Thursday, January 31, 2008

http://linletkyalsin.myanmarbloggers.org


ကျွန်မ၏ ဤဘလော့ခ်ကို မြန်မာပြည်တွင်းမှ မိတ်ဆွေမောင်နှမများ http://linletkyalsin.myanmarbloggers.org လိပ်စာဖြင့် ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ www.linletkyalsin.com နှင့် http://linletkyalsin.blogspot.com လိပ်စာနှစ်ခုလုံးကို မြန်မာပြည်ဘက်မှ ၀င်ရောက်ကြည့်ရှုမရတော့၍ လိပ်စာအသစ်တစ်ခုကို ထပ်မံဖွင့်ပေးလိုက်ပါတယ်ရှင်။ ဤလိပ်စာသစ်ရရှိရေးအတွက် ကူညီပေးခဲ့သော မမမယ်လိုဒီမောင်အား ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

Read More...

နည်းပညာနယ်ပယ်ကို သေနတ်နှင့် ချိန်ရွယ်နေတဲ့ စစ်အစိုးရ ... ပညာရှင်အားလုံး စုပေါင်းကာကွယ်ကြ (မင်းထက်ဘုန်းမြတ်)


စစ်အစိုးရဟာ သံဃာတော်များဦးဆောင်တဲ့ စက်တင်ဘာလူထုလှုပ်ရှားမှုပြီးဆုံးသွားချိန်မှ စတင်ကာ နိုင်ငံရေးနှင့်ပတ်သက်လျှက်ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များစွာနှင့် လူထုလှုပ်ရှား မှုအတွင်း ပါဝင်ခဲ့သူများကို လိုက်လံဖမ်းဆီးခဲ့သည်ကို ကျွန်တော်များ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတိုင်း သိရှိပြီးဖြစ်ပါလိမ့်မယ်။ ယခုအချိန်မှာတော့ စစ်အစိုးရဟာ နိုင်ငံရေးနှင့်ပတ်သက်ပြီး လှုပ်ရှားသူအားလုံးကို ကြောက်လန့်အောင်ခြိမ်းခြောက် ဖမ်းဆီးနိုင်ခဲ့ပြီးဖြစ်သော်လည်း နိုင်ငံလှုပ်ရှားမှုများတွင် တစ်ခန်းတစ်ကဏ္ဍအနေဖြင့်ပေါ်ပေါက်လာကြပြန်တဲ့ နှစ်ဆယ့်တစ်ရာစု၏ သံတော်ဆင့်များဖြစ်ကြတဲ့ ဘလော့ဂါများကိုတော့ အရေးယူနိုင်ခြင်းမရှိသေးဘူးဘဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးနဲ့ပတ်သက်ပြီး အစိုးရကို ပွင့်လင်းပျက်သားစွာဝေဖန်ပြောဆိုရေးသားလျှက်ကြသော ဘလော့ဂါများကို ဖိနှိပ်အရေးယူမှုများ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလာကြပြန်ပြီဖြစ်တယ်ဆိုတာကို ဆိုက်ဘာအတိုက်အခံ မြန်မာဘလော့ဂါအားလုံးကို နှိုးဆော်သတင်းပေးလိုက်ပါရစေ။

ဒီလိုပဲ စစ်အစိုးရကိုလည်း ကျွန်တော်များ မြန်မာ့အရေးလှုပ်ရှားသူ ဘလော့ဂါများကိုယ်စားပြောကြားလို တဲ့ အကြောင်းအရာလေးတွေလဲရှိနေပြန်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ဘလော့ဂါဆိုတာ ဂျိုပါ တဲ့သူတွေမဟုတ်ကြပါဘူး။ ကျွန်တော်တို့ဟာ အခြေခံပြည်သူလူထုတွေနှင့်အတူ ဘက်စ်ကား အတူစီးပြီးနေကြတယ်…ဒီလိုပဲ အခြေခံပြည်သူတွေနှင့်အတူ ခက်ခဲကြမ်းတမ်းတဲ့ စားဝတ်နေရေး ကိုအများနည်းတူ ဖြေရှင်းရင်ဆိုင်နေကြရသူတွေသာဖြစ်တယ်ဆိုတာပါပဲ။ ဒါကြောင့် ဘယ်လိုပင် ဆောင့်ဖမ်းစီးသည်ဖြစ်စေ ကျွန်တော်တို့ဟာ ပြည်သူထဲက ပြည်သူဖြစ်နေကြတဲ့အတွက် အမှန် တရားနဲ့ အများကောင်းကျိုးအတွက် ဆောင်ရွက်နေကြတဲ့ ကျွန်တော်တို့အတွက် အကာအကွယ် ဆိုတာရှိနေမှာပါပဲ။

ကျွန်တော်တို့ဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အသက်စွန့်ကြိုးပမ်းသွားကြတဲ့ သူရဲကောင်းများအပေါ် တာဝန်ကျေသူများဖြစ်ဖို့ ကြိုးစားနေကြသူများသာလျှင်ဖြစ်ကြပါတယ်။ ကျွန်တော်တို့ဟာ သူတို့လို အသက်မစွန့်နိုင်ကြသေးပေမယ့် ကျွန်တော်တို့စွန့်နိုင်သည်များကို ကျွန်တော်တို့စွန့်နေကြခြင်းသာလျှင်ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ပြည်သူပြည်သားများ အားလုံးအတွက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးဆိုသည်များတွက် ကျွန်တော်တို့ဟာ ဆိုက်ဘာ တော်လှန်ရေးဆင်နွဲနေကြခြင်းဖြစ်ပါတယ်။ ဒါကြောင့် ယခုလို စစ်အစိုးရနှင့် ၄င်းတို့ရဲ့ အခြေခံ အာဏာပိုင်အဖွဲ့အစည်းများက ဆိုက်ဘာတော်လှန်ရေးသမားများအပေါ် အရေးယူဆောင်ရွက်နိုင် ခြင်းမရှိကြစေရန် သန်းပေါင်း (၆၀) ကျော်သော မြန်မာပြည်သူတို့ရဲ့ လွတ်လပ်ရေး၊ တရားမျှတရေး တို့အတွက် ဆောင်ရွက်နေကြသူ ဘလော့ဂါများအပေါ် စေတနာမေတ္တာတရားများရှေ့ထားပြီး ပညာရှင်အပေါ်မှ စစ်အစိုးရဲ့ ခြိမ်းခြောက်ရန်ပြုမှုကို အတူတကွပူးပေါင်းကာကွယ်ပေးကြဖို့ နိုးဆော်ချင်ပါ တယ်။

စစ်အစိုးရဟာ ယခုအချိန်မှာ ရန်ကုန်မြို့တွင်းရှိ အင်တာနက်ဆိုင်များမှာ စပိုင်ဆော့ဝဲ ယားများထည့်သွင်းပေးထားပြီး ဆောင့်ဆိုင်းကြည့်ရှုပြီး ဘလော့ဂါများကိုဖမ်းစီးနိုင်သလို အခြားပုံစံ တစ်မျိုးဖြစ်တဲ့ အင်တာနက်ဆိုင်များတွင် စွမ်းအားရှင်များကို ထည့်သွင်းပြီး နိုင်ငံရေးဝက်ဘ်ဆိုက် များကို ကြည့်ရှုသူ ဒါမှမဟုတ် ရေးသားသူများကို ဖမ်းဆီးနိုင်ဖို့အတွက် အကွက်ချစီမံလျှက်ရှိနေ ကြပါတယ်။ ဒါကြောင့် ပြည်တွင်းမှနေပြီး အနာဂတ်ဘ၀ရှေ့ရေးများကို ထည့်မတွက်ပဲ သန်းခြောက် ဆယ်သော ပြည်သူတို့အတွက် စွန့်လွှတ်အနစ်နာခံပြီး ဘလော့များရေးသားနေသော ဘလော့ဂါ များအတွက် မိမိတို့စီးပွားရေး၊ အကျိုးစီးပွားမပျက်ဆီးစေနိုင်စေမယ့် ဘယ်လိုအကြောင်းအကြောင့် ပဲဖြစ်ဖြစ် နည်းပညာရှင်များနှင့် အင်တာနက်ဆိုင်ပိုင်ရှင်များကို ဒီစာဖြင့် မေတ္တာရပ်ခံအပ်ပါတယ်။

မင်းထက်ဘုန်းမြတ်

Read More...

Wednesday, January 30, 2008

(Update)Rambo 4 ရုပ်ရှင်ကားအား စင်္ကာပူရှိမျိုးချစ်မြန်မာများအားလုံး အတူကြည့်ရှုကြစို့

စင်္ကာပူရှိ ရွှေမြန်မာများအားလုံး တောင်းဆိုအားပေးမှုကြောင့် ယခင်ရုပ်ရှင်ရုံအနေအထားနှင့်လူဦးရေမှာ လာရောက်ကြည့်ရှုချင်သူများအားလုံးအတွက် မလုံလောက်ပေ။ စည်းလုံးညီညွတ်မှုကို ပြသသည့်အနေဖြင့် တချိန်တည်း တနေရာတည်းမှာ မျိုးချစ်မြန်မာအားလုံး ရမ်ဘိုကားအား အတူကြည့်ရှုနိုင်ရန်အတွက် ယခင်ရုပ်ရှင်ရုံအခန်းထက် လူဦးရေပိုဆန့်သော အခန်းကို စင်္ကာပူရှိ Overseas Burmese Patriots အဖွဲ့မှ အခက်ခဲများကြားမှ ရအောင်ကြိုးပမ်းပေးခဲ့ပြီးဖြစ်သည်။ ၃၀ရက်နေ့ ညနေခင်းမတိုင်ခင်အချိန်ထိ ယခင်လက်မှတ်များကို ၀ယ်ယူထားသော မိတ်ဆွေများအနေဖြင့် လက်မှတ်သစ်ကို မပျက်မကွက် အမြန်ဆုံးလာရောက် လဲပေးကြပါရန် လေးစားစွာ အသိပေးအပ်ပါသည်။ ၃၁ရက်နေ့ ညနေ ၇နာရီခွဲမတိုင်ခင်ထိ ပန်နီဆူးလားရှိ စင်းမြန်မာဆိုင်တွင် လဲပေးမည်ဖြစ်ပါသည်။ စိတ်အနှောင့်အယှက်တစ်စုံတစ်ရာဖြစ်မိပါက နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်။

Read More...

