Wednesday, July 23, 2008

ရွက်ဝါလေးများ .. လွင့်မျောချိန်



`နှုတ်ဆက်ခြင်းဆိုတာ
အပြီးပိုင် ခွဲခွာခြင်းအတွက်သာဆိုရင်
(ငါ)နှုတ်မဆက်တော့ဘူး သူငယ်ချင်း´

သူတို့မျက်လုံးတွေက ခံစားမှုများ ပြည့်နှက်ကာ ယုံကြည်ခြင်းအပြည့်ဖြင့် စိတ်အားထက်သန်လျက် … ။ သဲတစ်ပွင့်သာသာ လက်တွဲဆောင်ရွက်ခဲ့သော ယုံကြည်ချက်တွေက သူတို့ဘ၀ကို တစ်ဆစ်ချိုးကွေ့ပြောင်းခဲ့လေပြီ .. ။ ရွက်ဝါတွေ ကြွေလွင့်ချိန်မှာ မျက်ရည်စိုစိုဖြင့် ဆုံးဖြတ်ချက်ခိုင်မာစွာ လုပ်ဆောင်ခဲ့ခြင်းအတွက် ဖြစ်ပေါ်လာမည့် အကျိုးဆက်အားလုံးကို သူတို့ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသား။

ထိုနေ့က မိုးကောင်းကင်မှ မိုးစက်မိုးပေါက်များက တစ်နိုင်ငံလုံးကို ခပ်သည်းသည်း ဖြန်းပက်နေခဲ့သည် .. ။ ကောင်းကင်တစ်ခွင်လုံး မည်းနက်နေပုံကို စိတ်အလိုမကျ အနည်းငယ်ဖြစ်နေသော ကျွန်မနားထဲမှာ အဆက်မပြတ် ပစ်ခတ်နေသော မိုးကြိုးပစ်သံများထက် ဆိုးရွားသော သတင်းများကို ကြားသိရချိန် ပြင်ဆင်ပြီးသား ဖြစ်သော်လည်း ရုတ်တရက်မို့ ဆွံ့အစွာ နင့်ခနဲ ရင်မှာလှိုက်ခတ်သွားသည်။


သူတို့ကို ကျွန်မ သိခဲ့သော သက်တမ်းက သိပ်မကြာလှသေး .. ။ စကားတွေအများကြီး ဖောင်းပွပြီး ကျွန်မတို့ မသိကျွမ်းခဲ့ .. ။ အလုပ်အတူတွဲလုပ်ရင်းသာ ပြင်းပျသော စိတ်ဓာတ်တူသူချင်း ၊ အပြန်အလှန် နားလည်ကာ ရဲဘော်ရဲဘက်စိတ်မျိုး အပြည့်မွေးခဲ့ကြသည် .. ။ ရင်ဆိုင်ရမည့် အကျိုးဆက်များအားလုံးကို အတူတကွ ဖြတ်သန်းမည်ဆိုသော စိတ်များအပြည့်ဖြင့် မိမိယုံကြည်ရာကိုသာ အတတ်နိုင်ဆုံး လျှောက်လှမ်းခဲ့ကြသည်။ ကျွန်မထက် အဆပေါင်းများစွာ ပိုမိုလုပ်ဆောင်ပေးနိုင်ခဲ့သော သူတို့ကို စကားလုံးတွေဖြင့် ကျွန်မ ကျေးဇူးတင်ကြောင်း မဖွဲ့ဆိုခဲ့ .. ။ ဒါပေမယ့် … နက်ရှိုင်းလှသော ရင်တွင်းတစ်နေရာ .. ဖြူစင်သန့်ရှင်း ခိုင်မြဲသော ယုံကြည်ခြင်း ကျောက်စာတွေက အလိုလိုထိုးထွင်းထားပြီးသားဆိုတာ အပြန်အလှန် သိခဲ့ကြပါရဲ့။



`လူတွေစိတ်ကြိုက်သတ်မှတ်နေတဲ့
တရားဥပဒေ ၊ စည်းမျဉ်းတွေဆိုတာ
စာအုပ်တစ်အုပ်ရဲ့ပြဌာန်းချက်တွေပါ ..
အမှန်တရားသစ္စာ စည်းမျဉ်းဥပဒေဆိုတာ
ဘယ်သူ့မျက်နှာမှ မကြည့်တတ်တဲ့
သဘာဝတရားကြီးမှာပဲ ရှိပါတယ် သူငယ်ချင်း´

