Wednesday, November 29, 2006

ဘာလုပ်သင့်လဲ


ဟမ်မူရာဘီရဲ့ ကိုဓဥပဒေအတိုင်း လက်တစ်ချောင်းဖြတ်ရင် လက်တစ်ချောင်း ပြန်ယူကြရမယ်ဆိုရင် နအဖကို ဘယ်လိုစီရင်မှာလည်း။ သူ့ကို လူလူချင်း တိုက်ခိုက်တာတော့ မဟုတ်ဘူး။ သူက ပြဿနာအားလုံး ၊ တရားခံအားလုံးရဲ့ အဓိကဇတ်ဆောင်ဆိုတော့ မူကိုလည်း တိုက်ရမယ်။ လူကိုလည်း တိုက်ရမယ်။ လူရှိလို့ မူဖြစ်နေတာ။ သူ မရှိရင် ဘာမှ မဆိုးရွားသွားဘူး။ ဂမ်ဘရီကလည်း မြန်မာပြည်အရေးကို ထိရောက်အောင် စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး။ ကိုဖီအာနန်သာ ခေါင်းတစ်ခုလုံးပြောင်သွားမယ်။ မြန်မာပြည် ဘာမှဖြစ်သွားမယ် မထင်ဘူး။ ဘယ်သူတွေ ဖန်တီးရမှာလည်း။ ကျူပ်တို့ ခင်ဗျားတို့အားလုံး ကြိုးစားရမှာ။ နအဖဆိုတာ အားလုံးထက်ယုတ်မာတဲ့ အနှိုင်းမဲ့လူယုတ်မာတစ်စုပါ။ ကိုဖီအာနန်တို့ ဂမ်ဘရီတို့က ဆွေးနွေးခြင်းနဲ့ ရှေ့ဆက်သွားနေတဲ့ အဆင့်အတန်းဝင် အရာရှိတွေ။ မြန်မာပြည်က နိုင်ငံတွင်းသာ ကမ္ဘာပျက်နေပေမယ့် အခြားမှာ ဘာမှမလုပ်ထားတဲ့အတွက် အီးယူတို့ ယူအက်စ်တို့အတွက်က လုပ်ပိုင်ခွင့်တအားနည်းနေပါတယ်။ သူတို့ကြိုးစားမှုဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့တောင်းဆိုချက်လေး တစ်ခုတည်းပါ။ ခင်ဗျားတို့စဉ်းစားကြည့်လေ။ နအဖဆိုတဲ့မျက်နှာက အရှက်ဆိုရင် နှမ်းစေ့တစ်စေ့လေးတောင် ရှိတာမဟုတ်ဘူး။ လာပြောရင် ပြောင်နေတဲ့မျက်နှာထားတွေက ခေါင်းညိတ်လက်ခံမှာပဲ။ လူကြီးတွေလည်းပြန်သွားရော သူတို့ဘာမှလုပ်မှာမဟုတ်ဘူး။ လွှတ်ဆိုလည်း ခဏလွှတ်ပြီး သိပ်မကြာခင်ပြန်ဖမ်းသွားမှာပဲ။ ဦးမင်းကိုနိုင်တို့ကိုလည်း အရှက်မရှိ ဆွေးနွေးမယ်ဆိုပြီး ခဏလာခေါ်သွားတာ ပြန်မပေါ်လာတော့ဘူး။ နအဖပြောတဲ့ ခဏဆိုတာ သိပ်ကြောက်ဖို့ကောင်းတဲ့ ခဏပါ။ လူစကားနားမလည်သူကို လူလိုပြောနေတဲ့ အခြားနိုင်ငံတွေ ဘယ်လောက်ဖိအားပေးပေး သူတို့က ခုံပေါ်က ထမှာမဟုတ်ဘူး။ အဲဒီအတွက် ကျူပ်တို့အားလုံးရှေ့က မီးရှုးတန်ဆောင်ဖြစ်တဲ့ ခေါင်းဆောင်ကောင်းတွေ လွတ်မြောက်အောင် ကျူပ်တို့ကြိုးစားနေရပါ့မယ်။
