Saturday, September 13, 2008

လတ်တလော ကိုယ့်ရဲ့ အကြိုက်၊ ဆန္ဒ၊ ခံယူချက်၊ ဖြစ်တည်မှု...


မမ s0wha1က လတ်တလော ကိုယ့်ရဲ့အကြိုက်ဆန္ဒတွေအတွက် TAG လုပ်လိုက်တော့ ဒီအကြောင်းအရာလေးဟာ အထက်တန်းကျောင်းသူဘ၀တုန်းက `ရေးပေးပါ´ဆိုတဲ့ စာအုပ်လေးထဲမှာ သူငယ်ချင်းတွေအချင်းချင်း အမှတ်တရ ရေးပေးခဲ့ကြပုံနှင့် တူညီနေတာကို သတိပြုမိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပြီး သေသေချာချာ ရေးပေးလိုက်ပါတယ် မမရေ။

ကိုယ့်ရဲ့နာမည် - နာမည်က ၅မျိုးတောင်ရှိတယ်။ အဖေ အမေ ပေးတဲ့နာမည် ၊ အဘိုးအဘွားတွေ ပေးထားတဲ့နာမည် ၊ မောင်နှမတွေခေါ်တဲ့နာမည် ၊ ချစ်သူခေါ်တဲ့နာမည် ၊ ကျွန်မ အကြိုက်ဆုံးနာမည်။ လူသိများဆုံးနာမည်က လင်းလက်ကြယ်စင် ..။

ကိုယ်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - လင်းလက်ကြယ်စင်

ကိုယ်ဒီမှာနေတယ် - သေးငယ်သော ကျွန်းတစ်ကျွန်းရဲ့ ထောင့်တစ်နေရာ

ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် - ဖုန်းဘေလ်တွေများလွန်းလို့ ဖုန်းတောင်မကိုင်ချင်တော့ဘူးကွယ်။


ကိုယ့်ရဲ့ အကြိုက်ဆုံးတွေက

အရောင်ဆိုရင် - အ၀တ်အစားမှာ အကြိုက်ဆုံးက အနက်ရောင်။ ဒုတိယအကြိုက်ဆုံးက အဖြူရောင်။ ပစ္စည်းတွေမှာတော့ လှသလိုကြိုက်ပါတယ်။

အ၀တ်အစားဆိုရင် - စွဲဆောင်မှုရှိပြီး ခေတ်နဲ့ညီတဲ့ ၊ လျှပ်ပေါ်လော်လီခြင်းမရှိတဲ့ ၊ မိန်းကလေးဆန်သော အ၀တ်အစားများ ။ အထူးသဖြင့် Classic Style။

အစားအစာဆိုရင် - ၀တ်သား ၊ အမဲသား ၊ ဆိတ်သား ၊ ဒူးရင်းသီး ကလွဲပြီး ကျန်တာအားလုံးစားပါတယ်။ အသီးအရွက်တွေကို အကြိုက်ဆုံးပါပဲ။

ပစ္စည်းဆိုရင် - Crystal ပစ္စည်းတွေကို ကြိုက်တယ်။ မိန်းကလေးတစ်ယောက်အလှကို ပိုမိုဝင့်ထည်စေတဲ့ Accessories လေးတွေကိုလည်း နှစ်သက်တယ်။ အိမ်သုံးကြွေထည်လှလှတွေကို ရူးသွပ်တယ်။ လတ်တလောမှာ Ngee Ann City က တော်ဝင်ကြွေထည်တွေကို မျက်စိတော်တော်ကျနေတယ်။

သီချင်းဆိုရင် - နားကွဲမတတ် ဆက်တိုက်အော်နေတဲ့ စကားလုံးမကွဲသောသီချင်းများကလွဲရင် အကုန်နားထောင်လို့ရပါတယ်။ အကြိုက်ဆုံးသီချင်းကတော့ ချစ်သူပေးသော အမှတ်တရသီချင်းများ။

