Friday, January 05, 2007

Unforgettable Words

၁၉၄၇ခု ဇွန်လ ၁၀ရက်နေ့တွင် ဗိုလ်ချုပ်နောက်ဆုံးမိန့်ကြားခဲ့သော မိန့်ခွန်းများထဲမှ စကားတစ်ချို့ဖြစ်ပါသည်။

”ကျနော်တို့က တကယ်ဘဲ သုညကစပြီး အကုန်လုံးပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ်လုပ်ရမှာဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင် ၊ ကျနော်တို့က ခြေလှမ်း ၄၊၅၊၁၀ လှမ်းလိုက်နိုင်မှ အဲဒီလို လိုက်နိုင်တဲ့အခါကျမှ နောက်၁၀နှစ် အနှစ်၂၀တန်သည်အားဖြင့် အဲဒီလိုတန်းတူ ညီတူဖြစ်သွားမယ်။ တန်းတူ ညီတူ မဖြစ်သမျှကာလပတ်လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လပ်တယ်ဆိုပေမယ့် ဟိုလူမြင်တဲ့အခါမှာ မျက်နှာချိုသွေးရ ၊ ဒီလူမြင်တဲ့အခါ မျက်နှာချိုသွေးရနဲ့ ဖာသယ်လိုနိုင်ငံမျိုး ဖြစ်နေမှာဘဲဆိုတာ ခင်ဗျားတို့ အတိအလင်း နားလည်ထားစေချင်တယ်။ အားမှမရှိသေးတော့ အဲဒီလိုနိုင်ငံမျိုး ဖြစ်နေမှာဘဲ။ အဲဒီတော့ အင်မတန်ကို ကျနော်တို့ တခါထဲ ကျနော်တို့တိုင်းပြည်မှာရှိတဲ့ လူတွေ စည်းစည်းရုံးရုံးနဲ့ရှိပါမှ ဖာသယ်သဘောမျိုး နိုင်ငံမျိုးမဖြစ်ဘဲနေမှာ။

အဲဒီတော့ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး ၊ တိုင်းရင်းသားလူထု ညီညွတ်ရေး ၊ စားဖားသမားတွေ ညီညွတ်တာ ကျနော်မလိုချင်ပါဘူး။ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး ၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး ၊ အဲဒီညီညွတ်ရေး နှစ်ခုမရှိသမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက် ၊ ဘယ်အစိုးရလုပ်လုပ် ၊ ဖာသယ်တိုင်းပြည် ဖြစ်နေမှာဘဲလို့ ကျနော်ပြောချင်တယ်။ အဲဒီတော့ ဒီနှစ်ခုကို ခင်ဗျားတို့မပျက်စေနဲ့။ ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့။ အဲဒါ အင်မတန် အရေးကြီးပါတယ်။

ယခုဖြစ်နေတဲ့ အခြေအနေမှာဆိုရင် လွတ်လပ်ရေးကိစ္စနဲ့ ကျနော်မြင်တာပြောရမယ်ဆိုရင် လွတ်လပ်ရေးဟာ ရဖိုကအခြေအနေတော့ တော်တော်များပါတယ်ဆိုတာ ကျနော်ပြောချင်ပါတယ်။ သို့ပေမယ့် ဗမာစကားလည်း ရှိတယ်။ အင်္ဂလိပ်စကားလည်းရှိတယ်။ အင်္ဂလိပ်စကားကတော့ Don’t halloo till you are out of the wood အရင်တစ်ခါလည်း ကျနော်ပြောပြီးသွားပါပြီ။ စစ်ပွဲကြီးအတွင်းက တောကြီးမျက်မဲအတွင်းက မထွက်မိခင် ငါတော့ ဘေးလွတ်ပြီလို့ မအော်ပါနဲ့ဆိုတဲ့သဘောမျိုးဘဲ။ အဲဒီအတိုင်းပဲ။ ကျနော်က တစ်ခါ ခြင်္သေ့မင်းဥပမာကို ပြောရမယ်ဆိုရင် ခြင်္သေ့မင်းများဟာ တောကောင်ကို လိုက်တဲ့နေရာမှာ ကြီးတာငယ်တာ ပဓာနမထားဘဲနဲ့ ၊ ကြီးကြီးငယ်ငယ် လုံ့လစိုက်တဲ့ နေရာမှာ အဲဒီအတိုင်းဘဲ လုံ့လစိုက်သွားတယ်။ အဲဒီလို ထုံးအတိုင်းဘဲ ကျနော်တို့က ပန်းတိုင်ရောက်တဲ့အထိ အောင်မြင်လာတဲ့တိုင်အောင် ကျနော်တို့က ကြိုးစားမှု ၊ အားထုတ်မှုကို လျှော့လို့မဖြစ်နိုင်ဘူး။ လုံ့လ၀ီရိယကို လျှော့လို့မဖြစ်နိုင်ဘူး။ ဆထက်ထမ်းပိုးသာ ကျနော်တို့လုပ်ဖို့လိုတယ်။

