆက်သွယ်မရှိသည့်အတွက် မြန်မာပြည်တွင်သာမဲပြန်ပေးပါဟု မြန်မာသံရုံးက ဖြေကြားခဲ့ပါတယ်။ ဆန္ဒမဲပေးဖို့ စိတ်အားထက်သန်နေသော ဦးလေးကြီးမှာ မခံမရပ်နိုင်ဖြစ်စွာ `မြန်မာနိုင်ငံသားတစ်ဦးဖြစ်တဲ့ မြန်မာလူမျိုးတစ်ယောက်ဟာ ရောက်ရှိနေသော နိုင်ငံ၏သံရုံးမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိကိုရှိတယ် ၊ မြန်မာပြည်ကိုမပြန်နိုင်ပါ ´ဟု မြန်မာသံရုံးမှဝန်ထမ်းများကို အချေအတင်ပြောကြားနေခဲ့ပါတယ်။ နောက်ဆုံးမှာ မြန်မာသံရုံးဝန်ထမ်းများမှ အထက်အရာရှိများကို သွားရောက်မေးမြန်းကာ ထိုဦးလေးကြီး၏ ဖုန်းနာပါတ်ကိုယူထားလိုက်ပြီး ၂၉ရက်နေ့မတိုင်ခင် မဲပေးခွင့်ရနိုင်ဖို့အတွက် ပြန်လည်အကြောင်းပြန်လိုက်ပါမည်ဟု ပြောကြားခဲ့ပါတယ်။ ဒီအဖြစ်ပျက်ကိုကြည့်ခြင်းအားဖြင့် မြန်မာသံရုံးနှင့်အဆက်သွယ်မရှိသော မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာသံရုံးကိုစောစီးစွာ သွားရောက်သတင်းပို့ရန် လိုအပ်နေပါတယ်။ သူတို့ဘက်က ၂၉ရက်နေ့မတိုင်ခင် မဲပေးနိုင်ရန်စီစဉ်ပေးပါမည်ဟု ပြောကြားထားသောကြောင့် နောက်ဆုံးရက်နားကပ်မှ သွားရောက်လျင် အခက်ခဲပြဿနာများ ရှိကောင်းရှိလာနိုင်ပါတယ်။ ပါ့စ်ပို့သက်တမ်းတိုးခြင်းကိစ္စမှလွဲ၍ မည်သည့်မြန်မာနိုင်ငံသားကမှ အချိန်အားတိုင်း မြန်မာသံရုံးကိုသွားနေမည်ဟု ကျွန်မ မထင်ပါ။မြန်မာသံရုံးမှာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာနိုင်ငံသားများဟာ မိမိနာမည်ကို အချိန်မှီစာရင်းပေးသွင်းဖို့ လိုအပ်နိုင်ပါတယ် .. ။ ဒါကြောင့် ကျွန်မတို့ စောစီးစွာ မဖြစ်မနေ ၊ မပျက်မကွက် ၂၅ရက်နှင့် ၂၆ရက် ၊ ၂၇ ရက်များမှာ ကျွန်မတို့နိုင်ငံအတွက် စင်္ကာပူရှိ မြန်မာသံရုံးမှာ သွားရောက်စာရင်းပေး ၊ မဲပေးနိုင်ဖို့ ကြိုးစားကြရပါ့မယ် … ။ အခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်။
Read More...
Collapse...
စင်္ကာပူရှိ လူထုဆန္ဒခံယူပွဲကိစ္စနှင့်ပတ်သတ်၍ ကျွန်မဆီ နေ့စဉ်အချက်အလက်တွေကို ပေးပို့ပေးနေတဲ့ ကိုဂျေမိုးကို လေးစားကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ် ။ မြန်မာသံရုံးရဲ့ အတားအဆီးများကြား ၊ အမေးအမြန်းပေါင်းများစွာကြားမှ ဒီလိုဓါတ်ပုံတွေကို ရအောင်ရိုက်ကူးပေးလာတဲ့အတွက်လည်း အံ့သြလေးစားမိပါတယ်။ Asean Summit ဆန္ဒပြပွဲမှာအစပြုပြီး မိတ်ဆွေရင်းတွေလို လက်တွဲလှုပ်ရှားခဲ့ကာ ယနေ့သူ့ခြေလှမ်းတွေအတွက် အားကျမိသလို လက်ရှိ စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကိုဂျေမိုးအတွေ့အကြုံကို မိတ်ဆွေတို့ဖတ်ကြည့်နိုင်ပါတယ်ရှင်။
Read More...
Collapse...
ပြည်ပနိုင်ငံ အသီးသီးသို့ ရောက်ရှိနေကြသော မြန်မာများအား သက်ဆိုင်ရာ နိုင်ငံအသီးသီးရှိ သံရုံးခွင့်ပြုချက်ဖြင့် ကြိုတင်ဆန္ဒမဲများ ပေးလျှက်ရှိကြပါတယ်၊ အရှေ့ တောင်အာရှနိုင်ငံများဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန် အစရှိတဲ့နိုင်ငံများမှာ သက်ဆိုင်ရာ မြန်မာသံရုံးများမှ မြန်မာများထံသို့ စာတိုက်မှ တဆင့် စာများလိုက်လံပေးပို့နေပြီး ဆန္ဒခံယူပွဲအတွက် ကြိုတင်ဆန္ဒမဲများ ကောက်ခံလျက်ရှိပါတယ်။ စင်္ကာပူနိုင်ငံတွင်လည်း လာမည့် ဧပြီလ ၂၅၊၂၆၊၂၇၊၂၈၊၂၉ ရက်များတွင် ဆန္ဒမဲများကို ကြိုတင်ကောက်ခံမည်လို့ သိရပါတယ်၊ ထိုသို့ဆန္ဒမဲကောက်ခံပွဲများမတိုင်မှီ စင်္ကာပူနိုင်ငံရှိ မြန်မာ့အရေးလှုပ်ရှားသူများမှ တက်ကြွစွာဖြင့် စည်းရုံးလှုပ်ရှားမှုများကို မိမိတို့ နီးစပ်ရာမှာ တနိုင်တပိုင် ပြုလုပ်လျက်ရှိပါတယ်။
စင်္ကာပူနိုင်ငံရှိ မြန်မာ့အရေးနိုးကြားတက်ကြွသူများမှ မြန်မာအလုပ်သမား အများစု စုဝေးနေထိုင်ကြရာ Worker's Dormitory များသို့ သွားရောက်ပြီး ကန့်ကွက်ဆန္ဒမဲပေးရေး လှုတ်ရှားမှုများကို ကွင်းဆင်း ဆောင်ရွက်လျှက်ရှိပါတယ်။ ထိုသို့ဆောင်ရွက်ရာမှာ မြန်မာပြည်မှ စင်္ကာပူနိုင်ငံသို့် ရောက်ရှိနေကြပြီး အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများအနေနှင့် ၄င်းတို့မသိရှိသေးသော အခြေခံဥပဒေမူကြမ်း၌ ပြဌာန်းထားပြီးဖြစ်သည့် အချက်အလက်များကို မေးမြန်းခြင်းများနှင့် စင်္ကာပူရှိ မြန်မာ့အရေးလှုပ်ရှားသူများမှ ပြန်လည်ရှင်းလင်းပြောကြားခြင်းများ၊ အသင့်ယူဆောင်လာသော စာရွက်စာတမ်းများကို လက်ဆင့်ကမ်းဖြန့်ဝေပေးခြင်းများ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ စင်္ကာပူရှိ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွသူများသည် စင်္ကာပူနိုင်ငံရှိ ဘွန်လေး Boonlay, မန်ဒိုင်း Mandi, ကာကီဘူကစ် Kaki Bukit, ဂျလန်ကာယု Jalan Kayu ၊ Woodlands ရပ်ကွက်၊ ဂျွိုင်းတာဝါ Joy Tower အနီးနားတ၀ှိုက်ရှိ မြန်မာအလုပ်သမားအများစုနေထိုင်ရာ Worker's Dormitory များနှင့် မြန်မာအများစု စုဝေးရာနေရာများမှာ စည်းရုံးရေးလုပ်ငန်းစဉ်များကို လိုက်လံပြုလုပ်လျှက်ရှိပါတယ်။ တချို့ နေရာများမှာ မြန်မာများ လူဦးရေ ရာဂဏန်းအထိ စိတ်ဝင်တစား လာရောက်နားထောင်ကြသည် ကိုတွေ့ကြရပြီး တချို့ နေရာများမှာတွင်မူ လူဦးရေ ၅၀ -၃၀ -၂၀ စသည်ဖြင့် လာရောက်နားထောင်ကာ အပြန်အလှန် မေးခွန်းများမေးကြကြောင်းနှင့် ပြန်လည်ရှင်းလင်းပြောကြားခြင်းများရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ ၄င်းအပြင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်ပုံအခြေခံဥပဒေမူကြမ်း ဆန္ဒမဲပေးရေးနှင့် စပ်လျဉ်းပြီး အခြေခံဥပဒေမူကြမ်းစာအုပ်ကို စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးတွင် လေ့လာဖတ်ရှုခွင့် ရရှိနိုင် မရှိနိုင်ကို သိရှိနိုင်ရေးအတွက် စင်္ကာပူနိုင်ငံရှိ ကျောင်းသားအများစုနှင့် ဒီမိုကရေစီလိုလားသူများမှ စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးအား ဧပြီလ ၂၂ ရက် အင်္ဂါနေ့ မှာလည်း ဆက်သွယ်မေးမြန်းခြင်းများကို ပြုလုပ်ခဲ့ပါတယ်။ မြန်မာ့အရေးလှုပ်ရှားသူများအနေဖြင့် စင်္ကာပူနိုင်ငံတွင် ဆန္ဒမဲပေးရေးနှင့် ပတ်သက်သောကိစ္စမှန်သမျှကို ရှင်းလင်းတင်ပြပေးဖို့ရာ တာဝန်ပေးအပ်ခြင်းခံထားရသော ဒုတိယအတွင်းဝန် ဦးမြင့်ထွန်းနှင့် တွေ့ဆုံမေးမြန်းခွင့်ရဖို့ရာ တောင်းဆိုခဲ့ပါတယ်။ ဒုတိယအတွင်းဝန် ဦးမြင့်ထွန်းမှာမူ တနေကုန်အောင် အလုပ်မအားလပ်ပါသဖြင့် မေးခွန်းတချို့ ကို မြန်မာသံရုံးမှ တယ်လီဖုန်း ဒိုင်ခံဖြေကြားပေးသော ရုံးတာဝန်ခံ Ms. Anna မှတဆင့် ဦးမြင့်ထွန်း အားမေးမြန်းပေးခဲ့ပြီး၊ ဦးမြင့်ထွန်း၏ ပြန်လည်ဖြေကြားချက်များကိုလည်း Ms. Anna မှပဲ ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။ ထိုသို့မေးမြန်းခဲ့ရာမှာ -ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို စင်္ကာပူနိုင်ငံရှိ မြန်မာများ ဖတ်ရှုလေ့လာနိုင်ရန် မြန်မာသံရုံး၌ ရယူနိုင်ပါသလား? ဟုဆိုသောမေးခွန်းကို့ ဦးမြင့်ထွန်းအား Ms. Anna မှတဆင့် မေးမြန်းပေးပြီး ယခုကဲ့သို့ ပြန်လည်ဖြေကြား ပေးလိုက်တယ်။"စင်္ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသားများအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို လေ့လာဖတ်ရှုလိုပါလျှင် Consular Office Counter မှာ လာရောက်ဖတ်ရှုနိုင်ကြောင်းနှင့် သံရုံးပြင်ပသို့ယူဆောင်သွားခြင်း၊ မိတ္တူကူးယူခြင်းများကို မြန်မာနိုင်ငံသံရုံးမှ ခွင့်ပြုမည်မဟုတ်ကြောင်း" ဖြေကြားခဲ့ပါတယ်။ ဆက်လက်ပြီး သံရုံးသို့ ညနေဘက်တွင် လာရောက်လေ့လာဖတ်ရှုချင်ကြောင်း တောင်းဆိုခဲ့ခြင်းအားလည်းပဲ ငြင်းပယ်ခဲ့ပါတယ်။ မြန်မာသံရုံးမှာ ညနေ ၅ နာရီအထိသာ ဖွင့်လှစ်ပါသဖြင့် ၄င်းကိစ္စမှာ မဖြစ်နိုင်ကြောင်းနှင့် အထူးအံ့သြဖွယ်ကောင်းသည်မှာ သံရုံးတစ်ရုံးလုံးတွင်မူ အခြေခံဥပဒေမူကြမ်းစာအုပ် စုစုပေါင်း (၈) အုပ်သာရှိပါသောကြောင့် တစ်ကြိမ်ထဲတွင် လူအများအပြား လာရောက်ဖတ်ရှုဖို့ရာ မဖြစ်နိုင်ကြောင်း ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။ သံရုံးပိတ်ချိန်ရောက်သည်အထိ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဆန္ဒမဲပေးရေးနဲ့ပတ်သက်သောကိစ္စတို့ကို ရှင်းလင်းပြောကြားပေးပါရန် အထူးတာဝန်ပေးအပ်ခြင်းခံထားသော ဒုတိယအတွင်းဝန် ဦးမြင့်ထွန်းအား တွေ့ဆုံမေးမြန်းခွင့် တောင်းဆိုခဲ့ပေမယ့်လည်း အင်္ဂါနေ့ ညနေသံရုံးပိတ်သွားချိန်အထိ ခွင့်ပြုချက်မရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။ သို့သော်- စင်္ကာပူနိုင်ငံရှိ ကျောင်းသားလူငယ်များနှင့် မြန်မာ့ဒီမိုကရေစီအရေးလိုလားသူများအနေနှင့် ဆန္ဒခံယူပွဲကော်မရှင်မှ ထုတ်ပြန်ပေးထားသော "မဲရုံမှူးလမ်းညွန်" လုပ်ထုံးလုပ်နည်းများကို ရှင်းရှင်းလင်းလင်း သိရှိနားလည်နိုင်ရန်အတွက် စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ ဗုဒ္ဓဟူးနေ့တွင် သွားရောက်မေးမြန်းကြမည်လို့လဲ သတင်းများရရှိပါတယ်။ စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသူစာရင်းမှာ စင်္ကာပူနိုင်ငံထုတ် The Strait