စာရေးဆရာ - တက္ကသိုလ်ဘုန်းနိုင် ၊ မြသန်းတင့် ၊ ချစ်ဦးညို ၊ ဂျူး ၊ လွန်းထားထား ၊ တာရာမင်းဝေ

စာအုပ် - လေရူးသုန်သုန် ၊ မောင့်ဘ၀ ညအလားကွယ် ၊ လွမ်းတေးမဆုံးစေနဲ့ စောသခင် ၊ တပြည်သူ မရွှေထား ၊ မဏိစန္ဒာဥဒါန်း ၊ လင်္ကာဒီပချစ်သူ ၊ ချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ် ၊ သက်တံ့မျှော်စင် ၊ ချစ်လို့မုန်းခဲ့သည် ၊ ငါ့ရင်ခွင်ကြားက နှင်းဆီဓါးသွားတစ်လက် ၊ ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နှင့် ကောင်မလေး ၊ The Kite Runner, The Glass Palace, Freedom From Fear

Life style – တည်ငြိမ်ပျော်ရွှင်အေးချမ်းစွာ ၊ ကြင်နာဂရုစိုက်မှုများဖြင့် ရင်ခုန်နွေးထွေးစွာ။

ကိုယ့်ရဲ့ဝါသနာ - စာဖတ်ခြင်း ၊ အတွေးအခေါ်ဗဟုသုတများ ဆွေးနွေးဖလှယ်ခြင်း ၊ ခရီးသွားခြင်း ၊ ဒီဇိုင်းလှလှလေးများ လေ့လာဖတ်ရှုခြင်း ၊ ချစ်သူနားမှာ ဆိုးနွဲ့ခြင်း။

အလိုချင်ဆုံးလက်ဆောင် - ပုဝါလှလှလေးများ ၊ Accessories လှလှလေးများ ၊ ပြိုင်ကားအနီရဲရဲလေးတစ်စီး ၊ ဆန်းသစ်လှပသော ကြွေထည်များ ၊ ဖတ်ရှု၍ကောင်းသော စာအုပ်များ။

ကိုယ့်ရဲ့ အချစ်ဆုံးသူက - စိတ်သဘောထားချင်းမတိုက်ဆိုင်ပေမယ့် ကျွန်မတို့ဘ၀ကို ပြည့်စုံအောင် ဖန်တီးပေးထားသော ကျေးဇူးရှင် ဖေဖေ ၊ ကျွန်မတို့ကို နားလည်ပေးပြီး သူငယ်ချင်းလို တိုင်ပင်လို့ရသော ကျေးဇူးရှင် မေမေ ၊ ကျွန်မဘ၀ တိုးတက်မှု .. စိတ်ချမ်းသာမှု .. ရင့်ကျက်မှုများနှင့် ကောင်းကျိုးများကိုသာ လိုလားသော … ကျွန်မဖြစ်ချင်တာမှန်သမျှကို အမြဲကြိုးစားဖြည့်ဆည်းပေးသော ချစ်သူကိုကို။

ကိုယ့်ရဲ့ အလေးစားဆုံးသူက - ဗုဒ္ဓမြတ်စွာဘုရား။

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - ကိုကို .. ။

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - လူတိုင်းမှာ မိမိကိုယ်မိမိ နားလည်နိုင်ဆုံးပါပဲ။ မိမိမဟုတ်တဲ့ အခြားသူဆိုရင်တော့ ချစ်သူလို့ ထင်ပါတယ်။

ကိုယ့်ရဲ့ အမုန်းဆုံးသူက - သစ္စာမရှိသူ ၊ အကောက်ကြံလှည့်ဖျားတတ်သူ ၊ သူတစ်ပါးအား ချောက်တွန်းတတ်သူ ၊ အာဏာရှင်ဆန်သူ ၊ စိတ်ယုတ်မာတတ်သူ။

