Saturday, March 24, 2007

Double Taxation Avoidance 3

မီဒီယာကျေးဇူးကြောင့် အခွန်နှစ်ခါမဆောင်ရရေးကြိုးပမ်းမှုကို မသိသေးသူတွေ ပိုသိနားလည်ကြတာတွေ ၊ တော်တော်များများ အာရုံစူးစိုက်မှုတွေပိုရလာတာ အများကြီးကျေနပ်အားရမိပါတယ် .. ။ “တစ်ယောက်အားနဲ့ယူသော်မရ ၊ အများအားနဲ့ယူရမည်”လို့ ပြောတတ်ကြတဲ့အတိုင်း လွယ်လွယ်နဲ့မရနိုင်တဲ့ ဒီမှန်ကန်သော ဥပဒေဘောင်အတွင်း တောင်းဆိုချက်တစ်ခုက အားလုံးလိုချင်ရင် အားလုံးစိတ်ဝင်စားမှု ပေးရမှာပဲလေ … ။


ထောက်ခံအားပေးမှုတွေပိုများလာသလို ကြိုးစားမှုခြေလှမ်းလေးတွေလည်း လေးလေးနက်နက် မှန်မှန်ကန်ကန်ဖြစ်လာမှာပါ .. ။ အချိန်နဲ့ကြိုးစားအားထုတ်မှု ၊ နည်းလမ်းမှန်ကန်မှုတွေအပေါ်မှာ အများကြီး မူတည်ပါသေးတယ် … ။

အခွန်ကိစ္စနဲ့ပတ်သတ်ပြီး ခါးသီးပြင်းရှတဲ့ ဇတ်လမ်းလေးတွေ ရှိသူတွေ ၊ အလွန်အကျွံပေးဆောင်နေရသူတွေကလည်း သူတို့ရဲ့ ကိုယ်ပိုင်ဇတ်လမ်းလေးတွေကို တင်ပြလာကြပါတယ် .. ။ Today ကိုစာရေးသူတွေလည်း ရှိလာပါတယ် … ။ ဒါက တစ်ဖက်တစ်လမ်းက ကူညီမှုဖြစ်တဲ့အတွက်လည်း ကျေးဇူးအများကြီးတင်သလို လေးစားမိပါတယ် … ။



အခုအချိန်မှာတော့ စင်ကာပူနဲ့မြန်မာကတော့ အပြန်အလှန် ဘောလီဘောပုတ်တိုင်း ကစားနေကြတုန်းပါပဲ .. ။ ဒီခြေလှမ်းကို ရအောင်ရှင်းရမှာပါ .. ။ စင်ကာပူဘက်ကလည်း case မရှိဘူးလို့ မပြောရဲပါဘူး .. ။ ဒါက သူတို့၂နိုင်ငံ စာချုပ်နဲ့တကွ လက်မှတ်ထိုးထားတဲ့ကိစ္စကို ဥပဒေနဲ့ကိုင်ပြောနေတဲ့အတွက် ခေါင်းခါလို့လည်းမရ ၊ ခေါင်းညိတ်လို့လည်းမရနဲ့ သူတို့လည်း အတော်ကြီးကို ခေါင်းပူနေကြမှာပါ.. ။ လက်မှတ်ထိုးဖို့အတွက် သူတို့ကို ဘယ်သူကမှ ရိုက်ပြီးလုပ်ခိုင်းထားတာလည်း မဟုတ်ခဲ့ပါဘူး .. ။

DTA Article 4 ချုပ်ဆိုထားတာအရဆိုရင် --- resident ဖြစ်သလား ၊ မဖြစ်သလားဆိုတာကို အရင်ဆုံး ထည့်သွင်းစဉ်းစားရမှာပါ .. ။ သူ့စာချုပ်အရ - စင်ကာပူမှာ နေထိုင်ပြီး အလုပ်လုပ်နေတဲ့ ကျမတို့ မြန်မာတွေအားလုံးကို စင်ကာပူဥပဒေအရ Singapore resident လို့ ခေါ်ဆိုလို့ရပါတယ် .. ။ ဒါကို သူ့နိုင်ငံအတွက် အကျိုးမရှိတဲ့အလုပ်ကို မလုပ်ချင်သော စင်ကာပူ IRAS လူကြီးမင်းများက ကျမတို့တွေက မြန်မာနိုင်ငံရဲ့ Resident ဖြစ်သလား ၊ မဖြစ်သလားဆိုတာကို ရှာဖွေဖော်ထုတ်ခိုင်းပါတယ်.. ။ မြန်မာပြည်ဥပဒေအရ ပြောရမယ်ဆိုရင် ပြည်တွင်းရှိ မြန်မာနဲ့ ပြည်ပရောက်မြန်မာ ၂မျိုးပဲရှိပါတယ် .. ။ သီးခြားဥပဒေသတ်မှတ်ထားတာ မရှိပါဘူး .. ။ ဒီအတွက် စင်ကာပူက ရသလိုနည်းလမ်းနဲ့ လိုက်ပြီး ကပ်သီးကပ်ဖဲ့လုပ်နေပါတယ် .. ။ ကြာလာတော့ ကိုယ်တွေပါ ရှောင်နည်း ၊ ကပ်နည်းတွေပါ ပိုသိလာသလိုပါပဲ … ။

Article 26 စာအရ --- DTA နဲ့ပတ်သတ်ပြီး မှားယွင်းတာ ၊ နည်းလမ်းမကျတာကို ခံနေရတဲ့ Resident တစ်ယောက်ယောက်က သူ့ကို resident အဖြစ်သတ်မှတ်ထားတဲ့ နိုင်ငံကို တိုင်ကြားပြီး ဖြေရှင်းအရေးယူပိုင်ခွင့် ရှိပါတယ် .. ။ လင်းတို့က စင်ကာပူမှာနေထိုင် အလုပ်လုပ် ကျောင်းတက်နေကြသူများဖြစ်တဲ့အတွက် စင်ကာပူနိုင်ငံရဲ့ resident လို့ သတ်မှတ်ထားပြီး ဒီကိစ္စကို စင်ကာပူဘက်ကို ဖြေရှင်းခိုင်းဖို့ လုပ်ကြပါတယ် ..။ စင်ကာပူဘက်ကတော့ အတင်းကြီး ဟိုဘက်ကို ရိုက်ထုတ်နေပြီး မြန်မာပြည်ကတော့ ပတ်လည်ရှောင်ပြေးနေကြပါတယ် .. ။






ချုပ်ဆိုထားတဲ့ စာချုပ်အရရော ၊ သူတို့ဥပဒေဘောင်အတွင်းကရော သေသေချာချာ ဆောင်ရွက်ကြိုးစားဖို့အတွက်က အခုချိန်မှာ DTASG ရဲ့ Core Team က ရှေ့ဆက်ရမယ့် နည်းလမ်းတွေကို အားလုံး တက်ညီလက်ညီ စဉ်းစားဆုံးဖြတ်နေကြသလို သူတို့တွေရဲ့ ယုံကြည်မှုအား ၊ ကြိုးပမ်းမှုအားတွေက တကယ့်ကို လေးစားထိုက်ပါတယ် … ။

ပိုမိုပြီး စိတ်ဝင်စားလာကြတဲ့ စင်ကာပူရောက်မြန်မာများအားလုံးကလည်း သတင်းသေချာ မေးမြန်းပြီး အားပေးထောက်ခံခြင်းများ ပြုလုပ်လာကြတာ တိုးတက်မှုပိုင်းတွေ အများကြီးပါ … ။

အခက်ခဲတွေအများကြီးကြားကနေ မိမိအတွက်ရော ၊ အများအတွက်ရော ၊ အားလုံးအတွက်ရော ဥပဒေအရ လှုပ်ရှားကြိုးပမ်းနေတဲ့ ဒီဆောင်ရွက်မှုကြီးတစ်ခုလုံးအတွက် အချင်းချင်း လက်တွဲပြီး မိမိပါဝင်နိုင်တဲ့ နေရာတစ်ခုကနေ ကြိုးစားပြီး အောင်မြင်သည့်အထိ သွားကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်ရှင် .. ။

လေးစားလျက်

လင်းလက်ကြယ်စင်

Read More...

ကြယ်တစ်စင်းရဲ့အလင်းရောင်


၃ပတ်ကျော်ပြီ မနားမနေ တစ်နေကုန် မိုးလင်းကနေ မိုးချုပ် အလုပ်များနေတာ … အသက်တောင် အနိုင်နိုင်ရှုနေ၇တဲ့ ကိုယ့်ဘ၀ကိုယ် သနားတောင်သနားလာမိသလိုပဲ :D :D …

မိသားစုကိစ္စက တစ်ဝက် ၊ ကိုယ့်ကိစ္စတွေက တစ်ဝက်နဲ့ အလုပ်တအားများလို့ အွန်လိုင်းဘက် ခြေဦးမလှည့်ဖြစ်တာထက် သံလွင်အိပ်မက် ဧပရယ်လ်အစ်ရှုးအတွက် စာရေးလို့မပြီးခဲ့တာ အားနာမိပါတယ် .. ။ အယ်ဒီတာတွေကို အားနာတာ မဟုတ်ပါဘူး … ။ စာဖတ်သူတွေကိုပါ … ။ လင်းကလည်း ကြီးကျယ်တယ်ပဲ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ရမလား .. ။ စာတစ်ပုဒ်ရေးဖို့ဆို ရေးတာ ၊ ပြန်ပြင်တာ ၊ မလိုတာ ပြန်ဖြုတ်တာ ၊ လိုအပ်တာ ပြန်ဖြည့်တာက သီတင်းပတ်တော်တော်ကြာတယ် … ။ ဇတ်တစ်ခုရဲ့ ကုန်ကြမ်းကိုလည်း တော်တော်လေး စဉ်းစားတယ် .. ။ ပြီး၇င်ပြီးရောစာတစ်ပုဒ်ဆိုပြီး ရေးလေ့မရှိဘူးလေ.. ။ ဘလော့ခ်မှာ ပို့စ်တစ်ခုရေးဖို့ တစ်ခါတစ်လေ ရက်တော်တော်ကြာ ပြန်စဉ်းစားတာတွေလည်း ရှိပါတယ် … ။ ဘယ်အရာမဆို ပြီးရောပြီးရောလုပ်တတ်တဲ့အကျင့်ကို မုန်းတတ်တယ် .. ။

လင်းဇတ်လမ်းတွေဖတ်ဖူးသူဆို ပိုသိမှာပါ … ။ စာမျက်နှာများသလို ဇတ်မပေါသွားအောင် အတတ်နိုင်ဆုံး ထိန်းပေးထားပါတယ် … ။ နောက် လင်းရဲ့ အကျင့်တစ်ခုက နေရာဒေသတစ်ခုအကြောင်း ရေးတော့မယ်ဆို ကိုယ်မသိတဲ့နေရာဆို၇င်အောင် အဲဒီနေရာနဲ့ပတ်သတ်တဲ့ ဓါတ်ပုံတွေ ၊ Video တွေ အကုန်ပြန်ကြည့်တယ်.. ။ အဲဒီနေရာရောက်သွားအောင် ကိုယ့်ကိုယ်ကိုယ် စိတ်သွင်းထားရတယ်.. ။ စင်ကာပူနေရာတွေ ထည့်ရေးမယ်ဆို အဲဒီနေရာကို အားတဲ့နေ့ ပြန်ပြီးထပ်သွားတယ် … ။ မသုံးရင်တောင် ပုံတွေရိုက်ထားတယ် … ။ နောက် မကြာခဏပြန်ပြန်ထုတ်ကြည့်တယ်. .. ။ အခုတစ်ကြိမ်က ကိုယ်ရေးတဲ့စာကို အချောမသတ်နိုင်တာရယ် ၊ မအားတာရယ်နဲ့ ဒီတစ်ခေါက် Issue တော့ သည်းခံပေးကြပါလို့ မေတ္တာရပ်ခံပါတယ်..။

လင်းဖြစ်ချင်တာတွေအားလုံးက အိပ်မက်တစ်ခုလို့ပဲ လင်းက အမြဲသဘောထားခဲ့တယ် .. ။ အိပ်မက်ဆိုတာ မိုးလင်းသွားရင် ပြီးဆုံးသွားမှာပဲလို့ တွေးထားခဲ့တယ် .. ။ မထင်မှတ်ထားတဲ့ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ လင်းဘ၀ရဲ့ အိပ်မက်တွေအားလုံးကို ဖြည့်ဆည်းပေးမယ့် အလင်းရောင်တစ်စင်းက လင်းဘ၀ထဲကို ဖြာဆင်းလာခဲ့တယ် … ။ အဲဒီအတွက် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအများကြီးတင်ရှိမိပါတယ် .. ။ လင်းက ပါစင်နယ်တွေ ရေးလေ့မရှိပါဘူး .. ။ ဒီပို့စ်က မိန်းကလေးတစ်ယောက်ရဲ့ တစ်ခုတည်းသော ၀န်ခံချက်ပါ … ။

