Thursday, July 31, 2008
မုန်တိုင်းဒုက္ခသည်များအတွက် စေတနာထက်သန်စွာ လှူဒါန်းခဲ့ကြသော စင်္ကာပူရောက် မြန်မာများအား ကျေးဇူးတင်မှတ်တမ်းလွှာ
Posted by လင်းလက်ကြယ်စင် at 4:27 PM 2 comments Links to this post
Labels: Photos
၈.၈.၈၈ နှလုံးသားမဲ့ လက်မရွံ့ လူသတ်ပွဲ
Posted by လင်းလက်ကြယ်စင် at 10:34 AM 6 comments Links to this post
Labels: Videos
Wednesday, July 23, 2008
ရွက်ဝါလေးများ .. လွင့်မျောချိန်
`နှုတ်ဆက်ခြင်းဆိုတာ
အပြီးပိုင် ခွဲခွာခြင်းအတွက်သာဆိုရင်
(ငါ)နှုတ်မဆက်တော့ဘူး သူငယ်ချင်း´
သူတို့မျက်လုံးတွေက ခံစားမှုများ ပြည့်နှက်ကာ ယုံကြည်ခြင်းအပြည့်ဖြင့် စိတ်အားထက်သန်လျက် … ။ သဲတစ်ပွင့်သာသာ လက်တွဲဆောင်ရွက်ခဲ့သော ယုံကြည်ချက်တွေက သူတို့ဘ၀ကို တစ်ဆစ်ချိုးကွေ့ပြောင်းခဲ့လေပြီ .. ။ ရွက်ဝါတွေ ကြွေလွင့်ချိန်မှာ မျက်ရည်စိုစိုဖြင့် ဆုံးဖြတ်ချက်ခိုင်မာစွာ လုပ်ဆောင်ခဲ့ခြင်းအတွက် ဖြစ်ပေါ်လာမည့် အကျိုးဆက်အားလုံးကို သူတို့ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသား။
ထိုနေ့က မိုးကောင်းကင်မှ မိုးစက်မိုးပေါက်များက တစ်နိုင်ငံလုံးကို ခပ်သည်းသည်း ဖြန်းပက်နေခဲ့သည် .. ။ ကောင်းကင်တစ်ခွင်လုံး မည်းနက်နေပုံကို စိတ်အလိုမကျ အနည်းငယ်ဖြစ်နေသော ကျွန်မနားထဲမှာ အဆက်မပြတ် ပစ်ခတ်နေသော မိုးကြိုးပစ်သံများထက် ဆိုးရွားသော သတင်းများကို ကြားသိရချိန် ပြင်ဆင်ပြီးသား ဖြစ်သော်လည်း ရုတ်တရက်မို့ ဆွံ့အစွာ နင့်ခနဲ ရင်မှာလှိုက်ခတ်သွားသည်။
သူတို့ကို ကျွန်မ သိခဲ့သော သက်တမ်းက သိပ်မကြာလှသေး .. ။ စကားတွေအများကြီး ဖောင်းပွပြီး ကျွန်မတို့ မသိကျွမ်းခဲ့ .. ။ အလုပ်အတူတွဲလုပ်ရင်းသာ ပြင်းပျသော စိတ်ဓာတ်တူသူချင်း ၊ အပြန်အလှန် နားလည်ကာ ရဲဘော်ရဲဘက်စိတ်မျိုး အပြည့်မွေးခဲ့ကြသည် .. ။ ရင်ဆိုင်ရမည့် အကျိုးဆက်များအားလုံးကို အတူတကွ ဖြတ်သန်းမည်ဆိုသော စိတ်များအပြည့်ဖြင့် မိမိယုံကြည်ရာကိုသာ အတတ်နိုင်ဆုံး လျှောက်လှမ်းခဲ့ကြသည်။ ကျွန်မထက် အဆပေါင်းများစွာ ပိုမိုလုပ်ဆောင်ပေးနိုင်ခဲ့သော သူတို့ကို စကားလုံးတွေဖြင့် ကျွန်မ ကျေးဇူးတင်ကြောင်း မဖွဲ့ဆိုခဲ့ .. ။ ဒါပေမယ့် … နက်ရှိုင်းလှသော ရင်တွင်းတစ်နေရာ .. ဖြူစင်သန့်ရှင်း ခိုင်မြဲသော ယုံကြည်ခြင်း ကျောက်စာတွေက အလိုလိုထိုးထွင်းထားပြီးသားဆိုတာ အပြန်အလှန် သိခဲ့ကြပါရဲ့။

`လူတွေစိတ်ကြိုက်သတ်မှတ်နေတဲ့
တရားဥပဒေ ၊ စည်းမျဉ်းတွေဆိုတာ
စာအုပ်တစ်အုပ်ရဲ့ပြဌာန်းချက်တွေပါ ..
အမှန်တရားသစ္စာ စည်းမျဉ်းဥပဒေဆိုတာ
ဘယ်သူ့မျက်နှာမှ မကြည့်တတ်တဲ့
သဘာဝတရားကြီးမှာပဲ ရှိပါတယ် သူငယ်ချင်း´
`လူသားဆန်တဲ့စိတ်ဓာတ်နဲ့
အသက်ဆက်ရှင်နေမယ့် ငါတို့နှလုံးသားတွေဟာ
ဖန်တီးချင်တိုင်း ဖန်တီးနေတဲ့ စာနာမဲ့အာဏာရှင်များအောက်
ဘယ်တော့မှ မပျောက်ဆုံးသွားဘူး သူငယ်ချင်း´
နေညိုညိုညနေခင်းမှာ ငါတို့လက်တွဲပြီး အဲဒီလမ်းပေါ် အတူတကွ လျှောက်လှမ်းခဲ့တယ် .. ။ ငါတို့အားလုံးမှာ တူညီတဲ့ နှလုံးသားတစ်စုံနဲ့ ခိုင်မာတဲ့ ယုံကြည်ချက်တစ်ခုကို အသက်သွင်းပြီး အချင်းချင်း သစ္စာဆိုပြီးသား ဖြစ်ခဲ့တယ်။ လူသားဆန်တဲ့ အသဲနှလုံးဟာ ဘယ်အာဏာရှင်ကမှ သတ်လို့ မသေပါဘူး သူငယ်ချင်း . ။ ဘယ်အာဏာရှင်ကမှ လူသားဆန်တဲ့ အသဲနှလုံးကို ရင်တွင်းကနေ မောင်းထုတ်လို့ မရပါဘူး သူငယ်ချင်း .. ။
`မုန်တိုင်းတိုက်လို့ ငါတို့ပြည်သူတွေ
ဒုက္ခပေါင်းများစွာ ဝေနေချိန်
မဖြစ်စလောက် ငွေစကလေးနဲ့
ငါတို့ ဘယ်သူ့ပေးရမလဲ ဖြစ်နေချိန်
ကြမ်းတမ်းလှတဲ့ ခရီးဝေးကြီးတစ်ခုကို
မင်းတို့ကိုယ်တိုင် အမှီရောက်အောင်သွား
အတတ်နိုင်ဆုံး ကူညီပေးခဲ့တာတွေ
ငါတို့ရင်ထဲ ဘယ်တော့မှ မမေ့ပါဘူး သူငယ်ချင်း´
`ငါတို့လမ်းမပေါ်ထွက်ချိန်
နှုတ်ပိတ်ဆိတ်ဆိတ်နေသူတွေကို
ငါတို့လေးစားမှုပေး ဘာမှမပြောပေမယ့်
နောက်ကွယ်ကနေ ဓားနဲ့ထိုးသူတွေကိုတော့
နှုတ်က မဖွင့်ဟချင်ခဲ့ပေမယ့်
ငါ့အသဲနှလုံးဟာ နာနေတုန်းပဲ သူငယ်ချင်း´
ဘ၀မှာ ဘာပဲလုပ်လုပ် အရေးကြီးဆုံးက မိမိစိတ်စေတနာ ဖြူစင်သန့်ရှင်းဖို့ လိုတယ်လို့ပဲ ငါယုံကြည်ထားတယ် သူငယ်ချင်း.. ။ သေချာတာတော့ … အတတ်နိုင်ဆုံး လုပ်ဆောင်ပေးခဲ့တဲ့ သဲတစ်ပွင့်သာသာလေးတွေအတွက် ငါတို့ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး။ ဖယောင်းတိုင်လေး ထွန်းညှိ ၊ ၀မ်းနည်းခြင်းအထိမ်းအမှတ် ပန်းလေးတစ်ပွင့် ချရုံနဲ့ မိုးပြိုမတတ် ဟိန်းထွက်လာတဲ့ စက်ရုပ်တွေအသံကြား .. ခံစားမှုအသဲနှလုံးဆိုတာ ရင့်ကျက်ထားဖို့တော့ လိုလိမ့်မယ် ။
`အမှန်တရား ဥပဒေဆိုတာ
လူတစ်ယောက်ဘ၀တစ်ခုလုံးကို
အာဏာရှင်တွေအတ္တနဲ့ ချုပ်နှောင်ထားလို့မရဘူး သူငယ်ချင်း … ´
`အတူလက်တွဲခဲ့ကြသူတွေမို့
နေရာဒေသတွေမကွဲချင်ပေမယ့်
သွားနှင့်ဦးပေါ့ သူငယ်ချင်းရေ …
လွင့်မျောသွားတဲ့ ရွက်ဝါတစ်ရွက်ပြီးရင်
နောက်တစ်ရွက်အလှည့်ပေါ့ …
အလှည့်တွေဆက်ပြီးရင်းဆက်
ငါ့ရွက်ဝါလေးအလှည့်လည်း
မကျိန်းသေ မဝေးတော့ …
ဘယ်နေရာ ဘယ်ဒေသတွေပဲရောက်ရောက်
အဆိုးဆုံးကိုပြင်ဆင်ရင်း
အကောင်းဆုံးကိုကြိုးစား
မိခင်ဌာနီရင်ခွင်မှာ ငါတို့တစ်နေ့ပြန်ဆုံကြမှာပေါ့´
(နေထိုင်ခွင့် သက်တမ်းတိုးခွင့်မရ၍ ထွက်ခွာသွားရတော့မည့် မိတ်ဆွေအချို့နှင့် နိုင်ငံအတွင်း အ၀င်အထွက်လက်မှတ် တိုးခွင့်မရသော မိတ်ဆွေများသို့ … )
Posted by လင်းလက်ကြယ်စင် at 5:11 PM 10 comments Links to this post
Labels: True Feelings
တုနှိုင်းမဲ့ … မေတ္တာရှင်
မျက်ဝန်းတွေကို မော့ကြည့်လိုက်တိုင်း
အကြင်နာတွေ ယှက်ဖြာ
သမီးတွေအနာဂတ်အတွက်
အစဉ်အမြဲ အလင်းရောင်ပေးနေခဲ့တဲ့
တုနှိုင်းမဲ့ မေတ္တာရှင် မေမေ … ။
အစဉ်အမြဲစီးဆင်းနေတဲ့စမ်းချောင်းလေးလို
နွေးထွေးမှုအစဉ် ထွန်းလင်းပေးတဲ့ နေရောင်ခြည်လို
အေးမြခြင်းအရိပ်လွှမ်းခြုံပေးတဲ့ လအရိပ်လို
ဖြူစင်မြင့်မြတ်တဲ့ မေမေ့ မေတ္တာတရားတွေ
သားသမီးတွေအတွက် အမြဲ လင်းဖြာပေးနေဆဲ .. ။
မချိုမြိန်တဲ့ ဘ၀လောကဓံအလယ်
ခါးသီးခြင်းကံကြမ္မာအခက်ခဲများအောက်
လဲကျသွားတိုင်း ပြန်ထရင်း
ရဲရဲရင့်ရင့်ဆက်လျှောက်နိုင်ဖို့
ခွန်အားသစ်တွေ မေမေအမြဲပေးခဲ့တယ် .. ။
ရက်စက်ကြမ်းကြုတ်သူများအလယ်