ရင်အခုန်ဆုံးအချိန် - ရင်ခုန်နှုန်းမြန်တာတွေက သိပ်များလွန်းတော့ မပြောတတ်တော့ဘူး။ လောလောဆယ်မှာတော့ ကိုယ်အဖြစ်ချင်ဆုံး အမှတ်ရဆုံးဖြစ်အောင် စီစဉ်နေတဲ့ မင်္ဂလာပွဲအတွက် ရင်သိပ်ခုန်ပျော်ရွှင်နေပါတယ်။

အကြောက်ဆုံးအချိန် - မိုးကြိုးတွေတအားပစ်နေချိန်။

အမှတ်တရနေ့ - သူနှင့်ကျွန်မ ချစ်သူစဖြစ်သောနေ့ ၊ လက်ထပ်ခွင့်တောင်းသောနေ့

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော အမိမြေမှာ မိမိစိတ်ကူးလေးဖြင့် တည်ဆောက်ထားသော အိမ်ကလေးဖြင့် မိသားစု ပျော်ပျော်ရွှင်ရွှင် နေရပါစေ။ ဘ၀ဆက်တိုင်း ခံစားချက်ပြင်းထန်လွန်းသော နှလုံးသားပိုင်ရှင် မဖြစ်ပါရစေနှင့်။

အချစ်ဆိုတာ - အချစ်စစ်မှန်ခဲ့ရင် အချိုမြိန်ဆုံးသော ဘ၀၏အားမာန်တစ်ခု
အမုန်းဆိုတာ - ခါးသီးပြင်းရှ
အလွမ်းဆိုတာ - အချစ်သစ်ပင်၏အကိုင်းအခက်လေးများ
သံယောဇဉ်ဆိုတာ - တွယ်နှောင်မှု
ဘ၀ဆိုတာ - စာသင်ကျောင်းတစ်ခု
သူငယ်ချင်းဆိုတာ- ဘယ်အခြေအနေမှာမဆို ကိုယ့်ကိုနားလည်အားပေးတတ်သူ
ချစ်သူဆိုတာ - မိမိနှလုံးသားကို လှပသော သံစဉ်လေးများ ရိုက်ခတ်ပေးနိုင်သူ။ တစ်ယောက်ဘ၀အတွက် တစ်ယောက် မခွဲအတူ ပြီးပြည့်စုံမှု အားမာန်အဖြစ် လက်တွဲတည်ရှိပေးနေသူ။

ကိုယ့်ကိုကိုယ် ဒီလိုထင်တယ် - Serious Girl

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - `It Is Better To Light A Small Candle Than To Curse The Darkness´ `Love Is A Journey Not A Destination´

အပြောချင်ဆုံးစကားတစ်ခွန်း - နိုးထလာတဲ့ မနက်ခင်းတွေတိုင်းမှ လောကကြီးကို နှုတ်ဆက်အနားယူလိုက်ရတဲ့ ကြယ်ပွင့်လေးတွေထွက်လာချိန်ထိ ကိုယ့်အနားမှာ ကိုယ့်ကိုချစ်မြတ်နိုးတဲ့ ချစ်သူရှိနေခြင်းက အလှပဆုံး ၊ အချိုမြိန်ဆုံးသော သံစဉ်တစ်ပုဒ်ပါပဲ။

အမှတ်တရ ရေးပေးဖို့အတွက် နောက်ထပ် TAG မယ့်အသိတွေက

၁) ကိုဗမာပြည်သား

၂) ကိုကလိုစေးထူး

၃) ယုန်ကလေး

၎) မောင်လေးထူးမြတ် တို့ပဲဖြစ်ပါတယ်။

12 comments:

Htoo Myat said...

ရေးပြီးပါပြီ အမရေ၊ Tag တာ ကျေးဇူးတင်ပါတယ်ခမျ။ :)

ကိုပေါ said...

မလင်းလက်....