လင်းအိပ်မက်က ဘာလည်းလို့ မေးတတ်ကြတယ် .. ။ အတိအကျ ဖြေလေ့မရှိခဲ့ဘူး .. ။ ဘာဖြစ်လို့လည်းဆိုတော့ ဖြေပြီးရင် ဘာမှအကျိုးမရှိဘဲ ကိုယ်တိုင်ပဲခံစားရလို့ပါ … ။ လင်းလက်ကြယ်စင်က နိုင်ငံေ၇းသမား မဖြစ်လာနိုင်ဘူးလို့ လာလာအော်တတ်တဲ့ လူအားလုံးကို အမြဲပြောလေ့ရှိပါတယ် ။ “ကျမက အနုပညာကိုစိတ်ဝင်စားတာပါ ၊ နိုင်ငံရေးသင်ချင်စိတ်လည်း မရှိပါဘူး” .. ။ ဒါပေမယ့် မှန်ရာကိုတော့ ရေးဖို့အတွက် ကျမမှာ ခွန်အားအပြည့်ရှိပါတယ် .. ။ ကျမက Independent Girl ပါ .. ။.. ။ မှန်ကန်သော အခွင့်အရေးကြိုးစားမှုအတွက်ဆိုရင် ဘယ်အဖွဲ့မဆို ကျမလေးစားရင်တော့ ပူးပေါင်းပါဝင်လေ့ရှိပါတယ် .. ။

ကျမကို ချစ်တဲ့သူ အရေအတွက်ဘယ်လောက်ရှိလည်း ကျမ မသိပါဘူး .. ။ ဒါပေမယ့် မုန်းတဲ့သူ ဘယ်လောက်ရှိလည်းတော့ ကျမသိပါတယ် .. ။ အဲဒီအတွက် ကျမ ဘာမှလည်း ဂရုမစိုက်တတ်ပါဘူး .. ။ ကျမစာတွေ အားပေးတဲ့သူ ဘယ်လောက်ရှိလည်း ကျမ မသိပါဘူး .. ။ ကျမ စာတွေကို လည်ပတ်တဲ့သူ အရေအတွက် ဘယ်လောက်လည်းတောင် ကျမသိအောင် မလုပ်ထားပါဘူး .. ။ ကျမလိုချင်တာက ကျမက ကျမစိတ်ထဲက ကျမယုံကြည်တဲ့အမှန်တရားအတွက် Standing Alone ပါပဲ .. ။ စာဖတ်သူတိုင်း ၊ ကျမကို အားပေ့းသည်ဖြစ်စေ ၊ မအားပေးသည်ဖြစ်စေ အားလုံးကို လေးစားစိတ်ရှိပါတယ် .. ။


ကျမရဲ့ အိပ်မက်လေးတစ်ခု ဖြစ်ချင်တာက Interior Designer ။ ကျမက ရင်ထဲကယုံကြည်ချက်နဲ့ ကျမ ရေးချင်တဲ့ အကြောင်းရာ စာများကိုလည်း တစ်ဖက်တစ်လမ်းက ရေးချင်သေးတယ် .. ။ ကျမရဲ့ စိတ်ကူးအိပ်မက်တွေကို ကျမရဲ့မိသားစုက ခွင့်မပြုတဲ့အတွက် ကျမက အားလုံးကိုချောင်ထဲထိုးထည့်ထားခဲ့ရတယ် .. ။ ကျမရဲ့ဘ၀မှာက ကျမလုပ်ချင်တာ လုပ်ခွင့်ကနည်းပြီး ကျမ မဖြစ်ချင်တာတွေချည်း ရှေ့တန်းတင်ပေးခဲ့ရတာ များခဲ့တယ် … ။

ကျမ ဖြစ်ချင်တာတွေကို အသက်သွင်းပေးတဲ့ ”သူ့”ကို ကျမ ကျေးဇူးတင်ပါတယ် .. ။ စိတ်ကူးလှလှတွေနဲ့ချည်း ပုံဖော်ချင်တဲ့ ကျမဘ၀မှာ ငွေတွေချည်းနောက် ကောက်ကောက်လိုက်ရတဲ့ ပညာရပ်ကို အမှန်ပြောရရင် တစ်စက်မှ စိတ်မ၀င်စားခဲ့ပါဘူး … ။ ၀တ်ကျေတန်းကျေလောက်ပဲ ကျမလုပ်ခဲ့တာများတယ် … ။

ကျမဘ၀ရဲ့ အဆင်မပြေမှုများစွာကြားမှာ လက်ကျန်တဲ့ မာနတစ်ခုကပဲ ကျမကို အမြဲတင်းခံပေးထားခဲ့တယ် .. ။ လိုတာတစရာ မလိုလောက်အောင် အလိုက်သိတဲ့ “သူ“ ကျမ ဘ၀ထဲရောက်လာခဲ့တာ သူနဲ့ကျမ ခံယူချက်တစ်ခုကြောင့်ဆိုရင် ကျမ ပိုပြီးဝမ်းသာနေမှာပါ .. ။ မျှော်လင့်ချက်ဆိုတာ မထားတတ်တဲ့ ကျမရဲ့ စိတ်ကူးထဲမှာ ကျမဖြစ်ချင်တာတွေ အလင်းရောင်သန်းလာခဲ့တာ တစ်ခါတစ်လေ အိပ်မက်များလား ကျမ ထင်မှတ်ခဲ့ရသေးတယ် .. ။ ကျမက ဘာတွေပဲကြုံလာခဲ့ရရ ၊ တစ်ယောက်တည်း ရင်ဆိုင်အံတုခဲ့ရတာ များတယ် .. ။ အခုတော့ ဘယ်အရာမဆို ကျမဘေးမှာ အတူရှိနေပေးတဲ့ “သူ့”ကို ကျေးဇူးတင်မိပါတယ် .. ။





ကျမစိတ်ကူးတွေကို တကယ်ဖြစ်လာအောင် ၊ ကျမအမြဲပြုံးပျော်နေအောင် ၊ ကျမသွားချင်တဲ့ လမ်းကြောင်းမှာ နွေးထွေးမှုတွေပြည့်နေအောင် ၊ ကျမကိုယ်ကျမယုံကြည်မှုတွေ ပိုတိုးလာအောင် ၊ ကျမလိုချင်တာကို အမြဲရှေ့တန်းတင် လုပ်ပေးခဲ့တာ ………. မြင်သူတကာ အားကျလောက်အောင် နွေးထွေးအေးမြတဲ့ မေတ္တာတရားတွေနဲ့ လွှမ်းခြုံစောင့်ရှောက်ပေးခဲ့တာတွေအားလုံးအတွက် ကျေးဇူးပါ …. ကို ….

ကျမသွားမယ့်လမ်း ပန်းခင်းလမ်းထက် ပိုလှပအောင် ကြိုးစားဖန်ဆင်းပေးနေခဲ့တာတွေအတွက် ရင်ထဲက သစ္စာတရားက ကျေးဇူးပါ … ကို

ကျမရဲ့ဒေါသတွေကို အပြုံးပန်းတွေအဖြစ် ပြန်ပြောင်းလဲပေးနိုင်ခဲ့တာတွေအတွက် ကျေးဇူးပါ .. ကို

ကျမလေးစားရသူလည်းဖြစ်တဲ့အပြင် ၊ ကျမထက် အဆပေါင်းများစွာ ပိုထက်မြက်ထူးချွန်သူတစ်ယောက်က ကျမကို အရာအားလုံးထက် ပိုမြတ်နိုးခဲ့တာ ရင်ထဲက မေတ္တာတရားက ထာဝရကျေးဇူးပါ .. ကို

Read More...

Saturday, March 10, 2007

တန်ဖိုးထားရသောစကားစုများ


ဘယ်လိုမျိုးဘ၀ခရီးလမ်းကိုလျှောက်နေသူဖြစ်ပါစေ ၊ အခက်ခဲတွေရှိကြမှာပါပဲ .. ။ အမြင့်မြတ်ဆုံးရင့်ကျက်သူဆိုတာ မရှိသလောက်ရှားပါတယ် .. ။ ရှားတဲ့ထဲမှာမှ ကိုယ်က အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် နေသွားသင့်တယ်လို့ လင်းကယုံကြည်ခံယူထားတယ် .. ။ လင်းမြတ်နိုးတဲ့ ဒီစကားစုတွေကို လင်းကိုချစ်တဲ့စာဖတ်သူတွေအတွက် အမှတ်တရဖော်ပြပေးလိုက်ပါတယ်။ အဓိကက စိတ်ဓါတ်အင်အားပြည့်ဖို့အတွက်ပါ … ။

၁) ကိုယ်ဘာကိုလုပ်ချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားသိပါ ။ ပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို နေ့စဉ်လုပ်နေပါ။ အဲဒီလိုဆိုရင် တစ်နေ၀င်တိုင်း ကိုယ့်ရည်မှန်းချက်နဲ့ ပိုပြီးနီးလာတာကိုတွေ့ရမယ်။

၂) လောကကြီးကိုမြင်ပုံနောက်တစ်မျိုး ရှိသေးတယ်လို့ ကိုယ့်ကိုယ်ကိုယ်သတိပေးလိုက်ပါ ။ ပြီးတော့ အဲဒီလို နောက်အမြင်တစ်မျိုးကို တွေ့အောင်ရှာမယ်လို့ပြတ်ပြတ်သားသားဆုံးဖြတ်ပါ။

၃) ဒုက္ခဆိုတာ ကိုယ်သွားနေတဲ့လမ်းကိုမီးမောင်းထိုးပြတာပါ။

၎) ပစ္စည်းဥစ္စာ ဆုံးရှုံးတာ ၊ ရာထူးဆုံးရှုံးတာဟာ အကြီးမားဆုံး ဆုံးရှုံးမှု မဟုတ်သေးဘူး ။ ကိုယ့်ရင်ထဲက အမြင့်မြတ်ဆုံး စိတ်ထားဆုံးရှုံးသွားတာကမှ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်။

၅) ကိုယ့်ဘ၀မှာတွေ့ကြုံရသမျှ အတွေ့အကြုံတွေဟာ လောကကြီးအကြောင်းနဲ့ ကိုယ့်အကြောင်းကို ပြောပြနေပါတယ်။

၆) ကိုယ်ပိုင်ဆိုင်ထားတဲ့ ပြင်ပ ပစ္စည်းထက် ကိုယ့်ရင်ထဲက သဘောထားကပိုအရေးကြီးပါတယ်။

၇) ဘ၀ကိုအောင်အောင်မြင်မြင် နေသွားချင်တယ်ဆိုရင် ရုပ်ပိုင်းကိုအဓိကထားတတ်တဲ့ သဘောထားကို ကျော်လွန်ပြီးတော့ စိတ်ပိုင်းကိုပိုပြီး အလေးထားတတ်တဲ့အကျင့်ကိုလုပ်ရမယ်။

၈) ဆုံးရှုံးမှုတွေကို လက်ခံနိုင်တာဟာ အောင်မြင်တဲ့ဘ၀ကို နေနိုင်ရေးမှာ အရေးပါတဲ့ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။

၉) ကိုယ်ကြောက်နေတဲ့အရာက ကိုယ့်ကိုအနိုင်ယူထားတယ်။

၁၀) အကြီးမားဆုံး ဆုံးရှုံးမှုနဲ့တွေ့တော့မှပဲ အနက်နဲဆုံး အသိဥာဏ်ကိုရတော့တယ်။

၁၁) သူတစ်ပါးရဲ့ပျော်ရွှင်မှု ၊ အောင်မြင်မှု ၊ တိုးတက်မှုအတွက် ၀မ်းသာနိုင်တာဟာ ကိုယ့်စိတ်ကျန်းမာရေးအတွက် အစွမ်းထက်တဲ့ဆေးဖြစ်ပါတယ်။

