Monday, June 25, 2007

ကျွန်မနှင့်ပန်းဥယျာဉ်မြို့တော်မှနေ့ရက်များ



ကျေးငှက်သံလေးများ တစာစာဖြင့် ညံနေသော မနက်ခင်းတစ်ခုမှာ အိပ်မှုန်စုံမွှားဖြစ်နေသော ကျွန်မ ဖုန်းသံသီချင်းလေးခပ်တိုးတိုးထွက်ပေါ်နေတာကို လက်နဲ့မမြင်မစမ်း ဆွဲယူလိုက်ပြီး မဖွင့်နိုင်သေးသော နှုတ်ခမ်းဖျားတွေကို ကြိုးစားဖွင့်ယူလိုက်ရသည်။

“မောနင်း ညီမ နေကောင်းလား”

ကြည်လင်သော ချစ်သူအသံကိုကြားရချင်း စိတ်ကတော့လန်းသွားပြီး လူကတော့ မထချင်သေး .. ။ မနက်တိုင်း အိပ်ရေးဝချိန်လောက်မှ ဖုန်းဖြင့် အိပ်ယာလှမ်းနှိုးတတ်သော ချစ်သူအကြောင်း သိပြီးသားမို့ အိပ်ယာထထချင်း မသဲကွဲသော အသံစူးစူးဖြင့်သာ

“မောနင်း ကိုကို … ။ နေကောင်းပါတယ် .. ။ ကိုကိုဘယ်အချိန်ကတည်းကနိုးလဲ”

“နိုးတာကြာနေပြီ။ ကိုယ်အလုပ်တွေလုပ်နေတယ်။ ညီမ မနက်စားစားဖို့ မမေ့နဲ့နော်။ ပြီးရင် လုပ်စရာရှိတာလုပ်ပြီး လိမ္မာအောင်နေ”

အဲဒီလိုပြောသံတွေကြားရတိုင်း ကျွန်မစိတ်ထဲကနေ “ဟွန်းးးးးး ငါ့ကိုအမြဲဒါချည်းပဲမှာနေတယ်”ဆိုပြီး စူပုပ်ပုပ်ဖြစ်နေရသည်။

အပြင်ပန်းမှာတော့ “ဟုတ်ကဲ့ကိုကို။ စိတ်ချနော်။ ညီမ လုပ်စရာရှိတာအကုန်လုပ်ပြီး ကောင်းကောင်းနေပါတယ် . ပြီးတော့ ………….. ”

ဆွဲဆန့်ထားသော စကားသံကို တစ်ဖက်မှ “ပြီးတော့ ဘာဖြစ်လဲ ညီမ”

“ပြီးတော့ သတိရနေမယ်လို့ ”

ခပ်တိုးတိုးချွဲမယ်ကြံစည်ပြီး နောက်စကားတစ်ခွန်းထပ်စမယ်ဆိုကာမှ “ကိုယ်လည်း အမြဲသတိရပါတယ် .. ။ အဲ ညီမ နောက်မှ ကိုယ်ဖုန်းပြန်ခေါ်လိုက်မယ် .. ။ ဒီမှာ Business Call တစ်ခု လာနေလို့နော် .. ။ မနက်စာ သေချာစားနော် ဘိုင်ဘိုင်”

“အမ်”

ကျွန်မ နှုတ်မှခပ်တိုးတိုးသာထွက်သွားသော စကားသံတောင်မဆုံးခင် တစ်ဖက်မှတော့ ဖုန်းကချသွားပြီ ဖြစ်သည်။ သက်ပြင်းတစ်ချက် ခပ်တိုးတိုးသာချလိုက်ပြီး အလုပ်များလွန်းလှသော သူ့ကို နားလည်ပေးလိုက်ပြီး အိပ်ရာမှထ ၊ မျက်နှာသစ် ၊ သွားတိုက်ရင်း မှန်ရှေ့ ၁၀မိနစ်လောက် ခဏထိုင်ရင်း တစ်နေ့တာ အစီစဉ်တွေကို စပြီးဆွဲရသည် .. ။ အချိန်သိပ်မလင့်ခင်မှာပဲ ကျွန်မကြိုက်တတ်သော ဘီစကစ်တွေယူ ၊ ကော်ဖီတစ်ခွက်ဖျော်ဖို့ လုပ်မှ

“ဟိုက် ထည့်ဖို့နို့မရှိပါလား”

ဘလက်ကော်ဖီတော့ ကျွန်မလည်း မသောက်နိုင် ။ စိတ်အချဉ်ပေါက်ပေါက်ဖြင့် “ဒီအိမ်မှာလည်း ပစ္စည်းတစ်ခုခု ငါဝယ်ဖို့များမေ့နေရင် ဘယ်သူမှ သတိမရဘူး။ ဟူးးးးးး မောတယ် မောတယ်”

စိတ်ကမောတယ်လို့ ကျွန်မရေရွတ်နေရင်း စားစရာရှိတာကိုပဲ မြန်မြန်ဖြစ်သလို စားလိုက်ပြီး တံမြက်စည်းကို စကိုင်လိုက်သည်။ တစ်အိမ်လုံးကို တစ်ခန်းမှမကျန်အောင် လှည်းကျင်းပြီးချိန်မှ ဖုန်စုပ်ယူပြီး မတော်မဆ ကျတတ်သော ချောင်ထဲမှ အမှိုက်စတွေကိုပါ ဆွဲထုတ်ရသည် .. ။ ကုတင်ပေါ်မှာ မိဘတွေနှင့် အဒေါ်တွေ ချွတ်ထားခဲ့သော အကျီတွေကို လျှော်မည့်ထဲ အကုန်ထည့်ရင်း လက်ကလည်း ရှင်းစရာရှိတာကို ခပ်သွက်သွက်လေး ရှင်းလိုက်သည် .. ။

“လင်းလက် ကလောင်တံ ထက်လား မထက်လားတော့ မသိဘူး .. ။ အိမ်အလုပ်တွေလုပ်တဲ့ လက်ကတော့ သွက်သထက် ပိုသွက်နေပြီ သူငယ်ချင်းတို့ရေ”

ခပ်တိုးတိုးရွတ်ရင်း ကျွန်မဘလော့ခ်လေးကို လွမ်းမိပြန်သည် .. ။ ကျွန်မ၏ ခံစားချက်အစစ် ၊ ဆန္ဒအစစ်တို့ ပေါင်းစပ်ထားသော http://linletkyalsin.blogspot.com ဘလော့ခ်လေးကို ကျွန်မ သိပ်မြတ်နိုးတွယ်တာသည်။ ထိုဘလော့ခ်လေးအတွက် ကျွန်မ တစ်ခုခုဆက်ရေးမည်ဆိုပြီး စိတ်ထဲတွေးနေတာတော့ ကြာပါပြီ ..။ လက်ကတော့ ဘယ်တော့မှ ရောက်မှာလဲဆိုတာ ကျွန်မ မသိရှိနိုင်သေး ။ ခင်မင်ရသော မိတ်ဆွေ ၊ သူငယ်ချင်း ဘလော့ခ်တွေ ၊ အင်တာနက်စာမျက်နှာတွေ ကျွန်မနှင့် ဝေးကွာနေခဲ့တာ ကြာနေပြီဆိုတာတွေးရင်း ပင်ပန်းနေသော စိတ်တွေကလည်း မလှည့်နိုင်သေး .. ။





အတွေးတွေကို ဆက်မတွေးနိုင်ဘဲ ဈေးထဲဆင်းဖို့ ပြင်ရပြန်သည်။ နေနည်းနည်းမြင့်သွားရင် ပစ္စည်းအကျန်တွေ ရတာ ကျွန်မ မကြိုက်သလို ကျွန်မ မေမေကလည်း ဆူမှာကို ကြိုသိနေသည်။ ရပ်ကွက်ဈေးထဲဆင်းရင်း ၀ယ်ရမည့်ဟင်းလျာစဉ်းစားရတာလည်း စာတစ်ပုဒ်ရေးတာထက် အဆပေါင်းများစွာ ပိုခက်သည် .. ။ မဆီမဆိုင် အတွေးထဲမှလည်း ယောက်ျားယူရမှာ ကြောက်မိပြန်သည်။ ကိုယ့်နိုင်ငံလည်းမဟုတ်သည့်အပြင် ၊ ၀ယ်ခြမ်းရတာ သိပ်အဆင်မပြေလှတာနှင့် တစ်နေ့တစ်နေ့ ဟင်းမထပ်အောင် စဉ်းစားရသော ဦးနှောက်လည်း Accounts တွေကို တွက်ချက်ရတာထက် ပိုခေါင်းခြောက်ရသည်။

မြန်မာပြည်မှာနေစဉ်က ကျွန်မ ဘယ်တုန်းကမှ ဈေးထဲမဆင်းခဲ့ .. ။ ခြေထောက်ကလေးတွေ ပေသွားမှာ ၊ ချွေးနံ့တွေပြည့်နေသော အိမ်ရှင်မကြီးတွေကြား သွားရမှာကို ကျွန်မ သိပ်ကြောက်ပါသည် .. ။ အထပ်ထပ် ပြုပြင်ထားရသော ဆံပင်တွေမှာ ငါးနံ့တွေစွဲသွားမှာ ကျွန်မ သိပ်ကြောက်ပါသည် .. ။ အမိမြေနဲ့ ခွဲခွာပြီး တော်ရာမှာ ခြေလာချချိန်မှာတော့ ဒါတွေကို ခ၀ါချပြီး ဈေးဆိုတာတော့ ကျွန်မနှင့် အလွန်ရင်းနှီးနေပြီ ။ ရန်ကုန်မှာနေစဉ်က ကိုယ့်ထမင်းပန်းကန်လောက်သာ ဆေးလေ့ရှိသော အကျင့်တွေက အခုတော့ တစ်အိမ်လုံးတာဝန် ကိုယ့်ခေါင်းပေါ်ချည်း ပုံနေခဲ့ပြီ ။ တိုးကျပ်နေသော လူတွေကြားမှာ ၀ယ်ခြမ်းစရာရှိတာ ၀ယ်ပြီး အိမ်ကိုခပ်သွက်သွက်ပြန်လာကာ ပစ္စည်းတွေကို သူ့နေရာနဲ့သူ ရေခဲသေတ္တာထဲ ထည့်ရင်း နဖူးမှ ချွေးကို သုတ်ရသည် ။

