Wednesday, May 21, 2008

ပြည်သူ့အသက်တွေ အလျော်ပြန်ပေး (ရဲရင့်သက်ဇွဲ)

“ပြည်သူ့အသက်တွေ အလျော်ပြန်ပေး”
(ရဲရင့်သက်ဇွဲ)

သမ္မာကျမ်းစာပါ
ကမ္ဘာပျက်တဲ့နေ့ဟာ
နာဂစ်နဲ့အတူရောက်လာတယ်
နာဂစ်ပြန်တော့ ကျန်ရစ်တယ် .. ။

ကြမ်းကြား လေကြား
မုန်တိုင်းသတိပေးချက်ဟာ
(ဘုရားစူးရပါစေရဲ့)
ဝတ်ကျေတန်းကျေ နိုင်လွန်းလှတယ် .. ။

ဥမကွဲ သိုက်မပျက်
နေထိုင်လာတဲ့နှစ်များစွာ
တိုက်ခတ်လာတဲ့မုန်တိုင်းများစွာ
ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့ပါရဲ့ ..
အခုတော့
ဥကွဲ သိုက်ပျက်
နာဂစ်ရဲ့ရိုက်ချက်ထက်
စစ်အုပ်စုရဲ့ ရိုက်ချက်ကပြင်းလွန်းတယ် .. ။

သဘာဝဘေးအန္တရာယ်
ဘယ်သူမှတားဆီးမရနိုင်ပေမယ့်
ကြိုတင်သတိပေး တပ်လှန့်နှိုးဆော်
အချိန်ဆိုတဲ့ တန်ခိုးတော်က
လူ့အသက်ပေါင်းများစွာကို
ကယ်တင်ပေးနိုင်လိမ့်မယ် .. ။

အကြင်နာကင်းမဲ့တဲ့နှလုံးသား
ဇိန္နမာန ဥာဏ်နဲ့ အုပ်စိုးသူတို့လက်အောက်က
ပြည်သူတို့ရဲ့အသံ
အမေရိကန်လာပါ ..
အင်္ဂလန်လာပါ ..
ပြင်သစ်လာပါ ..
ကူညီနိုင်စွမ်းရှိတဲ့ သူမှန်သမျှလာပါ ..
ကူကယ်ရာမဲ့သူတို့ရဲ့ မျှော်လင့်ချက်ဟာ
ကောက်ရိုးတမျှင်ပဲပေါ့ ..။

အစားအစာပေးပါ
သောက်စရာ ရေပေးပါ ..
အ၀တ်အထည်ပေးပါ ..
နေစရာ နေရာပေးပါ ..
အသံလှိုင်းတို့ရဲ့ ပဲ့တင်ရိုက်ခတ်သံများ
စစ်အုပ်စုမှာ နားမရှိရှာ
ပြည်သူလူထုရဲ့ ဒုက္ခထက်
သူတို့ရဲ့ အာဏာလက်မလျွှတ်ရေးဒုက္ခက
ပိုပြီးကြီးမား
အတ္တလောက်တွေ တဖွားဖွားနဲ့ပေါ့ .. ။

ဒါကြောင့်
ဘုရားသခင်ထံပါး
ကျက်သရေယုတ်သူများအား စွဲချက်တင်လိုက်တယ် .. ။

“အို ဘုရားသခင်
လူပေါင်းများစွာ သေကြရတယ်
မုန်တိုင်းကြောင့်မဟုတ်
စစ်အုပ်စုကြောင့်သာဖြစ်တယ် .. ။

လူပေါင်းများစွာ ဒုက္ခနဲ့ကြုံရတယ်
မုန်တိုင်းကြောင့်မဟုတ်
စစ်အုပ်စုကြောင့်သာဖြစ်တယ် .. ။

လူပေါင်းများစွာ ဒုက္ခတွင်းထဲမှာ
ထပ်ပြီးတော့ အသက်ဆုံးရှုံးရဦးမယ်
မုန်တိုင်းကြောင့်မဟုတ်
စစ်အုပ်စုကြောင့်သာဖြစ်တယ် ..
စစ်အုပ်စုကြောင့်သာဖြစ်တယ် ..
စစ်အုပ်စုကြောင့်သာဖြစ်တယ် ..
စစ်အုပ်စုကြောင့်သာဖြစ်တယ် .. ။

အို ဘုရားသခင်
ရက်စက်ယုတ်မာသော
နှလုံးသားရှိသူတို့သက်တမ်းကား
ရှည်လျားလွန်းလှ ..
ဖြူစင်ရိုးသားသော
အပြစ်မဲ့ပြည်သူတို့.သက်တမ်းကား
တိုတောင်းလှချေ… ။
တရားသဖြင့် မျှတသောစီမံမှုကို ပေးတော်မူပါ .. ။

စစ်အုပ်စုကျဆုံးပါစေ ..
ပြည်သူလူထု လွတ်မြောက်ပါစေ …

ရဲရင့်သက်ဇွဲ

3 comments:

Unknown said...