၁၂) နေ၀င်သွားမှပဲကြယ်တွေကိုမြင်ရတော့တယ်။

၁၃) နှစ်ခါမခံရအောင် ပထမအကြိမ်ကတည်းက သင်ခန်းစာယူလိုက်ပါ။

၁၄) မြေပဲဆံကိုစားချင်ရင် မြေပဲခွံကိုခွဲရတယ်။

၁၅) ငါနဲ့တွေ့တဲ့သူတိုင်းဆီက ပညာယူစရာတွေရှိတယ်။ ငါယူတတ်ရင်ရမယ်။

၁၆) ကိုယ့်ဘ၀မှာ အဆင်မပြေမှုတွေတွေ့နေရတဲ့အခါမှာ ကိုယ့်ကျန်းမာရေးကိုပိုပြီး ဂရုစိုက်ပါ ။ အစားမှန်မှန်စားပါ ။ လမ်းမှန်မှန်လျှောက်ပါ ။ အိပ်ရေးဝအောင်အိပ်ပါ။

၁၇) အခက်အခဲတစ်ခုကို ငါကျော်လွှားခဲ့ပြီ ၊ နောက်တစ်ခါ ဒီထက်ကြီးတဲ့အခက်အခဲကို ငါကျော်လွှားရအုံးမယ်။

၁၈) သင်္ချာမှာပုံသေနည်းဆိုတာရှိတယ် .. ။ ဘ၀မှာပုံသေနည်းမရှိဘူး။

၁၉) ကိုယ့်ကိုယ်ကိုယ်လေးစားမှု ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဟာ ကိုယ့်ဘ၀တိုးတက်ရေးမှာ အရေးကြီးဆုံးအချက်ဖြစ်တယ်။

၂၀) အခက်ခဲတွေဟာ အင်မတန်အသုံးဝင်ပါတယ်။ အဖိုးတန်ပါတယ်။ အခက်ခဲတွေကို တန်ဖိုးရှိအောင် သုံးတတ်ဖို့လိုပါတယ်။

၂၁) ဒုက္ခကိုရှောင်နေရုံနဲ့ အရည်အသွေးပြည့်ဝတဲ့ဘ၀ကို နေလို့မရနိုင်ဘူး။ လုပ်သင့်တဲ့အလုပ်ကို လုပ်ရမယ်။ အဲဒီအလုပ်ကိုလုပ်လို့ ဒုက္ခတွေ့မယ်ဆိုရင်တောင် ခံနိုင်သလောက် ဒုက္ခကိုခံပြီးဆက်လုပ်ရမယ်။

၂၂) လူတစ်ယောက်အကြောင်း ကောင်းကောင်းသိချင်ရင် သူဒုက္ခရောက်တုန်းမှာ ဘာလုပ်သလဲဆိုတာကို ကြည့်ပါ။

၂၃) စိတ်ထောင်ကျနေတာက ပိုဆိုးပါတယ်။

၂၄) အဆိုးတစ်ခုကိုလွန်မြောက်ချင်ရင် ၊ ပြင်ချင်ရင် အဲဒါဟာအဆိုးပါလို့ ပထမလက်ခံဖို့ လိုတယ်။ အဆိုးကို အဆိုးလို့လက်ခံနိုင်တာဟာ ရင့်ကျက်မှုတစ်မျိုးဖြစ်တယ်။ ရိုးသားမှုလည်းဖြစ်တယ်။ အဲဒါဟာ သတ္တိလည်းဖြစ်တယ်။

၂၅) ကိုယ့်အမှားကို အမှားပါလို့လက်ခံပြီး ပြင်ရဲတဲ့သတ္တိဟာ အကြီးမားဆုံးသတ္တိဖြစ်ပါတယ်။

၂၆) အခက်အခဲနဲ့တွေ့တဲ့အခါ ကံဆိုးလေခြင်းလို့ မတွေးပါနဲ့ ။ ဘာသင်ခန်းစာယူရမလဲလို့ တွေးပါ။

၂၇) ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိတဲ့သူဟာ ကိုယ့်ဂုဏ်သိက္ခာကို အသက်နဲ့လဲမယ်။ ငွေနဲ့မလဲဘူး။

၂၈) ရိုးသားမှုရှိဖို့ဟာ ကြီးမားတဲ့သတ္တိလိုတယ်။

၂၉) ကိုယ့်ကိုယ်ကိုယ် မညာပါနဲ့။ ဘ၀စာမေးပွဲကို ခိုးဖြေလို့မရပါဘူး။

၃၀) အလုပ်များများလုပ်ဖို့ထက် အလုပ်ကို စေတနာမှန်မှန်နဲ့လုပ်ဖို့က ပိုအရေးကြီးပါတယ်။

၃၁) သူပြောတာကို စိတ်ပါလက်ပါ အာရုံစူးစိုက်ပြီး နားထောင်တာဟာ သူ့ကိုချစ်ခင်လေးစားတာပါ။

၃၂) မိတ်ဆွေကောင်းတစ်ယောက် တိုးလာတာဟာ ကိုယ့်လောကကြီးကျယ်လာတာနဲ့အတူတူပဲ။

၃၃) မိတ်ဆွေကောင်းမရှိတဲ့သူရဲ့ လောကဟာ သိပ်ကျဉ်းမြောင်းတယ်။

၃၄) ကိုယ့်ကိုယ်ကိုယ်မြှင့်ချင်ရင် သူများကိုလည်းမြှင့်ပေးပါ။ သူများကိုမြှင့်ပေးလေလေ ကိုယ်လည်းမြှင့်သွားလေလေ။

၃၅) ကောင်းကင်ပျံဖို့စိတ်ထက်သန်နေတဲ့သူဟာ လေးဘက်သွားခိုင်းတာကို ဘယ်လိုမှကျေကျေနပ်နပ် လက်ခံနိုင်မှာ မဟုတ်ဘူး။

၃၆) ကိုယ့်ကိုယ်ကိုယ် တကယ်မလေးစားတဲ့သူ ၊ ကိုယ့်စိတ်ထား ၊ ကိုယ့်အရည်အချင်းတွေကို ပိုပြီးမြင့်မားလာအောင် မကြိုးစားတဲ့သူဟာ အများကိုထိထိရောက်ရောက် အကျိုးမပြုနိုင်ဘူး။

၃၇) စည်းကမ်းနဲ့နေ ၊ စည်းကမ်းနဲ့ပြောတတ် လုပ်တတ်တဲ့သူဟာ အင်အားကြီးမားတယ်။ သြဇာရှိတယ်။

၃၈) ကိုယ်ကလွှမ်းမိုးဖို့ မကြိုးစားဘဲနဲ့ ကိုယ့်ရဲ့ဦးဆောင်မှုကို ကျေကျေနပ်နပ် လက်ခံမှသာ ထိထိရောက်ရောက် ဦးဆောင်နိုင်တယ်။

၃၉) ကိုယ့်အကြောင်းကို ကြာရင်လူတွေကသိမှာပါပဲ။ လူအများစုကို ရေရှည်လှည့်စားထားဖို့ မလွယ်ပါဘူး။

၄၀) စဉ်းစဉ်းစားစားလုပ်ပါလျက်နဲ့ မှားသွားရင် အမှားထဲက သင်ခန်းစာရပြီးတော့ အမှားနည်းသွားမယ်။ တိုးတက်လာမယ်။ ဘာမှမလုပ်ရင် ဘာမှမမှားဘူး။ ဘာအတွေ့အကြုံမှ မရဘူး။ ဘာသင်ခန်းစာမှ မရဘူး။ ဘာမှ မတိုးတက်ဘူး။ ဒါကြောင့် ဘာမှမလုပ်ဘဲနေတာကာမှ အကြီးမားဆုံးအမှားဖြစ်တယ်။

၄၁) မှန်တဲ့သဘောထားဟာ အကောင်းဆုံးမိတ်ဆွေဖြစ်တယ်။ မှားနေတဲ့သဘောထားက အဆိုးဆုံးရန်သူဖြစ်တယ်။

၄၂) ကိုယ့်သဘောထားက ကိုယ့်အပြုအမှုကိုလွှမ်းမိုးတယ်။ ကိုယ့်အပြုအမှုက ကိုယ့်အောင်မြင်မှုကို လွှမ်းမိုးတယ်။

၄၃) အောင်မြင်မှုဆိုတာကို အခက်ခဲတွေကြားမှာပဲသိုဝှက်ထားတယ်။

၄၄) သူများ ကိုယ့်ကိုပစ်တဲ့ အုတ်ခဲတွေနဲ့ပဲ ကိုယ့်အတွက် ခိုင်မာတဲ့အုတ်မြစ်ကို ချထားပါတယ်။

၄၅) ကိုယ်လုပ်တဲ့အလုပ်ကို မချစ်တဲ့သူဟာ စစ်မှန်တဲ့အောင်မြင်မှုကို မရနိုင်ဘူး။

၄၆) တကယ်ချစ်တယ်ဆိုရင် လေးလံတဲ့ဝန်လို့လည်းမယူဆဘူး။ အနစ်နာခံတယ်လို့လည်း မယူဆဘူး။

၄၇) မဖြစ်နိုင်ဘူးဆိုပြီး မလုပ်ဘဲနေရင် မဖြစ်ဖို့သေချာတယ်။

၄၈) အခက်ခဲတွေကိုများများကျော်လွှားနိုင်တဲ့သူဟာ အောင်မြင်တဲ့သူဖြစ်တယ်။

၄၉) ကိုယ့်အနားမှာရှိတဲ့ ပစ္စည်းတွေက ကိုယ့်ကိုစိတ်ချမ်းသာမှုပေးမှာမဟုတ်ဘူး။ ကိုယ့်အတွင်းမှာရှိတဲ့ ပြည့်ဝတဲ့ ကိုယ့်သဘောထားကသာ ကိုယ့်ကိုစိတ်ချမ်းသာမှုပေးမယ်။

၅၀) အဆင့်အတန်းဘယ်လောက်ကြီးကြီး သင့်သဘောထားက သေးနေရင် သင်ဟာ သေးသိမ်ငယ်တဲ့သူပဲ။

၅၁) အမှားဆိုတာ ဥာဏ်ကြီးကြီးနဲ့ထပ်ကြိုးစားဖို့အခွင့်အရေးပါ။

၅၂) မဖြစ်မနေလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အောင်မြင်မှုအတွက် အဓိကလိုအပ်ချက်ဖြစ်တယ်။

၅၃) အနာဂတ်အတွက် မျှော်လင့်ချက်မရှိရင် ပစ္စုပ္ပန်မှာ အင်အားမရှိဘူး။

၅၄) ကိုယ်တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ပြီးပြီဆိုရင် ဘာလိုသေးလည်း။

၅၅) မေတ္တာ ကရုဏာမှ မရှိရင် ပညာတတ်ရုံလောက်နဲ့ဆို အများအကျိုးကို ဘာလုပ်နိုင်ရမှာလည်း။

၅၆) တာဝန်ကျေရုံမလုပ်ပါနဲ့ ။ နဲနဲပိုလုပ်လိုက်ပါ။

၅၇) ဘ၀ဆိုတာ စွန့်စားခန်းပါ။ မစွန့်စားရင် ဘ၀မရှိဘူး။

၅၈) အမှားထဲက သင်ခန်းစာမယူတာမှ ကြောက်စရာကောင်းတဲ့အမှားဖြစ်တယ်။

၅၉) လူတိုင်းမှာစိတ်ကောင်းရှိပါတယ်။ ကိုယ့်ရဲ့အကောင်းဆုံး စိတ်ထားကို လေးစားဖို့ တန်ဖိုးထားဖို့ အရေးကြီးပါတယ်။

၆၀) မရိုးမသားလုပ်လို့ ဒုက္ခရောက်ခဲ့ကြတာများပြီး ဒါကိုသင်ခန်းစာမယူဘဲ မရိုးသားတာကိုဆက်ပြီး လုပ်နေကြတာ အံ့သြစရာကောင်းပါတယ်။

၆၁) မရိုးသားတဲ့သူဟာ စိတ်မလုံဘူး။ စိတ်လုံခြုံမှုမရှိဘူး။

၆၂) ဆက်ဆံရေးကောင်းတာဟာ အားလုံးအဆင်ပြေဖို့ အရေးကြီးတဲ့အချက်ဖြစ်တယ်။

၆၃) အပြောကောင်းပြီး သဘောထားဆိုးတာက သိပ်ကြောက်စရာကောင်းပါတယ်။

၆၄) ဘယ်လောက်ပဲ ပညာတတ်တဲ့သူပဲဖြစ်ဖြစ် သူတစ်ယောက်တည်းရဲ့အမြင်ဟာ ဘယ်တော့မှ မပြည့်စုံနိုင်ဘူး။

၆၅) အခက်ခဲနဲ့ကြုံတိုင်း ကြုံတိုင်း မရိုးသားတဲ့နည်းနဲ့ ထွက်ပေါက်တဲ့ရှာသူဟာ ကြာလေလေ အဆင့်နိမ့်သွားလေလေပဲ။

