Wednesday, July 09, 2008

ပို့စကတ်လေးတစ်စောင်


ဒီလ (၇)ရက်နေ့အတွက်တော့ အဆက်ဟောင်း ၊ အချစ်ဟောင်းတွေနဲ့ ပတ်သတ်၍ ဖြစ်တတ်သည့် ပြဿနာအချို့ကို ဖော်ပြထားသော ၀တ္ထုတိုလေးတစ်ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ် .. ။ အဆက်ဟောင်းပဲဖြစ်ဖြစ် ၊ အချစ်ဟောင်းပဲဖြစ်ဖြစ် .. ထိုသူတွေနဲ့ပတ်သတ်လာရင် အနည်းနှင့်အများ သ၀န်တိုကြ ၊ မကြိုက်ကြတာ လူ့သဘာဝပါပဲ .. ။ မည်သူမျှ ထိခိုက်နစ်နာခြင်း မရှိကြဘဲ စုံတွဲတိုင်း အဆင်ပြေစွာ ဖြေရှင်းနိုင်ဖို့ စာရေးဆရာမ မိုးမိုး(အင်းလျား)ရဲ့ စံနမူနာ ၀တ္ထုတိုလေးတစ်ပုဒ်ကို မျှဝေခံစားပေးလိုက်ပါတယ်။

ပို့စကတ်လေးတစ်စောင်

အဖြစ်ဟောင်းဟူသည် လူတိုင်းကိုယ်စီရှိကြစမြဲ ။ အချစ်ဟောင်းဆိုသည်မှာလည်း များသောအားဖြင့် ရှိခဲ့ကြစမြဲ။ ထို့ကြောင့်လည်း မောင့်တွင် အချစ်ဟောင်း ရှိခဲ့ဖူးသည်နှင့်ပတ်သတ်၍ ကျွန်မစိတ်မှာ အထူးအထွေ မဖြစ်မိ။ ကျွန်မတွင်လည်း ရှိခဲ့သည်သာ။

ငယ်ကအချစ် အနှစ်တစ်ရာဆိုသော်လည်း မောင်နှင့်လက်ထပ်ပြီးသည့် အချိန်မှစ၍ ကျွန်မသည် အချစ်ဟောင်းရော ၊ အချစ်နှောင်းပါမေ့ပြီတည်း။ ကျွန်မဘ၀တွင် မောင်သာရှိသည်။ ကျွန်မအချစ်သည် မောင့်ဆီမှာသာ တည်သည်။ မောင့်ကိုလည်း ထိုသို့ပင်ဖြစ်စေချင်သည်။ သို့သော် မောင်က သည်နှယ်မဟုတ်။

ကျွန်မတို့ လက်ထပ်ပြီးသည့်နောက် မောင့်အိမ်မှာပင် ကျွန်မလိုက်နေရသည်။ မောင့်အိပ်ရာ ၊ မောင့်စားပွဲ ၊ မောင့်စာအုပ်စင်တို့သည် ယခင်လူပျိုဘ၀အတိုင်း နေရာမပျက်ရှိနေသည်။ မောင့်ရည်းစားစာ တစ်ထပ်ကြီးကလည်း မောင့်စာအုပ်စင်မှ စာအုပ်ကြားတွင် နေရာမပျက်။ ကျွန်မစာများက အပေါ်ဆုံးမှာ ဆိုပါတော့။ နောက်ဆုံးရည်းစားစာပေကိုး။

ကျွန်မက ကျွန်မစာများမှလွဲ၍ ကျန်သောစာများကို ထီးနန်းချလိုက်သည်။ သွားလေရော အချစ်ဟောင်းများ ၊ သွားလေရော အဖြစ်ဟောင်းများ။ ကျွန်မတို့သည် အချစ်သစ်နှင့် ဘ၀သစ်ထူထောင်မည့်သူများ မဟုတ်ပါလား။ ကျွန်မ လုပ်သည်ကို မတရားပါဟု မည်သူပြောမည်နည်း။ မောင့်ဘ၀တွင် ကျွန်မခြယ်လှယ်ပိုင်ခွင့်ရှိပြီ။