Tuesday, January 29, 2008

Rambo 4 ရုပ်ရှင်ကားအား စင်္ကာပူရှိမျိုးချစ်မြန်မာများအားလုံး အတူကြည့်ရှုကြစို့


ယခုနှစ် အခါသမယကို အဆုံးသတ် တိုက်ပွဲ ၂၀၀၈ (သို့) မင်္ဂလာရှိသောနှစ် ဖြစ်စေရန် ပြည်တွင်းပြည်ပရှိ မျိုးချစ်မြန်မာ လူတန်းစား အလွှာအသီးသီးမှ နည်းမျိုးစုံဖြင့် တိုက်ပွဲဝင်ကြရန် ပြင်ဆင်ပြုလုပ်နေကြသည်ကို မျိုးချစ်မြန်မာများ အားလုံး သိကြပြီး ဖြစ်ပေလိမ့်မည်။

ထိုသို့ ဖြစ်မြောက်ရန်မှာလည်း လူတစ်ဦး၊ အဖွဲ့အစည်း တစ်ဖွဲ့ ပြုလုပ်ရုံနှင့် မရရှိနိုင်ပါ။ မြန်မာပြည်သူ လူထု တစ်ရပ်လုံး စည်းလုံးညီညွတ်စွာ အင်တိုက်အားတိုက် ပါဝင်ဆင်နွှဲမှသာ ဖြစ်နိုင်မည်ကိုလည်း အားလုံး သဘောပေါက် နားလည်ပြီး ဖြစ်နေမည်ဟုလည်း အပြည့်အ၀ ယုံကြည်ပါသည်။

ပဏာမဦးစွာ စည်းလုံးညီညွတ်ကြောင်း ပြသသည့် အနေဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ရုံတင်ပြသနေသော စစ်အာဏာရှင် မိစ္ဆာကောင်တို့၏ ယုတ်မာရက်စက်မှုကို ပေါ်လွင်ထင်ရှားအောင် ရိုက်ကူးထားသော RAMBO 4 အား ပြည်ပရောက် မျိုးချစ်မြန်မာများမှ လာမည့် တနင်္ဂနွေနေ့ (၃ ဖေဖော်ဝါရီလ၂၀၀၈)၊ ညနေ ၅း၅၅ နာရီ တွင် Bugis Cinema ၌ စင်္ကာပူရောက် မြန်မာများ အားလုံး အတူတကွ ကြည့်ရှု အားပေးနိုင်ရန် THEATRE တစ်ခုလုံးအား ကြိုတင်လက်မှတ် ၀ယ်ယူထားပြီး ဖြစ်ပါသည်။

စင်္ကာပူရှိ မျိုးချစ်မြန်မာများ အားလုံးသည်လည်း ပြည်တွင်းနှင့် အခြားသော ပြည်ပရှိ မျိုးချစ်မြန်မာများနှင့် တစ်သွေးတစ်သားတည်း ရှိကြောင်း ပြသသည့် အနေဖြင့် အတူတကွ ကြည့်ရှုကြပါရန် လေးလေးနက်နက် တိုက်တွန်းအပ်ပါသည်။

လက်မှတ် ၀ယ်ယူရန်
၁) Sin Myanmar ၂) လင်းလက် ၃) ရွှေနဒီ ၄) သပြေနု ၅) Vilas Saloon

လက်မှတ် တန်ဖိုး မူလတန်ဖိုးအတိုင်း $ 9.50

အချိန် နှင့် နေ့ရက်
ညနေ ၅း၅၅ နာရီ ၊ ၃ ရက် ဖေဖေါ်ဝါရီလ၂၀၀၈ ၊ တနင်္ဂနွေနေ့

နေရာ Bugis Junction, Shaw Theatre, Bugis 2

မှတ်ချက်။ မျိုးချစ်စိတ်အတက်ကြွလွန်ကြပြီး ရုပ်ရှင်ရုံထဲတွင် ရိုင်းစိုင်းစွာမပြုမူကြရန် ၊ မိမိလူမျိုးနှင့်နိုင်ငံ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းသည့်အနေဖြင့် မည်သည့်ပြဿနာတစ်စုံတစ်ရာမျှ မဖြစ်ပေါ်စေရန် လာရောက်ကြမည့် မျိုးချစ်မြန်မာများအားလုံး ဂရုပြုပေးကြပါဟု ကျွန်မ လင်းလက်ကြယ်စင်မှ ဆန္ဒပြုပါတယ်ရှင်။

Read More...

Sunday, January 27, 2008

ပီနန်ဆရာတော်ကြီး ဦးပညာဝံသ၏ သြ၀ါဒပေးပွဲအခမ်းအနား


ပီနန်ဆရာတော်ကြီး ဦးပညာဝံသ၏ သြ၀ါဒပေးပွဲအခမ်းအနားကို ဇန်န၀ါရီလ ၂၉ရက်နေ့ (အင်္ဂါနေ့) ညနေ ၇နာရီခွဲတွင် စင်္ကာပူနိုင်ငံရှိ တိုပါးရိုးဘုန်းကြီးကျောင်းမှာ ပြုလုပ်ကျင်းပမှာ ဖြစ်ပါတယ်။ အားလုံး တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျေးဇူးပြုပြီး အနီရောင်တီရှပ်ကို ၀တ်ဆင်ပေးခဲ့ကြဖို့ တိုက်တွန်းလိုပါတယ်။

Read More...

လူမျိုးနှင့်နိုင်ငံသား



`ဘာလူမျိုးလဲ´

`ဘာနိုင်ငံသားလဲ´

ဒီမေးခွန်းတွေကို အပြင်ရောက်နေတဲ့ မြန်မာလူမျိုးတွေ ကြားဖူးနေကျ မေးခွန်းဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် နေထိုင်ခွင့်ပုံစံကို အမျိုးမျိုးခွဲထားတဲ့ စင်္ကာပူလိုနိုင်ငံမှာ ပိုကြားရပါလိမ့်မယ်။ အချို့လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် စင်္ကာပူနိုင်ငံသားကိုပြောင်းယူသွားကြတဲ့လူတွေ အများကြီးပါ။ အပေါ်ယံမှာကြည့်ရင်တော့ `ဘာကြောင့်ပြောင်းကြတာလဲ´ဆိုသော မေးခွန်းကို နားမလည်ဖြစ်ကြပါလိမ့်မယ်။ စင်္ကာပူရဲ့အုပ်ချုပ်ပုံစည်းကမ်းအရ နေထိုင်ခွင့်ရထားတာချင်း မတူရင် စရိတ်တွေအားလုံးက မတူတာတစ်ချက် ၊ နိုင်ငံသားနှစ်ခုကို အတူတကွ ကိုင်ဆောင်ခွင့်မရှိတဲ့အချက်ရယ်ကြောင့် ပြောင်းသွားကြတာလို့ မြင်မိပါတယ်။ နေထိုင်ခွင့်တွေဖြစ်တဲ့ Student Pass ၊ Work Permit ၊ S Pass ၊ Permanent Resident & Singapore Citizenship အစရှိသဖြင့် အမျိုးမျိုးကွဲပြားမှုတိုင်းမှာ စရိတ်တွေအားလုံးကလည်း မတူကြပါဘူး။ အကွာခြားဆုံးကတော့ စင်္ကာပူလူမျိုးခံယူထားသူနှင့် အခြားနေထိုင်ခွင့်ကိုရထားသူတွေအားလုံးပါ။ အိမ်ဝယ်စရိတ် ၊ ဆေးကုသစရိတ် ၊ ကျောင်းစရိတ် အစရှိသဖြင့် အားလုံးကွာခြားပါတယ်။ ကွာခြားပုံခြင်းက အတော်ကွာခြားတာကိုလည်း သတိပြုမိကြပါလိမ့်မယ်။ မြန်မာနိုင်ငံဘက်မှာ ကွာခြားချက်ကတော့ စင်္ကာပူလူမျိုးခံယူလိုက်ရင် မြန်မာသံရုံးကိုနှစ်စဉ်ပေးဆောင်ရတဲ့ အခွန်စရိတ်များ မရှိတော့ခြင်းပါ။ စင်္ကာပူနှင့် မြန်မာပြည် နှစ်ဘက်လုံး အခြေအနေတွေကြောင့် စင်္ကာပူနိုင်ငံသား ပန်းရောင်ကဒ်ကလေးကို ပြောင်းလဲသွားကြတာ များပါတယ်။ စင်္ကာပူရဲ့ ခွဲခြားဆက်ဆံတဲ့ စံနစ်ကလည်း လူတွေကို နိုင်ငံသားပြောင်းလဲဖို့ အခွင့်အရေးရရင် ပိုမိုတိုက်တွန်းနေသလို ဖြစ်နေတတ်ပါတယ်။


ကျွန်မရဲ့မျက်လုံးထဲမှာတော့ `ဘာနိုင်ငံသားခံယူထားလဲ´ဆိုတဲ့ မေးခွန်းထက် `ဘာလူမျိုးလဲ ၊ ဘာတွေလုပ်နေလဲ ၊ ဘယ်လိုမျိုးစိတ်ဓါတ်ရှိလဲ´ဆိုတာကို ပိုမိုစိတ်ဝင်စားပါတယ်။ လူတစ်ယောက်နဲ့ အလုပ်တွဲလုပ်တော့မယ်ဆိုရင် ဘယ်နိုင်ငံသားခံယူထားလဲက ကျွန်မအတွက်တော့ သိပ်အရေးမကြီးလှပါဘူး။ သူ့ရဲ့လုပ်ဆောင်မှုအတိုင်းအတာကိုပဲ ကျွန်မက ကြည့်တတ်ပါတယ်။ မြန်မာလူမျိုးစစ်စစ်ဖြစ်ပြီး မြန်မာနိုင်ငံသားတွေဖြစ်တဲ့ နအဖ အသိုင်းဝိုင်းတစ်ခုလုံးက မြန်မာပြည်သူလူထုကို နှိပ်စက်နေကြတာထက် မြန်မာနိုင်ငံသားမဟုတ်တော့တဲ့ မြန်မာလူမျိုးပဲဖြစ်ဖြစ် ၊ အခြားလူမျိုးခြားပဲဖြစ်ဖြစ် ..မြန်မာပြည်ကောင်းဖို့အတွက် လုပ်ဆောင်နေကြရင် .. အဲဒီလူမျိုးတွေကို ပိုမိုကြိုဆိုပါတယ်။ အထူးသဖြင့် ကျွန်မတို့ မြန်မာအသိုင်းဝိုင်းက မြန်မာလူမျိုးအချို့က သဘောထားသိပ်မကြီးကြဘူး ။ နိုင်ငံသားနှစ်ခုကို အတူကိုင်ဆောင်ခွင့်မရှိတဲ့ စင်္ကာပူလိုနိုင်ငံမျိုးမှာ စင်္ကာပူနိုင်ငံသားခံယူထားပြီး မြန်မာ့အရေးတွေ တတ်နိုင်သမျှ ၀င်ရောက်ကူညီရင် အသိမှတ်သိပ်မပြုချင်သူတွေ ရှိပါတယ်။ တကယ်တော့ ဒီအတွေးအခေါ်က သိပ်နောက်ကျလွန်းပါတယ်။ စင်္ကာပူနိုင်ငံသားကိုခံယူထားပြီး မြန်မာ့အရေးကို မျိုးချစ်စိတ်ဓါတ်နှင့် တကယ်လုပ်နေသူတွေကို ဘာမှစွန့်လွှတ်ခြင်း ၊ ခံရခြင်းတွေ မရှိဘူးလို့ အပေါ်ယံသတ်မှတ်သူတွေရှိပါတယ်။ ကျွန်မစိတ်ထဲမှာတော့ အဲဒီလို မမြင်မိပါဘူး။ အဲဒီလိုလူမျိုးတွေမှာ စတေးရတာရှိပါတယ်။ သူဟာ စင်္ကာပူနိုင်ငံသားဖြစ်သွားတဲ့အတွက် မြန်မာ့အရေးကို မျိုးချစ်စိတ်ဓါတ်နှင့် ၀င်ရောက်လုပ်ကိုင်ချိန်မှာ ယုတ်မာတဲ့စစ်အာဏာရှင်အုပ်စုတွေ ဒုက္ခပေးလာရင် မြန်မာပြည်ပြန်ဝင်ခွင့် အခွင့်အလမ်း နည်းပါးသွားပါတယ်။ ဒါဟာ ထိုလူတွေအတွက် ကြီးမားသော ဆုံးရှုံးမှုပါ။ မြန်မာလူမျိုးတိုင်း အမိမြေမှာ ဆွေမျိုး အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်ဆိုတာရှိပါတယ်။ အားလုံးဟာ မိမိရပ်ရွာဒေသနှင့်တော့ ခွဲချင်စိတ်မရှိကြပါဘူး။

