ကျေးငှက်သံလေးများ တစာစာဖြင့် ညံနေသော မနက်ခင်းတစ်ခုမှာ အိပ်မှုန်စုံမွှားဖြစ်နေသော ကျွန်မ ဖုန်းသံသီချင်းလေးခပ်တိုးတိုးထွက်ပေါ်နေတာကို လက်နဲ့မမြင်မစမ်း ဆွဲယူလိုက်ပြီး မဖွင့်နိုင်သေးသော နှုတ်ခမ်းဖျားတွေကို ကြိုးစားဖွင့်ယူလိုက်ရသည်။
“မောနင်း ညီမ နေကောင်းလား”
ကြည်လင်သော ချစ်သူအသံကိုကြားရချင်း စိတ်ကတော့လန်းသွားပြီး လူကတော့ မထချင်သေး .. ။ မနက်တိုင်း အိပ်ရေးဝချိန်လောက်မှ ဖုန်းဖြင့် အိပ်ယာလှမ်းနှိုးတတ်သော ချစ်သူအကြောင်း သိပြီးသားမို့ အိပ်ယာထထချင်း မသဲကွဲသော အသံစူးစူးဖြင့်သာ
“မောနင်း ကိုကို … ။ နေကောင်းပါတယ် .. ။ ကိုကိုဘယ်အချိန်ကတည်းကနိုးလဲ”
“နိုးတာကြာနေပြီ။ ကိုယ်အလုပ်တွေလုပ်နေတယ်။ ညီမ မနက်စားစားဖို့ မမေ့နဲ့နော်။ ပြီးရင် လုပ်စရာရှိတာလုပ်ပြီး လိမ္မာအောင်နေ”
အဲဒီလိုပြောသံတွေကြားရတိုင်း ကျွန်မစိတ်ထဲကနေ “ဟွန်းးးးးး ငါ့ကိုအမြဲဒါချည်းပဲမှာနေတယ်”ဆိုပြီး စူပုပ်ပုပ်ဖြစ်နေရသည်။
အပြင်ပန်းမှာတော့ “ဟုတ်ကဲ့ကိုကို။ စိတ်ချနော်။ ညီမ လုပ်စရာရှိတာအကုန်လုပ်ပြီး ကောင်းကောင်းနေပါတယ် . ပြီးတော့ ………….. ”
ဆွဲဆန့်ထားသော စကားသံကို တစ်ဖက်မှ “ပြီးတော့ ဘာဖြစ်လဲ ညီမ”
“ပြီးတော့ သတိရနေမယ်လို့ ”
ခပ်တိုးတိုးချွဲမယ်ကြံစည်ပြီး နောက်စကားတစ်ခွန်းထပ်စမယ်ဆိုကာမှ “ကိုယ်လည်း အမြဲသတိရပါတယ် .. ။ အဲ ညီမ နောက်မှ ကိုယ်ဖုန်းပြန်ခေါ်လိုက်မယ် .. ။ ဒီမှာ Business Call တစ်ခု လာနေလို့နော် .. ။ မနက်စာ သေချာစားနော် ဘိုင်ဘိုင်”
“အမ်”
ကျွန်မ နှုတ်မှခပ်တိုးတိုးသာထွက်သွားသော စကားသံတောင်မဆုံးခင် တစ်ဖက်မှတော့ ဖုန်းကချသွားပြီ ဖြစ်သည်။ သက်ပြင်းတစ်ချက် ခပ်တိုးတိုးသာချလိုက်ပြီး အလုပ်များလွန်းလှသော သူ့ကို နားလည်ပေးလိုက်ပြီး အိပ်ရာမှထ ၊ မျက်နှာသစ် ၊ သွားတိုက်ရင်း မှန်ရှေ့ ၁၀မိနစ်လောက် ခဏထိုင်ရင်း တစ်နေ့တာ အစီစဉ်တွေကို စပြီးဆွဲရသည် .. ။ အချိန်သိပ်မလင့်ခင်မှာပဲ ကျွန်မကြိုက်တတ်သော ဘီစကစ်တွေယူ ၊ ကော်ဖီတစ်ခွက်ဖျော်ဖို့ လုပ်မှ