Time သတင်းစာအရ လူဦးရေ တစ်သိန်းနီးပါးရှိတယ်လို့သိရပြီး၊ အဲဒီတစ်သိန်ထဲတွင်မူ အလုပ်လုပ်ကိုင်နေသူဦးရေမှာ ငါးသောင်းအထက်ရှိပြီး ကျန်ငါးသောင်းမှာမူ့ မှီခိုနေထိုင်သူမိသားစုနှင့် ကျောင်းသားကျောင်းသူများဖြစ်ကြတယ်လို့ အလုပ်သမားဝန်ကြီးဌာနနှင့် နီးစပ်သူ ကုမ္မဏီကြီးတစ်ခုမှ အလုပ်သမားရေးရာ ကိုင်တွယ်သူ အရာရှိတစ်ဦးရဲ့  အဆိုအရ သိရှိရပါတယ်။ ယခုလိုမြန်မာသံရုံးမှ အခြေခံဥပဒေမူကြမ်းစာအုပ်ကို စင်္ကာပူတစ်နိုင်ငံလုံးရှိမြန်မာများ ဖတ်ရှုဖို့ရန် မူကြမ်းစာအုပ် (၈) အုပ်သာစီစဉ်ထားခြင်း အပေါ်မည်သို့မှ နားလည်ရမှန်းမသိကြောင်းနှင့် မြန်မာ့အရေးလှုပ်ရှားသူများမှာ များစွာစိတ်ပျက်မိကြောင်း ပြောကြားသံတွေကိုလဲ ကြားသိနေရပါတယ်။ စင်္ကာပူနိုင်ငံရှိ ကျောင်းသူသားကျောင်းသူ လူငယ်များနှင့် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများသည် လာမည့် ဧပြီလ (၂၇) ရက်နေ့ တနင်္ဂနွေနေ့ နနက် (၉) တွင် စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးကို တညီတညွတ်တည်း ကန့်ကွက်မဲများ သွားပေးကြမည်ဟုလည်း သတင်းများရရှိပါတယ်။ ဂျေမိုး ဧပြီ ၂၂
Read More...
Collapse...
စင်္ကာပူနိုင်ငံမြန်မာသံရုံးမှ စင်္ကာပူနိုင်ငံရှိမြန်မာများထံသို့ "ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း" ဆန္ဒမဲပေးရန်အတွက် အကြောင်းကြားစာများကို စာတိုက်မှတဆင့် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်လျှက်ရှိပါတယ်။ စင်္ကာပူနိုင်ငံရှိကျောင်းသားလူငယ်များနှင့် မြန်မာ့အရေးလှုပ်ရှားသူများသည် စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ပေးပို့လိုက်သောစာများနှင့် စပ်လျဉ်း၍ အသေးစိတ်သိရှိနိုင်ရန် စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ ယနေ့ ၂၁ ရက် တနင်္လာနေ့နံနက်ပိုင်းတွင် သွားရောက်စုံစမ်းခြင်းနှင့် ဆက်သွယ်မေးမြန်းခြင်းများကို ပြုလုပ်ခဲ့ပါတယ်။ ထိုသို့မေးမြန်းခဲ့ရာတွင် လာမည့် ၂၅ရက် သောကြာနေ့တွင် စတင်ပြုလုပ်မည့် ဆန္ဒခံယူပွဲ အကြိုမဲပေးပွဲ မစတင်ခင် မဲဆန္ဒရှင်များ သိသင့်သိထိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနှင့် စပ်ဆိုင်သော အကြောင်းအရာများ၊ ဆန္ဒခံယူပွဲကော်မရှင်မှ ထုတ်ပြန်ပေးထားသော "မဲရုံမှူးလမ်းညွန်" စသည့် ပြည်ပရောက် မဲဆန္ဒရှင်များ မရှင်းလင်းသေးသော အချက်အလက်များကို မြန်မာသံရုံးမှ ဦးဆောင်ရှင်းလင်းပြောကြားပေးပါရန် တောင်းဆိုခဲ့ပါတယ်။ ကျောင်းသားလူငယ်များနှင့် မြန်မာ့ဒီမိုကရေစီအရေးလိုလားသူများမှ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဆန္ဒမဲပေးရေးနှင့် စပ်ဆိုင်သော အကြောင်းအရာ အချက်အလက်များကို သံအမတ်ကြီးအား လေးစားစွာဖြင့် တွေ့ဆုံမေးမြန်းလိုကြောင်း တောင်းဆိုခဲ့ပါတယ်။ ၄င်းအပြင် ကျောင်းသားလူငယ်များနှင့် မြန်မာ့အရေးတက်ကြွသူများမှ ဆန္ဒမဲပေးပွဲကို တရားဥပဒေ ဘောင်အတွင်းမှ မဲများမှန်မှန်ကန်ကန် ရှင်ရှင်းလင်းလင်း ရေတွက်စစ်ဆေးနိုင်စေရန်အလို့်ငှာ စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှလက်ခံမည်ဆိုပါလျှင် လိုအပ်သောအကူအညီများကို စင်္ကာပူနိုင်ငံရှိ ကျောင်းသားလူငယ်များနှင့် မြန်မာ့အရေးတက်ကြွသူများမှ အကူအညီပေးလိုကြောင်း အပြုသဘောဆောင်တဲ့ ကမ်းလှမ်းချက်များကို သံမှူး ဦးကျော်ဆွေတင့်မှတဆင့် မြန်မာသံအမတ်ကြီးအား လေးစားစွာဖြင့် ကမ်းလှမ်းခြင်းများပြုလုပ်ခဲ့ပါတယ်။ ၄င်းကိစ္စနဲ့ပတ်သက်ပြီး သံမှူး ဦးကျော်ဆွေတင့်မှ သံအမတ်ကြီးအား အမြန်ဆုံးတင်ပြပြီး အမြန်ဆုံးအကြောင်းပြန်မယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။ နေ့လည်ပိုင်း ၁ နာရီ မိနစ် ၄၀ ခန့်မှာ သံအမတ်ကြီးကိုယ်စား သံမှူး ဦးကျော်ဆွေတင့်မှ အကြောင်းပြန်ကြားရာမှာ ကျောင်းသားလူငယ်များ၏ ယခုကဲ့သို့ အမျိုးသားရေးစိတ်ဓါတ်အပြည့်ဖြင့် ၀ိုင်းဝန်းကူညီချင်စိတ်ရှိတဲ့အတွက် များစွာဂုဏ်ယူ ၀မ်းမြောက်မိပါကြောင်းနှင့် စင်္ကာပူနိုင်ငံ မြန်မာသံအမတ်ကြီးမှာမူ မအားလပ်ပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဆန္ဒမဲပေးရေး ကိစ္စနှင့်စပ်လျဉ်းပြီး တွေ့ဆုံဖို့ရာ မဖြစ်နိုင်ကြောင်း စင်္ကာပူနိုင်ငံရှိကျောင်းသားလူငယ်များနှင့် မြန်မာ့အရေးလိုလားသူများကို သံအမတ်ကြီးကိုယ်စား သံမှူးဦးကျော်ဆွေတင့်ကိုယ်တိုင် အကြောင်းပြန်ကြားခဲ့ပါတယ်။
"ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း" ဆန္ဒခံယူပွဲကျင်းပရေးနဲ့ပတ်သက်ပြီး စင်္ကာပူနိုင်ငံရှိမြန်မာများ သိရှိနားလည်စေရန်အတွက် ရှင်းလင်းပြောကြားပေးရန် စင်္ကာပူနိုင်ငံသံရုံးရှိ ဒုတိယအတွင်းဝန် ဦးမြင့်ထွန်း အား တာဝန်ပေးအပ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ယနေ့စင်္ကာပူနိုင်ငံ မြန်မာနိုင်ငံသံရုံးသို့ရောက်ရှိခဲ့ကြသော့ မြန်မာများကလည်း ဒုတိယအတွင်းဝန် ဦးမြင့်ထွန်းအား ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဆန္ဒမဲပေးရေးနဲ့ကိစ္စနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို လွတ်လပ်ပွင့်လင်းစွာဖြင့် မေးမြန်းခွင့်ရခဲ့ပါတယ်။ ထိုသို့မေးမြန်းခဲ့ရာမှာ စင်ကာပူနိုင်ငံသံရုံးမှနေ၍ စင်ကာပူစာတိုက်မှတဆင့် ဆန္ဒမဲများလာရောက်ပေးကြရန် ဖိတ်စာများပေးပို့နေကြောင်းကို အတည်ပြုပြောကြားခဲ့ပါတယ်။ ထိုကဲ့သို့အတည်ပြုပြောကြားရာတွင် သံရုံးမှ ပေးပို့ခဲ့သော စာများကို လက်ခံရရှိသူများဆိုသည်မှာ ယခင်က ရုံးနှင့်ဆက်သွယ်ခဲ့ဖူးသော သူများသာဖြစ်ကြောင်း ယခုစာများလက်ခံရရှိထားသူများဟာ (ယခင်အခွန်ပေးဆောင်ထားဖူးသူများ၊ သံရုံးထောက်ခံစာရယူထားဖူးသူများနှင့် သံရုံးသို့ တစ်နည်းမဟုတ်တစ်နည်းနည်းဖြင့် ဆက်သွယ်ခဲ့ဖူးသူများ) စာရင်းဇယားအရလို့ ဆိုပါတယ်။ ၄င်းစာရင်းများကိုအခြေခံပြီး သံရုံးမှ စာများပို့ပေးခြင်းဖြစ်ပါတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဦးမြင့်ထွန်းမှနေ၍ မဲပေးပိုင်ခွင့်ရှိသူများ စာရင်းသံရုံးတွင် စီစဉ်ထားကြောင်းနှင့် ဆန္ဒမဲပေးရန် လာရောက်သူများကို သံရုံးမှ ပြင်ဆင်ထားသော ၄င်းစာရင်းနှင့် တိုက်ပြီး မဲပေးခွင့်ပြုမယ်လို့သိရပါတယ်။ ရေးအကြီးဆုံးအချက်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း မဲဆန္ဒပေးလိုသူများအနေနှင့် မြန်မာနိုင်ငံကူးလက်မှတ်မူရင်း(သို့မဟုတ်) နိုင်ငံကူးလက်မှတ်မိတ္တူ ကို သံရုံးသို့ ပြသနိုင်လျှင်ပင် မဲပေးနိုင်ကြောင်းကို ရှင်းလင်းပြောကြားသွားပါတယ်။ ဒါကတော့ ဦးမြင့်ထွန်းရဲ့ အာဘော်ပါ။ဒါပေမယ့်လည်း ယနေ့သံရုံးတွင် ကပ်ထားသေားစာအရ- -အခွန်ပြေစာများ၊ -ကျောင်းသားဖြစ်ပါက ကျောင်းသားဖြစ်ကြောင်းသံရုံးမှ ထုတ်ပေးထားသော ထောက်ခံချက်၊ -မှီခိုဖြစ်ကြောင်းသံရုံးမှ ထုတ်ပေးထားသည့်ထောက်ခံချက်၊ -နိုင်ငံကူးလက်မှတ် မိတ္တူနှင့် အလုပ်သက်သေခံလက်မှတ်) တစ်ပါတည်းယူဆောင်လာလျှက် မဲပေးကြရန် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ လို့ သံရုံး နံရံပေါ်မှာ တစ်မျိုးဆိုလိုပြန်ပါတယ်။ ဓါတ်ပုံမှာ အသေးစိတ်ဖတ်ကြည့်နိုင်ပါတယ်။ အငြင်းပွားစရာကိစ္စ (၂) ခုရှိနေပါတယ်။၁။ မြန်မာနိုင်ငံကူးလက်မှတ်⁄ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ ကိုင်ဆောင်၍ ၂။ မဲပေးပိုင်ခွင့်ရှိသူ သံရုံး နံရံပေါ်မှာ ကပ်ထားတဲ့စာ၊ ဒုတိယအတွင်းဝန်ဦးမြင့်ထွန်းပြောကြားခဲ့သော စကားများတို့အပြင် မြန်မာနိုင်ငံသံရုံးမှ သံအမတ်ကြီး(ကိုယ်စား) (ကျော်ဆွေတင့်၊ သံမှူး) လက်မှတ်ရေးထိုး ထုတ်ပြန်ကာ စာတိုက်မှတဆင့် ဖိတ်ကြားခဲ့သော "အခြေခံဥပဒေမူကြမ်းအတည်ပြုရေးအတွက် ဆန္ဒမဲပေးရန် ဖိတ်ကြားခြင်း" စာပါအရ ကလည်း ယခုလိုဆိုပြန်ပါသေးတယ်။ ၁။ ၂၀၀၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို စင်ကာပူမြို့။ မြန်မာသံရုံးတွင် ၂၀၀၈ ခုနှစ် ဧပြီလ (၂၅⁄၂၆⁄၂၇⁄၂၈⁄၂၉) ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်ပါသည်။ ၂။ သို့ ဖြစ်ပါ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေနှင့် အဆိုပါရက်များတွင် နံနက်(၉)နာရီမှ ညနေ(၅)နာရီအတွင်း မြန်မာနိုင်ငံကူးလက်မှတ်⁄ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ ကိုင်ဆောင်၍ မြန်မာသံရုံးသို့ လာရောက်ဆန္ဒမဲပေးကြပါရန် အကြောင်းကြားအပ်ပါသည်။ လို့ဆိုထားပါတယ်။ အထက်ပါစာအပိုဒ်(၂)အရ သံအမတ်ကြီး(ကိုယ်စား) (ကျော်ဆွေတင့်၊ သံမှူး) ဟု လက်မှတ်ရေးထိုးထားသော ဖိတ်ကြားစာမှ အဓိပ္ပာယ်နှင့် ယနေ့ သံရုံးမှ ဒုတိယအတွင်းဝန်ဦးမြင့်ထွန်း ပြောကြားခဲ့သောစကားများနှင့် သံရုံးနံရံမှာ ကပ်ထားသေား စာများ အားလုံးရဲ့  အဓိပ္ပာယ်တို့မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မှ ပြဌာန်းလိုက်သော "ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေ အမှတ် (၁/၂၀၀၈)" တို့နှင့် လုံးဝအဓိပ္ပာယ်များ ရောထွေးနေပြီး ဆန့်ကျင်ဘက်ဖြစ်ပါသောကြောင့် မဲဆန္ဒပေးလိုသူအများစုကိုေ၀၀ါးစေပါတယ် ထို့ကြောင့်မြန်မာသံရုံးမှ လာမည့် (၂၅)ရက် သောကြာနေ့မတိုင်ခင် အချိန်မှီ ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်ဆိုတာကို လေးစားစွာဖြင့် တင်ပြအပ်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မှ ပြဌာန်းလိုက်သော ဆန္ဒခံယူပွဲဥပဒေ အမှတ် (၁/၂၀၀၈) အခန်း(၅) မဲစာရင်းများပြုစုခြင်းခေါင်းစဉ်အောက်မှ အပိုဒ် ၁၁။ အပိုဒ်ငယ် (က) တွင် ဖေါ်ပြထားတာကတော့-(က) ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည်ပြီး ဖြစ်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတိုင်းသည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည်။ ယင်းဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲစာရင်း တင်သွင်းရမည်။ လို့ဖေါ်ပြထားပါတယ်။ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေ အမှတ် (၁/၂၀၀၈) အခန်း(၄) အပိုဒ် ၆၊ အပိုဒ်ငယ် (ဇ) နိုင်ငံခြားရှိ ဆန္ဒမဲပေးခွင့်ရှိသူများနှင့် စပ်လျဉ်း၍ ဖေါ်ပြထားတာကတော့- (ဇ) နိုင်ငံခြားရှိ ဆန္ဒမဲပေးခွင့်ရှိသူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် သက်ဆိုင်ရာသံရုံးအကြီးအမှူး သို့မဟုတ် ကောင်စစ်ဝန်ရုံး အကြီးအမှူးထံသို့ ပေးပို့ခြင်း။ လို့ဖေါ်ပြထားပါတယ်။ အခြေခံအားဖြင့် မြန်မာနိုင်ငံသားများသည် မွေးရာပါအခွင့်အရေးအရ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံး ဆန္ဒမဲပေးခွင့်ရရှိနိုင်ရပါမည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း" ဆန္ဒမဲပေးရေးအတွက် သံမှူး ဦးကျော်ဆွေတင့်စာပါ စာပိုဒ်(၂)အရ "မြန်မာနိုင်ငံကူးလက်မှတ် ⁄ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ ကိုင်ဆောင်၍" လို့ဆိုထားပါတယ်။ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားဆိုရာမှာ "မြန်မာနိုင်ငံမှ နိုင်ငံသားမှတ်ပုံတင်ကဒ်၊ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးထားသော ကဒ်ပြား၊ စင်္ကာပူနိုင်ငံမှ တရားဝင်ထုတ်ပေးထားသော PR ကဒ်ပြား၊ EP ကဒ်ပြား S Pass ကဒ်ပြား၊ Work-Permit ကဒ်ပြားများ၊ Student pass၊ ယာဉ်မောင်းလိုင်စင်ကဒ်" အားလုံးဟာ မြန်မာနိုင်ငံသားဖြစ်ကြောင်း အခိုင်အလုံ သက်သေဖြစ်သောကြောင့် အားလုံး အကျုံးဝင်ပါတယ်။ စင်ကာပူရှိ မြန်မာ့အရေးလိုလားသူများမှ မြန်မာအများစု ဆန္ဒမဲပေးနိုင်ရေးအတွက် စင်္ကာပူနိုင်ငံသံရုံးသို့ (65) 6735 0209 / (65) 6735 1672 စသည့်ဖုန်းနံပါတ်များသို့ ကြိုးစားဆက်သွယ်မေးမြန်းခဲ့ရာတွင် မြန်မာလိုဖြေကြားပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း တယ်လီဖုန်းပြေကြားပေးခဲ့သော Admin စင်္ကာပူနိုင်ငံသူ အမျိုးသမီး Ms. Anna မှသာ ဖြန်လည်ဖြေကြားပေးခဲ့ပါတယ်။ Ms. Anna မှ မဲပေးရမည့် ပုံစံများကို သူမနားလည်ထားသလိုနှင့် သူမအား မြန်မာသံရုံးအထက်အရာရှိများမှာ ပြောပြထားသော အချက်အလက်များအရ အောက်ပါအတိုင်းပြောကြားသွားပါတယ်။ ၁) ဆန္ဒမဲပေးသူများအနေနှင့် သံရုံးမှပေးသော စာရွက်တွင် အရင် ဖြည့်စွက်ရပါမည်။ ၂) မဲဆန္ဒပေးရမည့် ဆန္ဒမဲကိုယူပြီး လျှို့ ဝှက် မဲပေးရပါမည်။ ၃) မိမိရေးခြစ်ပြီးသော ဆန္ဒမဲကို အတူပါလာသော စာအိပ်ထဲထည့်၍ မဲပုံးရှိရာတွင် ထည့်ရပါမည်။ စသည်တို့ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများကိုယ်စား ဖွင့်လှစ်ထားသော မြန်မာသံရုံးမှ မိမိတိုင်းပြည်အတွက် အသက်လောက်အရေးကြီးတဲ့ "အခြေခံဥပဒေမူကြမ်းအတည်ပြုရေးအတွက် ဆန္ဒမဲပေးရန်" ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံခြားသူ စင်ကာပူသူ တရုတ်လူမျိုး အမျိုးသမီးမှ မဲဘယ်လို ဘယ်ပုံ ထည့်ရမည် ဆိုတဲ့ မဲရုံလမ်းညွန်ကို မြန်မာနိုင်ငံသားများအား အင်္ဂလိပ်စကားနှင့်ရှင်းလင်း နေခြင်းကို သံအမတ်ကြီး အနေနှင့် မသင့်တော်ပါကြောင်းကို အလျဉ်းသင့်တုန်း လေးစားစွာဖြင့် ဖေါ်ပြပေးလိုက်ပါတယ်။ အဓိကကွာခြားချက်ဖြစ်တဲ့ -(၁) မြန်မာနိုင်ငံသားဖြစ်ကြောင်းအထောက်အထားများ ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် (၂) မဲပေးခွင့်ရှိသူများအဖြစ်သတ်မှတ်ခြင်းဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို စင်္ကာပူနိုင်ငံ မြန်မာနိုင်ငံသံရုံးမှ သောကြာနေ့မတိုင်ခင် စင်္ကာပူရောက်မြန်မာအများစု သိရှိနိုင်ရန် အမြန်ဆုံးပြန်ကြားပေးစေလိုကြောင်း လေးစားစွာဖြင့် ဖေါ်ပြပေးလိုက်ပါတယ်။ဂျေမိုး
Read More...
