စက်တင်ဘာ ၃ရက်နေ့နှင့် ၄ရက်နေ့ The Arts House မှာ ပြုလုပ်ကျင်းပခဲ့တဲ့ How To Write & Sell A Novel Seminar နှင့် Developing Stories And Characters For Novels, Movies And Games Seminar ကို ကျွန်မ စိတ်ဝင်စားမှုများဖြင့် တက်ရောက်ခဲ့ပါတယ်။
Australia-Asian Literary Award မှ Chairman ဖြစ်သူ ဟောင်ကောင်အခြေစိုက် စာရေးဆရာ Mr Nury Vittachi ရှင်းလင်းပြောကြားသွားခဲ့ခြင်းများထဲမှ ကျွန်မစိတ်ထဲ အမှတ်သားမိဆုံးအရာအချို့က
- ဘာသာစကားအခက်ခဲ
ကျွန်မတို့ အာရှတိုက်ကလူများဟာ အင်္ဂလိပ်စာပေကို ကျွမ်းကျင်သူထက် မကျွမ်းကျင်သူက ပိုများနေပါတယ်။ အနုပညာရှင်တစ်ယောက်လို ရေးသားဖို့ဆို ပိုခက်ခဲပါတယ်။ ဒီအချက်အလက်တစ်ခုကပဲ ကျွန်မတို့ အာရှတိုက်ကလူတွေအတွက် တွန့်ဆုတ်စရာ ဖြစ်နေခဲ့ပါတယ်။ တကယ်တော့ အနုပညာဆိုတာ စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးဖို့ပါပဲ။ ဘာသာစကားတွေ ၊ ယဉ်ကျေးမှုတွေ တူစရာ မလိုပါဘူး။ မိမိခံစားရသော ၊ ဖွဲ့တည်လိုသော အကြောင်းအရာကိုပဲ မိမိပိုင်နိုင်ကျွမ်းကျင်တဲ့ ဘာသာနဲ့ လက်ရာမြောက်အောင် ဖန်တီးဖို့ပဲ လိုအပ်ပါတယ်။ အာရှတိုက်မှာ အရည်အချင်းရှိသူတွေ ၊ ကမ္ဘာကမသိတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေ အများကြီးရှိပါတယ်။ ကုန်ကြမ်းတွေပြွတ်သိပ်နေတဲ့ ဒီအာရှတိုက်က အနုပညာဗီဇပါသူတွေဟာ ဘာသာစကားအခက်ခဲကို မေ့ထားပြီး မိမိကျွမ်းကျင်မှုဘာသာရပ်နဲ့ စိတ်ကူးစိတ်သန်းများကို အကောင်ထည်ဖော်ဖို့ Mr Vittachi က သေသေချာချာ ရှင်းလင်းအားပေးပြောကြားခဲ့ပါတယ်။
- ထုတ်ဝေသူ
စီးပွားရေးတွေချည်းပဲ အလုံးအရင်းကြည့်နေကြတဲ့ ခေတ်မှာ စာရေးသူက အနုပညာမြောက်အောင် လုပ်ပြီးချိန်မှာ ထိုအနုပညာကို တွင်တွင်ကျယ်ကျယ် ဖြန့်ဝေနိုင်ဖို့ ထုတ်ဝေသူကောင်းကောင်းလည်း လိုအပ်ပါတယ်။ ဒီအတွက် အတွေ့အကြုံရှိသော ၊ စိတ်ချယုံကြည်ရသော ထုတ်ဝေသူများနှင့်သာ စာရေးသူများ ဆက်သွယ်သင့်ပါတယ်။
- စာရေးဆရာကောင်းဖြစ်ရန် အခြေခံလိုအပ်ချက်များ
စာရေးဆရာကောင်းဖြစ်ရန် လိုအပ်ချက်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ စာဖတ်ခြင်းအလေ့ကို စွဲမြဲစေဖို့ပဲ ဖြစ်ပါတယ်။ ကမ္ဘာမှာ အောင်မြင်တဲ့ စာရေးဆရာတွေဟာ စာဖတ်ခြင်းအလေ့ကို 99% စွဲမြဲတာ မဟုတ်ပါဘူး။ သူတို့တွေဟာ စာဖတ်ခြင်းကို 100% စွဲမြဲစွာ လုပ်ကိုင်သူများဖြစ်ပါတယ်။