“ဟိုက် ထည့်ဖို့နို့မရှိပါလား”
ဘလက်ကော်ဖီတော့ ကျွန်မလည်း မသောက်နိုင် ။ စိတ်အချဉ်ပေါက်ပေါက်ဖြင့် “ဒီအိမ်မှာလည်း ပစ္စည်းတစ်ခုခု ငါဝယ်ဖို့များမေ့နေရင် ဘယ်သူမှ သတိမရဘူး။ ဟူးးးးးး မောတယ် မောတယ်”
စိတ်ကမောတယ်လို့ ကျွန်မရေရွတ်နေရင်း စားစရာရှိတာကိုပဲ မြန်မြန်ဖြစ်သလို စားလိုက်ပြီး တံမြက်စည်းကို စကိုင်လိုက်သည်။ တစ်အိမ်လုံးကို တစ်ခန်းမှမကျန်အောင် လှည်းကျင်းပြီးချိန်မှ ဖုန်စုပ်ယူပြီး မတော်မဆ ကျတတ်သော ချောင်ထဲမှ အမှိုက်စတွေကိုပါ ဆွဲထုတ်ရသည် .. ။ ကုတင်ပေါ်မှာ မိဘတွေနှင့် အဒေါ်တွေ ချွတ်ထားခဲ့သော အကျီတွေကို လျှော်မည့်ထဲ အကုန်ထည့်ရင်း လက်ကလည်း ရှင်းစရာရှိတာကို ခပ်သွက်သွက်လေး ရှင်းလိုက်သည် .. ။
“လင်းလက် ကလောင်တံ ထက်လား မထက်လားတော့ မသိဘူး .. ။ အိမ်အလုပ်တွေလုပ်တဲ့ လက်ကတော့ သွက်သထက် ပိုသွက်နေပြီ သူငယ်ချင်းတို့ရေ”
ခပ်တိုးတိုးရွတ်ရင်း ကျွန်မဘလော့ခ်လေးကို လွမ်းမိပြန်သည် .. ။ ကျွန်မ၏ ခံစားချက်အစစ် ၊ ဆန္ဒအစစ်တို့ ပေါင်းစပ်ထားသော http://linletkyalsin.blogspot.com ဘလော့ခ်လေးကို ကျွန်မ သိပ်မြတ်နိုးတွယ်တာသည်။ ထိုဘလော့ခ်လေးအတွက် ကျွန်မ တစ်ခုခုဆက်ရေးမည်ဆိုပြီး စိတ်ထဲတွေးနေတာတော့ ကြာပါပြီ ..။ လက်ကတော့ ဘယ်တော့မှ ရောက်မှာလဲဆိုတာ ကျွန်မ မသိရှိနိုင်သေး ။ ခင်မင်ရသော မိတ်ဆွေ ၊ သူငယ်ချင်း ဘလော့ခ်တွေ ၊ အင်တာနက်စာမျက်နှာတွေ ကျွန်မနှင့် ဝေးကွာနေခဲ့တာ ကြာနေပြီဆိုတာတွေးရင်း ပင်ပန်းနေသော စိတ်တွေကလည်း မလှည့်နိုင်သေး .. ။