အချို့နေရာတွေမှာ မိမိရဲ့ မိသားစု ဘ၀အခြေအနေတွေအားလုံးနဲ့ ဆုံးဖြတ်ရတာတွေရှိပါတယ်။ အရိုးစွဲနေတဲ့ အတွေးအခေါ်ဟောင်းကြီးကိုတော့ ပစ်ပယ်သင့်ပြီလို့ ကျွန်မယူဆပါတယ်။ ကျွန်မ ဒီလိုပြောတော့ `မြန်မာပြည်မှာ မြန်မာလူမျိုး မြန်မာနိုင်ငံသားတွေလျော့နည်းသွားမှာပေါ့´ဆိုပြီး ပြန်တိုက်ခိုက်ချင် တိုက်ခိုက်ကြပါလိမ့်မယ်။ စာရွက်ပေါ်က ပြောင်းလဲပေါ်တစ်ခုဟာ ရွေးကောက်ပွဲဝင်မရတာ ၊ မဲပေးမရတာကလွဲရင် ကျန်တဲ့အပိုင်းတွေမှာ လုံးဝဆုံးရှုံးသွားတယ်လို့ မမြင်မိပါဘူး။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အခြေအနေ ၊ ဖြစ်တည်နေပုံတွေက မတူညီကြပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အခြားနိုင်ငံသားခံယူထားပြီး မြန်မာပြည်အတွက် မျိုးချစ်စိတ်နဲ့လုပ်ကိုင်ပေးနေတယ်ဆိုရင် ကျွန်မတို့ လေးစားအသိမှတ်ပြုပေးရမှာပါ။ စင်္ကာပူတင်မဟုတ် နှစ်နိုင်ငံသားခံယူလို့မရတဲ့ အခြားနိုင်ငံမှာ လူမျိုးခြားနိုင်ငံသားခံယူထားတဲ့ မြန်မာတွေအနေနှင့်လည်း တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဘ၀အခြေအနေတွေပေါ်မှာ မူတည်ပါတယ်။ ကျွန်မတို့အားလုံးဟာ လူတွေအားလုံးရဲ့မတူညီတဲ့ ဘ၀အခြေအနေတွေပေါ်မှာ စာတန်းတစ်ခုတည်းနဲ့ ပုံသေသွားသတ်မှတ်လို့မရပါဘူး။ ဒါကို နားလည်သဘောပေါက်ကြဖို့ လိုအပ်ပါတယ်။ အမြင်ကျယ်ပြီး လူ့အခွင့်အရေးကိုစာနာ ၊ တရားမျှတမှုကိုမြတ်နိုး ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ကျင့်သုံးမည့်အစိုးရဟာ အခြားနိုင်ငံသားခံယူထားသော မြန်မာများကို တစ်နေ့ မြန်မာပြည်မှာ `ပြည်တော်ပြန်´များအဖြစ် ပြန်လည်လက်ခံမယ်ဆိုတာ အခြားနိုင်ငံသားခံယူထားသူအားလုံးအတွက် ကျွန်မ ယုံကြည်မိပါတယ်။

`မြန်မာဟာ မြန်မာပဲ´ဆိုတာ မှန်ပါတယ်။ အားလုံးဟာ ဘယ်နိုင်ငံသားခံယူထားသည်ဖြစ်စေ မြန်မာပါလို့ ဖြေကြတာ များပါတယ်။ ဒါပေမယ့် စီးပွားရေးကိစ္စတွေအတွက် နိုင်ငံတကာလှည့်လည် ခရီးသွားချိန် ၊ အရှေ့ အနောက် တောင် မြောက် ကူးနေရချိန်တွေမှာ လေဆိပ်တစ်ခုကိုဝင်လို့ မြန်မာအနီရောင်ပါ့စ်ပို့ကြောင့် ဘေးဖယ်တန်းစီခံနေရတာတွေ ၊ ပိုမိုစစ်ဆေးတာတွေ ၊ ကြည့်ကြတဲ့မျက်လုံးတွေရဲ့အရောင်တွေအားလုံးအောက်မှာ မြန်မာလူမျိုးအားလုံးခံစားချက်တွေကတော့ တထပ်တည်းဖြစ်နေမှာပါ။ `မြန်မာဟာ မြန်မာပဲ ၊ မြန်မာပြည်မှာပဲ နေရမယ်´ စကားကို အမှန်တကယ်လက်တွေ့ကျင့်သုံးချင်ရင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့အတွက် မြန်မာလူမျိုး မြန်မာနိုင်ငံသားတွေအားလုံးနှင့် အခြားနိုင်ငံသားခံယူထားသော မြန်မာလူမျိုးများအားလုံးမှာ တာဝန်ကိုယ်စီရှိနေကြောင်း မမေ့မလျော့ လုပ်ဆောင်ကြဖို့က အများကြီးပိုအရေးကြီးပါတယ်။

Read More...

Wednesday, January 23, 2008

ကဗျာဆရာစောဝေ၏လက်ရာပြောင်မြောက်သောကဗျာ


ဒီကဗျာရဲ့ ထိပ်ဆုံးစာလုံးတစ်လုံးစီကိုပဲ စာဖတ်သူတို့ ဖတ်ကြည့်လိုက်ပါ။ မြင်လိုက်ရမည့် စာလုံးကတော့ `အာဏာရူးကြီး မှူးကြီးသန်းရွှေ´ဖြစ်ပါတယ်။ ဒီကဗျာကို ဇန်န၀ါရီလ ၂၁ရက်နေ့ အချစ်ဂျာနယ်မှာ ကဗျာဆရာ စောဝေက ရေးသားခဲ့ခြင်းပါ။

တိုက်ဆိုင်သွားတာလား ၊ တမင်ရည်ရွယ်ပြီးရေးတာလား ကဗျာဆရာကိုယ်တိုင်ပဲသိပါလိမ့်မယ်။ ဒီကဗျာနဲ့ပတ်သတ်ပြီး ရန်ကုန်မှ လူအများက ၀ယ်ယူကြည့်ရှုကြပြီး ထုတ်ဝေသူနဲ့အယ်ဒီတာကတော့ ခေါ်ယူမေးမြန်းခြင်း ခံနေရတယ်လို့ သတင်းကြားသိရပါတယ်။ ကဗျာဆရာစောဝေမှာ ယခုလောလောဆယ် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ `စာတစ်စောင် ပေတစ်ရွက်´ အမှန်တရားခံစားချက်ကို ဖော်ထုတ်နေတဲ့ ပြည်သူတွေခံစားချက်ကို စစ်အာဏာရှင်နှင့်အပေါင်းပါများ ပိုမိုနားလည်သင့်ကြပြီလို့ ယူဆမိပါတယ်။ ကဗျာဆရာကိုစောဝေ အန္တရာယ်မရှိ လွတ်မြောက်ပါစေလို့လည်း ဆုတောင်းဆန္ဒပြုမိပါတယ်။

Read More...

Songs Of The Sea


လူတွေပြုလုပ်ဖန်တီးထားသော အလှတွေနှင့်အသက်ဝင်လှပနေသော Sentosa ကျွန်းပေါ်က Songs Of The Sea ရေပန်း မီးပန်း အလှပုံအချို့ကို မျှဝေပေးလိုက်ပါတယ် .. ။ ဆယ်ကျော်သက်အရွယ် မိန်းကလေးအချို့နှင့် ယောက်ျားလေးအချို့က သဲသောင်ပြင်တစ်လျှောက်မှာ သီချင်းဆိုသရုပ်ဆောင်ပြရင်း ကျိန်စာဖြင့်အိပ်ပျော်နေသော မင်းသမီးလေး ပြန်လည်နိုးထလာအောင် သရုပ်ဖော်ပြခြင်းပါ .. ။ ရေအစပ်မှာ တည်ဆောက်ထားတဲ့ အိမ်လေးတွေကိုကြည့်ရင်း မြန်မာပြည်က အင်းလေးကို သွားသတိရမိပါသေးတယ် .. ။ သဘာဝအလှနည်းပါးတဲ့ ကျွန်းပေါ်မှာ ဖန်တီးထားတဲ့အလှတွေကြား လည်ပတ်ရင်း အလှပစစ်စစ်ကို ပြန်လည်ခံစားလိုစိတ်တွေသာ ကျွန်မရင်ထဲပြည့်နှက်လာခဲ့ပါတယ် .. ။



































Read More...

Monday, January 21, 2008

တောင်ကိုရီးယားနိုင်ငံတွင်ဖျော်ဖြေမည့် သီးလေးသီးအငြိမ့်


မြန်မာပြည်သူများရဲ့ အားပေးထောက်ခံမှုကို တခဲနက်ရရှိထားတဲ့ သီးလေးသီးဆေးရောင်စုံအငြိမ့်အဖွဲ့သားများဟာ ဖေဖော်ဝါရီလ (၇)ရက်နေ့ ၊ တောင်ကိုရီးယားနိုင်ငံမှာ ဆက်လက်ဖျော်ဖြေပါမည်။ အသေးစိပ်အချက်အလက်များအတွက် အောက်ပါပုဂ္ဂိုလ်များထံ ဆက်သွယ်မေးမြန်းနိုင်ပါတယ် .. ။ လက်မှတ်တစ်စောင်လျှင် ၀မ်သုံးသောင်းနှုန်း သတ်မှတ်ထားကြောင်း သိရပါတယ်။ အခွင့်ရေးရခိုက် သီးလေးသီးဆေးရောင်စုံအငြိမ့်ပွဲကို တောင်ကိုရီးယားမှ မြန်မာများ သွားရောက်ကြည့်ရှုကြဖို့ အကြံပြုလိုပါတယ်ရှင် .. ။

ကျင်းပမည့်နေ့ရက်း ၂၀၀၈ခုနှစ် ဖေဖော်ဝါရီလ (၇)ရက် ၊ ကြာသာပတေးနေ့

အချိန်း မွန်းလွဲ (၁)နာရီမှ ညနေ(၅)နာရီထိ

ဆက်သွယ်ရန်

ကိုရန်နိုင်ထွန်း ( 011 - 9723 - 4773 )
ကိုဇော်မိုးအောင် ( 010 - 8894 - 4770 )
ကိုကျော်ဦး ( 010 - 5434 - 6943 )

Read More...