Collapse...
စင်္ကာပူရှိ မြန်မာသံရုံးမှ ၁၀.၄.၂၀၀၈ ရက်စွဲဖြင့် သံမှူးလက်မှတ်ရေးထိုးထားသော၊ အခြေခံဥပဒေမှုကြမ်းအတည်ပြုရေးအတွက် ဆန္ဒမဲပေးရန်ဖိတ်ကြားခြင်း ဆိုသော မိတ္တူစာများကို စင်္ကာပူနိုင်ငံတွင် နေထိုင်သော မြန်မာလူမျိုးများ၏ အိမ်သို့ စာတိုက်မှ တဆင့်ပေးပို့ထားသည်ကို ၁၄.၄.၂၀၀၈ နေ့က လက်ခံရရှိကြောင်း မိတ်ဆွေများမှတဆင့်ကြားသိရပါသည်။ ထို သံရုံးမှပို့လိုက်သော ဖိတ်ကြားစာမှာ စင်္ကာပူရှိ မြန်မာလူမျိုးတချို့ လက်ခံရရှိခြင်း မရှိပါ။ အဘယ်ကြောင့် မြန်မာလူမျိုးတရပ်လုံးနှင့်သက်ဆိုင်သော ကိစ္စကို ၊ လူနည်းစု သာ သိရှိနိုင်ငံ လုပ်ထားခြင်းမှာ သဘာဝ သိပ်မကျဟု မြင်သည်။ စစ်အစိုးရဘက်မှ ဖွဲ့စည်းအုပ်ချုပ်ပုံကို ထောက်ခံမဲရရှိအောင် ကန့်ကွက်မဲပေးရန် မလွန်ဆန်ဝံ့သည့် လူများဆီသို့သာ ၄င်းဖိတ်ကြားစာများ ပေးပို့ခြင်းပေလော…။ တွေးစရာများက အများအပြား။ ဒီလောက်အရေးကြီးသည့် ကိစ္စမျိုးကို သံရုံးမှ ပြီး၊ပြီးရောမလုပ်သင့်ပေ။ သူတို့လုပ်လျှင်လည်း ကျွန်တော်တို့ဘက်မှ ငြိမ်ခ၊ံလက်ပိုက်ကြည့်မနေသင့်ပေ။ စုံစမ်းရမည်၊မေးမြန်းရမည်။ မည်သို့ပင်ဖြစ်စေ စင်္ကာပူနိုင်ငံရှိ မြန်မာလူမျိုးအားလုံး အလုပ်သမား၊ကျောင်းသား၊ရဟန်းသံဃာ လူတန်းစားအားလုံး အသက်၁၈နှစ်ပြည့်ပြီးသူမှန်သမျှ သံရုံးတွင် တရားဝင်မဲပေးခွင့်ရှိကြောင်း သိအောင်လုပ်ပေးရမည်မှာ ကျွန်တော်တို့၏ တာဝန်တခုဖြစ်သည်။ ဖိတ်ကြားစာထဲတွင် ဧပြီ ၂၅၊၂၆။၂၇၊၂၈ နှင့် ၂၉ရက်များတွင် လာရောက်၍ မဲပေးနိုင်ကြောင်း ကြေငြာထားသော်လည်း၊ ကျွန်တော့်အနေနှင့် အကြံပေးလိုသည်မှာ ၂၅၊၂၆၊၂၈၊၂၉ နေ့များတွင် လုံးဝမဲသွားမပေးဘဲ၊ လူအများစုသွားနိုင်မည့် တနင်္ဂနွေနေ့ ၂၇.၀၄.၂၀၀၈ ကို Polling Day အဖြစ်သတ်မှတ်၍ စင်္ကာပူရှိ၊ မြန်မာလူမျိုးအားလုံး စုစုစည်းစည်း သွားရောက် မဲပေးကြစေလိုပါသည်။ မဲပေးရမည့် အချိန်မှာ နံနက် ၉နာရီ မှ ညနေ ၅နာရီ အထိ ဖြစ်သဖြင့်၊ ထိုအချိန်ကာလအတွင်း မည်သည့်အချိန်မဆို သွားရောက်မဲပေးနိုင်ပါသည်။ ကိုယ့်တိုင်းပြည်၊ကိုယ့်လူမျိုးကို ကယ်တင်ချင်သူမှန်သမျှ၊ ကိုယ့်တိုင်းပြည်၊ကိုယ့်လူမျိုးကို ချစ်မြတ်နိုးသူမှန်သမျှ၊ စစ်ကျွန်ဘ၀မရောက်ချင်သူမှန်သမျှ ၂၇.၄.၂၀၀၈နေ့တွင်၊ သံရုံးမှာ ကန့်ကွက်မဲကို သွားထည့်ကြပါ။ စင်္ကာပူနိုင်ငံရှိ အလုပ်သမားအင်အားစုများကိုလည်း မေတ္တာရပ်ခံပန်ကြားလိုသည်မှာ “ငါသွားထည့်လို့ရော ဘာဖြစ်လာမှာမို့လည်း” ဆိုသော အတွေးများကို ဖယ်ရှားပြီး၊ ယခုလိုအချိန်မျိုးမှာ ကိုယ့်ဆန္ဒအမှန်ကိုထုတ်ဖော်ပြီး မြန်မာပြည်သူပြည်သားများ စစ်ကျွန်ဘ၀မှလွတ်မြောက်ရေးအတွက် ကန့်ကွက်မဲလေးတချပ်ဖြင့် ၀ိုင်းဝန်းကူညီအားဖြည့်စေလိုပါသည်။ ဒီမိုကရေစီအင်အားစုများမှလည်း စင်္ကာပူနိုင်ငံရှိ မြန်မာအလုပ်သမားထု၊ကျောင်သားထုအားလုံးအား၊ စစ်အစိုးရရေးဆွဲသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ဆိုးကျိုးများကို သိနားလည်အောင်ရှင်းပြ၍ ဤသို့ကြောင့် ကန့်ကွက်မဲပေးရမည်ဖြစ်ကြောင်း ဆွေးနွေးစည်းရုံးလုပ်ရှားမှုများ အလျင်အမြန်လုပ်သင့်ကြပေပြီ။ နိဂုံးချုပ်အဖြစ်ပြောလို သည်မှာ ရှေ့လာမည့် တနင်္ဂနွေ ၂၇.၄.၂၀၀၈ ကို စင်္ကာပူရှိမြန်မာလူမျိုးများ၏ မဲဆန္ဒပေးသည့်နေ့ ဟု သတ်မှတ်၍ စည်းစည်းလုံးလုံး တညီတညွှတ်တည်း သံရုံးသို့ ကန့်ကွက်မဲသွားထည့်ကြပါ၊ ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုးကို ရောက်တဲ့နေရာမှာ ရတဲ့အခွင့်အရေးနဲ့ ကယ်တင်ကြပါ။ မြန်မာနိုင်ငံ အမြန်ဆုံး လွတ်မြောက်ရန် ရည်သန်လျှက်……….။ ရဲဘော်ဇေ (စင်္ကာပူ)
Read More...