ပြိုင်ကားအနီရဲရဲလေးကို သဘောကျသဗျိုး။ Ferrari လား။ Scent of a woman ဇာတ်ကားထဲမှာ မင်းသားကြီး အယ်လ်ပါချီနိုတယောက် ပြိုင်ကားလေးကို မောင်းတဲ့အခန်းကိုတောင် သတိရမိတယ်။ မင်္ဂလာပွဲအတွက် အပျော်ရွှင်အချမ်းမြေ့ဆုံးနဲ့ အစစ အဆင်ပြေပါစေ ဆုတောင်းပေးလိုက်ပါတယ်။

ပထမပို့စ်အတွက် ကွန်မင့်ကိုပါ ဒီမှာ ပေါင်းရေးလိုက်ပါတယ်။ စာရေးဆရာဖြစ်ချင်သူဟာ ၁၀၀ ရာခိုင်နှုန်း စာဖတ်ချင်သူဖြစ်ရမယ်ဆိုတာလေးတွေ့လိုက်ရတော့....ကိုယ်စာဖတ်နည်းတာကို ပိုသတိထားမိသွားတယ်။ စာဖတ်ရမယ်....အဲသည်စကား တကယ်မှန်တယ်။ စာဖတ်ရမယ် (မောင်းတင်လိုက်ပြီ....း-)။ လိုင်ဘရီက ကိုယ့်အိမ်ကနေ ခဲတပစ်အကွာမှဘဲရှိတယ်။ ဒါပေမယ့် စာဖတ်လိုက်ရင် နှစ်မျက်နှာမကျော်ခင် အိပ်မက်ကမ္ဘာကို ရောက်ရောက်သွားတာကို ကျော်လွှားရဦးမယ်။

စင်္ကာပူမှာ ကျောင်းနေဘူးတဲ့လူတွေ တပန်းသာတာက အင်္ဂလိပ်စာ ပိုမိုကျွမ်းကျင်လာတဲ့အတွက် ကမ္ဘာ့စာပေက စာအုပ်ကောင်းတွေနဲ့ ထိတွေ့လက်လှမ်းမီဘို့ အခွင့်အလမ်းများတယ်။ ကျနော်နဲ့ အခုထိတွေ့နေသူထဲမှာ စာဖတ်နာသူတွေဟာ တခြားသူတွေထက်ပိုပြီး ကျိုးကြောင်းဆက်စပ်ဆင်ခြင်နိုင်စွမ်းရှိတာ၊ ဗဟုသုတပြည့်ဝတာကို သတိပြုမိတယ်။ ကျနော်လည်း သူတို့ကို အားကျအတုယူပြီး ကျနော့်အကျင့်ဆိုးကို ကြိုးစားပြုပြင်နေဆဲ။

စာများများဖတ်နိုင်ပါစေ။

ခင်မင်စွာဖြင့်
ကိုပေါ။

လင်းလက်ကြယ်စင် said...

ကိုပေါရေ Scent Of A Woman အခွေထဲက မင်းသားကြီးမောင်းတဲ့ ကားကို ကြည့်လိုက်ရပါတယ်။ အဲဒီကားလေးဆိုလည်း တော်တော်သဘောကျပါတယ်။ ကျွန်မက ကားအမျိုးအစားတွေ သိပ်မသိတော့ ပြိုင်ကားအနီရဲရဲလှလေးတွေ မြင်တိုင်း သဘောတကျကြည့်မိတယ်။ အဲဒီမင်းသားကြီးလိုတော့ မမြင်ဘဲနဲ့ လျှောက်မမောင်းပါရစေနဲ့ :D ။