စင်္ကာပူတွင် အောင်မြင်စွာပြီးဆုံးခဲ့သော သီးလေးသီးအငြိမ့်ပွဲ



သီးလေးသီးအဖွဲ့ရဲ့ အားရဖွယ် အနုပညာဖျော်ဖြေမှုကို လေးစားအားပေးပါတယ်။ စနေနေ့ည ၇နာရီ ၊ စင်္ကာပူနိုင်ငံမှာ ပြုလုပ်ကျင်းပတဲ့ သီးလေးသီး ဆေးရောင်စုံအငြိမ့်ပွဲမှာ ခန်းမပြည့်ပရိတ်သတ်များနှင့် လှိုက်လှဲစွာ လက်ခုပ်သံများမစဲအောင် အားပေးမှုများရရှိခဲ့ပါတယ် .. ။ ပထမပိုင်းမှာ လွမ်းမောဖွယ်သီချင်းများ ၊ ကရင်ဒုံးယိမ်းအက အစရှိတာတွေနှင့် စတင်ဖျော်ဖြေပါတယ် .. ။ ဒုတိယပိုင်းမှာတော့ သင်္ကြန်သံချပ်အချို့နှင့် အငြိမ့်ပွဲကို ကပြဖျော်ဖြေခဲ့ကြပါတယ် .. ။ ချွေးတရွှဲရွှဲ မမောပန်းစွာ ဖျော်ဖြေမှုများ ၊ လက်ခုပ်သံများ ၊ အားပေးသံများ ဆူညံနေခဲ့သလို အတောမသတ်ရီသံများကလည်း ခန်းမထဲမှာ ပြည့်နှက်နေခဲ့ပါတယ် .. ။

စင်္ကာပူနှင့်မြန်မာပြည် ကွာခြားချက်အချို့ကို လှလှပပ နှိုင်းယှဉ်တင်စားခဲ့တာတွေကို အတော်လေး ကြိုက်နှစ်သက်မိပါတယ်။ စင်္ကာပူနိုင်ငံ မြန်မာသံရုံးကို ပေးဆောင်ရတဲ့ အခွန်အကြောင်းကိုလည့်း  သီးလေးသီးအဖွဲ့သားများက လှလှပပ ပျက်လုံးထုတ်ခဲ့ပါတယ် .. ။ မြန်မာပြည်ကို တရုပ်နှင့်ကုလား ၀ိုင်းဖျက်ဆီးနေပုံကိုလည်း အတောမသတ်ရီသံများနှင့် ဖျော်ဖြေခဲ့ပါတယ် .. ။ တရုပ်နှင့်ကုလားတွေ မြန်မာပြည်မှာ ဆူညံ ဆူညံဖြစ်တိုင်း လာရောက်အမြတ်ထုတ်သွားတဲ့အကြောင်းအရာကို ပီပီပြင်ပြင်သရုပ်ဆောင်ပြရင်း ဒီမိုကရေစီပန်းတိုင်ကြီးကို လှေလှော်သွားနေတဲ့ ဗိုလ်ချုပ်တွေရဲ့ စိတ်ပျက်ဖွယ်လုပ်ရပ်တွေကို လှလှပပ ရဲရဲဝင့်ဝင့် ဖျော်ဖြေခဲ့ကြပါတယ်။ ပျက်လုံးတွေအများကြီးထဲမှာ ကျွန်မ အနှစ်သက်ဆုံးအရာက

`အာဆီယံအစည်းအဝေးကြီး စင်္ကာပူနိုင်ငံကြီးမှာ ပြုလုပ်ကြတာလေကွာ။ အဲဒီမှာ အာဆီယံထဲမှာ ပါတဲ့ နိုင်ငံတွေအားလုံးရဲ့ လူကြီးတွေက စင်္ကာပူမြစ်ကြီးထဲမှာ သဘောင်္စီးရင်း မိမိနိုင်ငံမှာ ကောင်းတဲ့အရာတွေကို စကားစမြည်ပြောကြတာပေါ့။ အဲဒီအချိန်မှာ စင်္ကာပူဘက်က စပြောတယ်။ သူတို့နိုင်ငံမှာ ချောကလက်က သိပ်ကောင်းတယ်တဲ့။ အဲဒီချောကလက်ကို စားကြည့်ကြပါဆိုပြီး ချောကလက်တွေကို ပေးတာပေါ့။ အားလုံးလည်း ချောကလက်တွေစားပြီးတော့ ကောင်းတယ်ဆိုတဲ့အကြောင်း တညီတညွတ်တည်းပြောကြတယ်။ အဲဒါလည်းကြားပြီးရော စင်္ကာပူလူကြီးက ချောကလက်တွေကို မြစ်ထဲ လွှင့်ပစ်လိုက်ပါသတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နိုင်ငံမှာ ချောကလက်တွေ ပေါသတဲ့လေ။ စင်္ကာပူပြီးတော့ မလေးရှားကလဲ အားကျမခံထွက်လာပြီး ဒိန်ခဲတွေ ဝေပေးရင်း သူတို့နိုင်ငံမှာ ဒိန်ခဲတွေသိပ်ကောင်းကြောင်း ပြောပြန်တယ်။ အားလုံးကလည်း ဒိန်ခဲတွေစားပြီးတော့ ကောင်းကြောင်းပြောကြတယ်။ အဲဒီအချိန်မှာ မလေးရှားဘက်က ဒိန်ခဲတွေကို မြစ်ထဲ လွှင့်ပစ်လိုက်ပြန်တယ်။ သူတို့နိုင်ငံမှာ ဒိန်ခဲတွေပေါသတဲ့လေ .. ။ ဟော .. စင်္ကာပူနဲ့မလေးရှားပြီးတော့ ဘယ်နိုင်ငံများ ဘာပြောမလဲ အားလုံးကစောင့်နေတုန်း မြန်မာပြည်ဘက်က မြန်မာစစ်ဗိုလ်တစ်ယောက်ကို ခေါ်လိုက်သတဲ့ .. ။ အနားကို စစ်ဗိုလ်လဲရောက်ရော စင်္ကာပူမြစ်ထဲ စစ်ဗိုလ်ကို ပစ်ချလိုက်သတဲ့ .. ´

`ကျူပ်တို့နိုင်ငံမှာ စစ်ဗိုလ်တွေသိပ်ပေါသတဲ့လေ´

ကျွန်မ နှစ်သက်တဲ့ နောက်ပျက်လုံးတစ်ခုက

`ကုလသမဂ္ဂမှာ နိုင်ငံတကာလူကြီးတွေ အစည်းအဝေးလုပ်တော့ သမ္မတဘုရှ်ကပြောတယ်။ သူတို့နိုင်ငံမှာ လူ့စွမ်းအားအရင်းအမြစ်တွေ ဘယ်လောက်ထွန်းကားတိုးတက်သလဲဆိုရင် ခြေထောက်မပါတဲ့လူက တောင်ပေါ်ထိရောက်အောင် တက်နိုင်သတဲ့ ။ ရုရှားကလဲ သူတို့နိုင်ငံကလူတွေက လက်မပါဘဲ သမုဒ္ဒယာထဲ လက်ပစ်ကူးနိုင်တယ်လို့ ကြွားပြန်တယ်။ မြန်မာက အားကျမခံ ဘာပြန်ပြောလိုက်လဲဆိုတော့ ... ခင်ဗျားတို့က လက်နဲ့ခြေထောက်ပဲ မရှိတာ ၊ ကျူပ်တို့က ခေါင်းမပါဘဲ အုပ်ချုပ်လာတာ နှစ်၂၀ရှိပြီဆိုပြီး အားကျမခံပြန်ပြောလိုက်သတဲ့´ ........

အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ သီချင်းဆိုဟန်ကိုလည်း သီးလေးသီးအဖွဲ့က ပျက်လုံးထုတ်ခဲ့ပုံကို သဘောကျမိပါတယ် .. ။ သီချင်းဆိုဟန် ၊ အမူအရာအားလုံးက ဖြူဖြူကျော်သိန်းနှင့်တူအောင် သရုပ်ဆောင်နိုင်ပုံကလည်း အမှန်တကယ်ချီးကျူးမိပါတယ်။

သီးလေးသီးအဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုအားလုံးကို အလွန်ကြိုက်နှစ်သက်မိပါတယ် .. ။ အနုပညာနှင့်အမှန်တရားကို ပြောဆိုတဲ့ သီးလေးသီး အဖွဲ့သားများကို ပွဲကြည့်ပရိတ်သတ်များကလည်း ဆုတော်ငွေများ ဆုချခဲ့ကြပါတယ်။ သီချင်းဆိုနေစဉ် ၊ ကနေစဉ် ၊ အငြိမ့်ဖျော်ဖြေနေစဉ် ... တောက်လျှောက်လုံး ဆုတော်ငွေများ အဆက်မပြတ် ဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ် .. ။ သူတို့ရခဲ့တဲ့ ဆုငွေတွေထဲမှာ အများဆုံးဆုတစ်ခုကတော့ စင်္ကာပူငွေ ၅၀၀ တိတိ ဆုချခံရခြင်းပါ။ မြန်မာများရဲ့ တခဲနက်အားပေးထောက်ခံခြင်းကို ရရှိခဲ့တဲ့သီးလေးသီး ဆေးရောင်စုံအငြိမ့်သားများအားလုံး အနုပညာလမ်းကြောင်းမှာ ချောချောမွေ့မွေ့ ဆက်လက်လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းဆန္ဒပြုမိပါတယ်။ ခန်းမတွင်းမှာ ကင်မရာသုံးခွင့်မပေးတဲ့အတွက် ကျွန်မမှာ Video တော့ မရှိပါဘူး။ ပရိုဂျူဆာတွေဘက်က ဗီဒီယိုတင်ပေးခဲ့ရင် အားလုံးကို ပြန်လည်မျှဝေပေးပါ့မယ်။ အမှန်တရားနှင့်အနုပညာကို ပေါင်းစပ်ပြီး အချိုးကျကျ ၊ လှလှပပ ၊ ရဲဝင့်စွာ လျှောက်လှမ်းနေတဲ့ သီးလေးသီး ဆေးရောင်စုံအငြိမ့်အဖွဲ့ကို မသိရှိသေးသူများရော ၊ သိရှိပြီးသူတွေရော အားလုံး ပိုမိုအားပေးကြပါလို့ တိုက်တွန်းလိုပါတယ် .. ။

Read More...