Collapse...
အင်တာနက်စာမျက်နှာပေါ်မှာ စင်ကာပူသံရုံးမှတဆင့် စင်ကာပူရောက် မြန်မာတွေအတွက် "အခြေခံဥပဒေမူကြမ်း အတည်ပြုရေးအတွက် ဆန္ဒမဲပေးရန်ဖိတ်ကြားခြင်း" ဆိုတဲ့ စာကိုဖတ်လိုက်ရတော့ ငါတို့  "ဆန္ဒအမှန်တွေ ဖေါ်ထုတ်ခွင့်ရတော့မယ်ဟေ့" လို့  စိတ်ထဲမှာတွေး ရင်းပျော်လိုက်ရတာ……..။ ယုံရမလို မယုံရမလိုဖြစ်နေချိန်မှာပဲ ဘီဘီစီ မနက်ပိုင်းရေဒီယိုအသံလွှင့် အစီအစဉ်မှာ ဦးကိုကိုအောင်နဲ့ စင်ကာပူနိုင်ငံမြန်မာသံရုံးမှ ပေးပို့ စာကို ဧပြီလ (၁၂) ရက်နေ့ ၊ နေ့ စွဲပါ တံဆိပ်တုံးနဲ့ ကိုယ်တိုင် လက်ခံရရှိခဲ့တဲ့ စင်ကာပူနိုင်ငံမှ ကိုရန်အောင် နဲ့ အင်တာဗျူး ထားတာကို နားထောင်လိုက်ရပါတယ်။ ဟုတ်မှဟုတ်လေရဲ့ လားလို့ ဖြစ်နေတဲ့ သံသယစိတ်တွေကတော့ နဲနဲ လျော့ကျသွားခဲ့ပါတယ် ဒါပေမယ့်လဲ သံသယစိတ် ကတော့ရှိနေသေးပါသေးတယ်။ ဧပြီလ (၁၂) ရက်နေ့ က စနေနေ့ ဖြစ်နေပြန်တော့ စာတိုက်က စနေနေ့  အလုပ်လုပ်သလား? မလုပ်ဘူးလား? သံရုံးက စနေနေ့  အလုပ်လုပ်လား? မလုပ်ဘူးလား? ဆိုတာကိုလည်း အတိအကျမသိလေတော့…. ယုံတစ်ဝက် မယုံတစ်ဝက် နဲ့  …….အို…"မြန်မာသံရုံးကနေ စာတစ်တန် …ပေတစ်တန်နဲ့ ခေါ်တယ်ဆိုတာ….. ဟုတ်…. ဟုတ်…မဟုတ်…ဟုတ် "Vote"… ရမှာပဲ သူငယ်ချင်းတို့ ရေ…" ကဲ….သူငယ်ချင်းတို့ ရေ စင်ကာပူမှာနေထိုင်အလုပ် လုပ်ကိုင်နေကြသူအားလုံးပေါင်းလိုက်ရင် လူတွေ တစ်သိန်းလောက်ရှိကြသတဲ့….ဘုန်းကြီးကျောင်းမှာ "Vote No" သင်္ကြန်ဆိုတော့လဲ လူငယ်တွေအပြည့်ပဲမဟုတ်လား......မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲ ဆိုတော့လဲ ဒို့လူငယ်တွေ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတာပဲမဟုတ်လား…။ စင်ကာပူကလူငယ်တွေ "သီးလေးသီးအငြိမ့်ပွဲဟေ့" ဆိုပြန်တော့လဲ ရှေ့ ဆုံးကနေ အားနဲ့ မာန်နဲ့  ပါဝင်ခဲ့ကြသေးတယ်မဟုတ်လား။ စက်တင်ဘာမှာ ပြည်တွင်းကရွှေဝါရောင်တော်လှန်ရေးနဲ့ အတူ "စင်ကာပူမျိုးချစ်မြန်မာပွဲ" ဆိုရင်လဲ ငါတို့ အားလုံး တက်တက်ကြွကြွ ပါဝင်ခဲ့ကြတာ မှတ်မိကြတယ်မဟုတ်လား……။ ဒီတစ်ခါတော့ သူငယ်ချင်းတို့ ရေ…..ရတောင့်ရခဲ အခွင့်အရေးနဲ့  ငါတို့ တိုင်းပြည်အတွက်ရယ်… ငါ့တို့ သားစဉ်မြေးဆက် ဒုက္ခပင်လယ်မဝေနေတာတွေ ရပ်တန့် သွားရအောင် …ငါတို့ တစ်တွေ ကန့် ကွက်မဲတွေ သွားပေးကြစို့ သူငယ်ချင်း…….။ အရေးအကြီးဆုံးကတော့ ….. "စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ ငါတို့ ပြည်သူတွေ စစ်ကျွန်ဘ၀ကလွတ်မြောက်ဖို့ အတွက် အသက်ပေးသွားခဲ့ရရှာတဲ့ သံဃာတော်အရှင်မြတ်တွေအတွက် သွေးကြွေးဆပ်ဖို့ အတွက်…. မဲပြားပေါ်မှာကြက်ခြေခတ်ဖို့ …. စင်ကာပူမြန်မာသံရုံးကိုသွားကြစို့ ..´။ သူငယ်ချင်းတို့ ရေ….စစ်အစိုးရရဲ့  အကျဉ်းချခြင်းကိုခံနေကြရတဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ၊ ၈၈မျိုးဆက်ကျောင်းသားတွေရယ်၊ ၂၀၀၇ခုနှစ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်အရွယ်နဲ့ မမျှအောင်ခံစားခဲ့ရတဲ့  အနာဂတ်မျိုးဆက်သစ်ကျောင်းသားလူငယ်တွေအတွက်ရယ်… ငါတို့ တစ်တွေဟာ ဒီအချိန်မှာ မဲပြားပေါ်မှာကြက်ခြေခတ်ခြင်းဖြင့် ပေးဆပ်သွားသူတွေရဲ့ အသက်သွေး၊ချွေးတွေကို ဂုဏ်ပြုကြရအောင်သူငယ်ချင်း ...။ ဒါဟာ ငါတို့  တတွေရဲ့ ….တာဝန်ပဲ ………………….…..