Tuesday, July 22, 2008

ကျွန်မနှင့် စိတ်ညစ်ညူးဖွယ် အသီး

လူတွေက ထိုအသီးကို King Of Fruits ဟု တင်စားခေါ်ဝေါ်ကြသည်။ ကြိုက်တတ်သူအချို့က ဆိုင်တွင်ပင် ခွဲစားနေကြသည်ကိုလည်း ကျွန်မ မြင်ခဲ့ရဖူးသည် .. ။ ထိုအသီးကိုမှ တမ်းတမ်းစွဲ ကြိုက်ကြသူများအလယ်တွင် ကျွန်မတစ်ယောက်တည်း အနံ့ပင်မခံနိုင် ၊ မြင်လျင် ဝေးဝေးက ပြေးနေရသည့်ဘ၀က သိပ်တော့မလွယ်။

ဘယ်ဘ၀က ရေစက်ကြောင့်ပင် မသိ .. ။ ဒူးရင်းသီးဆိုသော အသံကြားသည်နှင့် ကျွန်မဝေးရာ ပြေးတော့သည်။ မြန်မာပြည်မှာနေစဉ်က ကျွန်မ ဆွေမျိုးများက အိမ်သို့လာလည်တိုင်း ဒူးရင်းသီးကောင်းကောင်းကို လက်ဆောင်အဖြစ် ၀ယ်လာကြသည် .. ။ သူတို့ ဒူးရင်းသီးခွဲစားနေချိန်တွင် ကျွန်မမှာ အနံ့ပင် မခံနိုင်သဖြင့် ဝေးရာတစ်နေရာသို့ သွားရှောင်နေရသည် .. ။


ယနေ့မနက် ဈေးသို့အသွား ဈေးထဲတွင် ဒူးရင်းသီးတွေ တောင်းတွေနှင့် အစီအရီချထားပြီး ဈေးနှုန်းသက်သာစွာ ရောင်းနေချိန် … ကျွန်မအမေက ၀မ်းသာအားရစွာ ဒူးရင်းသီးတွေ ရွေးတော့သည် .. ။ ကျွန်မမှာ `အမေရယ် မနက်ဖြန်မှ ၀ယ်ပါလား .. မနက်ဖြန် သမီး အပြင်သွားချိန်မှ လာဝယ်ပါလား´ဟု ပြောရာ ကျွန်မအမေက `မနက်ဖြန် ဈေးကိုမလာချင်တော့ဘူး။ ပြီးတော့ မသေချာဘူးလေ သမီးရယ်´ဟုဆိုကာ ဆက်လက်ရွေးနေသဖြင့် ကျွန်မမှာ ခပ်လှမ်းလှမ်းသို့သာ သွားရပ်နေရသည်။

ဟင်းချက်စရာများကို ဈေးတွန်းလှည်းထဲတွင် ထည့်ကာ ရှုံ့မဲ့ရှုံ့မဲ့ဖြင့် သွားနေသော ကျွန်မပုံစံကို ကျွန်မအမေကတော့ ပြုံးလျက် .. ။ စိတ်ထဲတွင် အတော်ပင် မူးနောက်လာကာ ဟင်းချက်စရာများကို တွန်းလှည်းတွင်ထည့်ကာ အိမ်သို့အမြန်သုတ်ချေတင်ခဲ့ရသည် .. ။ တစ်လမ်းလုံး ထိုဒူးရင်းသီးနံ့က ကျွန်မကို အတော်ပင် အနှောင့်အယှက်ပေးလျက် မူးနောက်နေတော့သည် .. ။ စိတ်ထဲတွင်လည်း ဒီအသီးကိုမှ တမ်းတမ်းစွဲ ကြိုက်ကြသော ကျွန်မ မိသားစုနှင့် အတော်ပင် စိတ်ညစ်ရသည်။ ဘတ်စ်ကားများပေါ်တွင် ဒူးရင်းသီးပါလျင် ရှုံ့မဲ့နေတတ်သော ကျွန်မ .. တစ်ရှုးတစ်ရွက်ထုတ်ကာ အနံ့မရအောင် အမြဲကွယ်ထားရသည်မှာလည်း တစ်ဒုက္ခ။

