Saturday, November 25, 2006

အချိန်တန် အိမ်ပြန်ကြမည်


ကိုဘုန်းမင်းဇွန်ရေးသားတဲ့ `အဆိုးတရားတို့ရဲ့နောက်ကွယ်´စာမူကိုဖတ်ပြီးချိန် ရင်ထဲ အတွေးတွေ အများကြီးဝင်လာမိတယ်။ ပြည်ပမှာ အမည်မဲ့စွာ သေဆုံးတဲ့မြန်မာလူမျိုးအချို့ကိုရည်ညွန်းရေးသားထားခြင်းပါ။ အဲဒီလိုအမှုတွေကြားတိုင်း ရင်ထဲခံစားရပါတယ်။ တရားမ၀င်နေထိုင်ခြင်းဆိုတာ သိပ်ကိုအန္တရာယ်များလွန်းလှပါတယ်။ အထူးသဖြင့် တအားကျပ်တဲ့ စင်ကာပူမှာ တရားမ၀င်နေရင် သိပ်မကြာခင် ဖမ်းဆီးမိကြသလို ပြစ်ဒဏ်ကလည်း သိပ်ကြီးလေးပါတယ်။ တရားမ၀င်နေထိုင်တော့ အလုပ်ရှင်ကလည်း အနိုင်ကျင့်မှာပါ။ တစ်ခါတုန်းက Bukit Batok တောထဲမှာ မြန်မာတွေက တဲအိမ်လေးတွေထိုးပြီး တရားမ၀င်နေကြတယ်။ သူတို့အလုပ်ကလည်း သိပ်မဝေးကြပါဘူး။ အခကြေးငွေနည်းနည်းလေးနဲ့ သူတို့က ဖြစ်သလိုအနေအထားမှာရုန်းကန်ကြပြီး မြန်မာပြည်မှာရှိတဲ့ မိသားစုကို ပြန်ထောက်ပံ့ကြခြင်းပါ။ နောက်တော့ ရဲက ဖမ်းမိသွားတော့ ပြစ်ဒဏ်သိပ်ကြီးပါတယ်။ လွန်ခဲ့တဲ့နှစ်တွေကလည်း မြန်မာတွေ ရေပိုက်လုံးမြောင်းတွေကြားမှာ တရားမ၀င်နေထိုင်တဲ့အမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကို အချို့ကတော့ ရှက်ကြပါတယ်။ ရှက်မယ့်အစား ကျေးဇူးပြုပြီး သူတို့ဘက်ကိုငဲ့ကြည့်ကြပါလားရှင်။ ဘယ်သူက အန္တရာယ်ဆိုတာကို အားအားယားယား လက်ယပ်ခေါ်ကြမှာလည်း။ `မြန်မာလူမျိုးတစ်ယောက်က အခြားနိုင်ငံမှာ တရားမ၀င်နေထိုင်ပြီး အလုပ်လုပ်ဖို့ကြိုးစားကြတာ ဘာကြောင့်လည်း´ဆိုတဲ့ မေးခွန်းနဲ့အဖြေက သိပ်ရှင်းပါတယ်။
မြန်မာတွေက ကိုယ့်နေရာ ကိုယ့်ဒေသကို အစွဲအလမ်းကြီးကြပါတယ်။ ဥပမာ သင်က ပြည်ပမှာဆိုရင်လည်း မြန်မာပြည်မှာအခြေချဖို့မတွေးမိဘူးလား။ တစ်ခါတစ်ရံ အိပ်မက်ဖြစ်ဖြစ် စိတ်ကူးဖြစ်ဖြစ်ရှိမှာပဲ။ အခြားလူမျိုးတွေက ရောက်ရာအရပ်မှာ အခြေချပြီး အပြီးနေဖို့စိတ်ရှိကြပေမယ့် မြန်မာတွေက အချိန်တန်ရင် အိမ်ပြန်ကြချင်သူတွေချည်းပါပဲ။ မတည်ငြိမ်ဆိုးရွားလွန်းလှတဲ့ နိုင်ငံတော်အခြေအနေကြောင့်သာ မိခင်ရင်ခွင်မှာ မခိုဝင်နိုင်ကြပေမယ့် လူတိုင်းရင်ထဲမှာ ပြန်ချင်စိတ်တွေအားလုံးရှိနေမှာပါ။ အချိန်တန်ရင် မိခင်ရင်ခွင်ကို အားလုံး