အတွေးတွေကို ဆက်မတွေးနိုင်ဘဲ ဈေးထဲဆင်းဖို့ ပြင်ရပြန်သည်။ နေနည်းနည်းမြင့်သွားရင် ပစ္စည်းအကျန်တွေ ရတာ ကျွန်မ မကြိုက်သလို ကျွန်မ မေမေကလည်း ဆူမှာကို ကြိုသိနေသည်။ ရပ်ကွက်ဈေးထဲဆင်းရင်း ၀ယ်ရမည့်ဟင်းလျာစဉ်းစားရတာလည်း စာတစ်ပုဒ်ရေးတာထက် အဆပေါင်းများစွာ ပိုခက်သည် .. ။ မဆီမဆိုင် အတွေးထဲမှလည်း ယောက်ျားယူရမှာ ကြောက်မိပြန်သည်။ ကိုယ့်နိုင်ငံလည်းမဟုတ်သည့်အပြင် ၊ ၀ယ်ခြမ်းရတာ သိပ်အဆင်မပြေလှတာနှင့် တစ်နေ့တစ်နေ့ ဟင်းမထပ်အောင် စဉ်းစားရသော ဦးနှောက်လည်း Accounts တွေကို တွက်ချက်ရတာထက် ပိုခေါင်းခြောက်ရသည်။
မြန်မာပြည်မှာနေစဉ်က ကျွန်မ ဘယ်တုန်းကမှ ဈေးထဲမဆင်းခဲ့ .. ။ ခြေထောက်ကလေးတွေ ပေသွားမှာ ၊ ချွေးနံ့တွေပြည့်နေသော အိမ်ရှင်မကြီးတွေကြား သွားရမှာကို ကျွန်မ သိပ်ကြောက်ပါသည် .. ။ အထပ်ထပ် ပြုပြင်ထားရသော ဆံပင်တွေမှာ ငါးနံ့တွေစွဲသွားမှာ ကျွန်မ သိပ်ကြောက်ပါသည် .. ။ အမိမြေနဲ့ ခွဲခွာပြီး တော်ရာမှာ ခြေလာချချိန်မှာတော့ ဒါတွေကို ခ၀ါချပြီး ဈေးဆိုတာတော့ ကျွန်မနှင့် အလွန်ရင်းနှီးနေပြီ ။ ရန်ကုန်မှာနေစဉ်က ကိုယ့်ထမင်းပန်းကန်လောက်သာ ဆေးလေ့ရှိသော အကျင့်တွေက အခုတော့ တစ်အိမ်လုံးတာဝန် ကိုယ့်ခေါင်းပေါ်ချည်း ပုံနေခဲ့ပြီ ။ တိုးကျပ်နေသော လူတွေကြားမှာ ၀ယ်ခြမ်းစရာရှိတာ ၀ယ်ပြီး အိမ်ကိုခပ်သွက်သွက်ပြန်လာကာ ပစ္စည်းတွေကို သူ့နေရာနဲ့သူ ရေခဲသေတ္တာထဲ ထည့်ရင်း နဖူးမှ ချွေးကို သုတ်ရသည် ။
ကွန်ပြူတာကိုသာ ကစားလေ့ရှိသော လက်တွေက ပန်းဥယျာဉ်မြို့တော်ရောက်မှ အသားငါး ၊ အသီးအရွက်တွေဖြင့်သာ လုံးလည်ချာလည် လိုက်နေရသည် ။ ကျောင်းမသွားခင် အပြီးစီစဉ်ရမှာမို့ ကျွန်မ ချက်တတ်လောက်သော အသီးအရွက်တစ်ချို့ကိုသာ ကြော်ချက်လိုက်ပြီး ငါးတွေကိုတော့ နနွင်း ၊ ဆားတွေ နယ်ကာ ရေခဲသေတ္တာထဲ ထည့်ထားလိုက်သည် .. ။ မီးဖိုချောင်ကို ရှင်းရချိန်ကတော့ အချိန်အကြာဆုံး ဖြစ်သည် .. ။ အိုးခွက်တွေ ဆေးကြော ၊ လှည်းကျင်း ၊ ကြမ်းပြင်ကို ဖြူဖွေးအောင်တိုက်ပြီးချိန်မှာ ကျွန်မကျောင်းသွားဖို့ ပြင်ဆင်ချိန်ကလည်း နီးနေပြီ .. ။ နေ့လည်စာအတွက် အေးအေးဆေးဆေး ဇိမ်နဲ့လေပြေထိုး မစားနိုင်သေး ။ ဧည့်ခန်းစားပွဲပေါ်မှာ အိမ်သားတွေ ချချင်သလိုချသွားသော ပစ္စည်းတွေကိုလည်း သွက်သွက်လေး ပြန်ရှင်းရင်း တစ်အိမ်လုံးကြမ်းပြင်ကို ပြောင်လက်အောင် တိုက်ပြီးချိန်မှာ ချွေးများရွှဲနေပြီ … ။