၆၆) မိုးကိုမျှော်ကြည့်ပါ။ ဒါပေမဲ့ ခြေထောက်နဲ့မြေကြီးနဲ့တော့ မလွတ်ပါစေနဲ့။

၆၇) အခက်ခဲရှိတာက ပြဿနာမဟုတ်ဘူး။ ဘာလုပ်ရမှန်းမသိတာကမှ ပြဿနာအစစ်ဖြစ်တယ်။

၆၈) ဘာကိုမှမယုံတော့လို့ ဘာမှမပြတ်သားတဲ့သူဟာ ဘယ်မှာအားတက်နိုငတော့မှာလဲ။

၆၉) လွတ်လပ်မှုဆိုတာ သူ့အလိုလိုရောက်လာတာမဟုတ်ဘူး။ ကိုယ်ကရအောင်လုပ်ယူရတာ။

၇၀) အခုကိုယ့်စိတ်ထဲမှာ အရေးကြီးလှတယ်ထင်ပြီး စိတ်ဆင်းရဲနေတဲ့ကိစ္စဟာ နောက်ခြောက်လ ၊ တစ်နှစ်ကြာတဲ့အခါ ဘာမှအရေးမကြီးတော့တဲ့ကိစ္စဖြစ်သွားမှာပါ။ ကိုယ့်သဘောထားတွေကလည်း ပြောင်းသွားမယ်။ အဲဒါလေးကိုမမေ့ပါနဲ့။

၇၁) အခက်ခဲတွေ ဒုက္ခတွေ ဆုံးရှုံးမှုတွေဟာ လူ့ဘ၀ကို မှန်ဘီလူးနဲ့ကြည့်ရသလို အခွင့်အရေးအမျိုးကို ပေးတယ်။ ကိုယ့်ဘ၀ကိုယ် အနီးကပ်ပြီး ကြည့်ခွင့်ရတယ်။ ဘ၀နဲ့ပတ်သတ်တဲ့ အမှန်တရားတွေဟာ ဘာအတွက်လဲ။ ပျော်ရွှင်မှုဆိုတာ ဘာလဲ။ ဘယ်ဟာကျေနပ်စရာအကောင်းဆုံးလဲ။ ဘ၀မှာ တန်ဖိုးအရှိဆုံးအရာတွေဟာ ဘာတွေလဲဆိုတာ သိလာတယ်။ ဒုက္ခရောက်တဲ့အခါကျမှ မိတ်ဆွေကောင်းဟာ ဘယ်သူလဲဆိုတာလည်း သိရတယ်။ ကိုယ် အင်မတန်အားကိုးခဲ့တဲ့အရာတွေဟာ တကယ်အားကိုးစရာကောင်းရဲ့လား ဆိုတာလည်း သိရတယ်။ အားကိုးစရာအစစ်ဟာ ဘာလဲ။ ဘယ်သူ့ကိုအားကိုးရမလဲ။ ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်ဖို့အရေးကြီးတယ်ဆိုတာလည်း သဘောပေါက်လာတယ်။ ဒါကြောင့် ဒုက္ခတွေ အခက်ခဲတွေဟာ တန်ဖိုးရှိတဲ့ အတွေ့အကြုံဖြစ်ပါတယ်။


Read More...

Monday, March 05, 2007

စစ်မှန်သောဒီမိုကရေစီစနစ်ကိုမသိသေးဘူးတဲ့လား


နအဖဘက်ကနေ ရသလောက်ကပ်ပြီး မရရအောင်ပြောပေးရှာတဲ့ ဘက်တော်သားလေးတွေကို သနားမိပါတယ် ..။ အရင်စိတ်နဲ့ဆို ပြန်အော်မိမှာပါ … ။ အခုတော့ ဒါတွေကို ရီနိုင်ခဲ့ပါပြီ .. ။ ဒေါ်စုပြောခဲ့ပါတယ် “စားပွဲဝိုင်းမှာ နှစ်ဦးနှစ်ဖက် သေချာဆွေးနွေးရင်း တိုင်းပြည်အတွက်အသင့်လျော်ဆုံးကို စဉ်းစားရင်း ခေါင်းဆောင်ကောင်းကို ညီမျှစွာဆုံးဖြတ်ရမှာပါ” … ။ သိပ်မှန်ပါတယ် .. ။ အခုက ဘာနဲ့တူလည်းဆိုတော့ တစ်ဖက်က စားပွဲဝိုင်းကို စည်းကမ်းကျနစွာ ၀င်ထိုင်ပေမယ့် တစ်ဖက်နအဖဘက်က တောင်စဉ်ရေရာမရ ပေါက်တတ်ကရ လျှောက်ပြောနေမှတော့ ဘယ်လိုလုပ်ပြီးဆုံးတော့မှာလည်း .. ။ အဲဒီအတွက် စကားပြောရာမှာ ၊ အချက်လက်နဲ့ နှစ်ဦးနှစ်ဖက် ယှဉ်ပြိုင်တိုက်ခိုက်တဲ့အရာမှာ ကလေးကစားစရာအကြောင်းလာပြောနေသူတွေကို ကျမခွန်းတုံ့ပြန်ခြင်းမရှိပါ … ။

အာပေါက်အောင်ပြောခဲ့တဲ့ အကြောင်းကို နားမလည်သေးတဲ့ စီဗောက်စ်က အကိုတွေလား မောင်လေးတွေလား ဘယ်အရွယ်တွေမှန်းမသိ ၊ နာမည်မသိ ၊ ဘာမှမသိဘဲ ချုံပုတ်ထဲကလက်သီးဆုပ်ပြနေတဲ့ ကိုယ်တော်ချောတွေကို ထပ်ပြောလိုက်ပါ့မယ်။

ဒီမိုကရေစီအတွက် အသက်သွေးတွေ ၊ အချိန်တွေ ၊ ပေးဆပ်မှုတွေပေးပြီး တိုက်ယူနေတာ အိမ်ရှေ့လမ်းမပေါ်မှာ အတွင်းခံထွက်လှမ်းဖို့အတွက်မဟုတ်ပါဘူး။ သင်္ကြန်မှာ ဗြောက်အိုးဖောက်ဖို့လည်း မဟုတ်ပါဘူး ။ အဲဒီလို တောင်မရောက် မြောက်မရောက် အကျိုးမရှိတဲ့ အပေါစားဆန်တဲ့ ၊ လမ်းဘေးဆန်တဲ့ စကားတွေကို နအဖ ဘက်တော်သားတွေပြောလွန်းလို့လည်း ကျမက နအဖဘက်ကလူဆို ၁%တောင် သနားလို့ အထင်ကြီးလို့မရခဲ့တာ အရင်ကတည်းကနေ အခုချိန်ထိပါပဲ… ။

လူသားချင်းညီမျှတဲ့ အခွင့်အရေး ၊ လွတ်လပ်စွာပြောပိုင်ခွင့် ၊ မျှတသော ဥပဒေတွေအပါအ၀င် စည်းကမ်းညီညွတ်တဲ့ ဒီမိုကရေစီကို ဗီုလ်ချုပ်ပြောခဲ့တဲ့ မိန့်ခွန်းကနေ မျက်လုံးကောင်းသေးရင် ပြန်ဖတ်လိုက်ပါအုံးရှင်။

ဗိုလ်ချုပ်ပြောခဲ့သောဒီမိုကရေစီဝါဒ

ဘိုးတော်ဘုရားခေတ်ကလို ကနွဲ့ကလျ ၊ လေးချိုးသံများနှင့် နအဖယုတ်မာခြင်းတွေ ၊ ဘက်တော်သားတွေ အဆင့်မရှိတာတွေကို ကျမ မပြောတတ်ပါ … ။ နှုတ်ကြမ်းတယ်ဟု ဆိုခဲ့လျင်လည်း ကျမ ဘာမှမပြောလိုပါ ..။ သူ့နေရာနဲ့ထိုက်တန်သော ၊ နားထဲပြင်းပြင်းဝင်သွားနိုင်သော ခေတ်သစ်စကားများသာ ကျမသုံးတတ်ပါသည်။

Read More...

I Hate CORRUPTION




“ဂျပန်လူတော်စာမေးပွဲအတွက် အောင်ဇော်ကိုပဲရွေးလိုက်ပါဆရာမကြီးရှင်”


နားထဲတိုးဝင်လာတဲ့ အတန်းပိုင်ဆရာမအသံကို ကျောင်းရုံးခန်းပြတင်းနားမှာ ကစားနေတဲ့ ကျမ ကြားဖြစ်အောင် ကြားလိုက်မိသလို စိတ်ဝင်စားသွားခဲ့တယ် .. ။ အချိန်က ၁၉၉၇ခုနှစ် … . ။


ကျမရင်ထဲခါးသက်ပူရှသွားခဲ့တယ် .. ။ တကယ်ဆို၇င် အဲဒီတတိုင်းလုံးစာမေးပွဲအတွက် သွားသင့်သူက လင်းလက်ဆိုတာ တခန်းလုံးသိနေခဲ့ကြတာပါပဲ .. ။ လဘ်စားမှုတွေနဲ့အတူ ပျောက်ဆုံးနေတဲ့ အမှန်တရားကို အဲဒီအချိန်ကတည်းက လင်းလက်လိုချင်ခဲ့တယ်.. ။ ၅နှစ်ဆက်တိုက် ပထမဆုရှင် ကျမကို မရွေးဘဲ အနောက်က လိုက်တဲ့အောင်ဇော်ကို တမြို့နယ်လုံးကိုယ်စားရွေးမယ်ဆိုတဲ့သတင်းက ကျမနားထဲ အူနေခဲ့တယ်.. ။


“လင်းလက်က အသက်ငယ်သလို မိန်းကလေးဖြစ်နေတယ်”


အဲဒီစကားကို အမုန်းဆုံးပဲ ..။ ဂျူးရေးတဲ့ စာအုပ်ထဲကလို အသက်မွေးဝမ်းကြောင်း ပညာရပ်လောကမှာ မိန်းမဖြစ်နေတော့ ဘာဖြစ်လည်း . ။ မိန်းမဆိုတာ အကြောင်းပြချက်သက်သက်တွေပါ .. ။ လုပ်နိုင်ရင် ဘာမဆို အကုန်ဖြစ်တယ်.. ။ အဲဒီအချိန်က အောင်ဇော်ကိုရွေးဖို့အတွက် ကျောင်းအုပ်ဆရာမကြီးကို သေချာ ရှင်းလင်းရေးတွေထုတ်နေတဲ့ အတန်းပိုင်ဆရာမကို အပြင်ဘက်ကနေကြည့်ရင်း ငါ့ရင်ထဲမှာ ခံစားမှုတွေ အလိပ်လိပ်တက်နေခဲ့ပေါ့ … ။


သိပ်ဆင်းရဲခဲ့တဲ့ ငါ ၊ ရိုသေမှုကလွဲရင် အပိုအလိုမပြောတတ်တဲ့ငါ ၊ ဘယ်လောက်ထူးချွန်ခဲ့ခဲ့ အဲဒီလဘ်စားမှုတွေ ပြည့်နှက်နေခဲ့တဲ့ ဇာတိမွေးရပ် ကျောင်းတော်ကြီးမှာ တိုင်းနဲ့ပြည်နယ်ယှဉ်ရတဲ့ စာမေးပွဲကိုဖြေချင်လွန်းလို့ နှစ်တိုင်း တိုက်ခိုက်ယူခဲ့၇တယ်.. ။ သူတို့မရွေးချယ်ရဲတဲ့ အဓိက အကြောင်းကလည်း လင်းက စာရေးရင် ဖားမရေးလို့ … ။ အမေကလည်း ငယ်ငယ်တည်းက အဲဒီလိုမသင်ပေးခဲ့တော့ ကိုယ်ကလည်း မရေးဘူး ..။ အမေကလည်း ပေးမရေးဘူး .. ။ အဲဒီတော့ရှင်းေ၇ာ .. ။


၆တန်း တိုင်းစာမေးပွဲတစ်ခုကို အထက်က ပေးပို့ခဲ့တယ် .. ။ တတိုင်းလုံးမှာ အတော်ဆုံးသူတွေကို ဗဟိုထိတက်ဖြေခိုင်းပြီး ဂျပန်ကို အလည်အပတ်လွှတ်မယ့်ခရီးစဉ်ပဲ .. ။ ကိုယ်က ဆုမရခဲ့ရင်တောင် သိပ်ဝင်ပြိုင်ခဲ့ချင်တယ် .. ။ ပဲခူးသူအစစ်ဖြစ်တဲ့ ကျမက ပဲခူးတတိုင်းလုံးမှာ ပထမ မရနိုင်ရင်တောင် ဆုတစ်ခုတော့ ရခဲ့ချင်တယ် .. ။ ဘက်စုံပြိုင်ရမယ့်ဒီပြိုင်ပွဲမှာ မိန်းကလေးဖြစ်နေတဲ့ အချက်ကို ထည့်သွင်းစဉ်းစားကြတဲ့ အဲဒီဆရာမတွေကို အမုန်းဆုံး .. ။