အမှန်တရားနဲ့ရက်စက်ရိုင်းစိုင်းခြင်းများ
အသိပညာအလိမ္မာနှင့်ခွဲခြားသိမြင်
သွန်သင်ဆုံးမရှင်းလင်းပြောဆိုရင်း
ဘ၀ရဲ့ အမှန်တရားမီးအိမ်
မေမေ ထွန်းညှိပေးခဲ့တယ် .. ။
အပေါ်ယံအချိုသကြားအုပ်ကာ
အတွင်းကဆေးခါးကြီးဖုံးထားသူများနှင့်
တွေ့ကြုံဆက်ဆံရချိန်တိုင်း
စေတနာမပျက် မှန်ကန်လေးနက်စွာ
အသိဥာဏ်ပညာနှင့် ဆက်ဆံတတ်နိုင်ဖို့
မေမေ သွန်သင်ပေးခဲ့တယ် .. ။
ဂုဏ်ပကာသန အဆောင်အယောင်
စည်းစိမ်ချမ်းသာ အကောင်းဆုံးများ
ဘ၀မှာ ခမ်းနားခြင်းမရှိခဲ့ရင်တောင်
သူများခြေထောက်အောင် ဒူးမထောက်
ကိုယ့်ဒူးကိုယ့်ချွန်မာနတစ်ခုနှင့်
ဘ၀ကို အသက်သွင်းဖို့
မေမေအမြဲပုံသွင်းပေးခဲ့တယ် .. ။
အရှုပ်တရားတွေနဲ့ကျင်လည်နေတဲ့
လူ့လောကအသိုင်းဝိုင်းအလယ်မှာ
ပျော့ညံ့သူစိတ်ဓါတ်ကင်းစေဖို့
ဘာသာတရားအဆုံးမတွေနဲ့
သမီးတွေဘ၀ကို အလင်းဖြာပေးခဲ့တယ် .. ။
တခါတရံ
ဖီလာဆန့်ကျင်တတ်တဲ့ သားသမီးတွေ
မေမေအမြဲခွင့်လွှတ်နားလည်ပေးရင်း
မေတ္တာကိုအရင်းခံကာ
လမ်းမှန်တစ်ခုဆီ မေမေ ပို့ချပေးခဲ့တယ် .. ။
အိမ်ထောင်တာဝန်တစ်ဖက်
မောင်တစ်ထမ်းမယ်တစ်ရွက်နဲ့
အသက်မွေးဝမ်းကြောင်းတစ်ဖက်
ဟန်ချက်ညီအောင် ထိန်းသိမ်းလျှောက်လှမ်းရင်း
အတောင်အလက်မစုံသေးတဲ့ သမီးတွေအတွက်
ပြည့်စုံမှုတွေ အကောင်းဆုံး ဖန်တီးပေးခဲ့တယ် .. ။
ပုခက်လွှဲနေရင်း
အခြားတစ်ဖက် မေတ္တာလမ်းမှာ
အနှစ် နှစ်ဆယ်ကျော် အိမ်ထောင်ခရီးလမ်းတစ်ခုကို
နားလည်သည်းခံမှုတွေ လှိုင်လှိုင်မွေးဖွားရင်း
အသိုက်မြုံတစ်ခုကို နွေးထွေးစွာ တည်ဆောက်နိုင်ခဲ့တယ် . ။
ကြီးမားလွန်းတဲ့ မေတ္တာတရား
များပြားလွန်းတဲ့ ကျေးဇူးတရား
မြင့်မိုရ်တောင်ထက် မြင့်မားတယ်ဆိုတာ
သမီး လက်တွေ့ယုံကြည်ခဲ့ရပြီမို့
ကြီးမားများပြားတဲ့ တုနှိုင်းမဲ့ကျေးဇူးမေတ္တာများအတွက်
အကောင်းဆုံးကို ပြန်လည်ပေးဆပ်နိုင်ဖို့
ဘ၀ခရီးလမ်းပေါ် ကြံ့ကြံ့ခံကြိုးစားလျှောက်ရင်း
တုနှိုင်းမဲ့မေတ္တာများအတွက်
ရိုသေစွာ ကန်တော့လိုက်ပါတယ် မေမေ .. ။
( ၂၃ ရက် ဇူလိုင်လတွင် ကျရောက်သော မေမေ့မွေးနေ့အမှတ်တရ )
လင်းလက်ကြယ်စင်
Posted by လင်းလက်ကြယ်စင် at 9:15 AM 1 comments Links to this post
Labels: Poems
Tuesday, July 22, 2008
ကျွန်မနှင့် စိတ်ညစ်ညူးဖွယ် အသီး
လူတွေက ထိုအသီးကို King Of Fruits ဟု တင်စားခေါ်ဝေါ်ကြသည်။ ကြိုက်တတ်သူအချို့က ဆိုင်တွင်ပင် ခွဲစားနေကြသည်ကိုလည်း ကျွန်မ မြင်ခဲ့ရဖူးသည် .. ။ ထိုအသီးကိုမှ တမ်းတမ်းစွဲ ကြိုက်ကြသူများအလယ်တွင် ကျွန်မတစ်ယောက်တည်း အနံ့ပင်မခံနိုင် ၊ မြင်လျင် ဝေးဝေးက ပြေးနေရသည့်ဘ၀က သိပ်တော့မလွယ်။ဘယ်ဘ၀က ရေစက်ကြောင့်ပင် မသိ .. ။ ဒူးရင်းသီးဆိုသော အသံကြားသည်နှင့် ကျွန်မဝေးရာ ပြေးတော့သည်။ မြန်မာပြည်မှာနေစဉ်က ကျွန်မ ဆွေမျိုးများက အိမ်သို့လာလည်တိုင်း ဒူးရင်းသီးကောင်းကောင်းကို လက်ဆောင်အဖြစ် ၀ယ်လာကြသည် .. ။ သူတို့ ဒူးရင်းသီးခွဲစားနေချိန်တွင် ကျွန်မမှာ အနံ့ပင် မခံနိုင်သဖြင့် ဝေးရာတစ်နေရာသို့ သွားရှောင်နေရသည် .. ။
ယနေ့မနက် ဈေးသို့အသွား ဈေးထဲတွင် ဒူးရင်းသီးတွေ တောင်းတွေနှင့် အစီအရီချထားပြီး ဈေးနှုန်းသက်သာစွာ ရောင်းနေချိန် … ကျွန်မအမေက ၀မ်းသာအားရစွာ ဒူးရင်းသီးတွေ ရွေးတော့သည် .. ။ ကျွန်မမှာ `အမေရယ် မနက်ဖြန်မှ ၀ယ်ပါလား .. မနက်ဖြန် သမီး အပြင်သွားချိန်မှ လာဝယ်ပါလား´ဟု ပြောရာ ကျွန်မအမေက `မနက်ဖြန် ဈေးကိုမလာချင်တော့ဘူး။ ပြီးတော့ မသေချာဘူးလေ သမီးရယ်´ဟုဆိုကာ ဆက်လက်ရွေးနေသဖြင့် ကျွန်မမှာ ခပ်လှမ်းလှမ်းသို့သာ သွားရပ်နေရသည်။
ဟင်းချက်စရာများကို ဈေးတွန်းလှည်းထဲတွင် ထည့်ကာ ရှုံ့မဲ့ရှုံ့မဲ့ဖြင့် သွားနေသော ကျွန်မပုံစံကို ကျွန်မအမေကတော့ ပြုံးလျက် .. ။ စိတ်ထဲတွင် အတော်ပင် မူးနောက်လာကာ ဟင်းချက်စရာများကို တွန်းလှည်းတွင်ထည့်ကာ အိမ်သို့အမြန်သုတ်ချေတင်ခဲ့ရသည် .. ။ တစ်လမ်းလုံး ထိုဒူးရင်းသီးနံ့က ကျွန်မကို အတော်ပင် အနှောင့်အယှက်ပေးလျက် မူးနောက်နေတော့သည် .. ။ စိတ်ထဲတွင်လည်း ဒီအသီးကိုမှ တမ်းတမ်းစွဲ ကြိုက်ကြသော ကျွန်မ မိသားစုနှင့် အတော်ပင် စိတ်ညစ်ရသည်။ ဘတ်စ်ကားများပေါ်တွင် ဒူးရင်းသီးပါလျင် ရှုံ့မဲ့နေတတ်သော ကျွန်မ .. တစ်ရှုးတစ်ရွက်ထုတ်ကာ အနံ့မရအောင် အမြဲကွယ်ထားရသည်မှာလည်း တစ်ဒုက္ခ။
စင်္ကာပူမှာ ကျွန်မ မိသားစု ဒူးရင်းသီးခွဲစားတိုင်း စာကြည့်တိုက် သို့မဟုတ် အိမ်နှင့်နီးသော ခရေပင်ကွင်းလေးဆီ ကျွန်မ သွားနေရသည် .. ။ ကျွန်မ အိမ်ပြန်လာလျင် ဒူးရင်းသီးနံ့မရစေရန် အိမ်ကလူအားလုံးကို သွားတိုက်ထားရန်နှင့် အခွံများ ၊ အစအနများကို လွှင့်ပစ်ထားရန် လမ်းမှပင် ကြိုတင်ဖုန်းဆက်ထားရသည် .. ။ ကျွန်မအကျင့်ကိုသိသော ကျွန်မညီမလေးက အမြဲတမ်း ကျွန်မကို စနောက်ပြီး ကျွန်မမှာတော့ မခံရပ်နိုင်စွာ စိတ်ဆိုးရလေ့ရှိသည်။ `မကြီးက ကောင်းတာဆို ဘာမှမစားဘူး´ဟု ညီမလေး ဝေဖန်သံကို ကျွန်မက `King Of Fruits ပဲဖြစ်ဖြစ် ဘာ King ပဲဖြစ်ဖြစ် .. ကန်တော့ပါသေးရဲ့´ဟု ပြန်ပြောလျင် သူတို့အားလုံး သဘောကျစွာ အမြဲရယ်နေမြဲ … ။
ကျွန်မ မိသားစု ဒူးရင်းသီးခွဲစားနေချိန်တွင် ကျွန်မမှာ အခန်းထဲသို့ဝင်ကာ တံခါးပိတ်ပြီး တစ်ရှုးတစ်လိပ်ပါ အနားသို့ ဆောင်ထားရသည် .. ။ အခန်းထဲသို့ထိတိုင် လွင့်ပျံ့လာသော ဒူးရင်းသီးနံ့ကို စိတ်ညစ်ညူးစွာ `မေမေတို့ရေ အမြန်စားပြီး အမြန်လွှင့်ပစ်ကြပါတော့နော် ´ဟု အော်ပြောချိန် ကျွန်မကို စချင်သော ညီမလေးများက `တစ်နေကုန်ထိုင်ခွဲစားမှာ မမရေ´ဟု ပြန်လည် အော်ပြောကြသည် .. ။
စိတ်ညစ်ညူးစွာဖြင့် သူတို့ဒူးရင်းသီးစားနေသည့် ထမင်းစားခန်းနှင့်ဝေးသော ဘုရားခန်းအနီးရှိ ကွန်ပြူတာစင်နားသွားကာ ကွန်ပြူတာဖွင့်နေရင်း လွန်စွာ ဆိုးရွားသော အနံ့တစ်ခုက လေအဟုန်ဖြင့် အမြန်ဝင်ရောက်လာသလို ခံစားရသဖြင့် မျက်လုံးကို ဟိုဟိုဒီဒီ အမြန်ရှာဖွေလိုက်တော့ ကျွန်မကွန်ပြူတာထားရာနှင့် နီးသော ဘုရားခန်းအတွင်းမှ ဘုရားစင်ပေါ်တွင် အမေ ကပ်ထားသော ဒူးရင်းသီးပန်းကန်ကို တွေ့လိုက်ရတော့သည် .. ။
Posted by လင်းလက်ကြယ်စင် at 11:05 AM 10 comments Links to this post
Labels: Lin Let Kyal Sin
Sunday, July 20, 2008