နာရီကိုတစ်ချက်ကြည့်လိုက်ပြီး ရေချိုးခန်းထဲအမြန်ဝင်ပြီး ရေအေးအေးနဲ့ ခေါင်းလျှော် ၊ ရေချိုးပြီးချိန်မှာ လူက တော်တော်လေး ပြန်လန်းဆန်းသွားရသည်။ အလှပကို တအားကြိုက်သော ကျွန်မက ရေချိုးခန်းတစ်ခုလုံးမှာ ကျွန်မပစ္စည်းတွေနှင့်ချည်း နေရာအပြည့်ယူထားတာကို ဖေဖေနဲ့မေမေက မျက်လုံးနောက်သည် .. ။ မှန်ရှေ့မှာ ထိုင်ပြီး Toner မှတဆင့် နောက်ဆုံး Powder ရိုက်ပြီးချိန်မှာ နာရီလက်တံလေးကလည်း ခပ်မြန်မြန်ရွေ့နေပြီ .. ။ မျက်လုံးထောင့်တွေတော့ ကျွန်မ လိုက်နာဆွဲလေ့မရှိ . ။ အစိမ်းနုနုအရောင်လောက်သာ ခပ်ဖွဖွလေး တင်လေ့ရှိသည် .. ။ မှန်ရှေ့မှာ သေသေချာချာ ပြင်ပြီးချိန်မှာ အချိန်အများဆုံးပေးရသော ကျွန်မ ဆံပင်တွေအတွက် တချောင်းချင်း ရှင်းလင်းပြီး သေချာပြင်ရသည်မှာ အချိန်အလွန်ကြာသည် .. ။ ကျွန်မ ဆံပင်တွေကို တချိန်လုံးသနေသောကြောင့် ကျွန်မချစ်သူတောင် စနောက်လေ့ရှိသည် .. ။ အတွေးထဲမှာ သူ့ကို သတိရသွားပြီး နီးနီးလေးနှင့်ဝေးနေသော ကျွန်မတို့နှစ်ယောက်ဘ၀ကို တစ်ခါတစ်လေ စိတ်နာမိသည် .. ။
အားလုံးပြင်ဆင်ပြီး အကျီသေချာရွေးပြီးချိန်မှာ အိမ်သော့ခတ် ၊ ဘတ်စ်ကားဂိတ်ကို အမြန်ဆုံးခြေလှမ်းများဖြင့် ရွေ့ရတော့သည် … ။ ကျောင်းမှာတော့ ကျွန်မလိုပဲ သုတ်သုတ်လာနေကြသော ကျောင်းသားများအားလုံးကို ကြည့်ရင်း “ခြင်္သေ့ကျွန်းပေါ်မှစက်ရုပ်များ”ဟု ကျွန်မစိတ်ထဲမှ အမည်တိတ်တဆိတ်ပေးထားသည် ။ ကျောင်းမှ စာသင်ချိန်များကို ဂရုတစိုက်ဖြတ်ကျော်ရင်း ညနေမှောင်ရိပ်သန်းချိန်မှာ ပြီးဆုံးသွားသည် .. ။ တစ်နေ့တာ ဘယ်အချိန်ကိုအပျော်ဆုံးလဲမေးရင် ကျောင်းဆင်းချိန်ဟုဖြေလျှင် အားလုံးမျက်စောင်းထိုးမည်လား မသိ .. ။