Friday, January 18, 2008

အနှိုင်းမဲ့ .. ကျေးဇူးရှင်


အနှိုင်းမဲ့ .. ကျေးဇူးရှင်


အလုပ်တွေကြားနစ်မြုပ်

ပင်ပန်းမှုပေါင်းများစွာဖြစ်နေခဲ့လည်း

ဘယ်တော့မှ မငြီးငြူ

မိသားစုအတွက်တာဝန်ယူ

လိုအပ်သမျှ အကုန်ဖြည့်ဆည်းပေးတဲ့ ဖေဖေ .. ။


အမေ့မေတ္တာ ကြီးမားသလို

ဖေဖေ စောင့်ရှောက်သမျှ

သားသမီးတို့အတွက်

တန်ဖိုးမဖြတ်နိုင်တဲ့

အနှိုင်းမဲ့ ကျေးဇူးရှင်ပါပဲ ဖေဖေ .. ။


အခက်ခဲတိုင်း မကြောက်ရွံ့

သမီးတွေအတွက် ရှေ့တန်းတင်ရင်း

ဘ၀မှာအရာအားလုံးပြည့်စုံအောင်

ဖန်တီးတည်ဆောက်ပေးခဲ့တဲ့

မေတ္တာတွေအားလုံးအတွက်

ကျေးဇူးပါပဲ ဖေဖေ .. ။


ရံဖန်ရံခါ

အားငယ်စိုးရိမ်မှုတွေဝင်တိုင်း

သတ္တိအပြည့်ရှိအောင်

အားမာန်တွေပေးခဲ့တဲ့ ဖေဖေ

အသက်ရှင်ခွင့်ရခိုက်မှာ

အမှန်တရားနှင့်မျှတမှုတွေအတွက်

ရဲရဲဝင့်ဝင့်သိရှိရင်ဆိုင်နိုင်အောင်

အမြဲသွန်သင်ပေးခဲ့တဲ့ ဖေဖေ

ဒီကျေးဇူးတွေအားလုံးအတွက်

ရင်နှင့်အမျှ ဦးခိုက်ထားလျက်ပါ ဖေဖေ .. ။


ထက်မြက်ထူးချွန်တဲ့ဖေဖေကြောင့်

မိသားစုတစ်ခုလုံး

အပူပင်မရှိ အေးချမ်းစွာ

လောကအလယ်မှာတင့်တယ်နိုင်ခဲ့တာ

ဖေဖေသွန်သင်ဆုံးမတဲ့

မာနသတ္တိတွေအားလုံး

သမီးတွေမှာ ခိုင်မြဲနေခဲ့ပါပြီ ဖေဖေ .. ။


`မတရားတာအတွက်တော့

မချမ်းသာချင်နေပါစေ

ဘာဆိုဘာမှမလုပ်မိစေနဲ့´ဆိုတဲ့

ဖေဖေစကားတစ်ခွန်းတည်းနဲ့

ဒီကနေ့ဒီအချိန်ထိ

လူတွေအားလုံးနဲ့ရင်ဆိုင်ချိန်မှာ

လိပ်ပြာသန့်စွာ ယုံကြည်ချက်တွေပိုခိုင်မာတတ်ခဲ့ပြီ ဖေဖေ .. ။


`ငါ့သမီး´ဆိုတဲ့စကားသံကိုရွေရွတ်

ဘာမဟုတ်တဲ့လုပ်နိုင်တာလေးအချို့အတွက်

အမြဲဂုဏ်ယူအားပေးနေတတ်တဲ့ဖေဖေ

အခုအချိန်မှာဆိုရင်

စိတ်အားငယ် ကြောက်လန့်စရာတွေဆိုတာ

သမီးတို့အတွက် နည်းနည်းမျှမသက်ဆိုင်

ခွန်အားသတ္တိတွေအမြဲမွေးရင်း

လောကအလယ်မှာ ကြံ့ကြံ့ခံရင်ဆိုင်တတ်ပါပြီ .. ။


`ဘ၀မှာဘာပဲလုပ်လုပ်

သူများကိုသာလိမ်လို့ရမယ်

ကိုယ့်ကိုယ်ကိုယ်လိမ်လို့မရဘူး

ကိုယ့်လိပ်ပြာကိုယ်အမြဲတမ်းသန့်စင်အောင်နေ´

ဆုံးမစကားတွေနဲ့

အလင်းရောင်ပေးခဲ့တဲ့ ဖေဖေ

အနှိုင်းမဲ့သခင်ကျေးဇူးရှင်ပါပဲ .. ။


အရွယ်ရောက်လူလားမြောက်ချိန်

ဖေဖေ့ကျေးဇူးကြွေးတွေဆပ်ဖို့

ကြိုးစားထမ်းဆောင်နေရင်း

ဘ၀ဆိုတဲ့ဇတ်ခုံကြီးပေါ်လျှောက်လှမ်းနေချိန်

ရင်ထဲကဒီကဗျာတစ်ပုဒ်နဲ့

ရိုသေစွာ ကန်တော့လိုက်ပါတယ် ဖေဖေ .. ။

လင်းလက်ကြယ်စင်

Read More...

Wednesday, January 16, 2008

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအတ္တုပတ္တိ ရိုက်ကူးမည်


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအတ္တုပတ္တိကို ဦးဇာဂနာက ဇတ်ညွှန်းရေးပြီး ဥရောပရုပ်ရှင်သမဂ္ဂက ထုတ်ဝေသူလုပ် ရိုက်ကူးမည့်အစီအစဉ်ကို ကျွန်မ အများကြီးဝမ်းသာမိပါတယ် ။ ကျွန်မတို့ရဲ့ သမိုင်းမှာ မြင့်မြတ်သော ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ခမ်းနားထည်ဝါစွာ ရိုက်ကူးဖို့အတွက် တွေ့ကြုံရမယ့် အတိုက်အခံ အခက်ခဲတွေကိုလည်း ကျော်လွှားနိုင်ပါစေလို့ ဆုတောင်းပြုမိပါတယ်။ စစ်အာဏာရှင်တွေက ကွယ်လွန်သွားပြီဖြစ်တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကပဲ ပြန်ရှင်သန်လာပြီး သူတို့ကိုသတ်ပစ်တော့မည့်အလား စိုးရိမ်ကြောက်လန့်စွာ မြန်မာပြည်သူရင်ထဲကနေ ဗိုလ်ချုပ်အကြောင်းကို ဆွဲထုတ်နေပေမယ့် မြန်မာပြည်သူအားလုံးရင်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဘယ်တော့မှ မမေ့နိုင်တဲ့ အမျိုးသားခေါင်းဆောင်သူရဲကောင်းတစ်ဦးပါ။ ဒီအတ္တုပတ္တိဇတ်ကားတစ်ခု ဖြစ်လာဖို့အတွက် ကြိုးစားနေသော ဦးဇာဂနာကို ကျေးဇူးတင် လေးစားဂုဏ်ယူမိပါတယ်။ သရုပ်ဆောင်တွေနေရာမှာ ဦးစောနှင့်အပေါင်းပါများနေရာအတွက် ဘလော့ခ်လောကမှာ မျက်စိနောက်စေတဲ့ မျိုးမစစ်အချို့ကို ထည့်သွင်းရိုက်ကူးမည်ဆိုလျှင် ကမ္ဘာ့စံချိန်ကိုချိုးပြီး အော်စကာဆုတွေပါ ရချင်ရသွားနိုင်တဲ့အကြောင်း အကြံပြုချင်ပါတယ်ရှင်။


စက်တင်ဘာသွေးရေးတဲ့ ကဗျာတစ်ပုဒ်ကို ဦးဇာဂနာနှင့်အင်တာဗျူးမှာ ဦးဇာဂနာက ရွတ်ဆိုပြသွားပါတယ်။ အဲဒီကဗျာလေးကို အရမ်းကြိုက်တာမို့ ဆရာလွဏ်းဆွေဘလော့ခ်မှ ကူးယူဖော်ပြပေးလိုက်ပါတယ်။

ဒါဟာ ချောက်ချား ကြောက်လန့်အောင်
ဇာတ်လမ်းဇာတ်ကွက် ဆင်ထားတဲ့
ပုံပြင်တပုဒ် မဟုတ်ဘူး
အမှန်တကယ် ဖြစ်ခဲ့ ပျက်ခဲ့တယ်။

အမှန်တကယ်ကို
ဖြစ်ခဲ့ ပျက်ခဲ့တယ်။

ကြားဖူးနားဝထဲမှာ
သင်အံဖူးတဲ့အထဲမှာ
ဖြတ်သန်းလာသမျှထဲမှာ
ဒီစာမျက်နှာရဲ့
သွေးနံ့တွေက အညှီဆုံးပေါ့ …။

သူတို့ဟာ လူတယောက်ကို လက်ယဉ်ယဉ်နဲ့ သတ်နိုင်ဖို့
စနစ်တကျနဲ့ လေ့ကျင့်သင်အံခဲ့ကြတာ၊

သူတို့ဟာ သူတို့အလိုရမ္မက်အတွက်
ကိုယ့်သမိုင်းကို တံတွေးနဲ့ ရေးရဲတာ၊

သူတို့က သူတို့ရောက်နေတဲ့ အရပ်ဟာ
ချိုင့်ဝှမ်းမှန်း တောင်တန်းမှန်း မသိနိုင်လောက်အောင်
အတ္တတွေ ပိန်းပိန်နေခဲ့တာ၊

သူတို့ဟာ လက်တလုံးခြား လှည့်စားတတ်သလိုမျိုး
ဗြောင်လိမ်ဖို့လည်း ၀န်မလေးကြဘူး …

သူတို့ဟာ အံသြစရာကောင်းလောက်အောင်
အနှစ်နှစ်ဆယ်လုံးလုံး လုပ်ဇာတ်ကနိုင်ခဲ့ …။

သားသတ်မုဆိုးရဲ့ ရက်စက်မှုလား
အမဲလိုက်ခွေးတွေရဲ့ စိတ်ဆာလောင်မှုလား
အရိုးရှင်းဆုံး မေတ္တာတံတားတွေပေါ်မှာ
စစ်ဖိနပ်သံတွေ ပြင်းထန်သွားခဲ့ပြီ။

ဆရာတော် ဦးဥတ္တမဟာ
မျက်ရည်ယိုဗုံး ပိန်းပိတ်နေတဲ့ကြားမှာ
နံပါတ်တုတ်နဲ့ ခေါင်းကို အရိုက်မခံခဲ့ရဘူး …
သွေးစိမ်းရှင်ရှင်တွေ ဘုရားရဲ့မြေမှာ မစွန်းပေခဲ့ရဘူး။

ဆရာတော် ဦးဝိစာရဟာ
သေနတ်သံတွေကြားမှာ သင်္ကန်းတဖားဖားနဲ့ မပြေးရရှာဘူး
လက်ပြန်ကြိုးတုတ်ပြီး သေနတ်ဒင်နဲ့ အဆောင့်မခံခဲ့ရဘူး
ဘယ်သူ့လက်ချက်မှန်း မသိဘဲ ရေထဲမှာ အလောင်းမမျောခဲ့ရဘူး။

ဒါဟာ ဘာသာမတူ လူမျိုးမတူသူတွေရဲ့ လက်အောက်
ကျွန်သဘောက် ဖြစ်နေတုန်းကပေါ့…
ဒါဟာ တို့သမိုင်းထဲက ရဟန်းအာဇာနည်တွေပေါ့ …။
ဒါတွေလည်း အမှန်တကယ် ဖြစ်ခဲ့ပျက်ခဲ့တယ် …။

အရိုးသားဆုံး ဓမ္မရှင်တွေဟာ
ဘာအလိုရမ္မက်မှ မပါဘဲ
ဆန္ဒကို ဆန္ဒအတိုင်း
ရိုးရိုးသားသား ဖော်ထုတ်ခဲ့ကြတာ …။

အမွန်မြတ်ဆုံး မေတ္တာဓာတ်တွေဟာ
ဘယ်လို ကိုယ်ကျိုးဖက်မှုမှ မပါဘဲ
သူတို့စွမ်းဆောင်နိုင်သမျှ သူတို့ကယ်တင်ခဲ့ကြတာ …။

အခု
မေတ္တာသုတ် ရွတ်သံတွေကို ယမ်းခိုးတွေနဲ့ မှိုင်းတိုက်လို့ …
ရွှေဝါရောင် သင်္ကန်းတွေကို သွေးရောင်လွှမ်းစေခဲ့ကြ …
အပြစ်မဲ့ ပြည်သူတွေကို အမဲကောင်တွေလို သဘောထားပြီး
ရွှေတိဂုံရင်ပြင်ကို လူသတ်ကုန်းလို သဘောထားရဲကြ …