နိုင်ငံရေးဆိုတာ ဆိုင်းဘုတ်ကြီးကိုင်ထားပြီး လုပ်ဆောင်နေမှ နိုင်ငံရေးလုပ်တယ်လို့ မခေါ်ပါဘူး။ အိမ်ရှင်မတစ်ယောက်က သူ့အိမ်ထဲမှာနေပြီး နားစွင့်ပြီး လုပ်သင့်တာကို စဉ်းစားနေရင်လည်း ဒါနိုင်ငံရေးလို့ အမည်သက်ရောက်နေပါတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေကိုသွားမှ ၊ နိုင်ငံရေး စာပေတွေအားလုံးရေးနေမှ နိုင်ငံရေးသမားလို့မခေါ်ပါဘူး။ သတင်းတွေနားထောင်တယ် ၊ အများပြည်သူလုပ်နေတာတွေကို သုံးသပ်ပြီးဝေဖန်အကြံပြုခြင်း ၊ ကိုယ့်အတွေးအခေါ်ကို တင်ပြခြင်းကလည်း နိုင်ငံရေးပါပဲ။ အသက်ရှုနေတဲ့ နှာခေါင်းပေါက်ပါတဲ့ သူတိုင်း နိုင်ငံရေးနဲ့ဆက်စပ်နေပါတယ်။ နိုင်ငံရေးကိုဘန်းပြပြီး အရှုံးအမြတ်စီးပွားရေး လုပ်ခိုင်းနေတာလည်း မဟုတ်ပါဘူး။ ကိုယ့်အသက်သွေးဖြစ်တဲ့ တိုင်းပြည်ထိပ်ဆုံးရောက်အောင်အတွက် တီထွင်ကြံဆလုပ်ကိုင်နေခြင်းပါ။ နိုင်ငံရေးဆိုတာ နိုင်ငံတော်ရဲ့အရေးဖြစ်တဲ့အတွက် နိုင်ငံရေးဆိုတာ ငါနဲ့မဆိုင်ပါဘူးပြောတဲ့မြန်မာလူမျိုးတွေက ဘာနဲ့တူလည်းဆိုတော့ အပေါ်ပိုင်း အောက်ပိုင်း ဘာမှမ၀တ်ထားတဲ့ ဗလာလူနဲ့တူနေပါတယ်။ စိတ်ဝင်စားခိုင်းနေတာမဟုတ်ပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို နှိုးဆော်နေကြခြင်းပါ။ တန်ရာတန်ကြေးဆိုတဲ့အတိုင်း ခေါင်းဆောင်ကောင်းကို တစ်သက်လုံးထောင်ထဲမှာပဲနေရအောင် ကျူပ်တို့ပြည်သူတွေက ဘာမှမလုပ်ပေးနိုင်ကြဘူးဆိုရင် ဒီငရဲတွင်းးကနေတစ်သက်လုံးမထွက်ဘဲ နေရမှာအမှန်ပဲ။ ကိုယ့်ထိုက်နဲ့ကိုယ့်ကံလို့တရမယ့်အခြေအနေပါ။ အချို့က အမေစုလုပ်နေတဲ့ လုပ်ရပ်က လွန်ခဲ့တဲ့အချိန်တွေကတည်းက မှားနေတယ်လို့ ပြန်လည်ဝေဖန်နေကြပါတယ်။ အတိတ်ကို ပြန်ပြောနေမှာလား။ လက်ရှိကနေ ရှေ့တိုးကြမှာလား။ political science သင်နေတဲ့ မြန်မာတွေ ၊ ခံယူချက်ပြင်းပျပြီး တကယ်လုပ်နေတဲ့ အဖွဲ့အစည်းတွေရှိပါတယ်။ သူတို့မှာ ကျူပ်တို့ သာမန်ပြည်သူတွေထက် ပိုသာတဲ့အတွေးအခေါ်တွေ ၊ အကြံအစည်တွေ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ တတ်သိနားလည်သူခေါင်းဆောင်မှ အနောက်က စဉ်းစားဆင်ခြင်ဥာဏ်နဲ့ အားလုံး လိုက်နိုင်ကြမှာပါ။
အမြဲတမ်း အမှန်တရားကိုစဉ်းစားပါ။ ရယူမှုတစ်ခုအတွက် ပေးဆပ်သင့်တာတွေတော့ ပေးရမှာပဲ။ ဇော်ထိုးမိုးမျှော် ဂျွမ်းပြန်နေတဲ့တိုင်းပြည်တစ်ခုကို ပြန်လည်တိုက်ပွဲဆင်နွှဲဖို့က သွားဆွေးနွေးရုံနဲ့တင် မရပါဘူး။ ဆွေးနွေးရင်း ၊ ဟိုပြော ဒီပြောရင်း ကျူပ်ပဲအသက်၁၈ပြည့်ခါနီးခဲ့ပြီ။ ဦးနေ၀င်းက တိုင်းပြည်ကို ကမောက်ကမဖြစ်အောင် လုပ်ခဲ့တယ်။ သန်းရွှေက တိုင်းပြည်ကို ခွက်ဆွဲအောင် လုပ်နေတယ်။ သူတို့လူတန်းစားတွေတော့ ရွှေဘုံပေါ်မှာပဲစံနေတယ်။ အဲဒီလို မတရားမှုတွေ ပြွတ်သိပ်နေတဲ့ တိုင်းပြည်ပြန်လည်ထူထောင်ဖို့အတွက် ခင်ဗျားတို့ ကျူပ်တို့မှ အကုန်လုံးထိ လိုက်မဆောင်ရွက်ရင် ဘယ်သူက တာဝန်ယူမှာလည်း။ ဘုရှ်လည်းမဟုတ်ဘူး။ ခေါင်းခြောက်နေတဲ့ ကိုဖီအာနမ်လည်းမဟုတ်ဘူး။
လုပ်သင့်လုပ်ထိုက်တာတွေကို သတိရှိရှိ ခင်ဗျားတို့ ကျူပ်တို့မြန်မာအားလုံး လုပ်ကိုင်ကြရပါ့မယ်။ အဖွဲ့အစည်းတွေအားလုံးရဲ့ ကြိုးစားမှုတွေကို ထောက်ခံအားပေးပါ။ သူတို့သဘောထားတွေ အားလုံး မတိုက်ဆိုင်ရင်တောင် သူတို့အားလုံးနောက်ဆုံးရည်မှန်းချက်က အတူတူပါပဲ။ ဥပမာ အဖြူရောင်လှုပ်ရှားမှုလိုပုံစံမျိုးဖြစ်လာရင် ဘာမှလမ်းပေါ်ထွက်အော်ခိုင်းတာ မဟုတ်တဲ့အတွက် အားလုံးလုပ်နိုင်ပါတယ်။ မိမိပတ်ဝန်းကျင်ကို သိသာအောင်ပြောပြကြပါ။ လက်ဆင့်ကမ်း ဝေငှကြပါ။ အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြပါ။ မြန်မာပြည်မှာရှာမရတဲ့ သတင်းတွေ ၊ စီဒီတွေ ၊ လှုပ်ရှားမှုအခွေတွေ ၊ သိသင့်သိထိုက်တာတွေကို အန္တရယ်ကြားက ဖြန့်ဝေနေတဲ့သူတွေစီကနေ သစ္စာရှိရှိယူကြပါ။ ကြိုးစားမှုတွေကို နောက်ကျောဓါးမထိုးကြပါနဲ့။ ခင်ဗျားတစ်ယောက် သစ္စာဖောက်ရင် ကျူပ်တို့ သားစဉ်မြေးဆက်အားလုံးက ဒီငရဲကိုဆက်ခံစားနေရအုန်းအမှန်ပဲ။ သန်းရွှေဆင်းရင် သန်းရွှေထက်ပိုဆိုးတဲ့တစ်ယောက် တက်လာလိမ့်မယ်။ ဒီသံသရာကို ဆက်လက် မလည်ပတ်အောင် ကျူပ်တို့အားလုံး ကြိုးစားရပါ့မယ်။ ဟိုလူဒီလူ တွယ်ကပ်မနေပါနဲ့။ အားလုံးက သူ့နေရာနဲ့သူ အံဝင်ခွင်ကျအောင် လုပ်နေကြပါတယ်။ အပြင်ကနေ အော်နေတာလားဟေ့ လျှောက်မစွပ်စွဲပါနဲ့။ ပါ့ဘလစ်မှာ ချပြောမရတဲ့အရာတွေနဲ့ လှုပ်ရှားကြိုးစားလုပ်ကိုင်သူတွေ လူမသိ သူမသိအများကြီးရှိပါတယ်။ အရေးကြီးတာ ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာနဲ့ သစ္စာရှိပါ။ ခေါင်းဆောင်အမှန်နောက်ကို လိုက်ကြပါ။
လေးစားလျက်
လင်းလက်ကြယ်စင်

2 comments:

သက်စံ said...

ရဲရဲတောက် ခွပ်ဒေါင်းသံဘဲ ညီမရေ

Anonymous said...

ညီမ တကယ်ကိုလေးစားပါတယ်...
ညီမအသက်၁၈တောင်မပြည့်သေးဘူးအတွေးအခေါ်တွေကတော့အံ့မခန်းပါပဲ..

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။