Agent အိမ်ပေါ်မှ ထွက်ပြေးရင်း ရင်နင့်ဖွယ် သေဆုံးခဲ့ရရှာသော မြန်မာအမျိုးသမီးတစ်ဦး ဈာပနာအခမ်းအနား ဖိတ်ကြားလွှာ
Posted by လင်းလက်ကြယ်စင် at 6:39 PM 0 comments Links to this post
Labels: Invitation
Saturday, July 19, 2008
ကျွန်တော်မမေ့နိုင်သော ဆယ့်ကိုးဇူလိုင်
သေသောသူ ကြာလျှင်မေ့´
ဤကား မြန်မာလူမျိုးတို့ပြောနေကျ ဆိုရိုးစကားပင်ဖြစ်သည်။ ယေဘုယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားလည်း ဖြစ်ပါ၏။ အထူးသဖြင့် အချိန်ကာလကြာမြင့်လာသော် သေသောသူအား တဖြည်းဖြည်းမေ့လျော့ကာ နောက်ဆုံးလုံးလုံး သတိမရတော့သော အခြေအနေမျိုး ဖြစ်လာတတ်သည်။
ဤသို့လျှင် ယေဘုယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားနှင့် ပတ်သတ်၍ ချွင်းချက်တော့ ရှိနေပါသည်။
ယင်းချွင်းချက်ကား လွန်ခဲ့သော (၄၈)နှစ် ၁၉၄၇ ခုနှစ် ၊ ဇူလိုင် (၁၉)ရက် စနေနေ့က ဖြစ်ပွားခဲ့သော မြန်မာ့သမိုင်းတွင် အလွန်အရုပ်ဆိုး အကျည်းတန်ပြီး မည်သို့မှ ဖျောက်ဖျက်ပစ်၍ မရနိုင်သည့် အစွန်းအထင်း အမည်းကွက်ကြီး (သို့မဟုတ်) နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ရာမှ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အပေါင်းပါအာဇာနည်ခေါင်းဆောင်ကြီးများ အတုံးအရုံးနှင့် ရေတိမ်နစ်ကျဆုံးခဲ့ရခြင်းသည် အချိန်ကာလ မည်မျှပင်ကြာမြင့်စေကာမူ မေ့ပျောက်၍ မရနိုင်သည့် ချွင်းချက်ဖြစ်သည်ဟု ဆိုချင်ပါသတည်း။
အထူးသဖြင့် (၁၉-၇-၄၇) နေ့က ဖြစ်ရပ်နှင့်တကွ ယင်းဖြစ်ရပ်မတိုင်မီ တစ်လအတွင်းက ဖြစ်ရပ်များကို အနီးကပ်သိရှိခဲ့သူ ကျွန်တော်အဖို့ မမေ့နိုင်ရုံမက ပြင်းစွာ နာကြဉ်းကြေကွဲခြင်း ၊ ယူကြုံးမရဖြစ်ခြင်း ၊ ဖြေမဆယ်နိုင်အောင် ပူဆွေးဝမ်းနည်းခြင်း စသော စိတ်လှုပ်ရှားမှုဒဏ်ကို နှစ်စဉ် ဇူလိုင်လ နီးကပ်လာတိုင်း အလူးအလဲ ခံစားရတတ်ပါသည်။
ဘာကြောင့် ဤသို့ ဆိုရကြောင်းကိုလည်း ယခုဆက်လက်ဖော်ပြလတ္တံ့သော အကြောင်းအချက်များက အဖြေပေးနိုင်လိမ့်မည် ထင်ပါသည်။
၁၉၄၇ခုနှစ် ဇူလိုင်လဆန်းတွင် `ဘီအိုဒီ´ခေါ် ဗြိတိသျှစစ်တပ် ပင်မ လက်နက်ခဲယမ်း သိုလှောင်ရေးတပ်မှ ဘရင်းဂန်း ၊ တော်မီဂန်း ၊ စတင်းဂန်းစသော မောင်းပြန်လက်နက်များနှင့်တကွ ခဲယမ်းကျည်ဆန် အမြောက်အမြားကို ပစ္စည်းထုတ် ပုံစံအတုများဖြင့် မသမာသူတစ်စုက ထုတ်ယူသွားကြောင်းကို Special Branch ခေါ် ရဲတပ်ဖွဲ့ဌာနချုပ်၏ `သတင်းတပ်ဖွဲ့´က သတင်းရသဖြင့် ပြည်ထဲရေးဝန်ကြီးမှတစ်ဆင့် အစိုးရအဖွဲ့ထံ သတင်းပို့ အစီရင်ခံခဲ့ပါသည်။
ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည် နိုင်ငံခြားခရီးထွက်နေ၍ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ပျော်ဘွယ်ဦးမြက ခေတ္တပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူနေပါသည်။
ဖော်ပြပါ လက်နက်ခဲယမ်းများ လိမ်လည်ထုတ်ယူသွားခြင်းနှင့် ပတ်သတ်၍ အစိုးရအဖွဲ့က လိုအပ်သလို ဆောင်ရွက်ရန် ခေတ္တပြည်ထဲရေးဝန်ကြီးအား တာဝန်ပေးအပ်လိုက်ပါသည်။
ဝန်ကြီးဦးမြလည်း ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်ကွပ်ကဲသော (နောက်ပိုင်း ပြည်ထောင်စု စစ်ရဲတပ် UMP ဖြစ်လာသည်။) သောင်းကျန်းမှု နှိမ်နင်းရေးတပ်မှ တပ်စိတ်တစ်စိတ်ကို လက်နက်ခဲယမ်း အပြည့်အစုံ (မောင်းပြန်သေနတ်များအပါအ၀င်)နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းအပြင်ဘက်တွင် လုံခြုံရေးတာဝန်ချထားလိုက်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားကို သိထားသူ ၀န်ကြီးဦးမြသည် လက်နက်ကိုင်တပ်စိတ် လုံခြုံရေးအစောင့်ချထားခြင်းကို ဗိုလ်ချုပ်အား လုံးဝအသိမပေးခဲ့ချေ။ ထို့ပြင် ကျွန်တော့်ကိုလည်း နှစ်ယောက်ချင်းတွေ့၍ ရုံးခန်းပြင်ဘက်၌ လုံခြုံရေးတပ်စိတ်ချထားကြောင်းကို ဗိုလ်ချုပ်အား မပြောရန် မေတ္တာရပ်ခံခဲ့ပါသည်။ ကျွန်တော်လည်း အလိုက်သိစွာနှင့်ပင် ဦးမြအား ကတိပေးပြီး ဗိုလ်ချုပ်အား မပြောဘဲ နေလိုက်ပါသည်။
သို့ရာတွင် ကံဆိုးချင်တော့ တစ်နေ့ ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ ရုံးဘက်လာပြီး ဗိုလ်အောင်ကျော်လမ်းဘက် တံခါးပေါက်မှ ရုံးခန်းသို့အ၀င်တွင် မလှမ်းမကမ်းရှိ ဘဏ္ဍာရေးဝန်ကြီးဌာနဘက်သို့ ချိုးကွေးသည့် ထောင့်နား၌ မောင်းပြန်သေနတ်ကိုင် ရဲဘော်သုံးလေးဦးကို ဗိုလ်ချုပ်က လှမ်းမြင်သွားပါသည်။
ချက်ချင်း ဘာမှမပြောဘဲ ဗိုလ်ချုပ်သည် ရုံးခန်းတွင်းသို့ ရောက်တော့မှ ကျွန်တော့်အား နှစ်ယောက်ချင်း ခေါ်မေးပါသည်။
`ဟေ့ကောင် ငါ့ရုံးခန်းရှေ့က လက်နက်ကိုင်ရဲဘော်တွေက ဘာလုပ်တာလဲ´
`ပြည်ထဲရေးဝန်ကြီးက လိုအပ်တယ်ထင်လို့ လုံခြုံရေးအစောင့်ချထားတာပါ´
ကျွန်တော်က ရှင်းပြသည်ကို ဗိုလ်ချုပ်သည် သဘောကျဟန်မတူပါ။
`မလိုပါဘူးကွာ ။ ငါ့ကိုဘယ်သူကမှလည်း လုပ်ကြံမှာမဟုတ်ပါဘူး။ ငါကလည်း မစိုးရိမ်ဘူး။ ငါ့ရုံးခန်းရှေ့မှာ လက်နက်ကိုင်ရဲဘော်တွေ ချထားတာကို ငါမမြင်ချင်ဘူး။ ဒီတော့ မင်းကိုယ်တိုင် ခုချက်ချင်း ပြည်ထဲရေးဝန်ကြီး ဦးမြဆီသွားပြီ ငါကညွှန်ကြားတယ်လို့ပြော။ ငါ့ရုံးခန်းရှေ့က လက်နက်ကိုင် ရဲဘော်တွေကို ချက်ချင်းပြန်ရုပ်ခိုင်းလိုက်။ ကဲ .. မင်း အခုပဲ သွားပြောပေတော့´
ဗိုလ်ချုပ်က တိကျပြတ်သားစွာပြောသဖြင့် ကျွန်တော်လည်း ပြည်ထဲရေးဝန်ကြီးဌာနသို့ အမြန်သွားရောက်၍ ၀န်ကြီးပျော်ဘွယ်ဦးမြအား ဗိုလ်ချုပ်က အမိန့်ပေးလိုက်ပုံကို ပြောပြလိုက်ပါသည်။
ဝန်ကြီးဦးမြသည် အလွန်စိတ်မကောင်းဖြစ်သွားပုံရပါသည်။
`ခက်တော့တာပဲကွာ ။ ငါတို့က လုံခြုံရေးအတွက် လိုအပ်တယ်ထင်လို့ လက်နက်ကိုင်တပ် စိတ်ချထားတာကို ဗိုလ်ချုပ်က မြင်သွားတာဆိုးတာပဲ။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ။ သူ့အမိန့်ကိုလည်း တို့က မနာခံလို့ မဖြစ်ဘူး။ ငါတော့စိတ်မကောင်းဘူးကွာ´
ဤသို့ ငြီးငြူးရင်းနှင့်ပင် ၀န်ကြီးဦးမြသည် သက်ဆိုင်ရာသို့ တယ်လီဖုန်းဆက်၍ ဗိုလ်ချုပ်ရုံးခန်းရှေ့မှ လက်နက်ကိုင် လုံခြုံရေးတပ်စိတ်ကို ချက်ချင်း ရုပ်သိမ်းရန် အမိန့်ပေးလိုက်ရပါတော့သည်။
ထိုနေ့ ညနေဘက် ရုံးမှ အိမ်သို့အပြန်တွင် ဗိုလ်ချုပ်သည် စကားများများ မပြောဘဲ တစ်စုံတစ်ခုကို စဉ်းစားနေဟန်ဖြင့် ငြိမ်နေရင်းမှ ရုတ်တရက် ကောက်ခါငင်ခါ ကျွန်တော့်အား မေးခွန်းထုတ်လိုက်ပါသည်။