ကျောင်းပေါ်ကဆင်းပြီး ကျောင်းရှေ့ထွက်လာချိန်မှာ မြင်လိုက်ရတဲ့ ပုံရိပ်တစ်ခုကြောင့် ကျွန်မ ဘယ်လောက်ပြုံးသွားလဲ မြင်သောသူသာ သိမယ်ထင်ပါတယ် .. ။ ညနေခင်းလေပြေကြားမှာ ချစ်သူနားရှိရချိန်က တစ်နေကုန်အမောများကို လွင့်သွားစေသည် .. ။ ညနေစာ တော်တော်များများကို သူနှင့်သာ အတူစားလေ့ရှိသော ကျွန်မ .. သူ မရှိသောနေ့ရက်များဆို ညနေစာတောင် စားချင်စိတ်မရှိတာကို ကျွန်မကို ချစ်သော ၊ ခင်သော ၊ လေးစားသောသူများသိလျှင် ရီမှာလား မသိ .. ။ ကိစ္စတော့မရှိ .. ။ တည်တံ့ပြီး အမြဲတမ်း မာနလေးတစ်ခုတင်ထားရသော ကျွန်မဘ၀မှာ လွတ်လပ်ခြင်းအပြည့်ဖြင့် စိတ်ထင်သလို နေရသောအချိန်က ဒီတစ်ချိန်သာရှိသည် .. ။
ကျွန်မမှာ တာဝန်တွေအများကြီးရှိနေသည် . ။ မိသားစုတာဝန် ၊ ကျွန်မလုပ်ချင်သော ရည်မှန်းချက်တာဝန် ၊ ကျွန်မတို့ ဆက်လက်တိုက်ပွဲဝင်ရဦးမည့် နိုင်ငံတော်တာဝန် … ။ ဒီတာဝန်တွေကြားမှာ တစ်ခါတစ်လေ အားလုံးကိုခ၀ါချပြီး ကလေးတစ်ယောက်လို အပြစ်ကင်းစင်စွာ ရီမောချင်သည် .. ။ အွန်လိုင်းနှင့် အပြင်လောက အားလုံးမှာ ကျွန်မကလည်း ပုန်းရှောင်နေလေ့မရှိတာနဲ့ မိတ်ဆွေအများကြားမှာ ကျွန်မပုံစံက လင်းလက်ကြယ်စင်၏ ပုံစံ … ။
သိပ်မိုးမချုပ်ခင် ပြန်ချိန်ရောက်တာနှင့် အိမ်ပြန်လမ်းအတိုင်း လှည့်ရသည် .. ။ နှုတ်ဆက်ထွက်ခွာသွားသော သူ့ပုံရိပ်ကိုကြည့်ရင်း ကျွန်မအိမ်ပေါ်တက်လာခဲ့သည် .. ။ ခဏအနားယူပြီးချိန်မှာ မိဘတွေနှင့် ခဏစကားပြောရင်း နောက်တစ်ရက်အတွက်ရော ၊ အခြားအ၀တ်အထည်များအားလုံးကိုပါ မီးပူတိုက်ဖို့ ပြင်ဆင်ရပြန်သည် .. ။ အတွေးထဲမှာတော့ ကျွန်မရေးချင်သော စာတွေက အပြည့် .. ။ လက်တွေကတော့ ဒီအလုပ်တွေကြားက မထွက်နိုင်သေး … ။ အပူချိန်ခပ်မြှင့်မြှင့်တင်ထားသော မီးပူကို တိုက်ရင်း စိတ်ကတော့ စားပွဲပေါ်မှာ အစီအရီဖြစ်နေသော မဖတ်ရသေးသော ကျွန်မစာအုပ်များကို ရောက်နေမိသည် .. ။ သံလွင်အိပ်မက် ဇူလိုင်အမှတ်အတွက် ဇူလိုင်၁၉အကြောင်းအနည်းငယ်ပါသော