တပျော်တပါးပြန်နိုင်ဖို့အတွက် သူများကိုမျက်နှာလွှဲထားလို့မရပါဘူး။ ဘာလုပ်ရမလည်း။ အားလုံး တက်ညီလက်ညီ အများကြီးရှိနေရပါ့မယ်။ အာဏာရှင်အောက်မှာ ဒူးထောက်ခစားသူ ဘယ်တော့မှ မဖြစ်ကြပါစေနဲ့။ ကိုရီးယားက ကို၇န်နိုင်ထွန်းရေးတဲ့ ကဗျာထဲကလူစားမျိုးတွေထဲကလို မကောင်းသူတော့ မဖြစ်စေနဲ့ပေါ့။ တလက်စတည်း သူ့ကဗျာလေးကိုပါ တွဲဖော်ပြလိုက်ပါတယ်။
- တချို့က
တချို့တချို့က
စကားလုံးကြီးကြီးတွေနဲ့
ပုံပြင်သေကိုအမျိုးမျိုးပြောတယ်။
တချို့တချို့က
အသံတိတ်ဆိတ် ရေငုံပိတ်
မျက်စိစုံမှိတ် နေနိုင်လွန်းတယ်။
တချို့တချို့က
အလိမ်အညာတွေကိုထည်လည်းသုံးပြီး
အသက်ရှုနှုန်းကိုမြှင့်တင်သတဲ့။
တချို့တချို့က
သူတော်စင်လိုဟန်ဆောင်ကောင်းပြီး
အရည်းကြီးလိုကျင့်နေကြသတဲ့။
တချို့တချို့က
မြင်မြင်သမျှကို ရေမြေအလိုက်နဲ့
စွယ်စုံဂွင်တွေရိုက်နေသတဲ့။
တချို့တချို့က
ရာဇ၀င်ဘီးကိုနောက်ပြန်လှည့်ဖို့
သီအိုရီတွေထုတ်နေလေရဲ့။
တချို့တချို့က
မျောက်တစ်ကောင်မွေးပြီး
ကိုယ်ကျိုးစီးပွားရှာနေလေရဲ့။
တချို့တချို့က
အကြံထုတ်နေတယ်
တချို့တချို့က
ကြံစုပ်နေတယ်။
သြော်
တစ်ချို့တစ်ချို့အကြောင်း ပြောပါတယ်.
တလွဲမာနတက်နေပုံများ။
တချို့တချို့အကြောင်းပြောပါတယ်
သူခိုးဓါးရိုးကမ်းလှမ်းနေပုံများ။
တချို့တချို့အကြောင်းပြောပါတယ်
အသားထဲကလောက်ထွက်ပုံများ
။။။။။။။။။။။။များ
။။။။။။။။။။။။များ
။။။။။။။။။။။။များ
တွေ့ပါ ၊ မြင်ပါ ၊ ကြားပါများမိတော့
ဘုရား ဘုရား ဘုရားတမိတယ်
ရွှေပြည်တော်ရယ်မျှော်လေတိုင်းတော့
အုံ့ဆိုင်းရီဝေ မှိုင်းထွေထွေနဲ့။
တချို့ကတော့
ဓါးကိုသွေးအားကိုမွေးလို့
ဖြေသာသေးရဲ့။

တချို့ကတော့
ဒေါင်းအလံကိုဆွဲ
ခေါင်းမော့မြဲမို့
ဂုဏ်ယူပါရဲ့။
ဒီလိုနဲ့ပဲခရီးဆက်
တစ်ဆယ့်ရှစ်နှစ်ပြည့်ခဲ့ပြီပဲ။
-

2 comments:

Anonymous said...

omg...wat a fabulous poem!!!
it hits many targets..

Anonymous said...

မြောင်းရေ ပိုက်ထဲနေကြရတဲ့ သတင်းကို အဲ့ဒီတုန်းက ဖတ်မိတယ်၊ သူတို့တွေ သနားစရာပဲ၊ စစ်အာဏာရှင်တွေ ပြည်သူကို ပေးထားတဲ့ ဘဝဟာ အဲ့ဒီလို နေတာထက် ပိုဆိုးတယ်ဆိုတာ ဖော်ပြနေတာပဲ။

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။