ကွန်ပြူတာကိုသာ ကစားလေ့ရှိသော လက်တွေက ပန်းဥယျာဉ်မြို့တော်ရောက်မှ အသားငါး ၊ အသီးအရွက်တွေဖြင့်သာ လုံးလည်ချာလည် လိုက်နေရသည် ။ ကျောင်းမသွားခင် အပြီးစီစဉ်ရမှာမို့ ကျွန်မ ချက်တတ်လောက်သော အသီးအရွက်တစ်ချို့ကိုသာ ကြော်ချက်လိုက်ပြီး ငါးတွေကိုတော့ နနွင်း ၊ ဆားတွေ နယ်ကာ ရေခဲသေတ္တာထဲ ထည့်ထားလိုက်သည် .. ။ မီးဖိုချောင်ကို ရှင်းရချိန်ကတော့ အချိန်အကြာဆုံး ဖြစ်သည် .. ။ အိုးခွက်တွေ ဆေးကြော ၊ လှည်းကျင်း ၊ ကြမ်းပြင်ကို ဖြူဖွေးအောင်တိုက်ပြီးချိန်မှာ ကျွန်မကျောင်းသွားဖို့ ပြင်ဆင်ချိန်ကလည်း နီးနေပြီ .. ။ နေ့လည်စာအတွက် အေးအေးဆေးဆေး ဇိမ်နဲ့လေပြေထိုး မစားနိုင်သေး ။ ဧည့်ခန်းစားပွဲပေါ်မှာ အိမ်သားတွေ ချချင်သလိုချသွားသော ပစ္စည်းတွေကိုလည်း သွက်သွက်လေး ပြန်ရှင်းရင်း တစ်အိမ်လုံးကြမ်းပြင်ကို ပြောင်လက်အောင် တိုက်ပြီးချိန်မှာ ချွေးများရွှဲနေပြီ … ။



™ Cuteberries.com - Cartoon Dolls, Cute Disney Graphics, Saniro Graphics, Myspace Pictures, Myspace Codes, Myspace Layouts, Myspace goodies, Myspace stuff and more ! ™



နာရီကိုတစ်ချက်ကြည့်လိုက်ပြီး ရေချိုးခန်းထဲအမြန်ဝင်ပြီး ရေအေးအေးနဲ့ ခေါင်းလျှော် ၊ ရေချိုးပြီးချိန်မှာ လူက တော်တော်လေး ပြန်လန်းဆန်းသွားရသည်။ အလှပကို တအားကြိုက်သော ကျွန်မက ရေချိုးခန်းတစ်ခုလုံးမှာ ကျွန်မပစ္စည်းတွေနှင့်ချည်း နေရာအပြည့်ယူထားတာကို ဖေဖေနဲ့မေမေက မျက်လုံးနောက်သည် .. ။ မှန်ရှေ့မှာ ထိုင်ပြီး Toner မှတဆင့် နောက်ဆုံး Powder ရိုက်ပြီးချိန်မှာ နာရီလက်တံလေးကလည်း ခပ်မြန်မြန်ရွေ့နေပြီ .. ။ မျက်လုံးထောင့်တွေတော့ ကျွန်မ လိုက်နာဆွဲလေ့မရှိ . ။ အစိမ်းနုနုအရောင်လောက်သာ ခပ်ဖွဖွလေး တင်လေ့ရှိသည် .. ။ မှန်ရှေ့မှာ သေသေချာချာ ပြင်ပြီးချိန်မှာ အချိန်အများဆုံးပေးရသော ကျွန်မ ဆံပင်တွေအတွက် တချောင်းချင်း ရှင်းလင်းပြီး သေချာပြင်ရသည်မှာ အချိန်အလွန်ကြာသည် .. ။ ကျွန်မ ဆံပင်တွေကို တချိန်လုံးသနေသောကြောင့် ကျွန်မချစ်သူတောင် စနောက်လေ့ရှိသည် .. ။ အတွေးထဲမှာ သူ့ကို သတိရသွားပြီး နီးနီးလေးနှင့်ဝေးနေသော ကျွန်မတို့နှစ်ယောက်ဘ၀ကို တစ်ခါတစ်လေ စိတ်နာမိသည် .. ။

အားလုံးပြင်ဆင်ပြီး အကျီသေချာရွေးပြီးချိန်မှာ အိမ်သော့ခတ် ၊ ဘတ်စ်ကားဂိတ်ကို အမြန်ဆုံးခြေလှမ်းများဖြင့် ရွေ့ရတော့သည် … ။ ကျောင်းမှာတော့ ကျွန်မလိုပဲ သုတ်သုတ်လာနေကြသော ကျောင်းသားများအားလုံးကို ကြည့်ရင်း “ခြင်္သေ့ကျွန်းပေါ်မှစက်ရုပ်များ”ဟု ကျွန်မစိတ်ထဲမှ အမည်တိတ်တဆိတ်ပေးထားသည် ။ ကျောင်းမှ စာသင်ချိန်များကို ဂရုတစိုက်ဖြတ်ကျော်ရင်း ညနေမှောင်ရိပ်သန်းချိန်မှာ ပြီးဆုံးသွားသည် .. ။ တစ်နေ့တာ ဘယ်အချိန်ကိုအပျော်ဆုံးလဲမေးရင် ကျောင်းဆင်းချိန်ဟုဖြေလျှင် အားလုံးမျက်စောင်းထိုးမည်လား မသိ .. ။


™ Cuteberries.com - Cartoon Dolls, Cute Disney Graphics, Saniro Graphics, Myspace Pictures, Myspace Codes, Myspace Layouts, Myspace goodies, Myspace stuff and more ! ™


ကျောင်းပေါ်ကဆင်းပြီး ကျောင်းရှေ့ထွက်လာချိန်မှာ မြင်လိုက်ရတဲ့ ပုံရိပ်တစ်ခုကြောင့် ကျွန်မ ဘယ်လောက်ပြုံးသွားလဲ မြင်သောသူသာ သိမယ်ထင်ပါတယ် .. ။ ညနေခင်းလေပြေကြားမှာ ချစ်သူနားရှိရချိန်က တစ်နေကုန်အမောများကို လွင့်သွားစေသည် .. ။ ညနေစာ တော်တော်များများကို သူနှင့်သာ အတူစားလေ့ရှိသော ကျွန်မ .. သူ မရှိသောနေ့ရက်များဆို ညနေစာတောင် စားချင်စိတ်မရှိတာကို ကျွန်မကို ချစ်သော ၊ ခင်သော ၊ လေးစားသောသူများသိလျှင် ရီမှာလား မသိ .. ။ ကိစ္စတော့မရှိ .. ။ တည်တံ့ပြီး အမြဲတမ်း မာနလေးတစ်ခုတင်ထားရသော ကျွန်မဘ၀မှာ လွတ်လပ်ခြင်းအပြည့်ဖြင့် စိတ်ထင်သလို နေရသောအချိန်က ဒီတစ်ချိန်သာရှိသည် .. ။

ကျွန်မမှာ တာဝန်တွေအများကြီးရှိနေသည် . ။ မိသားစုတာဝန် ၊ ကျွန်မလုပ်ချင်သော ရည်မှန်းချက်တာဝန် ၊ ကျွန်မတို့ ဆက်လက်တိုက်ပွဲဝင်ရဦးမည့် နိုင်ငံတော်တာဝန် … ။ ဒီတာဝန်တွေကြားမှာ တစ်ခါတစ်လေ အားလုံးကိုခ၀ါချပြီး ကလေးတစ်ယောက်လို အပြစ်ကင်းစင်စွာ ရီမောချင်သည် .. ။ အွန်လိုင်းနှင့် အပြင်လောက အားလုံးမှာ ကျွန်မကလည်း ပုန်းရှောင်နေလေ့မရှိတာနဲ့ မိတ်ဆွေအများကြားမှာ ကျွန်မပုံစံက လင်းလက်ကြယ်စင်၏ ပုံစံ … ။

သိပ်မိုးမချုပ်ခင် ပြန်ချိန်ရောက်တာနှင့် အိမ်ပြန်လမ်းအတိုင်း လှည့်ရသည် .. ။ နှုတ်ဆက်ထွက်ခွာသွားသော သူ့ပုံရိပ်ကိုကြည့်ရင်း ကျွန်မအိမ်ပေါ်တက်လာခဲ့သည် .. ။ ခဏအနားယူပြီးချိန်မှာ မိဘတွေနှင့် ခဏစကားပြောရင်း နောက်တစ်ရက်အတွက်ရော ၊ အခြားအ၀တ်အထည်များအားလုံးကိုပါ မီးပူတိုက်ဖို့ ပြင်ဆင်ရပြန်သည် .. ။ အတွေးထဲမှာတော့ ကျွန်မရေးချင်သော စာတွေက အပြည့် .. ။ လက်တွေကတော့ ဒီအလုပ်တွေကြားက မထွက်နိုင်သေး … ။ အပူချိန်ခပ်မြှင့်မြှင့်တင်ထားသော မီးပူကို တိုက်ရင်း စိတ်ကတော့ စားပွဲပေါ်မှာ အစီအရီဖြစ်နေသော မဖတ်ရသေးသော ကျွန်မစာအုပ်များကို ရောက်နေမိသည် .. ။ သံလွင်အိပ်မက် ဇူလိုင်အမှတ်အတွက် ဇူလိုင်၁၉အကြောင်းအနည်းငယ်ပါသော ဇတ်လမ်းလေး ရေးချင်စိတ်ဖြင့် ဟိုးအရင်လတွေကတည်းက ကျွန်မရှာယူထားသော စာအုပ်များစွာအပါအ၀င် ၊ လောဘတကြီး ၀ယ်ယူထားသော စာအုပ်ပုံများ ၊ ကျွန်မချစ်သူထံက အပိုင်စီးထားသော အိတ်၃လုံးဝင် စာအုပ်များ ….. ။ အကုန်လုံးက စာအုပ်စင်ပေါ်မှာ ပြည့်ကျပ်နေပြီး ကျွန်မတော့ ဘယ်စာအုပ်မှ ကောက်မကိုင်နိုင်သေးသော အဖြစ် .. ။ မနှစ်ကနှင့်မတူသော အဖြစ်ကိုတွေးမိတိုင်း စိတ်က ဘာကိုမကျေနပ်မှန်းမသိအောင် မကျေနပ်ဖြစ်နေရသည်။

အားလုံးလုပ်ပေးပြီးချိန်မှာ လက်ကျန်အဖြစ် ခွက်ယောက်များကိုဆေးကြောပြီး တဖန်ပြန်လည် သန့်ရှင်းရေးကို ခပ်မြန်မြန်လေး လုပ်လိုက်သည် .. ။ အားလုံးပြီးဆုံးသွားမှ ရေနွေးနွေးဖြင့် ရေသွက်သွက်ချိုးလိုက်ပြီး အိပ်ခန်းထဲမှာ ကျောင်းစာအချို့ကို လုပ်ရန် ပြင်ဆင်လိုက်သည် .. ။ ကျောင်းစာတော်တော်များများ ပြီးဆုံးသွားတော့ အိပ်ချိန်ရောက်တော့မည် .. ။ စားပွဲပေါ်မှာ ကျွန်မဖတ်ချင်သော စာအုပ်များထဲမှာ တစ်အုပ်တစ်အုပ်ကိုဆွဲယူပြီး တစ်ရွက် ၊ နှစ်ရွက်ကြည့်နေချိန်မှာ တစုံတခုကို ကျွန်မသတိရသွားသည် .. ။ မအိပ်ခင် ဖုန်းဆက်ဖို့ မေ့ရန်မဖြစ် .. ။ အတွေးနှင့်တပြိုင်နက် လက်ကိုင်ဖုန်းကို ယူလိုက်ချိန်မှာ ဦးသွားသော ဖုန်းသံကြောင့် ကျွန်မပြုံးမိသည် .. ။ စိတ်ချင်းဆက်နေသလား ထင်ရသော ကျွန်မတို့နှစ်ဦး ဖုန်းဆက်ရန် စိတ်ကူးကလည်း တစ်ချိန်တည်းမှာ အမြဲတူနေတာကို ခဏခဏတွေ့ကြုံရသည် ..။

ခဏခန့်စကားပြောပြီးချိန်မှာ ကျွန်မ မျက်ခွံတွေကလည်း လေးလှပြီ .. ။ အိပ်စက်ရန် မီးပိတ်ဖို့ ပြင်လိုက်ချိန်မှာပဲ

“သမီးရေ” ဟုခေါ်သံနှင့်အတူ ကျွန်မခြေလှမ်းတွေ အခန်းပြင်သို့ ခပ်သွက်သွက်ထွက်သွားရသည် .. ။ ထိုအချိန်မှာ ကျွန်မလက်ထဲမှာ အခုန ကိုင်ထားသော ကျွန်မ ဖတ်ချင်သော စာအုပ်နှင့် ၊ ကျွန်မဘလော့ခ်အတွက် စာမူကုန်ကြမ်းများကတော့ စာကြည့်စားပွဲပေါ်မှာ ဒီအတိုင်းလေးရှိနေဆဲ ……….. ။





Read More...