ကျနော်တို့ဗမာတွေမှာ စောက်ကျင့်တစ်ခုရှိတယ်။ ဘာစောက်ကျင့်တခုရှိသလည်းဆိုရင် ဒါကလည်းဘဲ ကျနော်တို့ ကျွန်ဖြစ်ခဲ့ကြရတဲ့အတွက် ဖြစ်ချင်ဖြစ်မယ်။ ကျနော် ဂျပန်ခေတ်တုန်းက ပုသိမ်ဖက်ကို သွားတဲ့အခါ လှေပြိုင်ပွဲတစ်ခုရှိတယ်။ လှေပြိုင်ပွဲလုပ်ခဲ့တယ်။ လှေပြိုင်ပွဲလုပ်တဲ့အခါမှာ ဘာဖြစ်သလည်းဆိုတော့ လှေတွေ ပြိုင်လိုက်တာ နှစ်စင်းပြိုင်တဲ့အခါမှာ နိုင်တဲ့အစင်းက ပန်းတိုင်မရောက်သေးဘူး။ ရှေ့ကို နဲနဲရောက်တယ်ဆိုရင်ဘဲ တက်ထောင်တယ်။ ကြွားတယ်။ တခါ ရှုံးတဲ့အနောက်က နေတဲ့လှေကလည်းဘဲ ပန်းတိုင်မရောက်သေးဘူး။ ကြိုးစားချင် ကြိုးစားနိုင်သေးတယ်။ မကြိုးစားတော့ဘူး။ ရှုံးတော့မှာပါပဲကွာဆိုပြီး ခြေပစ်လက်ပစ်နဲ့ တယ်မခတ်ချင်တော့ဘူး။ ဒါဟာ ဘာလည်းဆိုရင် တကယ့်တိုင်းပြည်ထူထောင်တဲ့နေရာမှာ လွတ်လပ်တဲ့ လူမျိုးနဲ့ ထိုက်တန်တဲ့ စိတ်ဓါတ်မျိုးမဟုတ်ဘူး။ အဲဒီစိတ်ဓါတ်မျိုးဟာ ကျွန်ဖြစ်မယ့် စိတ်ဓါတ်မျိုး ၊ ကျွန်ရဲ့ စိတ်ဓါတ်မျိုး ၊ ဒီစိတ်ဓါတ်မျိုး ရှိနေသမျှကာလပတ်လုံး ကျူပ်တို့ဗမာတွေ ကျွန်ဖြစ်နေမှာဘဲ။ လွတ်လပ်ရေး၇ရင်လည်း မြန်မြန် ကျွန်ပြန်ဖြစ်မှာဘဲ။ နောက်ဆုံးတစ်နေ့ မရှုံးတဲ့တိုင်အောင် ကျွန်မဖြစ်တဲ့တိုင်အောင် ၊ ခုနကလို ဖာသယ် လွတ်လပ်ရေးဖြစ်နေမှာဘဲ။ ဘာလို့လည်းဆိုရင် အကျင့်က အဲဒီလို နဲနဲလေးနိုင်လာတယ် ၊ သာလာတယ်ဆိုရင် တက်ထောင်ချင်တဲ့ အကျင့်ရှိတယ်။ လှေတစ်စင်းဟာ အဲဒီလို ရှေ့ကလာလို့ တက်ထောင်မိတာနဲ့ ပွဲတစ်ပွဲမှာ ရှုံးကိုသွားတယ်။ အဲဒီလိုဖြစ်တယ်။