`လူသားဆန်တဲ့စိတ်ဓာတ်နဲ့
အသက်ဆက်ရှင်နေမယ့် ငါတို့နှလုံးသားတွေဟာ
ဖန်တီးချင်တိုင်း ဖန်တီးနေတဲ့ စာနာမဲ့အာဏာရှင်များအောက်
ဘယ်တော့မှ မပျောက်ဆုံးသွားဘူး သူငယ်ချင်း´

နေညိုညိုညနေခင်းမှာ ငါတို့လက်တွဲပြီး အဲဒီလမ်းပေါ် အတူတကွ လျှောက်လှမ်းခဲ့တယ် .. ။ ငါတို့အားလုံးမှာ တူညီတဲ့ နှလုံးသားတစ်စုံနဲ့ ခိုင်မာတဲ့ ယုံကြည်ချက်တစ်ခုကို အသက်သွင်းပြီး အချင်းချင်း သစ္စာဆိုပြီးသား ဖြစ်ခဲ့တယ်။ လူသားဆန်တဲ့ အသဲနှလုံးဟာ ဘယ်အာဏာရှင်ကမှ သတ်လို့ မသေပါဘူး သူငယ်ချင်း . ။ ဘယ်အာဏာရှင်ကမှ လူသားဆန်တဲ့ အသဲနှလုံးကို ရင်တွင်းကနေ မောင်းထုတ်လို့ မရပါဘူး သူငယ်ချင်း .. ။

`မုန်တိုင်းတိုက်လို့ ငါတို့ပြည်သူတွေ
ဒုက္ခပေါင်းများစွာ ဝေနေချိန်
မဖြစ်စလောက် ငွေစကလေးနဲ့
ငါတို့ ဘယ်သူ့ပေးရမလဲ ဖြစ်နေချိန်
ကြမ်းတမ်းလှတဲ့ ခရီးဝေးကြီးတစ်ခုကို
မင်းတို့ကိုယ်တိုင် အမှီရောက်အောင်သွား
အတတ်နိုင်ဆုံး ကူညီပေးခဲ့တာတွေ
ငါတို့ရင်ထဲ ဘယ်တော့မှ မမေ့ပါဘူး သူငယ်ချင်း´

`ငါတို့လမ်းမပေါ်ထွက်ချိန်
နှုတ်ပိတ်ဆိတ်ဆိတ်နေသူတွေကို
ငါတို့လေးစားမှုပေး ဘာမှမပြောပေမယ့်
နောက်ကွယ်ကနေ ဓားနဲ့ထိုးသူတွေကိုတော့
နှုတ်က မဖွင့်ဟချင်ခဲ့ပေမယ့်
ငါ့အသဲနှလုံးဟာ နာနေတုန်းပဲ သူငယ်ချင်း´

ဘ၀မှာ ဘာပဲလုပ်လုပ် အရေးကြီးဆုံးက မိမိစိတ်စေတနာ ဖြူစင်သန့်ရှင်းဖို့ လိုတယ်လို့ပဲ ငါယုံကြည်ထားတယ် သူငယ်ချင်း.. ။ သေချာတာတော့ … အတတ်နိုင်ဆုံး လုပ်ဆောင်ပေးခဲ့တဲ့ သဲတစ်ပွင့်သာသာလေးတွေအတွက် ငါတို့ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး။ ဖယောင်းတိုင်လေး ထွန်းညှိ ၊ ၀မ်းနည်းခြင်းအထိမ်းအမှတ် ပန်းလေးတစ်ပွင့် ချရုံနဲ့ မိုးပြိုမတတ် ဟိန်းထွက်လာတဲ့ စက်ရုပ်တွေအသံကြား .. ခံစားမှုအသဲနှလုံးဆိုတာ ရင့်ကျက်ထားဖို့တော့ လိုလိမ့်မယ် ။

`အမှန်တရား ဥပဒေဆိုတာ
လူတစ်ယောက်ဘ၀တစ်ခုလုံးကို
အာဏာရှင်တွေအတ္တနဲ့ ချုပ်နှောင်ထားလို့မရဘူး သူငယ်ချင်း … ´

`အတူလက်တွဲခဲ့ကြသူတွေမို့
နေရာဒေသတွေမကွဲချင်ပေမယ့်
သွားနှင့်ဦးပေါ့ သူငယ်ချင်းရေ …
လွင့်မျောသွားတဲ့ ရွက်ဝါတစ်ရွက်ပြီးရင်
နောက်တစ်ရွက်အလှည့်ပေါ့ …
အလှည့်တွေဆက်ပြီးရင်းဆက်
ငါ့ရွက်ဝါလေးအလှည့်လည်း
မကျိန်းသေ မဝေးတော့ …