`ဟေ့ တို့အိမ်မှာနေတဲ့ ရဲဘော်တွေမှာ လက်နက်ရှိသလား´
`မရှိပါဘူး။ ဗိုလ်ချုပ် သူတို့က ပြည်သူ့ရဲဘော်တွေဆိုတော့ တရားဝင် လက်နက်ကိုင်တပ်ဖွဲ့ဝင် မဟုတ်တဲ့အတွက် လက်နက်မရှိကြပါဘူး´
ကျွန်တော်က အမှန်အတိုင်းပြောလိုက်ပါသည်။ သည်တော့မှ ဗိုလ်ချုပ်သည် သူ၏စိတ်ထဲ ဖြစ်ပေါ်ခံစားမိပုံကို ပြောပါသည်။
`ငါကိုယ်တိုင်ကတော့ သေရမှာလည်း မကြောက်ဘူး။ ဘယ်သူကမှလည်း ငါ့ကိုလုပ်ကြံမယ် မထင်ဘူး။ ဒါပေမယ့်ကွာ အိမ်မှာရှိတဲ့ကလေးတွေအတွက်တော့ ငါစိုးရိမ်သလို ဖြစ်မိတယ်။ ဒီတော့ လိုလိုမယ်မယ်ပေါ့ကွာ။ သက်ဆိုင်ရာကို ဒီနေ့ပဲ မင်းကိုယ်တိုင်သွားပြီး ငါကခိုင်းတယ်လို့ပြော။ သင့်တော်မယ့် လက်နက် နည်းနည်းပါးပါး ထုတ်ယူပြီး အိမ်ကရဲဘော်တွေကို ပေးထားလိုက် ဒါပဲ´
ဤသို့ အမိန့်ပေးသဖြင့် ကျွန်တော်လည်း အိမ်ပြန်ရောက်သောအခါ သက်ဆိုင်ရာနှင့် ဆက်သွယ်အစီစဉ်လုပ်ပြီး တော်မီဂန်းတစ်လက် ၊ စတင်းဂန်းတစ်လက် ၊ ခြောက်လုံးပြူးနှစ်လက်တို့ကို ကျည်ဆံများနှင့်တကွ ထုတ်ယူကာ တာဝါလိန်းလမ်း ဗိုလ်ချုပ်အိမ်တွင် နေသော ရဲဘော်များအား ပေးထားလိုက်ပါသည်။
နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့သည်မှာ ၁၉၄၇ခုနှစ် ဇူလိုင်လ (၁၉)ရက် စနေနေ့ဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အစိုးရအဖွဲ့ဝင် ၀န်ကြီးမျာ (ကတ်ဘိနက်) အစည်းအဝေး ကျင်းပနေခိုက် မသမာသူ လူသတ်သမားအဖွဲ့က ၀င်ရောက်လုပ်ကြံပစ်ခတ်ခြင်း ဖြစ်သည်။
အမှန်တော့ ယင်းဝန်ကြီးအစည်းအဝေးသည် ဇူလိုင်(၁၉)ရက် စနေနေ့တွင် ကျင်းပရန်မဟုတ်ဘဲ `ဇူလိုင် (၁၆)ရက် ဗုဒ္ဓဟူးနေ့´တွင် လုပ်ရမည်ဖြစ်သည်။
ဤနေရာတွင် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ အစည်းအဝေးအကြောင်း အနည်းငယ် ရှင်းပြရန် လိုပေလိမ့်မည်။
၁၉၄၆ခုနှစ် စက်တင်ဘာလ ၂၆ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းအစိုးရအဖွဲ့အာဏာကို လက်ခံရယူပြီးချိန်မှစ၍ ၀န်ကြီးအဖွဲ့အစည်းအဝေးကို အပတ်စဉ် စနေနေ့ နံနက် (၁၀)နာရီ ကျင်းပနေကျဖြစ်သည်။ ထိုအချိန်က ဂဠုန်ဦးစောသည် ဘုရင်ခံက တိုက်ရိုက်ခန့်အပ်ထားသော ၀န်ကြီးတစ်ဦးဖြစ်နေရာ သူသည်လည်း အပတ်စဉ် စနေနေ့တိုင်း ကျင်းပသော ၀န်ကြီးအဖွဲ့အစည်းအဝေးသို့ တက်ရသည်။ သို့ရာတွင် ၁၉၄၇ခုနှစ် ဇန်န၀ါရီလ ၂၇ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှအစိုးရတို့ သဘောတူချုပ်ဆိုသော `အောင်ဆန်း အက်တလီစာချုပ်´ကို ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့ သဘောမတူဘဲ ကန့်ကွက်ကြသဖြင့် မြန်မာပြည် ပြန်ရောက်လာသောအခါ ဦးစောနှင့် သခင်ဗစိန်တို့သည် အစိုးရအဖွဲ့ဝင် ၀န်ကြီးအဖြစ်မှ နှုတ်ထွက်သွားကြရသည်။
ထို့ကြောင့် သူတို့နှစ်ဦးသည် နောက်ပိုင်း ဗိုလ်ချုပ်ဦးဆောင်သော အစိုးရအဖွဲ့အစည်းအဝေးများသို့ မတက်ကြရတော့ချေ။
ဗြိတိနိုင်ငံမှ ပြန်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် အပတ်စဉ် ၀န်ကြီးအဖွဲ့ (ကတ်ဘိနက်)အစည်းအဝေးကို စနေနေ့မလုပ်တော့ဘဲ ဗုဒ္ဓဟူးနေ့ ကျင်းပရန် ပြောင်းရွှေ့သတ်မှတ်လိုက်သည်။
ယင်းအကြောင်းကို ဂဠုန်ဦးစောက မသိ။ ၀န်ကြီးအဖွဲ့ အစည်းအဝေးသည် စနေနေ့ (၁၀)နာရီ ကျင်းပမြဲ ကျင်းပနေသည်ဟု ထင်မှတ်နေသည်။
၁၉၄၇ခုနှစ် ၊ ဇူလိုင်လ၏ တတိယမြောက်အစည်းအဝေးကို ဇူလိုင်လ (၁၆)ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန် သတ်မှတ်ထားပြီး ဖြစ်ရုံမက အစည်းအဝေးဖိတ်စာများကို ၀န်ကြီးအသီးသီးထံသို့ ဖြန့်ဝေထားပြီး ဖြစ်သည်။
သို့သော် ဇူလိုင် (၁၆)ရက် ဗုဒ္ဓဟူးနေ့တွင် တိုင်းပြည်ပြုလွှတ်တော်၏ ဆပ်ကော်မတီတစ်ခုဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေး ကော်မတီ အစည်းအဝေးကျင်းပရန် ကြိုတင်သတ်မှတ်ထားပြီး ဖြစ်သည်။ အစည်းအဝေးနှစ်ခုတိုက်နေကြောင်းကို ကျွန်တော်က ဗိုလ်ချုပ်ထံ သတင်းပို့တင်ပြသောအခါ ဗိုလ်ချုပ်က
`လွှတ်တော်ကော်မတီ အစည်းအဝေးက အရေးကြီးတယ်။ လူကြီးတွေလည်း ပါဝင်နေတယ်။ ဒါကြောင့် အဲဒီအစည်းအဝေးကို ဒီအတိုင်းပဲထား။ ကတ်ဘိနက် အစည်းအဝေးကိုတော့ စနေနေ့ပြောင်းလုပ်လိုက်။ ၀န်ကြီးတွေဆီလည်း ဖိတ်စာအသစ်ရိုက်ပြီး ပေးလိုက်´
ဟု အမိန့်ပေးလိုက်ရာ `မမေ့နိုင်သော ဇူလိုင် ၁၉ရက်နေ့´တွင် အစိုးရအဖွဲ့ အစည်းအဝေးကျင်းပဖြစ်သွားကာ နိုင်ငံတော်လုပ်ကြံမှုကြီးလည်း ဖြစ်ပွားခဲ့ရပါတော့သည်။
ဤသည်တို့ကား ၁၉၄၇ခုနှစ် ၊ ဇူလိုင်လဆန်းက အမှန်တကယ်ဖြစ်ခဲ့သော ဖြစ်ရပ်များဖြစ်ရာ နေ့လယ်ပိုင်း ပြန်လည်သုံးသပ်ကြည့်သောအခါ အလွန်ဝမ်းနည်းယူကြုံးမရ ဖြစ်စရာကောင်းလောက်အောင် ကံကြမ္မာ၏ လှည့်စားမှု သို့မဟုတ် အလှည့်အပြောင်းများကို တွေ့ရပါသည်။
ပထမအချက်အနေဖြင့် အကယ်၍သာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ရုံးခန်းရှေ့မှ လက်နက်ကိုင် လုံခြုံရေးတပ်စိတ်ကို ရုပ်သိမ်းရန် အမိန့်မပေးခဲ့လျှင်။
ဇူလိုင် ၁၉ရကနေ့ကျတော့ လူသတ်သမား အဖွဲ့ဗိုလ်ချုပ်တို့အား လုပ်ကြံရန်လာသောအခါ လုံခြုံရေးတပ်စိတ်နှင့် တိုက်ပွဲဖြစ်ရုံသာရှိမည်။ လုပ်ကြံမှုကြီးတော့ မဖြစ်နိုင်။
တိုက်ပွဲဖြစ်လျှင်လည်း လုံခြုံရေးတပ်စိတ်က လူအင်အား ၊ လက်နက်အင်အား ပိုကောင်းသဖြင့် လူသတ်သမားအဖွဲ့အား တစ်ယောက်မကျန် သုတ်သင်ခြေမှုန်းပစ်နိုင်မည်မှာ သေချာသည်။
အကယ်၍သာ တိုင်းပြည်ပြုလွှတ်တော် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး ကော်မတီက ဇူလိုင် (၁၆)ရက်နေ့တွင် အစည်းအဝေးကျင်းပရန် ချိန်းမထားခဲ့လျှင် ၀န်ကြီးအဖွဲ့ (ကတ်ဘိနက်) အစည်းအဝေးကို ခါတိုင်းအပတ်စဉ် ကျင်းပနေကျ ဗုဒ္ဓဟူနေ့ (ဇူလိုင်၁၆)တွင် ကျင်းပဖြစ်မည်။ ဗုဒ္ဓဟူးနေ့တိုင်းကျင်းပသော ၀န်ကြီးအဖွဲ့ အစည်းအဝေးအကြောင်း မသိသူ ဂဠုန်ဦးစောသည် သူ၏လူသတ်သမားအဖွဲ့အား ဇူလိုင်လ ၁၉ရက်နေ့ စနေနေ့တွင် လွှတ်မည်ဖြစ်သည်။ သို့ဖြစ်လျှင် ၀န်ကြီးအစည်းအဝေးမရှိ၍ လုပ်ကြံမှုကြီးလည်း ဖြစ်ပွားမည်မဟုတ်ချေ။