ပြီးတော့ ဘောလုံးပွဲကိုကြည့်။ ကျနော်တို့ဗမာတွေ ဘောလုံးပွဲမှာ ကန်ကြတဲ့အခါမှာဆို၇င် ကိုယ်က ပထမ စဂိုးသွင်းရတယ်ဆိုရင် အတော်အားတက်လာတယ်။ အားတက်လာတာနဲ့ ၊ ကန်တာနဲ့ ၊ ပြုတာနဲ့ နောက်တစ်ခါ အဲဒီလိုဖြစ်လာတဲ့အခါမှာ တော်တော်လေး ဂိုးလေားများတယ်ဆိုရင် လျှော့လျှော့ပေါ့ပေါ့ကန်ချင်လာကြတယ်။ ငါနိုင်မှာဘဲဆိုပြီး အဲဒါနဲ့နေပြီး တစ်ဖက်ကနေ နောက်ဆုံးအပြီးသတ်မှာ ကပ်ပြီး ပြန်ပြီးတော့ ဂိုးသွင်းသွားလို့ သရေဖြစ်ဖြစ် ၊ ရှုံးတာဖြစ်ဖြစ် ၊ ဖြစ်သွားတာမျိုးလည်း ကျနော်တို့ဘောလုံးရာဇ၀င်ပွဲမှာ ခင်ဗျားတို့ ပြန်စဉ်းစား၇င်တော့ တွေ့မှာဘဲ။ ဒါတင်မကသေးဘူး ဒီရှုံးသွားတဲ့ လူကလည်း ဘောလုံးကန်ရင် ပထမအပိုင်း နာရီဝက်မှာ ရှုံးသွားရင် တော်ပါသေးရဲ့။ ကျန်သေးတဲ့ ဒုတိယနာရီဝက်မှာကန်လို့ ၁၀မိနစ်လောက်ကြာတော့ ကိုယ့်ဖက်က ဂိုးမသွင်းနိုင်ဘူးဆိုရင် အဲဒီအခါကျရင် လူကိုချတယ်။ ဒါ ကျနော်တို့ ဗမာဘောလုံးကျန်တဲ့ ဘောလုံးပွဲအကျင့်ဘဲ။ အဲဒါ sporting spirit မရှိဘူး။ ဒါဘာလည်းဆိုရင် ဗမာတွေ စိတ်ထဲမှာ ဗမာတွေဟာ စိတ်ထက်တယ် ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတယ်ဆိုတာနဲ့ အတူတူပဲ။ ဒီစကားဟာ ဒီနေရာမှာ သုံးဖို့ဟာတွေဘဲ။ ဗမာတွေ စိတ်ဓါတ်က မဟုတ်တဲ့နေရာမှာ သွားပြီးကောင်းနေတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး။ ဗမာပြည်လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ အသုံးမကျဘူး။ ဗမာပြည် ပြန်လည်ထူထောင်ရေးလုပ်တဲ့နေရာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။ အဲဒါမျိုးတွေ လုပ်ချင်တယ်။ ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည်မထူထောင်နိုင်ဘူး။ ဒီတိုင်းပြည် မလွတ်လပ်နိုင်ဘူး။ လွတ်လပ်၇င်လည်း ဘယ်တော့မှ ကျကျနန လွတ်လပ်ရေးမဖြစ်နိုင်ဘူး။

အဲဒီတော့ ကျနော်တို့ အဲဒီလိုစိတ်ဓါတ်မျိုးကို လုံးဝဖျောက်ပစ်ဖို့လိုတယ်။ ကျနော်တို့ဟာ ဘာအလုပ်ဘဲလုပ်လုပ် ၊ နောက်ဆုံးတစ်နေ့ပြီးတဲ့အချိန်မှာ ရှုံးမယ်ထင်သည်ဖြစ်စေ ၊ နိုင်မယ်ထင်သည်ဖြစ်စေ ၊ မလျှော့တမ်း ဇွဲနဲ့ လုပ်သွားရမယ်။ စစ်တိုက်တဲ့နေရာမှာလည်း အဲဒီအတိုင်းသွားရမယ်။”

3 comments:

သက်စံ said...

ကောင်းတယ်။ ဗိုလ်ချူပ်မိန့်ခွန်း ဘယ်အချိန်ဖတ်ဖတ် ကြိုက်တယ်။ လုံးဝမရိုးဘူး။
ကိုယ်လိုနေတာလဲ မြင်ရတယ်။ကောင်းတယ်။

Unknown said...

"This is our leader! We need the leader like that for our country. But we cannot get another one. Because he is General Aung San and he is the One."

ukyaw said...

thank you very much that Aung Sann is still in ur heart !
u guys should behave what does aung sann did and what he wanted to be for our country .
there is no like him ! correct . But it is not gonna b complete just saying like this

So"LET'S STAND TOGETHER AS ONE "


recently I have some cloths collected from some myanmar and some of my colleagues here . But I cant' use the transportation to send those things into myanmar !cos my income here is too less to do so . Can anyone help me ?

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။