ဒါတွေဟာ အမှန်တကယ် ဖြစ်ခဲ့ ပျက်ခဲ့တယ်။

အခြေအနေတွေကို မျက်လှည့်ပြလိုက်သလိုမျိုး
တိတိကျကျ ပြောင်းပြန်လှန်ပြလိုက်နိုင်တဲ့
တဖက်ကမ်းခတ်
ကလိန်ဉာဏ်များကလည်း လက်ဖျားခါချင်စရာ …
မီဒီယာနည်းနားကို မီးကုန်ယမ်းကုန် အသုံးချတတ်ပုံများကလည်း သြချစရာ …
သူတို့ဟာ ဟစ်တလာလို
ကြီးကြီးကျယ်ကျယ် လိမ်ခဲ့ပြီး
သူတို့ဟာ နရသူမင်းလို
အာဏာကို ဘာသာနဲ့လည်း လဲရဲတယ် …။

ကြည့်ကြ …!!!
ပါးစပ်က ဘုရားဘုရား ဆိုခဲ့သမျှ …
ကို့ရို့ကားယား နိုင်လွန်းလှတဲ့ လက်တွေလေ၊

ဝါဆိုသင်္ကန်း ကပ်ပြဖူးတဲ့ လက်
ကထိန်သင်္ကန်း ကပ်ပြဖူးတဲ့ လက်
ဆွမ်းဆန်စိမ်းတွေ လောင်းလှူပြခဲ့တဲ့ လက် …
ဘုရားထီးတော်ကို မတန်မရာ တင်ပြဖူးတဲ့ လက်

အဲဒီလက်တွေမှာ …
ဘယ်သံသရာရောက်ရောက် ဖျက်မရနိုင်တဲ့
သွေးတွေနဲ့ …။ ။

စက်တင်ဘာသွေး

Read More...

Tuesday, January 15, 2008

10-day Vipassan Meditation Course


ဆရာကြီးဦးဘခင်၏ နည်းစံနစ်အတိုင်း ဆရာကြီးဦးဂိုအင်ကာ သင်ကြားပို့ချပေးသည့် ၀ိပဿနာ ကမ္မဌာန်းတရားစခန်းကို စင်္ကာပူနိုင်ငံ St.John Island တွင် ၂၀၀၈ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့မှ မတ်လ (၂) ရက်နေ့အထိ ပြုလုပ်ကျင်းပပါမည်။ ဆရာကြီးဦးဂိုအင်ကာ၏ မြန်မာလက်ထောက်ဆရာများကိုယ်တိုင် ကြီးကြပ်ညွှန်ကြားပေးပါမည်။ တရားပတ်ဝင်လိုပါက Vipasanna Singapore Website မှတဆင့် အွန်လိုင်းလျှောက်လွှာတင်နိုင်ပါသည်။ စုံစမ်းမေးမြန်းလိုပါက အောက်ပါယောဂီများထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ၀ိပဿနာရိပ်သာတွင် လိုက်နာရမည့် စည်းကမ်းချက်များအားလုံးကို မြန်မာဘာသာဖြင့် ဤနေရာမှ ဒေါင်းလော့ခ်ဆွဲယူ ဖတ်ရှုနိုင်ပါတယ်ရှင်။ အာရှတိုက်တွင်းရှိ အခြားနိုင်ငံများတွင် ပြုလုပ်ကျင်းပမည့် တရားစခန်းနေ့ရက်များကို ဒီလင့်ခ်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။


10-day Vipassan meditation course as taught by Mr S.N. Goenka in the tradition of Sayagyi U Ba Khin will be held at St. John Island from 20 February to 2 March 2008. The course will be conducted by Burmese Assistant Teachers of Mr S.N. Goenka. Those who wish to attend may apply on-line from the Vipassana Singapore website. For enquiries please call the following contact persons.


Vipassana International Centre (Singapore)
10 Ubi Crescent #04-70
Ubi Techpark
Singapore 408564

Phone: [65] 9011 9432
Email: registration@sg.dhamma.org
Web: www.sg.dhamma.org

Contact Persons:
San Sanda Aung [65] 9365 0954
Kay Zin Wint [65] 9186 7355

Read More...

နှလုံးသွေး .. ဝေဒနာ


နှလုံးသွေး .. ဝေဒနာ


တိတ်တိတ်လေးမျှော်လင့်ပြီး

ခံစားချက်တွေတပွေ့တပိုက်နဲ့ရူးခဲ့ဖူးတယ်

ပြောင်းလဲလို့မရတဲ့ ချစ်ခြင်းတစ်ခုဟာ

သူ့အတွက် ဖြစ်တည်ခဲ့ရင်း

နှလုံးသားမှာနန်းတင်ခဲ့ဖူးတယ် .. ။



ဝမ်းနည်းကြေကွဲစရာတွေရှိလာလည်း

အချစ်စစ်တစ်ခုကိုယုံကြည်သူမို့

ဖြစ်လာသမျှ ဝေဒနာတွေကို

ကျေနပ်စွာလက်ခံခဲ့ရတယ်လေ .. ။


ဒါပေမယ့်လည်း

ရင်နှင့်မဆံ့အောင်တော့

ကြိမ်ဖန်များစွာခံစားငိုကြွေးခဲ့ဖူးတယ်

ပြောခဲ့မိတဲ့စကား

ရေးခဲ့မိတဲ့ ခံစားချက်စာ

စပ်မိတဲ့ ကဗျာတွေဟာ

ခံစားမှုတွေပြည့်နှက်နေတဲ့

ဝေဒနာတွေ ဖြစ်လာခဲ့တယ် .. ။


နှစ်ဦးနှစ်ဖက်လွန်ဆွဲပွဲမှာ

အလယ်မှာရုန်းမရတဲ့ကိုယ်ဟာ

မျှော်လင့်ခြင်းမဲ့အနာတွေကိုတော့

အနိုင်နိုင်အင်အားနဲ့လက်ခံနေတုန်းပဲ။


ပြစ်တင်ခြင်းစကားတွေကြားတိုင်း

ရင်ထဲတစ်ခါစူးရှခဲ့တာတွေ

မထင်မှတ်ထားတာတွေဖြစ်လာတိုင်း

ရင်ထဲတုန်ခါသွားတာတွေ

ခံနိုင်ရည်မဲ့စကားတွေကြားရတိုင်း

စိတ်ထဲပူရှသွားတာတွေ

ဒါတွေအားလုံး

မာန အတ္တတွေဒူးထောက်ခ၀ါချပြီး

ရှင်းလင်းကြစတမ်းဆို

ကိုယ့်နှလုံးသွေးတွေ ခန်းခြောက်နေပြီဆိုတာ

အားလုံးမြင်တတ်လာကြမှာပါ…။

လင်းလက်ကြယ်စင်

Read More...

Monday, January 14, 2008

ခါးသက်သက်.....ကံကြမ္မာနေ့စွဲများ


ခါးသက်သက်.....ကံကြမ္မာနေ့စွဲများ


ဒဏ်ရာဒဏ်ချက်အဆင်မပြေမှုတွေ

များလွန်းလှတဲ့ဘ၀ထဲမှာ

အဆင်ပြေတာလေးတစ်ခုလောက်

ကျေကျေနပ်နပ်ရချင်မိတယ် .. ။




အရိုးခံစိတ်ထားနဲ့

မှန်မှန်ကန်ကန်နေမိတော့

စိတ်ထားမမှန်တဲ့လူတွေလှည့်ကွက်ကြား

ရှုံးနိမ့်ပြိုလဲမတတ်

နာကျင်ဝမ်းနည်းခဲ့ရတယ် .. ။


လျှောက်နေကျလမ်းတွေမှာ

ကြည်နူးစိတ်ကူးလှလှလေးတွေ

ပျောက်ကွယ်ပျက်သုန်း

ပျော်စရာကမ္ဘာတစ်ခုလုံး

အမှောင်အတိဖုံးလွှမ်းခဲ့တယ် .. ။


တုန်ယင်နေတဲ့လက်ချောင်း

တင်းထားတဲ့နှုတ်ခမ်းတစ်စုံ

အစိမ်းရောင်လွှမ်းခြုံသွားတဲ့မျက်ဝန်း

ဆတ်ဆတ်ခါနာတဲ့နှလုံးသား

လေနီကြမ်းမနက်ခင်းတွေအောက်

အကျည်းတန်စွာအသက်သွင်းခဲ့ရတယ်။


ဆွေးမြေ့မြေ့နာကျင်မှုအောက်

တစ်ဖတ်သတ်အလဲထိုးမှုတစ်ခု

အမြန်ဆုံးရောက်လာမယ်လို့

ငါလုံးဝမတွေးခဲ့မိဘူး

ကံကြမ္မာရယ် .. ။


မာနတစ်ခုနဲ့ကျားကန်ထားတဲ့

ခါးသက်သက်နေ့စွဲတွေမှာ

ယဲ့ယဲ့လေးကျန်ရှိတဲ့ခံနိုင်ရည်အင်အားနှင့်

လေယဉ်သံတွေဝေဟင်မှာပျံသန်းတိုင်း

ခရေပင်လမ်းဆီ ပြေးသွားချင်မိတယ် .. ။


ဟန်ဆောင်မှုတွေမုန်းတဲ့စိတ်ထား

ကိုယ်တိုင်ဟန်ဆောင်ပြုံးရင်း

ကိုယ့်စိတ်ကိုယ်ဘယ်လိုအားတင်းတင်း

သွေးစက်စက်အကျခံနှလုံးသားနှင့်

ရိုးသားမှန်ကန်ခြင်းစိတ်ဓါတ်တစ်ခုလုံး

ရိုက်ချိုးဖျက်ဆီးခံခဲ့ရတာပါကွယ် .. ။


တစ်ခါ .. တစ်ခါ

ရင်ထဲခါးသီးလာတိုင်း

ရင်ကွဲမတတ်ငိုကြွေးချင်ပေမယ့်

မာနတစ်ခုပုံရိပ်ကြောင့်

ငါ မငိုခဲ့ပါဘူး ကံကြမ္မာရယ် .. ။


မတတ်မြောက်ခဲ့တဲ့

လှည့်ဖြားမှုဘာသာဗေဒအတွက်

အချိန်နာရီရက်စွဲတွေအားလုံးကြား

တစ်ဖတ်သတ်တိုက်ခိုက်မှုနဲ့

ကျိန်စာတွေများသင့်ခဲ့လေသလား .. ။


ကံကြမ္မာခေ နေ့စွဲတွေမှာ

အတေးအမှတ်မထားတဲ့နှလုံးသားက

ကြိုးစားမှုအငွေ့အသက်နှင့်

ရုန်းကန်တိုက်ပွဲဝင်ရင်း

သက္ကရာဇ်တစ်ခုအစပျိုးနေချိန်

ငါ့ကမ္ဘာမှာ မုန်တိုင်းစထန်နေခဲ့ပြီ ကံကြမ္မာ .. ။


လင်းလက်ကြယ်စင်

Read More...