အကယ်၍သာ လူသတ်သမားအဖွဲ့သည် ဗိုလ်ချုပ်အား အတွင်းဝန်ရုံးတွင် မလုပ်ကြံဘဲ ဗိုလ်ချုပ်၏ နေအိမ် (ဗဟန်းတာဝါလိန်းလမ်း ယခုဗိုလ်ချုပ်တည်ရှိရာ)တွင် လာရောက်လုပ်ကြံပါက သူတို့သည် ဗိုလ်ချုပ်ရှိရာ အိမ်ပေါ်ထပ်သို့ပင် တက်နိုင်မည်မဟုတ်။ ဗိုလ်ချုပ်၏ အမိန့်ဖြင့် ကျွန်တော်ကိုယ်တိုင် လက်နက်တပ်ဆင်ပေးထားသော အိမ်ရှိရဲဘော်များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်မည်။ ယင်းသို့ တိုက်ပွဲဖြစ်လျှင် အိမ်မှ ပြည်သူ့ရဲဘော်များသည် ဘီဒီအေတပ်မတော်နှင့် ဖက်စစ်တော်လှန်ရေး တပ်သားရဲဘော်များဖြစ်၍ လက်နက်ကိုင်တွယ်မှု ကျွမ်းကျင်သည့်ပြင် တိုက်ပွဲအတွေ့အကြုံလည်း ရှိသောကြောင့် လူသတ်အဖွဲ့အား အလွယ်တကူပင် တွန်းလှန်တိုက်ခိုက်ပစ်နိုင်မည်ဖြစ်သည်။
သို့ရာတွင် လူသတ်အဖွဲ့သည် ဗိုလ်ချုပ်အိမ်သို့မလာဘဲ လက်နက်ကိုင် အစောင့်မရှိသော အတွင်းဝန်ရုံးသို့ သွားရောက်လုပ်ကြံခဲ့သည်။
ထို့ကြောင့်လည်း လုပ်ကြံမှုကြီးဖြစ်မြောက်ခဲ့ရသည်။
ဗိုလ်ချုပ်ခမာ ဖခင်တို့၏ ကြီးမားသော မေတ္တာအဟုန်ကြောင့် လူမမယ်ရင်သွေးငယ်လေးများအတွက် စိုးရိမ်မကင်းဖြစ်ကာ `လိုလိုမယ်မယ်ပေါ့ကွာ´ဟုဆိုပြီး ကျွန်တော့်အား အိမ်မှ ရဲဘော်များအား လက်နက်တပ်ဆင်ခိုင်းခဲ့သည်။ သူ့ကိုယ်သူအတွက်တော့ လုံးဝမစိုးရိမ်ဘဲ `ငါက သေရမှာလည်း မကြောက်ဘူး။ ဘယ်သူမှလည်း ငါ့ကိုလုပ်ကြံမှာ မဟုတ်ပါဘူး´ဟု ပြောခဲ့ရရှာသည်။ သို့သော် တကယ်ကျတော့ သူထင်သလိုမဖြစ်ခဲ့။ သူချစ်မြတ်နိုးသော ရင်သွေးငယ်များ ဘာမှမဖြစ်ဘဲ သူကိုယ်တိုင်ကသာ (၁၉-၀၇-၄၇)နေ့က မရှုမလှ `ရေတိမ်နစ်´ကျဆုံးခဲ့ရရှာသည်။
ကံတရားက ဗိုလ်ချုပ်နှင့်တကွ ကျွန်တော်တို့ နိုင်ငံသားအားလုံးကို ဒဏ်ခတ်သလို ပျက်ရယ်ပြု လှည့်စားလိုက်ခြင်းပေလား။
ဗုဒ္ဓရှင်တော်ဘုရား၏ အဆုံးအမရ ကံ ၊ ကံ၏အကျိုးကိုယုံကြည်ရမည်ဟု ညွှန်ပြထားပါသည်။ ထို့ကြောင့် မည်သို့မှ မမေ့နိုင်သော ဇူလိုင် ၁၉ရက် ၊ စနေနေ့က ဖြစ်ရပ်အကြောင်း ပြန်ပြောင်းသတိရမိတိုင်း
`သတ္တ၀ါမှန်သမျှ ကံစီမံဖန်တီးရာသာ လိုက်နာ ၊ နာခံကြရသည်ပါတကား´ ဟူသော အဂုင်္တ္တရနိကယ် အဘိဏှသုတ်တော်လာ တရားသဘောအတိုင်း ဆင်ခြင်နှလုံးသွင်း၍ သံဝေဂဥာဏ်ပွားများကြရန်သာ ရှိပါတော့သတည်း။
တက္ကသိုလ်နေ၀င်း
စတိုင်သစ်မဂ္ဂဇင်း (ဇူလိုင်လ ၊ ၁၉၉၅ )
Posted by လင်းလက်ကြယ်စင် at 9:32 AM 4 comments Links to this post
Labels: General AungSan
Thursday, July 17, 2008
မင်္ဂလာရှိသော ၀ါဆိုလပြည့်နေ့
မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ၀ါဆိုလပြည့်နေ့ ဖြစ်ပါစေရှင် .. ။ ရွှေတိဂုံဘုရားမှာ ၂၀၀၇ ခုနှစ် ၀ါဆိုလပြည့်နေ့ ကျင်းပခဲ့ပုံကို အမှတ်တရ ဖော်ပြပေးလိုက်ပါတယ် .. ။
Posted by လင်းလက်ကြယ်စင် at 9:56 AM 0 comments Links to this post
Tuesday, July 15, 2008
ခေတ်စနစ်၏ ဖြစ်တည်ရာ …
မနက်ခင်း နေရောင်ခြည်နုနုက တဖြေးဖြေး ရပ်စဲသွားသော မိုးစက်မိုးပေါက်များကြားမှ လူးလွန့်စွာ နိုးထအသက်ဝင်လာသည် .. ။ ကားလမ်းမနှင့်နီးသော ကျွန်မ အိမ်ခန်းလေးမှကြည့်လိုက်လျင် အသက်ဝင်လှုပ်ရှားလာသော မြို့တစ်မြို့ထဲမှာ အလုပ်မှလာကြိုသောကားများ ၊ အလုပ်သွားနေသော ကားများ ၊ ကျောင်းသား ကျောင်းသူများဖြင့် နိုးထလာသော နေ့သစ်တစ်ရက်ကို ကိုယ်စီတာဝန်များဖြင့် လှုပ်ရှားပုံဖော်သွားလာနေကြသည် .. ။ တစ်ဖက်ခန်းမှ ကျောင်းသွားရန် နိုးထလာသော ညီမလေးများအသံကို နားစွင့်ရင်း သူတို့အားလုံးအတွက် အဆင်သင့်ပြင်ဆင်ပြီးထားသောကြောင့် တခြားအလုပ်များကိုသာ စဉ်းစားခန်းဖွင့်နေမိသည် .. ။`သမီးရေ ညီမလေး နေမကောင်းဘူးတဲ့´
မတိုးမကျယ် စိတ်ပူခြင်းလေသံစွက်ဖက်နေသော မေမေ့အသံကို ကျွန်မ ကြားလိုက်ရင်း ညီမငယ်လေးအခန်းသို့ ကျွန်မ ၀င်သွားလိုက်သည် .. ။
အဖျားရှိန်မြင့်နေသော ညီမငယ်လေးကိုကြည့်ရင်း စိတ်ပူမိကာ `ဆေးခန်းသွားပို့ရမယ်´ဟု မေမေ့ကို လှည့်ကာပြောလိုက်သည် .. ။ ရုတ်တရက် ညီမလေးက
`မေကြီး ဒီနေ့သမီးနဲ့ပဲနေနော် .. သမီးနေမကောင်းဘူး ။ အလုပ်မသွားပါနဲ့´ ဟု အသံတိမ်လေးဖြင့် ပြောလာသည်။ အလုပ်မပျက်ကွက်ချင်သလို တစ်ဖက်ကလည်း စိတ်ပူပန်နေပုံရသော အမေ့ကိုကြည့်ကာ ကျွန်မ ဘာမှ အကြံမပေးမိ .. ။
`ဟယ် မေကြီးက ခွင့်သိပ်ယူလို့မရတော့ဘူး ။ ခွင့်ရက်တွေကနည်းနေပြီ´ဟု မေမေက လှမ်းပြောချိန် ညီမငယ်လေးက ဘာမှဆက်မပြောတော့ … ။
ကျွန်မ ညီမငယ်လေး၏ ခံစားချက်ကို ကိုယ်ချင်းစာမိသည်။ နေမကောင်းချိန် အမများထက် မိခင်ကိုသာ တောင့်တကြသည်။
`မမနဲ့ပဲနေနော် ။ မမရှိတာပဲ´ဟု မေမေကပြောချိန် `ဟင့်အင်း သူတို့နဲ့မနေချင်ဘူး။ သူတို့ချက်ကျွေးတာတွေ ၊ လုပ်ကျွေးတာတွေက မာမီလောက်မကောင်းဘူး´ဟု ညီမငယ်လေးကပြန်ပြောတော့ ကျွန်မက `အမ်´ဟု တစ်ချက်သာ ရေရွတ်ရင်းပြုံးမိသည်။
သမီးငယ်၏ ဆန္ဒကို လိုက်လျောခြင်းကတစ်ဖက် ၊ စိတ်ပူခြင်းကတစ်ဝက်ဖြင့် ထိုနေ့က မေမေ အလုပ်မသွားဖြစ်ခဲ့။ အနီးကပ်ပြုစုရင်း ဆေးခန်းကို ကိုယ်တိုင်လိုက်ပို့သည်။ အရင်နေမကောင်းချိန်များက ထိုတာဝန်များကို ကျွန်မသာ လုပ်ပေးလေ့ရှိပေမယ့် မိခင်ကိုသာ ပိုမိုအလိုရှိနေကြတာ ကျွန်မ ကောင်းကောင်းနားလည်မိပါသည်။
စက်ရုပ်များသာ ရှင်သန်နေသော ကမ္ဘာအလား .. နေရက်များတိုင်းမှာ တာဝန်အလုပ်များကိုယ်စီဖြင့် ရုန်းကန်ရှင်သန်နေရသော ဒီခေတ်ရာစုမှာ နွေးထွေးမှုမေတ္တာအကြင်နာများက တစတစ လျော့ကျလာသည်။ ကျောင်းတစ်ဖက် ၊ အလုပ်တစ်ဖက်ဖြင့် ယခင်က ကျွန်မ အလုပ်ရှုပ်နေချိန် မိသားစုဖြင့် ပုံမှန်စကားပြောချိန်တောင် မရှိခဲ့။ တခါတရံ ကျွန်မနှင့်ကျွန်မ မိဘများ တစ်ပါတ်မှာ တစ်ရက်လောက်သာ တွေ့ခဲ့ရသည်များလည်း ရှိခဲ့ဖူးသည်။ အိပ်ချိန် ၊ စားချိန် ၊ သွားချိန် အစစအရာရာ မတူသော ဘ၀တွေမှာ ကိုယ်စီရှင်သန်ကြရင်း ၊ တစ်အိမ်တည်းအတူနေကာ မိမိအလုပ်များဖြင့် မိမိရှုပ်နေကြရင်း စကားပင် သေချာမပြောဖြစ် .. ။
စင်္ကာပူလူမျိုးအများစု ကျင့်သုံးကြသော `အိမ်ဖော်´ထုံးစံအရ ကလေးများကို အိမ်ဖော်များနှင့်သာ ကြီးပြင်းလေ့ရှိကြသည်။ များပြားလွန်းလှသော အလုပ်တာဝန် ၊ အချိန်များကြား မိမိသားသမီးကို အချိန်များစွာပေးဖို့ မိခင်များ မတတ်နိုင်ကြ။ အမှန်တကယ်တော့ ထိုအကြောင်းရင်း၏ တရားခံမှာ မိခင်တစ်ယောက်တည်းတွင် မဟုတ် .. ။ လူနေမှုအဆင့်တန်း ၊ ခေတ်စနစ်ကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးအချို့သာဖြစ်သည် .. ။ ဖခင်မှာ စားဝတ်နေရေးအတွက် ၀င်ငွေလောက်ပဲရှိပါက နောင်အနာဂတ် saving အတွက် မိခင်များကပါ `မောင်တစ်ထမ်း မယ်တစ်ရွက်´ လုပ်ကိုင်ကြရသည် .. ။ တစတစ တက်လာသော ကုန်ဈေးနှုန်းနှင့် အပြိုင် .. ဘ၀ရှေ့ရေးအတွက် ၊ မိမိအတွက် ၊ သားသမီးများအတွက် ၊ လူနေမှုအဆင့်အတန်း ပုံမှန်လေးရှိနေဖို့အတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်အလုပ်ကိုင်များဖြင့် ဘ၀ကိုဖြတ်သန်းနေရသော လူများအားလုံး မိသားစုနွေးထွေးမှုအချိန်က ယခင်ထက်ပိုမိုနည်းပါးလာတာကိုတော့ မလွဲမသေ၀န်ခံရပါမည်။
