ဒုက္ခနဲ့သောကမုန်တိုင်းတွေ ၀င်နေချိန် (၇)ရက်နေ့တိုင်း တင်ပေးနေကျ အမှတ်တရ၀တ္ထုတို သို့မဟုတ် ဆောင်းပါးအတွက် ဘာအကြောင်းအရာဖော်ပြပေးရမလဲ ကျွန်မစဉ်းစားနေမိတယ် .. ။ ရင်ထဲမှာ လူတိုင်း စိတ်ထိခိုက်နေကြမှာလည်း ဖြစ်တဲ့အတွက် `မိမိလုပ်နိုင်တာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ကိုင်ပေးလိုက်ပါ´လို့သာ ပြောချင်မိပါတယ်။ ဆိုးရွားလွန်းလှသော အခြေအနေတစ်ခုမှာ ဘေးအန္တရာယ်တွေကလည်း ထပ်ရောက်ကျရောက်နိုင်တာကို မြင်တွေ့သိရှိရတဲ့အတွက်လည်း အင်မတန်ထိတ်လန့်ခဲ့မိပါတယ်။ ဒါပေမယ့် .. ခြေလှမ်းတွေမပြီးသေးဘူး .. ။ ရှေ့ဆက်ရဦးမယ် .. ။ မဆုံးသေးတဲ့လမ်းကို အားလုံးဆက်လျှောက်ကြရဦးမှာဖြစ်တဲ့အတွက် ဒီလ ၇ ရက်နေ့အတွက်က ဆရာနန္ဒာသိန်းဇံရေးသားသော `ပြန်လည်ကောက်ယူရသောအရာ´ဆောင်းပါးလေးကိုပဲ ဖော်ပြပေးလိုက်ပါတယ်။
၁၉၉၃ - ခု ။ ဒီဇင်ဘာလနောက်ဆုံးပတ်က မန္တလေးမီးရထားစာကြည့်တိုက်အသင်းက ကြီးမှူးကျင်းပသော စာပေဟောပြောပွဲသို့ သွားခဲ့ပါသည်။ ဟောပြောကြသည့် သူများကတော့ ဆရာဦးအောင်သင်း ၊ ဆရာဖေမြင့်နှင့် ကျွန်တော်။
မျှော်လင့်မထားဘဲနှင့် ဟောပြောပွဲတွင် ဆရာကြီးငွေဥဒေါင်းနှင့် ဆုံတွေ့ရပါသည်။ ဆရာကြီးငွေဥဒေါင်းက တောင်ကြီးမှဆင်းလာပြီး မန္တလေးတွင် အချမ်းခိုနေခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ဟောပြောသည်ကို ဆရာကြီးက လာရောက်အားပေးချီးမြှင့်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဆရာကြီးနှင့် တွေ့ရခဲသဖြင့် ဟောပြောပွဲမစမီ စကားတွေ အများကြီးပြောဖြစ်နေပါသည်။ ရှေးခတ်က သတင်းစာများနှင့် မဂ္ဂဇင်းဂျာနယ်များအကြောင်း ၊ ထိုခေတ်စာပေသမားများ၏ ဘ၀အခြေအနေများအကြောင်းကို ဆရာကြီးက ပြောပြသည်။ ထို့နောက် ဆရာကြီးပီမိုးနင်း အကြောင်းပြောပြပြန်သည်။
`ဆရာကြီးပီမိုးနင်းက ဆရာ့ကို ကောင်အိုလေး ၊ ကောင်အိုလေးလို့ ချစ်စနိုးခေါ်တတ်တယ်။ သူ့ဆီကို စာမူသွားသွားယူရတော့ ဆရာနဲ့သူက ခဏခဏတွေ့ရတယ်။ တစ်နေ့မှာ စိတ်ပျက်စရာတွေ ၊ စိတ်ညစ်စရာတွေနဲ့အတူ သူ့ဆီရောက်သွားတယ်။ စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေတဲ့ဆရာ့ကို ဆရာပီမိုးနင်းက `ကောင်အိုလေး ၊ ဘာဖြစ်လာတာလဲ´လို့ မေးတယ်။ ဆရာက `စိတ်ဓါတ်ကျသွားတယ်´လို့ လွှတ်ခနဲပြောလိုက်မိတယ်။ အမှန်ကတော့ အဲဒီလိုပြောဖို့မဟုတ်ပါဘူး။ အဆင်မပြေတာနဲ့ ကြုံလာခဲ့လို့ စိတ်ပျက်လက်ပျက်ထိုင်နေတာပါလို့ ပြောရမှာပါ။ ဒါပေမယ့် လွှတ်ခနဲထွက်သွားတဲ့စကားကို တုံ့ပြန်ပြီး ပြောလိုက်တဲ့ ဆရာပီမိုးနင်းရဲ့စကားက သိပ်ကောင်းနေတယ်။ သူက