အားကစားကို မိန်းကလေးတွေ လွတ်လွတ်လပ်လပ် မပြိုင်ရဘူးလို့ ဘယ်ဥပဒေများ ချမှတ်ထားခဲ့လို့လည်း .. ။ တခြားသူ ကစားနိုင်သလောက် လင်းလည်း လုပ်နိုင်တယ်ဆိုတာ ကျောင်းသူ ကျောင်းသားအားလုံး သက်သေပါ .. ။ သူတို့ချမှတ်တဲ့စည်းကမ်းက ပြိုင်ပွဲဝင်မယ့်ကျောင်းသား။ကျောင်းသူက


၁) နှစ်စဉ်ထူးချွန်ဆုဖြစ်ရမယ်။

၂) အားကစားလည်းပြိုင်ရမယ်။

၃) ကွန်ပြူတာသုံးတတ်သူဖြစ်ရမယ်။

၎) အကကောင်းကောင်းကတတ်ရမယ်။

၅) အင်္ဂလိပ်စကားပြောနိုင်ရမယ်။

၆) မြန်မာသီချင်းကြီးတွေဆိုနိုင်ရမယ်။


အဲဒီလိုသတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ အကျုံးဝင်တဲ့ ငါ့ကိုမရွေးဘဲ အောင်ဇော်ကိုရွေးလိုက်ပါတယ်ဆိုသော သတင်းကို ကြားသိသိချင်းမှာ အဲဒီကျောင်းရှေ့က ပိတောက်ပင်အောက်မှာ ငါချုံးပွဲချထိုင်ငိုခဲ့ဖူးတယ်.. ။ တကယ်ဆိုရင် ချမှတ်ထားတဲ့စည်းကမ်းတွေမှာ ပထမဆုရှင်က မဖြေချင်မှ ဒုတိယဆုရှင်က လက်ခံခွင့်ရှိတာ.. ။


ခပ်မြောက်မြောက်နဲ့ ထွက်သွားတဲ့ အဲဒီအကောင်ရဲ့ နောက်ကျောကိုကြည့်ရင်း “နင့်မိဘ အရှိန်ကြောင့် လုပ်ချင်တိုင်းလုပ်ထားဦးပေါ့”လို့ စိတ်ထဲမှာ ပြောခဲ့တယ်.. ။ ဒီလိုကေ့စ်မျိုးကို ဘယ်ရုံးတော်မှာ ငါလျှောက်ခွင့်ရှိခဲ့လို့လည်း .. ။


အဲဒီသတင်းကိုကြားသိသိချင်း ခံစားရတဲ့အမေ့မျက်နှာကိုကြည့်ရင်း ငါဟာ ရင်ထဲမှာ ၀မ်းနည်းခဲ့ရတယ်.. ။ ကျောင်းအုပ်ဆရာမကြီးရဲ့ မတရား လဘ်စားမှုတွေကို မုန်းတဲ့အမေက ငါ့ကိစ္စအတွက်နဲ့ မေးမြန်းခြင်းပဲ လုပ်ခဲ့ပေမယ့် မသွားဆွေးနွေးခဲ့ဘူး .. ။ မျက်ရည်လည်ရွှဲဖြစ်နေတဲ့င့ါကို အမေကတစ်ခွန်းပဲပြောခဲ့တယ်။


“မဟုတ်တာလုပ်နေသူတွေက ဆင်ခြေမျိုးစုံရှိနေမှာပဲ .. ။ အမှန်တရားဆိုတာ ဖုံးကွယ်လို့မရပါဘူးသမီး”တဲ့။


ဒေါသထွက်ထွက်နဲ့ တိုင်းစာမေးပွဲကို မတက်ရတဲ့ငါက မြို့နယ်ဆုကိုတော့ ရအောင်ဖြေနိုင်ခဲ့ပါတယ် .. ။ ပထမအဆင့်ပြိုင်ပွဲမှာတင် ခွက်ထိုးခွက်လန်ကျရှုံးလာတဲ့ အောင်ဇော်ကိုကြည့်ပြီး ကိုယ်က သူ့ကိုမုန်းပေမယ့် မြို့နယ်ကိုယ်စား ဒေါသထွက်ခဲ့ရသေးတယ် .. ။ “ပထမအဆင့်တင်ပြုတ်ရလားဟာ”ဆိုပြီး ကိုယ်က သူ့ကို မချင့်မရဲ စေတနာနဲ့ပြောခဲ့တဲ့စကားတွေက တကယ်တော့ သဲထဲရေသွန်သလိုပါပဲ .. ။


စေတနာတွေ အကျိုးပေးသလားတော့ မသိ .. ။ လင်းလက် ၈တန်းရောက်တဲ့နှစ်မှာ ပိုက်ဆံ မတော်မတရား ကောက်မှုတွေနဲ့ အဲဒီလဘ်စားတဲ့ ကျောင်းအုပ်ဆရာမကြီးနဲ့ ဆရာမတစ်ချို့ တန်းကနဲပြုတ်ရော .. ။


ဒါပေမယ့် ငါဖြေခဲ့ချင်တဲ့ စာမေးပွဲက ပြီးဆုံးသွားပြီပဲ .. ။ တစ်သက်မှာ တစ်ကြိမ်ပဲရတဲ့ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရလို့ ငါတော်တော်နဲ့ ဖြေမရနိုင်ခဲ့ဘူး .. ။


လဘ်စားမှုတွေကြောင့် ပညာရေးလမ်းကြောင်းမှာ လိုချင်တာမရခဲ့တဲ့ ကလေးတွေ မြန်မာပြည်မှာ ဘယ်နှစ်ယောက်ရှိနေခဲ့လည်း .. ။


လဘ်စားမှုဥပဒေတွေကြောင့် အမှန်တရားတွေပျောက်ကွယ်ပြီး မတရားတဲ့ အမိန့်အောက် ထောင်သွင်းအကျဉ်းချခံနေရတဲ့ လူတွေ ဘယ်လောက်များနေပြီလည်း … ။


လဘ်စားမှုတွေကြောင့် ဘ၀ပျက်အောင် ခံခဲ့၇တဲ့ မိသားစုတွေ ဘယ်လောက်ရှိနေပြီလည်း .။


လဘ်စားမှုတွေ များလား နည်းလားတော့မသိ … ။ နေရာတိုင်းမှာ လက်နှစ်ခုဝိုင်းပြမှ အကုန်အဆင်ပြေကြတယ်.. ။ ယုတ်စွအဆုံး မဂ္ဂဇင်းတိုက်အချို့ကအစ တန်ဖိုးဖြတ်မရတဲ့ အနုပညာကို ပိုက်ဆံနဲ့ အလဲအလှယ်လုပ်တာကို ရွံတယ် အော့နှလုံးနာတယ် .. ။


ကျမ အမုန်းဆံုးက အဲဒီလဘ်စားမှု … ။ လဘ်စားမှုက လူတစ်ယောက်တင်မဟုတ်ဘူး .. ။ လူပေါင်းများစွာရဲ့ ဘ၀ကို အရှင်လတ်လတ်ဖျက်ဆီးပစ်တာပဲ .. ။ ကျမကေ့စ်က ဒါ အသေးအမွှားလေးပါ.. ။ ဒါပေမယ့် ကျမ အများကြီးစိတ်ဓါတ်ကျခဲ့ရတယ် .. ။ ကျမ တစ်နှစ်လုံး အဲဒီကိစ္စတွေးတိုင်း မျက်ရည်တောက်တောက် ကျခဲ့ရတယ် .. ။ ပထမဆုရှင်ကိုမရွေးဘဲ ဒုတိယဆုရှင်ကိုရွေးတယ်ဆိုတဲ့ အရှက်သည်းမှုကို အဲဒီအချိန်က မခံစားနိုင်ခဲ့ဘူး .. ။


နိုင်ငံတစ်နိုင်ငံမှာ ရဲတွေလဘ်စားရင် ပြည်သူတွေ ဒုက္ခရောက်မယ် .. ။ တရားသူကြီး လဘ်စားရင် အမှန်တရားဆိုတာ ပျောက်ကွယ်သွားလိမ့်မယ် .. ။ နိုင်ငံတော်နဲ့ဆိုင်တဲ့ ရာထူးကြီးတဲ့ မြို့ဝန်တွေ ၊ တိုင်းမှုးတွေ လဘ်စားရင် စိတ်ဓါတ်တွေပြိုယွင်းပျက်စီးပြီး လူတွေအကျပ်အတည်းဖြစ်ကုန်လိမ့်မယ် .. ။


အမှန်တရားဆိုတာ အဲဒီလဘ်စားမှုအောက်မှာ ပျောက်ဆုံးသွားလိမ့်မယ် .. ။ အဲဒီအတွက် လဘ်စားမှုကို မုန်းတယ် .. ။


ကျမသာ ဥပဒေအကြံပေးအရာရှိဖြစ်ခဲ့ရင် လဘ်စားသူကိုဆိုရင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်မှာပဲ .. ။ နည်းနည်းလဘ်စားရင် ထောင်ဒဏ်များများချပေးတဲ့ မှန်ကန်သော တင်းကျပ်တဲ့ဥပဒေကို ကျမ အလိုရှိနေခဲ့ပါတယ် .. ။

Read More...

ခြေမချဖူးတဲ့ငါ့တိုင်းပြည်



ခြေမချဖူးတဲ့ငါ့တိုင်းပြည်

လူတွေကပြောတယ်

ငါတို့တိုင်းပြည်တစ်ခုလုံး

သိပ်သာယာလှပတယ်…။

လူတွေကပြောတယ်

စေတနာကရုဏာအပြည့်နဲ့

ငါတို့တိုင်းပြည်ကလူတွေ

မေတ္တာတရားပြည့်ဝကြတယ်…။

လူတွေကပြောတယ်

အေးမြတဲ့စေတီတော်တွေနဲ့

ဘာသာတရားကိုင်းရှိုင်းတဲ့

ငါတို့ရွှေနိုင်ငံကြီးက

ငြိမ်းချမ်းလှပတယ်…။

လူတွေကပြောတယ်

လူမျိုးပေါင်းစုံနဲ့

ဝန်းရံနေထိုင်ကြတဲ့

ငါတို့တိုင်းပြည်ကလူတွေ

ယဉ်ကျေးသိမ်မွေ့ကြတယ်…။

…………………..

…………………

…………………..

……………………

တစ်ယောက်တစ်မျိုး

ပေါင်းစုံလွမ်းဆွတ်ပြောကြရင်း

ခပ်လှမ်းလှမ်းကတောအုပ်ကို

ငါတို့တိုင်းပြည်မြေအဖြစ်

တမ်းတစွာငါလှမ်းကြည့်ရင်း

ခြေမချဖူးတဲ့ဒီနယ်မြေကို

တစ်နေ့ငါအရောက်ပြန်လာခဲ့မယ်………..။

ဒီကဗျာက ကောင်းချင်မှကောင်းမှာပါ .. ။ ထူးထူးခြားခြားမဖြစ်ပေမယ့် လင်းလက်နဲ့သိပ်ခင်တဲ့ ထိုင်းမှာမွေးပြီး ထိုင်းမှာကြီးပြင်းသော ၊ မြန်မာပြည်ကိုအလွန်သွားချင်နေသော မြန်မာလူမျိုးသူငယ်ချင်းမိန်းကလေးတစ်ဦး ခံစားမှုကို သူ့နေရာမှနေပြီး ရေးထားခြင်းဖြစ်ပါတယ်။


Read More...