စာရေးဆရာဖြစ်ချင်သောဗိုလ်ချုပ်အောင်ဆန်း(၂)



စာရေးဆရာဖြစ်ချင်သော ဗိုလ်ချုပ်အောင်ဆန်း(၁)ကို ဖတ်လိုပါက Click Here

စာရေးဆရာဖြစ်ချင်သောဗိုလ်ချုပ်အောင်ဆန်း(၂)

ဗိုလ်ချုပ်အောင်ဆန်းသည် သူစာရေးဆရာဖြစ်ချင်ကြောင်း ၁၉၄၅ခုနှစ် ဒီဇင်ဘာလက တစ်ကြိမ်ပြောခဲ့ကြောင်း ဆောင်းပါးအစတွင် ဖော်ပြခဲ့ပြီးပါပြီ။ တစ်ဖန် ဒုတိယအကြိမ်မြောက် သူစာရေးဆရာဖြစ်လိုကြောင်း ပြောခဲ့ပုံကိုပါ ဆက်လက်တင်ပြလိုပါသည်။

အချိန်ကာလကား ၁၉၄၇ခုနှစ် ၊ ဧပြီလ။

နေရာကတော့ မေမြို့ (ပြင်ဦးလွင်)။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေး ရရှိရန် အာမခံချက်ဖြစ်သော “အောင်ဆန်းအက်တလီ”စာချုပ်ကို ၁၉၄၇ခုနှစ် ၊ ဇန်န၀ါရီလ ၂၇ရက်နေ့က လန်ဒန်မြို့တွင် အောင်မြင်စွာ လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့သည့်အပြင် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်ပြည်ထောင်စု မြန်မာနိုင်ငံဟူသော အမည်ကို ကမ္ဘာ့ကုလသမဂ္ဂရှိ မြေပုံတွင် ဖြစ်ပေါ်စေမည့် ”ပင်လုံညီညွတ်ရေးစာချုပ်”ကိုလည်း (၁၂-၂-၄၇)နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပင်လုံကုန်းမြေမြင့်တွင် အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ရာ သူ၏စိတ်ထဲ အနာဂတ်အရေးကို (အထူးသဖြင့် သူ၏ကိုယ်ရေးကိုယ်တာ ဘ၀အကြောင်း)စဉ်းစားမိဟန်တူပါသည်။

သူသည် ၁၉၄၇ခုနှစ် ၊ ပထမအကြိမ် ရွေးကောက်ပွဲ ဖြစ်သော တိုင်းပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကြီးတွင် သူခေါင်းဆောင်သည့် ဖဆပလအဖွဲ့ချုပ်ကိုယ်စားလှယ်များ အပြတ်အသတ်အနိုင်ရရှိရေးအတွက် နိုင်ငံအနှံ့အပြားသို့ ခရီးလှည့်လည်ကာ စည်း၇ုံးဟောပြောရင်း ဧပြီလဆန်းသော် မန္တလေးမြို့သို့ ရောက်ရှိနေပါသည်။

ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အစိုးရအဖွဲ့အာဏာကို ၂၆-၉-၄၆နေ့က လက်ခံရယူခဲ့ပြီးနောက် နိုင်ငံအနှံ့အပြားသို့ စည်းရုံးရေးထွက်ရင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုသာ ကြိုးစားတည်ဆောက်ခဲ့သည် ဖြစ်ရာ ခရီးထွက်လျှင် သူတစ်ယောက်တည်းသာ ထွက်လေ့ရှိပြီး ဇနီးဒေါ်ခင်ကြည့်နှင့် သားသမီးများကို ခေါ်လေ့မရှိပါ။ သို့သော် ၁၉၄၇ခုနှစ် နွေဦးရာသီတွင်ေ၇ွးကောက်ပွဲအတွက် စည်းရုံးရေးခရီးထွက်ရာတွင် ဒေါ်ခင်ကြည်နှင့် သူ၏ကလေးများကိုပါ သူနှင့်အတူခေါ်ခဲ့ပါသည်။ အကြောင်းကား အထက်မြန်မာပြည်မှအပြန်တွင် မကွေးမြို့ဘက်မှ မော်တော်ကားဖြင့် လှည့်ပြန်ရင်း သူ၏ဇာတိမြေနတ်မောက်မြို့သို့ ခေတ္တ၀င်ရန် အစီအစဉ်ရှိသောကြောင့်ပင်တည်း။

သည်မှာလည်း အကြောင်းရှိပေသည်။

နတ်မောက်မြို့သို့ မရောက်သည်မှာ နှစ်ပရိစ္ဆေဒ ကြာမြင့်လှပြီတစ်ကြောင်း ၊ သူ၏ချစ်ဇနီးဒေါ်ခင်ကြည်နှင့် သားသမီးများအား မိခင်ကြီးအမေစုအား ပြသရင်း ကန်တော့လိုတစ်ကြောင်း ရန်ကုန်မှ အထက်မြန်မာနိုင်ငံသို့ ထွက်စဉ်ကပင် တစ်ပါတည်းခေါ်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်သည် မိခင်ကြီးအား ချွေးမနှင့်မြေးများကို ဂုဏ်ယူကြွားဝင့်စွာ ပြလိုဟန်တူပါသည်။

သူ၏အစီအစဉ်အတိုင်း ရန်ကုန်သို့အပြန်တွင် မကွေးတိုင်း ၊ နတ်မောက်မြို့ (ဗိုလ်ချုပ်၏ဇာတိရပ်မြေ)သို့ ရောက်ခဲ့ပါ၏။ မိခင်ကြီးဒေါ်စုအား ရိုသေစွာလက်စုံမိုး ရှိခိုးကန်တော့ပြီး ချွေးမနျင့်မြေးများကိုလည်း ပြနိုင်ခဲ့ပါ၏။ သို့ရာတွင် နောက်သုံးလခန့်အကြာ သူသည် လူမသာတို့၏ လုပ်ကြံမှုကြောင် ရေတိမ်နစ်ကျဆုံးရတော့မည်ဟု လုံးဝမသိရှာဘဲ ဇာတိချက်ကြွေ နတ်မောက်နယ်မြေသို့ ရောက်စဉ် ရွှင်လန်းတက်ကြွနေခဲ့ပုံမှာ ကျွန်တော်တို့အဖို့ တွေးလိုက်တိုင်း ကြေကွဲရင်နာဖွယ်ကောင်းလှပါသည်။

မန္တလေးမြို့သို့ ရောက်ပြီးနောက် ရွေးကောက်ပွဲစည်းရုံးရေးဟောပြောပွဲများ အစီအစဉ်ရေးဆွဲထားသည်မှာ ရက်အတော်ခြားနေသဖြင့် ဗိုလ်ချုပ်သည် သူ၏မိသားစုနှင့်အတူ မေမြို့ (ပြင်ဦးလွင်)သို့ ခေတ္တသွားရောက် အပန်းဖြေ အနားယူခဲ့ပါသည်။

နွေရာသီဧပြီလ၏ ပူပြင်းသော အချိန်ကာလတွင် ပြင်ဦးလွင်ခေါ် မေမြို့၏ ရာသီဥတုအခြေအနေမှာ အေးမြသာယာပြီး အလွန်နေကောင်းနေပါတော့သည်။

ဒေါ်ခင်ကြည်နှင့် ကလေးများက ဗိုလ်ချုပ်အတွက် သီးသန့်စီစဉ်ပေးထားသော ကိုလိုနီခေတ်က မျက်နှာဖြူအရာရှိကြီးများသာ နေသော အင်္ဂလန်ပြည်မှ ဗိသုကာ လက်ရာဆန်ဆန် ၀င်းခြံကျယ်နှင့် အိမ်တွင် စိတ်ကြည်နူးပျော်ရွှင်နေကြသလို ဗိုလ်ချုပ်ကိုယ်တိုင်ကလည်း ရက်အနည်းငယ်မျှ နိုင်ငံရေးတာဝန်တွေမှ အနားယူအပန်းဖြေခွင့်ရသည်ကို ကျေနပ်ပီတိဖြစ်နေရှာပါသည်။

တစ်ညနေတွင် အိမ်ရှေ့မြက်ခင်းပြင် ဒေါ်ခင်ကြည်နှင့် ကလေးများရှိနေရာ ကလေးများကတော့ ထုံးစံအတိုင်း ဆော့ကစားနေကြပါသည်။

ဗိုလ်ချုပ်ကတော့ အိမ်ရှေ့ဝရန်တာ တစ်နေရာတွင် ထိုင်အနားယူရင်း စကားပြောဖော်အဖြစ် ကျွန်တော့်ကိုပါ သူနှင့်အတူ ခေါ်ထားပါသည်။

လာလတ္တံ့သော တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲအကြောင်း အတန်ကြာကြာ ဆွေးနွေးပြောဆိုပြီးနောက် ဗိုလ်ချုပ်သည် အိမ်ရှေ့မြက်ခင်းပြင် ဆော့ကစားနေသော သူ၏ရင်သွေးငယ်များကို ကြည့်ရင်း ပီတိဖြစ်ကာ ကျွန်တော့်အား စကားဆက်မပြောဘဲ ကလေးငယ်များကိုသာ ငေးကြည့်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေဟန် တူပါသည်။