မိသားစုတစ်ခုမှာ ပျော်ရွှင်စွာ လည်ပတ်ခြင်း ၊ အချိန်များများ မပေးနိုင်ခြင်းတွေ ဖြစ်လာသော ခေတ်စနစ်အရ အချိန်များစွာ မပေးနိုင်ချိန် Quality Time တန်ဖိုးရှိသော အချိန်ကာလလေးတစ်ခုကိုသာ ကြိုးစားဖန်တီးသင့်သည်ဟု ကျွန်မ တွေးမိသည်။ အတူရှိနေချိန်ကာလလေးများကို တန်ဖိုးရှိစွာ ၊ ပျော်ရွှင်စွာ အသုံးချမှသာလျင် မိသားစုနွေးထွေးမှုများ မလျော့သွားနိုင်အောင် လုပ်နိုင်ပါလိမ့်မည် .. ။
ဥပဒေတွေ ၊ နိုင်ငံရေး အယူအဆ သတ်မှတ်ပုံတွေ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြသော်လည်း စီးပွားရေးအရ ပိုမိုအောင်မြင်တိုးတက်အောင် ကြိုးစားလုပ်ကိုင်နေကြသော နိုင်ငံများအားလုံးမှ လူများဘ၀ကလည်း အလုပ်ချိန်များ ၊ အလုပ်ဖိစီးမှုဒဏ်များ ၊ ပင်ပန်းမှုများဖြင့် လည်ပတ်ရင်း ဘ၀အဓိပ္ပါယ်လေး မပျောက်ဆုံးသွားအောင်လည်း ဂရုပြုသင့်လှပေသည် … ။
တကယ်တော့ ဘ၀မှာ ဘီလျံနယ်ဖြစ်ဖို့လည်း မလိုပါဘူး .. ။ ကမ္ဘာကျော်အောင် နာမည်ကြီးမှ နေပျော်မှာလည်း မဟုတ်ပါဘူး .. ။ ဘန်ဂလိုနဲ့နေနိုင်မှ လူရာဝင်တာလည်း မဟုတ်ပါဘူး .. ။ မကြိုးစားဘဲ ထိုင်နေရုံနဲ့လည်း မလုံလောက်သေးဘူး .. ။ လက်ရှိအနေအထားမှ အကောင်းဆုံးကို ဆက်လက်ကြိုးစားကြရင်း ဘ၀ကို အလင်းတန်းနေရောင်ခြည်ပေးစွမ်းနိုင်တဲ့ မိသားစုဘ၀ ၊ နွေးထွေးပျော်ရွှင်မှုဘ၀ ၊ အေးချမ်းမှုသစ္စာအားလုံး မပျောက်ပျက်အောင် ကြိုးစားထိန်းသိမ်း စီမံခန့်ခွဲနိုင်မှသာလျင် `ဘ၀အဓိပ္ပါယ်´ဆိုတာ ပြည့်စုံသွားမှာပင် မဟုတ်ပါလော။
Posted by လင်းလက်ကြယ်စင် at 2:34 PM 3 comments Links to this post
Labels: My Opinion
Monday, July 14, 2008
အမှတ်တရ ပျော်ရွှင်ကြည်နူးဖွယ် မင်္ဂလာပွဲလေးအတွက် စုံတွဲတိုင်း လိုအပ်သည့် ပြင်ဆင်မှုများ
ဘ၀ရဲ့ဖြတ်သန်းချိန် တိုတိုလေးမှာ နှလုံးသားနဲ့ဦးနှောက် ပေါင်းစပ်ပြီး ချစ်ခြင်းမေတ္တာပန်းတွေနဲ့ လှိုင်လှိုင်ဖူးပွင့်နေတဲ့ အိမ်ကလေးတစ်ခုကို နှစ်ယောက်အတူ တည်ဆောက်ချင်တဲ့အခါ .. မိန်းကလေးတိုင်း ယောက်ျားလေးတိုင်း ပြင်ဆင်ပျော်ရွှင်ရတဲ့အချိန်လေးတစ်ခုကတော့ `နှစ်ကိုယ်တူ ယှဉ်တွဲမည့် မင်္ဂလာပွဲ´ .. ။ တစ်သက်မှာ တစ်ခါပဲပြုလုပ်ရပြီး တစ်ဘ၀လုံး အမှတ်ရနေမည့် မင်္ဂလာပွဲလေးတစ်ခုအတွက် မောင်နှံတွေအားလုံး မိမိစိတ်ကူးလေးတွေဖြင့် ပုံဖော်ရတာ သိပ်တော့မလွယ်။ တစ်ရက် နှစ်ရက်ခန့်သာ ကြာမြင့်သည့် ရင်ခုန်လှုပ်ရှားဖွယ် ထိုအချိန်လေးအတွက် နှစ်ချီကာ ပြင်ဆင်ရသည်မှာ မောင်နှံများအားလုံး၏ အပျော်များ အမောများဖြင့် အစဉ်အမြဲဖုံးလွှမ်းလျက် .. ။စိတ်ကူးအိပ်မက်များထဲမှ မိမိလိုချင်သော အမှတ်တရနေ့ကလေးကို ပုံဖော်နိုင်ဖို့အတွက် ယေဘုယျ ပြင်ဆင်မှုများကို ကျွန်မ ဖတ်ရှုလေ့လာနေသော စာတမ်းများ ၊ မဂ္ဂဇင်းများ နှင့် ကျွန်မ အတွေးများ ပေါင်းစပ်ပြီး အချိန်ကာလပြင်ဆင်မှုအတိုင်းအတာများကို တတ်သိသလောက် မျှဝေပေးလိုက်ပါတယ်ရှင်။
မင်္ဂလာပွဲ မတိုင်မီ ၁၈လအလို
- မိမိသုံးလိုသော ငွေကြေးပမာဏကို နှစ်ဦးအတူ တိုင်ပင်ဆွေးနွေးပါ။ သုံးလိုသော ပစ္စည်းများ ၊ စာရင်းများအားလုံးကို စာအုပ်တစ်အုပ်တွင် အကြမ်းဖျဉ်း ရေးဆွဲထားပါ။
- မင်္ဂလာပွဲနှင့်ပတ်သတ်သော မဂ္ဂဇင်းများ ၊ စာစောင်များကို စတင်ဖတ်ရှုလေ့လာပါ။ ကြေငြာများ ၊ အတွေ့အကြုံရှိသူများ ၊ မင်္ဂလာပွဲဖိုရမ်များကို ခေါင်းစဉ်အလိုက် ဖတ်ရှုလေ့လာပါ။
- ဟိုတယ်များ ၊ မင်္ဂလာခန်းမများက ပြုလုပ်သော Seminar များကို တက်ရောက်လေ့လာပါ။
- Relationship ပိုမိုကောင်းမွန်စေသော စာပေများ အကြံဥာဏ်များ မဂ္ဂဇင်းများကို ဖတ်ရှုပါ။
မင်္ဂလာပွဲမတိုင်မီ ၁၂လအလို
- Registration Of Marriage အတွက် သက်ဆိုင်ရာ ရုံးများတွင် ဒိတ်ယူစုံစမ်းပါ။
- Outdoor Soleminsation လုပ်ချင်သူများ နေရာ ရွေးချယ်ပါ။
- မိမိနှစ်သက်သော ၊ ငွေပမာဏ သင့်လျော်သော မင်္ဂလာပွဲခန်းမကို အသေးစိပ်လေ့လာရွေးချယ်ပါ။
- မိမိစိတ်ကြိုက်ဖြစ်သော ဟိုတယ် ခန်းမကို ရွေးချယ် reserve လုပ်ပါ။
- ဟိုတယ်ခန်းမ အပြင်အဆင်နှင့် မင်္ဂလာပွဲပြုလုပ်ကျင်းပသည့်ရက်အတွက် Wedding Planner အကူကုမ္ပဏီအား ငှားသင့် ၊ မငှားသင့် စဉ်းစားဆုံးဖြတ်ပါ။
- မင်္ဂလာပွဲအခမ်းအနားတွင် သတို့သား ၊ သတို့သမီးနှင့် ဧည့်သည်များ မစုံခင် လူအများ စုစီးစွာ စောင့်ဆိုင်းနိုင်အောင် Cocktail Reception လေးတစ်ခု ပါဝင်ထည့်သွင်းချင်လျင် ဟိုတယ်နှင့် မေးမြန်းညှိနှိုင်းပြောဆိုပါ။
- ကိုယ်အလေးချိန်များသူများ သွယ်လျကျစ်လစ်သော ကိုယ်ခန္ဓာပိုင်ရှင်များဖြစ်အောင် ပုံမှန်လေ့ကျင့်ခန်းများ ၊ အစားချိန်စားခြင်းများ စတင်ပြုလုပ်ပါ။
- ကိုယ်အလေးချိန်နည်းသူများ ပြည့်ဝလှပသော အလှပိုင်ရှင်များဖြစ်အောင် အစားသေချာစားခြင်းများ ၊ ရေများများသောက်ခြင်း ၊ အိပ်ရေးမှန်မှန်အိပ်ခြင်း ၊ ဗီတာမင်အားဆေးများ သောက်ခြင်း ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းများ ပြုလုပ်ပါ။
- သတို့သမီး ၀တ်စုံဆိုင်များ ၊ သတို့သားဝတ်စုံဆိုင်များကို ဖတ်ရှုရွေးချယ်ပြီး လှည့်လည်ကြည့်ရှုပါ။ ကြိုက်နှစ်သက်ရာကို ၀ယ်ယူမည်လော ၊ ငှားရမ်းမည်လော စဉ်းစားဆုံးဖြတ်ရွေးချယ်ပါ။
- သတို့သား သတို့သမီးအရံ ပါဝင်ထည့်သွင်းထားသူများ ထိုသူများအတွက် မိမိဘက်မှ စီစဉ်ပေးရမည်ဆိုပါက လိုအပ်သည်များ စီစဉ်ဆောင်ရွက်ထားပါ။
- လက်ဝတ်ရတနာများကို ငှားရမ်းမည်လော ၊ ၀ယ်ယူမည်လော စဉ်းစားရွေးချယ်ဆုံးဖြတ်ပါ။ ငှားရမ်းချင်လျင် မင်္ဂလာဝတ်စုံဆိုင်များ သို့မဟုတ် မိတ်ကပ်အလှဖန်တီးရှင်များကို မေးမြန်းရပါမည်။ ၀ယ်ယူချင်လျင် ပစ္စည်းမှန် ၊ ဈေးမှန်သော ဆိုင်များကို လေ့လာကြည့်ရှုပါ
မင်္ဂလာပွဲမတိုင်မီ ၆လအလို