Saturday, January 12, 2008

မာနမဲ့စွာ



မာနမဲ့စွာ


ပြက်ရယ်မှုကိုခံရသည့်အခါ

အားငယ်သွားတတ်သော်လည်း

မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။



အနိုင်ကျင့်မှုကိုခံရသည့်အခါ

ဝမ်းနည်းသွားတတ်သော်လည်း

မည်သည့်အခါမှ မနာကြဉ်းရက်ပါလေ။


တန်ဖိုးမထားမှုကိုခံရသည့်အခါ

မကျေနပ်မှုကို ခံစားရတတ်သော်လည်း

မည်သည့်အခါမှမငြိုငြင်ရက်ပါလေ။


စွန့်ပစ်သွားခြင်းကိုခံရသည့်အခါ

ကျွမ်းမြေ့လောင်မြိုက်စွာပူပန်ရသော်လည်း

မည်သည့်အခါမှမေ့လျော့၍မရနိုင်လေ။

စတွေ့သည်မှ

ငါသည်သင့်အား

မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း။


မောင်စိန်ဝင်း(ပုတီးကုန်း)

Read More...

Wednesday, January 09, 2008

သီရိလင်္ကာမှ မြန်မာသံဃာတော်များ၏ မြန်မာ့အရေး လမ်းလျှောက်ချီတက်ပွဲ



သီရိလင်္ကာနိုင်ငံတောင်ပိုင်းရှိ ဂေါလ်မြို့မှ ဟစ်ဂဓူးဝ၊ အာလုဂမ၊ ကလုတရ၊ မောရတုဝ အစရှိသည့် မြို့များကို မိုးရေထဲ ၊ နေပူထဲ မရှောင် ဖြတ်သန်းခဲ့ပြီး ငြိမ်းချမ်းစွာလမ်းလျှောက် ဆန္ဒပြခဲ့သော သီရိလင်္ကာမှ မြန်မာသံဃာတော်များအား ရိုသေစွာ ဦးခိုက်ရှိခိုးပါတယ်ဘုရား .. ။

မြန်မာသံဃာတော် အပါး ၅ဝ ကျော်သည် နှစ် ၆ဝ ပြည့် လွတ်လပ်ရေးနေ့ ဖြစ်သော ယခုလ ၄ ရက်နေ့တွင် သီရီလင်္ကာတောင်ပိုင်း ပင်လယ်ဆိပ်ကမ်းမြို့ ဂေါလ်မြို့မှ ၁၁၇ ကီလိုမီတာ (၇၅ မိုင်) အကွာတွင် တည်ရှိသည့် ကိုလံဘိမြို့တော်သို့ ကြွချီခဲ့ကြခြင်းဖြစ်ပါတယ်။ ဇန်န၀ါရီလ ၈ရက်နေ့မှာ ကုလသမဂ္ဂရုံးရှေ့တွင် အခမ်းအနားတရပ်ကျင်းပပြီး ခရီးစဉ်ကို အောင်မြင်စွာ ပြီးဆုံးနိုင်ခဲ့အတွက် အများကြီး ၀မ်းသာဂုဏ်ယူမိပါတယ်။








သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ကိုယ်စား အရှင်သူရ၀ံသမှ ကျေးဇူးတင်စကားများပြောကြားပြီး

၁။ ဖမ်းဆီးနှိပ်စက်မှုများ ချက်ချင်း ရပ်တန့်ပေးရန်၊
၂။ ရဟန်းရှင်လူများနှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးအား အမြန်ဆုံးလွှတ်ပေးရန်၊
၃။ သက်ဆိုင်ရာ အတိုက်အခံအဖွဲ့စည်းများနှင့် အမြန်ဆုံး ညှိနှိုင်းဆွေးနွေး၍ တိုင်းပြည်၏ ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းပေးရန် ဟူသော
အချက်သုံးချက်ကို ကုလသမ္မဂ္ဂအဖွဲ့ကြီးမှ တာဝန်ယူဖြေရှင်းပေးနိုင်လိမ့်မည်ဟု ယုံကြည်မိပါကြောင်းစသည်တို့ကို တောင်းဆိုပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂရုံးမှ အရာရှိတစ်ဦးက တောင်းဆိုချက်စာကို ကုလသမဂ္ဂအတွင်းရေးမှုး ဘန်ကီမွန်းထံ အမြန်ဆုံးပို့ပေးမည်ဟု ပြောကြားခဲ့ပြီး စက်တင်ဘာအရေးအခင်းတွင် စစ်အာဏာရှင်၏ လုပ်ရပ်ကို သူတို့ကိုယ်တိုင်လည်း ရှုံ့ချကြောင်း ပြောကြားခဲ့ပါတယ်။

မိုင်ပေါင်းများစွာကို ဖြတ်သန်းပြီး အမိမြန်မာပြည်အတွက် တောင်းဆိုဆန္ဒပြခဲ့သော သီရိလင်္ကာမှ မြန်မာသံဃာတော်များ၏ လုပ်ဆောင်ချက်အတွက် အထူးလေးစားအားပေးဂုဏ်ယူမိပါတယ်။

Read More...

Monday, January 07, 2008

(၇)ရက်နေ့အမှတ်တရ ၀တ္ထုတိုတစ်ပုဒ်


(၇)ရက်နေ့က ကျွန်မဘ၀အတွက် အမှတ်တရပေါင်းများစွာနဲ့ ဖန်တီးထားတဲ့ နေ့စွဲလေးတစ်ခုပါ။ (၇)ရက်နေ့ရောက်ခါနီးပြီဆိုရင် ကျွန်မ အလုပ်များရပြီ။ မတူညီတဲ့ အတွေးလေးတွေကို စဉ်းစားပုံဖော်ရင်း (၇)ရက်နေ့တိုင်းကို လှလှပပကြိုဆိုတတ်တာတော့ ကျွန်မရဲ့ ရီစရာအပြုအမူတွေပါပဲ။ အလှူလေးတစ်ခုလုပ်မလား ၊ အမှတ်တရလေးတစ်ခုခု လုပ်မလား စဉ်းစားရင်း (၇)ရက်နေ့ဆိုတာ ရောက်လာခဲ့ပြန်ပေါ့။ နိုဝင်ဘာ(၇)ရက်နေ့မှာတော့ မှတ်မှတ်ရရ စာအုပ်(၈)အုပ်ကို လမ်းပြကြယ်စာကြည့်တိုက်မှာ သွားလှူဖြစ်လိုက်တယ် .. ။ ဒီလရဲ့ (၇)ရက်နေ့မှာတော့ အလုပ်တွေများနေတဲ့ ကျွန်မအတွက် ထူးထူးခြားခြား မစီစဉ်ဖြစ်ဘူးဆိုတာ သိလိုက်ရတာမို့ ဘလော့ခ်ပေါ်ကနေပဲ စာဖတ်သူတွေကို စာရေးဆရာမဂျူးရဲ့ ၀တ္ထုတိုတစ်ပုဒ်ကို ကျွန်မစာပြန်စီပြီး မျှဝေပေးလိုက်ပါတယ် . ။ မဖတ်ရသေးတဲ့သူများ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။ အထူးသဖြင့် မေတ္တာရေးရာနှင့်ပတ်သတ် ပူလောင်ရသူများ ၊ အချစ်ဆိုတာ ကိုယ်လိုချင်မှုတွေအားလုံးကိုပဲ မျှော်လင့်ရယူချင်နေခဲ့ရင် ဒီဝတ္ထုတိုလေးကို ဖတ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ ချစ်တဲ့သူတိုင်း အချင်းချင်း အပြန်အလှန် ပျော်ရွှင်ချမ်းမြေ့မှုများပေးနိုင်ကြပါစေ။

ချစ်ခြင်း၏အနုပညာ

`သစ်ပင်တစ်ပင်ကို ချစ်တတ်ရင် လူတစ်ယောက်ကို ချစ်တတ်ဖို့ မခဲယဉ်းပါဘူး ။ အခု အရွယ်ကြီးကျမှ အချစ်ဆိုတာ ဘာလဲလို့ မင်းကိုရှင်းပြရင် မင်းက ငါစိတ်ဖောက်ပြန်သွားပြီ ထင်ဦးမယ်။ တကယ်တော့ အချစ်ဆိုတာ ခံစားစိတ်သက်သက်မဟုတ်ဘူး။ အကဲခတ်တတ်မှုပါတယ်။ နားလည်မှုပါတယ်။ ပြုစုပျိုးထောင်မှုပါတယ်။ ကိုယ် ဒီသစ်ပင်တွေကို အမျိုးအစားအများကြီး စိုက်လာခဲ့တာနဲ့အမျှ တစ်ခုချင်းရဲ့ ကွဲပြားခြားနားတဲ့လိုအပ်မှု ၊ ဖြစ်ပေါ်မှု အခြေအနေအားလုံးကို ကိုယ်သိတယ်။ သူတို့အတွက် ကိုယ်ဘာလုပ်ပေးရမလဲဆိုတာ ကိုယ်သိတယ်။ ကိုယ့်စိတ်ရဲ့ လိုအင်ဆန္ဒဆိုတာ ကိုယ်မေ့ထားနိုင်ပြီး သစ်ပင်တွေရဲ့ လိုအပ်ချက်ကို အမြဲစောင့်ကြည့် ဖြည့်ဆည်းပေးတတ်တဲ့လူ ဖြစ်လာတယ်။ ဘယ်သစ်ပင်က ဘယ်ရာသီမှာ ဘယ်လိုအနေအထား ပြောင်းတတ်တယ် ၊ ဘယ်သစ်ပင်က လေဒဏ်ကို ကြောက်တယ် ၊ ဘယ်သစ်ပင်အမြစ်က မိုးပေါက်ဒဏ်ကို ကြောက်တယ် .. ဒါတွေကို ကိုယ်နားလည်လာတယ်။ သူတို့ လိုအပ်မယ့် နှစ်သက်မယ့် အနေအထားကို ကိုယ်အကဲခတ်ပြီး ပြုပြင်လိုက်လျောပေးတယ်။ ဒီမြို့ပေါ်က ပန်းခြံတွေထဲမှာ ကိုယ့်ဆီကအပင်တွေ ဘာကြောင့် ထူးထူးခြားခြား သန်စွမ်းလှပနေသလဲဆိုတဲ့ အဖြေက အဲဒါပဲ။´

`သစ်ပင်တွေရဲ့ အရိပ်အကဲကို သိတဲ့ ကိုယ်ဟာ မင်းအရိပ်အကဲကို ဘာကြောင့်မသိရမှာလဲ။ မင်း ဘာလိုချင်တယ် ။ ဘာဖြစ်စေချင်တယ်ဆိုတာ ကိုယ်အားလုံးသိတယ်။ အချစ်ဆိုတာ မင်းထင်သလို ခံစားမှုသက်သက် မဟုတ်ဘူး။ အတတ်ပညာတစ်ခုပဲ။ သစ်ပင်စိုက်သလို ပြုစုပျိုးထောင်သလို ဘေးကနေ အရိပ်အကဲကြည့်ပြီး ပြုပြင်လိုက်လျောပေးရတဲ့ အတတ်ပညာတစ်ခုပဲ မင်းကတော့ ထင်မှာပေါ့။ ကိုယ့်အပေါ် ချစ်တဲ့ မင်းအချစ်က ပိုတယ်လို့ မင်းထင်မှာပေါ့။ မင်းဘ၀မှာ ကိုယ်မရှိရင် မဖြစ်ဘူးလို့ မင်းခံစားရတယ်။ ဒီခံစားချက်ဟာ မင်းရဲ့အချစ်အတိုင်းအဆလို့ မင်းထင်တယ်။ တကယ်တော့ အဲဒီလို မင်းဘ၀မှာ ကိုယ်မရှိရင် မဖြစ်ပါဘူးဆိုတဲ့ အသိမျိုးနဲ့ မင်းအသက်ရှင်နေထိုင်နိုင်ဖို့ ကိုယ် မင်းအတွက် ဘာတွေလိုက်လျောခဲ့တယ်ဆိုတာ မင်းမတွေးမိဘူး မဟုတ်လား´

Download Here

Read More...