သဘာဝ ဘေးအန္တရာယ်..မကာကွယ်နိုင်တာ သိပါတယ်။

ဒါပေမဲ့  ကြိုသိခဲ့ရင်.လူ့  အသက်တွေ ကိုတန်ဖိုးထားတတ်ရင်..ရှိတဲ့ လူတွေ ကို ၄၈နာရီ အတွင်း ဘေးလွတ်ရာ နေရာပြောင်းရွေ့ ဖို့ လူကြီးသူမပီပီ သတိပေးနိုင်ပါတယ်.။
ဒါမုန်တိုင်းပါ.ဖြုဖွေးနေတဲ့ ဝဲကတော့ နဲ့ တိမ်တိုက်ကြီး ဘယ်လောက် အဝန်းကြီးတယ်..ဘယ်နေရာကို ဦးတည်လာမယ်ဆိုတာ..မြင်ရခန့် မှန်းနိုင်ပါတယ်။
ငလျှင်။ ဆူနာမိ ဆိုတာက.အမှတ်တမဲ့.ရုတ်တရက်. ဗြုံးစားကြီး ထလှုပ်တာမျိုး မို့ မသိလို့ သေတယ် ဆိုရင်..ခွင့်လွတ်နိုင်ပါသေးရဲ့.။
အမှန်က ဒါဟာ မီဒီယာ သတင်းမှောင်ချမှူပါ. သူတို့ အမျိုးတွေ ကျ..သူတို့ ပစ္စည်းတွေကျ လွတ်ရာရှောင်ထားပေးပြီး ကျန်တဲ့လူတွေကျ သေပစေ။
အချိန်မီ မုန်တိုင်း သတင်းပြရမဲ့အစား.ကိုရီးယားကား နှပ်တရွဲရွဲနဲ့  ငိုရတဲ့ကားတွေပြပြီး လူတွေကို စိတ်ပြောင်းထားတာ။
အခုတော့ နောက်ဆုံး ဗမာတွေ အပြုံလိုက်သေ.တကဲ့အဖြစ်အပျက်တွေနဲ့ ရင်ကွဲပက်လက် ငိုရမဲ့ဘ၀ ဖြစ်နေတာပါ။

လိုရင်းကတော့ စေတနာပါ။ အာဇာနည်တွေက ရသမျှ CBOX ထဲလာပေးတဲ့ မုန်တိုင်းသတင်းတွေကို.အရေးကြီးတဲ့  ဆိုက်တွေထဲရောက်အောင်..ကျနော်တို့ ဖြန့် ပါတယ်။

ဒါပေမဲ့  ကျနော်တို့ ရဲ့ blogger.com ကို.ရွှေဘဘတို့ ကဘန်းထားပြန်။ အင်တာနက် ကွန်နက်ရှင်ကလည်းနှေး.ကျနော်များကလည်း.ရေဒီယို စတေရှင်လည်း မပိုင်။
သတင်းစာတိုက် ကလည်းမဟုတ်.
ဦးထွန်းလွင်လို weather Man လည်းမဟုတ်လေတော့..
မသဒ္ဓါကြီးမှာ တတ်နိုင်သလောက်လူသိအောင် ကြိုးစားသော်လည်း..အရာ မထင်ခဲ့ပါ။

ဘာဘဲဖြစ်ဖြစ်.ကျနော်တို့ အုပ်စု တတ်အားသ၍တော့ ကြိုးစားခဲ့ပါတယ်။

ပင်လယ်သောင်စပ်က ဆားချက်ရွာ..ငပိ လုပ်တဲ့ရွာ က တဲပုတ် စုတ်စုတ်ကုပ်ကုပ်ကလေးတွေ ကတော့..အင်တာနက်လည်းမသိ. ဘလော့ဆိုတာလည်းမသိ
။ ကွန်ပြူတာ လည်းမသိ။ ဘာရေဒီယို တီဗွီမှ မရောက်တဲ့နေရာကလေးကို မုန်တိုင်းကိစ္စ အသိပေးဖို့ ကိစ္စတွေကတော့
အုပ်ချုပ်သူ အစိုးရလို့ သူတို့ ဖာသာခေါ်နေသူတွေရဲ့ အလုပ်သာဖြစ်ပါတယ်။