သို့သော် ကျွန်မစိတ်ကို တစ်စုံတစ်ခုသည် အနှောင့်အယှက်ပေးလျက်ရှိသည်။ မောင့်စာများထဲတွင် အထင်ရှားဆုံး ၊ အများဆုံးနေရာယူထားသော စာရွက်ပြာပြာလေးများပါတည်း။ သူမကို မောင်အချစ်ခဲ့ဆုံး ထင်သည်။ သူမကလည်း မောင့်ကို အတော်လေးချစ်ခဲ့ပုံရသည်။ သူမ၏ လက်ရေးက လှပသည်။ အရေးအသားက ချွဲနွဲ့သည်။ သူ့အမည်က `စံပယ်´။ နာမည်ရင်းတော့ မဟုတ်တန်ရာ။ မောင်တင်စားပေးထားသော နာမည်ဖြစ်ကောင်းဖြစ်မည်။ မောင့်ကို ကျွန်မ ဘာမျှမမေး။ ကျွန်မတစ်ယောက်လုံး အနားမှာ ရှိလျက် အတိတ်ကချစ်သူကို တမ်းတသတိရစေမည့်အဖြစ်မျိုး ကျွန်မ မလိုလား။ ထို့ကြောင့် သတိရစရာအကြောင်းကို ကျွန်မဖန်တီးမပေး။ ဒါမျိုးဆိုတာ ကြာရင်မေ့မြဲ။ မေ့လည်း မေ့စေရမည်။ မမေ့ဘဲ ရှိနေသေးသည်ဆိုလျင်တော့ ကျွန်မညံ့လို့ပဲ။

`စာ ခင်ဗျ´

စာပို့လုလင်ထံမှ စာတစ်စောင်ကို ကျွန်မလှမ်းယူလိုက်သည်။ သို့သော် စာမဟုတ် ၊ ပို့စကတ်လေးတစ်ခုဖြစ်သည်။ မောင့်အမည်ကို လိပ်တပ်ထားသည်။ မှ ဟူသော ဘက်တွင် ဘာမျှမရေးထား။ သည်လက်ရေးကို မြင်ဖူးသည်။ ကျွန်မကောင်းကောင်းမှတ်မိသည်။ မောင့်ဆီမှာ အများဆုံးတွေ့ရသော စာရွက်ပြာပြာလေးများထဲမှ သည်လက်ရေး။ ရုပ်ပုံရှိရာဘက်သို့ လှန်၍ ကြည့်လိုက်သည်။ အမယ် အမယ် ၊ အဓိပ္ပါယ်ကလည်း အပြည့်အ၀ပါလား။ ပြာသောကောင်းကင်နောက်ခံတွင် သစ်ကိုင်းလေးတစ်ခု ထိုးကျနေသည်။ ရွက်ဝါလေးများ လေတွင် လွင့်ဝဲနေသည်။ သစ်ကိုင်းပေါ်တွင် ငှက်ကလေးတစ်ကောင်တည်းမှ တစ်ကောင်တည်း။ ဖော်ကွဲတဲ့ငှက်ငယ်အသွင်။

အပြည့်အစုံဖတ်ရှုရန် ဤနေရာတွင် ဒေါင်းလော့ခ်ဆွဲယူပါ။

2 comments:

Anonymous said...

I also keep getting postcard from my ex-bf. Lucky I am not married yet :P

တန်ခူး said...

လင်းလက်ရေ…၀တ္ထုကောင်းလေး ဝေမျှပေးတာကျေးဇူးပါ… ကိုယ်ချင်းစာတရား ထားတတ်အောင် ပညာပေးပုံလေးက တကယ်လှတယ်… ညီမရေးတဲ့ အချစ်အကြောင်းလေးတွေ မဖတ်ရတာကြာပေါ့…ရေးပါဦး….

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။