စာရေး ၊ စာဖတ်ခြင်းကို စိတ်ဝင်စားသူများဟာ သူတို့အတွေးထဲမှာ မြင်မြင်သမျှ ၊ သိသမျှ အကြောင်းအရာတွေကို စိတ်ကူးပေါင်းများစွာဖြင့် ပုံဖော်နေလေ့ရှိပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးက လက်တွေ့မှာ Publish လုပ်ခဲ့သည်ဖြစ်စေ ၊ မလုပ်ခဲ့သည်ဖြစ်စေ အမှန်စင်စစ် မိမိ ဘယ်လောက်အရေအတွက် ရေးခဲ့လဲ .. ရေးနေလဲဆိုတာ အရေးကြီးပါတယ်။ မိမိအတွေးထဲမှာချည်း စိတ်ကူးများဖြင့် ပုံဖော်နေပြီး လက်တွေ့ကို မရောက်ခဲ့သော သူများ ဖြစ်တတ်သည့်အတွက် လက်တွေ့ရေးသား ၊ တည်းဖြတ်ဖို့ လိုအပ်ပါတယ်။
မိမိရေးသားသော စာတစ်ပုဒ်ဟာ Internationally ၀င်ဆံ့နိုင်ဖို့အတွက် စာရေးသူမှာ လူမျိုးနှင့်နိုင်ငံတစ်ခုတည်းအတွက် မရည်ရွယ်သော ဖန်တီးနိုင်မှုစွမ်းအား ရှိရပါ့မယ်။
ဇာတ်ကောင်များရဲ့ Characters ဟာ ဖန်တီးနိုင်မှုစွမ်းအားနှင့် လက်တွေ့ဖြစ်ပျက်မှုများဖြင့် အနီးစပ်ဆုံး တည်ရှိရပါမယ်။
အချိန်နှင့်နေရာဝန်းကျင်ကို ပိုင်နိုင်ကျွမ်းကျင်စွာ ရေးဖွဲ့နိုင်ရပါမယ်။ (ဒီအကြောင်းအရာကို ပြောစဉ်မှာ စာရေးဆရာတစ်ယောက်အတွက် မိမိရေးလိုသော နေရာအချက်အလက်သတင်းတွေကို လေ့လာရှာဖွေပြီး ရေးသားနှင့် ပြည့်စုံလုံလောက်သလား ၊ ထိုနေရာမှာ အချိန်တစ်ခုတိုင် သွားရောက်လေ့လာ နေထိုင်ဖို့ လိုအပ်သလား အကြောင်းအရာကိုပါ အားလုံး ထည့်သွင်းဆွေးနွေးဖြစ်ခဲ့ကြပါတယ်)။
ဇာတ်အိမ်အမြင့်ဆုံးအချိန်ကို ရေးဖွဲ့ရပါ့မယ်။ လူတိုင်းသိလောက်ပြီးသား ၊ ထပ်တလဲလဲ အခြားသူများ ဖန်တီးခဲ့ပြီးသော အကြောင်းအရာများဟာ စာဖတ်သူများအတွက် ငြီးငွေ့ဖွယ်ဖြစ်တတ်ပါတယ်။ မိမိရေးသားသော ဇာတ်ကောင်များရဲ့ အခက်ခဲဖြစ်ပျက်ရင်ဆိုင်မှုဟာ ဇာတ်လမ်းတစ်ခုရဲ့ အထွတ်အထိပ်ဖြစ်တာမို့ ထိုနေရာအတွက် အထူးသတိပြုရေးသားရပါ့မယ်။
Crisis မပါမဖြစ် ဖန်တီးရပါ့မယ်။
ဝတ္ထုကောင်းတစ်ပုဒ်မှာ အဓိကဇာတ်ကောင်က ၅ယောက်ထက် မပိုရပါဘူး။ အများဆုံး ၅ယောက်နှင့် အနည်းဆုံး၂ယောက် ရှိရပါမယ်။
အရံလူများဟာ ရံဖန်ရံခါ မိမိဖန်တီးမှုရဲ့ စာဖတ်သူများ အဓိက စိတ်ဝင်စားသူများ ဖြစ်တတ်တဲ့အတွက် အရံလူများကို ဖန်တီးရေးဖွဲ့ရမှာလည်း သေချာဖို့ လိုအပ်ပါတယ်။ အရံဇာတ်ကောင်များ အရေအတွက်က မိမိကျွမ်းကျင်ပိုင်နိုင်သလောက် Unlimited ရေးဖွဲ့နိုင်ပါတယ်။
စာရေးခြင်းအနုပညာမှာ Formula မရှိပေမယ့် မရှိမဖြစ်ပါဝင်ရမယ့် Checklist ရှိသည့်အတွက် ထိုအချက်များကို မမေ့မလျော့ ဖန်တီးနိုင်ဖို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ကမ္ဘာမှာ အောင်မြင်ဆုံးစာရေးဆရာတွေဟာ အနောက်တိုင်းဘက်မှပဲ ပေါ်ထွက်မှုများနေတာမို့ အရည်အချင်းတွေ ငုပ်နေတဲ့ အရှေ့တိုင်းသားများအရည်အသွေးကို