ခဏကြာမှ ဗိုလ်ချုပ်သည် ကျွန်တော့်ဘက်လှည့် မျက်နှာထားခပ်တည်တည်နှင့် စကားပြောပါသည်။

“လွတ်လပ်ရေးရပြီးရင် ငါတော့ နိုင်ငံရေးက အနားယူမယ် စိတ်ကူးတယ်။ တိုင်းပြည်ကို အုပ်ချုပ်ဖို့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရှိတာ မင်းလည်းသိသားပဲ မဟုတ်လား။ ဒါကြောင့် ငါက နိုင်ငံရေးက အနားယူပြီး စာရေးဆရာ လုပ်ချင်တယ်။ ဒါမှလည်း ငါ့အနေနဲ့ ငါ့အိမ်ထောင် မိသားစု Family အတွက် အချိန်ပေးနိုင်မယ်။ ကလေးတွေကိုလည်း ကောင်းကောင်း ကြည့်ရှုနိုင်မယ်။ မင်းကလည်း စာရေးဝါသနာပါလို့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက စာရေးခဲ့တယ် မဟုတ်လား။ ဒီတော့ ငါတို့ ဆရာတပည့်နှစ်ယောက် စာရေးစားကြမယ်ကွာ။ မြန်မာလိုရော ၊ အင်္ဂလိပ်လိုရော ရေးကြမယ်။ ဒါမှ ငါတို့ မိသားစုအတွက် ၀င်ငွေလုံလောက်မှာကွ။ တကယ်ပါကွ ငါ့စိတ်ထဲ စာရေးဆရာလုပ်စားချင်တဲ့ ဆန္ဒဟာ စစ်မဖြစ်ခင်ကတည်းက ရှိခဲ့တယ်။ ဒါပေမယ့် တိုင်းပြည် လွတ်လပ်ရေးရရေးအတွက် ဦးစားပေးခဲ့ရတာမို့ စာရေးဖို့ အချိန်မရှိခဲ့ဘူး။ အခု လွတ်လပ်ရေးရတော့မှာ သေချာနေပြီမို့ ဒီစကားကို ငါပြောတာပါ

ဗိုလ်ချုပ်သည် သို့လျှင် သူ၏ နှလုံးသားအတွင်း ဖြစ်ပေါ်ခံစားချက်ကို အမှန်အတိုင်း ပြောလိုက်ခြင်းပင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ၁၉၃၆ ခုနှစ် ၊ တက္ကသိုလ်သပိတ် အရေးတော်ပုံမှစ သိကျွမ်းခင်မင်ခဲ့သော သူ၏ တပည့်လည်းဟုတ် ၊ မိတ်ဆွေလည်းဟုတ်သော ကျွန်တော့်အား ရင်ဖွင့်လိုက်ခြင်းပင် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် သူပြောသလို စာရေးဆရာ လုပ်ချင်စိတ်ရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ စာရေးခြင်းသက်သက်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ သူ၏ မိသားစုစားဝတ်နေရေးအတွက် တာဝန်ယူနိုင်သည် အရည်အချင်းကလည်း ဧကန်အမှန်ရှိကြောင်း ကျွန်တော်ကောင်းစွာသိပါသည်။

အောက်ပါအချက်အလက်များကို လေ့လာကြည့်ပါ။

ဒုတိယကမ္ဘာစစ်မဖြစ်မီ သခင်အောင်ဆန်းအဖြစ် တို့ဗမာအစည်းအရုံးကြီး၏ အထွေထွေအတွင်းရေးမှုး တာဝန်ထမ်းဆောင်နေစဉ် သူသည် ရေကျော်လမ်းရှိ တို့ဗမာအစည်းအရုံးဌာနချုပ်တွင် အလွန်ဆင်းရဲပင်ပန်းစွာ နေထိုင်ခဲ့ပါသည်။ ဖြစ်သလိုအိပ် ၊ ဖြစ်သလိုစားလျက် အ၀တ်အစားအနေဖြင့်လည်း ပင်နီအကျီနှင့် ချည်ကြမ်းလုံချည် သုံးစုံခန့်သာရှိခဲ့သည်။ ရေကျော်ရပ်ကွက်နှင့် ပုဇွန်တောင်ဈေး ပတ်ဝန်းကျင်တစ်ဝိုက်ရှိ ထမင်းဆိုင်များ သူထမင်းအကြွေးမစားဖူးသောဆိုင် မရှိသလောက်ဖြစ်နေရာ ရံဖန်ရံခါ နယ်မှ သခင်ကိုယ်စားလှယ်များ ရောက်လာသည့်အခါ “သခင်အောင်ဆန်းလည်း ကျွန်တော်တို့နှင့်အတူ လိုက်ထမင်းစားပါ”ဟု ခေါ်သည့်အခါများတွင်သာ သူသည် ထမင်းကောင်း ဟင်းကောင်းစားနိုင်ခဲ့သည်။

ထိုအချိန် နတ်မောက်မြို့ရှိ သူ၏မိခင်ကြီး ဒေါ်စုမှာ စပါးပေး ပေး ငွေတိုးချေးစားနိုင်အောက် ပြည့်စုံကုံလုံနေသည်။ သို့သော် သခင်အောင်ဆန်းသည် သူနိုင်ငံရေးလုပ်နေစဉ် မိမိခြေထောက်ပေါ် ရပ်တည်နိုင်အောင် ကြိုးစားမည်ဟု စိတ်ပိုင်းဖြတ်လျက် မိခင်ကြီးထံမှ ငွေကြေးအကူအညီ လုံးဝမတောင်းခဲ့ပါ။

ထို့ကြောင့် သူ၏၀ါသနာအတိုင်း နိုင်ငံရေးလုပ်ရင်း အချိန်ရတိုင်း စာရေးခဲ့ပါသည်။ ၁၉၄၀ ပြည့်နှစ်က ဒဂုန်မဂ္ဂဇင်း အဟောင်းများကို ပြန်ကြည့်ပါက သခင်အောင်ဆန်းရေးသော “နိုင်ငံရေးအမျိုးမျိုးခေါင်းစဉ်ဖြင့် အခန်းဆက် ဆောင်းပါးများ တွေ့ရပေလိမ့်မည်။ ယင်းဆောင်းပါးများမှာ Political Science ခေါ် နိုင်ငံရေးသိပ္ပံပညာဆိုင်ရာ ဆောင်းပါးများ ဖြစ်ပါသည်။

ထိုအချိန်က လူငယ်နိုင်ငံရေးသမားများလောကတွင် အထူးခေတ်စားခဲ့သော မာ့က်စ်ဝါဒမှ Dialectical Materialism ဟူသော ဝေါဟာရကို မြန်မာလို “အနုပဋိလောမရုပ်ဝါဒ”ကို ပြန်ဆိုသူမှာ သခင်စိုးဟု ကျွန်တော်တို့ ထင်မိခဲ့သော်လည်း ဒဂုန်မဂ္ဂဇင်းမှ သခင်အောင်ဆန်း၏ “နိုင်ငံရေးအမျိုးမျိုး”ဆောင်းပါးများ ဖတ်ရတော့မှ သူကိုယ်တိုင် စတင်ဘာသာပြန်ခဲ့ကြောင်း သိရပါတော့သည်။

ဒဂုန်မဂ္ဂဇင်း၏ တာဝန်ခံအယ်ဒီတာမှာ ရွှေညာမောင်ခေါ် ဦးချင်းစိန် ဖြစ်ပါသည်။ စစ်အတွင်းက တစ်နေ့သ ကျွန်တော်နှင့် စကားစပ်မိ ဦးချင်းစိန်က သူသည် တာဝန်ခံအယ်ဒီတာအဖြစ် အခြားစာရေးဆရာများဆိုလျှင် ဆောင်းပါးတစ်ပုဒ်အတွက် စာမူခအများဆုံး ဆယ့်ငါးကျပ်နှစ်ဆယ်သာ ပေးခဲ့ကြောင်း ၊ သို့သော် သခင်အောင်ဆန်းအား ပုဂ္ဂိုလ်ရေးအရ လေးစားကြည်ညိုတစ်ကြောင်း ၊ သူ၏ဆောင်းပါးများ အလွန်အဆင့်အတန်းမြင့်တစ်ကြောင်း ဆောင်းပါးတစ်ပုဒ်လျှင် စာမူခ ငွေသုံးဆယ်ကျပ်ပေးခဲ့ကြောင်း ပြောပြပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကလည်း ဦးချင်းစိန်၏ ကျေးဇူးကို မမေ့ပါ။ ၁၉၄၅ခု ၊ မတ်လက ဖက်ဆစ်တော်လှန်ရေးအတွက် ရှေ့တန်းစာမျက်နှာသို့ မထွက်မီ သူနှင့်အတူ ဦးချင်းစိန်ကို ခေါ်သွားလိုသဖြင့် ကျွန်တော့်အား (ထိုအချိန်က တိုးကြောင်ကြီးရွာတွင် ရောက်နေသူ) ဦးချင်းစိန်ကို ခေါ်ခိုင်းခဲ့ပါသေးသည်။ သို့ရာတွင် ဆရာဦးချင်းစိန်မှာ အကြောင်းကြောင်းကြောင့် မလိုက်နိုင်ခဲ့ပါ။ ထို့ကြောင့် ၁၉၃၆ခုနှစ်က အမာခံ သပိတ်မှောက်ကျောင်းသားများဖြစ်သူ ဦးထွန်းအုန် (နောက်ပိုင်း မြူနီစီပါယ်မင်းသားကြီး) ၊ ဦးလှအောင် (နောက်ပိုင်း ဗိုလ်မှုးကြီး အငြိမ်းစားနှင့်စာရေးဆရာ) တို့သာလျှင် ဗိုလ်ချုပ်နှင့်အတူ သရက်ခရိုင် အနောက်ခြမ်း ကျေးလက်ဒေသသို့ ပါသွားကြပါသည်။

သခင်အောင်ဆန်းသည် ဒဂုန်မဂ္ဂဇင်းအပြင် စစ်ကြိုခေတ်က မြန်မာ့အလင်း သတင်းစာတွင်လည်း ခေါင်းကြီးပိုင်းများ ရေးပေးလေ့ရှိပါသည်။ မြန်မာ့အလင်း ဦးတင်က သခင်အောင်ဆန်းအား သတင်းစာ ခေါင်းကြီးပိုင်းတစ်ပုဒ်လျှင် စာမူခငွေတစ်ဆယ်ကျပ် ပေးပါသည်။ လက်ဖက်ရည်တစ်ခွက် သုံးပြားခေတ်က ငွေတစ်ဆယ်ကလည်း တန်ဖိုးရှိပါသည်။

ထို့ပြင် သခင်အောင်ဆန်းသည် စစ်ကြိုခေတ်က တစ်ခုတည်းသော မြန်မာပိုင် အင်္ဂလိပ်ဘာသာသတင်းစာ “နယူးဘားမား”တွင်လည်း ရံဖန်ရံခါ နိုင်ငံရေးဆောင်းပါးများ အင်္ဂလိပ်လိုရေးခဲ့ပါသည်။