Saturday, March 03, 2007

NLS



အကိုညီလင်းပြန်လာပြီလို့သတင်းကြားလိုက်တာ ၀မ်းသာမိပါတယ် … ။

“ကိုညီလင်းဆက်”ဆိုပြီး ပလန်းနက်မှာ သူ့ကိုစသိခဲ့တယ် … ။ သူရေးတဲ့စာတွေဖတ်ပြီး သူ့ကိုမေးလ်ပို့ပြီး ချီးကျူးစကားဆိုခဲ့တယ် .. ။ အဲဒီတုန်းက မလင်းလက်က ဟိုမရောက်ဒီမရောက် တစ်မျက်နှာစာချည်း ရေးနေသူ .. ။ ဖိုရမ်တွေမှာပဲ အသိချင်းဖလှယ်ရင်း အသိတွေလည်းရခဲ့ပါတယ် .. ။

အကိုညီလင်းကို အပြင်မှာမြင်တော့လည်း ခင်ဖို့တော်တော်ကောင်းပါတယ် .. ။ သူနဲ့အကိုဒါဒါကတော့ မြင်ရင် လင်းကိုစိတ်မဆိုးဆိုးအောင် နောက်နေကျလေ .. ။

သူ့ထူးခြားချက်တွေက များတော့ ဘာပြောရမှန်းတော့ မသိပါဘူး ..။ အလေးစားဆုံး ၂ချက်က စာရေးကောင်းတာရယ် ၊ တည်တည်ငြိမ်ငြိမ်နေနိုင်တာရယ်ပါ .. ။ ဟိုလူက ဟိုလိုပြောလို့ ဒီလူက ဒီလိုလာဆွယ်လို့ မလိုက်သွားတတ်တဲ့ သူ့စိတ်ကိုတော့ လေးစားပါတယ် … ။

တချိန်တုန်းက စိတ်တအားဆတ်ပြီး စိတ်လေလွင့်ပြီး သောင်းကျန်းချင်တိုင်းသောင်းကျန်းခဲ့ဖူးတဲ့ လင်းကို ဆုံးမစကားတွေပြောခဲ့ပေးပြီး ဖြစ်သင့်တာတစ်ချို့ကိုအကြံပေး ၊ စာရေးတဲ့နေရာမှာလည်း အားပေးအားမြှောက်ပြုခဲ့တဲ့အတွက် ကျေးဇူးပါအကို။

လင်းဘလော့ခ်ပေါ်ကနေ ၀မ်းမြောက်ဝမ်းသာနဲ့ပဲကြိုဆိုလိုက်ပါတယ်… ။

Read More...

Friday, March 02, 2007

A Shining Star


ကျမနဲ့ လမ်းကြောင်းတူတဲ့ ရဲဘော်ရဲဘက်လည်းဖြစ်တဲ့ လေးစားရတဲ့ အကိုတစ်ယောက်က ဒီကဗျာလေးကို မနက်က မေးလ်ထဲ ပို့ပေးလိုက်ပါတယ် ။ ဒီကဗျာလေးကို ဖတ်ပြီးပြီးချင်း ရင်ထဲဝမ်းသာတာလား ။ ကျေးဇူးတင်တာလား ။ ဘာလည်းတော့မသိတဲ့ ခံစားမှုလေး ဖြစ်သွားပါတယ် ။ အဓိကကတော့ အသိမှတ်ပြုခံရတဲ့ ခံစားမှုလို့ထင်ပါတယ်။ ကဗျာကိုရေးပို့ပေးခဲ့တဲ့အတွက် ကျေးဇူးပါပဲ အကို ။ စာတစ်စောင် ကဗျာတစ်ပုဒ်က လူတစ်ယောက်အတွက် စိတ်ဓါတ်ခွန်အားဖြစ်စေပါတယ်။

"A Shining Star"


I unexpectedly got a sister
She loves truth and justice
She takes actions for truth and justice
She speaks her mind
She is good at writing
She feels sympathy for innocent people in her homeland
She is young yet mature in her way of thinking
I am proud to have a sister like her
May her guiding light be strong

May her life be filled with peace and happiness

Read More...

တပ်မတော်ဟာဘယ်သူ့အတွက်လဲ ..



တပ်မတော်က ဘယ်သူ့အတွက်လဲဆိုတဲ့ မေးခွန်းလေးက လှပါတယ် ။ အဖြေလေးကလည်း လှပါတယ် ။ လုပ်ပုံတွေကတော့ သောက်တလွဲချည်းပဲ .. ။ ကျမက နိုင်ငံရေးလည်း နားမလည်ပါဘူး .. ။ ပညာလည်း မိုးပျံမြေလျိုးမတတ်သေးပါဘူး .. ။ ယနေ့တပ်မတော်ကို ၁၈နှစ်မိန်းကလေးတစ်ယောက်အနေနဲ့ အဘက်ဘက်မှ သေချာလေ့လာသုံးသပ်ပြီး နားလည်ထားတာက
၁) တပ်မတော်ဆိုတာ လက်နက်ကိုင်ပြီးပြည်သူကို ခြိမ်းခြောက်ခြင်း
၂) တိုင်းရင်းသားများအပေါ် မတရားသဖြင့်ပြုကျင့်ခြင်း
၃) သယံဇာတများကို ခိုးယူပြီး အိတ်ထဲအကုန်ထည့်ခြင်း
၎) မှန်ကန်စွာနေထိုင် ၊ ဆောင်ရွက်သူများကို ထောင်သွင်းအကျဉ်းချခြင်း
၅) ပြည်သူလူထုခွက်ဆွဲအောင် နှိပ်စက်ခြင်း
၆) ဦးအောင်ဇေယျခေတ်ရောက်အောင် နောက်ပြန်ဆုတ်နေခြင်း
၇) ဖခင်ကိုပစ်ပယ်ပြီး ပထွေးကိုဦးခိုက်နေခြင်း
၈) လူသားအခွင့်ရေးနှင့်လွတ်လပ်သောအခွင့်အရေးအတုများကို ဟန်ဆောင်ပေးထားခြင်း
၉) အနိမ့်ကျဆုံးပညာရေးဖြစ်အောင်လုပ်ထားခြင်း
၁၀) စီးပွားရေးပိတ်ဆို့မှု ၊ ဆင်းရဲကျပ်တည်းမှုများဖြစ်စေခြင်း
၁၁) လဘ်ပေးလဘ်ယူများဖြင့်ပြည့်နေသော ဥပဒေဖြစ်နေခြင်း
ဒါ ယေဘုယျပဲရှိပါသေးတယ် ။ အသေးစိပ်သူတို့လုပ်ထားတာတွေ အချက်အလက်နဲ့ပြောမယ်ဆိုရင် သုံးထောင့်သုံးညပုံပြင်ဖြစ်သွားပါလိမ့်မယ် ။ ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်လမ်းမှားမှာ အရမ်းစိုးရိမ်ခဲ့ပါတယ် ။ လမ်းမှားမရောက်အောင်လည်း ထပ်တလဲလဲ သတိပေးခဲ့ပါတယ် ။ အမေစုပြောခဲ့သလို “ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ဖခင်ပါ ။ အမျိုးသားခေါင်းဆောင်ကြီးပါ ။ ဗိုလ်ချုပ်အောင်ဆန်းကို တပ်မတော်ရဲ့ဖခင်လို့သတ်မှတ်ရင် တပ်မတော်ဟာ ဖေဖေလိုချင်တဲ့အတိုင်းလုပ်နေရဲ့လား ” …. ။ အမေစုက အဲဒီအတိုင်း အမှန်ကို တည့်တည့်ပြောသွားပါတယ်။ သူပြောခဲ့သလို မြန်မာစကားမှာ ဒုတိယဖခင်ဆိုတာ မရှိပါဘူး ။ ပထွေးက ပထွေးပါပဲ ။ ပထွေးလမ်းစဉ်လိုက်နေသမျှတော့ အကုန်လုံးဇောက်ထိုးဖြစ်နေမှာပဲ ။
တပ်မတော်ကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးအတွက်ကမ်းကုန်အောင် ယုတ်မာတဲ့ လူတစ်စုကိုပဲ အလိုမရှိတာပါ ။ လင်းတို့က တပ်မတော်ကို ဖျက်သိမ်းဖို့တောင်းဆိုနေတာလည်း မဟုတ်ပါဘူး ။ တပ်မတော်ထဲမှာ ကောင်းတဲ့လူတွေလည်း ရှိချင်ရှိမှာပါ ။ အဲဒီထဲမှာနေပြီး သူတို့ကိုယ်တိုင် နအဖကို မလိုလားသူတွေလည်း ရှိမှာပါ ။ ဒါပေမယ့် လက်ချိုးရေလို့ရပါတယ် ။ အများစုကိုတော့ ဒီပုတ်ထဲကဒီပဲလို့ပဲ သတ်မှတ်လို့ရပါတယ် ။
လင်းကိုယ်ပိုင်စိတ်ကူးထဲမှာတော့ တပ်မတော်ကိုဆို၇င် ပြည်သူက အရမ်းလေးစားတဲ့ ၊ နိုင်ငံအတွက် အသက်စွန့်ထားတဲ့ လူစွမ်းကောင်းတွေဆိုပြီး ယုံကြည်လေးစားတဲ့ဘ၀မျိုးကို သိပ်ရောက်ချင်ပါတယ်။ ဗိုလ်ချုပ်လမ်းစဉ်ကိုလိုက်ပြီး ပြည်သူတွေရဲ့ ခိုလှုံရာ ၊ အားထားရာ ၊ ဆည်းကပ်ရာ တပ်မတော်အဖြစ် တည်ရှိနေစေချင်ပါတယ် .. ။ လက်တွေ့အချိန် အခုမှာတော့ ……………………….. ။
ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ် “နိုင်ငံတော်တိုးတက်အေးချမ်းသာယာဖို့ဆိုတာ တံတားတွေ ဆောက်နေရုံနဲ့မပြီးဘူး ။ နိုင်ငံတော်အတွက် ဘာတွေလုပ်နေလည်းလို့မေးလိုက်ရင် တံတားတွေ ဆောက်နေတယ်လို့ ပြန်မဖြေပါနဲ့ ။ ပန်းခြံတွေ တံတားတွေ ကျောင်းအသစ်တွေဆောက်လုပ်ပေးနေရုံနဲ့ နိုင်ငံက ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး ”
ဒီစကားက သွေးထွက်အောင်မှန်ပါတယ် ။ ဘဘတို့ကိုကြည့်လိုက်ရင် တံတားချည်းဆောက်နေပါတယ် ။ အဲ ခိုင်လားဆိုတော့လည်း အစောကြီးပြိုကျမယ့်ကိန်းပါ ။ မြ၀တီ ၊ မြန်မာ့အသံတွေမှာဆိုရင်လည်း ဘယ်နေ့က ဘယ်တံတားဆောက်တယ်ချည်းပဲ ပြနေတာ ခက်ပါတယ် ။ ပြည်သူတွေ စားစရာမရှိရင် တံတားပဲ ကိုက်စားကြတော့လို့များ ဆိုလိုနေသလား ဘဘတို့ရယ် …….. ။

Read More...

Thursday, March 01, 2007

If


If ကဗျာကို ဒေါ်အောင်ဆန်းစုကြည်က ဘာသာပြန်ခဲ့တာပါ .. ။ လင်းလက်ဘလော့ခ်မှာ တစ်ကြိမ်ဖော်ပြပြီးပါပြီ ..။ အရင်ကူးရေးတဲ့နေရာမှာ စာပိုဒ်၂ခုကျန်ခဲ့တာနဲ့ အသစ်သေချာပြန်တင်ပေးတာပါ ..။ တစ်သက်မမေ့နိုင်တဲ့ ကဗျာထဲမှာ ဒီကဗျာကထိပ်ဆုံးမှာပါပါတယ် .. ။ တန်ဖိုးသိပ်ရှိလွန်းပါတယ်… ။

Rudyard Kipling
If

If

If you can keep your head when all about you
Are losing theirs and blaming it on you;

If you can trust yourself when all men doubt you,
But make allowance for their doubting too;

If you can wait and not be tired by waiting,
Or, being lied about, don't deal in lies,
Or, being hated, don't give way to hating,
And yet don't look too good, nor talk too wise;

If you can dream - and not make dreams your master;

If you can think - and not make thoughts your aim;

If you can meet with triumph and disaster
And treat those two imposters just the same;

If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to broken,
And stoop and build 'em up with wornout tools;

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breath a word about your loss;

If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on";

If you can talk with crowds and keep your virtue,
Or walk with kings - nor lose the common touch;

If neither foes nor loving friends can hurt you;

If all men count with you, but none too much;

If you can fill the unforgiving minute
With sixty seconds' worth of distance run -
Yours is the Earth and everything that's in it,
And - which is more - you'll be a Man my son!


