Wednesday, July 09, 2008

Agent အိမ်ပေါ်မှ ထွက်ပြေးရင်း သေဆုံးခဲ့ရရှာသော ရင်နင့်ဖွယ် မြန်မာအမျိုးသမီး တစ်ဦး


(၄)နှစ်အရွယ် သမီးတစ်ယောက် မိခင်၊ မခင်ချိုဦး၊ B.A (History)၊ အသက်(၃၃)နှစ်သည် ခင်ပွန်းသည်နှင့် လမ်းခွဲပြီးနောက်ပိုင်း စီးပွားရေး မပြေလည်မှုများ ဖြေရှင်းနိုင်ရန် ၂၀၀၈၊ မေလတွင် စင်္ကာပူနိုင်ငံသို့ အိမ်ဖော် အဖြစ် အလုပ်၊ လုပ်ရန် ရောက်ရှိခဲ့သည်။

ဘ၀ပေး အခြေအနေအရ လာရောက် လုပ်ကိုင်ခဲ့ရ သော်လည်း အလုပ်တွင် ပျော်ရွှင်ခြင်း အလျှင်း မရှိ ကြောင်း သူမ၏ အလုပ်ရှင် Mr. Lee ၏ ပြောစကား အရ သိရှိခဲ့ ပါသည်။ တစ်လအကြာထိ အလုပ်တွင် မပျော်ပိုက်ပဲ မြန်မာပြည်သို့ ပြန်ချင်ကြောင်းသာ ပြောဆိုနေသဖြင့် သူမ အလုပ်ရှင် Mr. Lee က သူမ Agent ထံသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

သူမ၏ ဦးလေးဖြစ်သူ (ဆောက်လုပ်ရေး လုပ်သား) ပြောပြချက်အရ သူမအနေဖြင့် မြန်မာပြည်သို့ ပြန်လိုပါက စာချုပ်စာတမ်း အရ S$ 1000 အား Agent သို့ ပေးရမည် ဖြစ်သည်။ လျှော်ကြေးငွေ မပေးနိုင်ခင် သူမသည် Agent ထားသောအိမ်တွင် အခြားသော အိမ်ဖော်အဖြစ် အလုပ် လာရှာသူများ နှင့်အတူ နေထိုင်ခဲ့ရာမှ လွန်ခဲ့သော ဗုဒ္ဓဟူးနေ့၊ ညနေ ၅း၃၀ နာရီခန့်တွင် သူမ နေထိုင်သော Blk896C Woodlands Dr. 50 တတိယလွှာမှ ခွေးလည်ပတ်တစ်ခု နှင့် မျက်နှာသုတ်ပုဝါ (၅)ခု ဆက်ကာ ထွက်ပြေးရင်း ပြုတ်ကျ သေဆုံးခဲ့ပါသည်။

လောလောဆယ် မည့်သို့သော အကြောင်းကြောင့် ထွက်ပြေးခဲ့ရခြင်း၊ သေဆုံးမှုဇာတ်မြစ်ကို မသိရသေးသော်လည်း ရဲဘက်ဆိုင်ရာမှ သမရိုးကျ မဟုတ်သော သေဆုံးမှုအဖြစ် သတ်မှတ်ကာ လိုအပ်သော စုံစမ်း စစ်ဆေးမှုများ စတင်ဆောင်ရွက် နေပါသည်။

ထိုသို့ မိသားစု စီးပွားရေး အဆင်မပြေမှုကြောင့် ကံအကြောင်းမလှ ဖြစ်ခဲ့ရရှာသော ကလေးတစ်ယောက် မိခင် ပညာတတ် မြန်မာအမျိုးသမီး တစ်ဦး၏ ဈာပန ကောင်းမွန်စွာ ပြီးမြောက်ရေး နှင့် ကျန်ရစ်သော မိသားစု ဘ၀ ရှေ့ရေးအတွက် တတ်အားသရွေ့ ၀ိုင်းဝန်းကူညီ ကြပါရန် စင်္ကာပူနိုင်ငံရောက် ရွှေမြန်မာအား တိုက်တွန်းအပ်ပါသည်။

မခင်ချိုဦး၏ ဈာပနနှင့် ကျန်ရစ်သူမိသားစုအတွက် အလှူငွေများကို ပန်နီဆူးလားပလာဇာရှိ စင်းမြန်မာဆိုင်ရှေ့တွင် လက်ခံလျက်ရှိပါသည်။ စေတနာရှင်များအားလုံး စင်းမြန်မာဆိုင်ရှေ့ရှိ အလှူခံပုံးတွင် ထည့်ဝင်လှူဒါန်းနိုင်ပါသည်။

2 comments:

Nyo Gyi, Don Nyo Gyi, Original Nyo Gyi said...

သတင်းကြားရဖတ်ရတာ အင်မတန် ကြေကွဲဝမ်းနည်း၊ ဒေါသထွက်ဖို့ကောင်းပါသည်။
ဗမာဘွဲ့ရတစ်ယောက် သူများနိုင်ငံမှာ အိမ်ဖော်သွားလုပ်နေရခြင်း၊
ဗမာတစ်ယောက် သူများနိုင်ငံမှာ အစော်ကားခံရခြင်း တို့အတွက် ဖြစ်ပါသည်။

Unknown said...

ဓါတ်ပုံမထည့်သင့်ပါ။ the new paper မှာ ပါတိုင်း ဘလော့ မှာ မတင်သင့်ပါ။

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။