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏စိတ်ထဲဆန္ဒရှိသလို စာရေးဆရာအဖြစ် ရပ်တည်နိုင်ရန် အမှန်တကယ် အရည်အချင်းရှိကြောင်း ကျွန်တော်ယုံကြည်ခဲ့ပါသည်။ သူကိုယ်တိုင်ကလည်း မိမိ၏အရည်အချင်း (စာရေးသားခြင်းစွမ်းရည်)ကို ယုံကြည်သာ ၁၉၄၇ခုနှစ် ၊ ဧပြီလ မေမြို့တွင် ကျွန်တော့်အား စာရေးဆရာလုပ်မည်ဟု ပြောခဲ့ခြင်းဖြစ်ပါသည်။

အထူးသဖြင့် အင်္ဂလိပ်စာအေ၇းအသား ကျွမ်းကျင်နိုင်နင်းသူတစ်ဦးအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်ဘာသာဖြင့် နိုင်ငံရေးသိပ္ပံပညာစာအုပ်များ ၊ ဒဿနိကဗေဒဆန်ဆန် တွေးခေါ်မြော်မြင်ရေးဆိုင်ရာ စာအုပ်များ ၊ နယ်ချဲ့လက်အောက်ခံ ကိုလိုနီ (ကျွန်နိုင်ငံ) ဖြစ်ခဲ့ဖူးသည့် နိုင်ငံများ ၊ တိုးတက်ဖွံ့ဖြိုးရေးအတွက် အကြံပေး လမ်းညွှန်စာအုပ်များ ၊ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတစ်လျှောက် သူကိုယ်တိုင် ဖြတ်သန်းလာခဲ့ရသော အတွေ့အကြုံများအကြောင်း စာအုပ်များရေးမည်ဆိုလျှင် စာမူခအဖြစ် ဒေါ်လာငွေ သိန်းချီ ရနိုင်မည်မှာ သေချာလှပါသည်။

သို့လျှင် အရည်အချင်းနှင့်လည်း ပြည့်စုံ ၊ အောင်မြင်ရန် အလားအလာကလည်းကောင်း ၊ လူကိုယ်တိုင်ကလည်း ဆန္ဒပြင်းပြပါလျက် ကံကြမ္မာက ဗိုလ်ချုပ်အောင်ဆန်းအား စာရေးဆရာတစ်ဦး ဖြစ်ခွင့်မပေးခဲ့ပါချေ။

၁၉၄၇ခုနှစ် ၊ ဧပြီလဆန်းက ပြင်ဦးလွင်မြို့ (မေမြို့)တွင် လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးမှ အနားယူပြီး စာရေးဆရာလုပ်မည်ဟု ပြောခဲ့သူ စနေသား ဗိုလ်ချုပ်အောင်ဆန်း (ငယ်နာမည် မောင်ထိန်လင်း)သည် နောက်သုံးလမျှအကြာ ဇူလိုင်လ ၁၉ရက် (စနေနေ့)တွင်ပင် အသက် (၃၃)နှစ် မပြည့်သေးမီ မရှုမလှ ကွယ်လွန်ခဲ့ရရှာလေသည်။

မရဏသေခြင်းတရားကို မည်သူမျှ မလွန်ဆန်နိုင်။ သတ္တ၀ါမှန်သမျှ ကံစီမံရာသာ လိုက်နာ နာခံကြရသည်ချည်းပါ တကားဟူသော အင်္ဂုတ္တရနိကာယ်အဘိဏှာသုတ်တော်လာ တရားသဘောအတိုင်း သံဝေဂဥာဏ် ပွားကြရန်သာ ရှိပါတော့သတည်း။

တက္ကသိုလ်နေ၀င်း ( နွယ်နီ ၉ / ၉၄ )

Read More...

Wednesday, June 06, 2007

Me & My Blog



နည်းနည်းလေးပြောဖို့လိုပြီထင်လို့ နည်းနည်းလေးရှင်းပါရစေအုန်း မိတ်ဆွေတို့ရေ .. ။

လင်းလက်ရေးတာ နိုင်ငံရေးလည်း မဟုတ်ပါဘူး .. ။ အချစ်ရေးလည်း မဟုတ်ပါဘူး . .။ ကျွန်မစိတ်ထဲမှာရှိတဲ့ မြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့ ခံစားချက်တွေလည်း ဖြစ်ချင်ဖြစ်မယ် … ။ ကျွန်မဘ၀ရဲ့ ပေါက်ကွဲသံစဉ်တွေလည်းဖြစ်ချင်ဖြစ်မယ် .. ။ ဒါပေမယ့် ရင်ထဲမှာ မတရားတာကို ခံစားရတာက မြန်မာပြည်နဲ့ အများဆုံးပတ်သတ်လို့ နိုင်ငံရေးနည်းနည်းဆန်တဲ့ ဘလော့ခ်ဖြစ်နေတာပါ .. ။

ဒီဘန်နာကို အသစ်တင်လိုက်တယ် .. ။ အားလုံးရဲ့ ဝေဖန်သံလေးတွေ ကျွန်မ အွန်လိုင်းမတက်ဖြစ်တဲ့ကြားက အကုန်သိရပါတယ် … ။ အဲ အချစ်သိပ်ဆန်တာတွေတော့ ကျွန်မရေးလေ့မရှိတဲ့ ဘလော့ခ်ပါ .. ။ ပါစင်နယ် အနည်းငယ် ရံဖန်ရံခါ ပေါက်ကွဲတတ်တာက လွဲလို့ပေါ့ … ။

ကိုကိုနဲ့ကျွန်မပုံကို တင်ထားခြင်းကတော့ သူက ကျွန်မတအားလေးစားရတဲ့သူတစ်ယောက် ဖြစ်နေလို့ပါ .. ။ တစ်ချို့စုံတွဲတွေမှာ အချစ်ပဲရှိချင်ရှိမယ် .. ။ ကျွန်မရင်ထဲမှာတော့ သူက အပြောမဟုတ်ဘဲ တကယ် လက်တွေ့ကျကျ ဆောင်ရွက်တတ်သူတစ်ယောက်မို့ အတိုင်းမသိ လေးစားပြီးချစ်ရတဲ့ ချစ်သူတစ်ယောက်ပါ .. ။ ဒီအတွက် ကျွန်မအမြဲ ဂုဏ်ယူမိပါတယ် .. ။ ခံစားချက်လေး နည်းနည်းလေး ထည့်လိုက်တာပါ .. ။

ကျွန်မ နောက်ပိုင်း စာသိပ်မရေးဖြစ်ဘူး .. ။ ဘလော့ခ်တစ်ခုနဲ့ မတရားမှုကို မကြိုက်တဲ့ စိတ်ဓါတ်တစ်ခုတည်းနဲ့ လူ့လောကမှာ အသက်ရှင်ရပ်တည်ဖို့မဖြစ်နိုင်တဲ့အတွက် ကျွန်မဘ၀ရဲ့ အခြေခိုင်မှုတစ်ခုကိုတော့ ကျွန်မရအောင် ယူဖို့အချိန်ရောက်နေတော့ လုပ်စရာရှိတာနဲ့ပဲ အချိန်ကုန်နေရတယ် .. ။ ဒါပေမယ့် စာရေးခြင်းကိုတော့ ကျွန်မ တအားခုံမင်တယ် .. ။ ကျွန်မဖြစ်နိုင်ရင် စာတွေချည်း ဖတ်နေချင်တယ် .. ။

ကျွန်မရင်ထဲမှာ ကျွန်မကိုယ်တိုင်ခံစားခဲ့ရတဲ့ အဖြစ်ပျက်လေးတွေ ၊ ကျွန်မ မကြိုက်တဲ့ မတရားမှုလေးတွေကို စုစည်းဖော်ပြပြီး လွတ်လပ်စွာ အမြင်ကွဲခွင့် ၊ ပြောခွင့်ပေးထားတဲ့ ဘလော့ခ်တစ်ခုပါပဲ .. ။ ဒီဘလော့ခ်ကနေ ကျွန်မ အသိပညာတွေ ပိုတိုးလာခဲ့ရတယ် .. ။ လူကြီးလူကောင်းတွေနဲ့ ရင်းနှီးရသလို မကောင်းတဲ့သူတွေရဲ့ ပြောဆိုခြင်းကိုလည်း ဂရုမစိုက်ဘဲ လုပ်စရာရှိတာပဲ အာရုံစိုက်ခဲ့ရတာတွေလည်း ရှိပါတယ် .. ။

ဘာပဲဖြစ်ဖြစ်ပေါ့ .. . ကျွန်မကတော့ လက်ချောင်းတွေနဲ့ စဉ်းစားခြင်း ၊ တွေးခေါ်ခြင်းတွေ ပေါင်းစပ်ပြီး ကြိုးစားရေးနေတဲ့ ဒီနေရာကို မအားလပ်တဲ့အချိန်များကြားက ကြိုးစားရှေ့ဆက်နေဆဲပါ … ။

ဒီဘန်နာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားရေးဆွဲပေးခဲ့တဲ့ အကိုချမ်းမြစိုးကို ကျေးဇူးအများကြီး တင်ရှိကြောင်းပြောချင်ပါတယ် .. ။ ကျွန်မဘလောခ့်နဲ့ပတ်သတ်ပြီး တော်တော်များများကို သူချည်း ဒိုင်ခံလုပ်ပေးရတာများပါတယ် .. ။ ကျေးဇူးးးးးးးးးအထူးးးးးးးးးးးးးးး အကို … ။

Read More...