အကယ်

မင်းအသိုင်းဝိုင်းတုန်လှုပ်ခြောက်ချားပြီး
ဒါတွေဟာမင်းကြောင့်လို့ဝိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာတည်ငြိမ်စွာနဲ့ရင်ဆိုင်နိုင်မယ်ဆိုရင်…. ။


အကယ်

အားလုံးကမင်းကိုမယုံသင်္ကာဖြစ်တဲ့အခါ
သူတို့ကိုနားလည်စွာနဲ့ခွင့်လွှတ်ရင်း
မင်းကိုမင်းယုံကြည်မှုအပြည့်ရှိမယ်ဆို၇င်…. ။

အကယ်

စောင့်သင့်တဲ့အချိန်ကိုစောင့်နိုင်ပြီး
အဲဒီအတွက်လည်းမမောမပန်းနေနိုင်မယ်ဆိုရင်… ။
ဒါမှမဟုတ်
မင်းကိုလူတကာဝိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်းအမုန်းတွေပြန်မပွားဘူးဆိုရင် …. ။


အကယ်

စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ်မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် ……….. ။


ပြီးတော့
အတွေးအခေါ်စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာမဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင် ………. ။


အကယ်

အောင်မြင်မှုသုခနဲ့ဆုံးရှုံးမှုဒုက္ခတွေကိုကြုံတွေ့ရတဲ့အခါ
တူညီသောလောကဓံတရားတွေပါလားလို့
ခံယူထားနိုင်မယ်ဆိုရင် …….. ။


အကယ်

မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညာတွေကလှည့်စားပြောင်းလဲပြီး
မုသားအဖြစ်ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာတည်ငြိမ်စွာနဲ့နာကြားနိုင်မယ်ဆိုရင် … ။


အကယ်

မင်းဘ၀တစ်ခုလုံးကိုပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ဖြည့်ဆည်းခဲ့ရတဲ့အရာကို
ဖျက်ဆီးခံရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့တန်ဆာပလာအရာရာတွေနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် … ။


အကယ်

မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့်ကြက်တစ်ခုန်ပမာ
တလှည့်တခါတည်းနဲ့ဆုံးရှုံးသွားခဲ့ရင်
ပြီးတော့…
အစကနေပြန်စနိုင်မယ်ဆိုရင်
ပြီးတော့တခါ..
ဆိုးရွားလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှညည်းညူမနေဘူးဆိုရင်… ။


အကယ်

သူများတကာတွေလုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှမင်းအလှည့်ရောက်လို့
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ဇွဲသတ္တိရှိရှိ
ဆက်ကြိုးစားနိုင်မယ်ဆိုရင် … ။


အဲဒီလိုပဲ
မင်းမှာစိတ်အင်အားကလွဲလို့
ဘာဆိုဘာမှမရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကိုခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင်ထားမယ်ဆိုရင်.. ..။


အကယ်

လူတွေနဲ့ထိတွေ့ဆက်ဆံပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကိုစောင့်ထိန်းနိုင်မယ်ဆိုရင် … ။

ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူလမ်းလျှောက်နေရပေမဲ့
မာန်မာနသွေးမကြွဘူးဆိုရင် …. ။


အကယ်

ရန်သူကဖြစ်စေ ၊ မိတ်ဆွေကဖြစ်စေ
မင်းကိုနာကြဉ်းအောင်မလုပ်နိုင်စေရင် … ။


အကယ်

လူတိုင်းကိုတန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှုသံယောဇဉ်တွေထားမနေဘူးဆိုရင် …. ။


အကယ်

တိုတောင်းလှတဲ့မပစ်ပယ်နိုင်တဲ့တမိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိတဲ့
စက္ကန့်ခြောက်ဆယ်အဖြစ်အသုံးချနိုင်မယ်ဆိုရင်
ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့အရာရာဖြစ်တဲ့
ကမ္ဘာကြီးကိုဆုပ်ကိုင်လို့
အရာရာဘာမဆိုစွမ်းဆောင်နိုင်ပြီပေါ့ …. ။


အဲဒီတော့

မင်းဟာလည်းယောက်ျားကောင်းတစ်ယောက်ပေါ့ .. ။

ဒေါ်အောင်ဆန်းစုကြည်




Read More...

Double Taxation Avoidance 2



ရန်ကုန်ပြန်ဖို့အခွန်ဆောင်ဖို့ငွေမလောက်လို့ ဘဏ်ကအတိုးနဲ့ဆွဲရဦးမယ် တူမကြီးရေ”

“အခွန်ဆောင်ဖို့အတွက် စုနေတာ ဘာမှမ၀ယ်နိုင်သေးပါဘူး ညီမရယ်”

“ရတဲ့လစာနဲ့ ၊ ပြန်သုံးရတာနဲ့ ၊ အိမ်ကိုထောက်ပံ့ရတာနဲ့ ၊ အခွန်နဲ့ မနိုင်ပါဘူး သမီးရယ်”

“နိုင်ငံခြားမှာနေပြီး ပင်ပန်းကြီးစွာရှာရတယ်။ အိမ်ကိုတော့ ပြန်ပေးနိုင်တာပေါ့။ အခွန်လည်းဆောင်ပြီးရော ဘာမှမစုမိပါဘူး”

“ကျောင်းလည်းတက်ရသေးတယ်။ အလုပ်လည်းလုပ်ရတယ်။ အခွန်ပေးဖို့အတွက် ရှာရင်း ဘာမှမကျန်ပါဘူးကွာ”

“မြန်မာလူမျိုးကိုမစွန့်လွှတ်နိုင်ပေမယ့် bankrupt ဖြစ်တော့မယ့်အခြေအနေမှာ singaporean ခံယူလိုက်ရတာ အခွန်ကြောင့်ပါ ညီမရယ်”

ဇတ်ကားရိုက်ဖို့အတွက် သရုပ်ဆောင်လေ့ကျင့်နေကြတာ မဟုတ်ပါဘူး။ တကယ့်ဘ၀အဖြစ်အပျက်ကို စင်ကာပူက မြန်မာတွေရင်ဖွင့်နေကြသံတွေပါ .. ။ ဒီစကားသံတွေက လင်းလက်အတွက် မကြားမဖြစ် အမြဲလိုလို ကြားနေရတဲ့ စကားတွေဖြစ်သလို အခွန်ကြောင့် စင်ကာပူဘဏ်တွေ ၊ သူငယ်ချင်းတွေစီမှာ အကြွေးပတ်လည်ဝိုင်းနေသူတွေလည်း ဒုနဲ့ဒေးပါ .. ။ ဒါတွေက ကိုယ်တွေ့မျက်မြင်တွေပါ.. ။ များသောအားဖြင့် ဒီမှာ သားသမီးတွေကိုကျောင်းထားတဲ့ မိဘတွေအတွက် မနိုင်မနင်းတော်တော်ဖြစ်ရပါတယ် .. ။ ကျောင်းစ၇ိတ်တွေအပြင် အထွေထွေသုံးစရိတ်တွေက တအားများတော့ တော်တော်လေးရုန်းရပါတယ်.. ။ “အခွန်အတွက်ဘ၀ပျက်”လို့ လင်းလက်က တင်စားခေါ်ဝေါ်လေ့ရှိတယ်။

စင်ကာပူနဲ့မြန်မာ နှစ်နိုင်ငံလုံးကို အခွန်မဆောင်ရဘူးလို့ သဘောတူညီမှုရထားတဲ့ စာချုပ်ကို ၂၃ရက်နေ့ ဖေဖော်ဝါရီလ ၁၉၉၉ ခုနှစ်မှာ ရန်ကုန်မြို့မှာ လက်မှတ်ရေးထိုးထားပါတယ် .. ။ ဒီစာချုပ်ကြီးကို ခေါက်ထားပြီး နအဖအစိုးရနဲ့သက်ဆိုင်တဲ့ ရုံးတွေက ဘယ်လိုအခွန်ကောက်သလည်းဆိုတာ မှတ်သားဖို့ကောင်းပါတယ်။

“အခွန်ပေးဆောင်ခွင့်ပြုပါ”ဆိုသော စာရွက်ကို လင်းတို့က ပထမဦးဆုံး သံရုံးမှာသွားလျှောက်ရပါတယ်။ ဆိုလိုတာက သူတို့က အခွန်မကောက်ပါဘူး .။ လင်းတို့က အားအားယားယား သွားပေးနေတာပေါ့နော် . ။ ဘယ်လောက် ကြွက်ကျလည်းဆိုတာကြည့် .. ။ မပေးရရင်မနေနိုင်လို့ပေါ့နော် .. ။ အဲဒီသဘောမျိုးပေါ့ .. ။ မနေနိုင်အောင်လည်း သူတို့ကစီမံထားပါတယ် ..။





“အခွန်မဆောင်ဘူးလား ရတယ်လေ။ passport ကို သက်တမ်းမတိုးပေးဘူး။ ရန်ကုန်ပြန်ဝင်ခွင့် မရှိဘူး။ ရှင်းရှင်းလေး”

အဲဒီလို ကွိသွားမှာ .. ။ အစိုးရဘယ်လောက်ယုတ်မာမာ ၊ အစိုးရဘယ်လောက် လှည့်ပတ်ပတ် ၊ မြန်မာပြည်ကို ချစ်နေတဲ့ မြန်မာတွေက ဒုက္ခတွေကြားက ရုန်းကန်ပြီး ဒီအခွန်ကို နှစ်ကုန်ရင် မဖြစ်မနေသွားဆော်ငရတယ်။ ၁ကျပ် ၂ကျပ်မို့ ၊ ၁၀ ၂၀မို့ ပြောနေတာလည်းမဟုတ်။ ကိုယ်ရတဲ့ လစာရဲ့ ၁၀%ကို ပေးရတယ်ဆိုတာထက် ဘာမှပြန်လည်တုံ့ပြန်ခြင်း ၊ ဆောင်ရွက်ပေးခြင်းမရှိတာကို ရင်နာတာများပါတယ် . ။

အခုဆိုရင် စင်ကာပူနိုင်ငံက GST 7% အထိတိုးကောက်တယ် .. ။ သူတို့ကောက်တဲ့အတွက် သူတို့ဘက်က ရှင်းလင်းချက်တွေ ၊ အကြောင်းပြချက်တွေ အကုန်လုံးကို လပေါင်းများစွာ လူထုကို ရှင်းပြပါတယ် .. ။ စင်ကာပူကို ဦးမခိုက်ပေမယ့် သူတို့အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေကို အရမ်းလေးစားရပါတယ် ( သူတို့လူမျိုးတွေရှေ့တော့မပြောဘူး ဟိး ) .. ။ စင်ကာပူက ဒီမိုကရေစီနိုင်ငံမဟုတ်ပေမယ့် သူ့နိုင်ငံကို အုပ်ချုပ်တာတွေ ၊ စီးပွားရေးစနစ်တွေကို လင်းက တော်တော်လေးကြိုက်ပါတယ် .. ။ မြန်မာပြည် စင်ကာပူရဲ့ တစ်ဝက်ပဲ လက်မထောင်နိုင်ခဲ့ရင် ဒီနေ့ဒီနေရာမှာ သေတောင်လာနေမှာမဟုတ်ပါဘူး .. ။ စင်ကာပူအစိုးရက သူတို့နေရာကိုသာ လာမထိနဲ့ .. ။ ကျန်တဲ့နေရာတွေကို အဆင်ပြေအောင်လုပ်ပေးထားတာကိုက လင်းတို့အစိုးရနဲ့ တခြားစီဖြစ်နေတာပါ .. ။ ဒီမှာနေတဲ့လူတိုင်း သူ့ပညာ ရာထူးအဆင့်တန်းနဲ့ညီတဲ့ အလုပ်တွေရှိတယ် … ။ အဓိကက ဥပဒေပါပဲ .. ။ ဥပဒေ မရှိတဲ့နိုင်ငံက ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကောင်းကင်ပြိုတောင် မတိုးတက်နိုင်ပါဘူး .. ။ ဥပဒေကို တင်းတင်းကျပ်ကျပ် လုံးဝ ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန်ဆုံးဖြတ်တဲ့ စလုံးက အဲဒါတော့ လေးစားဖို့ကောင်းပါတယ် .. ။ ဒီနိုင်ငံက အရမ်းသေးတော့ လုပ်နိုင်တာလည်း ပါတာပေါ့ .. ။ ဆက်သွယ်ရေး နဲ့ လုံခြုံရေးကတော့ အထူးကောင်းပါတယ် .. ။ အဲဒီတစ်ဝက်ပဲ မြန်မာပြည်ဖြစ်ရင် သိပ်ကောင်းမှာလို့ ခဏခဏစိတ်ကူးယဉ်မိတယ်.. ။ ဒီမှာက အစိုးရက ဖြစ်ချင်တာ များလွန်းနေတယ် .. ။ ပြည်သူက မလိုက်နိုင်ဘူး .. ။ မြန်မာပြည်မှာက ပြည်သူက အရှေ့ကပြေးနေတယ် .. ။ အစိုးရက နောက်ကနေ သေနတ်ကိုင်ပြီးပြန်ဆွဲထားတယ် .. ။ အဲဒီတော့ ရှေ့ကြိုးစားတိုးရင် နောင်က ရန်ကိုလည်းရှောင် ၊ ယက်ကန်ယက်ကန် အကုန်ဖြစ်နေကြတယ်.. ။