ဘယ်လောက်ဘဲခေါင်ခေါင် နီးရာ ခရိုင်မြို့ နယ်တွေ နဲ့  အဆက်အသွယ်တော့ရှိကြတာပါ။
နေပြည်တော်ကြီးဟီးနေပြီး..တောရွာဇနပုဒ် မီးကလေးမှိတ်တုတ် ( အဲလေ..မြို့ တော်ဟောင်းကြီး ရန်ကုန်လဲပါတာပေါ့)
ဖြစ်နေတာတော့..အစိုးရမင်းများ၏ XXX သုံးမကျခြင်းသာဖြစ်ပါတယ်။

ယခုကြည့်ပါ။ မုန်တိုင်းကလာ ဖြစ်..လမ်းပန်း ဆက်သွယ်ရေးကလည်း ညံ့မှ ညံ့။
ဦးသန်းရွှေ ဒါတွေ သိပါတယ်..သူဧရာဝတီတိုင်းမှူးအဖြစ်နဲ့ နုစဉ်က ဧရာဝတီတိုင်းက ထွက်ကုန်တွေ တဖြဲ နှစ်ဖြဲ စားခဲ့ဘူး ပါတယ်။
တကယ် ဒုက္ခရောက်တော့ မကူဘူးဗျာ.။

သူသာစဖြစ်ကတည်းက..နိုင်ငံတကာကို အကူအညီတောင်းခဲ့ရင်..ရေမျော နေတဲ့ အသက်ရှင်နေသူတွေ..
အစာမရ ရေမရ.. ရောဂါရ သေမဲ့လူတွေ အသေအပျောက်နည်း ကယ်နိုင်မှာပါ. သူမကယ်ဘူးဗျာ။
နေရက်တယ်..လုပ်ရက်တယ်
စိတ်ယုတ်ရဲ့သဘောဟာ..သေရင်တောင်..အကုသိုလ်ဟာ..မလွတ်ပါဘူး
အရိပ်လိုဘဲနောက်က လိုက်နေတာပါ။

သူက မကယ်တဲ့အပြင် သူများကယ်ဆယ်တာတွေ မနာလို သ၀န်တို ။
စစ်တပ်တွေ မိုက်ကြေးခွဲ ခိုးယူခိုင်း။.. ငတ်နေသူတွေ.၂သန်းခွဲရှိရက် .အစာရှိရက်နဲ့ မဝေ။
ပိုပိုသေအောင်လို့  စိတ်ယုတ်နဲ့ လုပ်တဲ့အတွက်..
စပါးပေါ်ချိန် ရွေငွေ တွဲလွဲရွင်တဲ့ ဧရာဝတီတိုင်းက လူတွေဟာ
ကားလမ်းဘေးထိုင်..
တန်းစီတောင်းစားတဲ့ သူတောင်းစားဘ၀ရောက်ခဲ့ပါပြီ။
ဒီရာဇ၀င်ကြွေး.ဧရာဝတီ က သမိုင်းရေးထားပါတယ် သန်းရွှေ.
ပွဲပြီးတဲ့အထိ ဆက်ကြည့်ကြတာပေါ့ ။
အနားမှာဟောင်နေတဲ့ခွေးတွေ ..ဒေါ်လာ တသန်းပေးရင်..
သန်းရွှေရဲ့ခေါင်း..ကိုဝယ်နိုင်ပြီး
ဧရာဝတီ ကမ်းစပ်ကနေ
ငါးစားရန်ရေသို့ မျှောချနိုင်ပါကြောင်း..

အိပ်ရဲရင် ရဲရဲ အိပ် သန်းရွှေ.။
မနက်ဖြန် မင်းငရဲခန်းဝကို ဗီဇာ တင်ရန် တန်းစီဖို့ အရောက်..
ငရဲသားလာတံခါးခေါက်လိမ့်မယ်။။
ခေါင်းမပြုတ်အောင်..ကိုယ်နဲ့ ခေါင်း သော့ခတ်ပြီးအိပ်..
နောက်မှ မိချောင်းမျက်ရည်နဲ့ လာချွေးမသိပ်နဲ့ ..
အသက်ယူထားရင်..အသက်သာပြန်ပေး ဦးသန်းရွှေ။
ဘယ်တော့မှ ကမ္ဘာမကြေဘူး.။

Nyo Gyi, Don Nyo Gyi, Original Nyo Gyi said...

မစိုးရိမ်ကျောင်းတိုက်ကတစ်ဆင့် နာဂစ်လေဘေးအတွက် လှူလို့ရပြီ။
http://bigbbrown.blogspot.com

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။