Tuesday, July 15, 2008

ခေတ်စနစ်၏ ဖြစ်တည်ရာ …

မနက်ခင်း နေရောင်ခြည်နုနုက တဖြေးဖြေး ရပ်စဲသွားသော မိုးစက်မိုးပေါက်များကြားမှ လူးလွန့်စွာ နိုးထအသက်ဝင်လာသည် .. ။ ကားလမ်းမနှင့်နီးသော ကျွန်မ အိမ်ခန်းလေးမှကြည့်လိုက်လျင် အသက်ဝင်လှုပ်ရှားလာသော မြို့တစ်မြို့ထဲမှာ အလုပ်မှလာကြိုသောကားများ ၊ အလုပ်သွားနေသော ကားများ ၊ ကျောင်းသား ကျောင်းသူများဖြင့် နိုးထလာသော နေ့သစ်တစ်ရက်ကို ကိုယ်စီတာဝန်များဖြင့် လှုပ်ရှားပုံဖော်သွားလာနေကြသည် .. ။ တစ်ဖက်ခန်းမှ ကျောင်းသွားရန် နိုးထလာသော ညီမလေးများအသံကို နားစွင့်ရင်း သူတို့အားလုံးအတွက် အဆင်သင့်ပြင်ဆင်ပြီးထားသောကြောင့် တခြားအလုပ်များကိုသာ စဉ်းစားခန်းဖွင့်နေမိသည် .. ။

`သမီးရေ ညီမလေး နေမကောင်းဘူးတဲ့´

မတိုးမကျယ် စိတ်ပူခြင်းလေသံစွက်ဖက်နေသော မေမေ့အသံကို ကျွန်မ ကြားလိုက်ရင်း ညီမငယ်လေးအခန်းသို့ ကျွန်မ ၀င်သွားလိုက်သည် .. ။

အဖျားရှိန်မြင့်နေသော ညီမငယ်လေးကိုကြည့်ရင်း စိတ်ပူမိကာ `ဆေးခန်းသွားပို့ရမယ်´ဟု မေမေ့ကို လှည့်ကာပြောလိုက်သည် .. ။ ရုတ်တရက် ညီမလေးက

`မေကြီး ဒီနေ့သမီးနဲ့ပဲနေနော် .. သမီးနေမကောင်းဘူး ။ အလုပ်မသွားပါနဲ့´ ဟု အသံတိမ်လေးဖြင့် ပြောလာသည်။ အလုပ်မပျက်ကွက်ချင်သလို တစ်ဖက်ကလည်း စိတ်ပူပန်နေပုံရသော အမေ့ကိုကြည့်ကာ ကျွန်မ ဘာမှ အကြံမပေးမိ .. ။

`ဟယ် မေကြီးက ခွင့်သိပ်ယူလို့မရတော့ဘူး ။ ခွင့်ရက်တွေကနည်းနေပြီ´ဟု မေမေက လှမ်းပြောချိန် ညီမငယ်လေးက ဘာမှဆက်မပြောတော့ … ။

ကျွန်မ ညီမငယ်လေး၏ ခံစားချက်ကို ကိုယ်ချင်းစာမိသည်။ နေမကောင်းချိန် အမများထက် မိခင်ကိုသာ တောင့်တကြသည်။

`မမနဲ့ပဲနေနော် ။ မမရှိတာပဲ´ဟု မေမေကပြောချိန် `ဟင့်အင်း သူတို့နဲ့မနေချင်ဘူး။ သူတို့ချက်ကျွေးတာတွေ ၊ လုပ်ကျွေးတာတွေက မာမီလောက်မကောင်းဘူး´ဟု ညီမငယ်လေးကပြန်ပြောတော့ ကျွန်မက `အမ်´ဟု တစ်ချက်သာ ရေရွတ်ရင်းပြုံးမိသည်။

သမီးငယ်၏ ဆန္ဒကို လိုက်လျောခြင်းကတစ်ဖက် ၊ စိတ်ပူခြင်းကတစ်ဝက်ဖြင့် ထိုနေ့က မေမေ အလုပ်မသွားဖြစ်ခဲ့။ အနီးကပ်ပြုစုရင်း ဆေးခန်းကို ကိုယ်တိုင်လိုက်ပို့သည်။ အရင်နေမကောင်းချိန်များက ထိုတာဝန်များကို ကျွန်မသာ လုပ်ပေးလေ့ရှိပေမယ့် မိခင်ကိုသာ ပိုမိုအလိုရှိနေကြတာ ကျွန်မ ကောင်းကောင်းနားလည်မိပါသည်။

စက်ရုပ်များသာ ရှင်သန်နေသော ကမ္ဘာအလား .. နေရက်များတိုင်းမှာ တာဝန်အလုပ်များကိုယ်စီဖြင့် ရုန်းကန်ရှင်သန်နေရသော ဒီခေတ်ရာစုမှာ နွေးထွေးမှုမေတ္တာအကြင်နာများက တစတစ လျော့ကျလာသည်။ ကျောင်းတစ်ဖက် ၊ အလုပ်တစ်ဖက်ဖြင့် ယခင်က ကျွန်မ အလုပ်ရှုပ်နေချိန် မိသားစုဖြင့် ပုံမှန်စကားပြောချိန်တောင် မရှိခဲ့။ တခါတရံ ကျွန်မနှင့်ကျွန်မ မိဘများ တစ်ပါတ်မှာ တစ်ရက်လောက်သာ တွေ့ခဲ့ရသည်များလည်း ရှိခဲ့ဖူးသည်။ အိပ်ချိန် ၊ စားချိန် ၊ သွားချိန် အစစအရာရာ မတူသော ဘ၀တွေမှာ ကိုယ်စီရှင်သန်ကြရင်း ၊ တစ်အိမ်တည်းအတူနေကာ မိမိအလုပ်များဖြင့် မိမိရှုပ်နေကြရင်း စကားပင် သေချာမပြောဖြစ် .. ။