ပိုမိုထွက်ရှိလာစေဖို့အတွက် အရှေ့တိုင်းသားများ လိုအပ်နေတဲ့ အရာများကို Mr. Vittachi မှ ဥပမာများဖြင့် ပြောကြားခဲ့ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုပိုင်းကို အရှိန်ယူဆောင်ရွက်နေကြတဲ့ အာရှတိုက်မှ လူများဟာ မိသားစု စားဝတ်နေရေးအပါအ၀င် စီးပွားရေးများဖြင့် အချိန်ကုန်နေကြတဲ့အတွက် မိမိကို အားပေးထောက်ပံ့မည့်သူ မရှိရင် အနုပညာဖန်တီးမှုစွမ်းရည်အတွက် အချိန်သိပ်မပေးနိုင်ကြခြင်းဟာ အရှေ့တိုင်းသားများအတွက် အရည်အချင်းငုပ်နေသည့်အချက် ဖြစ်လာကြောင်း ရှင်းပြခဲ့ပါတယ်။
စင်မနာ ၂ရက်လုံးမှာ ကမ္ဘာမှာ အောင်မြင်ခဲ့တဲ့ စာအုပ်တွေအကြောင်းကို အဓိက နမူနာထားယူပြီး သင်ကြားရှင်းလင်း ၊ ဆွေးနွေးခဲ့ကြပါတယ်။ မိမိကိုယ်ပိုင်အတွေးဖြင့် ဖြစ်ပေါ်လာသော ၀တ္ထုတိုလေးတွေကို အတန်းထဲမှာပဲ ရေးသားပြီး အချင်းချင်း မျှဝေဆွေးနွေးကြပါတယ်။
ကျွန်မအတွက် ရေးမဖွဲ့နိုင်လောက်သော အသိဥာဏ်တွေကို တိုးပွားစေခဲ့တဲ့အတွက် Mr Vittachi ကို ကျေးဇူးတကယ်တင်ရှိမိပါတယ်။ မိမိစိတ်ကူးများဖြင့် ရေးသားခြင်း ၊ အပြန်အလှန်ဆွေးနွေး ငြင်းခုံကြခြင်း ၊ မိမိသိသမျှကို မျှဝေခဲ့ခြင်းများဖြင့် သင်တန်းသားအားလုံးကလည်း ရင်းနှီးနွေးထွေးခဲ့ကြပါတယ်။
ဒီစင်မနာ(၂)ရက်မှာ ကျွန်မ သတိထားဆုံးအရာကတော့ တက်ရောက်သူများဟာ မိမိနှင့်အမြင်မတူရင် Respect ပေးကြတာကို ကျွန်မ တော်တော်သတိထားမိပါတယ်။ နှိမ့်ချသောအကြည့်နှင့် မကြည့်တတ်ကြတာကိုလည်း ကျွန်မ သတိထားမိပါတယ်။ ရာထူးအလွန်ကြီး ၊ အလွန်တော်သူများကို တွေ့ရပေမယ့် မိမိကိုယ်မိမိ Proud မဖြစ်ကြတာကို ကျွန်မ တွေ့ခဲ့ရသည့်အတွက် လေးစားမိပါတယ်။ အားလုံးဟာ မိမိဘယ်သူလဲဆိုတာကို အရေးတယူ ပြောမနေကြဘဲ အနုပညာနှင့်ပတ်သတ်ခြင်းများကိုသာ လေးလေးစားစား ဆွေးနွေးကြပါတယ်။
ကျွန်မဟာ မြန်မာလူမျိုးဖြစ်သည့်အပြင် အငယ်ဆုံးဖြစ်သည့်အတွက် သူတို့တွေဟာ ပိုမိုအားပေးလက်တွဲခေါ်ကြပါတယ်။ ကျွန်မနိုင်ငံရဲ့အားနည်းချက်တွေထက် အားသာချက်တွေကိုထုတ်ပြပြီး ယနေ့ဖြစ်ပျက်မှုအခြေအနေတွေကို Policy ပိုင်းက မပြောဘဲ လူတစ်ယောက်ရဲ့ ခံစားမှုများဖြင့်သာ မျှဝေတဲ့အတွက် ကျွန်မကိုယ်တိုင် သူတို့ကို ပြန်အတုယူရပါတယ်။ မိမိအသိုင်းဝိုင်းမှ အခြားအသိုင်းဝိုင်းတစ်ခုကို ရောက်ရှိသင်ကြားချိန်မှာ ကျွန်မအတွက် စာရေး စာဖတ်အားဟာ အလွန်လိုနေသေးကြောင်း ပိုမိုသိရှိနားလည်ခဲ့ရတယ်။