ဇတ်လမ်းလေး ရေးချင်စိတ်ဖြင့် ဟိုးအရင်လတွေကတည်းက ကျွန်မရှာယူထားသော စာအုပ်များစွာအပါအ၀င် ၊ လောဘတကြီး ၀ယ်ယူထားသော စာအုပ်ပုံများ ၊ ကျွန်မချစ်သူထံက အပိုင်စီးထားသော အိတ်၃လုံးဝင် စာအုပ်များ ….. ။ အကုန်လုံးက စာအုပ်စင်ပေါ်မှာ ပြည့်ကျပ်နေပြီး ကျွန်မတော့ ဘယ်စာအုပ်မှ ကောက်မကိုင်နိုင်သေးသော အဖြစ် .. ။ မနှစ်ကနှင့်မတူသော အဖြစ်ကိုတွေးမိတိုင်း စိတ်က ဘာကိုမကျေနပ်မှန်းမသိအောင် မကျေနပ်ဖြစ်နေရသည်။
အားလုံးလုပ်ပေးပြီးချိန်မှာ လက်ကျန်အဖြစ် ခွက်ယောက်များကိုဆေးကြောပြီး တဖန်ပြန်လည် သန့်ရှင်းရေးကို ခပ်မြန်မြန်လေး လုပ်လိုက်သည် .. ။ အားလုံးပြီးဆုံးသွားမှ ရေနွေးနွေးဖြင့် ရေသွက်သွက်ချိုးလိုက်ပြီး အိပ်ခန်းထဲမှာ ကျောင်းစာအချို့ကို လုပ်ရန် ပြင်ဆင်လိုက်သည် .. ။ ကျောင်းစာတော်တော်များများ ပြီးဆုံးသွားတော့ အိပ်ချိန်ရောက်တော့မည် .. ။ စားပွဲပေါ်မှာ ကျွန်မဖတ်ချင်သော စာအုပ်များထဲမှာ တစ်အုပ်တစ်အုပ်ကိုဆွဲယူပြီး တစ်ရွက် ၊ နှစ်ရွက်ကြည့်နေချိန်မှာ တစုံတခုကို ကျွန်မသတိရသွားသည် .. ။ မအိပ်ခင် ဖုန်းဆက်ဖို့ မေ့ရန်မဖြစ် .. ။ အတွေးနှင့်တပြိုင်နက် လက်ကိုင်ဖုန်းကို ယူလိုက်ချိန်မှာ ဦးသွားသော ဖုန်းသံကြောင့် ကျွန်မပြုံးမိသည် .. ။ စိတ်ချင်းဆက်နေသလား ထင်ရသော ကျွန်မတို့နှစ်ဦး ဖုန်းဆက်ရန် စိတ်ကူးကလည်း တစ်ချိန်တည်းမှာ အမြဲတူနေတာကို ခဏခဏတွေ့ကြုံရသည် ..။
ခဏခန့်စကားပြောပြီးချိန်မှာ ကျွန်မ မျက်ခွံတွေကလည်း လေးလှပြီ .. ။ အိပ်စက်ရန် မီးပိတ်ဖို့ ပြင်လိုက်ချိန်မှာပဲ
“သမီးရေ” ဟုခေါ်သံနှင့်အတူ ကျွန်မခြေလှမ်းတွေ အခန်းပြင်သို့ ခပ်သွက်သွက်ထွက်သွားရသည် .. ။ ထိုအချိန်မှာ ကျွန်မလက်ထဲမှာ အခုန ကိုင်ထားသော ကျွန်မ ဖတ်ချင်သော စာအုပ်နှင့် ၊ ကျွန်မဘလော့ခ်အတွက် စာမူကုန်ကြမ်းများကတော့ စာကြည့်စားပွဲပေါ်မှာ ဒီအတိုင်းလေးရှိနေဆဲ ……….. ။