စင်္ကာပူလူမျိုးအများစု ကျင့်သုံးကြသော `အိမ်ဖော်´ထုံးစံအရ ကလေးများကို အိမ်ဖော်များနှင့်သာ ကြီးပြင်းလေ့ရှိကြသည်။ များပြားလွန်းလှသော အလုပ်တာဝန် ၊ အချိန်များကြား မိမိသားသမီးကို အချိန်များစွာပေးဖို့ မိခင်များ မတတ်နိုင်ကြ။ အမှန်တကယ်တော့ ထိုအကြောင်းရင်း၏ တရားခံမှာ မိခင်တစ်ယောက်တည်းတွင် မဟုတ် .. ။ လူနေမှုအဆင့်တန်း ၊ ခေတ်စနစ်ကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးအချို့သာဖြစ်သည် .. ။ ဖခင်မှာ စားဝတ်နေရေးအတွက် ၀င်ငွေလောက်ပဲရှိပါက နောင်အနာဂတ် saving အတွက် မိခင်များကပါ `မောင်တစ်ထမ်း မယ်တစ်ရွက်´ လုပ်ကိုင်ကြရသည် .. ။ တစတစ တက်လာသော ကုန်ဈေးနှုန်းနှင့် အပြိုင် .. ဘ၀ရှေ့ရေးအတွက် ၊ မိမိအတွက် ၊ သားသမီးများအတွက် ၊ လူနေမှုအဆင့်အတန်း ပုံမှန်လေးရှိနေဖို့အတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်အလုပ်ကိုင်များဖြင့် ဘ၀ကိုဖြတ်သန်းနေရသော လူများအားလုံး မိသားစုနွေးထွေးမှုအချိန်က ယခင်ထက်ပိုမိုနည်းပါးလာတာကိုတော့ မလွဲမသေ၀န်ခံရပါမည်။

မိသားစုတစ်ခုမှာ ပျော်ရွှင်စွာ လည်ပတ်ခြင်း ၊ အချိန်များများ မပေးနိုင်ခြင်းတွေ ဖြစ်လာသော ခေတ်စနစ်အရ အချိန်များစွာ မပေးနိုင်ချိန် Quality Time တန်ဖိုးရှိသော အချိန်ကာလလေးတစ်ခုကိုသာ ကြိုးစားဖန်တီးသင့်သည်ဟု ကျွန်မ တွေးမိသည်။ အတူရှိနေချိန်ကာလလေးများကို တန်ဖိုးရှိစွာ ၊ ပျော်ရွှင်စွာ အသုံးချမှသာလျင် မိသားစုနွေးထွေးမှုများ မလျော့သွားနိုင်အောင် လုပ်နိုင်ပါလိမ့်မည် .. ။

ဥပဒေတွေ ၊ နိုင်ငံရေး အယူအဆ သတ်မှတ်ပုံတွေ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြသော်လည်း စီးပွားရေးအရ ပိုမိုအောင်မြင်တိုးတက်အောင် ကြိုးစားလုပ်ကိုင်နေကြသော နိုင်ငံများအားလုံးမှ လူများဘ၀ကလည်း အလုပ်ချိန်များ ၊ အလုပ်ဖိစီးမှုဒဏ်များ ၊ ပင်ပန်းမှုများဖြင့် လည်ပတ်ရင်း ဘ၀အဓိပ္ပါယ်လေး မပျောက်ဆုံးသွားအောင်လည်း ဂရုပြုသင့်လှပေသည် … ။

တကယ်တော့ ဘ၀မှာ ဘီလျံနယ်ဖြစ်ဖို့လည်း မလိုပါဘူး .. ။ ကမ္ဘာကျော်အောင် နာမည်ကြီးမှ နေပျော်မှာလည်း မဟုတ်ပါဘူး .. ။ ဘန်ဂလိုနဲ့နေနိုင်မှ လူရာဝင်တာလည်း မဟုတ်ပါဘူး .. ။ မကြိုးစားဘဲ ထိုင်နေရုံနဲ့လည်း မလုံလောက်သေးဘူး .. ။ လက်ရှိအနေအထားမှ အကောင်းဆုံးကို ဆက်လက်ကြိုးစားကြရင်း ဘ၀ကို အလင်းတန်းနေရောင်ခြည်ပေးစွမ်းနိုင်တဲ့ မိသားစုဘ၀ ၊ နွေးထွေးပျော်ရွှင်မှုဘ၀ ၊ အေးချမ်းမှုသစ္စာအားလုံး မပျောက်ပျက်အောင် ကြိုးစားထိန်းသိမ်း စီမံခန့်ခွဲနိုင်မှသာလျင် `ဘ၀အဓိပ္ပါယ်´ဆိုတာ ပြည့်စုံသွားမှာပင် မဟုတ်ပါလော။

3 comments:

Aung Phyoe said...

လာလယ်သွား ပါတယ် ။ ဒီလို ရသလေးတွေရေးပါဦး နော် အမ

moe thandar said...

Hi, ma lin latt this is very valuable essay of u. i really agree with u and i also have same feelings like u.

Mintasay said...

That's totally right, sis. Keep yourself up in that great living art. Yeah, it's artistic writing style too.

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။