စာဖတ်ခြင်းအလေ့နဲ့ပတ်သတ်ပြီး ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် တော်တော်စာဖတ်လှပြီ ထင်နေတာ။ ရှင်းရှင်းလင်းလင်း သိချိန်ရောက်မှ အများကြီးလိုနေသေးပါလား သွားသတိထားမိတယ်။ ဘာပဲဖြစ်ဖြစ် သိဖို့က ပထမ ၊ လုပ်ဖို့က ဒုတိယဆိုတော့ ကျွန်မတို့အားလုံး သိသွားပြီး လေ့ကျင့်ဖို့ အရေးကြီးပါတယ်။ ကျွန်မလည်း Library နဲ့ ဘတ်စ်ကား ၄မှတ်တိုင်လောက်ပဲ ဝေးပေမယ့် သွားတာက ခပ်နည်းနည်း ၊ ၀ယ်ဖြစ်တဲ့စာအုပ်လောက်ရယ် .. အွန်လိုင်းက E-Books တွေပဲ ဖတ်ဖြစ်နေတာရယ်ကို ဆင်ခြင်ပြီး စာများများ ပိုဖတ်ဖို့ ကိုယ့်ကိုယ်ကိုယ်ပြောနေမိတယ်။ အကြံပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင် :)

ခင်မင်လေးစားစွာဖြင့်

လင်းလက်ကြယ်စင်

Yan said...

လွမ်းတေးမဆုံးစေနဲ့ စောသခင် ကို ဘယ်သူရေးတာလဲ မလင်းလက်ရေ.

ကြွေထည်ပစ္စည်းတွေကြိုက်တဲ့ မလင်းလက်တစ်ယောက် Ngee Ann City မှာ စိတ်ကြိုက်တော်ဝင်ကြွေတည်ပစ္စည်းလေးတစ်ခုကို မလင်းလက်ရဲ့ အခင်ဆုံးသူငယ်ချင်းလေးက ၀ယ်ပေးနိုင်ပါစေဗျားး..

ဟတ်ဟတ်.. အချွန်နဲ့မလိုက်ပြီနော်...

ဘ၀ဆက်တိုင်း ခံစားချက်တွေ မပြင်းထန်နိုင်ပါစေနဲ့ဗျာ.

ခင်မင်လေးစားလျက်

ရန်အောင်

လင်းလက်ကြယ်စင် said...

လွမ်းတေးမဆုံးစေနဲ့စောသခင်က တက္ကသိုလ်ဘုန်းနိုင် ရေးတာပါ ကိုရန်အောင်ရေ။ ကိုရန်ပေးတဲ့ဆုနဲ့ အမြန်ဆုံးပြည့်စုံပါစေ :)

ကလိုစေးထူး said...

ရေးမယ်နော်...။ :D လောလောဆယ် ကီးဘုတ် ကမြင်းနေရတာကို ပို အရသာတွေ့နေလို့ ညီမရေ။ ရေးမှာကတော့ စိတ်ချ။ :D

Kaung Kin Ko said...

လာပြီး ဖတ်ရှု သွားတယ် ညီမလေးရေ။

Chaos said...

အပြောချင်ဆုံး စကားတစ်ခွန်းလေးကို ကြိုက်တယ်နော်
ညီမလေး လင်းလက်ရေ

Anonymous said...

ချစ်စ၇ာလေး၊ေ၇းထားတာကိုပြောတာနော်...:P
lop

ဇင်ယော် said...

ပြိုင်ကားအနီရောင်ကြိုက်တဲ့  ညီမရေ ဘာကြောင့်ကားအဖြူကို အနီရောင်ဆိုကောင်းမှာပဲ ပြောတာသဘောပေါက်ပြီဟ။ အလှပဆုံး ၊ အချိုမြိန် ဆုံးသော သံစဉ်တွေနဲ့  အမြဲထာဝရ ပျော်ရွှင်နိုင်ပါစေဗျာ။

Anonymous said...

သိပ်ပေါတာပဲ

လင်းလက်ကြယ်စင် said...

ပေါတယ်လို့ထင်ပြီး လာဖတ်နေကတည်းက မင်းက ပိုပေါနေလို့ပေါ့ အမည်တောင်မဖော်ဝံ့သူရေ :)

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။