အခု ကိုနိုင်မိုးအောင်တို့က အခွန်အတွက်ကို စိတ်ရော ကိုယ်ရော အချိန်ရော အကုန်ကြိုးစားနေကြတာက သူတို့အတွက် မဟုတ်ပါဘူး .. ။ အားလုံးအတွက်ပါ … ။ သာမန်ကာပေါ့ပေါ့လေး မဟုတ်ဘဲ လေးလေးနက်နက် လူကြီးတွေအားလုံး ကြိုးစားနေတာက လေးစားဖို့အလွန်ကောင်းပါတယ် .. ။ မျက်မြင်ကိုယ်တွေ့မှ ကျမရေးတတ်တယ်ဆိုတာတော့ စာဖတ်သူတွေအားလုံး ပိုသိမှာပါနော်.. ။

ဒီအခွန်ကိစ္စကိုတော့ လုံလောက်တဲ့သက်သေတွေနဲ့အတူ ဒီဘက်ကတော့ အစွမ်းကုန်ကြိုးစားသွားကြမှာပါပဲ .. ။ အဓိကက စည်းလုံးရေးနဲ့ ဇွဲ ၊ ထောက်ခံအားပေးမှု .. ။ လိုအပ်တာဒါတွေပါပဲ … ။ နောက် အဲဒီနေ့က အဖွဲ့ထဲက ဦးလေးပြောတာ ကျမတော်တော်လေး သဘောကျမိပါတယ် .. ။

“အခွန်မဆောင်ခိုင်းတော့ဘဲ ငါတို့အားလုံးကိုတစ်ခြားနေရာမှာ ဒုက္ခပေးရင်ပြဿနာဆိုပြီး လူတွေက ကြောက်နေကြတာလည်းရှိတယ်”တဲ့ .. ။

နအဖစိတ်ဓါတ် ၊ ဒဏ်တွေကို လူထုက ကောင်းကောင်းသိနေတော့ ဒီစကားသံထွက်လာတာ မဆန်းပါဘူး .. ။ ကျမတို့က အခွန်အတွက် ဒါတိုက်ခိုက်တာမဟုတ်ပေမယ့် တိုက်ခိုက်တာလို့လည်း ဆိုချင်ဆိုလို့ရပါတယ်.. ။ နောက်တစ်ချက် --- ဒီအခွန်ကိစ္စမဖြစ်လာနိုင်ပါဘူးလို့ မစခင်ကတည်းက အားမပေးတဲ့ လူအချို့ စလုံးမှာ ဒုနဲ့ဒေးပါ .. ။ တိုက်ပွဲတစ်ပွဲဝင်ရင် ရှုံးတယ် ၊ နိုင်တယ်က ပဓါနကျသလား .. ။ တိုက်ရဲတဲ့ လုပ်ရဲတဲ့ သတ္တိက ပဓါနာကျသလားး သေချာစဉ်းစားပေါ့နော် .. ။ ဘယ်သူမဆို ကိုယ်လုပ်ရင်တော့ နိုင်ချင်တာပဲ .. ။ အစွမ်းကုန်လည်း ကြိုးစားမှာပဲ … ။ ကျမတို့လည်း ဒီကိစ္စမှာ မတရားတာကြီးကို ခေါင်းငုံ့ခံနေမယ့်အစား ရအောင် ကြိုးစားယူနေတာကို အသိမှတ်ဆိုတာ ပြုသင့်တယ်.. ။ မဖြစ်ပါဘူးလေဆိုပြီးအားလျှော့တဲ့လူတွေ များနေမယ်ဆိုရင် မြန်မာပြည်က ဇောက်ထိုးဖြစ်နေမှာပဲ .. ။

ကိုနိုင်မိုးအောင်တို့ဘက်က သံမှုးကိုတွေ့ခွင့်အတွက် ခွင့်ပန်ခဲ့ပေမယ့် လူကြီးမဆန်တဲ့ ဟိုလူတွေက ပတ်ပြေးနေတာတော့ လူကြီးလူကောင်းနဲ့မတူဘဲ အကြွေးရှင်လာလို့ထွက်ပြေးနေတာနဲ့ တူပါတယ်.. ။ အခု ပြဿနာက ဖုန်းတောင်ဆက်မရတော့ဘူး .. ။ ဖုန်းလာရင် ဘာမေးမေးမရှိဘူးဘဲဖြေနေတာ ဒွတ်ခ .. ။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မှာတော့ Today newspaper က ကိုနိုင်မိုးအောင်တို့ကို interview ၀င်ချင်တယ်ဆိုတာနဲ့ ဖိတ်ခေါ်ခဲ့ပါတယ် .. ။ မိတ်ဆွေတော်တော်များများလည်း တက်ရောက်ခဲ့ပါတယ် .. ။ အခွန်ပြဿနာကို စိတ်ဝင်စားတဲ့ သတင်းဌာနက jasmine မေးသမျှကို အားလုံးက အကောင်းဆုံးရှင်းလင်းပေးခဲ့တာတော့ အားရစရာပါ .. ။ တက်ရောက်သူတွေက အချင်းချင်း personally မသိတာများပါတယ် .. ။ ဒါပေမယ့် အချင်းချင်းအတူတူ တက်ညီလက်ညီဖြေကြားသွားတော့ ရင်ထဲမှာ အများကြီးဝမ်းသာမိပါတယ်. ။ တစ်နိုင်ငံလုံးသာ ဒီလိုမျိုးဖြစ်၇င် သိပ်ကောင်းမှာလို့ပဲ တွေးခဲ့မိပါတယ် .. ။

ဒီကိစ္စအတွက်လုပ်နေသူတွေကလည်း တစ်ခါပဲ ကောက်ရိုးမီးတောက်ဖြစ်နေတာမဟုတ်ကြပါဘူး .. ။ ဆက်တိုက် ဆွေးနွေးတိုင်ပင်ပြီး ကြိုးစားနေကြတာပါ .. ။ တကယ်တော့ မြန်မာပြည်ဘက်ကလည်း ဒီကိစ္စကို လွယ်လွယ်လေး အေးဆေးသွားတောင်းဆိုရင် ထွက်ပြေးရှောင်မှာပါပဲ .. ။ ဘဘတို့အကြောင်းက နောကျေအောင် သိနေပါပြီ .. ။ စာတစ်စောင် ပေတစ်ရွက်ပဲ တင်ပြရင်တော့ အဲဒီစာကို ချောင်ထဲထိုးထားမှာပါပဲ . ။ စင်ကာပူကလည်း မြန်မာပြည်နဲ့ ပြဿနာတော့ ဖြစ်ချင်မှာ မဟုတ်ဘူး .. ။ အဓိက သူတို့၂ဖက်လုံး ငြင်းမရတာက ဒီအခွန်ကိစ္စမတရားမှုကို ဥပဒေဘောင်အတွင်းကနေ စကားပြောနေကြတာပါပဲ .. ။ နိုင်ငံတော်ကို ပုန်ကန်ခြားနားတာလည်း မဟုတ်သလို ဆန့်ကျင်နေတာလည်း မဟုတ်ဘူး .. ။ ဥပဒေကို တသတ်မှတ်တည်းထားပြီး မှန်မှန်ကန်ကန်ဆုံးဖြတ်လေ့ရှိတဲ့ စင်ကာပူဘက်ကို ကိုနိုင်မိုးအောင်တို့ဘက်က လေးလေးစားစားနဲ့ ဥပဒေဘောင်အတွင်းကနေ တွန်းအားပေးတောင်းဆိုတာ တော်တော်လေး နည်းလမ်းကျပါတယ် … ။ IRAS နဲ့ရအောင်ဆက်သွယ်ပြီး အချိန်တွေယူ ၊ case ကိုတင်ပြနိုင်ခဲ့အောင် ကြိုးစားခဲ့တာလည်း တကယ်လေးစားထိုက်ပါတယ် .. ။





စင်ကာပူသတင်းဌာနဘက်က မေးတဲ့ မေးခွန်းကလည်း တော်တော်လေး သဘာဝကျပါတယ် .. ။ “ဘာလို့ စင်ကာပူဘက်ကို တောင်းဆိုပြီး မြန်မာဘက်ကို မဆောင်ရွက်ခိုင်းတာလည်း”တဲ့ .. ။ ရုတ်တရက် သူများတော့ မသိဘူး .. ။ လင်းတော့ ခဏ တွေသွားတယ် .. ။ အဲဒီနေရာမှာ ကျမ ကိုနိုင်မိုးအောင်ကို တော်တော်လေးချီးကျူးမိပါတယ် .. ။ မေးတဲ့ မေးခွန်းကို လှလှပပစကားနဲ့ ဒတ်ခနဲ ချက်ချင်းပြန်ဖြေတတ်တာပါပဲ .. ။ သူသုံးတဲ့ စကားအသုံးနှုန်းက လုံးဝ ဘောင်မကျော်ဘဲ မေးတဲ့သူ ရှောင်ကွက်မရှိအောင် ပြန်ဖြေတဲ့အတွက် မြန်မာသံရုံးကလူတွေလည်း သူ့ကိုမတွေ့ရဲတာ ဖြစ်မှာပါ :D ။ တခြားတက်ရောက်တဲ့ အကိုတွေ ၊ ဦးလေးတွေလည်း စကားပြောပြေပြေပြစ်ပြစ်နဲ့ လိုချင်တဲ့ point ကိုမိအောင် ရှင်းနိုင်ခဲ့ပါတယ်.. ။ confidence အပြည့်ရှိပြီး ဥပဒေနဲ့စကားပြောရင် အမှားလုပ်ထားသူက ရှောင်ကွက်မှမရှိတော့တာ … ။

စင်ကာပူမြေပေါ်မှာနေထိုင်ပြီးအလုပ်လုပ်နေကြတယ် .. ။ စင်ကာပူဥပဒေကိုလည်း ယုံကြည်လေးစားသလို မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ သံရုံးကလည်း ဒီနိုင်ငံမှာရှိတာကြောင့် စလုံးနယ်မြေပေါ်မှာ ဆောင်ရွက်ခိုင်းတာဆိုတဲ့ စကားက တော်တော်လေးထိပါတယ် … ။ လေးစားပါတယ် .. ။

သံအမတ်တွေကို လေးလေးစားစား ပင့်ခေါ်နေတာ ဘိုးတော်က ရှောင်ပြေးပြီး အခုချိန်ထိ ကြွမလာသေးပါဘူး .. ။ အလုပ်များနေလို့မတွေ့နိုင်သေးဘူးလို့တော့ ပြောပါတယ် .. ။ ဘာအလုပ်များနေလည်းတော့ မသိပါဘူး … ။

စကားမစပ် ကျမ တခါတည်းထည့်ပြောချင်တာက ဒီအခွန်ကိစ္စစဆောင်ရွက်တုန်းက လွဲမှားတဲ့ သတင်းပေါင်းများစွာ ထွက်ရှိနေခဲ့ပါတယ် .. ။ နားလည်မှုလေးလွဲပြီး မြန်မာစကား ချော်သွားတာပါ .. ။ အဓိက ပြောချင်တာက ဒါကနိုင်ငံရေးမဟုတ်တဲ့ တောင်းဆိုချက်ဖြစ်နေတာကြောင့် ဒီကိစ္စနဲ့ပတ်သတ်ပြီး မလန့်ကြပါနဲ့ .. ။ ဒါတွေလုပ်နေတာကြောင့် အစိုးရက တစ်ခြားနေရာမှာ ပြဿနာရှာမယ်လို့ မဆီမဆိုင် ကြံဖန်တွေးပူနေတဲ့ လူကြီးမင်းများလည်း မလိုအပ်တာ မစိုးရိမ်ပါနဲ့ .. ။ မြန်မာပြည်က လမ်းတွေလိုပေါ့ .. ။ တစ်နေရာသွားရင် ချောက်တွေရော ၊ ချိုင့်တွေရော ၊ ရေအိုင်တွေရော ၊ ဗွက်တွေရော အကုန်လုံးကို ကျော်ဖြတ်ြပီးမှ ကိုယ်လိုချင်တဲ့ ခရီးပန်းတိုင်ကို နောက်ဆုံးရောက်တာပဲ .. ။ အဲဒီလမ်းလိုပဲ ပြင်ပလောကမှာလည်း ရင်ဆိုင်ကျော်ဖြတ်ရမှာပါပဲ ..။

Read More...