စာရေးဆရာဖြစ်ချင်သော ဗိုလ်ချုပ်အောင်ဆန်း(၁)


ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သတ်တဲ့ စာတွေကို ဖတ်ချင်ကြသော သူများအတွက်ရော ၊ လင်းကိုယ်တိုင် လင်းဘလော့ခ်မှာရှိနေစေချင်တာရော အားလုံးပေါင်းပြီး ဒီစာတွေကို လက်ညောင်းခံရိုက်ပေးပြီး ဖော်ပြခြင်းပါ .. ။ အချို့မိတ်ဆွေတွေ တောင်းဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘ၀ပါရမီဖြည့်ဖက် ဒေါ်ခင်ကြည်အကြောင်းကို ရေးသားဖို့အတွက် လက်လှမ်းမှီသလောက် ဆိုင်တွေ ၊ လူတွေထံမှာ လင်းလက် လိုက်ရှာပေမယ့် ရှာမတွေ့ခဲ့ပါ။ ဘ၀လက်တွဲဖော်ဆိုတာ အားလုံးအတွက် အရေးကြီးပါတယ် . ။ မိမိဆောင်ရွက်ချင်တဲ့ အရာအားလုံးကို နားလည်ပေးနိုင်ပြီး ပါရမီဖြည့်နိုင်မယ့်သူဆိုတာ တကယ်တော့ ရှားပါးရတနာတစ်ခုပါ .. ။ အခု ဖော်ပြမယ့် “စာရေးဆရာဖြစ်ချင်သော ဗိုလ်ချုပ်အောင်ဆန်း”အကြောင်းက သိပ်ရှည်လွန်းလို့ နှစ်ပိုင်းခွဲ ဖော်ပြပေးလိုက်ပါတယ်ရှင် .. ။

စာရေးဆရာဖြစ်ချင်သော ဗိုလ်ချုပ်အောင်ဆန်း

“ဒီဝတ္ထုကို မင်းရေးလိုက်တော့ မင်းမိန်းမက ဘာမှမပြောဘူးလား ။ မကန့်ကွက်ဘူးလား”

“ဘာမှ မပြောပါဘူး ။ ကျွန်တော်ဝတ္ထုရေးရင် စိတ်ကူးယဉ်သက်သက် ဖန်တီးထားတယ်ဆိုတာ သူသိပြီးသားမို့ ဘာမှမပြောပါဘူး”

“ဒါဆို တော်သေးတာပေါ့ ။ မင်းဝတ္ထုက စိတ်ကူးယဉ်သာဆိုတာ်။ တကယ့်ဖြစ်ရပ်လိုလို ဘာလိုလို ဖြစ်နေတယ်။ ပြီးတော့ မင်းကိုယ်တိုင် အဲဒီနယ်ဘက် ရောက်ခဲ့တယ်မဟုတ်လား”

သို့ ကျွန်တော်အား စစ်ဆေးမေးမြန်းသလို ပြောနေသူကား ဗိုလ်ချုပ်အောင်ဆန်း။

သူ၏ မျက်နှာထားက ခပ်ပြုံးပြုံးဖြစ်နေ ကျွန်တော့်အား ရယ်စရာ သဘောပြောနေကြောင်း သိသာပါသည်။ အချိန်ကာလအားဖြင့် ၁၉၄၅ခုနှစ် ၊ ဒီဇင်ဘာလ။

နေရာကတော့ ဗဟန်း ၊ တာဝါလိန်း (ယခု နတ်မောက်လမ်း)အမှတ်၂၅ရှိ ဗိုလ်ချုပ်နေထိုင်သောအိမ် (ယခု ဗိုလ်ချုပ်ပြတိုက်)။

ဗိုလ်ချုပ်သည် ၁၉၄၆ခုနှစ် ၊ ဇန်န၀ါရီ ၂၀ရက်နေ့တွင် ကျင်းပလတ္တံ့သော ရွှေတိဂုံအလယ်ပစ္စယံ ပြည်လုံးကျွတ် ညီလာခံကြီးတွင် သဘာပတိအဖြစ် အဖွင့်အမှာစကားပြောရန် သူ၏ မိန့်ခွန်းရှည်ကြီးကို ကြိုတင်ရေးနေချိန် ဖြစ်သည်။

နိုင်ငံရေးအရ တိုင်းပြည်အတွက် အလွန်အရေးကြီးသော ပြည်လုံးကျွတ်ညီလာခံကြီးဖြစ် ပြည်တွင်းသာမက ပြည်ပကပါ စိတ်ဝင်စားနေသည့် အခြေအနေတွင် ဗိုလ်ချုပ်သည်သူ၏ မိန့်ခွန်းကို အထူးဂရုစိုက် ကြိုးစားရေးသားကာ နေ့ရောညပါ ဇွဲကောင်းကောင်းနှင့်ရေးနေချိန်ဖြစ်သည်။ တစ်နေ့တွင် သူ့အား ခေတ္တနားနေစေချင် ဒေါ်ခင်ကြည်အား လက်ဖက်ရည်တစ်ခွက်ဖျော်ခိုင်းပြီး ကျွန်တော်က လက်ဖက်ရည် သွားပေးရင်း မန္တလေးမြို့မှ လူထုဦးလှပို့ပေးလိုက်သော “လူထုဂျာနယ်”တစ်စောင်ကိုပါ ပေးလိုက်ပါသည်။

“ဗိုလ်ချုပ်မိန့်ခွန်းရေးတာ ခဏနားပြီး ဒီဂျာနယ်ဖတ်ကြည့်ပါဦး”

သို့ ကျွန်တော်ကပြောလိုက်မိခြင်းမှာ ထို“လူထုဂျာနယ်”တွင် ကျွန်တော်ရေးသော ၀တ္ထုတိုတစ်ပုဒ် ပါလာသောကြောင့် ဗိုလ်ချုပ်ဖတ်စေချင်တစ်ကြောင်း ၊ သူ၏ သဘာပတိမိန့်ခွန်းကြီးရေးနေရ စိတ်မော လူမောဖြစ်နေခြင်းမှ ခေတ္တအနားရစေတစ်ကြောင်း ဖတ်ခိုင်းခြင်းဖြစ်ပါသည်။

“လူထုဂျာနယ်”တွင်ပါသော ကျွန်တော်၏၀တ္ထုတိဇတ်လမ်းအကျဉ်းချုပ်မှာ ဖက်ဆစ်တော်လှန်ရေးပြီးခါစအချိန်က မျိုးချစ်ဗမာ့တပ်မတော်မှ “သုံးလိုင်းနှစ်ပွင့်”လက်ဖတင်နှင့် (ဗိုလ်)အဆင့်ရှိသူတစ်သီးသည် သူ၏ဇာတိမြေ ဗန်းမော်မြို့သို့ ပြန်ရာတွင် လာရှိုးမြို့မှတစ်ဆင့် သိန္နီ ၊ ကွတ်ခိုင် ၊ မူဆယ် ၊ နမ့်ခမ်းလမ်းအတိုင်းသွားစဉ် မူဆယ်ဈေးတွင် အနီးအနားရွာတစ်ရွာမှ ကချင်မိန်းကလေးတစ်ဦးနှင့် တွေ့ဆုံသိကျွမ်းခင်မင်သွားသည်။ ကချင်မလေးက သူတို့ရွာသို့ လိုက်လည်ပတ်ရန်ခေါ်သဖြင့် လိုက်သွားရာမှ စစ်ဗိုလ်ကလေးနှင့် ကချင်မလေး ချစ်ကြိုးသွယ်မိကြပြီး ထိုရွာကလေးမှာပင် လက်ထပ်လိုက်ကြသည်။ ထိုအချိန်က မြန်မာ-တရုပ် နယ်စပ်တါင် တရုတ်ဖြူတပ်ကြွင်းတွေ သောင်းကျန်းနေရာ တစ်နေ့တွင် မူဆယ်အနီးရှိ ရွာကလေးသို့ ၀င်ရောက်ပစ်ခတ်တိုက်ခိုက်စဉ် မြန်မာစစ်ဗိုလ်ကလေး၏ ညားခါစဇနီးကချင်မလေး ကျည်သင့်သေဆုံးသွားသဖြင့် မြန်မာဗိုလ်ကလေးအဖို့ ကြေကွဲယူကျုံးမရဖြစ်လျက် ကျန်ရစ်ပုံလွမ်းခန်းနှင့် ဇတ်သိမ်းထားပါသည်။

ထို့ကြောင့် ဗိုလ်ချုပ်က ၀တ္ထုကိုဖတ်ပြီး ကျွန်တော့်အား “မင်းမိန်းမက ဘာမှမပြောဘူးလား”ဟု ကျီစယ်သလို မေးလိုက်ခြင်းဖြစ်ပါသည်။

ခဏမျှကြာသော် ဗိုလ်ချုပ်သည် “လူထုဂျာနယ်”ကို ဘေးသို့ ချထားလိုက်ပြီး တစ်စုံတစ်ခုစဉ်းစားနေဟန်ဖြင့် ခေတ္တငြိမ်နေပြီးနောက်

ငါလည်း မင်းတို့လိုစာရေးဆရာဖြစ်ချင်တယ်ကွာ”ဟု ပြောလိုက်ပါသည်။

(ကျွန်တော်သည် စာရေးဝါသနာပါ ၁၉၃၆ခုနှစ်ကပင် ဒဂုန်မဂ္ဂဇင်းတွင် ၀တ္ထုတိုတစ်ပုဒ်ပါလာအောင် ရေးထားနိုင်ရာမှ ကြီးပွားရေးမဂ္ဂဇင်း ၊ တက္ကသိုလ်မဂ္ဂဇင်း ၊ သမဂ္ဂမှ ထုတ်ဝေသော “အိုးဝေ” မဂ္ဂဇင်းများတွင် ၀တ္ထုတိုဆောင်းပါးများ ပါနေပြီဖြစ်သဖြင့် တော်လှန်ရေးပြီးခါစတွင်လည်း ဆရာဦးဘချို၏ ဒီးဒုတ်ဂျာနယ်နှင့် ဦးချစ်မောင်၏ “ဂျာနယ်ကျော်”တို့တွင် ဆောင်းပါးများရေးနေပြီဖြစ် ဗိုလ်ချုပ်က ကျွန်တော့်အား စာရေးဆရာဖြစ်နေပြီဟု လက်ခံထားဟန်တူပါသည်။)

ဗိုလ်ချုပ်ကပင်ဆက်

ဒါပေမယ့် ငါကတော့ မင်းတို့လို အချစ်ဝတ္ထုတွေရေးမှာ မဟုတ်ဘူး။ ရေးလည်းမရေးတတ်ဘူး။ ငါကတော့ နိုင်ငံရေးသိပ္ပံအကြောင်း ၊ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအကြောင်းနဲ့ လူတွေကို ပညာပေးစာအုပ်မျိုးတွေပဲ ရေးမှာကွ ၊ ဒါဟာလည်း လက်ရှိအခြေအနေအရ လောလောဆယ်မဖြစ်နိုင်သေးပါဘူးကွာ”ဟု ညည်းညူသလို ပြောလိုက်ပြီးနောက် ချက်ချင်းပင် သူ၏ “ပတ်ကား”ဖောင်တိန်ဟောင်းကို ပြန်ကောက်ယူကာ ညီလာခံမိန့်ခွန်းကြီးကို ဆက်ရေးနေပါတော့သည်။

အလျဉ်းသင့် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းရေးပုံအကြောင်း တင်ပြလိုပါသည်။

ဗိုလ်ချုပ်သည် ကျောင်းသားသမဂ္ဂခေါင်းဆောင်ဘ၀ကပင် သူ၏မိန့်ခွန်းမျးကို အင်္ဂလိပ်ဘာသာဖြင့် ရေးပြီး အင်္ဂလိပ်လိုပင် ပြောလေ့ရှိပါသည်။

သူသည် အင်္ဂလိပ်စာကို ဦးစားပေးသင်ကြားလေ့မရှိသော ရေနံချောင်းမြို့ နေရှင်နယ် (အမျိုးသားကျောင်း)မှ ဆယ်တန်းအောင်ခဲ့သူဖြစ်ပါလျက် ရန်ကုန်တက္ကသိုလ်သို့ရောက်ပြီးနောက် နေရှင်နယ်ကျောင်းသားဟောင်း တစ်ယောက်ဟု ယုံနိုင်စရာမရှိအောင် အင်္ဂလိပ်စာကို အထူးကျွမ်းကျင်သူ ဖြစ်လာပါသည်။ သူသည် အင်္ဂလိပ်စာကို အခြားကျောင်းသူကျောင်းသားမျးထက် ပိုတော်အောင် အထူးကြိုးစားလေ့လာခဲ့ ကျွမ်းကျင်လာခဲ့ခြင်းဖြစ်ပါသည်။