- မိတ်ကပ်နှင့်ဆံပင် အလှဖန်တီးရှင်ကို ရွေးချယ်ပါ။
- မင်္ဂလာပွဲနှင့်ပတ်သတ်သော ဖိုရမ်များမှ မင်္ဂလာဆောင်ပြီးသူများ၏ အတွေ့အကြုံများ ၊ လမ်းညွှန်သော အလှဖန်တီးရှင်များကို ဆက်သွယ်မေးမြန်းပါ။
- ဓါတ်ပုံဆရာ ၊ ဗီဒီယိုရိုက်မည့်သူများကို ဆက်သွယ်ပါ။
- ဖိတ်ကြားမည့် ဧည့်သည်အရေအတွက်ကို စာရင်းစတင်ပြုစုပါ။
- မင်္ဂလာပွဲအခမ်းအနားအား လှပပြီးမြောက်ရန်အတွက် အစီစဉ်များအား ရေးဆွဲပါ။ သူငယ်ချင်းများ အကူညီလိုလျင် ထိုသူငယ်ချင်းများအား ဆက်သွယ်မေးမြန်းထားပါ။ မင်္ဂလာနေ့ရက်တွင် ကူညီဖို့ရန် အနည်းဆုံး သုံးဦးအား ရွေးချယ်စဉ်းစားမေးမြန်းပြီး အစီစဉ်များကို ရှင်းလင်းစွာ ပြောပြထားပါ။
- သတို့သမီးဖိနပ် ၊ သတို့သားဖိနပ်နှင့် အသုံးအဆောင်များကို စတင်စုဆောင်းပါ။
- ဟန်းနီးမွန်းခရီးထွက်ရန် နိုင်ငံအနေအထားနှင့် ရာသီဥတုအခြေအနေများကို လေ့လာသုံးသပ်ပြင်ဆင်ပါ။
- မျက်နှာအလှပကို အထူးဂရုစိုက်ပါ။ အဖုအပိန့်များ နှင့် အသားရောင်ကို အထူးဂရုစိုက်ပါ။ မျက်နှာ ပေါင်းတင်ခြင်းများ ၊ သန့်စင်ခြင်းများကို အိမ်တွင် သို့မဟုတ် ဆိုင်တွင် မင်္ဂလာပွဲမတိုင်မီထိ စတင်ပြုလုပ်ပါ။
မင်္ဂလာပွဲမတိုင်မီ ၃လအလို
- မင်္ဂလာလက်စွပ်ဒီဇိုင်းများကို ဆိုင်များတွင် ကြည့်ရှု ရွေးချယ်ပြီး လက်ချောင်းအနေအထားများ တိုင်းယူအပ်ပါ။
- မိမိရွေးချယ်ထားသော မင်္ဂလာခန်းမ အခမ်းအနားတွင် မင်္ဂလာကိတ်အစီအစဉ်မပါခဲ့လျင် မင်္ဂလာကိတ် မှာယူရန် ပြင်ဆင်ရွေးချယ်ပါ။
- မိမိရွေးချယ်ထားသော မင်္ဂလာခန်းမ အခမ်းအနားတွင် Guest Book မပါခဲ့လျင် Guest Book လှလှလေးများအား စုဆောင်းဝယ်ယူပါ။ Thank you ကဒ်လေးများအား ဧည့်သည်များအတွက် မှာယူပါ။
- မင်္ဂလာသီချင်း သီဆိုပေးရန် တေးဂီတအဖွဲ့များ သုံးချင်လျင် တေးဂီတအဖွဲ့များကို ကြိုတင်ဘွတ်ခ်လုပ်ပါ။ မိမိကိုယ်ပိုင်မင်္ဂလာသီချင်းများသာ ဖွင့်လိုပါက ရွေးချယ်ဘွတ်ခ်လုပ်ထားသော ဟိုတယ်ခန်းမကို ဆက်သွယ်ပြောဆိုပါ။
- ဖိတ်စာရိုက်ရန် စတင်စီစဉ်ပါ။
- မင်္ဂလာကား ငှားယူရန် ဆုံးဖြတ်ရွေးချယ်ပါ။
မင်္ဂလာပွဲမတိုင်မီ ၂လအလို
- မိတ်ကပ်အလှဖန်တီးရှင်နှင့်ဆံပင်ပုံစံကို အစမ်းစတင်ပြင်ဆင်ကြည့်ပါ။
- သတို့သမီး လက်ကိုင်ပန်းကို ရွေးချယ်မှာယူပါ။
- မင်္ဂလာပွဲအကြိုဓါတ်ပုံ ရိုက်ချင်လျင် Outdoor & Indoor အတွက် ပြင်ဆင်ရိုက်ကူးပါ။
- စီစဉ်ထားသည့်ကိစ္စအားလုံးကို မိမိ၏ အကူ Wedding Planner သို့မဟုတ် မိဘဆွေမျိုး ညီအကိုမောင်နှမများ အကူညီယူကာ ပြန်လည် Confirm လုပ်ပါ။
- ဟန်းနီးမွန်းခရီးအတွက် လိုအပ်သော အသုံးအဆောင်များကို စတင်ဝယ်ယူပါ။
မင်္ဂလာပွဲမတိုင်မီ ၁လအလို
- အိပ်ရေး၀၀အိပ်ပါ ။ စိတ်ပူခြင်းများ ၊ အပျော်လွန်ခြင်းများကို ထိန်းသိမ်းကာ ကျန်းမာရေး နှင့် သွားလာရေး အားလုံးကို အထူးဂရုပြုပါ။
- သတို့သမီး ၀တ်စုံ ၊ လက်ကိုင်ပန်း ၊ အသုံးအဆောင်ပစ္စည်းများ ၊ သတို့သားဝတ်စုံနှင့် အသုံးအဆောင် ပစ္စည်းများကို သန့်ရှင်းစွာ ထားပြီး စစ်ဆေးပါ။
- လိုအပ်လျင် ၀တ်စုံအစမ်းဝတ်ပြီး နှစ်ယောက်အတူ ယှဉ်တွဲလမ်းလျှောက်ကျင့်ထားပါ။ ရေးဆွဲထားသော အစီစဉ်ကို ပိုမိုချောမွေ့စေရန် အစမ်းလေ့ကျင့်ပါ။
- မင်္ဂလာပွဲဖိတ်စာများကို စာတိုက်မှတစ်ဆင့် သို့မဟုတ် မိမိကိုယ်တိုင် သို့မဟုတ် ဆွေမျိုးညီအကိုမောင်နှမများ အကူညီယူကာ စတင်ဖြန့်ဝေပါ။
- Facial Spa ကို တစ်ကြိမ် ပြုလုပ်ပေးပါ။
မင်္ဂလာပွဲမတိုင်မီ ၁၀ရက်အလို
- Steam Bath & Aromatharapy Massage & Body Spa တစ်ကြိမ်ပြုလုပ်ပေးပါ။
- မိတ်ကပ်နှင့်ဆံပင်အလှ ဖန်တီးရှင် ၊ မင်္ဂလာကား ၊ သတို့သမီးလက်ကိုင်ပန်း ၊ ဓါတ်ပုံဆရာ ၊ ဗီဒီယိုဆရာ များအား မိမိကိုယ်တိုင် သို့မဟုတ် လွှဲအပ်ထားသော ကူညီမည့်သူများအား ဆက်သွယ်ကာ ပြန်လည်စစ်ဆေးပါ။
- အစားအသောက်များကို ဂရုပြု ရှောင်ကြည်ပါ။
- မိမိချစ်သူနှင့် ကြည်နူးဖွယ် အစီစဉ်များကိုသာ ပြောဆိုကာ ပြဿနာတစ်စုံတစ်ရာကို ရှောင်ကြဉ်ပါ။
မင်္ဂလာပွဲမတိုင်မီ သုံးရက်အလို
- အကူညီပေးမည့် မိတ်ဆွေသူငယ်ချင်း သို့မဟုတ် အကူငှားထားသည့် Wedding Planner များဖြင့် အစီစဉ်အားလုံးနှင့် အချိန်များကို တိကျသေချာစွာ ပြန်လည်စစ်ဆေးပါ။ မိတ်ကပ်ဆံပင်အလှဖန်တီးရှင် ၊ မင်္ဂလာကား အစရှိသည်တို့ကို ကူညီမည့်သူများအား လွှဲအပ်ထားလိုက်ပါ။ အချိန်တိကျမှု အားလုံးရှိစေရန် ပြန်လည်ပြောထားပါ။
မင်္ဂလာပွဲနေ့
- မင်္ဂလာပွဲမတိုင်မီ အကြိုတစ်ရက်နေ့တွင် ဘုရားရှိခိုးကာ စောစီးစွာ အိပ်ရာဝင်ပါ။
- မိမိ မင်္ဂလာပွဲက lunch ဖြစ်လျင် မနက်စာကို သေချာစားထားပါ။ မင်္ဂလာပွဲက ဒင်နာဖြစ်လျင် နေ့လည်စာကို အဆီအစိမ့် အငံမဟုတ်သော အသီးအရွက်များများဖြင့် သေချာစားထားပါ။
- မိတ်ကပ်ဆံပင် အလှဖန်တီးရှင်ကို မနက်စောစောကတည်းက နောက်ကျမှုမရှိစေရန် ချိုသာစွာ ဖုန်းဆက်ပြောထားပါ။
- ကျန်သော အစီစဉ်အားလုံး တိကျမှုရှိစေရန် ကူညီမည့်သူများအား စိတ်ချစွာ လွှဲထားလိုက်ပါ။
- မင်္ဂလာအခမ်းအနားမစခင် ရိုးရာထုံးစံလုပ်စရာရှိသူများ အချိန်စောစီးစွာ အပြီးပြင်ဆင်ထားပါ။
- မင်္ဂလာကားနှင့် သတို့သမီးဝတ်စုံစ မညှပ်မိအောင် ဂရုပြုပါ။
- တူနှစ်ကိုယ်ယှဉ်တွဲကာ ဘ၀ခရီးလမ်းကို သက်ဆုံးတိုင် အတူလျှောက်လှမ်းရမည့် အမှတ်ရဆုံး နေ့တစ်ရက်ကို လာရောက်မျှဝေခံစားအားပေးကြသည့် ဧည့်သည်များကို ကျေးဇူးတင်စကား သေချာပြောကြားပါ .. ။
ဒါတွေအားလုံးက ကျွန်မစိတ်ကူးထဲက ရသမျှ ပြည့်စုံသော မင်္ဂလာပွဲတစ်ပွဲအတွက်ပါ .. ။ အကြောင်းအရာအားလုံးက ချစ်သူစုံတွဲများအတွက် အားလုံး လိုချင်မှ လိုမှာပါ .. ။ ထည့်သွင်းလိုသူများအားလုံးအတွက် ပြည့်ပြည့်စုံစုံ ကျွန်မစဉ်းစားဖော်ပြပေးခြင်းပဲ ဖြစ်ပါတယ်။ အချို့စုံတွဲများက Wedding Package ကို တစ်ခါတည်း ၀ယ်လိုက်ပါတယ်။ ထိုသူများအတွက်က တစ်ဆင့်ခြင်း လိုက်ပြင်ဆင်ဖို့ မလိုတော့ပါဘူး။ မိမိစိတ်ကူးလေးနဲ့ မိမိစိတ်ကြိုက်လုပ်ချင်သူ အားလုံးအတွက်က တစ်ဆင့်ခြင်း ပြင်ဆင်ရပါတယ်။ ခေါင်းစဉ်တစ်ခုစီနှင့် သက်ဆိုင်သော အကြောင်းအရာများ ၊ ကျွန်မ အတွေ့အကြုံများကို ဖြေးဖြေးခြင်း ဆက်လက်ဖော်ပြပေးသွားပါ့မယ် .. ။ ကျွန်မ စဉ်းစားစီစဉ်ထားပုံကို ပိုမိုကောင်းမွန်အောင် ထည့်သွင်းဖော်ပြလိုသူများကို ကြိုဆိုလျက်ပါရှင်။