ဘာပြောသလဲဆိုတော့ `ဟဲ့ ကောင်အိုလေးရဲ့ ၊ ကျသွား၇င် ပြန်ကောက်ယူထား ။ အဲဒါပျောက်လို့တော့ မဖြစ်ဘူး။ ဘယ်နေရာမှာမှ မလျှော့ဘူးဆိုတဲ့ စိတ်ဓါတ်ရှိနေတာဟာ ရတနာသိုက်ကိုဖွင့်တဲ့သော့ကို ရနေတာလိုပဲ။ ရတနာတွေရရင် ကိုယ်လိုချင်တာကိုရနိုင်တာပဲ။ အဲဒီသော့ကိုတော့ ကျမပျောက်စေနဲ့။ ကျသွားရင် ပြန်ရှာပြီး ပြန်ကောက်ထား´တဲ့။ ဟုတ်တယ်။ မလျှော့ဘူးဆိုတဲ့ စိတ်ဓါတ်ရှိနေမှ လောကီအလုပ်ရော ၊ လောကုတ္တရာအလုပ်တွေမှာပါ အောင်မြင်နိုင်တာ။ အဲဒီစိတ်ဓါတ်ကျသွားပြီ ပျောက်သွားပြီဆိုရင်တော့ ဘယ်နေရာမှာမှ မအောင်မြင်တော့ဘူး။ စိတ်ဓါတ်ကျသွားရင် လူမှာ ရောဂါတွေပါရပြီး ဘ၀ဆုံးတော့တာပဲ´
ဆရာကြီးငွေဥဒေါင်းက ကျန်းမာရေးအတွက် မည်ကဲ့သို့ စိတ်ဓါတ်မကျအောင် မိမိနေခဲ့ပုံအကြောင်းကို ဆက်ပြောပြသည်။ ထို့နောက် လူတွေကပေးလာသည့် အနှောင့်အယှက်များကြောင့် စိတ်ဓါတ်ကျရပုံအကြောင်းကို စကားဆက်မိကြပြန်သည်။
မိမိကိုယ်ကျိုးဆိုလို့ လုံးဝမပါဘဲ အများအကျိုးအတွက် သက်သက် သယ်ပိုးရွက်ဆောင်ခဲ့တဲ့ ဂေါတမဗုဒ္ဓမှာတောင် နှောင့်ယှက်ဖျက်ဆီးသူတွေက အများကြီး။ အဟန့်အတားလုပ်သူတွေ ၊ အပြစ်ပြောသူတွေ ၊ ဦးပြည်းယုတ်ရဟန်းဆိုပြီး ဆဲဆိုသူတွေလဲ အများကြီးပဲ၊ ဒီလိုနှောင့်ယှက်လာလို့ ၊ မကောင်းပြောလာလို့ ဂေါတမမြတ်စွာဘုရားဟာ သူ့ရဲ့ဗုဒ္ဓကိစ္စတွေ ၊ အလုပ်တွေကို မလုပ်ဘဲ ရပ်တံ့မသွားပါဘူး။ လေးဆယ့်ငါးဝါကာလပတ်လုံး လုပ်ရမယ့်အလုပ်တွေ ၊ ဗုဒ္ဓကိစ္စတွေကို လုပ်ဆောင်ရင်း နိဗ္ဗာန်တိုင် လှမ်းလျှောက်ကြွမြန်းသွားတာပဲ။ ကိုယ်ကျိုးကြည့်မှုမကင်းသေးတဲ့ ၊ အတ္တစွဲမကုန်သေးတဲ့ ငါလိုဘာမှ မဟုတ်တဲ့ ပုထုဇဉ်မှာ အနှောင့်အယှက် အဟန့်အတားတွေ တွေ့ရတာဟာ အဆန်းမဟုတ်ပါဘူး။ ဒီအနှောင့်အယှက်တွေကြောင့် ကိုယ်လုပ်ရမှာ ကိုယ်သွားရမှာကို ရပ်တံ့တွန့်ဆုတ်မသွားစေရဘူး။ စိတ်ဓါတ်ကျမသွားစေရဘူးလို့ ဆရာလည်း အကြိမ်ကြိမ်ဆင်ခြင်နှလုံးသွင်းခဲ့တာပဲ။ စိတ်ဓါတ်ကျကျသွားတာတွေ ရှိတာပေါ့။ ဒါပေမယ့် ဆရာပီမိုးနင်းသတိပေးတဲ့အတိုင်းပဲ ကျသွားတာကို ပြန်ကောက်ရတာပဲ´ဟု ဆရာက ပြောပြနေပါသည်။
ဆရာကြီး ငွေဥဒေါင်းပြောပြသော အထက်ပါစကားများကို ခဏခဏ မကြာမကြာ ကျွန်တော်အမှတ်ရနေပါသည်။ အမှန်ပင် ခဏခဏ အမှတ်ရကြားယောင်နေပါသည်။ အကြိမ်ကြိမ်ကျ၍ သွားသော ကျွန်တော့စိတ်ဓါတ်ကို အကြိမ်ကြိမ် ခဏခဏ ပြန်၍ ရှာပြန်၍ ကောက်ယူနေရသောကြောင့် ဖြစ်ပါလိမ့်မည်။
နန္ဒာသိန်းဇံ
ပြန်လည်ကောက်ယူရသောအရာ

1 comments:
ကျေးဇူးတင်ပါတယ်။ ပြန်ကောက်ထားလိုက်ပါပြီ။
Post a Comment
အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။