ဖက်ဆစ်တော်လှန်ရေးကာလအတွင်း ဧရာဝတီမြစ် အနောက်ဘက်ကမ်း သရက်ခရိုင် ကျေးလက်ဒေသတွင် တပ်မတော်ရှေ့တန်းစစ်ဌာနချုပ်ယာယီစခန်းချထားစဉ်က

ငါတို့က နယ်ချဲ့သမားဆီက လွတ်လပ်ရေးမရရအောင် ယူရမှာမို့ နယ်ချဲ့သမားရဲ့ဘာသာကို ကျွမ်းကျင်အောင် လေ့လာထားရမယ်။ အင်္ဂလိပ်စာတော်အောင် ကြိုးစားရမယ်။ ဒါမှလည်း ငါတို့ဟာ နယ်ချဲ့သမားကို အရေးဆိုနိုင်မယ်။ ငြင်းခုံနိုင်မယ် ။ လွတ်လပ်ရေး မပေးပေးအောင် တောင်းနိုင်မယ် ။ ကုန်ကုန်ပြောမယ်ကွာ ။ လိုအပ်လာရင် နယ်ချဲ့သမားကို သူတို့ဘာသာစကားနဲ့ အင်္ဂလိပ်လို ရေရေလည်လည်ဆဲနိုင်မယ်ကွ” ဟု ကျွန်တော်တို့ရဲဘော်များအား ပြောခဲ့ဖူးပါသည်။

ထို့ကြောင့် သူကိုယ်တိုင်က အင်္ဂလိပ်စာအထူးကျွမ်းကျင်နိုင်နင်းအောင် ကြိုးစားလေ့လာခဲ့ပါသည်။ ကျွန်တော်သည် နိုင်ငံခြားသားသတင်းစာဆရာများ ၊ သံရုံးအရာရှိများအား ဗိုလ်ချုပ်အောင်ဆန်း၏ အင်္ဂလိပ်ဘာသာ မိန့်ခွန်းများကို ပြသခဲ့ဖူးရာ အားလုံးကအလွန်အံ့သြကြပါသည်။ အင်္ဂလိပ်စကားလုံး ဝေါဟာရ ကြွယ်ပုံ ၊ ၀ါကျတည်ဆောက်ပုံ ၊ အီဒီယမ်ခေါ် နှိုင်းယှဉ်တင်စား ရေးသားပုံတို့က ဗိုလ်ချုပ်ကိုယ်တိုင် ရေးသားခဲ့ခြင်းဟု ဟုတ်ပါလေစဟု သံသယဖြစ်လောက်အောင် အလွန်ကောင်းနေကြောင်း ပြောကြပါသည်။

အထူးသဖြင့် (၂၀-၁-၄၆)နေ့က ရွှေတိဂုံအလယ်ပစ္စယံ ပြည်လုံးကျွတ်ညီလာခံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းက သဘာပတိအဖြစ် အဖွင့်အမှာစကားပြောကြားခဲ့သော သူ၏မူ၇င်းမိန့်ခွန်းမှ အင်္ဂလိပ်စာအရေးအသားသည် နိုင်ငံရေးအနှစ်သာရပြည့်စုံပြီး ရေးသားပုံအလွန်ကောင်းမွန်လှပါသည်။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဗိုလ်ချုပ်သည်သူ၏ မိန့်ခွန်းများကို အင်္ဂလိပ်ဘာသာဖြင့် ရေးလေ့ရှိရာ ရွှေတိဂုံညီလာခံ သဘာပတိ အဖွင့်မိန့်ခွန်းမှာလည်း အင်္ဂလိပ်ရေးထားသဖြင့် ဗိုလ်ချုပ်က ယင်းမူရင်း အင်္ဂလိပ်မိန့ခွန်းကိုပင်ကိုင်ကာ မြန်မာလိုလက်တန်းပြောသွားခြင်းဖြစ်ပါသည်။

၁၉၅၀ ပြည့်နှစ်က ကျွန်တော်သည် အိုးဝေသတင်းစာ အယ်ဒီတာလုပ်နေစဉ် အမေရိကန်မှ နာမည်ကျော် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် ( Johns Hopkins University ) မှ ဘွဲ့ရ လူငယ်တစ်ဦးသည် ဘွဲ့လွန်ပါရဂူဘွဲ့အတွက် သုတေသနစာတမ်းရေးသားပြုစုရန် အကြောင်းရပ်အဖြစ် “မြန်မာနိုင်ငံ၏လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း”ကို ရွေးချယ်ထားသောကြောင့် ရန်ကုန်မြို့သို့ ကိုယ်တိုင်လာရောက်လေ့လာသုတေသနပြုရင်း အိုးဝေသတင်းစာတိုက်သို့ ရောက်လာခဲ့ပါသည်။

ကျွန်တော်လည်း လွတ်လပ်ရေးဗိသုကာဟု တင်စားခေါ်ဝေါ်နေကြသော ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောရင်း ၂၀-၀၁-၄၆ နေ့ရွှေတိဂုံ အလယ်ပစ္စယံ ညီလာခံ ဗိုလ်ချုပ်ပြောကြားခဲ့သော သဘာပတိမိန့်ခွန်း အင်္ဂလိပ်ဘာသာ မူရင်းကို ပြလိုက်ရာ ထိုအမေရိကန်ကျောင်းသားသည် အလွန်အံ့သြသွားပုံရပါသည်။

ဒီမိန့်ခွန်းဟာ အလွန်အရေးပါတယ်လို့ ဆိုချင်ပါတယ်။ ဂျင်နရယ်အောင်ဆန်းရဲ့ အင်္ဂလိပ်လိုရေးသားပုံကလည်း အလွန်ကောင်းနေပါတယ်။ သူဟာ ရန်ကုန်တက္ကသိုလ်က ရိုးရိုးဘီအေဘွဲ့ရခဲ့သူလို့ သိရပါတယ်။ အင်္ဂလိပ်စာ ဂုဏ်ထူးနဲ့အောင်တာ မဟုတ်တော့ ဒီလောက်ကောင်းတဲ့အင်္ဂလိပ်စာမျိုးရေးတတ်ဖို့က မလွယ်ပါဘူး။ အင်္ဂလိပ်စာ ကျွမ်းကျင်သူတစ်ယောက်ယောက် လာရေးပေးတာများလား

“မဟုတ်ပါဘူး။ ဘယ်သူကမှ ရေးပေးတာ မဟုတ်ဘူး။ ဗိုလ်ချုပ်ကိုယ်တိုင်ရေးတာပါ။ သူဟာ အင်္ဂလိပ်စာကို ၀ါသနာပါလို့ အထူးကျွမ်းကျင်အောင် ကြိုးစားလေ့လာခဲ့ပါတယ်။ ဟောဒီမှာ သူနဲ့တခြားမိန့်ခွန်းတွေ ကြည့်ပါဦး”

ပြောပြောဆိုဆို ကျွန်တော်သည် ၁၉၄၆ခုနှစ်က ဖဆပလအဖွဲ့ချုပ်ဦးစီးကောင်စီ အစည်းအဝေးများ ပြောကြားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ သဘာပတိမိန့်ခွန်း ( အင်္ဂလိပ်ဘာသာမူရင်း)များကိုပါ ထုတ်ပြလိုက်ပါသည်။

အမေရိကန်ကျောင်းသားများလည်း ပါးစပ်အဟောင်းသားနှင့် အလွန်အံ့သြနေပါတော့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ အင်္ဂလိပ်စာအရေးအသားကို အံ့သြချီးကျူးခဲ့သူ နောက်တစ်ဦးကား လုပ်သားပြည်သူ့ နေ့စဉ် (အင်္ဂလိပ်) သတင်းစာအယ်ဒီတာချုပ် ဦးခင်မောင်လတ် (ဒေါ်ခင်မျိုးချစ်၏ခင်ပွန်း)ပင် ဖြစ်ပါသည်။

၁၉၆၅ခုနှစ် ၊ မတ်လ ၂၇ရက်နေ့ ကျရောက်သော တပ်မတော်နေ့ (တော်လှန်ရေးနေ့)လုပ်သားနေ့စဉ် (အင်္ဂလိပ်) သတင်းစာတွင် ထည့်သွင်းဖော်ပြရန် ဦးခင်မေင်လတ်က ကျွန်တော့်ထံတော်လှန်ရေးနေ့ ဆောင်းပါးတစ်ပုဒ် တောင်းရာ ကျွန်တော်ကညလ်း ၁၉၄၅ခု ဖက်ဆစ်တော်လှန်ရေးအတွင်းက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ သရက်ခရိုင်ကျေးလက်ဒေသတွင် ရှိစဉ်က အတွေ့အကြုံများအကြောင်းရေးရင်း ဖက်ဆစ်တော်လှန်ရေးနှင့် ပတ်သတ် ဘာကြောင့်ဂျပန်ကို တော်လှန်ရကြောင်း ဗိုလ်ချုပ်က ရှင်းလင်းထားသည့် အင်္ဂလိပ်ဘာသာ စာတမ်း (၁၉၄၅ခုနှစ် ၊ သြဂုတ်လက ရန်ကုန်မြို့တော်ခန်းမတွင် ဗိုလ်ချုပ်ကိုယ်တိုင် နိုင်ငံခြားသတင်းစာဆရာများ ၊ မဟာမိတ်စစ်သည်များရှေ့တွင် ဖတ်ခဲ့သောစာတမ်း)မှ ဗိုလ်ချုပ်၏ အာဘော်တစ်စိတ်တစ်ဒေသကို ထုတ်နုတ် ကျွန်တော်၏ဆောင်းပါးတွင် ကိုးကားဖော်ပြခဲ့ပါသည်။

အယ်ဒီတာချုပ် ဦးခင်မောင်လတ်သည် ဗိုလ်ချုပ်၏ အင်္ဂလိပ်စာအရေးအသားကို တအံ့တသြနှင့် ချီးကျူးရင်း ကျွန်တော့်ထံသို့လည်း တယ်လီဖုန်းဆက်

“ကိုနေ၀င်း အဲဒီအင်္ဂလိပ်လို ရေးထားတဲ့စာတမ်းကို ဗီုလ်ချုပ်ကိုယ်တိုင် အစအဆုံးရေးခဲ့တာလားဗျ”

ဟုမေးပါသည်။

“ဟုတ်ပါတယ် ဦးခင်မောင်လတ်၊ ဗိုလ်ချုပ်ကိုယ်တိုင် အစအဆုံးရေးခဲ့ပါတယ်။ သူ့ရဲ့လက်ရေးမူမှာ ခြစ်ရာ ဖျက်ရာတွေ ပါနေတာမို့ ကျွန်တော့်ကို လက်နှိပ်စက်နဲ့ ရိုက်ခိုင်းတာနဲ့ ကျွန်တော်က လက်နှိပ်စက် ရိုက်ပေးရတာပဲရှိတယ်။ စာတမ်းတစ်ခုလုံးကို ရေးခဲ့တာတော့ ဗိုလ်ချုပ်ပဲခင်ဗျ”

ကျွန်တော်က အမှန်အတိုင်းပြောပြလိုက်ရာ ဦးခင်မောင်လတ်လည်း

“အင်း အင်္ဂလိပ်လို ရေးသားထားပုံက အံ့သြစရာကောင်းလောက်အောင် အလွန်ကောင်းနေလို့ ကိုနေ၀င်းကို လှမ်းမေးမိတာပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ခင်ဗျားတို့လို အင်္ဂလိပ်စာ ဦးစားပေးသင့်တဲ့ ခရစ်ယာန် သာသနာပြုကျောင်း မနေခဲ့ရဘဲ ရေနံချောင်းနေရှင်နယ် ကျောင်းထွက်လို့ သိရတယ်။ ဒါကြောင့် သူ့ရဲ့ အင်္ဂလိပ်စာ အရေးအသားကျွမ်းကျင်ပုံ ၊ အဆင့်အတန်းမြင့်ပုံတို့ဟာ အလွန်အံ့သြစရာကောင်းတယ်”ဟု ပြန်ပြောခဲ့ပါသည်။

ဆက်ရန် ........