အကြင်နာဟာ အလှပဆုံးတွေနဲ့ ဖွဲ့စည်း … ဒီအမှတ်တရနေ့လေးမှာ ဘ၀နှစ်ခု တစ်ခုတည်းအဖြစ် ပေါင်းစပ်တည်ဆောက်ရင်း ချစ်ခင်ပျော်ရွှင်ဖွယ် မင်္ဂလာပွဲလေးတွေအားလုံးကို ချစ်သူစုံတွဲများအားလုံး ချစ်ခြင်းမေတ္တာများနှင့်အတူ ပိုင်ဆိုင်ကြည်နူးကြပါစေ .. ။
Posted by လင်းလက်ကြယ်စင် at 1:54 PM 21 comments Links to this post
Labels: Wedding
Wednesday, July 09, 2008
Agent အိမ်ပေါ်မှ ထွက်ပြေးရင်း သေဆုံးခဲ့ရရှာသော ရင်နင့်ဖွယ် မြန်မာအမျိုးသမီး တစ်ဦး
ဘ၀ပေး အခြေအနေအရ လာရောက် လုပ်ကိုင်ခဲ့ရ သော်လည်း အလုပ်တွင် ပျော်ရွှင်ခြင်း အလျှင်း မရှိ ကြောင်း သူမ၏ အလုပ်ရှင် Mr. Lee ၏ ပြောစကား အရ သိရှိခဲ့ ပါသည်။ တစ်လအကြာထိ အလုပ်တွင် မပျော်ပိုက်ပဲ မြန်မာပြည်သို့ ပြန်ချင်ကြောင်းသာ ပြောဆိုနေသဖြင့် သူမ အလုပ်ရှင် Mr. Lee က သူမ Agent ထံသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။
သူမ၏ ဦးလေးဖြစ်သူ (ဆောက်လုပ်ရေး လုပ်သား) ပြောပြချက်အရ သူမအနေဖြင့် မြန်မာပြည်သို့ ပြန်လိုပါက စာချုပ်စာတမ်း အရ S$ 1000 အား Agent သို့ ပေးရမည် ဖြစ်သည်။ လျှော်ကြေးငွေ မပေးနိုင်ခင် သူမသည် Agent ထားသောအိမ်တွင် အခြားသော အိမ်ဖော်အဖြစ် အလုပ် လာရှာသူများ နှင့်အတူ နေထိုင်ခဲ့ရာမှ လွန်ခဲ့သော ဗုဒ္ဓဟူးနေ့၊ ညနေ ၅း၃၀ နာရီခန့်တွင် သူမ နေထိုင်သော Blk896C Woodlands Dr. 50 တတိယလွှာမှ ခွေးလည်ပတ်တစ်ခု နှင့် မျက်နှာသုတ်ပုဝါ (၅)ခု ဆက်ကာ ထွက်ပြေးရင်း ပြုတ်ကျ သေဆုံးခဲ့ပါသည်။
လောလောဆယ် မည့်သို့သော အကြောင်းကြောင့် ထွက်ပြေးခဲ့ရခြင်း၊ သေဆုံးမှုဇာတ်မြစ်ကို မသိရသေးသော်လည်း ရဲဘက်ဆိုင်ရာမှ သမရိုးကျ မဟုတ်သော သေဆုံးမှုအဖြစ် သတ်မှတ်ကာ လိုအပ်သော စုံစမ်း စစ်ဆေးမှုများ စတင်ဆောင်ရွက် နေပါသည်။
ထိုသို့ မိသားစု စီးပွားရေး အဆင်မပြေမှုကြောင့် ကံအကြောင်းမလှ ဖြစ်ခဲ့ရရှာသော ကလေးတစ်ယောက် မိခင် ပညာတတ် မြန်မာအမျိုးသမီး တစ်ဦး၏ ဈာပန ကောင်းမွန်စွာ ပြီးမြောက်ရေး နှင့် ကျန်ရစ်သော မိသားစု ဘ၀ ရှေ့ရေးအတွက် တတ်အားသရွေ့ ၀ိုင်းဝန်းကူညီ ကြပါရန် စင်္ကာပူနိုင်ငံရောက် ရွှေမြန်မာအား တိုက်တွန်းအပ်ပါသည်။
မခင်ချိုဦး၏ ဈာပနနှင့် ကျန်ရစ်သူမိသားစုအတွက် အလှူငွေများကို ပန်နီဆူးလားပလာဇာရှိ စင်းမြန်မာဆိုင်ရှေ့တွင် လက်ခံလျက်ရှိပါသည်။ စေတနာရှင်များအားလုံး စင်းမြန်မာဆိုင်ရှေ့ရှိ အလှူခံပုံးတွင် ထည့်ဝင်လှူဒါန်းနိုင်ပါသည်။
Posted by လင်းလက်ကြယ်စင် at 11:18 PM 2 comments Links to this post
Labels: News And Activities
ပို့စကတ်လေးတစ်စောင်
အဖြစ်ဟောင်းဟူသည် လူတိုင်းကိုယ်စီရှိကြစမြဲ ။ အချစ်ဟောင်းဆိုသည်မှာလည်း များသောအားဖြင့် ရှိခဲ့ကြစမြဲ။ ထို့ကြောင့်လည်း မောင့်တွင် အချစ်ဟောင်း ရှိခဲ့ဖူးသည်နှင့်ပတ်သတ်၍ ကျွန်မစိတ်မှာ အထူးအထွေ မဖြစ်မိ။ ကျွန်မတွင်လည်း ရှိခဲ့သည်သာ။
ငယ်ကအချစ် အနှစ်တစ်ရာဆိုသော်လည်း မောင်နှင့်လက်ထပ်ပြီးသည့် အချိန်မှစ၍ ကျွန်မသည် အချစ်ဟောင်းရော ၊ အချစ်နှောင်းပါမေ့ပြီတည်း။ ကျွန်မဘ၀တွင် မောင်သာရှိသည်။ ကျွန်မအချစ်သည် မောင့်ဆီမှာသာ တည်သည်။ မောင့်ကိုလည်း ထိုသို့ပင်ဖြစ်စေချင်သည်။ သို့သော် မောင်က သည်နှယ်မဟုတ်။
ကျွန်မတို့ လက်ထပ်ပြီးသည့်နောက် မောင့်အိမ်မှာပင် ကျွန်မလိုက်နေရသည်။ မောင့်အိပ်ရာ ၊ မောင့်စားပွဲ ၊ မောင့်စာအုပ်စင်တို့သည် ယခင်လူပျိုဘ၀အတိုင်း နေရာမပျက်ရှိနေသည်။ မောင့်ရည်းစားစာ တစ်ထပ်ကြီးကလည်း မောင့်စာအုပ်စင်မှ စာအုပ်ကြားတွင် နေရာမပျက်။ ကျွန်မစာများက အပေါ်ဆုံးမှာ ဆိုပါတော့။ နောက်ဆုံးရည်းစားစာပေကိုး။
ကျွန်မက ကျွန်မစာများမှလွဲ၍ ကျန်သောစာများကို ထီးနန်းချလိုက်သည်။ သွားလေရော အချစ်ဟောင်းများ ၊ သွားလေရော အဖြစ်ဟောင်းများ။ ကျွန်မတို့သည် အချစ်သစ်နှင့် ဘ၀သစ်ထူထောင်မည့်သူများ မဟုတ်ပါလား။ ကျွန်မ လုပ်သည်ကို မတရားပါဟု မည်သူပြောမည်နည်း။ မောင့်ဘ၀တွင် ကျွန်မခြယ်လှယ်ပိုင်ခွင့်ရှိပြီ။
သို့သော် ကျွန်မစိတ်ကို တစ်စုံတစ်ခုသည် အနှောင့်အယှက်ပေးလျက်ရှိသည်။ မောင့်စာများထဲတွင် အထင်ရှားဆုံး ၊ အများဆုံးနေရာယူထားသော စာရွက်ပြာပြာလေးများပါတည်း။ သူမကို မောင်အချစ်ခဲ့ဆုံး ထင်သည်။ သူမကလည်း မောင့်ကို အတော်လေးချစ်ခဲ့ပုံရသည်။ သူမ၏ လက်ရေးက လှပသည်။ အရေးအသားက ချွဲနွဲ့သည်။ သူ့အမည်က `စံပယ်´။ နာမည်ရင်းတော့ မဟုတ်တန်ရာ။ မောင်တင်စားပေးထားသော နာမည်ဖြစ်ကောင်းဖြစ်မည်။ မောင့်ကို ကျွန်မ ဘာမျှမမေး။ ကျွန်မတစ်ယောက်လုံး အနားမှာ ရှိလျက် အတိတ်ကချစ်သူကို တမ်းတသတိရစေမည့်အဖြစ်မျိုး ကျွန်မ မလိုလား။ ထို့ကြောင့် သတိရစရာအကြောင်းကို ကျွန်မဖန်တီးမပေး။ ဒါမျိုးဆိုတာ ကြာရင်မေ့မြဲ။ မေ့လည်း မေ့စေရမည်။ မမေ့ဘဲ ရှိနေသေးသည်ဆိုလျင်တော့ ကျွန်မညံ့လို့ပဲ။
`စာ ခင်ဗျ´
စာပို့လုလင်ထံမှ စာတစ်စောင်ကို ကျွန်မလှမ်းယူလိုက်သည်။ သို့သော် စာမဟုတ် ၊ ပို့စကတ်လေးတစ်ခုဖြစ်သည်။ မောင့်အမည်ကို လိပ်တပ်ထားသည်။ မှ ဟူသော ဘက်တွင် ဘာမျှမရေးထား။ သည်လက်ရေးကို မြင်ဖူးသည်။ ကျွန်မကောင်းကောင်းမှတ်မိသည်။ မောင့်ဆီမှာ အများဆုံးတွေ့ရသော စာရွက်ပြာပြာလေးများထဲမှ သည်လက်ရေး။ ရုပ်ပုံရှိရာဘက်သို့ လှန်၍ ကြည့်လိုက်သည်။ အမယ် အမယ် ၊ အဓိပ္ပါယ်ကလည်း အပြည့်အ၀ပါလား။ ပြာသောကောင်းကင်နောက်ခံတွင် သစ်ကိုင်းလေးတစ်ခု ထိုးကျနေသည်။ ရွက်ဝါလေးများ လေတွင် လွင့်ဝဲနေသည်။ သစ်ကိုင်းပေါ်တွင် ငှက်ကလေးတစ်ကောင်တည်းမှ တစ်ကောင်တည်း။ ဖော်ကွဲတဲ့ငှက်ငယ်အသွင်။
အပြည့်အစုံဖတ်ရှုရန် ဤနေရာတွင် ဒေါင်းလော့ခ်ဆွဲယူပါ။
Posted by လင်းလက်ကြယ်စင် at 12:48 AM 2 comments Links to this post
Labels: E-Books, Essays And Stories
အာဟာရစာစောင် အမှတ်(၈၉)
Posted by လင်းလက်ကြယ်စင် at 12:40 AM 0 comments Links to this post
Labels: E-Magazines And Newsletter
Monday, July 07, 2008
၇ ဇူလိုင် ကျောင်းသားအရေးတော်ပုံ မှတ်တမ်းဓါတ်ပုံများ
Posted by လင်းလက်ကြယ်စင် at 10:58 AM 0 comments Links to this post
Labels: Photos



