ဘယ်နေရာ ဘယ်ဒေသတွေပဲရောက်ရောက်
အဆိုးဆုံးကိုပြင်ဆင်ရင်း
အကောင်းဆုံးကိုကြိုးစား
မိခင်ဌာနီရင်ခွင်မှာ ငါတို့တစ်နေ့ပြန်ဆုံကြမှာပေါ့´

(နေထိုင်ခွင့် သက်တမ်းတိုးခွင့်မရ၍ ထွက်ခွာသွားရတော့မည့် မိတ်ဆွေအချို့နှင့် နိုင်ငံအတွင်း အ၀င်အထွက်လက်မှတ် တိုးခွင့်မရသော မိတ်ဆွေများသို့ … )

10 comments:

ကိုပေါ said...

နေရာဒေသတွေ ဘယ်လိုကွဲကွာခြားနားလည်း ယုံကြည်ချက်နဲ့ ပန်းတိုင်ကတော့ အတူတူဘဲ။ ရောက်တဲ့နေရာ၊ ကျတဲ့အခန်းကနေ အကောင်းဆုံး ဆက်လက် ပူးပေါင်းပါဝင်ကြစို့ရဲ့။
တွဲလက်များ ညီစေ။ ဒီမိုကရေစီအရေး မုချအောင်ရမယ်။

Lun Lunn said...

ညီမငယ် လင်းလက် ...

ရင်ကို ထိရှပြီး ရဲရင့် ပြတ်သားတဲ့ စကားလုံးတွေအတွက် ကျေနပ်မိပါတယ် ....
ဘယ်လို အခြေအနေမျိုးတွေ ကြုံတွေ့ပါစေ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး နဲ့ ကိုယ့်ယုံကြည်ချက်အတွက် လုပ်သင့် လုပ်ထိုက်တာမှန်သမျှကို လုပ်ဆောင်နေရဦးမှာပါ ...
အခြေအနေအရ အနေဝေးခဲ့ရရင်လည်း မှန်ကန် တည်ကြည်တဲ့ ရင်ထဲက သစ္စာကြောင့် စိတ်ချင်း အမြဲတမ်း နီးနေကြမှာပါ ...

Anonymous said...

ညီမလေးရေ စိတ်မကောင်းဘူးဟာ



မမခိုင်

ကလိုစေးထူး said...

ဖတ်ရတာ စိတ်မကောင်းစရာပဲ။ ညီမဆီကို မကြာခဏတော့ ရောက်ရောက်ဖြစ်နေတာပဲ။ ဘာမှသာ မရေးဖြစ်ဘဲ ပြန်ပြန်သွားနေမိတာ။ နေထိုင်ခွင့် သက်တမ်း တိုးမပေးတာက မြန်မာပြည်ရဲ့ မုန်တိုင်းကိစ္စမှာ လူကိုယ်တိုင် သွားကူကြလို့ လို့ သတင်းကြားရတယ်ညီမ။ အဲဒါကိုပါ သတင်းအချက်အလက် အသေးစိတ်ပုံစံမျိုး သိချင်သေးတယ်။

Anonymous said...
This comment has been removed by a blog administrator.
Kaung Kin Ko said...

ဖတ်ရတာ စိတ်မကောင်းစရာပါ။ စာသားတွေ အရမ်းထိတယ်။

ZMT said...

လုံးဝကို စိတ်မကောင်းစရာတွေပါပဲ။ ဘယ်နေရာ ဘယ်ဒေသပဲရောက်ရောက် ခံယူချက်တွေ နဲ့ ယုံကြည်ချက်တွေ ကတော့ ဘယ်တော့မှ ပြောင်းမသွားဘူးဆိုတာ ယုံကြည်ပါတယ်။ အားလုံး အဆင်ပြေကြပါစေ။

Anonymous said...

88 နောက်ပိုင်းမှ လူဖြစ်လာတဲ့ ညီမလေးရဲ့ ကလောင်သွားကတော့ အင်မတန်မှ ထက်လှပါပေတယ်.. အသက်ငယ်သော်လည်း စာပေနယ်မှာ ၀ါရင့်လှပါပေတယ်..

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။