။ သူငယ်ချင်းတို့ ရေ………မဲပြားပေါ်မှာကြက်ခြေခတ်ခွင့် ဆိုတဲ့အခွင့်အရေးဟာ…… ဆယ်စုနှစ်တစ်ခုမှာလဲ မရနိုင်သလို ငါတို့ တစ်တွေ နှစ်တွေအများကြီး….. အသက်တွေအများကြီး……. ဘ၀တွေအများကြီးနဲ့ ပေးဆပ်ပြီးမှ ရကြရတာဆိုတော့ .. မဲပြားပေါ်မှာကြက်ခြေခတ်ဖို့ …. စင်ကာပူမြန်မာသံရုံးကိုသွားကြစို့ ……။ စင်ကာပူမှာ မင်းတို့ငါတို့ရှာ ထားတဲ့ ဒေါ်လာတွေကို အခွန်အဖြစ် သိမ်းယူပြီး မင်းတို့ ငါတို့ အတွက် ဘာမှပြန်လုပ်မပေးတဲ့ ဒီစစ်အာဏာရှင် အစိုးရကို ပြတ်ပြတ်သားသားကန့် ကွက်မဲတွေပေးကြစို့ … စင်ကာပူမြန်မာသံရုံးကိုသွားကြစို့ ……။ လက်ရှိ စင်ကာပူနိုင်ငံမှာ အလုပ် လုပ်ကိုင်နေသူတွေနဲ့ ကျောင်းသားကျောင်းသူများ အားလုံးဟာ မြန်ပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖြစ်ထွန်းလာဖို့ အတွက် တိုင်းပြည်နဲ့  လူမျိုးအတွက် နိုင်ငံသားတစ်ယောက်ရဲ့  မဖြစ်မနေလုပ်ရမယ့်….. တာဝန်တစ်ခုအဖြစ် သတ်မှတ်ပြီး အချိန်ကို လေးစားကာ ပြိုင်တူ တက်တက်ကြွကြွ သံရုံးကို သွားရောက်ပြီး "ပြတ်ပြတ်သားသားကန့် ကွက်မဲထည့်ကြပါစို့  " လို့ တိုက်တွန်းချင်ပါတယ်….။ အဲဒီတော့......သူငယ်ချင်းတို့  ရေ ငါတို့ တတွေ …………..အချိန်တူ ……..နေရာတူ …..ပြိုင်တူ …… အသံတူ … ဆန္ဒမဲတွေအတူတူပေးရအောင်…အားလုံးပြိုင်တူ သွားနိုင်မယ့်နေ့ ရက်ကတော့"ဧပြီလ (၂၇) ရက် တနင်္ဂနွေနေ့  နံနက်(၉း၀၀ နာရီ မှာ အားလုံးပြိုင်တူ)" သွားရောက်ပြီး ကန့် ကွက်မဲကို ပြတ်ပြတ်သားသား ပေးကြပါစို့ လို့ တိုက်တွန်းချင်ပါတယ်။ အဲဒီလိုသာ လူတွေအများကြီးနဲ့  စင်ကာပူမြန်မာသံရုံးကို သွားပြီး တစ်နေ့ ထဲ၊ တစ်ချိန်ထဲမှာ အချိန်တူ၊ နေရာတူ(သံရုံး)၊ ကန့် ကွက်မဲများ ၀ိုင်းဝန်းပေးခွင့်ရမယ်ဆိုရင် ။" ပြည်သူဟာ အင်အားဆိုတာကို ငါတို့ သက်သေပြနိုင်မယ်" …အရေးအကြီးဆုံးကတော့…. ငါတို့ မြန်မာပြည်တွင်းမှာရှိတဲ့ ငါတို့ မြန်မာပြည်သူပြည်သားတွေကို "စင်ကာပူနိုင်ငံရှိ မြန်မာတွေကတော့….စောစောစီးစီး… မဲပြားပေါ်မှာကြက်ခြေခတ်လိုက်ပြီဟေ့" ဆိုတာကိုပြသလိုက်ဖို့ ပါပဲ…… မြန်မာပြည်တွင်းမှာရှိတဲ့ သူတွေကို နိုင်ငံတစ်ကာက သတင်းသမားတွေအနေနဲ့  လာရောက်ကြည့်ရှုခွင့် တွေ့ ဆုံမေးမြန်းခွင့်မရပေမယ့် သူငယ်ချင်းတို့ ရေ… စင်ကာပူနိုင်ငံမှာရှိတဲ့ မြန်မာတွေကိုတော့ Little Myanmar မြန်မာနိုင်ငံငယ်လေးတစ်ခု အဖြစ်နဲ့  ပြည်သူ့ ဆန္ဒအ စစ်အမှန်တွေကို ကြက်ခြေခတ်မဲပြားလေးတွေနဲ့ ……. သက်သေပြကြစို့ သူငယ်ချင်း……။ မြန်မာပြည်နေရာအနှံအပြားကနေလာရောက် အလုပ်လုပ်ကိုင်နေကြပြီး တိုင်းရင်းသားအများစု စုံစုံလင်လင်ရှိတဲ့ စင်ကာပူကျွန်းပေါ်က Little Myanmar မြန်မာနိုင်ငံငယ်လေးတစ်ခု မှနေပြီး ကန့် ကွက်မဲပေးတယ်ဆိုတာကို နိုင်ငံတစ်ကာက သိအောင် ငါတို့ စင်ကာပူမှာနိုင်ငံမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေ ညီတူညာတူ ပြကြစို့ သူငယ်ချင်း…… "မဲပြားပေါ်က ကြက်ခြေခတ် ပြည်သူ့ အောင်ပွဲမှတ်" ဆိုတာကို မမေ့နဲ့ သူငယ်ချင်း……"မဲပြားပေါ်က ကြက်ခြေခတ် တွေဟာ ဒီမိုကရေစီလိုလားသူတွေအတွက်တော့ အောင်ပွဲလက်မှတ်ပဲပေါ့ သူငယ်ချင်း ………… ………………...။
Read More...
Collapse...
စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးမှ ဆန္ဒမဲပေးဖို့စာထွက်ရှိလာပါပြီ .. ။ ဘယ်နားကထွက်လာလဲတော့ မသိပါဘူး။ စင်္ကာပူရှိ မြန်မာနိုင်ငံ ။ နိုင်ငံသားအားလုံး ၂၅ရက်မှ ၂၉ရက်နေ့ထိ မြန်မာသံရုံးမှာ ဆန္ဒမဲသွားပေးနိုင်ကြပါပြီ .. ။ မိမိပတ်ဝန်းကျင်သက်ဆိုင်ရာလူများကိုလည်း လက်ဆင့်ကမ်းပြောကြားပေးကြဖို့ တိုက်တွန်းလိုပါတယ်ရှင် .. ။ ရင်ထဲမှာရှိတဲ့ ဆန္ဒတွေအတိုင်း ကန့်ကွက်မဲသွားပေးကြပါစို့ .. ။
Read More...
Collapse...