Read More...

သူငယ်ချင်းအားလုံးသို့

™ Cuteberries.com - Cartoon Dolls, Cute Disney Graphics, Saniro Graphics, Myspace Pictures, Myspace Codes, Myspace Layouts, Myspace goodies, Myspace stuff and more ! ™


ပြန်လာပြီလို့ အားလုံးကို လေးလေးစားစား အော်ပြောလိုက်ပါတယ် .. :D ။ အဲ ဘယ်မှသွားနေတာတော့ မဟုတ်ပါဘူး .. ။ အလုပ်တွေရှုပ်နေလို့ပါ … ။ စနေ တနင်္ဂနွေဆို ပိုအလုပ်ရှုပ်ပါတယ် .. ။ ပန်နီစူးလားမှာ လိုက်ကြေငြာနေလို့ပါ ( အခွန်ကိစ္စ ) ။

အခွန်ကိစ္စကို နောက်ဆုံးသတင်းသိချင်သောသူများအတွက်ကတော့ လက်မှတ်အားလုံး စုစုပေါင်း ၆၀၀နီးပါးလောက် ရနေပါပြီ .. ။ လက်ခွဲတွေစီကတော့ အရေအတွက် မကောက်ရသေးပါဘူး .. ။ လမ်းပြကြယ်နဲ့ ဒဏ္ဍာရီမှာ ရတဲ့အရေအတွက်ကိုပဲ သေချာစွာပြောလို့ရလို့ပါ .. ။

ကိုရန်အောင်မေးသလို ဘာတွေရေးဖို့ရှုပ်နေလည်းဆိုတော့ ဘာမှမရေးဖြစ်သေးပါဘူး .. ။ သံလွင်အိပ်မက် နောက်အစ်ရှုးအတွက် စဉ်းစားရင်း ၊ ရေးရင်း တခြားကိစ္စတွေအလုပ်များနေတာနဲ့ ကွန်ပြူတာရှေ့ကို မရောက်ဖြစ်လို့ပါ ။

မမဂျစ်တူးလိုချင်တဲ့စာအုပ်ကို လမ်းပြကြယ်စာကြည့်တိုက်မှာ ငှားယူဖတ်ရှုနိုင်ပါတယ် မမရေ။

ညလေးပြောသလို ကိုကင်းကိုကြောက်လို့မဟုတ်ပါဘူး .. ။ ကင်းဆိုရိုက်သတ်နေကျပါ :P ။

လာလည်အားပေးတဲ့မောင်နှမတွေ ၊ မိတ်ဆွေတွေ ၊ အမြဲဝင်ဖတ်ပေးသူတွေကို ကျေးဇူးအထူးပါ .. ။ အကျိုးရှိတဲ့စာနဲ့ ဖတ်လို့ကောင်းမယ့် စာတွေရေးပေးနိုင်ဖို့ အများကြီးဆက်ကြိုးစားနေပါတယ်လို့

ခင်မင်လျက်

လင်းလက်

မှတ်ချက်။ ဟိုတစ်ရက်က ဖော်ပြပြီးသား ဒီပို့စ်ကို မတော်တဆဖျက်မိသွားတာနဲ့ ပြန်ဖော်ပြလိုက်ခြင်းပါ။


Read More...

Friday, June 01, 2007

ဒဂုံတက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ ပန်ကြားချက်


လင်း မိသားစုကိစ္စတွေရယ် ၊ ကိုယ့်ကိစ္စတွေရယ်နဲ့ အလုပ်တအားရှုပ်နေလို့ ဘလော့ခ်ကို ဘာမှ မရေးနိုင်ဖြစ်နေခဲ့ရလို့ပါ .. ။ မောင်နှမတွေအားလုံးတောင်းဆိုထားတာတွေကို တခုချင်း ဖြေးဖြေးလုပ်ပေးသွားမှာပါ .. ။ ဒဂုံတက္ကသိုလ်ကျောင်းသားများက နအဖရဲ့ လုပ်ရပ်တွေကို ပြည်သူပြည်သားတွေ ပိုသိလာစေဖို့ ပန်ကြားချက်စာကို အားလုံးထပ်သိစေဖို့ပဲ အခုလောလောဆယ် ပြန်လည်မျှဝေလိုက်ရပါတယ် .. ။ အခြားအကြောင်းတွေနဲ့ ရေးချင်တာတွေကိုတော့ မဝေးသော ဒီရက်ပိုင်းမှာပဲ ဆက်လက်ရေးပေးသွားမှာပါ.. ။


ဒဂုံတက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ ပန်ကြားချက်


(ပြည်ခိုင်ဖြိုး) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းရှိ အဆင့်ဆင့်သော အဖွဲ့ဝင်များအား

မေတ္တာရပ်ခံပန်ကြားချက်

ရက်စွဲ။ ။ ၂၉ ရက်၊ မေလ၊ ၂၀၀၇ ခုနှစ်။

ညီ၊အကို၊မောင်နှမများခင်ဗျား

အမိမြန်မာနိုင်ငံတော်ကြီးဟာ ဒီကနေ့ဆိုရင် အင်မတန်မှ တုန်လှုပ်ချောက်ခြားဖွယ်ရာ အခြေအနေဆိုးကြီးကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

- သက်ကြီးရွယ်အိုတွေဟာ လူငယ်လူရွယ်တွေအတွက်

- မိဘတွေဟာ ချစ်လှစွာသော သားသမီးတွေအတွက်

- ကျောင်းဆရာ၊ဆရာမတွေဟာ သူတို့တပည့် ကျောင်းသူကျောင်းသားများအတွက်

- ကျောင်းသူကျောင်းသားတွေဟာ သူတို့ရဲ့ ညီတော်နောင်တော်တွေအတွက်

- ရဟန်၊သံဃာတော်တွေဟာ ဒကာဒကာမတွေအတွက်

ပူပင်သောကတွေနဲ့ ရတက်မအေးဖြစ်နေကြရပြီး သောကမီး၊ ဒေါသမီးတွေ တောက်လောင်စပြုလာနေပြီ ဖြစ်ပါ တယ်။ အဲသည်လို ပြည်သူတွေ သောကမီး၊ ဒေါသမီးတွေတောက်လောင်လာအောင်၊ ကာယကံမြောက် ကျူးလွန် စေခိုင်းနေသူတွေဟာ လက်တဆုပ်စာ စစ်အာဏာပိုင်တွေသာလျှင်ဖြစ်ပါတယ်။ သူတို့က -------

ကျောင်းသားပြည်သူတွေရဲ့ ငြိမ်းချမ်းတဲ့ ၀တ်ပြုဆုတောင်းပွဲတွေ၊ ချီတက်ပွဲတွေ၊ ဟောပြောပွဲတွေ၊ စီတန်းလမ်းလျှောက်ပွဲတွေကို မငြိမ်းမချမ်းဖြစ်အောင် လုပ်လိုကြတယ်။ သူတို့ကိုယ်တိုင် မလုပ်ရဲတဲ့ အတွက် သင်တို့ကို သွေးထိုးမြှောက်ပင့်ပေးပြီး အဓမ္မလုပ်ခိုင်းနေတာဖြစ်တယ်။

သင်တို့ကို အဓမ္မ ဆင့်ခေါ်အသုံးချပြီး ပြည်သူ - ပြည်သူချင်း ခိုက်ရန်ဖြစ်ပွားအောင် ရန်တိုက်သွေးခွဲနေတာဖြစ်တယ်။

အိမ်ကြက်ချင်း အိုးမဲသုတ်ခိုင်းပြီး၊ ကြက်နှစ်ကောင်မောမှ တပြိုင်တည်း ရိုက်သတ်စားမယ်ဆိုတဲ့

အင်မတန်မှ ယုတ်မာပက်စက်တဲ့အကြံအစီဖြစ်တယ်။

ညီအကိုမောင်နှမအပေါင်းတို့

သူတို့ အတင်း အဓမ္မ အာဏာပြပြီး ၀င်ခိုင်းခဲ့လို့ သင်တို့တတွေဟာ ပြည်ခိုင်ဖြိုး ထဲကို ၀င်ခဲ့ကြရပြီးပြီ။

အခုတခါ အာဏာပြပြီး သင်တို့ကို လူသတ်ကောင်ဖြစ်အောင်၊ တရားခံဖြစ်အောင် တွန်းပို့နေကြပြန်ပြီဖြစ်တယ်။

ညီအကိုမောင်နှမအပေါင်းတို့

- သင်တို့သည်လည်း ပြည်သူလူထုထဲက ပေါက်ဖွားလာသည့် ပြည်သူတွေဘဲ မဟုတ်လော။

- သင်တို့သည်လည်း မိနှင့်ဖနှင့်၊ သားနှင့်မယားနှင့်၊ ညီနှင့်အကိုနှင့်၊ မောင်နှင့်နှမနှင့် အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် တည်တည်ငြိမ်ငြိမ် နေထိုင်လိုကြသည်ဘဲ မဟုတ်လော။

- သင်တို့သည်လည်း တရားမျှတမှု၊ လွပ်လပ်မှု၊ ငြိမ်းချမ်းမှုကို လိုလားကြကုန်သည်ဘဲ မဟုတ်လော။

ညီအကိုမောင်နှမအပေါင်းတို့

- ရပ်တန်းကရပ်ကြကုန်လော့။

- သူတို့ခိုင်းသမျှုငြင်းဆန်ကြကုန်လော့။

- မတရားသည့်အမိန့်အာဏာဟူသမျှဖီဆန်ကြကုန်လော့။

(ဒဂုံတက္ကသိုလ်ကျောင်းသူကျောင်းသားများ)

Read More...