အာဟာရစာစောင် အမှတ်(၈၃)


မြန်မာပြည်အရေးနှင့်ပတ်သတ် ထုတ်ဝေကြတဲ့ စာစောင်တွေအားလုံးက သူ့စာစောင်နဲ့သူ ဖတ်ရှုရတာ ကောင်းပါတယ်။ စာစောင်တွေထဲမှာ ကျွန်မ အမြဲစွဲစွဲမြဲမြဲဖတ်ဖြစ်တာကတော့ `အာဟာရစာစောင်´ပါပဲ။ အာဟာရစာစောင်ကို လစဉ်လတိုင်း ကျွန်မ သေသေချာချာဖတ်ဖြစ်ပါတယ်။ အခန်းဆက်ဝတ္ထုရှည်တွေကို နှစ်သက်သလို ဆောင်းပါး ၊ ကဗျာ ၊ အတွေးအမြင် ၊ ၀တ္ထုအစရှိတာတွေကလည်း ဖတ်ရတာ သိပ်ကောင်းပါတယ်။


ကျွန်မ မသိနားမလည်တဲ့ အချို့အကြောင်းအရာတွေကို စာစောင်တွေကနေ ကျွန်မ လေ့လာသင်ယူရတာတွေလည်း ရှိပါတယ်။ ကဗျာတွေကနေ အားမာန်ကိုပေးပါတယ်။ ဆောင်းပါး အတွေးအမြင်တွေမှ အကြံဥာဏ်တွေက ပိုမိုလေးနက်တွေးခေါ်လာတတ်ပါတယ် ။ အချိန်ရမယ်ဆိုရင် ကျွန်မဘလော့ခ်ကို အလည်လာသူတွေလည်း ဇန်န၀ါရီလထုတ် အာဟာရစာစောင် အမှတ် ၈၃ကို ဖတ်ရှုနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်ရှင်။ အမှတ်စဉ်ဟောင်းများကို ဖတ်ရှုလိုပါက ဤနေရာတွင် သွားရောက်ဖတ်ရှုနိုင်ပါတယ်ရှင်။

Download Here

Read More...

Saturday, January 05, 2008

ကျွန်မနှင့်တန်ဂလင်းရဲစခန်း


အလုပ်ရှုပ်နေတုန်း ဖုန်းလာနေတာ ကျွန်မ စိတ်ရှုပ်ရှုပ်ဖြင့် ကောက်ကိုင်လိုက်သည်။

`လင်းလား´

`ဟုတ်ပါတယ် ပြောပါ´

`မင်းတို့ အာဆီယံဆန်းမစ်ကိစ္စအတွက် ရဲဌာနကို အင်တာဗျူးလာလို့ရမလား´

ရုတ်တရက် အလုပ်တအားရှုပ်နေချိန်မို့ ကျွန်မ ကြောင်တောင်တောင်ဖြစ်သွားသည်။ ခေါင်းထဲမှာ အလုပ်ကိစ္စတွေပဲရောက်နေတာမို့

`အမ် အာဆီယံဆန်းမစ်ဟုတ်လား ဘာအတွက်လဲ´


`မင်းတို့ဆန္ဒပြခဲ့ကြတဲ့အဖွဲ့လေ။ ရဲစခန်းကိုလာရမယ်။ စစ်ဆေးမေးမြန်းဖို့အတွက်ပါ´

ဆန္ဒပြခဲ့တာလည်း ကြာပြီမို့ ကျွန်မဖြင့် မေ့တောင်မေ့သွားပါပြီ။ အခုမှခေါ်သဖြင့် ကျွန်မမှာ တအံ့တသြဖြင့်

`ငါမအားသေးဘူး ။ ငါ့မှာ အလုပ်တစ်ဖက် ၊ ကျူရှင်တစ်ဖက် ၊ ငါ့မိသားစုတစ်ဖက်နဲ့ ချက်ချင်းတော့ မလာနိုင်ဘူး။ ငါအလုပ်အားတဲ့ရက်မှ လာနိုင်မယ်´

`မင်းဘယ်နေ့လာနိုင်လဲ´

`အခုချက်ချင်းမသိဘူး။ နောက်တစ်ရက် နှစ်ရက်နေမှ ငါ့ကိုဖုန်းပြန်ဆက်။ အခု ငါအလုပ်တအားရှုပ်နေတယ်´

ဖုန်းချသွားမှ ကျွန်မ သေချာပြန်စဉ်းစားမိသည် .. ။ ဆန္ဒပြတဲ့နေ့က သွားတဲ့ဘယ်သူတွေကို ရဲစခန်းက ခေါ်လဲ သေချာမသိသေး .. ။ အားလုံးရဲ့ စည်းလုံးမှုကိုတော့ ဒီတစ်ကြိမ်မှာ ကျိန်းသေပေါက်ပြရမည်။ အရင်အကြိမ်များနှင့်မတူ အေးအေးဆေးဆေးခေါ်သော ရဲတွေကိုတော့ စိတ်ထဲမှပြုံးမိသည်။ ဒီရဲတွေလည်း မြန်မာလူမျိုးတွေနဲ့တွေ့မှ လစာနဲ့တန်အောင် အလုပ်ပိုရှုပ်ကုန်သည်။ စင်္ကာပူမှာ တစ်ခုခုလုပ်တိုင်း နောက်ဆက်တွဲ ရဲတွေနဲ့ အကြိမ်ကြိမ် ရှင်းရတာကိုတော့ ကျွန်မစိတ်ထဲမှာ တစ်ခါတစ်လေ စိတ်ရှုပ်တာတော့ အမှန်ပါပဲ။ အလုပ်တွေတစ်ဖက် ၊ အလုပ်မှ ပင်ပန်းတာ stress များတာတွေက တစ်ဖက် ၊ အိမ်အလုပ်တွေကတစ်ဖက် ၊ ကျွန်မကျောင်းကိစ္စတွေက တစ်ဖက်နဲ့ မအားလပ်နိုင်အောင် အလုပ်စုများချိန်မှ တိုက်တိုက်ဆိုင်ဆိုင် ဒီရဲတွေနှင့် တွေ့ရဦးမည် ..။ ကျွန်မက အကြောင်းမပြန်ရင်လည်း တဂွမ်ဂွမ်ဆက်ခေါ်တတ်သည့် သူတို့အကြောင်းကို သိပြီးသားမို့ မြန်မြန်သာ သွားတွေ့မှ နားအေးမှာကိုတော့ ထည့်စဉ်းစားရသေးသည်။ ဒီစစ်ဆေးမေးမြန်းခြင်းအတွက် ကျွန်မရဲ့ အားလပ်ရက်လေးတစ်ရက်ကို စိတ်မပါစွာ ပေးဖို့ တွက်ချက်ရင်း ကျေးဇူးရှင်တို့နှင့် မကြာခင် သွားတွေ့ရပါတော့မည်။

Read More...

Friday, January 04, 2008

People who participated in the Burmese Embassy's Independence day ceremony



အမှန်တကယ် မလွတ်လပ်သေးတဲ့ လွတ်လပ်ရေးနေ့မှာ မြန်မာသံရုံးမှကျင်းပတဲ့ အခမ်းအနားတွင် သွားရောက်ဖျော်ဖြေခဲ့တဲ့လူတွေကို ရဟန်းရှင်များနှင့်ပြည်သူလူထုအား သစ္စာဖောက်သော စာရင်းတွင် မှတ်တမ်းတင်လိုက်ပါသည်။









Read More...

Tuesday, January 01, 2008

နှစ်သစ်အတွက်အမှတ်တရ၀တ္ထုတိုတစ်ပုဒ်


နှစ်သစ်တစ်ခုရဲ့ ပထမဆုံးသောနေ့မှာ စာရေးဆရာတစ်ယောက်ယောက်ရဲ့ ၀တ္ထုတိုတစ်ခုလောက် အမှတ်တရတင်ပေးဖို့ စဉ်းစားခဲ့ပေမယ့် ကျွန်မ အချိန်သိပ်မအားတာကြောင့် စာရိုက်တာ မပြီးဘူး ဖြစ်နေပါတယ်။ ၂၀၀၇ခုနှစ်ကို ကူးပြောင်းမယ့်နှစ်သစ်ကူးအတွက် ၂၀၀၆ခုနှစ်က ကျွန်မရေးခဲ့ဖူးတဲ့ နှစ်သစ်နဲ့ဆိုင်သော ၀တ္ထုတိုလေးတစ်ခုကိုပဲ အမှတ်တရအဖြစ် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁နှစ်ခွဲ ၊ ကျွန်မအသက် ၁၈နှစ်မပြည့်ခင်က သံလွင်အိပ်မက်မှာ ရေးခဲ့တဲ့ ၀တ္ထုတိုလေးတစ်ခုပါ။ အခုအချိန်မှာ ပြန်ဖတ်ကြည့်မိတိုင်း လိုအပ်ချက်ပေါင်းများစွာကို ကျွန်မ ပြန်တွေ့ရပါတယ်။ စာလုံးပေါင်းသတ်ပုံတွေကအစ ကျွန်မ ပြန်လည်သင်ခန်းစာယူဖြစ်ပါတယ်။ ဒီလို ၀တ္ထုတိုမျိုးလေးတွေ ကျွန်မ မရေးဖြစ်တာ ၁နှစ်ရှိပါပြီ .. ။ မဖတ်ရသေးတဲ့ စာဖတ်သူတွေအတွက် မျှဝေလိုက်ပါတယ်ရှင်။ ဖတ်ဖူးတဲ့သူတွေအားလုံးကတော့ သိကြမှာပါ . ။ ခေါင်းစဉ်လေးက `ကြယ်ကြွေညနှင့်ပန်းနုရောင်အိပ်မက်´ပါရှင်။


Click Here To Download It


Read More...

Announcement From TP Myanmar Students



အသိပေးကြေငြာချက်

ဇန်န၀ါရီလ ၂ရက်နေ့ ၂၀၀၈ခုနှစ် Singapore, Mandarin Hotel, Orchard တွင် မြန်မာသံရုံးမှ ဦးစီး ကျင်းပသော မြန်မာ့ လွတ်လပ်ရေး အောင်ပွဲနေ့ အခမ်းအနားတွင် တက်ရောက် ဖျော်ဖြေပေးမည့် Polyကျောင်းသူ၊ ကျောင်းသားများတွင် TP Myanmar အဖွဲ့အစည်း အနေဖြင့် ပါဝင် ပတ်သက်ခြင်း မရှိပါကြောင်း အသိပေးအပ်ပါသည်။

TP Myanmar Students

Read More...