စင်္ကာပူမှာ ကျွန်မ မိသားစု ဒူးရင်းသီးခွဲစားတိုင်း စာကြည့်တိုက် သို့မဟုတ် အိမ်နှင့်နီးသော ခရေပင်ကွင်းလေးဆီ ကျွန်မ သွားနေရသည် .. ။ ကျွန်မ အိမ်ပြန်လာလျင် ဒူးရင်းသီးနံ့မရစေရန် အိမ်ကလူအားလုံးကို သွားတိုက်ထားရန်နှင့် အခွံများ ၊ အစအနများကို လွှင့်ပစ်ထားရန် လမ်းမှပင် ကြိုတင်ဖုန်းဆက်ထားရသည် .. ။ ကျွန်မအကျင့်ကိုသိသော ကျွန်မညီမလေးက အမြဲတမ်း ကျွန်မကို စနောက်ပြီး ကျွန်မမှာတော့ မခံရပ်နိုင်စွာ စိတ်ဆိုးရလေ့ရှိသည်။ `မကြီးက ကောင်းတာဆို ဘာမှမစားဘူး´ဟု ညီမလေး ဝေဖန်သံကို ကျွန်မက `King Of Fruits ပဲဖြစ်ဖြစ် ဘာ King ပဲဖြစ်ဖြစ် .. ကန်တော့ပါသေးရဲ့´ဟု ပြန်ပြောလျင် သူတို့အားလုံး သဘောကျစွာ အမြဲရယ်နေမြဲ … ။

ကျွန်မ မိသားစု ဒူးရင်းသီးခွဲစားနေချိန်တွင် ကျွန်မမှာ အခန်းထဲသို့ဝင်ကာ တံခါးပိတ်ပြီး တစ်ရှုးတစ်လိပ်ပါ အနားသို့ ဆောင်ထားရသည် .. ။ အခန်းထဲသို့ထိတိုင် လွင့်ပျံ့လာသော ဒူးရင်းသီးနံ့ကို စိတ်ညစ်ညူးစွာ `မေမေတို့ရေ အမြန်စားပြီး အမြန်လွှင့်ပစ်ကြပါတော့နော် ´ဟု အော်ပြောချိန် ကျွန်မကို စချင်သော ညီမလေးများက `တစ်နေကုန်ထိုင်ခွဲစားမှာ မမရေ´ဟု ပြန်လည် အော်ပြောကြသည် .. ။

စိတ်ညစ်ညူးစွာဖြင့် သူတို့ဒူးရင်းသီးစားနေသည့် ထမင်းစားခန်းနှင့်ဝေးသော ဘုရားခန်းအနီးရှိ ကွန်ပြူတာစင်နားသွားကာ ကွန်ပြူတာဖွင့်နေရင်း လွန်စွာ ဆိုးရွားသော အနံ့တစ်ခုက လေအဟုန်ဖြင့် အမြန်ဝင်ရောက်လာသလို ခံစားရသဖြင့် မျက်လုံးကို ဟိုဟိုဒီဒီ အမြန်ရှာဖွေလိုက်တော့ ကျွန်မကွန်ပြူတာထားရာနှင့် နီးသော ဘုရားခန်းအတွင်းမှ ဘုရားစင်ပေါ်တွင် အမေ ကပ်ထားသော ဒူးရင်းသီးပန်းကန်ကို တွေ့လိုက်ရတော့သည် .. ။

10 comments:

Unknown said...

ဟုတ်ပ
အစ်မလဲ ဒူးရင်းသီးကြိုက်ဝူး
တော်တော်အနံ့ဆိုးတယ်
ဒါပေမယ့် ရေခဲမုန့်တော့စားတယ်
ဟတ်ဟတ်

Chaos said...

ဟုတ်ပ
အစ်မလဲ ဒူးရင်းသီးကြိုက်ဝူး
တော်တော်အနံ့ဆိုးတယ်
ဒါပေမယ့် ရေခဲမုန့်တော့စားတယ်
ဟတ်ဟတ်

အပေါ်က အီးမေးနဲ့ဖစ်သွားလို့ ညီမလေးရေ
လူများအကောင့်ဝင်နေတာ မသိလိုက်လို့

s0wha1 said...