ထူးထူးခြားခြား ကျွန်မ သတိထားမိတာတစ်ခုက Novels နှင့်ပတ်သတ်သော စင်မနာမှာ တစ်ဝက်ကျော်ကျော်က သြဇီလူမျိုးနှင့် အခြားအဖြူလူမျိုးတွေ ဖြစ်နေကြခြင်းပါ။ အာရှတိုက်သားတွေအတွက် အဓိက Encourage လုပ်သော စင်မနာမှာ အာရှတိုက်က လူမျိုးပေါင်းစုံကို မတွေ့ခဲ့ရပါဘူး။ ဒီစင်မနာမှာ Singaporean လူငယ် နှစ်ယောက်နှင့် Retired လူကြီးအနည်းငယ်ပဲ ပါရှိပါတယ်။
အရှေ့တိုင်းရဲ့ အနုပညာပိုင်း ပိုမိုတိုးတက်ဖွံဖြိုးမှုမှာ ကျွန်မလူမျိုးတွေကိုလည်း တတပ်တအား ပါဝင်စေချင်ပါတယ်။ မိမိရဲ့ Community မှာပဲ လူတတ်ကြီးလုပ်နေကြမယ့်အစား International မှာ ပိုမိုဝင်ဆံ့ရင့်ကျက်ဖို့ ကျွန်မကိုယ်ကျွန်မ ဆုံးမနေသလို ကျွန်မချစ်သော မြန်မာလူမျိုးများကိုလည်း ပိုမိုရင့်ကျက်တွေးခေါ်ဖန်တီးနိုင်ကြစေဖို့ ဆန္ဒပြုပါတယ်။

7 comments:
စိတ်ဝင်စားမှတ်သားစရာကောင်းတဲ့ ဒီpostအတွက်ရယ်၊ blog ကိုလာရောက်ဖတ်ရှုတဲ့ အတွက်ရယ် ကျေးဇူးတင်ပါတယ်။
ငါ့ညီမတော့ အလွန်တရာ အကျိုးရှိတဲ့ ဆီမီနာကို သွားတက်ခဲ့တာပဲကိုး။ စာရေးဆရာကောင်းဖြစ်ဖို့ အခြေခံလိုအပ်ချက်များ ဆိုတာတွေဟာ မှတ်သားစရာတော်တော်ကောင်းပါတယ်။ အတွေ့အကြုံတွေကို ပြန်လည်ဝေမျှပေးတာ ကျေးဇူးပါညီမရေ။
စာရေးခြင်း အနုပညာကို လာဖတ်သွားပါတယ်။
စာလာဖတ်သွားပါတယ် ညီမရေ..
စိတ်ဝင်စားစရာကောင်းပြီး အင်မတန် အကျိုးရှိတဲ့ seminar ပါပဲ။ ဖတ်ရတာ ၀မ်းသာပါတယ်။
Sis Lin Let...This is a very good post which relates your experience at a valuable seminar. There is always something new and precious to achieve in this kind of seminar and one ought to attend if the oppotunity smiles...!
[Sorry for Eng comment as Burmese font isn't installed at work computer ;)) ]
ကျေးဇူးပဲ မလင်းလက်ရေ။ စီဘောက်ပါတ်စ်ဝဒ်က မေ့သွားလို့ ဒါနဲ့ ကော်မန့်ခ်ဝင်ရေးခဲ့တယ်။ ဒီပို့လေးက ကောင်းတယ်ဗျာ။ ကျွန်တော့်လို မဖြစ်ညစ်ကျယ် စာပေ၀ါသနာပါသူတစ်ဦးအတွက်။ ဒီလိုပွဲမျိုးတက်ခွင့်ရတဲ့ မလင်းလက်လည်း တော်တော်ကံကောင်းတာပဲဗျာ။
ကျေးဇူး
မမ အားကျလိုက်တာဗျာ..ညီမ စာအရမ်းရေးတတ်ချင်တာဘဲ..ညီမအတွေးအခေါ်တော့ကောင်းတယ် သူများနဲ့ မတူတာတွေကိုဖန်တီးနိုင်တဲ့နေရာမှာ ၀ါသနာလဲအရမ်းပါတယ်.
ဒါပေမဲ့ စာဖတ်အား အရမ်းနဲနေတဲ့အတွက် အရေးအသားက ထင်သလောက်မကောင်းဘူး..မမ ပို့စ်လေးက တန်ဖိုးရှိတယ်..အခုလို
ကိုယ့်ရခဲ့တဲ့ ဗဟုသုတ ကိုပြန်ဝေ ပေးတဲ့ အတွက် ကျေးဇူး များရီးတင်ပါတယ်..:D
moon
Post a Comment
အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။