ဟုတ်ပါ့။ အမလည်း ဒူးရင်းသီးနဲ့ မခံနိုင်ဘူး။ ပြီးတော့ တခါမှလည်း မစားဖူးဘူး။ ဒူးရင်းသီးနံ့ရရင် လူက ခေါင်းတွေမူးလာတာ ဘာနဲ့မှ မတူဘူး။ အိမ်မှာဆို အမ ရှိနေချိန် ဘယ်သူမှ ဒူးရင်းသီး မစားကြဘူး။ NTUC ရှေ့က ဖြတ်ရင် အရမ်းဒုက္ခရောက်တယ်။ နှာခေါင်းပိတ်ပြီး အမြန် လျှောက်ရတာ။

ကိုပေါ said...

ဟုတ်တယ်ဗျိုး....ကျနော်လည်း ငယ်ငယ်က ဒူးရင်းသီးဆိုရင် သကြားလုံးမှာ ဒူးရင်းသီးအနံ့ပါတာကို သူများစားရင်တောင် ကိုယ်က ဘေးကထိုင်နေရင်း ခေါင်းမူးတတ်တာမျိုး။

အဟီး...အခုတော့ ကြိုက်သွားပြီ။ ဒီလိုလေ။ မဒမ်ပေါက မော်လမြိုင်သူ။ ဒူးရင်းသီးအရမ်းကြိုက်။ စင်္ကာပူရောက်လာတော့ အဲဒီ ဒူးရင်းသီးကို ဈေးကြီးပေးပြီး ၀ယ်စားသဗျား။ ကျနော်က မကြိုက်တဲ့အလျောက် ဘေးက သူစားတာဘဲ ထိုင်ကြည့်နေရင်းက စိတ်ထဲမှာ တပန်းရှုံးတယ်လို့ ခံစားရသဗျား။ အဲဒီတော့ အားကျမခံ အားထုတ်ပြီး စားကြည့်လိုက်သဗျား။ အခုတော့ အရသာစွဲသွားပြီ။

စင်္ကာပူ စကားနဲ့ ပြောရရင် Kiasu ဖြစ်တာပေါ့နော။ မလင်းလက်လည်း တခါလောက် ကြိုးစားပြီး စားကြည့်ပါလား။ မလင်းလက် ၀င်စားလိုက်ရင် မိသားစုက ကျန်တဲ့လူတွေလည်း သူတို့ဝေစုလျော့သွားမှာဖြစ်တဲ့အတွက် လက်စားချေပြီးသားဖြစ်အောင် အကြံကောင်းပေးလိုက်ပါတယ်။

ခင်မင်းဇော် said...

အန်တီလဲ ဒူးရင်းသီးအနံ့ရတာနဲ့ ခေါင်းမူးပြီး အန်ချင်တာပဲ။ တခါတလေ ဆို ကြာကြာ ရနေရင် အန်ပစ်တာပဲ။ ကြိုက်ကို မကြိုက်ဘူး။ ဒူးရင်းသီးသကြားလုံး၊ ဒူးရင်းသီး ရေခဲမုန့်။ ဒူးရင်းသီးနံ့ နည်းနည်းပါတာတောင် စားမရ ။

Anonymous said...

I like Durain very much. Feeling like I am in heaven when I am eating it:D

ZMT said...

ဒူးရင်းသီး မကြိုက်တဲ့ ဘလော့ဂါများပေါ့ဗျာ ဟားဟား....

Anonymous said...

ဟုတ်တယ်..တို့လဲဒူးရင်းသီးဆိုတာနဲ့ပြေးတော့တာပဲ... စားစရာတွေမှာအဲဒီအသီးနံ့ ပါရင်မစားတော့ဘူး.. အရသာဘယ်လောက်ကောင်းတယ်ပြောပြော အနံ့နဲ့ တင်တော်ပါပြီ..

Anonymous said...

ဘယ် သူ ဘာ ပြော ပြော အနော် တော့ တအား တအား ကြိုက် ပါ တယ်

Unknown said...

22 ka ayann ayann kyite par tal,,durin so yin a thal swal bya..hehe... a yann kyite ei,,, always sar ng ei,,, hekhek,,, kyite tal loh pal pyaw tot mal,, ma pyaw tat tot buu bya,, heeeeeeeeeez

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။